ပညာပေးရန် ပျက်ကွက်ခဲ့သော နဂါးဧကရာဇ် ယောက္ခထီး
Vol. 69 Ch. 1109
အက်ဂ်လက်စ် စွမ်းအားကို ဆက်လက် ဖုံးကွယ်မထားတော့။ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်ပြီး နေရာလွတ် တစ်ခုလုံး ပုံပျက်သွားသလို ထင်ရသည်။
ထိုအမျိုးသမီး၏ စွမ်းအားအဆင့်က နတ်ဘုရား-ယောင်အဆင့် ကနဦးပိုင်း ဖြစ်နိုင်လောက်သော်လည်း ခန္ဓာကိုယ်၏ စွမ်းအားမှာ နဂါးကိုပင် မသိမသာ သာလွန် နေသေးသည်။ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည်မှာ သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်တို့မှာ သူ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေခြင်းပင်။ ရလဒ် အနေဖြင့် သူက နေရာတိုင်းတွင် ချုပ်တည်းခံနေရရာ အစွမ်းကုန် ထုတ်သုံးနေရတော့သည်။
“မင်းက အစွမ်းထက်တယ် ဆိုတာကို ငါ ဝန်ပါခံတယ်။” အက်ဂ်လက်စ်က အသက်ကို ပြင်းပြင်းရှူလိုက်၏။ “ဒါပေမဲ့ ရှုံးမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်။”
“ဒီခန္ဓာကိုယ် အသစ်က တကယ်ကို မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာပဲ။” ဖိုက်သွန်က ကျောက်စိမ်းလို ဖြူစင်သော လက်များကို ကြည့်လိုက်သည်။ “ဒါက အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်တယ်။ ကျွန်မရဲ့ တိုက်ခိုက်ရေးပုံစံနဲ့ ကွက်တိပဲ။”
သူ၏ မာနကြီးသော အမူအရာက အက်ဂ်လက်စ်ကို မျက်စိထဲတွင် လုံးဝ မထည့်ထားပေ။ အက်ဂ်လက်စ်က နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးက ရုတ်တရက် ဒေါင်လိုက်မျက်ဆံ အဖြစ်သို့ ပြောင်းလဲသွားလေ၏။ အနက်ရောင် မီးတောက်တစ်ခု လောင်ကျွမ်းလာပြီး နက်မှောင်သော ရွှေရောင်ကို ခပ်ရေးရေး ဖော်ပြနေသည်။ ပြင်းထန်သော အငွေ့အသက် လှိုင်းများကလည်း ပျံ့နှံ့၍ ထွက်ပေါ်လာသည်။
ဖိုက်သွန်က မျက်လုံးကို မှေးလိုက်ပြီး ရပ်တန့်သွားသည်။ “ဥပဒေသ အဆောင်ပစ္စည်းလား။”
အက်ဂ်လက်စ် ပြန်မဖြေပေ။ သူ၏ ဒေါင်လိုက်မျက်ဆံက ရုတ်တရက် တောက်ပလာခဲ့သည်။ ဖိုက်သွန်၏ ခန္ဓာကိုယ်ပတ်လည်တွင် နက်မှောင်သော ရွှေရောင်အစင်းကြောင်းများ ခပ်ရေးရေး ပေါ်လာပြီး အထူးလှောင်အိမ်တစ်ခုကဲ့သို့ ဖိုက်သွန်ကို ကြက်ခြေခတ်ပုံစံဖြင့် ရစ်ပတ်ထားလိုက်သည်။
ထို‘အစင်းကြောင်း’များက အသက်ဝင် နေသကဲ့သို့ပင် တဖြည်းဖြည်း ယှက်နွှယ် လာခဲ့သည်။ ‘အစင်းကြောင်း’များနှင့် ထိသွားသော ဖိုက်သွန်၏ လေထဲတွင် လွင့်နေသော ဆံပင်အမျှင်များက အမှုန့် အဖြစ်သို့ ရောက်ရှိသွား၏။
သို့သော် အစင်းကြောင်းများက ဖိုက်သွန်၏ ခန္ဓာကိုယ်နှင့် ချက်ချင်း မယှက်နွှယ်ဘဲ ရပ်တန့်သွားလေသည်။ အက်ဂ်လက်စ်၏ အသံထွက်ပေါ်လာ၏။ “မင်း ခုနက ပြောခဲ့တဲ့စကားအတွက် တောင်းပန်ဖို့ နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်။ မဟုတ်ရင် နည်းနည်းမှ မသက်ညှာဘူး။”
“ရှင့်မှာ ဥပဒေသ အဆောင်ပစ္စည်း ရှိပေမဲ့ ကျွန်မအတွက် အသုံးမဝင်ဘူး။” ဖိုက်သွန်က ခေါင်းခါလိုက်၏။ “မယုံရင် စမ်းကြည့်လို့ရတယ်။”
