ကုသခြင်းနှင့် လာဘ်ထိုးခြင်း
Vol. 69 Ch. 1104
အော့ခ်မာတွန် အောလိုက်ရာ လူတိုင်း စကားပြောလိုစိတ် ပျောက်သွားကြသည်။ ကတ်သရင်းက လက်ထဲ ပွေ့ချီထားသော သော်သော့်ကို မီးစုစည်းအစီအရင်၏ အလယ်ဗဟိုသို့ ချက်ချင်းချထားလိုက်ပြီး ဒယ်ကက်စ်နှင့် ဆက်သ်တိုင်းတို့ကလည်း သတ်မှတ်ထားသော နေရာများတွင် နေရာယူလိုက်ကြသည်။
အော့ခ်မာတွန်၏ ညာဘက်လက်တွင် သံလက်သီးတစ်ခု ( သူ၏ လက်သီးတွင် စွပ်ထားသော သံကွင်းဖြစ်ပြီး သံလက်သီး သို့မဟုတ် သံကြာပန်းဟုလည်း ခေါ်၏) ပေါ်လာပြီး ၎င်းမှာ မီးဇစ်မြစ်အပိုင်းအစ၏ ပုံစံအမှန်ပင် ဖြစ်သည်။ ထို့နောက် မီးဒြပ်စင်ဘုရင်က ညာဘက်လက်သီးကို ကောင်းကင်ပေါ်သို့ ဆန့်လိုက်သည်။
ကောင်းကင်ပေါ်ရှိ တိမ်ဖြူများက ရုတ်တရက် အနီရောင် ပြောင်းလဲသွားပြီး စက်ဝိုင်းပုံများ ဖြစ်လာကြသည်။ ဒယ်ကက်စ်နှင့် ဆက်သ်တိုင်းတို့လည်း လက်များကို မြှောက်လိုက်ကြသည်။ ဒယ်ကက်စ်၏ လက်မောင်းပေါ်တွင် အလင်းဇစ်မြစ် အပိုင်းအစမှ ပြောင်းလဲ ထားသော ‘တောက်ပလက်ပတ်’ ကို ဝတ်ထားပြီး ဆက်သ်တိုင်း၏ လေဇစ်မြစ် အပိုင်းအစမှာမူ သူ၏ ရင်ဘတ်ပေါ်ရှိ လည်ဆွဲတစ်ခု ဖြစ်လာသည်။ အဖြူရောင် အလင်းတန်းနှင့် အစိမ်းရောင် အလင်းတန်းတို့က တောက်ပလာပြီး စက်ဝိုင်းပုံ မီးတိမ်တိုက် အတွင်းသို့ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ရေးဆွဲထားသော မီးဒြပ်စင် အခင်းအကျင်း အတွင်းသို့ အရောင် သုံးမျိုးစပ် အလင်းတန်းတစ်ခု ထိုးလွှတ်လိုက်၏။ မူလကပင် အပူချိန် မြင့်မားသော မီးနန်းတော်က ယခုအခါ ပို၍ပင် ပူပြင်းလာတော့သည်။
အော့ခ်မာတွန်၏ စကားအရ ထိုသို့ မီးပေါင်းစပ်ခြင်းအစီအရင်၏ အာနိသင်က မြင့်မားနိုင်သလို နိမ့်ကျသွားနိုင်သည်ဟု ဆိုသည်။ အကယ်၍ သူတို့ကံမကောင်းဘဲ ဇစ်မြစ်ချိပ်ပိတ်ကို ပေါင်းစည်းခြင်းက ပြီးပြည့်စုံခြင်း မရှိပါက သော်သော့်အပေါ် သက်ရောက်မှု များစွာ လျော့ကျသွားမည် ဖြစ်သောကြောင့် သူက အခြားဒြပ်စင် ဘုရင်နှစ်ပါး၏ အစွမ်းကိုပါ အသုံးပြု၍ ထိုအစီအရင်ကို အကောင်းဆုံးဖြစ်စေရန် လိုအပ်သည်။
ဇစ်မြစ် အပိုင်းအစသုံးခု၏ စွမ်းအား အောက်တွင် အော့ခ်မာတွန်၏ တစ်ကိုယ်လုံးက တောက်ပသော မီးလျှံ အဖြစ်သို့ ပြောင်းလဲသွားပြီး သော်သော်၏ အပေါ်ဘက်သို့ ပျံဝဲသွားခဲ့သည်။
တောက်ပသော မီးလျှံများက လောင်ကျွမ်းနေသော စာလုံးများအဖြစ်သို့ ပြန့်ကျဲသွားပြီးနောက် မီးလျှံအစက်များ အဖြစ်သို့ ပြောင်းလဲကာ သော်သော်၏ ကိုယ်ပေါ်သို့ ကျလာသည်။ သော်သော်၏ အဝတ်အစားများ မလောင်ကျွမ်း သော်လည်း သူ၏ခန္ဓာကိုယ် နီရဲလာ၏။
သော်သော်က မီးကို မကြောက်သော ဇာမဏီငှက်ဖြစ်ကြောင်းနှင့် အော့ခ်မာတွန်က ကူညီနေကြောင်း သိနေသော်လည်း ထိုမြင်ကွင်းကြောင့် ချန်လွေ့က တိတ်တဆိတ် ထိတ်လန့် သွားမိသည်။ သူ စိုးရိမ်နေစဉ်မှာပင် ကတ်သရင်း၏ အငွေ့အသက်က ထူးဆန်းလာကြောင်းကို ရုတ်တရက် သတိပြုမိလိုက်သည်။
