← Chapters

ဂေဘရီရယ်

Vol. 69 Ch. 1102

ဂေဘရီရယ်

Vol. 69 Ch. 1102

ထိုအမည်က ချန်လွေ့ကို အမှန်ပင် တုန်လှုပ်သွားစေသည်။ သူက တကယ် ဂေဘရီရယ် ဖြစ်နေတာပဲ။

ဂေဘရီရယ်၊ မိုက်ကယ်နဲ့ ရာဖယ်ရယ်တို့ကို သိဒ္ဓိတောင်ရဲ့ ကောင်းကင်တမန် သုံးပါးလို့ ခေါ်တယ်။

ဂေဘရီရယ်က အမျိုးသမီး ကောင်းကင်တမန် တစ်ပါးလား။

နယ်စပ်ကန္တာရရှိ ထို‘နတ်ဘုရားမ’က သိဒ္ဓိကျောင်းတော်၏ ခေါင်းဆောင် သုံးဦးထဲမှ တစ်ဦး ဖြစ်မည်ဟု ချန်လွေ့ လုံးဝ မတွေးထင်ခဲ့မိပေ။

ချန်လွေ့က မျက်စိ တစ်မှိတ်အတွင်း အကြောင်းအရာများစွာကို သဘောပေါက် သွားသည်။ ဂေဘရီရယ် အမှောင် အကျဉ်းထောင် ကန္တာရတွင် အိပ်စက်ပြီး ကန္တာရထဲမှ နတ်ဘုရားမ တီဇန်နီယာ ဖြစ်လာရခြင်းမှာ ‘နတ်ဘုရားဖြစ်လာရန်’ အခြားနည်းလမ်းတစ်ခု ကြိုးစားနေခြင်း ဖြစ်ရမည်။ ‘သဲကန္တာရသံတမန်’က သိဒ္ဓိကျောင်းတော် အသိအမှတ်ပြုတာကို ခံရပြီးတော့ လူတွေရဲ့ ကိုးကွယ်တာ ခံနေရတာ ဒါကြောင့်ကိုး။ အဲဒီကတဆင့် ‘ကန္တာရနတ်ဘုရားမ’ ဆိုပြီး ပြောင်းသွားတာ ဖြစ်မယ်။

သို့သော်လည်း ဂေဘရီရယ်၏ ကြိုးပမ်းမှုက လိုချင်သော ရလဒ်ကို မရရှိခဲ့ပုံရသည်။ ချန်လွေ့ ယခင်က ခံစားမိခဲ့သည်။ ‘တီဇန်နီယာ’၏ တိုင်းပြည်ထဲရှိ ယုံကြည်မှု စွမ်းအင်က အတော်လေး စုံလင်ပြီး ရှုပ်ထွေးနေ၏။ အကြောင်းမှာ ထိုယုံကြည်မှုများက ဂေဘရီရယ် ကိုယ်တိုင်နှင့် မသက်ဆိုင်ဘဲ ‘ကန္တာရနတ်ဘုရားမ’နှင့်သာ သက်ဆိုင်သောကြောင့်ပင်။ ကောင်းကင်တမန်တစ်ပါး အနေဖြင့် ဂေဘရီရယ်သည် နတ်ဘုရားများနှင့်သာ သက်ဆိုင်သင့်သော ထိုယုံကြည်မှု စွမ်းအင်များကို အမှန်တကယ်ပင် မပိုင်ဆိုင်နိုင်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ချန်လွေ့က သိဒ္ဓိကျောင်းတော်၏ အလိုအရှိဆုံး ရာဇဝတ်သား ဖြစ်သည်။ ယခု သူက ‘မိတ်ဆွေဟောင်း’ ရာဖယ်ရယ်နှင့် တဖန် ပြန်တွေ့လေပြီ။ ထို့ကြောင့်…

ဂေဘရီရယ်က မျက်လုံးကို မဖွင့်ဘဲ ခပ်ပေါ့ပေါ့ပင် ဆိုသည်။ “ရာဖယ်ရယ်၊ ရှင်လည်း နိုးနေပြီလား။ မိုက်ကယ် ဘယ်မှာလဲ။”

