← Chapters

ပိုးပန်းသူများ

Vol. 69 Ch. 1111

ပိုးပန်းသူများ

Vol. 69 Ch. 1111

နောက်ပိုင်းနေ့ရက်များတွင် ဘဝသည် မူလအတိုင်း ပြန်လည် တည်ငြိမ်သွား၏။

ကိုယ်ဝန်ဆောင် အသီနာကို အဖော်ပြု ပေးရန် ချန်လွေ့က အမှောင်လ နန်းတော်၌ နေခဲ့သည်။ သော်သော်လည်း ဖေဖေအနောက်သို့ တစ်ကောက်ကောက် လိုက်နေခဲ့သည်။ ခီရာသည် အသီနာ၏ လက်ထောက်အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်နေဆဲဖြစ်ပြီး ဆယ်မြူရယ်က အမှောင်လ ဗိုလ်ခြေတပ်မှူး ရာထူးကို ဆက်လက်တာဝန်ယူခဲ့သည်။

အစ်ဇဘယ်လာက ခြံငယ်လေးသို့ ပြန်သွားခဲ့ပြီး ဇိုလာက ဂူရာဒန်နှင့် ဖိုက်သွန်နှင့် သက်တန့် တောင်ကြားသို့ ပြန်သွားခဲ့၏။ ဂူရာဒန်က ထူးဆန်းသော လေလွင့်ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့ရာ ၎င်းက ဇိုလာကို စိတ်ဝင်စားစေခဲ့သည်။ အလောင်း အောက်လမ်း ပညာရှင်လည်း ၎င်းကို လေ့လာလိုရာ သူတို့နှစ်ဦးက အကြံတူသဖြင့် သဘောတူညီမှု ရသွား၏။ ဖိုက်သွန်က ငွေသေတ္တာက သက်တန့် တောင်ကြားတွင် ရှိသောကြောင့် လိုက်သွားခြင်း ဖြစ်သည်။ ယခုအခါ သူ့တွင် တကယ့် ရုပ်ခန္ဓာတစ်ခု ရှိလာပြီ ဖြစ်ရာ သူ၏ စွမ်းအားအချို့ကို ပြန်လည် ရရှိရန် ငွေသေတ္တာကို အသုံးပြုချင်သည်။

ရိုမန် မိသားစု၊ ပါ့ဂ်လီအို မိသားစု၊ နဂါးဧကရာဇ်နှင့် သမီးများ၊ အယ်ဒီလိုင်းနှင့် ဒိုဒိုတို့က အိမ်သို့ ပြန်သွားကြသည်။

ဖိုက်သွန်၏ စကားများက သူ့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့ရာ အက်ဂ်လက်စ်က အမှောင်လတွင် ယာယီ နေထိုင်ခဲ့သည်။ နဂါးဧကရာဇ်က နတ်ဘုရား-ယောင်နှင့် ပတ်သက်သော လျို့ဝှက်နက်နဲမှုများကို ပိုမိုမေးမြန်းရန် ထိုနေရာ၌ ခေတ္တနေရန် စီစဉ်ထား ပြီးနောက် နဂါးကျွန်းသို့ ပြန်ကာ အိပ်စက်ခြင်းဖြင့် လေ့ကျင့်မည် ဖြစ်၏။

အဝတ်ဗလာဖြင့်ပြေးသော အဖြစ်ကြောင့် ပါ့ဂ်လီအိုက နာမည်ကြီး လာခဲ့သော်လည်း ထိုသူ၏မျက်နှာက အရေထူလွန်းရာ နောက်ပိုင်း ပေါ့ပေါ့ပါးပါး စကားပြော ရယ်မောနိုင်ခဲ့သည်။ သူက လူသားတစ်ဦးထံမှ ထူးဆန်းသော စကား တစ်ခွန်းကိုပင် ကိုးကားခဲ့လေသည်။ သတ္တိကောင်းခြင်းက အဆုံးအဖြတ် အခိုက်အတန့်၌ အဆုံးသတ် တိုက်ကွက် တစ်ခုကို ဖန်တီးနိုင်သည် ဟူ၍ပင်။

သေပြီးသားဝက် ရေနွေးမကြောက် ဟူသော စကားအတိုင်းပင် နဂါးဧကရာဇ် အက်ဂ်လက်စ်ပင် သူနှင့် ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ပေ။