ကတ်သရင်း၏ တည်ငြိမ်သော အကြည့်များက ဟာလာဟင်းလင်း ဖြစ်နေဟန်တူပြီး သူ၏ အနက်ရောင် မျက်ဆံများက မီးလျှံကဲ့သို့ စွမ်းအားဖြင့် တောက်လောင်နေပြီးနောက် ထိုမီးလျှံ စာလုံးများ၏ ပြောင်းလဲမှုက သူ၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်မှု တစ်မျိုးကို ဖြစ်စေခဲ့သလိုပင်။ တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများ ထိန်းချုပ်မရဘဲ လှိုင်းထန်လာပြီး အနက်ရောင်မီးလျှံအဖြစ် လောင်ကျွမ်းသွားတော့သည်။
“စိတ်မပူပါနဲ့။ ဒီလိုအခြေအနေက မစ်-ကတ်သရင်းအတွက် အကျိုးရှိပြီးတော့ အန္တရာယ် မရှိပါဘူး။ ဒီတစ်ကြိမ် ပြီးရင် သူ့ရဲ့ ကိုယ်ထဲက အထူးသွေးမျိုးဆက် စွမ်းအားက စွမ်းအားအမှန် တဖြည်းဖြည်း ထုတ်သုံးလာနိုင်မယ်လို့ ယုံကြည်တယ်။” အော့ခ်မာတွန်၏ အသံက မီးလျှံ စာလုံးများကြားမှ ထွက်ပေါ်လာသည်။ ထိုအသံကို မရေတွက်နိုင်သော စာလုံးများ တချိန်တည်းတွင် ပြုလုပ်လိုက်ခြင်းဖြစ်၍ စတင်ကြားရချိန်၌ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
ထိုအခါမှ ချန်လွေ့ စိတ်သက်သာရာ ရသွားသည်။ မီးလျှံများ ဆက်လက်၍ လောင်ကျွမ်းနေပြီး စာလုံးများက အဆက်မပြတ်ပြောင်းနေသော ဆောင်းပါး တစ်ပုဒ်လုံးကဲ့သို့ ဖြစ်နေကာ ဆောင်းပါး တစ်ခုလုံး၏ အကြောင်းကို သရုပ်ဖော် ပြသနေ၏။ ထို့နောက်တွင် ထိုကဲ့သို့ အကြောင်းအရာများက မီးလျှံများနှင့် အတူ သော်သော်၏ ကိုယ်ပေါ်သို့ ‘ကျဆင်းသွားပြီး’ သူက ၎င်းတို့ကို ချေဖျက်လိုက်သလိုပင်။
သော်သော်၏ ခန္ဓာကိုယ်မှ အထူး အသက်ငွေ့တစ်မျိုးက ခပ်ရေးရေးလေး ပေါ်ထွက်လာသည်။ ထိုအသက်ငွေ့က အလွန်အစွမ်းထက်လှရာ ချန်လွေ့ပင် မအံ့ဩဘဲ မနေနိုင်တော့ပေ။ မီးလျှံခန်းမ တစ်ခုလုံး၏ မီးဒြပ်စင် စွမ်းအားက ရုတ်တရက် အဆပေါင်းများစွာ တိုးမြင့် လာခဲ့လေသည်။
[မီးဇာမဏီအမာရွတ်] ရှိနေသော ချန်လွေ့ အတွက်ပင်လျှင် အနည်းငယ် မခံမရပ်နိုင် ခံစားလာရသည်။ အကယ်၍ ထိုနေရာသာ သာမန်နေရာတစ်ခုဖြစ်ပါက အားလုံး အရည်ပျော်သွားလောက်ပေပြီ။
ထူးဆန်းသည်မှာ ကတ်သရင်းက ဘာမှမဖြစ်ဘဲ အကောင်းပကတိ ရှိနေခြင်းပင်။ သူ၏ ကိုယ်ပေါ်တွင် သော်သော၏ အသက်ငွေ့နှင့် တူညီသော အငွေ့အသက် တစ်ခုက ခပ်ရေးရေး ပေါ်ထွက်နေပြီး သူ၏ နောက်ကျောမှ အနက်ရောင်မီးလျှံများက ရုပ်ခန္ဓာရှိသော အတောင်ပံများ အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
အားကောင်းသော အငွေ့အသက်က ပို၍ပို၍ ပြင်းထန်လာပြီး မီးပေါင်းစည်း အစီအရင်က တဖြည်းဖြည်း ကျယ်ပြန့် လာသည်။ ‘ဘုန်း’ ဟူသော အသံနှင့်အတူ အနီရောင်အလင်းတစ်ခု ကောင်းကင်သို့ တက်သွားပြီး လေထဲရှိ စက်ဝိုင်းပုံ တိမ်တိုက်များက ဧရာမ မီးဇာမဏီ တစ်ကောင်၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲ သွားခဲ့လေသည်။
ထိုမီးဇာမဏီငှက်က မီးလျှံခန်းမကို တစ်ပတ် ပျံဝဲပြီးနောက် မီးအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အောက်ရှိ မိန်းကလေး၏ ကိုယ်ထဲသို့ ပျောက်ကွယ် သွားခဲ့သည်။
