← Chapters

ဒြပ်စင်ဘုရင်များ၏ ရှေ့ပြေးနိမိတ်

Vol. 69 Ch. 1103

ဒြပ်စင်ဘုရင်များ၏ ရှေ့ပြေးနိမိတ်

Vol. 69 Ch. 1103

မီးလျှံနေမီးတောင်ဝယ်-

အလင်းတံခါးတစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားပြီး ချန်လွေ့က မီးလျှံခန်းမထဲသို့ ရောက်ရှိလာသည်။

ရာဖယ်ရယ်၏ စိတ်ပုံရိပ်ကို နောက်ဆုံး တိုက်ခိုက်လိုက်ခြင်းမှာ ထိုသူကို မျက်စိ စကားမွှေး စူး၍ သက်သက်သာ ဖြစ်၏။ ထိုကဲ့သို့ ‘ပါးရိုက်ခြင်း’က အတော်လေးကို ကျယ်လောင်ခဲ့ပြီး သူ၏ ဒေါသကို ဖြေဖျောက်ရန် လုံလောက်ခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ချန်လွေ့ ဘာမှမလုပ်လျှင်ပင် ရာဖယ်ရယ်က ၃နှစ်အကြာ သိဒ္ဓိတောင်တွင် သူ့ကို သတ်ရန် ကြိုးစားမည်သာ ဖြစ်၏။

“ဖေဖေ။” အနီရောင်အလင်းတန်းလေး တစ်ခုက အလျင်မြန်ဆုံး တုံ့ပြန်ပြီး ချန်လွေ့ထံသို့ ဦးစွာ ပြေးဝင်လာခဲ့သည်။

“ဖေဖေ။ ဘယ်တွေ သွားနေတာလဲ။”

“ဖေဖေ့ကို အရမ်း သတိရနေတာ။”

သော်သော်က ချန်လွေ့၏ မျက်နှာကို အားရပါးရ ပွတ်သပ်နေရာ ချပ်ကာကို အမြန် ဖယ်ရှားလိုက်သည်။ သူက သမီး ဖြစ်သူကို ပွေ့ချီရင်း ရယ်မောနေပြီး ခဏမျှ စကားမပြောနိုင် ဖြစ်သွား၏။

ခဏတာ ရင်းရင်းနှီးနှီး နေပြီးနောက် ကတ်သရင်း၏ ပုံရိပ်က နောက်မှ ပေါ်လာသည်။ ညကောင်းကင်ကဲ့သို့ နက်ရှိုင်းပြီး လှပသော ထိုမျက်ဝန်း များထဲမှ စိုးရိမ်ပူပန်မှုနှင့် တမ်းတမှုကို မြင်တွေ့လိုက်ရာ ချန်လွေ့၏ နှလုံးသား နွေးထွေးသွားခဲ့သည်။

“ချန်လွေ့ ရှင့်ရဲ့ လက်က…” ကတ်သရင်းက သူ၏ ညာလက်မောင်းမှ မူမမှန်သည်ကို ချက်ချင်း သတိပြုမိပြီး အံ့ဩနေစဉ်တွင် ချန်လွေ့ ခေါင်းခါ ပြသည်ကိုသာ သူ မြင်လိုက်ရသည်။ သူ မပြန်လာမီတွင် သော်သော်က ကစား၍ အလွန် ပင်ပန်းနေခဲ့ခြင်း ဖြစ်သည်။ ဖေဖေ ပြန်လာသည်ကို ခံစားမိသည်နှင့် သူက စိတ်လှုပ်ရှားစွာဖြင့် သူ့ကို ခဏတာ ပွေ့ဖက်လိုက်ပြီး ယခု သူ၏ မျက်ခွံများက ဖြည်းညင်းစွာ လေးလံလာပြီး အိပ်ပျော် တော့မည်မှာ ထင်ရှားလှပေသည်။