အပေါ်ယံအားဖြင့် သာမန်ဘဝက ယခင်က အတိုင်းပင် ဖြစ်သော်လည်း ထိုကဲ့သို့ ငြိမ်းချမ်းမှု၏ နောက်ကွယ်တွင် မည်သည့်အရာများ အစပျိုးနေသည်ကို လူတိုင်း ကောင်းကောင်း သိကြသည်။

အစ်ဇဘယ်လာက ခြံငယ်လေးထဲတွင် နေ့စဉ် ရေနွေးတည်ကာ လက်ဖက်ရည် ဖျော်သည်။ သူ့အတွက်မူ ထိုအရာမှာ စောင့်ဆိုင်းခြင်း သက်သက် မဟုတ်ဘဲ ဝိညာဉ်အတွက် လေ့ကျင့်ခြင်း တစ်မျိုး ဖြစ်သည်။

ဇိုလာက ယခုတွင် တကယ့်တစ်ဆို့မှုနှင့် တွေ့ကြုံနေရ၏။ မစ်-နတ်မိမယ်နဂါးက အလွန် ပါရမီရှိသူ ဖြစ်သည်။ [ဒြပ်စင်၆ခု တိုင်းပြည်]နှင့် [သက်တန့်နတ်ဘုရားမ တိုင်းပြည်]တို့က အလွန်အစွမ်းထက်သော တိုင်းပြည်များဖြစ်ပြီး သူ့ကို နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်စေခဲ့သည်။ ကတ်သရင်း၏ တကယ့် တိုက်ခိုက်ရေး စွမ်းအားပင် အနည်းငယ် နိမ့်ကျနေခဲ့ပြီး ထိုအချက်ကပင် သူ၏ နတ်ဘုရား-ယောင် အဆင့်သို့ တက်လှမ်းမှုကို အဆပေါင်း များစွာ ပိုမိုခက်ခဲစေခဲ့သည်။

ဖိုက်သွန် အမြင်အရ ‘အမွေခံလောက’ မှ ဖြစ်နိုင်သည့် ကျိုးကြောင်းဆီလျော်မှု မရှိသော အကြောင်းတရား အချို့မှလွဲ၍ ဇိုလာက နတ်ဘုရား-ယောင် ဖြစ်လာရန် အနည်းဆုံး နှစ်ပေါင်း ၂၀၀၀ ကြာမြင့်မည် ဖြစ်သည်။ သက်တမ်းရှည်သရွေ့ သာမန် နတ်ဘုရား တစ်ပိုင်းအဆင့် အစွမ်းထက် ပုဂ္ဂိုလ်များ အထူးသဖြင့် နဂါးများအတွက် နှစ်၂၀၀၀က အံ့ဩလောက်အောင် ထူးချွန်သော နှုန်းတစ်ခု ဖြစ်သည်မှာ သေချာသည်။ သို့သော် ဇိုလာအတွက်မူ ၎င်းက အလွန် ကြာမြင့်နေသေးသည်။ အကြောင်းမှာ နောက်၃နှစ် အကြာတွင် ချန်လွေ့က ကောင်းကင်တမန် သုံးပါး ကဲ့သို့ ကြောက်မက်ဖွယ် ရန်သူများနှင့် ရင်ဆိုင်ရမည် ဖြစ်၍ပင်။ ၁၀ နှစ်အကြာ စေတန်နှင့် ရင်ဆိုင်ရပေမည်။ သူက ချစ်မြတ်နိုးရသော လူသားနှင့်အတူ ဘေးချင်းယှဉ်၍ တိုက်ခိုက်နိုင်ပြီး သူ၏ တကယ့် အကူအညီ ဖြစ်လာရန်အတွက် နတ်ဘုရား-ယောင် အဆင့်သို့ အမြန်ဆုံး တက်လှမ်းရမည် ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ဇိုလာက ဂုဏ်မယူခဲ့ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူက ပိုမို၍ အရေးတကြီးဖြင့် လေ့ကျင့်ပြီး အချိန်ဥပဒေသ လေ့ကျင့်ရေး ကွင်းပြင်သို့ နေ့စဉ်သွားရောက်ခဲ့သည်။

ကျန်သောသူ အများစုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ လူတိုင်းက ဇိုလာနှင့် ကက်သရင်းကဲ့သို့ ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲမှု၏ စွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံး နားလည် သဘောပေါက်ပြီး ‘အမွေခံလောက’၏ နတ်ဘုရား ဖြစ်လိုကြသည်။ ထိုအရာက ၃နှစ်အကြာ ကြုံတွေ့ရမည့် ကပ်ဘေးကို ကျော်လွှားရန် သူတို့ကို ချန်လွေ့၏ တကယ့် တိုက်ခိုက်ရေး စွမ်းအား အစိတ်အပိုင်းတစ်ခု ဖြစ်လာစေပေမည်။