“ဟမ့်၊ မိုက်ကယ် ပြန်အိပ်ပျော်သွားပြီ။ မကြာခင်တုန်းက သိဒ္ဓိကျောင်းတော်မှာ ဖိုက်သွန်နဲ့ အပေါင်းအပါတစ်ယောက်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရပြီး လေတံဆိပ်ကို ဆုံးရှုံးသွားခဲ့တယ်… ဒါနဲ့ လေတံဆိပ် အကြောင်း ပြောရရင် မင်း အိပ်ပျော် သွားပြီး လွန်ခဲ့တဲ့ နှစ်၁၀၀ လောက်က…”

ရာဖယ်ရယ် စကား အနည်းငယ် ပြောလိုက်ပြီးနောက် အဝေးနေရာတွင် ခရမ်းရောင်‌ဖျော့ ကြယ်အလင်းများဖြင့် ချပ်ဝတ်ဝတ်ဆင်ထားသော လူတစ်ယောက်ကို နောက်ဆုံးတွင် သတိပြုမိသွားသည်။ သူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။ “မင်း…”

ရုပ်ရည်သွင်ပြင် ကွဲပြားနေသော်လည်း ရာဖယ်ရယ်က ကြယ်ကဲ့သို့ ချပ်ကာနှင့် စွမ်းအား အငွေ့အသက်ကို မှတ်မိနေ သေးရာ သူ့ကို တစ်ချက် ကြည့်ရုံဖြင့် မှတ်မိသွားခဲ့သည်။

အခုမှ သတိထားမိတာလား။ ချန်လွေ့ ပခုံးတွန့်လိုက်ပြီး တမင်တကာ ဦးညွှတ် လိုက်သည်။ “လေးစားရတဲ့ အရှင် ရာဖယ်ရယ်။ ကျုပ်တို့ ပြန်ပြီးတော့ တွေ့ကြပြန်ပြီ။”

“ရှင် သူ့ကို သိလား။” ဂေဘရီရယ်က ထပ်မေးလိုက်သည်။

“ဒီကောင့်ကို ငါ မသိဘဲ နေမလား။” ရာဖယ်ရယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ တောက်ပနေ၏။ “သူက အစ်ဇ်ယိုရူးလ်ကို သတ်ပြီးတော့ နှင်းဒဲလက်ပန်းပင်တွေကို ခိုးသွားခဲ့တယ်။ သူက ဖိုက်သွန်နဲ့တောင် ပူးပေါင်းနေနိုင်တယ်။”

“ဖိုက်သွန် ဟုတ်လား။” ဂေဘရီရယ်၏ လေသံ ပြောင်းသွားသည်။

“သူကြောင့်ပဲ ယူရီယယ်…”

“ကျွန်မ မှတ်ဉာဏ် မပျောက်သေးဘူး။” ဂေဘရီရယ်၏ လေသံက ပို၍ပင် အေးစက်သွား၏။

“ဆာ-ရာဖယ်ရယ်..” ချန်လွေ့က ပြုံးလိုက်သည်၊ “သတ်ဖြတ်ခိုးယူခဲ့တဲ့ ကိစ္စတွေ ဖြစ်ခဲ့တာ ကြာပါပြီ။ ဒါကြောင့် အဲဒီကိစ္စကို ခေါင်းထဲထည့်မနေပါနဲ့တော့။ နောက်ဆုံးတစ်ခါက… ခင်ဗျားကလည်း ကျုပ်ကို သတ်လုနီးပါး ဖြစ်သွားခဲ့တာပဲ မဟုတ်လား။”

ဖြစ်ခဲ့တာ ကြာပြီ ဟုတ်လား။ ခေါင်းထဲ ထည့်မနေနဲ့တော့ ဟုတ်လား။

ဘယ်လောက်များ ကြာသွားလို့လဲ။

ထိုသို့ ပေါ့ပေါ့ပါးပါး လေသံကြောင့် ရာဖယ်ရယ်၏ မျက်နှာအမူအရာက ရုတ်တရက် ကြည့်ရဆိုးသွားခဲ့သည်။ အထူးသဖြင့် ‘သတ်လုနီးပါး’ ဆိုသည့် စကားက လှောင်ပြောင်သလို ထင်ရသည်။