“သေချင်နေတာပဲ!” အက်ဂ်လက်စ်၏ မျက်လုံး၌ အေးစက်သော အလင်းရောင် လက်ခနဲ ဖြစ်သွားသည်။ [နဂါးနတ်ဘုရား မျက်လုံး]၏ စွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာသည်။ နက်မှောင်သော ရွှေရောင်က ရုတ်တရက် အရှိန်မြှင့်လာ၏။ ဖိုက်သွန်က နတ်ဘုရား-ယောင်အဆင့်သို့ ရောက်ရှိနေလျှင်ပင် ထိုကဲ့သို့သော စွမ်းအားအောက် တိုက်ရိုက် ခုခံနိုင်မည် မဟုတ်ပေ။ အဆုံးသတ်တစ်ခုသာ ရှိ၏။ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခြင်းသာ။
နက်မှောင်သော ရွှေရောင်အလင်းက ဖိုက်သွန်ကို ထိတွေ့လိုက်သည့်အခိုက် ရုတ်တရက် မှိန်ကျသွားသည်။
၎င်းက ဖိုက်သွန်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားရာ လေပြေလေညင်းကဲ့သို့ လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
အားလုံးမှာ ဖိုက်သွန်၏ စကား တစ်ခွန်းကြောင့်သာ။ [ပိတ်ပင်ခြင်း]
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် အက်ဂ်လက်စ်က သူ၏ဝိညာဉ် တုန်လှုပ် သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ [နဂါးနတ်ဘုရားမျက်လုံး]၏ ‘လှောင်အိမ်’ သာမက တကိုယ်လုံးရှိ စွမ်းအားက ရှင်းပြမရနိုင်ဘဲ ချက်ချင်း ပျောက်ကွယ် သွားလေသည်။
သူက စွမ်းအားကို အလျင်အမြန် ပြန်လည်စုစည်းနိုင်ခဲ့သော်လည်း စွမ်းအား အသစ်မထုတ်လုပ်နိုင်မီမှာပင် ဖိုက်သွန်၏ ပုံရိပ်က ပြန်လည် မဖွဲ့စည်းရသေးသော လှောင်အိမ်ကို ဖြတ်သန်းသွားခဲ့ပြီး အက်ဂ်လက်စ်အရှေ့ လျှပ်တပြက်အတွင်း ရောက်ရှိလာကာ လက်ဝါးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
အက်ဂ်လက်စ်၏ နှလုံးသား ဒိန်းခနဲ ဖြစ်သွားသည်။ ရှောင်တိမ်းရန် နောက်ကျနေပြီဖြစ်ရာ သူ၏စွမ်းအားကို အသုံးချ၍ ထိုတိုက်ခိုက်မှုကို ခုခံရုံသာ ရှိတော့သည်။
လက်ဝါးဓား မထိခင် အက်ဂ်လက်စ်က ဆံပင်နှင့် မုတ်ဆိတ်များ စတင် ကျွတ်ထွက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ သူ၏အသားအရေပင် လျင်မြန်စွာ လောင်ကျွမ်းသွားသည်။ သူ ထိတ်လန့်သွား၏။ အဆိပ်လား။
ငါက နဂါးနက်ပဲ။ ပါ့ဂ်လီအိုလိုမျိုး အဆိပ်နဂါးရဲ့ အဆိပ်ကို ရင်ဆိုင် ရရင်တောင် ငါ့ အတော်အသင့် ခုခံနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ အခု ဒီအမျိုးသမီးရဲ့ အဆိပ်ကို ငါ့ရဲ့ နဂါးနက်ခန္ဓာကိုယ်က ခုခံနိုင်စွမ်းတောင် မရှိဘူး။
ဒီအမျိုးသမီးရဲ့ အရှိန်အဝါနဲ့ အချိန်ကို ဆုပ်ကိုင်နိုင်စွမ်းက အတော်လေးကို ကြောက်စရာကောင်းတယ်။ သူ ခုနက သက်ညှာနေခဲ့တာ။ အားနည်းချက်ကို ဆုပ်ကိုင်ဖို့ ဒီအခွင့်အရေး မပေးခဲ့သင့်ဘူး။
အခု အန္တရာယ်များနေပြီ။
ထိုအခိုက်တွင် အက်ဂ်လက်စ်က ပြိုင်ဘက်၏ လှုပ်ရှားမှုများ ရုတ်တရက် နှေးကွေးသွားသလို ခံစားလိုက်ရပြီး သူ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ သို့သော် ဖိုက်သွန်သာမက အက်ဂ်လက်စ် ကိုယ်တိုင်ပင် နှေးကွေးသွားလေသည်။ အသက်ရှူနှုန်း၊ စွမ်းအား စီးဆင်းမှု... အရာအားလုံး ထူးဆန်းစွာ နှေးကွေး သွားခဲ့သည်။