အကြောင်း တစ်ခုခုကြောင့် နတ်ဘုရား တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ပါ့ဂ်လီအိုပင် မအောင်မြင်ခဲ့။ နတ်ဘုရား တစ်ပိုင်း အဆင့်က ကြယ်နှစ်ပွင့် ဆင့်ကဲ ပြောင်းလဲမှု နားလည်သဘောပေါက်ရန် စံနှုန်း မဟုတ်ကြောင်း တွေ့မြင်နိုင်သည်။ (ကက်သရင်းက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ မတက်လှမ်းမီ ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲမှုကို ဦးစွာ နားလည် သဘောပေါက်ခဲ့သည်)

ပြောရမည်ဆိုလျှင် ဂူရာဒန်က တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှု အနည်းဆုံး သို့မဟုတ် ‘အနိမ့်ကျဆုံး’ ဖြစ်သည်။ ချန်လွေ့ အပေါ် သစ္စာစောင့်သိမှုက စာချုပ်ချုပ်နှောင်မှုနှင့် ကြယ်အပ်နှင်းခြင်း ဖိအားပေးမှုတို့ကြောင့် ဖြစ်သော်လည်း အလောင်း အောက်လမ်းပညာရှင်၏ အောင်မြင်မှုများကို လျှော့မတွက်နိုင်ပေ။ သူက တိုင်းပြည်အဆင့် အလယ်ပိုင်းသို့ ရောက်နိုင်ခဲ့ရုံမက လေလွင့်ဝိညာဉ်လည်း ဖြစ်လာခဲ့သည်။ ထိုအရာက သူ့ကို စမ်းသပ်မှုများတွင် ပိုမို၍ လွယ်ကူစေရုံ သာမက စည်းမျဉ်းစွမ်းအင် ဟူသော နယ်ပယ်တစ်ခု၏ သုတေသနတွင် အံ့ဩဖွယ် တိုးတက်မှုများ ရရှိခဲ့သည်။

စည်းမျဉ်း စွမ်းအင်က ကြယ်မြို့၏ အထူး လက်နက်များနှင့် အဂ္ဂိရတ် သက်ရှိများ၏ အထူး ဆင့်ကဲပြောင်းလဲမှု အတွက် အခြေခံစွမ်းအင် ဖြစ်သည်။ ယေဘုယျအားဖြင့် ၎င်းကို လေလွင့် ဝိညာဉ်များအား အမဲလိုက်ခြင်းဖြင့် ရရှိသော ဥပဒေသ အပိုင်းအစများ သို့မဟုတ် ဥပဒေသ သလင်းကျောက်လုံး များမှသာ ပြောင်းလဲ ရယူနိုင်သည်။ ထိုကာလတိုအတွင်း စမ်းသပ်မှုတွင် သူ အပိုင်းအစများစွာ ရရှိခဲ့ပြီး ကြယ်မြို့၏ လိုအပ်ချက်များစွာကို ဖြည့်ဆည်းနိုင်ခဲ့ သော်လည်း နောက်ဆုံး ကုန်သွားမည်သာ ဖြစ်သည်။

အပိုင်းအစပါသော တိုင်းပြည်အဆင့် လေလွင့်ဝိညာဉ်ကို ဝါးမျိုပြီးနောက်တွင် ဂူရာဒန်က ထိုစွမ်းအား၏ ထူးခြားချက်ကို ခံစားမိခဲ့သည်။ သူ စိတ်ဝင်စားလာပြီး လေလွင့် ဝိညာဉ်များမပါဘဲ အလားတူ စွမ်းအားကို ဖန်တီးရန် ကြိုးစားခဲ့သည်။ အကယ်၍ အလောင်း အောက်လမ်း ပညာရှင်၏ သုတေသန အောင်မြင်ခဲ့ပါက ချန်လွေ့ ပိုင်ဆိုင်သော စွမ်းအားအတွက် ကြီးမားသော တိုးတက်မှုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။

