ဆရာမ ဖိုက်သွန်
Vol. 69 Ch. 1106
သုံးရက်အကြာ ချန်လွေ့က အရိပ်နက် အင်ပါယာမှ ထွက်ခွာခဲ့သော်လည်း အမှောင်လသို့ မပြန်သေးဘဲ အခြားသော ကြယ်အမှတ် တည်ရှိရာ နေရာသို့ ဝင်ရောက်သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေပင်။
ထိုနေ့က ဉာဏ်ပညာ နန်းတော်၌ ဗာရိုနီကာနှင့် သူက အမှန်တကယ် ကာမ ဆက်ဆံခြင်း မပြုခဲ့ကြပေ။ ထိုအရာက ပေါင်းစပ်ခြင်း အစိတ်အပိုင်း တစ်ခု ဖြစ်သည်မှာ မှန်သော်လည်း ၎င်းက အရင်းနှီးဆုံး အဆင့်တစ်ခုသာ ဖြစ်၏။
အစစ်အမှန် ဝိညာဉ် ပေါင်းစပ်ခြင်း၌ လက်ချင်း ဆုပ်ကိုင်ခြင်း၊ တစ်ဦး၏ စိတ်စွမ်းအားကို တစ်ဦးက ခံစားခြင်းနှင့် ပေါင်းစပ်ခြင်းကဲ့သို့သော အဆင့်များစွာ ပါဝင်လေသည်။ ထိုကဲ့သို့သော ပေါင်းစပ်မှုမျိုးက အာရုံထွေပြားမှုများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ရန် လိုအပ်၏။ ထိုမှ ရရှိသော ခံစားမှုကလည်း သာမန်ထိတွေ့မှုထက် အဆပေါင်းများစွာ သာလွန်ပြီး စိတ်ဝိညာဉ် လေ့ကျင့်မှု အချို့၏ အကျိုးသက်ရောက်မှုမှာလည်း နှစ်ဆတိုးလာမည် ဖြစ်သည်။
သိဒ္ဓိအလင်းတောင်၌ ချန်လွေ့အား ဖန်တီးခြင်း အရင်းအမြစ်ကို နားလည် သဘောပေါက်စေရန် ဖိုက်သွန်က ဝိညာဉ် ပေါင်းစပ်ခြင်းကို အသုံးပြုခဲ့သည်မှာ ထိုအကြောင်းကြောင့်ပင်။ ထိုအချိန်က သူတို့ နှစ်ဦးလုံးတွင် ကိုယ်ပိုင် အကြံအစည်များ ရှိနေခဲ့ကြသော်လည်း ဝိညာဉ် ပေါင်းစပ်ခြင်း၌မူ ထိုသို့သော ဝိညာဉ် အပြန်အလှန် ဆက်သွယ်မှုကို ဟန်ဆောင်၍ မရနိုင်ခဲ့ပေ။ ဖိုက်သွန်နှင့် ချန်လွေ့တို့၏ ဝိညာဉ် ပေါင်းစပ်မှုသည် အခြေခံတွင်သာ ရှိခဲ့ပြီး အရင်းနှီးဆုံး အဆင့်နှင့်မူ များစွာ ကွာခြားလှပေသည်။
ဗာရိုနီကာ၏ ဝိညာဉ်နှင့် ပေါင်းစပ်ခြင်း မှာမူ ဖိုက်သွန်နှင့် အခြေအနေ လုံးဝ ကွဲပြားလှသော စိတ်ရော ကိုယ်ပါ ပေါင်းစပ်ခြင်းဟု ဆိုနိုင်ပေသည်။
ထိုသို့ သာယာကြည်နူးမှုမှာ အဆပေါင်း များစွာ သာလွန်လှ၏။
ဖိုက်သွန် ပြောခဲ့တာ အမှန်ပဲ။ ဗာရိုနီကာရဲ့ ဝိညာဉ်က အတော်လေးကို ထူးခြားတယ်။ ပွေ့ဖက်တာ၊ လက်ဆွဲ နှုတ်ဆက်တာလိုမျိုး အခြေခံအဆင့် ပေါင်းစပ်မှု ဖြစ်ပေမဲ့ ပေါင်းစပ်လေ့ကျင့်မှု အကျိုးသက်ရောက်မှုက စိတ်ကူးထက် အများကြီး သာလွန်နေတယ်။ ငါ့ရဲ့ ဝိညာဉ်နှင့် စိတ်စွမ်းအားတင် မကဘူး။ ယုံကြည်မှု စွမ်းအားပါ တဖြည်းဖြည်း သန့်စင်လာတယ်။ ဒါက မကြုံစဖူး ဖြစ်ရပ်ဆန်းတစ်ခုပဲ။