ယခင်တစ်ခေါက်က လူများစွာရှေ့တွင် သူ့ကို လွယ်လွယ်ကူကူ လွတ်မြောက် သွားစေခဲ့ရာ သူက အကြီးအကျယ် အရှက်ရခဲ့သည်။ ရာဖယ်ရယ်က နောက်တစ်ကြိမ် ထိုလူနှင့်တွေ့ပါက သူ့ကို အရှင်ဖမ်းပြီး နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မည်ဟု တိတ်တဆိတ် ကျိန်ဆိုခဲ့သည်။

သို့သော်လည်း ယခု အခြေအနေတွင် ချန်လွေ့နှင့် ပြန်တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဆက်သွယ်ရေး စိတ်ပုံရိပ် တစ်ခုအနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအား သုညနီးပါး ဖြစ်ရာ ထိုရန်သူကို ရင်ဆိုင်ရန် နည်းလမ်းမရှိပေ။

ကံကောင်းစွာပင် ဂေဘရီရယ် ရှိနေ၏။ ရန်သူ၏ ပုံပန်းသွင်ပြင်အရ သူသည် ဂေဘရီရယ်ကြောင့် ဒဏ်ရာရထားပုံ ရလေသည်။

“ဂေဘရီရယ်။ သူ့ကို မြန်မြန်ဖမ်းလိုက်။ သူ့ကို အရှင်ဖမ်းရမယ်။”

“ရှင် ကျွန်မကို အမိန့်ပေးနေတာလား။” ဂေဘရီရယ်က အသံထဲတွင် ခပ်ဖျော့ဖျော့ အေးစက်မှုဖြင့် ပြန်မေးလိုက်သည်။

“ဂေဘရီရယ်...” ရာဖယ်ရယ်က အနည်းငယ် စိုးရိမ်လာသည်။ “အခုက ဒီလို လုပ်နေရမယ့် အချိန်မဟုတ်ဘူး။ နှင်းဒဲလက်ပန်းပင်တွေက သူ့လက်ထဲ ရောက်နေပြီ။ ဒါ ဘာကို ဆိုလိုလဲဆိုတာ မင်း သိပါတယ်။”

“ရှင် ကျွန်မကို သတိပေးစရာ မလိုဘူး။” ဂေဘရီရယ်က ဖြည်းညင်းစွာ ပြောသည်။ “ရှင်မလာခင်က သူ ကျွန်မနဲ့ အလဲအလှယ် တစ်ခု အကြောင်း ပြောနေခဲ့တာ။ အဲဒီ အလဲအလှယ်ထဲက ပစ္စည်းတစ်ခုက နှင်းဒဲလက်ပန်းပင်ပဲ။ ဒါကြောင့် ကျွန်မက ဆင့်ခေါ်မှော်စာကို အသက်သွင်းလိုက်တာ။”

“ဟမ့်၊ အလဲအလှယ် လုပ်စရာ လုံးဝမလိုဘူး။ သူ့ကို ဖမ်းလိုက်။ ဒါဆို ငါတို့ အကုန်လုံးကို ရနိုင်ပြီ။ ဒါနဲ့ ဒီကောင့်မှာ အတော်လေး ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိတယ်။ နောက်ဆုံး တစ်ခေါက် သူက ငါ့လက်ထဲကနေ လွတ်သွားခဲ့တာ။ မင်းရဲ့ သူတော်စင် တိုက်ခိုက်ရေး နှလုံးသားက အရှိန်အဝါ အားလုံးကို ချေဖျက်နိုင်တယ်။ ဒါကြောင့် မင်း သူ့ကို သေချာပေါက် ဖမ်းနိုင်…”

ရာဖယ်ရယ် စကား ဆုံးသည်နှင့် ချန်လွေ့၏ ဘေးတွင် အလင်းတံခါးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ၏ ပုံရိပ်က တစ်ချက်လက်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ အလင်းတံခါးထဲ ပျောက်ကွယ် သွားသည်။

ရာဖယ်ရယ် - “…”

ဂေဘရီရယ် - “…”