ဂူရာဒန်နှင့် နှိုင်းယှဉ်ပါက ဒိုဒို၏ သစ္စာစောင့်သိမှုကို မေးခွန်း ထုတ်စရာ မရှိပေ။ (အဓိကအားဖြင့် သူက ရေရှည် အခမဲ့ စားရခြင်းကို အကျင့်ပါနေ၍ပင်) သို့သော် ချွဲကျိကောင်၏ ပျင်းရိမှုမှာလည်း မေးခွန်းထုတ်စရာမရှိ။ အရည်အချင်းနှင့် ပါရမီအရ ချွဲကျိကောင်က မိသားစုနှင့် မိတ်ဆွေအဖွဲ့၏ ထိပ်ဆုံးသုံးယောက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေသော်လည်း လုံ့လဝီရိယအရမူ သူက နောက်ဆုံး တစ်ယောက်အဖြစ် အများက အသိအမှတ် ပြုထားလေသည်။ ပြန်ရောက်လာပြီး မကြာခင်မှာပင် အဲလစ်က သူ့ကို တော်ဝင် ကောလိပ်သို့ အရသာရှိသော စားစရာဖြင့် အဖော်ပြုလေ့လာရန် ခေါ်သွားခဲ့သည်။

ဖိုက်သွန်၏ လေ့ကျင့်မှု အစီအစဉ်အရ ယခင် ကြောက်မက်ဖွယ် မိုးပျံနယ်မြေ၏ ဖိအားမြင့် လေ့ကျင့်မှုက ပထမအဆင့် ဖြစ်သည်။ ယခုတွင် လိုအပ်သည်မှာ ကြောက်မက်ဖွယ် မိုးပျံနယ်မြေမှ ရရှိခဲ့သော အသိပညာများကို ချေဖျက် နားလည်ရန် ဖြစ်သည်။ ဒုတိယအဆင့်က တစ်နှစ်ခန့်အကြာတွင် စတင်မည်ဖြစ်ရာ လူတိုင်းက အပေါ်ယံ ငြိမ်နေသော်လည်း နည်းလမ်း အသီးသီးဖြင့် လျှို့ဝှက်ကြိုးစား လေ့ကျင့်နေကြ၏။

ကြယ်ကြွေတမန် တော်အင်ပါယာ၏ တော်ဝင်ကောလိပ်၌ -

တောအုပ် အဝင်ဝ-

“မင်းသမီး အဲလစ်။ ဒီနေ့က မင်းသမီးရဲ့ မွေးနေ့ပဲ။ ကျွန်တော် ဂရုတစိုက် ပြင်ဆင်ထားတဲ့ ဒီရောင်စုံတောင်ပံငှက် လက်ဆောင်ကို လက်ခံပေးပါ။” လူငယ် တစ်ဦးက အဲလစ်အား ကျက်သရေရှိစွာ ဦးညွှတ်ရင်း လှောင်အိမ်မှ ရောင်စုံငှက် တစ်ကောင်ကို ကမ်းပေးလိုက်သည်။

“တူမန် ဒီလိုမျိုးငှက်တွေက ဈေးထဲမှာ အများကြီးပဲ! ကိုယ့်ကိုယ်ကိုယ် အရှက် မခွဲပါနဲ့တော့။” တန်ဖိုးကြီးအဝတ်အစား ဝတ်ဆင်ထားသော အခြား လူငယ် တစ်ဦးက တူမန်ကို မထီမဲ့မြင်ကြည့်ရင်း ပြောလိုက်သည်။ “မင်းသမီး အဲလစ်။ ကျွန်တော့်ရဲ့ ကန့်မီး သလင်းကျောက် ပုတီးစေ့တွေကတော့ မတူဘူး။ ဒါက အဖိုးတန်ဆုံး မီးဒြပ်စင်ရတနာပဲ...”

“ဆူဗော်။ ဈေးပေါတဲ့ ပုလဲတစ်လုံးက ‘အဖိုးတန်ဆုံး’ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်လို့လား။” တူမန်က ပြန်၍ လှောင်ရယ်သည်။ “မင်းက တကယ် ပစ္စည်းကောင်းကို မခွဲခြားတတ်ဘူးပဲ။ ဒါက သာမန် ရောင်စုံတောင်ပံငှက် မဟုတ်ဘူး။ နဂါးသွေးမျိုးဆက်ပါတဲ့ ရှားပါး မျိုးကွဲတစ်ကောင်ပဲ။ ချိုသာတဲ့ သီချင်းတွေ ဆိုနိုင်ရုံတင် မကဘူး၊ သခင်ကိုလည်း ကာကွယ်ပေးနိုင်တယ်!”