အသေအချာပင် ကလေးငယ်က အဖေ ဖြစ်သူ၏ ဘယ်ပခုံးပေါ်တွင် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်အပူချိန် ဖြည်းညင်းစွာ ကျဆင်းလာပြီး အလိုအလျောက် တုန်ရီ လာတော့သည်။ သူက နိုးထစွမ်းအား ‘ဘေးထွက်ဆိုးကျိုး’ သက်ရောက်မှု ခံနေရသည်မှာ အသေအချာပင်။

ကတ်သရင်းသည် သော်သော်ကို ချီတော့မည့် အချိန်တွင် ချန်လွေ့က လက်လွှတ်ရန် တွန့်ဆုတ်နေခဲ့သည်။

ကတ်သရင်း၏ တမင်တကာ သဝန်တို ဟန်ဆောင်နေသော အမူအရာကို မြင်ရာ ချန်လွေ့ ပြုံးလိုက်ပြီး ဧကရီအရှင်မ၏ မျက်နှာကို နမ်းလိုက်၏။

ဧကရီအရှင်မက ချိုမြစွာ ပြုံးလိုက်ပြီး ချန်လွေ့၏ ဒဏ်ရာ ရနေသော ညာလက်မောင်းကို ကုသပေးရန် နိဗ္ဗာန် စွမ်းအားကို တိတ်တဆိတ် အသက်သွင်း လိုက်သည်။ သူတို့သုံးဦးက အဓိက ခန်းမင်သို့ အတူတကွ လာခဲ့ကြသည်။

“အရှင်မင်းကြီး။ ကျုပ် ပြန်ရောက်ပြီ။” ချန်လွေ့က သော်သော်ကို မိခင်ဖြစ်သူထံ လွှဲပေးလိုက်ပြီး သိုလှောင်ဂိုဒေါင်ထဲမှ မီးစုစည်းသလင်းကျောက်သဲကို ထုတ်ယူ လိုက်သည်။ “အရှင် အော့ခ်မာတွန်။ ဒါက သော်သော် လိုအပ်တဲ့ မီးစုစည်း သလင်းကျောက်သဲ ဟုတ်မဟုတ် ကျုပ် မသိဘူး။ ဒါ လုံလောက်ရဲ့လား။”

“ဒါက မီးစုစည်း သလင်းကျောက်သဲ ဆိုတာ အသေအချာပဲ။ ပမာဏက လုံလောက်တယ်။ ဒါက ငါ့ကို လျှို့ဝှက် ပညာရပ် အသက်သွင်းခွင့် ပေးရုံတင် မကဘူး။ ကျန်တဲ့အပိုင်းက ငါ့ကို အထူး ပစ္စည်းတစ်ခု သန့်စင်ခွင့်ပေးနိုင်တယ်။”

“အထူးပစ္စည်း သန့်စင်ခွင့် ဟုတ်လား။ မင်းအတွက် တစ်ခုခုလုပ်ဖို့ ချန်လွေ့ကို မီးစုစည်း သလင်းကျောက်သဲကို တမင် ရှာခိုင်းနေတာလို့ ငါ အခု သံသယ ဝင်လာပြီ။” လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းက ခေါင်းခါလိုက်သည်။

“ဆက်သ်တိုင်း...” အော့ခ်မာတွန်က ဒေါသထွက်သွား၏။ “မင်းက ရေဒြပ်စင်ကောင်တွေထက်တောင် သံသယ များသေးတယ်။”

“မင်းကို မြေဒြပ်စင်ကောင်တွေထက် ပိုပြီးတော့ ရိုးသားတယ်လို့ ငါ့ကို ချီးကျူးစေချင်တာလား။” ဆက်သ်တိုင်း လှောင်ရယ်လိုက်၏။

