ပြန်လာခြင်း
Vol. 154 Ch. 2186
ကျိုးမုဟွမ်က တော်ဝင်နန်းတော်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “သွားကြစို့။”
သူ ပြောလိုက်ပြီးနောက် လူတိုင်းက ရှေ့သို့ ဆက်လက်လျှောက်သွားခဲ့ကြပြီး နတ်အလင်းများနှင့် ဖွဲ့စည်းထားသော လှေကားတလျှောက် တက်သွားခဲ့ကြသည်။ ၎င်းမှာ သူတို့က အမှန်တကယ် ကောင်းကင်နန်းတော်သို့ သွားနေသလို ထင်မှတ်ရပေသည်။
သူတို့က ကောင်းကင်အမြင့်၌ ရပ်နေပြီး အဝေးကြီးသို့ မမြင်ရသော်လည်း သူတို့က မှီခိုစရာမရှိသော လေဟာနယ်အတွင်းမှ နတ်အလင်းအောက်၌ ရပ်နေသည့်အတွက် ထိုအဖြစ်သည် သူတို့အား ကောင်းကင်မှ ကြယ်များကို မော့ကြည့်နေသည့် သာမန်လူကဲ့သို့ ခံစားမိစေသည်။
ကောင်းကင်ဒေသတစ်ခွင်လုံးကို အုပ်စိုးသည့် တော်ဝင်နန်းတော်က ကောင်းကင်အမြင့်ဆုံး အပိုင်း၌ တည်ရှိပေသည်။
သူတို့သည် အချိန်တချို့ကြာပြီး နောက်ဆုံး၌ တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့ရှေ့၌ တံခါးတစ်ချပ် ပေါ်ပေါက်လာပြီးအင်ပါယာမြို့၏ ဂိတ်တံခါးဝတွင် အစွမ်းထက် အစောင့်အကြပ်များ စောင့်ကြပ်နေခဲ့သည်။
ထိုအင်ပါယာမြို့သည် ကြောက်မက်ဖွယ် ကောင်းသော နတ်အလင်းတို့နှင့် လွှမ်းခြုံခံထားရပြီး အပြင်ဘက်မှ တိုက်ရိုက်ဝင်ရောက်ရန် ခက်ခဲပေသည်။ မြို့အတွင်းသို့ ဝင်ရန် ကောင်းကင်ဂိတ်တံခါးများကို ဖြတ်သန်းသွားဖို့ရာ လိုအပ်သည်။
“ကျုပ် ရှန်ချင်းနယ်မြေသခင်အိမ်တော်ရဲ့ ကျိုးမုဟွမ်.. ရှန်ချင်းနယ်မြေက တန်ခိုးရှင်တွေကို ဦးဆောင်ပြီး အင်ပါယာမြို့ကို လာခဲ့တာပါ။ ကျုပ်တို့ ဖြတ်သန်းသွားခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ကျိုးမုဟွမ်က အစောင့်ကို ပြောလိုက်ပြီး ထိုအစောင့်က အထဲရှိ လူများနှင့် ဆက်သွယ်မေးမြန်းနေပုံရသည်။ ခေတ္တမျှ ကြာပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကြွပါ။”
ထို့နောက် အစောင့်များက လမ်းဖယ်ပေးလိုက်ကြပြီး သူတို့အားလုံးက ဂိတ်တံခါးကို ဖြတ်ကာ အထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ အထဲတွင် ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအားများ ထွက်ပေါ်နေ၏။