“ဒါက သန္ဓေပြောင်း ငှက်တစ်ကောင်ပဲ မဟုတ်လား။ ငါ့ရဲ့ ကန့်မီးသလင်းကျောက် ပုတီးစေ့က စိတ်စွမ်းအား လေ့ကျင့်မှုကို အများကြီးတိုးတက်စေနိုင်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မီးတောက် စွမ်းအားကိုလည်း ထုတ်လွှတ်နိုင်တယ်။ အထူးခြားဆုံးကတော့ ‘ပြိုင်စံရှား’ ဆိုတဲ့ အထူး ဂုဏ်သတ္တိရှိတာပဲ။ ဘယ်မီးဒြပ်စင် ရတနာမဆို သူ့ရဲ့ အရှေ့မှာ မှေးမှိန်သွား လိမ့်မယ်။ ဒါက တော်ဝင်မင်းသမီးလေးရဲ့ အဆင့်အတန်းနဲ့လည်း ကိုက်ညီတယ်။”

“ရှင်တို့ရဲ့ စေတနာကို ကျေးဇူးတင် ပါတယ်။” အဲလစ်က ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သော်လည်း လက်ဆောင်များကို လက်မခံခဲ့ပေ။ သူက ကန့်မီးသလင်း ကျောက်ပုတီးစေ့များကို တပ်မက်နေသော ကြက်သွန်နီကောင်ကို ဆွဲကိုင်ကာ ရှေ့သို့ ဆက်လျှောက်သွား၏။ သူတို့ နှစ်ယောက်လုံးက လက်မလျှော့ဘဲ အဲလစ်အား လက်ဆောင်ကို လက်ခံရန် ထပ်ခါတလဲလဲ ပြောနေရင်း ဆက်လိုက် နေကြသည်။

အဲလစ်၏ အစ်မ ရှီရာသည် လက်ရှိ ကြယ်ကြွေတမန်အင်ပါယာကို ခိုင်မြဲစွာ ထိန်းချုပ်ထားသော ဧကရီအရှင်မ ဖြစ်၏။ အကယ်၍ သူတို့က ဧကရီရှီရာ၏ တစ်ဦးတည်းသော ညီမတော် အဲလစ်နှင့် လက်ထပ်နိုင်ခဲ့လျှင် မိသားစုနှင့် တစ်ဦးချင်းအတွက် အကျိုးကျေးဇူးများကို စဉ်းစားကြည့်၍ ရနိုင်ပေသည်။ အဲလစ်၏ အပြစ်ကင်းပြီး ချစ်စဖွယ် အလှတရားနှင့် ပေါင်းစပ်လိုက်ရာ ကောလိပ်၌ ပိုးပန်းသူ များစွာ ရှိခဲ့သည်။ ဆူဗော်နှင့် တူမန်တို့က ထိုသူများထဲမှ ဖြစ်လေသည်။

နှစ်ဦးလုံးက အကြီးအကဲ မိသားစုများမှ ဖြစ်ကြသည်။ ဆူဗော်က လိဖ်မိသားစု၏ အမွေဆက်ခံသူ ဖြစ်ပြီး တူမန်က ဘိုးလ်မိသားစုမှ အရည်အချင်းရှိသော လူငယ်တစ်ဦး ဖြစ်ကာ သူ၏ဦးလေးမှာ တော်ဝင်ကောလိပ်၏ ဒုတိယကျောင်းအုပ် ဆီရာရို ဖြစ်သည်။ သူက ခိုင်မာသော နောက်ခံရှိသူ ဖြစ်သည်။ ဝမ်းနည်းစရာမှာ သူတို့နှစ်ဦးက ပိုးပန်းသူ များစွာ ကဲ့သို့ပင် အဲလစ်မင်းသမီး၏ မျက်နှာသာပေးခြင်းကို မရသည့်အပြင် စိတ်နှလုံး မကောင်းသော မင်းသမီးလေး၏ နှိပ်စက်ခြင်းကိုကာ ခံခဲ့ကြရသည်။

သို့သော်လည်း သူတို့ နှစ်ဦးက လက်မလျှော့ခဲ့ကြပေ။ ရှုံးနိမ့်မှုများကြားမှ ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြလေသည်။ ယခုတွင် အဲလစ်မွေးနေ့ ဖြစ်ကြောင်း သိရှိရာ ရတနာကို ဆက်သရန် အထူး လက်ဆောင်ကို ကြိုပြင်ထားခဲ့ကြသည်။

ထိုမတိုင်မီက သူတို့ နှစ်ယောက်က အခြား ပြိုင်ဘက်များစွာကို ခြိမ်းခြောက် အကျပ်ကိုင် ဖယ်ရှားခဲ့သည်။