အက်ဂ်လက်စ် ထိုစဉ်က စေတန်ကို စိန်ခေါ်ခဲ့သည့် မြင်ကွင်းကို ရုတ်တရက် သတိရသွားပြီး သူ ရုတ်တရက် နားလည်သွားသည်။ အချိန် စီးဆင်းမှု ပြောင်းလဲသွားပြီ။
အချိန်အရှိန်အဝါ။
ဒီအမျိုးသမီးမှာ စေတန်နဲ့ တူညီတဲ့ စွမ်းအား ဘယ်လိုလုပ် ရှိနေတာလဲ။
မဟုတ်ဘူး။ သူ မဟုတ်ဘူး။
အက်ဂ်လက်စ် အပြည့်အဝ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် ခရမ်းရောင် တောက်ပနေသော ပုံရိပ်တစ်ခု သူ့ရှေ့တွင် ချက်ချင်း ရောက်လာ၏။ ‘သစ်တောလို... နှေးကွေး’ဟူသော စကားလုံးများကို သူ၏ နားထဲတွင် မသဲမကွဲ ကြားလိုက်ရ၏။
ထိုစကားကို အစောကြီးက ပြောခဲ့ခြင်း ဖြစ်လောက်သည်။ အကြောင်းမှာ အမြန်နှုန်းက အသံထက် များစွာ ကျော်လွန်နေရာ သူက ယခုမှသာ ကြားလိုက်ရခြင်း ဖြစ်သည်။
အသံက အနည်းငယ် ရင်းနှီးနေသကဲ့သို့ ထင်ရသည်။
နောက်စက္ကန့်တွင် အချိန်စီးဆင်းမှုက ပုံမှန် ပြန်ဖြစ်သွားပြီး အမျိုးသမီး၏ ကြောက်မက်ဖွယ် လက်ဝါးဓားကို ထိုပုံရိပ်က ညင်သာစွာ ဆုပ်ကိုင် ထားလိုက်သည်။ နတ်ဘုရား-ယောင် အဆင့် နဂါးများကိုပင် တိုက်စားနိုင်သော ထူးဆန်းသည့်အဆိပ်က ထိုပုံရိပ်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိသကဲ့သို့ ထင်ရသည်။
“ဖိုက်သွန် သူက ကျုပ်တို့ လူပဲ။ မလုပ်နဲ့တော့။” အက်ဂ်လက်စ် ထိုအသံကို ကြားလိုက်ရပြီး သူ၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားခဲ့လေသည်။ တကယ် သူပဲ။
အိုလီဖီးယက်စ်နဲ့ လာလာရီယာတို့ရဲ့ ခင်ပွန်း (နဂါးဧကရာဇ်က စိတ်ထဲ ထည့်ပြောလိုက်၏) ချန်လွေ့။
လူသား‘သားမက်’ထံမှ ထွက်လာသော စွမ်းအားအငွေ့အသက်က နတ်ဘုရား-ယောင်အဆင့် နဂါးဧကရာဇ် ဖြစ်သော သူ့ကိုပင် များစွာ ကျော်လွန်နေသည်။ သူက အနည်းဆုံး နတ်ဘုရား-ယောင် အဆင့် အလယ်ပိုင်း စွမ်းအား ရှိနေ၏။
တစ်ခုခု လွဲတာလား။
ပင်လယ်သေကို ထားလိုက်ဦး။ အဲဒီ သိုင်းပြိုင်ပွဲမှာ သူ လာလာရီယာကို အနိုင်ယူခဲ့တုန်းက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်လှမ်းရုံပဲ ရှိသေးတာ။
နတ်ဘုရားတစ်ပိုင်းအဆင့် ကနဦးပိုင်းနှင့် နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းအကြား ကွာဟချက်က ကောင်းကင်နဲ့မြေကြီးလို ကွာခြားတယ်။ ဘယ်နှနှစ်ပဲ ကြာသေးလို့လဲ။
ဒီကောင်လေးကို ပထမဆုံးအကြိမ် တွေ့တုန်းက သူက အထူးအဆင့်တောင် မရောက်သေးဘူး။
“ကျွန်မတို့ လူလား။ ဟမ့် ဟမ့်...” ဖိုက်သွန်က အက်ဂ်လက်စ်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုစိမ်းကားသော အကြည့်က တော်ဝင်နဂါးဧကရာဇ်ကိုပင် ထိတ်လန့်သွားစေ၏။ “ဆာ နောက်ကျမှ ရောက်လာရင် သိပ်ကောင်းမှာပဲ။ သူ့ရဲ့ ဝိညာဉ်ကိုသာ ကျွန်မ စားလိုက်နိုင်ခဲ့ရင် နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းကို ပြန်မရောက်နိုင်ရင်တောင် အခုလက်ရှိ ကနဦးပိုင်းကို လုံးဝ တည်ငြိမ်အောင် လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ...” ဖိုက်သွန်က ‘ကံဆိုးစွာနဲ့ပဲ’ ဟူသော စကားလုံးကို ပြောလိုက်ပြီးနောက် သူ၏ ပုံရိပ် မှေးမှိန်ပြီး ပျောက်ကွယ်သွားသည်။