ရီဖူရှင်းနှင့် အခြားလူများသည် ထိုနေရာကို ရောက်ရှိပြီးနောက် အခြားလေဟာနယ်အတွင်း ရောက်ရှိသွားသလို ခံစားလိုက်ရပေသည်။ နတ်အလင်းဖြင့် ဝန်းရံထားသော ထိုနေရာတစ်ခွင်၌ ထူးခြားဆန်းကြယ်သော ချီစွမ်းအားတို့ဖြင့် ပြည့်နေခဲ့သည်။ အင်ပါယာမြို့က အဆောက်အအုံ တစ်စုတည်း တည်ရှိနေခြင်းမဟုတ်ဘဲ လေထဲ၌ တည်ဆောက်ထားသော ကျင့်ကြံရေးနန်းတော်များက နေရာအနှံ့ ရှိနေကာ ၎င်းတို့အားလုံးတွင် အလွန်အစွမ်းထက်သည့် တန်ခိုးရှင်များ နေထိုင်ကြသည်။ အင်ပါယာမြို့အတွင်း နေထိုင်ကျင့်ကြံရန် အခွင့်အရေးရသူတို့မှာ မြင့်မားသော အဆင့်အတန်းရှိသည့် တစ်စုံတစ်ယောက် သို့မဟုတ် ရှေးခေတ်အခါက အလွန် အစွမ်းထက်ခဲ့သူများ၏ မျိုးဆက်သွေးသားများ ဖြစ်ကြသည်။
အင်ပါယာမြို့သည် ကောင်းကင်ဒေသအတွင်း၌ အလွန် ထူးခြားဆန်းကြယ်လှသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာ၌ အစွမ်းထက်ကျင့်ကြံသူ မည်မျှများများ ရှိနေသည်ကို မည်သူမှ မသိဘဲ နယ်မြေဆယ့်ရှစ်ခုမှ တန်ခိုးရှင်များသည်ပင် ၎င်းနှင့် ပတ်သတ်၍ ကောလာဟလတချို့ကိုသာ ကြားဖူးခြင်း ဖြစ်သည်။
အင်ပါယာမြို့အတွင်းမှ မရေတွက်နိုင်သော ကျင့်ကြံရေးနန်းတော်များထဲတွင် ရှေးခေတ်ကျင့်ကြံသူအချို့ ရှိလိမ့်မည်ဟု တချို့က ခန့်မှန်းနေကြပေသည်။
လူတိုင်းက ထိုနေရာသို့ ရောက်ပြီးနောက် မျက်လုံးများက လျှောက်ကြည့်လိုက်သည်။ ပြင်းထန်သော နတ်ရောင်ဝါတို့က ထိုနေရာမှ ရေတံခွန်ကဲ့သို့ ကျဆင်းလာနေခဲ့ပြီး ထိုနေရာကို ခမ်းနားထည်ဝါလှသည့် နတ်ဘုရားတို့၏ ခန်းမကြီးတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။ ၎င်းက ကောင်းကင်အမြင့်ဆုံး၌ တည်ရှိနေပြီး ကောင်းကင်ကိုးလွှာ၏ အထွတ်အထိပ်၌ ဖြစ်သည်။
ထိုသည်မှာ တော်ဝင်နန်းတော်ပင် ဖြစ်လေသည်။
ထိုနေရာမှာ အရှင်ဒွန်ဟောင်နေထိုင်ရာ နေရာဖြစ်သည်။ ၎င်းသည် ကောင်းကင်ဒေသတစ်ခွင်၌ အစွမ်းထက်ဆုံးနေရာ ဖြစ်ပေသည်။
ရီဖူရှင်းသည် တော်ဝင်နန်းတော်အတွင်း၌ မည်သို့သော ပုဂ္ဂိုလ်များနေထိုင်၍ တော်ဝင်နန်းတော်အား အချိန်တိုင်း မြင်နေနိုင်သည်ကို သိချင်မိပေသည်။
တော်ဝင်နယ်မြေအတွင်းရှိ ကုန်းမြေများတွင် ထိပ်သီးကျင့်ကြံခြင်းအင်အားစုများစွာ ရှိပြီး သူသည် ကောင်းကင်ဂိတ်တံခါးအတွင်းဘက်မှ အင်ပါယာမြို့အကြောင်း သိချင်စိတ် ဖြစ်မိသည်။
သူသည် ဤနေရာ၌ နတ်စစ်သူကြီးများ၊ တပ်မဟာခေါင်းဆောင်များနှင့် ထိုသို့သော လူများအပါအဝင် အရှင်ဒွန်ဟောင်၏ ပင်မအင်အားစုများ နေထိုင်ကြလိမ့်မည်ဟု တွေးလိုက်မိပေသည်။