ဂေဘရီရယ်၏ တုံ့ပြန်မှုက အလွန် မြန်ဆန်သည်။ အဖြူရောင်လက်စကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခုက လုံးဝ မပျောက်ကွယ် သေးသော [ကြယ်ဂိတ်]ဆီ လှိမ့်သွား၏။ သူက ချန်လွေ့ကို နေရာလွတ်ထဲမှ ဆွဲထုတ်လိုသော်လည်း ထိုစွမ်းအားက မည်သည့် အာနိသင်မှ မရှိဘဲ ထွင်းဖောက်သွားခဲ့လေသည်။

ဂေဘရီရယ်၏ အမူအရာက လေးနက် သွားခဲ့သည်။ “သူတော်စင် တိုက်ခိုက်ရေး နှလုံးသားက ဒီနေရာလွတ်ကူးပြောင်းမှု စွမ်းအားကို မပယ်ဖျက်နိုင်ဘူး။ ကျွန်မရဲ့ စွမ်းအားကလည်း နေရာလွတ်ထဲကို ဝင်လို့မရဘူး။”

ရာဖယ်ရယ် တုန်လှုပ်သွားသည်။ ဒီထူးဆန်းတဲ့ နေရာလွတ် တံခါးကို ဂေဘရီရယ်ရဲ့ အစွမ်းအထက်ဆုံးဖြစ်တဲ့ သူတော်စင်တိုက်ခိုက်ရေးနှလုံးသား နဲ့တောင် မဖယ်ရှားနိုင်ဘူး။ အရင် တစ်ခေါက် ငါ မအောင်မြင်ခဲ့တာ ဒါကြောင့်ကိုး။

ထိုအခိုက်အတန့်တွင် ချန်လွေ့က နေရာလွတ်တံခါးမှ တဖန်ပြန်ထွက်လာပြီး သူတို့ နှစ်ဦးကို ပြုံးပြလိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက်၊ ကျုပ်တို့ ခုနက ဘယ်နေရာမှာ စကား ရပ်သွားတာလဲ။”

ရာဖယ်ရယ် ရုတ်တရက် ပြောစရာ မဲ့သွားသည်။ သူက သဘောရှိသလို ဝင်ထွက်သွားလာနေတာပဲ။

ထိုနည်းလမ်းက မည်သည့် စကားလုံးများ ထက်မဆို ပို၍ သက်သေပြနေသည်။

အကယ်၍ သူတို့က သူ့ကို လုံးဝ ရန်လိုသွားလျှင် နှင်းဒဲလက်ပန်းပင်ကို အမှန်တကယ် စတေးလိုက်ရပေလိမ့်မည်။

“အကွက်ကောင်းပဲ။” ဂေဘရီရယ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “ရှင် အလဲအလှယ် တစ်ခု အကြောင်း ပြောခဲ့တယ်။”

“ကောင်းပြီလေ။ အလဲအလှယ် ဆိုမှတော့ ကျုပ်တို့ အတိတ်က မကျေနပ်စရာတွေ အားလုံးကို ခဏ ဘေးဖယ်ထားပြီး အပေးအယူလုပ်မယ့် ပစ္စည်းတွေ အကြောင်း ပြောကြတာပေါ့။” ဂေဘရီရယ်၏ အစွမ်းက ထင်ရှားလှ၏။ အချိန် အရှိန်အဝါ မအောင်မြင်ခဲ့သည့် အဖြစ်အပျက် ရှိခဲ့ရာ ချန်လွေ့သည် သူတော်စင်တိုက်ခိုက်ရေးနှလုံးသားကို အမှန်တကယ် ကြောက်ရွံ့နေပြီး သူက ထပ်မံ၍ ဝေ့ဝိုက်မပြောနေတော့ပေ။ “အရင် တစ်ခေါက် သိဒ္ဓိတောင်မှာ ကျုပ် ရာဖယ်ရယ်ကို ပြောခဲ့တယ်။ နှင်းဒဲလက်ပန်းပင်က ကျုပ်တို့ရဲ့ အလဲအလှယ်အတွက် အပေးအယူ လုပ်စရာ ပစ္စည်းတစ်ခု ဖြစ်နိုင်တယ်လို့… ကျုပ် ခင်ဗျားကို နှင်းဒဲလက်ပန်းပင်တွေ ပေးနိုင်တယ်။ ဒါပေမဲ့ ကျုပ်က တစ္ဆေ ရေခဲစမ်းကို လိုချင်တယ်။”