“တောင်းပန်ပါတယ်။ ဆာ-အက်ဂ်လက်စ်။” ချန်လွေ့က ကြယ်ချပ်ကာကို ပယ်ဖျက်ပြီး နဂါးဧကရာဇ် ယောက္ခထီးကို ပြုံးပြ လိုက်သည်။ “မတွေ့ရတာကြာပြီနော်။”
သော်သော်သည် ခုနက သလဲသီးနက် ဖျော်ရည် သောက်ချင်ပြီး ဖေဖေ့ကိုပင် သောက်ခိုင်းခဲ့သည်။ ချန်လွေ့သည် သမီး ဖြစ်သူ၏ သိတတ်မှုကို လုံးဝ အလဟဿ မဖြစ်စေနိုင်ရာ အဝတ်မပါဘဲ ပြေးနေသူ အနောက်သို့ လိုက်၍ ပွဲမကြည့်ခဲ့ပေ။ သူ တစ်ခုခုမှားနေကြောင်း သတိပြုမိချိန်တွင် ဖိုက်သွန်က အက်ဂ်လက်စ်နှင့် တိုက်ခိုက် နေပြီ ဖြစ်သည်။
နတ်ဘုရား-ယောင်၏ တိုက်ခိုက်ရေး အမြန်နှုန်းနှင့် စွမ်းအားက အလွန် အံ့ဩဖွယ်ကောင်းသည်။
ကံကောင်းစွာပင် ချန်လွေ့သည် ထိုနေရာ၌ပင် [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို သုံးလိုက်ပြီး ဖိုက်သွန်၏ တိုက်ကွက်ကို ရပ်တန့်ရန် အချိန်အရှိန်အဝါကို အသုံးပြုလိုက်သည်။ သို့မဟုတ်ပါက အက်ဂ်လက်စ် ပြင်းထန်စွာ ဒဏ်ရာရသွား ပေလိမ့်မည်။
အက်ဂ်လက်စ်က သူ၏ ပေါ့ဆမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲမှုကြောင့် ထိုတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ပထမဆုံး အနေဖြင့် သူက အစပိုင်းတွင် ဖိုက်သွန်ကို လျှော့တွက်ခဲ့သည်။ [နဂါးနတ်ဘုရား မျက်လုံး]သည် သူကို တိုက်ရိုက် မသတ်နိုင်ခဲ့ပေ။ ထို့နောက် ဖိုက်သွန်က မမျှော်လင့်ထားသော အခွင့်အရေးကို အသုံးချ၍ အကောင်းဆုံးအချိန်အခါကို ရရှိရန် [ပိတ်ပင်ခြင်း] စွမ်းအားကို အသုံးပြုလိုက်ခြင်းက အတော်လေး အသက်အန္တရာယ် ရှိခဲ့သည်။ အဆိပ်နှင့် ပေါင်းစပ်လိုက်ရာ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းနီးပါး ဖြစ်ခဲ့လေသည်။
ယခု အက်ဂ်လက်စ်က ဖိုက်သွန်၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့ပြီး ဖြစ်ရာ သူတို့နှစ်ဦး တိုက်ခိုက်ကြပါက နဂါးဧကရာဇ် ယောက္ခထီးက ဖိုက်သွန်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် ထိုမျှလောက် လျင်မြန်စွာ ရှုံးနိမ့်မည် မဟုတ်ပေ။
အက်ဂ်လက်စ်၏ မျက်နှာအမူအရာ အနည်းငယ် မကောင်းနေပေ။ မည်သို့ပင် ဖြစ်စေ သူ အကြီးအကျယ် နစ်နာလုနီးပါး ဖြစ်ခဲ့ရသည်။ သူက စည်ပိုင်းတစ်လုံးနှင့် အဝတ်မပါဘဲ ရှိနေသော ပါ့ဂ်လီအိုကို တစ်ချက် ကြည့်လိုက်ပြီး ပို၍ပင် ဒေါသထွက်လာသည်။ “အကောင်စုတ်! ဒီလောကမှာ မိန်းမတွေ အားလုံး သေကုန်ပြီလား။ မင်းက အဲဒီလို မိန်းမမျိုးကိုမှ သဘောကျရလား။ မင်းက စနောက်ခံရပြီး သေသွားသင့်တာ။”
ပါ့ဂ်လီအိုက မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ “ဆာ-အက်ဂ်လက်စ် အဲဒါ ဘက်တီ မဟုတ်ပါဘူး...”