ရီဖူရှင်းက အတော်လေးကို ရတက်မအေး ဖြစ်နေရပြီး သူက တော်ဝင်နန်းတော်နှင့် မည်သို့သော ပတ်သတ်မှုမျိုး ရှိနေကြောင်း သိချင်မိသည်။
ကျိုးမုဟွမ်က အစွမ်းထက်တန်ခိုးရှင်များကို တော်ဝင်နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ သူတို့ တော်ဝင်နန်းတော်သို့ ရောက်သောအခါ ထိုနေရာက အမှန်တကယ်၌ မည်မျှ ကျယ်ပြောပြီး ခမ်းနားလှသည်ကို သိခဲ့ရပေသည်။ တော်ဝင်နန်းတော်တွင် ၎င်း၏ ကိုယ်ပိုင်စည်းမျဥ်းများရှိသည့်အတွက် အပြင်ဘက်တွင် ရပ်တန့်လိုက်ရသည်။ အချို့အစွမ်းထက် တန်ခိုးရှင်များမှာ သူတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ရီဖူရှင်းက ထိုလူကို သိရှိပေသည်။ ထိုသူမှာ တော်ဝင်နန်းတော်မှ လေဟာနယ်ဘုံကို အုပ်ချုပ်ရန် စေလွှတ်ထားသည့် နတ္ထိအင်ပါယာနန်းတော်သခင်ပင် ဖြစ်လေသည်။
ထိုသူက ရီဖူရှင်းအား မြင်သည့်အခါ သူ့မျက်လုံးများက သူ့ထံ ခေတ္တ ရောက်ရှိလာခဲ့သည်။ သူက ပြုံးလိုက်ပြီးနောက် ရှေ့မှ လူအုပ်ကြီးကို ကြည့်ကာ ကျိုးမုဟွမ်အား ပြောလိုက်သည်။ “ရောက်လာကြပေးလို့ ကျေးဇူးတင်ပါတယ်။”
“တော်ဝင်နန်းတော်ကို ခစားရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျုပ်တို့က အစွမ်းကုန် ကြိုးစားပေးမှာပါ။ ရှန်ချင်းနယ်မြေတစ်ခွင်က ထိပ်သီးအင်အားစု အားလုံးက သူတို့ရဲ့ လူတွေကို မူလဘုံသွားဖို့ စေလွှတ်ခဲ့တယ်။” ကျိုးမုဟွမ်က ပြန်ဖြေလိုက်သည်။
“ကျုပ် လမ်းပြပေးပါ့မယ်။” နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။ နတ်စွမ်းအားများက လူတိုင်းပေါ် ကျရောက်လာပြီး ရီဖူရှင်းကဲ့သို့ အစွမ်းထက်သည့် တစ်စုံတစ်ယောက်သည်ပင် သူ့ပေါ် ကျရောက်လာသည့် ထိုဖိအားကို ခံစားလိုက်ရပေသည်။
လမ်းတလျှောက်တွင် မည်သူကမှ စကားမပြောကြဘဲ နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်နောက်မှ လူတိုင်း တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။
လေဟာနယ်ဘုံသို့ သွားရန် လမ်းကြောင်းမှာ တော်ဝင်နန်းတော်အပြင် အခြားနေရာများမှလည်း သွားရောက်နိုင်ပေသည်။ သို့သော် ထိုအစွမ်းထက် တန်ခိုးရှင်များကို စစ်တပ်အဖြစ် ဝင်ရောက်ရန် တော်ဝင်နန်းတော်မှ ခေါ်ဆောင်ထားခြင်း ဖြစ်သည့်အတွက် သူတို့က တော်ဝင်နန်းတော်သို့ သွားရသည်မှာ သဘာဝပင် ဖြစ်သည်။ ရှန်ချင်းနယ်မြေမှ လူများသည်သာ ထိုသို့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ နယ်မြေဆယ့်ရှစ်ခုမှ ကျန်လူများသည်လည်း အတူတူပင် ဖြစ်သည်။ အစွမ်းထက်သူ တော်တော်များများက မူလဘုံသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