“နှင်းဒဲလက်ပန်းပင်တွေ အန္တရာယ် ကင်းနေသေးတယ် ဆိုတာကို ငါက ဘာလို့ ယုံရမှာလဲ။”

ရာဖယ်ရယ်က နောက်ထပ် စကား မဆိုတော့ပေ။ အကြောင်းမှာ သူက ချန်လွေ့၏ လက်ထဲရှိ နှင်းဒဲလက်ပန်းကို မြင်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။ သူသည် ထိုပန်း၏ ‘လတ်ဆတ်မှု’ကို ခံစားမိ နိုင်သည်။ ၎င်းကို အပင်မှ ယခုလေးတင် ခူးလာခြင်း ဖြစ်သည်။

“ဒါ နှင်းဒဲလက်ပန်းပင်က ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ် ဆိုတာကို သက်သေပြဖို့ လုံလောက် ရဲ့လား။ ဆာ-ဖယ်ရယ်။” ချန်လွေ့က ‘ထိန်းချုပ်မှု’ဟူသော စကားလုံးကို တမင်တကာ အလေးပေးပြောလိုက်၏။ ၎င်း၏ အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းသည်။ သူက နှင်းဒဲလက်ပန်းပင်၏ သေခြင်း ရှင်ခြင်းကို အချိန်မရွေး ထိန်းချုပ် နိုင်သည် ဟူ၍ပင်။

“ဟမ့်...” ရာဖယ်ရယ်က နှင်းဒဲလက်ပန်းကို စိုက်ကြည့်လိုက်သည်။ “မင်း တစ္ဆေရေခဲစမ်းကို ရနိုင်တယ်။ ဒါပေမဲ့ မင်း အရင်ဆုံး တစ်ခု…”

“ဘယ်သူ သဘောတူတယ် ပြောလဲ။” ဂေဘရီရယ်၏ အေးစက်သော အသံက ရာဖယ်ရယ်၏ စကားကို ဖြတ်တောက် ပစ်လိုက်သည်။ “ရာဖယ်ရယ်၊ ကျွန်မ ရှင့်ကို သတိပေးဖို့ လိုသေးလား။ ဒါက အမှောင်အကျဉ်းထောင် ကန္တာရ၊ ပြီးတော့ ကျွန်မက တီဇန်နီယာ။”

“ဒါပေမဲ့ မင်းက ဂေဘရီရယ်လည်း ဟုတ်တယ်။” ရာဖယ်ရယ်က ပေါက်ကွဲ ထွက်တော့မည့်ပုံစံ ဖြစ်နေသော်လည်း သူ ထိန်းချုပ်လိုက်လေသည်။ “အတိတ်က ကိစ္စတွေ ပြီးသွားပြီ။ ငါတို့ အပြင်လူရှေ့မှာ ရန်ဖြစ်နေစရာ မလိုဘူး။ သိဒ္ဓိတောင်က မင်းရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်တယ်။ ငါတို့ နှင်းဒဲလက်ပင်တွေကို သေချာပေါက် ပြန်ယူရမယ်။”

ချန်လွေ့၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်။ ကောင်းကင်တမန် သုံးပါးက ထင်သလောက် စည်းလုံးတဲ့ပုံ မရဘူး။ ပြောရရင် ဂေဘရီရယ်က အမှောင်အကျဉ်းထောင် ကန္တာရဆီကို ‘စမ်းသပ်မှု’ အတွက်ပဲ သွားရောက်ခဲ့တာ မဟုတ်ဘူး။ အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့ တစ်ခုခုနှင့် သက်ဆိုင်နေရမယ်။

ဂေဘရီရယ်က ရာဖယ်ရယ်နှင့် ဆက်လက် ငြင်းခုံမနေတော့ဘဲ ချန်လွေ့ ဘက်သို့ လှည့်လိုက်သည်။ “ကျွန်မမှာ သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်။ ရှင် သဘောမတူရင် နှင်းဒဲလက်ပန်းပင်တွေကို ဖျက်ဆီးလိုက်ရင်တောင် တစ္ဆေရေခဲစမ်း ရဖို့ စိတ်ကူးမယဉ်နဲ့။”

ချန်လွေ့က ခိုင်မာသော လေသံကို ကြားလိုက်ရပြီး အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ “သတ်မှတ်ချက်က ဘာများလဲ...”