ပမာဏ လုံလောက်ကြောင်း ကြားလိုက်ရာ ချန်လွေ့က အလွန်ပင် စိတ်သက်သာရာရသွား၏။ ဒြပ်စင်ဘုရင် နှစ်ပါး ရန်ဖြစ်နေခြင်းက သူ့ကို ရယ်မော စေခဲ့သည်။ အကြောင်းမှာ ထိုဥပမာ နှစ်ခုလုံးက သူတို့၏ ဝိပါက်များ ဖြစ်နေ သောကြောင့်ပင်။ ဒြပ်စင်ကောင်များ၏ ငြင်းခုံမှုများက အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းပုံရသည်။

“ရန်မဖြစ်ကြနဲ့တော့။ ချန်လွေ့က အပြင်လူ မဟုတ်လို့ တော်သေးတယ်။” အလင်းဒြပ်စင်ဘုရင် ဒယ်ကက်စ်က ချန်လွေ့ကို တောင်းပန်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။

“ဒါ ကျုပ်အတွက် ဂုဏ်ယူစရာပါ။” ချန်လွေ့က ဘုရင်သုံးပါးသည် သူ့ကို အပြင်လူအဖြစ် သဘောမထားကြောင်း ကြားလိုက်ရာ သူလည်း စနောက်ကာ ပြောလိုက်သည်။ “အရှင် ဒယ်ကက်စ်က အမှောင်ဒြပ်စင်ကောင်တွေထက် ပိုပြီး ရက်ရောပါတယ်။”

ဒယ်ကက်စ်၏ မျက်နှာက ညှိုးမှောင် သွားခဲ့ပြီး ဆက်သ်တိုင်းနှင့် အော့ခ်မာတွန်တို့ ရယ်လိုက်ကြ၏။

“ချန်လွေ့။ မင်းက မင်းရဲ့သမီးအတွက် စိုးရိမ်နေတာ သိတယ်။ ဒီကလေးမလေး သော်သော်ရဲ့ ပြဿနာကို အရင်ဆုံး ဖြေရှင်းပေးမယ်။ ပြောရမယ်ဆိုရင် ဒီကလေးဆီက မီးဒြပ်စင်ရင်းနှီးမှုကို… ငါတောင် သဘောကျတယ်။ ကံဆိုးချင်တော့ ဒြပ်စင်ဘုရင်က လူသား အုပ်ချုပ်သူ ဒါမှမဟုတ် နတ်ဆိုး အုပ်ချုပ်သူတွေလို ထီးနန်းကို လွှဲပြောင်း ပေးလို့မရဘူး။ မဟုတ်ရင် ငါ သူကို နောက်ထပ် မီးဒြပ်စင်ဘုရင် ဆက်ခံသူ အဖြစ် ရွေးချယ်မှာ။” အော့ခ်မာတွန်က ခန်းမထဲရှိ စင်မြင့်တစ်ခုသို့ သွားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူက ချန်လွေ့ကို ရှောင်မနေဘဲ ပစ္စည်းများစွာ ထုတ်ယူလိုက်သည်။

ဘုရင်၏ အမိန့်အောက်တွင် မီးလျှံများ ဖုံးလွှမ်းနေသော မီးဒြပ်စင်ကောင်များက မြေပြင်ပေါ်တွင် အမှတ်အသားများ ထွင်းထုနေကြပြီး အော့ခ်မာတွန်က သူ၏ လက်များကို ဝှေ့ယမ်းကာ မီးလျှံခန်းမ တစ်ခုလုံး၏ စွမ်းအားကို စုစည်းနေ၏။ သူက အထူး မီးဒြပ်ပေါင်းစပ်ခြင်း အခမ်းအနားကို ပြုလုပ်ရန် ပြင်ဆင်နေပြီး အသန့်စင်ဆုံး မီးအရင်းအမြစ်စွမ်းအားကို ဇစ်မြစ်ချိပ်ပိတ် တစ်ခုအဖြစ် ပြောင်းကာ နောက်တွင် သော်သော်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်မည် ဖြစ်သည်။