နန်းတော်သခင်က နန်းတော်အတွင်းမှ ဖြတ်သန်းသွားမည့်အစား တော်ဝင်နန်းတော်၏ အစွန်ဖျားမှ ကွေ့ပတ်ကာ ခေါ်ဆောင်သွားခဲ့သည်။ သူက ခြေလှမ်းများကို နှေးချလိုက်ပြီး ရီဖူရှင်းအနီးသို့ ကပ်ကာ ပြောလိုက်သည်။ “ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်တော်တော်ကြာသွားပြီ။ အင်ပါယာရီ မင်းရဲ့ ခွန်အားက သိသိသာသာကို တိုးတက်လာပုံရတယ်။ ကြည့်ရတာ ဒီနှစ်တွေအတွင်း အဆိုးတွေထဲကနေ ကောင်းချီးရခဲ့ပုံပဲ။ အခုဆို ကောင်းကင်ဒေသမှာ မင်းက လွှမ်းမိုးနိုင်တဲ့ တစ်စုံတစ်ယောက် ဖြစ်လာခဲ့ပြီ။”
ယခင်နှစ်များမှ လေဟာနယ်ဘုံအတွင်း တိုက်ပွဲတွင် ရီဖူရှင်း အရေးနိမ့်ခဲ့သည်မှာ အငြင်းပွားဖွယ် မရှိပေ။ လူတိုင်းက သူ သေဆုံးခဲ့ပြီဟု ထင်ခဲ့ကြကာ နန်းတော်သခင်သည်လည်း သူ ပြန်ပေါ်လာမည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပါချေ။
အရာအားလုံးက အိပ်မက်ကဲ့သို့ပင် ထင်မှတ်ရပေသည်။
သူသည် ရီဖူရှင်းက မည်သို့ အသက်ရှင်လျက် ထွက်ခွာကာ ကောင်းကင်ဒေသသို့ ရောက်လာခဲ့ကြောင်း သိချင်နေခဲ့သည်။
သူသည် မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအား လျှို့ဝှက်စွာ ကူညီပေးနိုင်သည့် အချက်ကို မေ့နေပေသည်။ ထိုအချက်ကို သူတို့နှစ်ယောက်မှလွဲ၍ အခြားလူအနည်းငယ်သာလျှင် သိရှိပေသည်။ မင်းသမီးဒွန်ဟောင်သည် သူမ၏ လက်အောက်ငယ်သားသာ ဖြစ်သည့် နန်းတော်သခင်ကို မည်သည့်အကြောင်းမှ ပြောပြနေရန် မလိုအပ်ပေ။
“ခင်ဗျား ကျုပ်ကို မြှောက်နေတာပါ စီနီယာ။ ကျုပ် အဲဒီတုန်းက ကံကောင်းသွားလို့ပါ။” ထို့နောက် ရီဖူရှင်းက မေးလိုက်သည် “စီနီယာရော တစ်ချိန်လုံး မူလဘုံမှာ ရှိနေခဲ့တာလား။ အခုရော အဲဒီက အခြေအနေတွေ ဘယ်လိုလဲ။”
နန်းတော်သခင်က ပြုံးကာ ပြောလိုက်သည်။ “မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့လိုမှာ စိုးမိပါတယ် အင်ပါယာရီ။ မူလဘုံရဲ့ ကိစ္စတွေက အရင်ကနဲ့ လုံးဝကို ကွာခြားတယ်။ နေရာအနှံ့မှာ သိသာတဲ့ အပြောင်းအလဲတွေချည်းပဲ။ မင်း ပြန်ရောက်တာနဲ့ ကိုယ်တိုင် မြင်ရမှာပါ။ ကျုပ် ပြောနေဖို့ မလိုအပ်ဘူး။”