“တစ္ဆေရေခဲစမ်း ဖြစ်ပေါ်ဖို့က ၃နှစ် လိုသေးတယ်။ ၃နှစ်ကြာပြီးရင် ရှင်က နှင်းဒဲလက်ပန်းပင်တွေ အပေးအယူလုပ်ဖို့ ယူလာခဲ့ရမယ်…” ဂေဘရီရယ်၏ နှုတ်ခမ်းများက ထူးဆန်းသော အကွေးပုံစံ တစ်ခု ဖြစ်သွား၏။ “..သိဒ္ဓိအလင်းတောင် ဆီကို..”

သိဒ္ဓိအလင်းတောင်!

ရာဖယ်ရယ်က စကားပြောတော့မည် ပြင်လိုက်သော်လည်း ထိုအခြေအနေကို ကြားလိုက်ရာ သူ၏ မျက်လုံးများက ရုတ်တရက် တောက်ပလာခဲ့သည်။

ချန်လွေ့ မျက်မှောင် ကြုတ်ထားသော မျက်ခုံးများကို ပင့်လိုက်လေသည်။ ဂေဘရီရယ်က သိဒ္ဓိကျောင်းတော်၏ အဓိကစခန်းတွင် အလဲအလှယ်ပြုလုပ်ရန် သတ်မှတ်ချက်ကို အမှန်တကယ် ပြောခဲ့လေသည်။

အဲဒီအချိန် ငါ ဂေဘရီရယ် ဒါမှမဟုတ် ရာဖယ်ရယ်အပြင် မိုက်ကယ်ကိုပါ ရင်ဆိုင် ရနိုင်တယ်။

ကောင်းကင်တမန်သုံးပါးကို တပြိုင်နက်တည်း ရင်ဆိုင်ရရင် ငါ့မှာ အခွင့်အရေး တစ်ခုခု ရှိပါ့ဦးမလား။

“ရှင့်မှာ သတ္တိရှိရဲ့လား။” ဂေဘရီရယ်၏ မျက်လုံးများ မှိတ်ထားသော်လည်း ချန်လွေ့က ထူးခြားသော ငွေ-နီရောင် မျက်လုံးများက သူ၏ ဝိညာဉ်ထဲတွင် နားမလည်နိုင်သော လှောင်ရယ်သံဖြင့် ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။

ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ “ကျုပ် ခင်ဗျားကို ကတိပေးပါတယ်။”

သူ့စိတ်ထဲတွင် တွေးလိုက်၏။ ငါက သူတော်ကောင်းတစ်ယောက် မဟုတ်ပေမဲ့ သူတစ်ပါးရဲ့ ကျေးဇူးတရား ကိုတော့ ပြန်ဆပ်တတ်ပါတယ်။ ဒြပ်စင်ဘုရင် (၆)ပါးမှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေ ရှိနေပါစေ၊ ဇစ်မြစ် အပိုင်းအစတွေကို စုစည်းပြီးတော့ ဘာတွေပဲ ဖြစ်ဖြစ်၊ ကြက်သွေးရောင် အစွယ်နှစ်ခွ ပင်လယ်ပြင်မှာ ရေဒြပ်စင်ဘုရင်က ငါ့အတွက် လုပ်ပေးခဲ့တဲ့ အရာတွေ အားလုံးအတွက်ဆိုတဲ့ တစ်ခုတည်းသော အကြောင်းပြချက်နဲ့ ငါ သွားရမယ်။

တစ္ဆေရေခဲစမ်းကို ငါ ရကို ရရမယ်။

၃နှစ်ဆိုတာ စေတန်နဲ့ တိုက်ခိုက်ရမယ့် ၃လ ကာလထက် အများကြီး ပိုကြာတယ်။ ၃နှစ်ကြာပြီးရင် အန္တရာယ်က ပိုပြီးတော့ ကြီးနိုင်တယ်။ ဒါပေမဲ့ အခု ငါက ဓူဝံကြယ် ခရမ်း ဧကရာဇ်ရဲ့ နက်နဲမှုတွေကို တဖြည်းဖြည်းနဲ့ နားလည်လာပြီ။ ၃နှစ် ကြာရင် ငါက အခုထက် အများကြီး ပိုသန်မာလာမယ်လို့ ယုံကြည်တယ်။