“ကျေးဇူးပါပဲ။ အော့ခ်မာတွန်။”

“သူ အခု ငါတို့အသံတွေကို ကြားမယ် မထင်ဘူး။ သူ့ကိုယ်စား မင်းကို ရပါတယ် လို့ပဲ ပြောလိုက်မယ်။ ဒါနဲ့ မင်းရဲ့လက်…” ဆက်သ်တိုင်းက ချန်လွေ့၏ ဒဏ်ရာကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်၏။ “မင်းအစွမ်းနဲ့ အမှောင်အကျဉ်းထောင် သဲကန္တာရက အန္တရာယ်များရင်တောင် ဒီလိုမျိုး ဒဏ်ရာရမှာ မဟုတ်ဘူး။ မင်း ဘယ်လို အစွမ်းထက်တဲ့ ရန်သူမျိုးနဲ့ ကြုံတွေ့ခဲ့ရတာလဲ။”

“တောင်းပန်ပါတယ်။ ဆက်သ်တိုင်း။ ခင်ဗျားရဲ့ မြူခိုးဒီရေပုလဲက အလုပ် မဖြစ်ခဲ့ဘူး။ ကျုပ် မျှော်လင့်မထားတဲ့ ကြောက်စရာ ရန်သူ တစ်ယောက်နဲ့ ကြုံခဲ့ရလို့ပဲ။ ပိုပြီး တိတိကျကျပြောရရင် သူက ဂေဘရီရယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်‌ပေါ့။”

အလင်းဒြပ်စင် ဘုရင်နှင့် လေဒြပ်စင် ဘုရင်တို့က တစ်ချိန်တည်း အံ့ဩသွား ကြ၏။ “ကောင်းကင်တမန် သုံးပါးထဲက တစ်ပါးလား။”

ဒယ်ကက်စ် ချန်လွေ့ကို ကွဲပြားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ငါ သိသလောက်တော့ ဂေဘရီရယ်မှာ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် အစွမ်း ရှိရုံတင် မကဘူး။ သူ့မှာ အရှိန်အဝါ အားလုံးကို ချေဖျက်နိုင်တဲ့ အထူးပါရမီ တစ်ခုလည်း ရှိတယ်။ ဒီ‘ဖြိုခွဲ’က အကန့် အသတ်မရှိတာ မဟုတ်ပေမဲ့ ဂေဘရီရယ် အစွမ်းနဲ့ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ပါရမီနဲ့ဆိုရင် သူက အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ ထိပ်ဆုံးမှာ ရှိတယ်။ ဒါပေမဲ့ မင်းက သူ့လက်ထဲကနေ တကယ် လွတ်မြောက်လာနိုင်ခဲ့တယ်။”

ချန်လွေ့ ခါးသက်စွာ ပြုံးလိုက်၏။ “ကံကောင်းလို့ပါ။ တကယ်တော့ အိပ်မက်ဆန်ဆန် အိုအေစစ်က သူ့ရဲ့ အိပ်စက်ရာ နေရာပဲ။ ဒီဒဏ်ရာတွေက မီးစုစည်းသလင်းကျောက်သဲကို ရဖို့ သူ့နဲ့ တိုက်ခိုက်ခဲ့ရတဲ့ ရလဒ်တွေပါ…”

“ဒါကြောင့်ကိုး...” ဆက်သ်တိုင်း ရုတ်တရက် ပြောလိုက်သည်။ “ငါက အမှောင်အကျဉ်းထောင် သဲကန္တာရထဲမှာ အတော်လေး ကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခုကို ခံစားမိခဲ့တယ်။ အဲဒါ ဂေဘရီရယ် ဖြစ်နေတာပဲ။ မင်း ဘယ်လို နည်းလမ်းတွေ သုံးခဲ့သုံးခဲ့… ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ဂေဘရီရယ်ရဲ့ လက်ထဲက မီးစုစည်းသလင်းကျောက်သဲကို ရခဲ့တာက တကယ် မလွယ်သူတဲ့ကိစ္စပဲ။”