“ဒါနဲ့ ခရိုဘဲလက်စ်... ဘက်တီလား။” အက်ဂ်လက်စ်က တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ထပ်မံဆဲဆိုလိုက်၏။ “မင်းက ခရိုဘဲလက်စ်ကို မလိုချင်ဘဲ ဘက်တီဆိုတဲ့ မိန်းမကို သွားပြီးတော့ ရန်စတာလား။ ဘက်တီ... အမ်... ခရိုဘဲလက်စ်က ငါ့ရဲ့ တပည့်လည်း ဟုတ်တယ်။ အခု ငါ သူ့ကို ဒီတစ်ခေါက် နဂါးကျွန်းကို ပြန်ခေါ်သွားပြီး သူ့အတွက် ပိုသင့်တော်ပြီးတော့ ယုံကြည်ရတဲ့ ယောက်ျား တစ်ယောက် ရှာပေးရမယ်။”
ပါ့ဂ်လီအိုက ခဏတာ ပြောစရာ စကား မဲ့သွားသည်။ ခင်ဗျားက ကိုယ့်အမှားကို သိရဲ့သားနဲ့ ခေါင်းမာနေတာပဲ...
“ဒီမှာ ရှိနေသေးတာလား။ မင်းက နဂါးတွေ အတွက် အရှက်ရစရာပဲ။” အက်ဂ်လက်စ်က ပါ့ဂ်လီအိုကို စူးစိုက် ကြည့်လိုက်သည်။
ဆရာသခင် အဆိပ်နဂါး ထပ်မံ၍ မပြောရဲတော့ပေ။ သူက စည်ပိုင်းကို ဆွဲယူပြီး ထွက်ပြေးသွားလိုက်လေသည်။ ထိုကြောက်မက်ဖွယ်ရာ အမျိုးသမီး ဖိုက်သွန် နောက်ထပ် ပြဿနာမရှာစေရန် ဆရာသခင် အဆိပ်နဂါး လည်ချောင်းကို ရှင်းလိုက်ပြီး ဆက်အော်ဟစ်လိုက်၏။
“မစ်ဘက်တီ ကိုယ် မင်းကို ချစ်တယ်” ဟူ၍ အော်ရင်း လေထဲ ပျောက်သွားသော အဝတ်မပါသည့် လူ၏ ပုံရိပ်ကို ကြည့်ရင်း အက်ဂ်လက်စ်က နဖူးကို ဖိကိုင်ကာ ခေါင်းခါလိုက်သည်။ “ဒီကောင်စုတ်...”
“ဆာ စိတ်ထဲမထားပါနဲ့။ တကယ်တော့ ဒီဖြစ်ရပ်က ဖျော်ဖြေရေး သက်သက်ပါ။ မြာပွေတဲ့ သူတစ်ယောက်ကို သင်ခန်းစာ နည်းနည်း ပေးတယ်လို့ သတ်မှတ်လို့ ရပါတယ်။”
“ဟမ့်! မြွာပွေတဲ့ကောင်လား။ အဲဒီကောင်က မင်းနဲ့ယှဉ်ရင် အများကြီး နိမ့်ကျတယ် မဟုတ်လား။” နဂါးဧကရာဇ် ယောက္ခထီးစ၏ စကားတစ်ခွန်းကြောင့် ချန်လွေ့ ပြောစရာစကား မဲ့သွားသည်။ “မင်းရဲ့ စွမ်းအားက ဘယ်လို ဖြစ်တာလဲ။”
“ဒါက ပြောရရင် ရှည်မှာပါ။ ဆာ။ အမှောင်လ နန်းတော်ကို သွားရအောင်။ အိုလီဖီးယက်စ်နဲ့ လာလာရီယာတို့ အဲဒီမှာ ရှိနေလောက်တယ်။”
သမီးဖြစ်သူ နှစ်ယောက်အကြောင်း ပြောရာတွင် အက်ဂ်လက်စ်၏ မျက်နှာ အမူအရာက နောက်ဆုံးတွင် ပျော့ပျောင်း သွားခဲ့သည်၊ “ဟမ့်! မင်းရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် ငါက မင်းကို ဆာလို့ ခေါ်သင့်တာ မဟုတ်ဘူးလား။”
ချန်လွေ့ ရိုးရိုးသားသား ပြောလိုက်၏။ “ဆာ့ရဲ့ အကူအညီကို ကျုပ် အမြဲတမ်း စိတ်ထဲမှာ မှတ်သားထားပါတယ်။ ကျုပ် အိုလီဖီးယက်စ်ကို အချစ်ဆုံး ညီမ တစ်ယောက်လို အမြဲတမ်း သဘောထား ခဲ့ပါတယ်။ ကျုပ်ရဲ့ စွမ်းအားက ဘယ်လို အဆင့်ပဲ ဖြစ်ဖြစ် ဆာက ကျုပ် လေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်ပါ။”