အဲလစ်က အနည်းငယ် စိတ်ဓာတ် ကျနေပြီ ဖြစ်သည်။ သူက သူတို့နှစ်ဦးကို ယင်ကောင်များကဲ့သို့ တဝီဝီ မြည်နေပြီး စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု ခံစားမိ၏။ ဒေါသထွက်လုနီးနီး ဖြစ်နေချိန် သူ၏နှာခေါင်းက တစ်စုံတစ်ခုကို တွေ့ရှိ သကဲ့သို့ပင် ရုတ်တရက် တရှုံ့ရှုံ့လုပ်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။

ဆူဗော်နှင့် တူမန်တို့က အဲလစ်၏ အပြုံးကို မြင်ရာ အဲလစ် စိတ်လှုပ်ရှား သွားပြီဟု ထင်လိုက်ကြသည်။

ထို့နောက် အဲလစ်က လက်ထဲမှ ကြက်သွန်နီကို ပစ်ချကာ ရှေ့သို့ အမြန် ပြေးသွားလိုက်သည်။ သူက လူတစ်ဦး၏ ကိုယ်ထဲသို့ ပြေးဝင်သွားခြင်းပင်။

“အစ်ကို!”

အဲလစ်က ပျော်ရွှင်စွာ အော်ဟစ်ရင်း ထိုသူ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ အလွန်စိတ်လှုပ်ရှားနေသော အပြုံးကို ပြသလိုက်လေသည်။ ခုနက စိတ်ညစ်နေသော မျက်နှာနှင့် လုံးဝ မတူတော့ပေ။

အစ်ကိုလား။ မဟုတ်ဘူး! အဲလစ်မှာ အစ်မပဲ ရှိတယ်လို့ ထင်တာ။ တူမန်နှင့် ဆူဗော်တို့က တစ်ချိန်တည်း မျက်မှောင် ကြုတ်လိုက်ကြသည်။

ချန်လွေ့က အဲလစ်၏ ကျောကို ခါးသက်စွာ ပြုံးရင်း ပုတ်လိုက်သည်။ သူ၏ ရုပ်ဖျက်ပညာရပ်က မင်းသမီးလေး၏ နှာခေါင်းကို မလှည့်စားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ပို၍တိကျစွာပြောရလျှင် ၎င်းက အလိုအလျောက် သိမြင်မှုတစ်မျိုး ဖြစ်လောက်သည်။ ထိုကဲ့သို့သော အထူး အလိုလိုသိမြင်မှုနှင့် ရှားလော့ဟုမ်းစ်ကဲ့သို့ အားကောင်းသော ကျိုးကြောင်းဆင်ခြင် နိုင်စွမ်းတို့ ပေါင်းစပ်လိုက်လျှင် ၎င်းက အဲလစ်၏ အစွမ်းအထက်ဆုံး ‘ပါရီ’ ဖြစ်ပေသည်။

အဲလစ်၏ မျက်နှာပေါ်မှ မှိုင်းညို့မှုများ ပျောက်ကွယ်သွားပြီးနောက် ချန်လွေ့အား ပျော်ရွှင်စွာအော်ပြောလိုက်သည်။ “ဒီနေ့ ကျွန်မမွေးနေ့ပဲ။ လက်ဆောင်ပေးတော့!”

တူမန်နှင့် ဆူဗော်တို့၏ မျက်နှာ အမူအရာများမှာ ပို၍ပင် မကြည့်ကောင်း တော့ပေ။ ခုနက သူတို့ နှစ်ဦးသည် လက်ဆောင်ပေးရန် အစပြုခဲ့သော်လည်း အဲလစ်က လှည့်၍ပင် မကြည့်ခဲ့ပေ။ ယခုမူ သူကိုယ်တိုင်က ထိုသူထံမှ လက်ဆောင် တောင်းနေ၏…

သူတို့ အချင်းချင်း ကြည့်လိုက်သည်။ ဒါက အကြီးမားဆုံး ရန်သူပဲ။ သူ့ကို အရင်ဆုံး ရှင်းပစ်ရမယ်!

ချန်လွေ့က မွေးနေ့ လက်ဆောင် အကြောင်း ကြားရာ... “အမ် ဒါက...”