ဒါမှမဟုတ် ဘာဖြစ်လဲ။ ချန်လွေ့က ဆက်သ်တိုင်း၏ စကားကို နားမလည်သော်လည်း သူက ပို၍ အရေးကြီးသော သတင်းကို အမြန် ပြောလိုက်သည်၊ “ဒီတစ်ခေါက် မျှော်လင့် မထားတဲ့ ရလဒ်တစ်ခု ရခဲ့တယ်။ တစ္ဆေရေခဲစမ်းကလည်း ဂေဘရီရယ်ရဲ့ လက်ထဲမှာပဲ ရှိနေတယ်။”

ထိုသတင်းက အလင်းဘုရင်သုံးပါးကို တစ်ချိန်တည်းတွင် တုန်လှုပ်သွားစေ သော်လည်း ချန်လွေ့က သက်ပြင်းချ လိုက်သည်။ “ဒီတစ်ခေါက် မရခဲ့တာတော့ ဝမ်းနည်းစရာပဲ။ တစ္ဆေရေခဲစမ်းက တစ္ဆေစမ်းရေရဲ့ အမြုတေ ဖြစ်ပြီးတော့ ဖြစ်ပေါ်ဖို့ ၃နှစ် ကြာဦးမှာ။ ဂေဘရီရယ်နဲ့ ကျုပ် သဘောတူညီချက်တစ်ခု ရခဲ့တယ်၊ ၃နှစ်နေရင် သိဒ္ဓိတောင်မှာ အလဲအလှယ် လုပ်ဖို့ ကျုပ်သွားရမယ်။”

“မင်း တစ္ဆေရေခဲစမ်းနဲ့ လဲလှယ်မယ့် အရာက နှင်းဒဲလက်ပန်းပင်တွေလား။” ဒယ်ကက်စ်က ချန်လွေ့ နှင်းဒဲလက်ပန်း သုံးပင် ခိုးယူခဲ့သည်ကို မြင်ခဲ့ရသည်။ အလင်းဒြပ်စင်ဘုရင်၏ ဉာဏ်ပညာဖြင့် ချက်ချင်း ခန့်မှန်းမိလိုက်၏။

“မှန်ပါတယ်။”

“အစ်ဇ်ယိုရူးလ်က မင်းရဲ့လက်ထဲမှာ သေခဲ့တာ။ မင်းနဲ့ သိဒ္ဓိကျောင်းတော်ရဲ့ ရန်ငြိုးအရဆိုရင် ၃နှစ်အကြာမှာ လုပ်မယ့် အလဲအလှယ်က ဒီတစ်ခေါက် အမှောင်အကျဉ်းထောင် သဲကန္တာရထက် အများကြီး ပိုအန္တရာယ်များမယ့်ပုံပဲ။” ဒယ်ကက်စ်က စိုးရိမ်သော အမူအရာ ပြသော်လည်း အမှန်တကယ်တွင် ထိုမိတ်ဆွေငယ် ဘုရင်က ချန်လွေ့၏ နောက်ပိုင်း သိဒ္ဓိတောင် ‘စွမ်းဆောင်ချက်’ နှစ်ခု အကြောင်းကို မသိရသေးပေ။ မဟုတ်လျှင် သူက ကြက်သေသေ သွားပေလိမ့်မည်။

“အခု ဒြပ်စင်၆ခုရဲ့ ဇစ်မြစ် အပိုင်းအစတွေကို စုစည်းပြီးပြီ၊ ဝမ်းနည်းစရာ ကောင်းတာက ရေဒြပ်စင် ဘုရင်ရဲ့ ဒြပ်စင်နှလုံးသားကို မပြုပြင် ရသေးတာပဲ။ မဟုတ်ရင်… ဟမ့်... ကောင်းကင်တမန် သုံးပါးကို ဘယ်သူ ဂရုစိုက်မလဲ။” ဆက်သ်တိုင်းက မထီမဲ့မြင် လေသံဖြင့် ဆိုလိုက်သည်။