ရီဖူရှင်း၏ နှလုံးသားက နစ်မြုပ်သွားပြီး သူ့ကို သဏ္ဌာန်မဲ့ဖိအားက ဖိနှိပ်နေသလို ခံစားရပြီး ရတက်မအေးဖြစ်မှုကို ခံစားရစေသည်။
မူလဘုံ၌ မည်သည်တို့ ဖြစ်နေသနည်း။
သိသာစွာပင် မူလဘုံ၌ အလွန် ကြီးမားသော အပြောင်းအလဲများ ဖြစ်နေပြီး သူ ထွက်သွားစဥ်ကနှင့် လုံးဝ ကွဲပြားသွားနေခြင်း ဖြစ်နိုင်သည်။ အသေးစိတ်အပြောင်းအလဲများအနေနှင့် သူသည် ပြန်ရောက်သည့်အခါ ကိုယ်တိုင် ကြည့်ရှုရုံသာ တတ်နိုင်ပေသည်။ သို့သော် အဓိကမှာ သူ၏ မိတ်ဆွေများနှင့် မိသားစုတို့ မည်သို့ ဖြစ်နေသည်ကို သိချင်မိသည်။
သူတို့၏လက်ရှိအခြေအနေကို သူ သိလိုသည်။
နန်းတော်သခင်က သူတို့ကို အစောင့်အကြပ်များ စောင့်ကြပ်နေသည့် နေရာများအား ဖြတ်သန်းခေါ်ဆောင်လာခဲ့ပြီး အလွန် ထူးခြားဆန်းကြယ်သည့် နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ သူတို့ရှေ့၌ လစ်ဟာနေသည့် လေဟာနယ်တစ်ခုရှိနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့က လေဟာနယ်တံခါးကို ချိပ်ပိတ်ထားသည်။ ကြယ်ရောင်များဖြင့် ဝန်းရံခံထားရသော ထိုနေရာသည် ကြယ်ရောင်စုံလောကတစ်ခုကဲ့သို့ ခံစားရစေသည်။ ထိုနေရာ၌ နက်ရှိုင်းသော လေဟာနယ်လမ်းကြောင်းတစ်ခု ရှိနေပြီး အထဲမှ တစ်စုံတစ်ခုကို ခပ်ရေးရေးခံစားမိနိုင်စွမ်း ရှိပေသည်။
“ဒါက မူလဘုံကို ဦးတည်နေတဲ့ လမ်းကြောင်းရဲ့ ဂိတ်တံခါးပဲ။ ဝင်သွားလိုက်ပါ။ ခင်ဗျားတို့အားလုံး ဒီလေဟာနယ်ကို ဖြတ်ပြီးရင် မူလဘုံကို ရောက်သွားလိမ့်မယ်။ အဲဒီကို ခင်ဗျားတို့ ကိုယ့်ဘာသာ သွားရလိမ့်မယ်။” ထို့နောက် နန်းတော်သခင်က လူအုပ်ကြီးကို ပြောလိုက်သည်။ သူတို့သည် တော်ဝင်နန်းတော်မှ တစ်စုံတစ်ယောက်က လိုက်ပါပို့ဆောင်ခြင်းမရှိဘဲ ကိုယ်တိုင် ခရီးဆက်ရမည်ဟု ပြောလိုက်သည့်အပေါ် အံ့အားသင့်ခဲ့ကြပေသည်။
ကြည့်ရသည်မှာ မီးကုန်ယမ်းကုန် စစ်ဖြစ်နေသော အခြေအနေမျိုးတော့ မဟုတ်ပုံရလေသည်။
မဟုတ်လျှင် သူတို့ကို တစ်ဖွဲ့တည်း သီးခြား စေလွှတ်လိမ့်မည် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ် စီနီယာ။” ကျိုးမုဟွမ်က နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်အား ခေါင်းညိတ်ပြလိုက်ကာ လူတိုင်းရှေ့မှ လျှောက်ဝင်သွားခဲ့သည်။ ထို့နောက် အခြားသူများအားလုံးသည်လည်း သူ့နောက်မှ လိုက်သွားခဲ့ကြသည်။