သူ၏ အသားအရေသည် နီမြန်းခြင်းမှ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး ထိုနုနယ်သော မျက်နှာလေးပေါ်တွင် အအေးဓာတ်ကြောင့်ဖြစ်နေသော ဖြူဖျော့မှုများ မရှိတော့ဘဲ နီမြန်းသော အသွေးအရောင် ပြန်ရရှိလာသည်။
ဖြစ်စဉ်တစ်လျှောက်လုံး သော်သော်က မျက်လုံးများကို မှိတ်ထားကာ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပြီး နိုးထမလာခဲ့ပေ။ မီးဇာမဏီငှက်က သူ၏ ကိုယ်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားပြီးနောက် မူလ တုန်ယင်မှု တဖြည်းဖြည်း ရပ်တန့်သွား၏။ သူ၏ တစ်ကိုယ်လုံး လုံးဝ ငြိမ်သွားပြီး ပို၍ ချိုမြိန်စွာ အိပ်ပျော်သွားတော့သည်။
“ဒီအစီအရင်က အတော်လေးကို ပြီးပြည့်စုံတယ်။ သော်သော်က အသန့်စင်ဆုံး မီးဒြပ်စင် ဇစ်မြစ်စွမ်းအင်နဲ့ ပေါင်းစပ်ပြီး ဇစ်မြစ်ချိပ်ပိတ်ကို ဖွဲ့စည်း လိုက်နိုင်ပြီ။ အနာဂတ်မှာ အအေးမိတဲ့ လက္ခဏာတွေ ထပ်ပေါ်မှာ မဟုတ်ဘူး။ ပြီးတော့ သွေးမျိုးဆက် နိုးထလာမယ့် အန္တရာယ်လည်း လျော့ကျသွားမယ်။” အော့ခ်မာတွန်၏ အသံက ပင်ပန်း နွမ်းနယ်နေပြီး ဆက်သ်တိုင်းနှင့် ဒယ်ကက်စ်တို့၏ အငွေ့အသက်လည်း များစွာ အားနည်းသွားပုံရသည်။
“ကျေးဇူးတင်ပါတယ်!” ချန်လွေ့က နောက်ဆုံးတွင် သက်ပြင်း တစ်ချက် ချနိုင်တော့သည်။ သူက အားရပါးရ ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှ အလိုလို ကျလာသော မျက်ရည်ကို သုတ်လိုက်၏။
ထိုသို့သော ခံစားချက်မျိုးကို မိဘ မဟုတ်သူများ ခံစားနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူ၏ သမီးလေးမှာ အခြေခံအားဖြင့် ကောင်းမွန်သွားပြီ ဖြစ်သည်။ ယခင်က သူကြုံတွေ့ခဲ့ရသော မည်သည့် ခက်ခဲပင်ပန်းမှု သို့မဟုတ် အန္တရာယ်မဆို တန်ဖိုးရှိသွားလေပြီ။
ကတ်သရင်း၏ နောက်ကျောမှ အနက်ရောင်အတောင်ပံများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ၏ ခန္ဓာကိုယ် ပျော့ခွေပြီး လဲကျသွားရာ ချန်လွေ့ လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူ ချက်ချင်းပင် သူ့ အရှေ့သို့ရောက်သွားပြီး ပွေ့ဖက်ထားလိုက်၏။
“သူ ဘာမှမဖြစ်ဘူး။ ဒီအစီအရင်ကနေ အကျိုးအမြတ် အများကြီး ရလိုက်တယ်။ အဲဒီသွေးမျိုးဆက်စွမ်းအား တဖြည်းဖြည်း ပြန်ကောင်းမွန်လာနေပြီ။ သူက ‘ဇစ်မြစ်’ စွမ်းအားတစ်မျိုးနဲ့ ပိုပြီးနီးစပ်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီစွမ်းအားက ကြီးမားလွန်းတော့ လောလောဆယ် သူ မခံနိုင်သေးဘူး။ အဲဒါကြောင့် မကြာခဏ သတိလစ်သွားလိမ့်မယ်။ တဖြည်းဖြည်းနဲ့ အသားကျ သွားရင်တော့ အဆင်ပြေ သွားလိမ့်မယ်။ ပြီးတာ့ သူ့အစွမ်းကလည်း အများကြီး တိုးတက်လာလိမ့်မယ်။”
ဇစ်မြစ်သွေးမျိုးဆက်စွမ်းအားလား။ ချန်လွေ့က ဒယ်ကက်စ်ထံမှ အလားတူ စကားကို ယခင်က ကြားဖူးသည်။ ၎င်းမှာ အက်စ်မိုဒက်စ်၏ ‘နိဗ္ဗာန်’ ပါရမီကို ရည်ညွှန်းခြင်း ဖြစ်ပေမည်။ မည်သို့ပင် ဖြစ်စေ ၎င်းက အကျိုးရှိပြီး အန္တရာယ် မရှိသည့် ကိစ္စပင်။