ထိုစကားများက ချန်လွေ့ကို အံ့ဩသွားစေခဲ့သည်။ လန်ဘို့စ်ရဲ့ ဒြပ်စင် နှလုံးသားကို ပြုပြင်ပြီးရင် ဒြပ်စင် ဘုရင်တွေက လောကရဲ့ ထိပ်တန်း တည်ရှိမှုများ ဖြစ်လာနိုင်တာလား။ ဒါပေမဲ့

အရင်က ပြောခဲ့ဖူးတာတွေအရ ဆိုရင် အလင်းဘုရင်သုံးပါးဖြစ်ဖြစ်၊ အမှောင် ဘုရင်သုံးပါးဖြစ်ဖြစ် ဒီကိစ္စမှာ နှုတ်ဆိတ် နေကြတယ်။ မိုးရီတောင် အတူတူပဲ။ ငါက မိတ်ဆွေတွေကို ဖိအားပေးတတ်တဲ့သူ မဟုတ်ဘူး။ သူတို့မှာ ဖုံးကွယ်ဖို့ အကြောင်းရင်းတွေ ရှိနေတာဆိုတော့ ငါ နောက်ထပ် မမေးတော့ပါဘူးလေ။

ကိစ္စတစ်ခုပြီးရင် ဒြပ်စင်ဘုရင်က ကောင်းကင်တမန် သုံးပါးနဲ့ ယှဉ်နိုင် ရင်တောင် အဲဒါကို ရေဒြပ်စင်နှလုံးသား ပြုပြင်ပြီးမှသာ ရနိုင်မယ်။ ထိုမတိုင်ခင် ချန်လွေ့က တစ္ဆေရေခဲစမ်းကို လဲလှယ်ရန် သိဒ္ဓိတောင်သို့ သွားရမည်သာ ဖြစ်သည်။ ထိုအစီအစဉ်ကို ပြောင်းပြန်လှန်၍ မရနိုင် သောကြောင့် သူက ၎င်းကို မျှော်လင့်ချက် ထား၍ မရနိုင်ပေ။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ လက်ရှိ အစွမ်းက အကန့်အသတ် များတယ်။ ဒါကြောင့် အရာအားလုံးက မင်းရဲ့ အပေါ်မှာပဲ မူတည်တယ်။” ဒယ်ကက်စ် ချန်လွေ့ကို ခေါင်းညိတ် ပြလိုက်သည်။ အမှောင်ဘုရင်သုံးပါး၏ ရန်သူဖြစ်သော အလင်းဘုရင်သုံးပါးက သူ့ကို တာဝန် ပေးအပ်သည်ကို ကြားရာ ချန်လွေ့၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ချန်လွေ့။ မင်းက အလင်းဘုရင် သုံးပါး အသိအမှတ်ပြုတဲ့ မိတ်ဆွေ တစ်ယောက် ဖြစ်ပြီးတော့ အသူရာ ချောက်နက်ရဲ့ အဓိက ယဇ်ပလ္လင် သုံးခုကို ဖယ်ရှားခဲ့တဲ့ သူပဲ။ မင်းကို ပြောစရာတစ်ခု ရှိတယ်။”

ဆက်သ်တိုင်း၏ တည်ကြည်သော အမူအရာနှင့် လေသံက ချန်လွေ့ကို အံ့ဩသွားစေ၏။ “အသူရာချောက်နက်နဲ့ ပတ်သက်တဲ့ ကိစ္စလား။”