အစပိုင်းရလဒ်များမှာ ထင်ထင်ရှားရှား မရှိသေးသော်လည်း ဗာရိုနီကာက ဝိညာဉ် ပေါင်းစပ်ခြင်း စွမ်းအားကို ကျွမ်းကျင် လာပြီး နှစ်ဦးသား ပိုမို၍ ပေါင်းစပ် လာသည်နှင့်အမျှ လေ့ကျင့်မှု၏ အကျိုး ကျေးဇူးများမှာ ပိုမို ထင်ရှားလာမည် ဖြစ်သည်။ ထိုအခါ စွမ်းပကားအမျိုးမျိုး၏ အာနိသင်လည်း များစွာ တိုးတက်လာမည် ဖြစ်ပြီး ယုံကြည်မှု စွမ်းအား ပါဝင်သော တိုက်ကွက်များ၏ အစွမ်းသည်လည်း အဆများစွာ တိုးတက်လာမည် ဖြစ်သည်။ အထူးသဖြင့် [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ကဲ့သို့သော ယုံကြည်မှု တိုက်ကွက်ကြီး များတွင် ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ ဗာရိုနီကာက ကြာရှည်စွာ တောင့်တခဲ့သော ဆန္ဒကို ရရှိခဲ့လေပြီ။ ဖိုက်သွန်၏ စကားကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သလို ရက်ဂီယာ၏ မပြောပလောက်သော အစိတ်အပိုင်းပင် ပါဝင်ကြောင်း သူ ကောင်းစွာ သိသည်။ အရေးကြီးဆုံးအချက်မှာ ကတ်သရင်းပင်။
ကတ်သရင်း၏ နောက်ဆုံးသော ဆုံးဖြတ်ချက်သာ မရှိခဲ့ပါက သူတို့ နှစ်ဦးကြားမှ ပါးလွှာသော နယ်နိမိတ် စည်းကို အနာဂတ်တွင် ချိုးဖျက်နိုင်မည် ဖြစ်သော်လည်း မည်သည့် အချိန်မှန်း သိနိုင်မည် မဟုတ်ပေ။
သူက ဧကရီအရှင်မ၊ နတ်ဘုရားမကို အလွန် ကျေးဇူးတင်မိသည်။ ဗာရိုနီကာ၏ တောင်းဆိုမှုအရ ချန်လွေ့က ကနဦး တွေ့ဆုံမှုမှလွဲ၍ စူပါစနစ် အထဲသို့ မဝင်ရောက်ခဲ့ပေ။ သူက နောက်ဆုံး သုံးရက်တာ ကာလကို ကတ်သရင်းနှင့် အတူ စိတ်ရောကိုယ်ပါ ကုန်ဆုံးခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ကတ်သရင်းက အင်ပါယာ တစ်ခု၏ အုပ်ချုပ်သူဖြစ်ရာ ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် အမြဲ နစ်မျောနေရန် မဖြစ်နိုင်ပေ။ ချန်လွေ့က ချစ်မြတ်နိုးရသော ဧကရီ အရှင်မကို နောက်ဆုံးတွင် နှုတ်ဆက်ခဲ့လေသည်။ ကတ်သရင်းက မီးပေါင်းစည်း အစီအရင်မှ ရရှိခဲ့သော သွေးမျိုးဆက် စွမ်းအားကို အပြည့်အဝ မကျွမ်းကျင် သေးသည့် အတွက်ကြောင့် သူ ထိန်းချုပ်မှု လွတ်သွားသည့်အခါ သမီးဖြစ်သူအား အန္တရာယ် ဖြစ်စေမည်ကို စိုးရိမ်မိသည်။ ထို့အပြင် သော်သော်ကလည်း အဖေနှင့် မခွဲချင်ဟု ငြင်းသောကြောင့် ချန်လွေ့က သော်သော်ကို ခေါ်သွားခဲ့၏။ မည်သို့ပင် ဖြစ်စေကာမူ အရိပ်နက် အင်ပါယာ၏ ကြယ်အမှတ် ရှိနေသဖြင့် သူက သမီး ဖြစ်သူကို အမေနှင့်တွေ့ရန် အချိန်မရွေး ပြန်ခေါ်လာနိုင်သည်။