ရီဖူရှင်းက ဂိတ်တံခါးကို ဖြတ်လျှောက်ပြီးနောက် လမ်းကြောင်းအတွင်း ဝင်လိုက်သည်။ သူက ခဏမျှကြာပြီးနောက် လေဟာနယ်အလယ်၌ ရောက်နေသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် အဆုံးမဲ့လေဟာနယ် ရှိနေသလို ထင်မှတ်ရကာ ကြယ်များစွာကို မြင်လိုက်ရပြီး ထိုအခိုက်တွင် ၎င်းကြယ်များထဲ၌ ရင်းနှီးသော မျက်နှာများကို မြင်တွေ့ရသလို ခံစားမိပေသည်။
ဂျီယူ၊ ယူချင်း၊ ဝူချင်းနှင့် အခြား ရင်းနှီးသော အစ်ကိုအစ်မများ ရှိနေသည်။
နန်းယွီလည်း ယခုချိန်၌ ကြီးလာပြီဟု သူ ခန့်မှန်းမိပေသည်။
သူသည် သူ့ဆရာများနှင့် ဆရာကတော်များလည်း မည်သည်တို့ လုပ်နေကြသည်အား သိလိုနေသည်။
ရှောင်မုယွီ၊ သောကျောက်၊ လုံချန်းနှင့် အခြားလူများ၏ ကျင့်ကြံရေးလည်း မည်သို့ အခြေအနေ ရှိသနည်း။ သူတို့ မည်မျှ တိုးတက်လာလိမ့်မည်နည်း။ ထိုပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် ပါရမီရှင်များလည်း မည်သည့် အဆင့်သို့ ရောက်ရှိနေမည်နည်း။
အရှင်ထိုက်ရွှမ်သည်လည်း မည်သည်တို့ လုပ်နေလိမ့်မည်နည်း။
ယခင်နှစ်များမှ မူလဘုံ တိုက်ပွဲတို့အတွင်း သူသည် ထျန်းရှန်ကျောင်းတော်၊ ရွှေရောင်နတ်ပြည်ထောင်၊ ရှန်းကလန်၊ နေနတ်နန်းတော် အစရှိသည့် ပြင်ပအင်အားစုများမှ လူတို့ ဝိုင်းတိုက်ခိုက်သည်ကို ခံခဲ့ရသည်။ သူတို့အားလုံးက သူ့အား သတ်ဖြတ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ချေမှုန်းချင်နေသည်အား အရှင်ထိုက်ရွှမ်က တစ်ကြိမ်ပြီးတစ်ကြိမ် အကာအကွယ်ပေးခဲ့ရသည်။ ထို့အပြင် နတ်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များ၊ နန်ထျန်းနတ်ပြည်ထောင်မှ အင်ပါယာနန်၊ ရှောင်ကလန်မှ ရှောင်တိန့်ထျန်းနှင့် သူ၏ အခြားစီနီယာများစွာ ရှိပေသည်။ သူ ထွက်ခွာသွားပြီးနောက် ဤနှစ်များအတွင်း သူတို့အားလုံး မည်သို့ ရှိနေကြသည်ကို သိချင်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်က ယခုထိ တည်ရှိနေပါသေးလားဆိုသည်ကိုလည်း သိချင်မိသည်။
နတ်နဂါးများ၊ နတ်ဆင်များနှင့် ကောင်းကင်နတ်ဆိုးနန်းတော်သည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် လက်တွဲပြီး တိုက်ခိုက်နေကြဆဲလား သိချင်မိပြန်သည်။
အားလုံးသော ရင်းနှီးနေသည့် မျက်နှာများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာပေသည်။ သူက ထိုဘုံအတွင်း မရောက်သေးသော်လည်း မှတ်ဉာဏ်များက တရိပ်ရိပ် ထိုးတက်လာသည်။ ထိုမှတ်ဉာဏ်များအားလုံးက ဤနှစ်များတလျှောက် ဖြတ်သန်းလာခဲ့ရသော မှတ်ဉာဏ်များဖြစ်ပြီး အခက်အခဲများနှင့် ကြုံတွေ့သည့်အချိန်တိုင်း သူတို့က အချင်းချင်း ကူညီဖေးမခဲ့ကြကာ သူတို့၏ အသက်များက ခြိမ်းခြောက်မှုများကြား ရှင်သန်ခဲ့ရသည်။