“ငါလည်း သေချာ မပြောနိုင်ဘူး။” ဆက်သ်တိုင်း မျက်မှောင်ကြုတ်လိုက်၏။ “တကယ်တော့ ငါတို့ သုံးယောက် အခု စုဝေးတာက ဒီကိစ္စကြောင့်ပဲ။ ဒြပ်စင်တွေ ဆိုတာက ဒီလောကကို ဖွဲ့စည်းထားတဲ့ အခြေခံ အရာတွေထဲက တစ်ခုပဲ။ ဒြပ်စင်တွေကို ထိန်းချုပ်သူတွေ အနေနဲ့ ငါတို့အားလုံး စိတ်အနှောင့်အယှက် ဖြစ်စရာ နိမိတ်တွေကို ခံစားနေရတယ်။ ကြောက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်တော့မယ့် အတိုင်းပဲ။”

“အသူရာချောက်နက်ရှိနေတဲ့ နေရာက ချိပ်ပိတ်စွမ်းအား တစ်ခုခု ဖြစ်နေတာ များလား။” ချန်လွေ့ လျင်မြန်စွာ ပြောလိုက်သည်။

ဆက်သ်တိုင်းက ပြန်ဖြေသည်။ “အဲဒီ ချိပ်ပိတ် ပျက်သွားရင် ဘာဖြစ်မလဲဆိုတာ မင်းသိလား။”

ချန်လွေ့ ခေါင်းညိတ်သည်။ “အရာ အားလုံး ပျက်စီးသွားရလိမ့်မယ်။ ကျုပ် ဆက်ခံခဲ့တဲ့ အဓိကကုန်းမြေ ပြင်ပက အဖွဲ့အစည်း တစ်ခုလိုပဲ။”

“တကယ်တော့ အသူရာချောက်နက်ရဲ့ တကယ့် ရည်မှန်းချက်က ပျက်စီးခြင်း တစ်ခုတည်း မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ ပထမဆုံး အကောင်အထည် ဖော်မှာက ပျက်စီးခြင်းဆိုတာ အသေအချာပဲ။ ကမ္ဘာပေါ်က အရာအားလုံးရဲ့ တည်ရှိမှု အဆုံးသတ် သွားလိမ့်မယ်။ အသူရာ ချောက်နက်က ဘာသာရေးဂိုဏ်းတွေကို အသုံးချပြီး လောကကြီးကို ပျက်စီးစေဖို့ ကြိုးစားနေတာ ငါသိတယ်။ သူတို့က ဝင်ပေါက် အမျိုးမျိုးကို ဖွင့်နိုင်ခဲ့တယ်။ ဒါပေမဲ့ တကယ့်ချိပ်ပိတ်နဲ့ နှိုင်းယှဉ်ရင် ဒါတွေက အသေးစားတွေပဲ။ တကယ့် ချိပ်ပိတ်က… အခုလောလောဆယ်တော့ အဆင်ပြေလောက်တယ်။”

ချန်လွေ့၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်။ ဆက်သ်တိုင်းက အသူရာ ချောက်နက်ကို ချိပ်ပိတ်တဲ့ စွမ်းအားကို ခံစားမိနိုင်တာလား။ ထိုစကားက အသူရာချောက်နက်ချိပ်ပိတ်သည် ဒြပ်စင်ဘုရင်များနှင့် သက်ဆိုင်ကြောင်း သူ့ကို ပြောပြနေသလိုပင်။

“ဒါပေမဲ့ ဒါ အသူရာချောက်နက်ကြောင့် ဟုတ်မဟုတ် ငါတို့ မသေချာဘူး။” ဆက်သ်တိုင်း ခေါင်းခါလိုက်သည်။ “ငါတို့ တူညီတဲ့ အကျပ်အတည်း ခံစားချက် တစ်ခုကိုပဲ ဆုံးဖြတ်နိုင်ခဲ့တယ်။ ဖြစ်နိုင်ရင် မင်း နတ်ဆိုးဘုံကို ပြန်ပြီးတော့ ဒီကိစ္စကို အမှောင်ဘုရင် သုံးပါးနဲ့ ဆွေးနွေး စေချင်တယ်… အမ် အခုတော့ မြေဒြပ်စင် ဘုရင်နဲ့ အမှောင်ဒြပ်စင် ဘုရင်ပေါ့။ သူတို့မှာလည်း ဒီလိုမျိုး နိမိတ်တွေ ခံစားနေရရင် ဒီကိစ္စက သေးငယ်တဲ့ကိစ္စ မဟုတ်တော့ဘူး။”