“ကျေးဇူးတင်ပါတယ်!” ယနေ့တွင် ချန်လွေ့က အလင်းဘုရင် သုံးပါးအား ထိုစကားနှစ်ခွန်းကို ဒုတိယ အကြိမ် ပြောလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကျေးဇူးတင်စိတ်က သာမန် ယဉ်ကျေးမှု အရ ပြောဆိုခြင်းမျိုးနှင့် လုံးဝမတူပေ။ ကတ်သရင်းက သူ၏အမျိုးသမီးဖြစ်ပြီး သော်သော်သည် သူ၏သမီး ဖြစ်သည်။ ဇနီးနှင့် သားသမီးတို့က ပြည့်စုံသော အိမ်ကို ဖွဲ့စည်းပေးပြီး သူ၏မိသားစုမှာ ဘဝတွင် အရေးအကြီးဆုံး အဓိပ္ပာယ်ပင်။
“ယဉ်ကျေးစရာ မလိုပါဘူး။ နောက်ပိုင်း မင်းအကူအညီကို ငါတို့ အားကိုးရဦးမှာ။” အော့ခ်မာတွန် အားနည်းစွာ ရယ်မော လိုက်သည်။ “စကားရှည်မနေနဲ့တော့။ ငါ ခဏ နားလိုက်ဦးမယ်။ ဒီနှစ်ကောင်က ပိုပြီးကောက်ကျစ်တယ်။ နှစ်ယောက်လုံး ခိုးပြီးတော့ စွမ်းအင် ပြန်ဖြည့်နေကြတာ။ မီးလျှံခန်းမထဲမှာတော့ သူတို့ထက် အရင် ငါ ပြန်ကောင်းလာမှာ သေချာတယ်။”
မီးဒြပ်စင်ဘုရင် ဆိုတဲ့အတိုင်းပဲ ဒီလို ကိစ္စကိုတောင် အနိုင်ရမှ။
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး များများစားစား မပြောတော့ပေ။ သူက ဒယ်ကက်စ်နှင့် အော့ခ်မာတွန်တို့အတွက် အလင်းဇစ်မြစ် အပိုင်းအစနှင့် မီးဇစ်မြစ် အပိုင်းအစတို့ကို ယူလာခဲ့သော်လည်း ဒြပ်စင် ဘုရင်များအတွက် ဇစ်မြစ် အပိုင်းအစ၏ အစစ်အမှန် အဓိပ္ပာယ်ကို သူ နားမလည်ခဲ့ပေ။ ဇစ်မြစ်အပိုင်းအစက သူတို့နှင့် ပြုလုပ်သော အရောင်းအဝယ် တစ်ခုထက် ပိုနေ၏။ မည်သို့ပင်ဖြစ်စေ ထိုကျေးဇူးတရားကို သူ၏ နှလုံးသားထဲ မှတ်သားထားလိုက်သည်။ အနာဂတ်တွင် အခွင့်အရေးရပါက သူကျိန်းသေ ပြန်လည် ပေးဆပ်ပေမည်။
နောက်တစ်နေ့တွင် ချန်လွေ့က မီးလျှံနေမီးတောင်မှ ထွက်ခွာသွားပြီး [ကြယ်ဂိတ်]မှတစ်ဆင့် နတ်ဆိုးဘုံသို့ တိုက်ရိုက် ပြန်လာခဲ့သည်။ သူက ကြယ်ကြွေတမန်အင်ပါယာသို့ မသွားဘဲ အရိပ်နက် အင်ပါယာ၏ ကြယ်အမှတ်သို့ သွားခဲ့သည်။
ကတ်သရင်းက အရိပ်နက် အင်ပါယာမှ ထွက်ခွာလာသည်မှာ အတော်ကြာခဲ့ပြီ။ ဧကရီတစ်ပါး အနေဖြင့် အရေးကြီးသော စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများကို လီလစ်ဇ်နှင့် ဖရန့်ဇ်တို့အား တာဝန်လွှဲအပ် ထားသော်လည်း သူက အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေ၍ မဖြစ်ပေ။ ယခုတွင် သော်သော်၏ ပြဿနာမှာ အခြေခံ အားဖြင့် ဖြေရှင်းပြီး ဖြစ်ရာ သူက အမြန်ဆုံး ပြန်လာရမည်ဖြစ်သည်။
ကတ်သရင်းနှင့် သော်သော်အပြင် နောက်ထပ် လူတစ်ဦးမှာ ရက်ဂီယာပင်။
အမှောင်အကျဉ်းထောင် သဲကန္တာရရှီ ယခင် အတွေ့အကြုံကြောင့် ရက်ဂီယာ ချန်လွေ့အား လုံးလုံးလျားလျား ကြည်ညို လေးစားသွားခဲ့သည်။ ချန်လွေ့က မိမိ ကိုယ်ကို နတ်ဆိုးဘုံမှ ဖြစ်ကြောင်းနှင့် နတ်ဆိုးဘုံသို့ သွားမည် ဖြစ်ကြောင်း ပြောခဲ့သော်လည်း သူက ‘မင်းသမီးလေး အတွက် အရေးအကြီးဆုံးလူ’ ဖြစ်သော ချန်လွေ့နောက်သို့ လိုက်ရန် သန္နိဋ္ဌာန် ချထားခဲ့သည်။