နဂါးဧကရာဇ် ယောက္ခထီးက ခေါင်းညိတ်လိုက်သော်လည်း ရုတ်တရက် ထပ်မံ ဒေါသထွက်လာသည်။ “ဘာလဲ။ ငါ အိုလီဖီးယက်စ်ကို မင်းလက်ထဲ ဒီလောက် အကြာကြီး အပ်ထားတာကို မင်းက သူ့ကို ညီမ တစ်ယောက်လိုပဲ သဘောထား တာလား။ မင်း ယောက်ျားမှ ဟုတ်ရဲ့လား။ လာလာရီယာရော။”
“အမ် ဒီကိစ္စက ကျုပ်တို့ အကြားက ကွဲပြားမှုတွေ တော်တော် ကြီးနေတဲ့ပုံပဲ။ ထိုင်ပြီး စကားပြောကြတာပေါ့...”
ခဏအကြာ လမိုက်ည နန်းတော်ဝယ်-
“ပါ့ဂ်လီအို ဘယ်မှာလဲ။ သူ အခု နာမည်ကြီးနေပြီလို့ ကြားတယ်။ သူ့ဆီက လက်မှတ်သွားတောင်းချင်လို့။” ရင်ပြား လိုလီက မှတ်စုစာအုပ် တစ်အုပ် ကိုင်ကာ တမင်တကာ အသံ ကျယ်ကျယ်ဖြင့် ပြောလိုက်ရာ ထောင့်တစ်နေရာတွင် ပုန်းနေသော နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးမှာ ရင်ဘတ်ကို ထပ်ထုလိုက်တော့သည်။
“ဘက်တီ။ ပါ့ဂ်လီအိုက နင့်အပေါ် ဒီလောက်စွဲလန်းနေမယ်လို့ မထင်ခဲ့ဘူး။” အမှန်တရားကို မသိသေးသော ကဝေမ အစေခံက မနာလိုသည့် အကြည့်ဖြင့် ပြောလိုက်သည်။ “တစ်ယောက်ကသာ ငါ့ကို ဒီလိုဆက်ဆံရင် သိပ်ကောင်းမှာပဲ။”
ချန်လွေ့က မျက်လုံးလှန်လိုက်ပြီး ခီရာ၏ မျှော်လင့်ချက်များကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။ ကျန်တာ အကုန် ဖြစ်နိုင်တယ်။ ဒါတော့ စိတ်တောင် မကူးနဲ့။
“ဟူး ငါတို့ကို ဒီလိုလုပ်ပေးချင်တဲ့သူ တစ်ယောက်မှ မရှိတာ ဝမ်းနည်းစရာပဲ။” အတွင်းသိ ဖြစ်သော အစ်ဇဘယ်လာက တမင်တကာ သက်ပြင်းချလိုက်လေသည်။ “ဒါက ကွာခြားချက်ပဲ။”
ချန်လွေ့ကို ဒေါသထွက်စေသည်မှာ အခြားအတွင်းသိဖြစ်သော ဇိုလာလည်း သက်ပြင်းချကာ ခေါင်းညိတ်နေခြင်းပင်။
နဂါးဧကရာဇ် ယောက္ခထီးက ဒေါသ မထွက်နေတော့ပေ။ သော်သော်ကဲ့သို့ ချစ်စရာကောင်းသော ကလေးမလေးကို ပွေ့ချီထားသော မည်သူဆို မျက်နှာကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်မည် မဟုတ်ပေ။ ဖိုက်သွန်မှလွဲ၍။
ဖိုက်သွန်သည် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှ ပြန်လာကတည်းက စိတ်အခြေအနေ ကောင်းနေပုံရသည်။ သူက ယခုအခါ သစ်သီးဝိုင်တစ်ခွက်ကို ကိုင်ကာ ဘေးတွင် မည်သူမျှမရှိသကဲ့သို့ တစ်ငုံချင်း သောက်သုံးနေ၏။
“အဘိုး အက်ဂ်လက်စ်၊ ဒီလာလာ အာလူး စားကြည့်။ အရမ်း စားလို့ ကောင်းတယ်။”
“ဒီကလေးမလေးက အတော်လေးကို သိတတ်တာပဲ။” နဂါးဧကရာဇ် ယောက္ခထီးသည် မျက်ရည်များပင် ကျလာသည်။ “လာလာရီယာ ငယ်ငယ်က ဆိုရင် အရသာရှိတဲ့ အစားအစာတွေ အကုန်စားပြီး အကျန်တွေကိုပဲ ငါ့အတွက် ချန်ထားပေးတာ...”