ချန်လွေ့က အသူရာချောက်နက်၏ ချိပ်ပိတ်ကို ဒြပ်စင်ဘုရင်၏ မူလခန္ဓာက ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ် မမေးခဲ့ပေ။ ဆက်သ်တိုင်း ဘာမှ မပြောကတည်းက သူ့တွင် ကိုယ်ပိုင်အခက်အခဲများ ရှိမည်ကို ချန်လွေ့ သိသည်။ သူက ထိုကိစ္စကို နက်နက်နဲနဲ မစဉ်းစားဘဲ မေးလိုက်၏။ “ဒါဆို ကျုပ် ဘာလုပ်သင့်လဲ။”

“ငါတို့အားလုံးက စောင့်ကြည့်နေရုံပဲ။ ဒါပေမဲ့ ကိစ္စတွေက အတိုင်းအတာ တစ်ခုအထိ ဖွံ့ဖြိုးလာတဲ့အခါ မင်းရဲ့ အစွမ်းတစ်ခုတည်း မဟုတ်ဘဲ နောက်ထပ် တစ်ယောက် အစွမ်းပါ လိုလာလိမ့်မယ်။”

“ဘယ်သူလဲ။”

“မင်းရဲ့ ဇနီးတွေထဲက တစ်ယောက်။ ‘ဒြပ်စင်နတ်ဘုရားမသရဖူ’ အသိအမှတ် ပြုထားတဲ့ နတ်မိမယ်နဂါးပဲ။”

“ဇိုလာလား။” ချန်လွေ့ မျက်မှောင် ကြုတ်လိုက်သည်။ ဆက်သ်တိုင်း၏ လေသံအရ ‘ချန်လွေ့’က အပိုဆုသာ ဖြစ်ပြီး ဇိုလာက အဓိက ဖြစ်ကြောင်း ပြောနိုင်၏။

ဒါ ဇိုလာနဲ့ ဘာဆိုင်လို့လဲ။ ချန်လွေ့ ယခင်က [ဒြပ်စင်၆ခုတိုင်းပြည်] နှင့် ဒြပ်စင်နတ်ဘုရားမသရဖူအပေါ် ဒြပ်စင် ဘုရင်တို့၏ သဘောထားများကို စဉ်းစား မိသောအခါ ပို၍ပင် သိချင်လာခဲ့သည်။

“ပြောဖို့ စောလွန်းသေးတယ်။” အလင်း ဒြပ်စင်ဘုရင် ဒယ်ကက်စ်က ဖြည့်စွက် ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ရေဒြပ်စင်ဘုရင်ရဲ့ ရေဒြပ်စင်နှလုံးသားကို ပြုပြင်တာက အခြေခံ အကျဆုံး လိုအပ်ချက်ပဲ။ တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါတို့ အခု တကယ် မပြောနိုင်တဲ့ ကိစ္စတချို့ ရှိနေလို့ပါ။”

ထိုအချိန်တွင် အော့ခ်မာတွန်၏ အသံ ထွက်ပေါ်လာခဲ့သည်။ “မီးအစီအရင်က အဆင်သင့် ဖြစ်ပြီ။ မစ်-ကတ်သရင်း။ သော်သော်ကို ဒီအမှတ်အသား အလယ်မှာ ထားပေးပါ။ ဆက်သ်တိုင်း၊ ဒယ်ကက်စ်၊ မင်းတို့နှစ်ယောက် ငါ့ကို လာကူကြ။”

All Chapters