“ဟမ့်။ မင်းက မင်းသမီး အဲလစ်ရဲ့ မွေးနေ့ကိုတောင် မမှတ်မိဘူးထင်တယ်”။ တူမန်၏ ထူးဆန်းသော အသံ ထွက်ပေါ် လာခဲ့သည်။

ဆူဗော်ကလည်း ထပ်ပြောလိုက်သည်။ “ဒီလို လူမျိုးက ဒီနေ့ မင်းသမီးရှေ့မှာ ပေါ်လာဖို့ မထိုက်တန်ဘူး။ အနာဂတ်မှာ ပိုလို့တောင် မထိုက်တန်ဘူး။”

အဲလစ် ဒေါသထွက်သွားသည်။ သူ စကား မပြောနိုင်ခင်မှာပင် နောက်မှ ရင်းနှီးသော အသံတစ်ခု ထွက်လာ၏။ “အစ်မ အဲလစ်!”

ကလေးမလေး တစ်ဦးက နောက်မှ အဘိုးအို၏ လက်ထဲမှ ရုန်းထွက်ပြီး အဲလစ်ဆီသို့ ပျံသန်းလာသည်။ သူက သော်သော်ပင်။ ဖေဖေ၏ လည်ပင်းကို အဲလစ် ဖက်ထားသည်ကို မြင်သောအခါ သော်သော်က လေထဲတွင် ပတ်လှည့်ကာ ဖခင်ဖြစ်သူ၏ ခေါင်းပေါ် တက်ခွလိုက်၏။ တစ်ယောက်နှင့် တစ်ယောက် ကိုယ့် ‘နယ်မြေ’ ကိုယ်စီ သိမ်းပိုက်လိုက်ခြင်းပင်။

“သော်သော် ငါ ခဏခဏ ပြောပြီးပြီ။ ဒေါ်လေးလို့ခေါ်ပါဆို!” အဲလစ်က ခြေဖျားထောက်ကာ သော်သော်၏ ပါးကို နမ်းပြီး ‘အဆင်ပြေစွာပင်’ ချန်လွေ့၏ ပါးကိုပါ နမ်းလိုက်သည်။

ထိုမြင်ကွင်းက ဆူဗော်နှင့် တူမန်တို့ကို မှင်တက် သွားစေသည်။ ပုံမှန်ဆိုရင် ဘယ်သူ့ကိုမှ ရင်းနှီးဖော်ရွေမှု မပြတဲ့ မင်းသမီးအဲလစ်က သမီးတစ်ယောက်နဲ့ အတူရှိနေတဲ့သူကို တကယ် သဘောကျ နေတယ်!

တူမန်က အမြန် အော်ပြောသည်။ “မင်းသမီးအဲလစ်။ ဘယ်ကမှန်း မသိတဲ့ ဒီလူရဲ့ လှည့်စားတာကို မခံပါနဲ့!”

ချန်လွေ့ ဘာမှမပြောပေ။ အဲလစ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ “ပါးစပ်ပိတ်ထား! ငါ သူ့ရဲ့ လှည့်စားတာကို ခံချင်တယ်! ရှင့်ရဲ့ ရောင်စုံတောင်ပံငှက်က ဘာထူးခြားလို့လဲ။ ဒိုဒို!”

ထိုကြက်သွန်နီကောင် လိမ္မာပါးနပ်စွာ တုံ့ပြန်လိုက်၏။ သူကျ ချက်ချင်းပင် ထပ်တူကျသော ရောင်စုံတောင်ပံငှက် အဖြစ်သို့ ပြောင်းလဲသွားပြီး စွဲမက်ဖွယ်ရာ သီချင်းတစ်ပုဒ်ကို သီဆိုလိုက်လေသည်။ ၎င်းက မှော်ရုပ်မြင်သံကြားမှ အကြိ များစွာ ထုတ်လွှင့်ခဲ့သော နတ်ဆိုးဘုံ ဂီတ ဖျော်ဖြေပွဲတွင် အလွန်ပင် ရေပန်းစား ခဲ့သော ‘လေထဲကရဲတိုက်’ သီချင်းပင်။ ၎င်းက မူရင်းအဆိုတော် ဟယ်လင်၏ အသံနှင့် တစ်ထပ်တည်းကျနေ၏။

ထိုမျှသာမက သီချင်းဆိုသံတွင် နဂါးမာန် အနည်းငယ် ပါဝင်နေသေးရာ နဂါး သွေးမျိုးဆက် ပါသည်ဆိုသော ရောင်စုံတောင်ပံငှက်ကို တုန်လှုပ်စေပြီး ကြောက်လန့်စေခဲ့သည်။ ခဏအကြာတွင် ၎င်းက ကြောက်လန့်လွန်း၍ မစင်နှင့် ကျင်ငယ်များပင် မထိန်းနိုင်ဘဲ မေ့မြော သွားတော့သည်။

အဲလစ်က ဆူဗော်ကို ကြည့်လိုက်၏။ “ပြီးတော့ ရှင်.... ပြိုင်စံရှား ကန့်မီး သလင်းကျောက် ပုတီးစေ့တွေ မလား။ ယူလာခဲ့!”