ဂျင်မ်လေး အတွက်မူ ချန်လွေ့က ငွေပမာဏတစ်ခု ချန်ထားခဲ့ပြီး သူ၏ ဒုက္ခများကို ရှင်းလင်းပေးခဲ့ပြီး ဖြစ်သည်။ ဂျင်မ်လေး၏ ပါးနပ်မှုနှင့် ဆိုလျှင် နေထိုင်ရန် ပြဿနာ မရှိလောက်ပေ။ အမှန်တွင် ရက်ဂီယာ၏ နောက်ကြောင်း ရာဇဝင်နှင့် ဂျင်မ်လေးနှင့် အလွန်အကျွံ ပတ်သက်မိပါက သူ့ကို ထိခိုက်စေ နိုင်သောကြောင့် ထိုအချိန်တွင် ‘ဖေဖေကြီး လားလ်’သည် အမှောင်အကျဉ်းထောင် သဲကန္တာရသို့ သွားပြီး ‘ထာဝရ ပျောက်ဆုံး’ သွားခဲ့ရလေ၏။
ရက်ဂီယာအစွမ်းက မဟာနတ်ဆိုး ဘုရင် အထွတ်အထိပ်မျှသာ ဖြစ်ပြီး နတ်ဆိုးဧကရာဇ် အဆင့်အစွန်းကို ထိရုံမျှ ဖြစ်သည်။ သို့သော် သူက တိမ်စီးနင်း မိသားစု၏ ထိပ်တန်းတော်ဝင် နည်းပြ တစ်ဦး ဖြစ်သည်။ သူက စစ်ရေးဗျူဟာ၊ ဗဟုသုတ၊ နက္ခတ္တဗေဒ၊ ပထဝီဝင်၊ ရာဖြတ်၊ ဆေးဖက်ဝင် အပင်ပညာနှင့် အခြား ‘အထွေထွေအနုပညာ’ များကို ကျွမ်းကျင်ပြီး ထိပ်တန်းအရည်အချင်းရှိသူ တစ်ဦးဖြစ်သည်မှာ သေချာ၏။
ကတ်သရင်းက ထိုအရည်အချင်းကို တစ်ချက်မြင်ရုံဖြင့် သဘောကျသွားသည်။ စကားပြောကြည့်ရာ ရက်ဂီယာက မျက်နှာလွှားနှင့် ထိုလျှို့ဝှက် ဆန်းကြယ်သည့် ‘မဒမ်’ ၏ ဉာဏ်ပညာနှင့် ဗဟုသုတကို လုံးဝ အထင်ကြီး သွားခဲ့သည်။ သို့သော် ကတ်သရင်းက ရက်ဂီယာအား အရိပ်နက် အင်ပါယာသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ရာ မမျှော်လင့်ဘဲ ငြင်းပယ်ခြင်းခံခဲ့ရသည်။
မည်သို့ပင် ဆိုစေကာမူ သူသည် တိမ်စီးနင်း တော်ဝင်မိသားစုအား သစ္စာစောင့်သိသော အုပ်ထိန်းသူတစ်ဦး ဖြစ်ပြီး ဗာရီုနီကာနှင့် ‘အမြင့်ဆုံး အုပ်ထိန်းသူ’ ချန်လွေ့မှလွဲ၍ မည်သည့် အဖွဲ့အစည်းကိုမျှ သစ္စာခံတော့မည် မဟုတ်ပေ။
သို့သော် ရက်ဂီယာက နတ်ဆိုးဘုံရှိ ထိပ်တန်းပညာရှိ၏ ကောက်ကျစ်မှုကို... အဲ... ဉာဏ်ပညာကို လျှော့တွက်မိခဲ့၏။
ခဏအကြာ...
“မင်းသမီးလေး!” ထိုအရာမှာ ရက်ဂီယာက ဗာရိုနီကာ၏ ဝိညာဉ်ပုံရိပ်ကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပြီး သူက အလွန် စိတ်လှုပ်ရှားနေဆဲပင်။
“ဆရာ ရက်ဂီယာ...” ဗာရိုနီကာက တည်ကြည်စွာ ပြောလိုက်လေသည်။ “ဆရာက ထူးချွန်ပြီးတော့ အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးပါ။ ကံမကောင်းစွာနဲ့ တိမ်စီးနင်းအင်ပါယာက ကျဆုံးသွားပြီး အသုံးမဝင်တော့ပါဘူး။ ကျွန်မ အမြဲတမ်း စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ အစ်မ ကတ်သရင်းက နတ်ဆိုးဘုံရဲ့ ထိပ်တန်း ဧကရီတစ်ပါး ဖြစ်ပြီးတော့ ထိပ်တန်း ပညာရှိ တစ်ဦးလည်း ဟုတ်တယ်။ သူက လူတွေကို အကောင်းဆုံး အသုံးချ တတ်တယ်။ ဆရာ့ရဲ့ အကောင်းဆုံး စွမ်းရည်တွေကို ထုတ်သုံးနိုင်မယ့် နေရာ တစ်ခုကို သူ ကျိန်းသေ ပေးနိုင်လိမ့်မယ်။ ဒီလိုဆိုရင် ကျွန်မ စိတ်အေးရပါပြီ။”
ရက်ဂီယာ မျက်မှောင်ကြုတ်လိုက်၏။ “ဒါပေမဲ့ မင်းသမီးလေး...”