သူ့အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ သူ့ဆရာ ချင်ရွှမ်ကန်းနှင့် အခြားကျန်သည့်သူများသည် သူတို့တွေ့ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည သူသည် အရာအားလုံးက တူညီစွာပင် ရှိနေသေးကြောင်း ခံစားရပေသည်။
သူသည် ကောင်းကင်ဒေသ၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း သူ့အတွက် ကောင်းကင်ဒေသ၌ ရှိခဲ့သော မှတ်ဉာဏ်များမှာ မူလဘုံ၌ ဖြစ်ခဲ့သော အမှတ်တရများကဲ့သို့ လေးနက်ပြင်းထန်ခြင်း မရှိပါချေ။
မူလဘုံက သူ့အိမ်ဖြစ်ပြီး သူ့မိသားစု ရှိရာ နေရာပင် ဖြစ်သည်။
ထို့အပြင် ထိုနေရာ၌ လွှမ်းမိုးနိုင်စွမ်းရှိသည့် ရှန်ကလန်၊ မောက်မာဝင့်ကြွားသော ရွှေရောင်နတ်ပြည်ထောင်၊ ထျန်းရှန်ကျောင်းတော်မှ သစ္စာဖောက် ကျန်းအော့၊ ဆန့်ကျင်ဘက်၌ ရပ်တည်နေသည့် နေနတ်နန်းတော်၊ ကောင်းကင်ဒေသမှ လာခဲ့သော အရာအားလုံးကို အထင်အမြင်သေးတတ်သည့် ထိုက်ချူနန်းတော်နှင့် အခြားအင်အားစုများစွာ စသည်ဖြင့် သူ့တွင် ရန်သူများစွာ ရှိနေပြီး သူသည် ထိုသူများ၏ မျက်နှာကို မည်သည့်အခါမှ မေ့ပစ်လိမ့်မည် မဟုတ်ပေ။
လေဟာနယ်ဘုံ၌ ထိုနောက်ဆုံးတိုက်ပွဲတွင် မင်းသမီးဒွန်ဟောင်သာ သနားညှာတာမှု ထားမပေးခဲ့လျှင် သူက ထိုအစွမ်းထက်လူများစွာ၏ အဖွဲ့လိုက်အမဲလိုက်ခြင်းကို ခံရပြီး အသတ်ခံရမည်မှာ သေချာပေသည်။
ထို့အပြင် သူက မှော်နက်စစ်တပ်နှင့် နတ္ထိဘုံကို ဆန့်ကျင်သည့်အခါ ကောင်းကင်ဒေသဘက်မှ ရပ်တည် တိုက်ခိုက်ခဲ့သော်လည်း သူနှင့်အတူ ယှဥ်တွဲကာ တိုက်ခိုက်ပေးရမည့် ထိုအင်အားစုများက သူ့ကို ဆန့်ကျင်ကာ သတ်ဖြတ်ချင်ခဲ့ကြသည်။ အထူးသဖြင့် ထျန်းရှန်ကျောင်းတော် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို ကောင်းစွာမှတ်မိပေသည်။
သူ့စိတ်ထဲ လွင့်ပျံနေသော မှတ်ဉာဏ်များမှ ပြင်းထန်သည့် ခံစားချက်များ ဖြစ်ပေါ်နေပြီး သူ့ရှေ့မှ အရာအားလုံးကလည်း ပြောင်းလဲနေသည်။ သူက လေထဲမှာ ရပ်နေကာ ရှေ့မှ နေရာကို ကြည့်လိုက်သည်။ ရင်းနှီးသော ခံစားချက်က သူ့ကို လွှမ်းခြုံထား၏။
နှစ်နှစ်ဆယ်ကြာပြီးနောက်ဆုံးတွင် သူက ပြန်ရောက်လာပြီ ဖြစ်သည်။
***