ရာဖယ်ရယ် စိတ်ထဲ ဝမ်းသာသွား၏။ ဂေဘရီရယ် ဆိုတဲ့အတိုင်းပဲ။ သူက ရန်သူရဲ့ အားနည်းချက်ကို ဖမ်းဆုပ်ပြီး ဒီလို အလဲအလှယ်တစ်ခု လုပ်နိုင်ခဲ့တယ်။ ဒီကောင်က သိဒ္ဓိတောင်ကို လာဖို့အတွက် သတ္တိရှိတယ်ဆိုရင် သူ့ရဲ့ စွမ်းရည်တွေ ဘယ်လောက်ပဲ ထူးဆန်းနေပါစေ ကောင်းကင်တမန်သုံးပါးရဲ့ ပူးပေါင်း အင်အားက လုံးဝ မလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။

အရင် တစ်ခေါက် သိဒ္ဓိသားတော် အဖြစ်အပျက်က ပေါ့ဆမှု တစ်ခုပဲ။ ငါ အဲဒီလို အမှားမျိုးကို နောက်တစ်ခါ ထပ်မလုပ်တော့ဘူး။

“ကောင်းပြီ။” ချန်လွေ့၏ ယုံကြည်မှုကို ခံစားမိသောအခါ ဂေဘရီရယ် အလွန် အံ့ဩပုံမရပေ။ သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“ငါ့ကို စိတ်မပျက်စေနဲ့။ နာမည်တောင် မသိသေးတဲ့ကောင်။ ဒါပေမဲ့ သိဖို့လည်း စိတ်မဝင်စားပါဘူး။” ရာဖယ်ရယ်က လှောင်ရယ်လိုက်၏။ “တခြားဧည့်သည် ရှိရင်လည်း သိဒ္ဓိအလင်းတောင်က သိပ်ကို ကြိုဆိုမှာပါ။”

“ပညာရှိပြီး ဉာဏ်ပညာ ကြွယ်ဝတဲ့ ဆာ-ရာဖယ်ရယ် အတွက်တော့ ကျုပ်ကို ‘အာသာ’လို့ ခေါ်တာ ပိုကောင်းလိမ့်မယ်။”

ချန်လွေ့က ရာဖယ်ရယ်၏ အားနည်းချက်ကို မညှာမတာ ဆုပ်ကိုင်ပြီး မထီမဲ့မြင် အပြုံးဖြင့် ပြုံးပြလိုက်သည်။ “ဒါပေမဲ့ ကျုပ်အသက်ကို လိုချင်တဲ့သူတွေ အများကြီးပဲ။ ခင်ဗျား တစ်ယောက်တည်း ဆိုရင်တော့… တန်းစီနေရဦးမှာပဲ။”

ချန်လွေ့၏ ပုံရိပ်က ရယ်မောရင်း [ကြယ်ဂိတ်]ထဲ ပျောက်သွားတော့သည်။

ရယ်သံထဲမှ ဖုံးကွယ် မထားသော မထီမဲ့မြင်ပြုခြင်းကို ကြားရသောအခါ ရာဖယ်ရယ်က လက်သီးဆုပ်လိုက်၏။ နှစ်ပေါင်းများစွာ သူ အထက်တန်းကျပြီး မရေတွက်နိုင်သော ယုံကြည်သူများ၏ ကိုးကွယ်ခြင်းကို ခံခဲ့ရသည်။ လူတိုင်းက ကောင်းကင်တမန်သုံးပါး၊ ရာဖယ်ရယ်ဟု ဆိုလိုက်သည်နှင့် ကြောက်ရွံ့ ရိုသေ ကြသည်။

မည်သည့်အခါက ထိုသို့ အရှက်ရမှုကို ခံစားခဲ့ရဖူးသနည်း။ ထို့အပြင် ၎င်းက သူ၏ အစွမ်းထက် များစွာ နိမ့်ကျသော ‘ကြွက်’တစ်ကောင်မျှသာ ဖြစ်၏။