စူပါစနစ်၏ စိတ်ဝိညာဉ်ကွင်းဆက်ကို ပြန်လည် ရုပ်သိမ်းနိုင်သော်လည်း ကြယ်တစ်ပွင့် အဆင့်မြှင့်တင်ပြီးနောက် ချိတ်ဆက်မှုကို ဖျက်သိမ်းလိုက်ပါက ထိုအဆင့်မြှင့်တင်မှုသည် ကျိန်းသေ ပျောက်ကွယ်သွားမည် ဖြစ်ပြီး အခြား မသိနိုင်သော အကျိုးဆက်များလည်း ရှိလာနိုင်သည်။ စူပါစနစ်၏ နတ်ဘုရား ဖြစ်လာရန် ကြယ်နှစ်ပွင့်အဆင့်မြှင့်တင်မှု အောင်မြင်ပြီးနောက်တွင်မူ ထိုသူက စူပါစနစ်နှင့် ခိုင်မြဲစွာ ‘ချည်နှောင်’ခြင်း ခံရမည်ဖြစ်သည်။
မူလက ချန်လွေ့သည် သမီးဖြစ်သူ၏ အနာဂတ် လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်ရေးကို ထည့်သွင်းစဉ်းစားခဲ့၏။ လူသား လောကသို့ ခရီးစဉ်အတွင်း သောသော်တွင် အစွမ်းထက်သော သွေးမျိုးဆက် စွမ်းအား ရှိနေကြောင်းကို သိရှိခဲ့သောကြောင့် သူက သမီးဖြစ်သူ အပေါ်တွင် စူပါစနစ်၏ စွမ်းအားကို အသုံးမပြုခဲ့ပေ။
သော်သော် အိပ်ပျော်နေစဉ် ချန်လွေ့က သူ့ကို ကျက်သရေ မျှော်စင်ထဲတွင် ထားခဲ့သည်။ လိုမမည်ရ တွေးကာ ထိုကလေးမလေး ကြိုက်နှစ်သက်သော မုန့်များနှင့် ကစားစရာ အပုံကြီးကိုလည်း ထည့်ထားပေးခဲ့သည်။
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ဝင်ရောက်လိုက်သည်နှင့် သူသည် အားကောင်းသော ကွင်းဆက်အာရုံကို ချက်ချင်း ခံစားလိုက်ရသည်။ လူတိုင်း ထိုအနီးအနားတွင် ရှိနေကြပုံရသည်။
မကြာမီမှာပင် ချန်လွေ့က စုရပ်၌ အချိန် အတော်ကြာ မတွေ့ခဲ့ရသော မိတ်ဆွေများကို တွေ့လိုက်ရသည်။
လူတိုင်း မြေပြင်ပေါ်တွင် စုဝေး ထိုင်နေကြပြီး လူတစ်ဦး၏ စကားကို ဂရုတစိုက် နားထောင် နေကြသည်။ ထိုသူမှာ အခြားသူဟုတ် ဖိုက်သွန်ပင်။
ချန်လွေ့ ရောက်ရှိ လာခြင်းက လူတိုင်းကို အံ့အားသင့် စေခဲ့ပြီး အထူးသဖြင့် ပါ့ဂ်လီအိုပင် ဖြစ်သည်။ သူက ချန်လွေ့ကို ကယ်တင်ရှင် တွေ့လိုက်ရသလို ကြည့်လိုက်သည်။ “သခင် ချန်လွေ့။ နောက်ဆုံးတော့ ရောက်လာပြီပဲ...” သခင်ချန်လွေ့မှာ ခေတ္တမျှ ကြောင်သွား၏။ ဒီကောင် ငါ့ကို ဘာဖြစ်လို့ ဒီလိုမျိုး အသုံးအနှုန်းနဲ့ ခေါ်နေရတာလဲ။
“ဆာ...” ဖိုက်သွန်က ချန်လွေ့ကို အနည်းငယ် အရိုအသေပြုလိုက်ပြီးနောက် တဖြည်းဖြည်း မတ်တပ်ထရပ်လာသော လူများထံသို့ အကြည့်ရောက်သွားသည်။ “ရှင်တို့အားလုံး နားမထောင်ချင်တော့ဘူး ဆိုရင် ကျွန်မလည်း အချိန်ဖြုန်းပြီး စကားတွေ ထပ်မပြောတော့ပါဘူး။”
ထိုစကားကို ကြားရာ ဇိုလာ အပါအဝင် လူတိုင်း ပြန်ထိုင်လိုက်သည်။ ချန်လွေ့က လူတိုင်း ထိုမျှလောက် အလေးအနက် ထားနေကြကြောင်းကို ရှားရှားပါးပါး မြင်လိုက်ရာ ဖိုက်သွန်ကို ချက်ချင်းပင် ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ပရိသတ်တစ်ယောက် ထပ်တိုးလာလို့ ရနိုင်မလား မသိဘူး။”