“ဒါက ကျွန်မရဲ့ အမိန့်ဆိုရင်ရော..”
ရက်ဂီယာက ဗာရိုနီကာမှာ သူ၏ အကျိုးအတွက် လုပ်ဆောင်နေကြောင်း သိသောကြောင့် ခေါင်းငုံ့လိုက်လေသည်။ “ဒါဆိုရင်တော့ ကျုပ် နာခံရုံပဲ ရှိပါတယ်။”
ကတ်သရင်းက အနည်းငယ် ပြုံးလိုက်လေသည်။ “ဒါဆိုရင်တော့ ဒီလို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက အရိပ်နက် အင်ပါယာအတွက် အမှုထမ်း တာကို ကျွန်မ အတော်လေး ဝမ်းမြောက် မိပါတယ်။ ဒါပေမဲ့ ‘အမှုထမ်းခြင်း’ပဲ ဖြစ်ပြီး ‘သစ္စာခံ’တာတော့ မဟုတ်ပါဘူး။”
“ဘာများ ကွာခြားလို့ပါလဲ..”
“ရှင့်ရဲ့ သစ္စာစောင့်သိမှုက အမြဲတမ်း ဗာရိုနီကာ ဒါမှမဟုတ် အမြင့်ဆုံး အုပ်ထိန်းသူအပေါ်မှာပဲ ရှိနေမှာလေ။”
ကတ်သရင်းက ချန်လွေ့အား ပြုံး၍ တစ်ချက်ကြည့်လိုက်၏။ “အမှုထမ်းတာ အတွက်ဆိုရင်တော့ ရှင်က ကျွန်မကို အမှုထမ်းဖို့ မသင့်တော်တဲ့လူလို့ ထင်ရင် ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်မက ရှင့်ရဲ့ အရည်အချင်းတွေကို အမှန်တကယ် ထုတ်သုံးခွင့်မပေးဘူးလို့ ယူဆရင်ပဲ ဖြစ်ဖြစ်၊ အချိန်မရွေး ထွက်ခွာသွားလို့ ရပါတယ်။ ကျွန်မ အတင်းအကျပ် တားဆီးမှာ မဟုတ်ပါဘူး။”
ဗာရိုနီကာက ရက်ဂီယာကို ခေါင်းညိတ်ပြလိုက်သည်။ ရက်ဂီယာက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ကတ်သရင်းအား ဦးညွှတ်လိုက်သည်။ “ဒါဆိုရင်တော့ အရှင်မရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်။”
ဗာရိုနီကာသည် ပြုံးလိုက်ပြီး သူ၏ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။
ကတ်သရင်း၏ နှုတ်ခမ်းများက မျက်နှာလွှားနောက်ကွယ်မှ လှုပ်သွားပြီး စကားအချို့က ရက်ဂီယာ၏ နားထဲတွင် ပဲ့တင်ထပ်သွားဟန်တူ၏။ ကတ်သရင်း အစွမ်းနှင့်ဆိုလျှင် ချန်လွေ့ တမင်တကာ နားစွင့်ခြင်း သို့မဟုတ် [ဓူဝံကြယ် အသွင်ပြောင်းခြင်း]ကို မသုံးခဲ့ပါက ထို‘အသံ’ကို ကြားနိုင်မည် မဟုတ်ပေ။
စကားအနည်းငယ်ဖြင့် ရက်ဂီယာ၏ မျက်လုံးများ အရောင် တောက်လာပြီး ကတ်သရင်းအား လေးနက်စွာဖြင့် ဦးညွှတ်လိုက်တော့သည်။ “အရှင်မကို ကျေးဇူးတင်ပါတယ်။ ကျုပ် အရှင်မကို သစ္စာစောင့်သိမှုနဲ့ အရည်အချင်းတွေနဲ့ ပြန်ပေးဆပ်ပါ့မယ်။”
“ကောင်းပြီ။ တာဒီလာ!”