“ထွီး! အဘိုးကြီး ဘာတွေ ပြောနေတာလဲ။” ရင်ပြား လိုလီသည် မထီမဲ့မြင်လေသံဖြင့် ပြောလိုက်သည်။ “‘နဂါးတစ်ကောင်က ကိုယ့်အတွက်ကိုယ် မတွေးရင် သေမယ်’ ‘ကောင်းတဲ့အရာ အားလုံး ကိုယ့်အတွက်ပဲ သိမ်းထားရမယ်’ ဆိုပြီး သင်ပေးခဲ့တာ မဟုတ်ဘူးလား။”
“မကောင်းတဲ့ ငယ်ဘဝ ပညာရေးက ကလေး တစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေနိုင်တယ်။” ဂျိုအန်နာက ကောက်ချက် ချလိုက်သည်။ ယခင် ပညာရေး သီဝရီပညာရှင်တစ်ဦး အနေဖြင့် သူက အက်ဂ်လက်စ်၏ စွမ်းအားကို မကြောက်ပေ။
ရင်ပြား လိုလီက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။ “ဘယ်သူက ငါတို့ကို ဒီလို အဖေဆိုးမျိုး ရွေးခိုင်းလို့လဲ။”
အက်ဂ်လက်စ် - “...”
ချန်လွေ့သည်လည်း တိတ်တဆိတ် အပြစ်ရှိသလို ခံစားနေရသည်။ သူ၏ ‘ပညာပေးမှု’ကြောင့် သော်သော်သည် ဝက်ခေါင်းနှင့်ပတ်သက်သော အရာများကို ရန်လိုနေဆဲ ဖြစ်ပြီး ဝက်ခေါင်းပေါင်းနှင့် အခြား ဆက်စပ်သော လုပ်ငန်းများက အမှောင်လ မြို့သူမြို့သားများကြားတွင် ခေတ္တ ပျောက်ကွယ် သွားစေခဲ့သည်။ သူကလည်း မောင်းမဆောင် အဖွဲ့၏ ရက်စက်စွာ ဝေဖန်ခြင်းကို ခံခဲ့ရသည်။
“မေမေက ပြောတယ်၊ ကောင်းတဲ့ အရာတွေကို တစ်ကိုယ်ကောင်း မဆန်ရဘူးတဲ့။ ကိုယ်နဲ့နီးစပ်တဲ့သူတွေကို မျှဝေပေးရမယ်တဲ့။” သော်သော်က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အခြား အသီးတစ်လုံးကို ထုတ်ယူကာ အက်ဂ်လက်စ်ထံသို့ ပေးလိုက်သည်။ “အဘိုး အက်ဂ်လက်စ်။ ဒါလေးစား။ ဒါက ဖေဖေ သော်သော့်ကိုပေးတဲ့ မိစ္ဆာ သလဲသီးပါ။ အရမ်းမွှေးတယ်။”
ကလေးမလေးက သူသည် အဘိုး၏ ဒဏ်ရာအပေါ် ဆားသိပ်နေမှန်း မသိပေ။ အက်ဂ်လက်စ်က ထပ်မံ၍ မျက်ရည်များ ကျလာလေသည်။
အိုလီဖီးယက်စ် မျက်မှောင်ကြုတ်ကာ တီးတိုးပြောလိုက်သည်။ “အမေက ပြောတယ်။ အစားအသောက်ကောင်းတွေ ရှိရင် အရင်ဆုံး စားရမယ်တဲ့။”
အက်ဂ်လက်စ် သတိ ပြန်ဝင်လာပြီး သော်သော်၏ ပါးလေးကို နမ်းလိုက်ကာ တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “အနာဂတ်မှာ မင်းနဲ့ လာလာရီယာနဲ့ အိုလီဖီးယက်စ်တို့ရဲ့ ကလေးတွေက ဒီလိုချစ်စရာကောင်းပြီး နာခံတတ်ရင် သိပ်ကောင်းမှာပဲ။”
ချန်လွေ့သည် နဂါးဧကရာဇ် ယောက္ခထီး အရိပ်အမြွက်ကို မကြားချင် ဟန်ဆောင်လိုက်သည်။ အက်ဂ်လက်စ်က သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ သူက အိုလီဖီးယက်စ်ကို ကြည့်လိုက်၏။ ခဏ စဉ်းစားပြီးနောက်တွင် သူ၏မျက်လုံးကို လာလာရီယာထံသို့ ရွှေ့လိုက်သည်။