“အာသာ ဟုတ်လား။” ထိုကဲ့သို့ မရင်းနှီးသော အမည်ကြောင့် ဂေဘရီရယ် ရာဖယ်ရယ်ကို ‘ကြည့်’လိုက်သည်။

ရာဖယ်ရယ်က သူ့ဘဝတွင် အရှက်ရ စေခဲ့သော ‘သိဒ္ဓိသားတော်ကိစ္ဏ’ကို ထုတ်ပြောမည် မဟုတ်ပေ။ သူက နှာမှုတ်လိုက်ပြီး စကားလမ်းကြောင်းကို လွှဲသည်။ “ဂေဘရီရယ်။ မကြာသေးခင်က သိဒ္ဓိတောင်မှာ အဖြစ်အပျက် အများကြီး ဖြစ်ခဲ့တယ်။ အမြန်ဆုံး ပြန်လာသင့်တယ်။ အဲဒီအချိန် ဒီကောင်က ဖိုက်သွန်နဲ့အတူ လာနိုင်တယ်။ မင်း သူနဲ့ ရန်ငြိုးဟောင်းကို ဖြေရှင်းလိုက်ရုံပဲ။”

“ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်။ ထပ်ပြောစရာ မလိုဘူး။” ဂေဘရီရယ်၏ အေးစက်သော အသံထဲတွင် အထူး အဓိပ္ပာယ်တစ်ခု ပါဝင်နေသည်။ “ရှင်က ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ပူသင့်တယ်။”

“ကိုယ့်ကိုယ်ကိုယ် စိတ်ပူရမယ် ဟုတ်လား။” ရာဖယ်ရယ် ကြောင်သွား၏။ ထို့နောက် ပျက်စီးခြင်း စွမ်းအားတစ်ခုက သူ့ထံသို့ ပြေးဝင်လာပြီး ပုံရိပ်တစ်ခုလုံးကို ရစ်ပတ်သွားကြောင်း ခံစားလိုက်ရ၏။

ထိုစိတ်ပုံရိပ်က ဆက်သွယ်ရေးအတွက် အသုံးပြုခြင်းဖြစ်ရာ သူ့တွင် ခုခံနိုင်စွမ်း အနည်းငယ်မျှပင် မရှိပေ။ သူ ရုတ်တရက် အမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး လျင်မြန်စွာ ပျောက်ကွယ်လာတော့၏။ ၎င်းသည် ဂေဘရီရယ်၏ တိုက်ခိုက်မှု မဟုတ်ဘဲ ပျောက်သွားသော ထိုကောင်၏ လက်ချက် ဖြစ်ကြောင်း ရာဖယ်ရယ် ခံစားမိနိုင်သည်။ ထွက်သွားပြီးတာတောင် သူက ဒီလိုထူးဆန်းတဲ့ တိုက်ခိုက်မှုကို လုပ်နိုင်သေးတယ်။

သူက ဂေဘရီရယ် အရှေ့မှာတောင် လုပ်ရဲတယ်…

၎င်းမှာ တစ်ဖက်လူ၏ ပါးရိုက်ခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရသည်နှင့် တူနေ၏။

“ချီးပဲ…” ရာဖယ်ရယ် အံကြိတ် လိုက်သည်။ သူ၏ စကားမဆုံးမီမှာပင် စိတ်ပုံရိပ်တစ်ခုလုံး လေထဲ ပျောက်ကွယ် သွားတော့သည်။

“[အရိပ်ဖမ်း]!” ထိုအခိုက်အတန့်တွင် ဂေဘရီရယ် မျက်နှာပေါ်ရှိ လှောင်ပြောင် ရယ်မောမှုက သူတစ်ပါး ဒုက္ခရောက် နေသည်ကို ဝမ်းမြောက်နေသည့် ပုံစံမျိုး ဖြစ်နေ၏။

အရိပ်လေပြေဖိနပ် စွမ်းရည်ဖြစ်သော [အရိပ်ဖမ်း] – တိုက်ခိုက်မည့် ပစ်မှတ်ကို အသေမှတ်နိုင်။ အကွာအဝေး မည်မျှပင် ရှိစေကာမူ တိုက်ခိုက်မှုကို စတင်နိုင်ပြီး အသေမှတ်သည့် အချိန်မှာ ၃ မိနစ်။

All Chapters