“အရှင်မ။” တာဒီလာ၏ ပုံရိပ်က ခန်းမဆောင် တံခါးဝတွင် ပေါ်လာ၏။
“အရင်ဆုံး မိတ်ဆက် ပေးပါရစေ။ ဒီပုဂ္ဂိုလ်က လူသားလောကက တော်ဝင် နည်းပြ ရက်ဂီယာပဲ။ အင်ပါယာ ကောလိပ်ရဲ့ ကျောင်းအုပ် အသစ်လည်း ဟုတ်တယ်။ တာဒီလာ။ သူ့ကို အင်ပါယာရဲ့ ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လိုက်ပြလိုက်။ ပြီးရင် သက်ဆိုင်ရာ ကိစ္စအားလုံး စီစဉ်ပေးပါ။ တရားဝင် ခန့်အပ်လွှာကို မကြာခင် ကြေညာမယ်။”
“အမိန့်အတိုင်းပါ! ဆာ-ရက်ဂီယာ။ ကျုပ်နဲ့ လိုက်ခဲ့ပါ။”
ရက်ဂီယာ ထွက်သွားပြီးနောက်တွင် ကတ်သရင်းက အားလပ်ရက်ယူနေသော လီလစ်ဇ်ကို ခေါ်လိုက်သည်။ သူက လီလစ်ဇ်အား သော်သော့်ကို အရိပ်နက် အင်ပါယာ၏ မြို့ပြင်ရှိ ရေကန်ကြည်သို့ ခေါ်သွားရန် ပြောသည်။ သော်သော်က ထိုနေရာကို အတော်လေး နှစ်သက်ပြီး အရိပ်နက်အင်ပါယာသို့ ပြန်ရောက်လျှင် ထိုသို့ သွားချင်ကြောင်း ပူဆာနေခဲ့သည်။ ကတ်သရင်း ကိုယ်တိုင်မှလွဲ၍ ထိုကိစ္စကို သူ့အား ငယ်စဉ်က ပြုစုစောင့်ရှောက် ခဲ့သော လီလစ်ဇ်သာလျှင် လုပ်ဆောင် ပေးနိုင်သည်။
သော်သော်အား ဝက်ခေါင်းနှင့် ပတ်သက်သော အရာတစ်ခုခု အနားသို့ မသွားစေရန် စကား အနည်းငယ် မှာကြားပြီးနောက် လီလစ်ဇ်က အမိန့်ကို ဆောင်ရွက်ရန် ထွက်ခွာသွားခဲ့သည်။
“ကြင်ရာတော်မင်းသား။ ဘာများ ပြောစရာ ရှိလဲ မသိဘူး။” ကတ်သရင်း မျက်တောင်တစ်ချက်ခတ်ပြီး ချန်လွေ့ထံ လျှောက်သွားသည်။
“ကိုယ်က ဘာများ ပြောနိုင်မှာလဲ။ ကိုယ့်မျက်စိရှေ့မှာတင် လူခိုးခံရတယ်လို့ စွပ်စွဲရမှာလား။ ဗာရီုနီကာကို အသုံးချ ပြီးတော့တောင် ပြဿနာကို ဖြေရှင်း သွားခဲ့သေးတယ်။” ချန်လွေ့ ပခုံးတွန့် လိုက်သည်။
ကတ်သရင်းက ပြုံး၍ ပြောလိုက်၏။ “တကယ်တော့ အင်ပါယာကောလိပ်ရဲ့ အသက် သွေးကြောကို ရှင်ကပဲ ထိန်းချုပ် ထားတာပါ။ ဗာရီုနီကာက စကား တစ်ခွန်း ပြောလိုက်ရုံနဲ့ ရက်ဂီယာက ရှင့်လူ ပြန်ဖြစ်သွားမှာ မဟုတ်ဘူးလား။”
“ဘာကို ကိုယ့်လူလဲ...” တူညီသော စကား ဖြစ်သော်လည်း ကတ်သရင်း၏ အထူးအသံနေအသံထားကြောင့် ချန်လွေ့ ပြောစရာမဲ့သွား၏။ ငါတို့က လိင်တူ ကြိုက်သူတွေ မဟုတ်ဘူး။ ဟုတ်ပြီလား။
“ကြည့်ရတာ အင်ပါယာ ကောလိပ်ရဲ့ ကျောင်းအုပ်ကြီး အရိပ်နက် အင်ပါယာမှာ ဆက်နေဖို့ ကြင်ရာတော် မင်းသားကို လာဘ်ထိုးရမယ့်ပုံပဲ။”
“... လာဘ်ထိုးမယ် ဟုတ်လား။”
ဧကရီက မျက်နှာလွှားကို မတင်ပြီး ချန်လွေ့၏ ရှေ့တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ ခါးပတ်ကို လှမ်းကိုင် လိုက်သည်။
“ဟေး ဟေး... ကိုယ့်တို့က နန်းတော် ခန်းမထဲမှာ ရှိနေတုန်းနော်။”
“ကျွန်မရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ ဝင်လာရဲမှာ မဟုတ်ဘူး။” ဧကရီ၏ လက်များက အတော် ကျွမ်းကျင်လှသည်။ မျက်စိတစ်မှိတ်အတွင်း ပစ္စည်းတစ်ခူက လေထုထဲတွင် ပေါ်လာတော့သည်။
“ရှင့်ရဲ့ တုံ့ပြန်မှုက ပုံမှန်ထက် ပိုပြီးတော့ ပြင်းထန်နေပုံပဲ... အပြော တစ်မျိုး လုပ်ရပ်တစ်မျိုးနဲ့ လူသား။”
ထို့နောက်တွင် ဧကရီက စကား မပြောတော့ပေ။ အချိန်မရှိ၍ပင်။
လူသားတစ်ဦး သက်တောင့်သက်သာ ဖြစ်သွားပြီး တုန်ယင်သွား၏။
ကောင်းပြီလေ။ ငါက အပြောတစ်မျိုး လုပ်ရပ်တစ်မျိုးပဲ။ ချစ်ရတဲ့ ဧကရီက ဒီလို ‘လာဘ်ထိုး’မျိုး သုံးတာထက် ပိုပြီးတော့ သက်တောင့်သက်သာ ရှိစေတာ ဘာများ ရှိဦးမလဲ။