အကြောင်းမှာ အိုလီဖီးယက်စ်သည် ထိုကိစ္စတွင် အပြစ်ကင်းစင် လွန်း၍ပင်။ သူက ငွေတွက်တဲ့နေရာ သေချာပေါက် တော်ပေမဲ့ လက်ထပ်ခိုင်းရင် ‘စားလို့ ရလား’ဆိုပြီး ထူးဆန်းတဲ့ မေးခွန်းတွေပဲ မေးတတ်တယ်။ လာလာရီယာက ပိုပြီး ယုံကြည်ရတယ်။
အက်ဂ်လက်စ် စကားမပြောမီမှာပင် ရင်ပြား လိုလီက ဖြတ်ပြောလိုက်သည်။ “အဘိုးကြီး။ ဘာတွေ စဉ်းစားနေလဲ ကျုပ်တို့ မသိဘူးလို့ မထင်နဲ့။ အဲဒီ လက်တွေ့ မဆန်တဲ့ ညစ်ပတ်တဲ့ အတွေးတွေကို သိမ်းထားလိုက်။”
“မင်းရဲ့နှုတ်ခမ်းမွေးရော။” အက်ဂ်လက်စ်က မေးလိုက်သည်။
“ဟမ့် သိရဲ့နဲ့မေးနေတယ်။ ဒီလူသားနဲ့ လောင်းကြေး ရှုံးသွားတာလေ။”
“မင်းဘာလို့ ကိုယ့်ကိုယ်ကိုယ် ‘ဆရာသခင်’ လို့ မခေါ်တော့တာလဲ။”
“ဒါက ဒီကောင် ဆရာသခ... ကျွန်မကို ကယ်ခဲ့လို့လေ။ ဒါကြောင့် ကျွန်မ သူ့ကို ကတိပေးခဲ့တာ။”
အက်ဂ်လက်စ်က သူ ၏လက်ဝါးကို ရိုက်လိုက်သည်။ “ဟုတ်တယ် ကြည့်... မင်းနဲ့သူ...”
“အဘိုးကြီး။ ကျုပ်နဲ့ သူက ခင်ဗျားနဲ့ သူ့လို မလိုက်ဖက်ဘူး။ ကျုပ် ထင်တာတော့ ခင်ဗျားတို့ နှစ်ယောက်ကမှ ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ စုံတွဲပဲ။” ရင်ပြား လိုလီသည် ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်၏။ “ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲလေ။ ဒါဆိုရင် ညီတူညီမျှ ခွဲကြတာပေါ့။ ဒီယောက်ျားက ခင်ဗျားအတွက်။ သူ့ရဲ့ မိန်းမတွေက ကျုပ် အတွက်။ ဘယ်လိုလဲ။”
အက်ဂ်လက်စ်က လာလာရီယာကို တိုက်ခိုက်လိုက်သည်။
လာလာရီယာ ရှောင်လိုက်သည်။
လာလာရီယာ ပြန်တိုက်ခိုက်သည်။
အက်ဂ်လက်စ် တိုက်ခိုက်ခံလိုက်ရသည်။
အသက် ၂၀ ဆုံးရှုံးသွား။ (၈၀/၁၀၀)
ချန်လွေ့က လုံးဝ ပြောစရာစကား မဲ့သွားသည်။ အက်ဂ်လက်စ်က ထိုထူးဆန်းသော သမီးဖြစ်သူကို လက်ညှိုးထိုးလိုက်ပြီး ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။
“အဘိုးကြီး ရှင်းပြစရာ မလိုပါဘူး။ တကယ်တော့ ကျုပ်က အပွင့်လင်းဆုံးနဲ့ ခင်ဗျားကို အကောင်းဆုံး နားလည်တယ်။ အကူအညီလိုရင် ပြောလိုက်။ လိုအပ်ရင် သူ့ ခြေထောက်တွေကို ကျုပ် ကူပြီးတော့ ချုပ်ထားပေးလို့ရတယ်။”
လာလာရီယာက ပခုံးတွန့်လိုက်ပြီး နဂါးဧကရာဇ်ကို ကျောပေးလိုက်ကာ သူ့အမှတ်အသားဖြစ်သော ထူးဆန်းသည့် ရယ်သံများဖြင့် ဆက်တိုက်ရယ်လိုက်၏။ “အို ဟိုဟိုဟို...”
လာလာရီယာက ပြင်းထန်သော တိုက်ကွက်ကို ထုတ်လွှတ်လိုက်သည်။
အက်ဂ်လက်စ် ရှုံးနိမ့်သွား၏။ (၀/၁၀၀)