ဆူဗော်က ကန့်မီး သလင်းကျောက် ပုတီးစေ့များကို အမြန် ပေးလိုက်သည်။ အဲလစ်က လက်ဝေ့ယမ်းလိုက်ရာ နီရဲရဲ ကန့်မီး သလင်းကျောက် ပုတီးစေ့များက သော်သော်ဆီသို့ ပျံသန်းသွားလေသည်။ “သော်သော်။ ငါ နင့်ကို အရသာရှိတာ တစ်ခု ကျွေးမယ်။”

စိတ်နှလုံး မကောင်းသော မင်းသမီးလေးက နောက်ဆုံးစကားကို တမင်အသံနှိမ့်ပြောလိုက်သည်။

သော်သော်က ကန့်မီးသလင်းကျောက် ပုတီးစေ့များကို ဖမ်းယူလိုက်ပြီး မီးဒြပ်စင် စွမ်းအားကို ခံစားမိလိုက်သည်။ အဲလစ်က ‘စား’လို့ရသည်ဟု ပြောသည်ကို ကြားရာ သူ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သော မျက်နှာကို ပြသပြီး လက်ကလေးများဖြင့် ပုတီးစေ့များကို ကစားနေလိုက်သည်။

ထို့နောက် ဆူဗော်ကို မယုံကြည်နိုင် ဖြစ်စေသည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ မီးဒြပ်စင်ရတနာများကို မှေးမှိန်စေသည် ဆိုသော ကန့်မီးသလင်းကျောက် ပုတီးစေ့ အလင်းရောင်က ကလေးမလေး၏ လက်ထဲ တဖြည်းဖြည်း အားနည်းသွား၏။ အဆုံးတွင် ၎င်းက ကြည်လင်သွားခဲ့သည်။

“ဒီလို အတုမျိုးကို ကျွန်မရဲ့ မွေးနေ့ လက်ဆောင်အဖြစ် သုံးတယ်လား… ဟွန့်! ရှင်ကမှ လှည့်စား ခံရတာလို့ ကျွန်မ ထင်တယ်”။ အဲလစ်က လုံးဝ ကြည်လင် သွားသော ကန့်မီး သလင်းကျောက် ပုတီးစေ့များကို ဆူဗော်ထံသို့ ပြန်ပစ်ပေး လိုက်သည်။

ဆူဗော်က သူ မျက်စိမှားသည်ဟု ထင်လိုက်သည်။ သူက မျက်လုံးများကို ပွတ်သပ်ပြီး မယုံနိုင်စွာ ကြည့်လိုက်သည်။ ဘာဖြစ်တာလဲ။ ကန့်မီးသလင်းကျောက် ပုတီးစေ့တွေက စွမ်းအားကို လုံးဝကို ဆုံးရှုံးသွားခဲ့တယ်!

စိတ်နှလုံး မကောင်းသော တော်ဝင် မင်းသမီးလေးက သော်သော်အား ဂျယ်လီ တစ်ဆုပ်ပေးကာ တမင် မေးလိုက်သည်။ “အရသာရှိတယ် မလား။ သော်သော်..”

ဘာဖြစ်နေမှန်း သော်သော် မည်သို့ သိနိုင်မည်နည်း။ ကန့်မီးသလင်းကျောက် ပုတီးစေ့များ အရသာရှိသည် ဟူ၍သာ သူက ပြောလိုက်သည်။ “အရသာရှိတယ်။ အစ်မက တကယ် ကောင်းတာပဲ!”

“ဒေါ်လေးပါဆို!”

ထိုစဉ် ဆူဗော်က လက်ထဲမှ အမှိုက် ဖြစ်သွားသော ပုတီးကြိုးကို ကြည့်နေပြီး တူမန်က ငှက်လှောင်အိမ်ကို ကိုင်ဆောင် ထားနေ၏။ သူငယ်ချင်းလေး နှစ်ဦးမှာ ခဏတာ မှင်တက်သွားကြတော့သည်။

All Chapters