ထိုသို့ဖြင့် ချန်လွေ့က အရိပ်နက် အင်ပါယာတွင် စိတ်အေးလက်အေးဖြင့် (၁၀)ရက်ကျော် နေထိုင်ခဲ့သည်။
ကတ်သရင်းက မီးလျှံခန်းမရှိ မီးလျှံ ပေါင်းစည်း အစီအရင်မှ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့လေသည်။ သော်သော်က သူ့ကိုယ်ထဲ ချန်ထားခဲ့သော အထူး သွေးမျိုးဆက်စွမ်းအားက စတင် ထွက်ပေါ်လာပြီး သူ၏ အစွမ်းက နတ်ဘုရားတစ်ပိုင်း အဆင့် ကနဦးပိုင်းမှ အထွတ်အထိပ် အဆင့်သို့ ခုန်တက် သွားခဲ့သည်။
သို့သော် တစ်ဖက်တွင်မူ အစွမ်းများ သိသိသာသာ တိုးတက်လာရာ ထိန်းချုပ် မရသော အခြေအနေများ မကြာခဏ ဖြစ်ပေါ်လာတတ်သည်။ ထိုအရာမှာ နောက်ပြောင်စရာ မဟုတ်ဘဲ အလွန် အန္တရာယ်များသော အခြေအနေတစ်ခု ဖြစ်၏။
ဥပမာအားဖြင့် အစာစားချိန်တွင် သူ မတော်တဆဖြစ်ပါက စားပွဲ တစ်ခုလုံး ကြေမွသွားနိုင်သည်။ ကတ်သရင်းက သော်သော်ကိုပင် မပွေ့ဖက် ရဲတော့ပေ။
ပုံမှန်အခြေအနေတွင် ထိုအရာမှာ အချိန်ကြာမြင့်စွာ လေ့ကျင့်ထိန်းချုပ်ရန် လိုအပ်သည်။ ကံကောင်းစွာပင် စူပါစနစ်၏ လေ့ကျင့်ရေးကွင်းတွင် အဆ ၁၀၀၀ ရှိသော အချိန်ဥပဒေသရှိသည်။ ထိုနေရာတွင် ကတ်သရင်း၏ စွမ်းအင် ထိန်းချုပ်မှုက တစ်ဆင့်ပြီး တစ်ဆင့် အားကောင်းလာခဲ့သည်။
ထို့အပြင် နောက်ထပ် လေ့ကျင့်ရေး နည်းလမ်းတစ်ခု ရှိသေးသည်။ ၎င်းမှာ [နှစ်မွှာလေ့ကျင့်ခြင်း]ပင်။
[နှစ်မွှာလေ့ကျင့်ခြင်း]သည် မူလက ‘ကာမနှင့်ဘဝလေ့ကျင့်ခြင်း’၏ လျို့ဝှက်နက်နဲသော အဓိပ္ပာယ် ဖြစ်ပြီး အဓိက လုပ်ဆောင်ချက်မှာ စူပါစနစ်၏ ကျွမ်းကျင်မှုများ၏ စွမ်းအားကို နှစ်ဆ တိုးစေရန် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ‘အဓိကလုပ်ဆောင်ချက်’မှာ အလိုလို ဖြစ်နေရာ ‘ဖြည့်စွက်လုပ်ဆောင်ချက်’ကို ပိုမို ကျယ်ပြန့်စွာ အသုံးပြုကြလေ၏။ ချစ်တင်းနှောခြင်းမှတစ်ဆင့် စွမ်းအင်ကို ပိုလွယ်ကူစွာ စုစည်းအသုံးပြုနိုင်ခြင်းပင်။
လက်တွေ့လေ့ကျင့်မှု အများအပြား မှတစ်ဆင့် ထိုလုပ်ဆောင်ချက်က သလင်းကျောက် မောင်းမဆောင်၏ အံ့ဖွယ်ကျွမ်းကျင်မှု တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ပုံမှန်အားဖြင့် အစွမ်း မြင့်မားလေလေ၊ စွမ်းအင်ကို သန့်စင်ရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ခြင်း အမည်ခံကာ ချစ်တင်းနှောနိုင်ပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်သည်ဟု ဆိုနိုင်ပေသည်။ ထိုအရာက အမှန်တကယ် အံ့ဩဖွယ် ကောင်းလှသည်။
အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ ‘ရမ္မက်’သည် အလကားသက်သက် ဘွဲ့ထူး မဟုတ်ပေ။ အက်စ်မိုဒက်စ် တော်ဝင် မိသားစု၏ အသိပညာတွင် ချစ်သူနှင့် အိပ်ရာထက် ပျော်ပါးခြင်းက မှန်ကန်သော အရာ ဖြစ်သည်။ အခြေခံအားဖြင့် ပုံစံ မျိုးစုံကို လက်ခံနိုင်ပြီး နှစ်ဦးနှစ်ဖက်စလုံး
ကျေနပ်မှု ရနိုင်ခြင်းက အကောင်းဆုံးပင်။
နှစ်ဦးစလုံး ဧကရီများ ဖြစ်သော်လည်း ကတ်သရင်းက ထိုကိစ္စတွင် ရှီရာထက် ပိုပွင့်လင်းသည်။ ၎င်းက လူသားတစ်ဦးကို အကျိုး ဖြစ်ထွန်းစေခဲ့သည်။ ချန်လွေ့က ပုံမှန်ပြောနေကျ ‘ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်က မင်း တစ်ယောက်တည်းလို့ ကိုယ် ထင်တယ်’ ဟူ၍ ပြောမပြီးခင်ပင် ဧကရီက သူ့ကို တွန်းလှဲလိုက်တော့သည်။