ဖိုက်သွန်က ခေါင်းညိတ်ပြလိုက်သည်။ ချန်လွေ့က အစ်ဇဘယ်လာနှင့် ဇိုလာ အကြားတွင် ဝင်ထိုင်လိုက်သည်။ မစ်-နတ်မိမယ်နဂါးနှင့် မစ်-ရင်းနီတို့က သူ့ကို ပျော်ရွှင်မြူးတူးစွာ ကြည့်လိုက်ပြီးနောက် ဖိုက်သွန်၏ ဟောပြောပွဲကို အာရုံပြန်စိုက် လိုက်ကြသည်။
“ကျွန်မ ခုနက ပြောခဲ့တဲ့ တိုင်းပြည် အဆင့်နဲ့ နတ်ဘုရားတစ်ပိုင်း အဆင့် ကြားက အဓိက ကွာခြားချက်ကတော့ တကယ့်တိုင်းပြည်မှာ မူတည်နေတယ်။ ဒီတကယ့်တိုင်းပြည်က အရင်ကလိုမျိုး စွမ်းအင် တိုင်းပြည်နဲ့ လုံးဝကို နှိုင်းယှဉ်လို့ မရဘူး။ သူ့မှာ အဓိက အခြေခံအချက် သုံးခုနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒါတွေ ကတော့ အသက်၊ ယုံကြည်သူတွေနဲ့ နယ်မြေတို့ပဲ။ အသက်ဆိုတဲ့ သဘောက လူဖြစ်စရာ မလိုဘူး။ နတ်ဆိုးသားရဲတွေ၊ အပင်တွေလည်း ဖြစ်နိုင်တယ်။ ရှင်တို့ အရင်ဆုံး အသက်စွမ်းအားကို နားလည် သဘောပေါက်ရမယ်။ ယုံကြည်သူတွေရဲ့ အခြေခံလည်း အဲဒါတွေ ဖြစ်နိုင်ပါတယ်။ သေးရာကနေ ကြီးမားလာအောင်၊ အားနည်းရာကနေ အားကြီးလာအောင် လုပ်ဆောင်ပြီးတော့မှ တဖြည်းဖြည်း ချဲ့ထွင် ပြောင်းလဲပြီးတော့ စစ်မှန်တဲ့ ပေါင်းစည်းထားတဲ့ ယုံကြည်မှု တိုင်းပြည် တစ်ခုကို ဖွဲ့စည်းနိုင်မှာပါ...” ထိုအခါမှ ချန်လွေ့သည် အဘယ်ကြောင့် လူတိုင်း ထိုမျှလောက် အာရုံစိုက် နေကြသည်ကို နားလည်သွားခဲ့သည်။ ဖိုက်သွန် ပြောပြ နေသည်မှာ အစွမ်းထက်ပုဂ္ဂိုလ်များ၏ လျို့ဝှက် နက်နဲမှုများပင်။ မူလက လူတိုင်း သိထားသည်မှာ သာမန် အသိတချို့သာ ဖြစ်သည်။ အရာများစွာကို ကိုယ်တိုင် စူးစမ်းရှာဖွေရန် လိုအပ်ပြီး ထိုသို့ လုပ်ဆောင်ရာ လမ်းလွဲမှုများ မလွဲမသွေ ဖြစ်နိုင်သည်။ ဖိုက်သွန်က နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်း ရောက်ရှိနေသူ ဖြစ်ရာ သူ ပြောပြသမျှ အရာအားလုံးမှာ အလွန်တန်ဖိုးရှိသော အတွေ့အကြုံများ ဖြစ်နေသည်။
ချန်လွေ့သည် ဖိုက်သွန်၏ လက်ရှိ အစွမ်းမှာ နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်တွင် ရှိနေကြောင်းကို သတိပြုမိလိုက်သည်။ ဒီကာလအတွင်း သူ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှာ သူ့ရဲ့အစွမ်းကို ကန့်သတ်ချက် အထိ ဖုံးကွယ်ထားခဲ့ပုံပဲ။ (ဤနေရာတွင် နတ်ဘုရား-ယောင် စွမ်းအားကို ထည့်မတွက်ပါ)။ ဖိုက်သွန်တင် မကဘူး။ ဇိုလာလည်း နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့ပြီ။ ပါ့ဂ်လီအိုလည်း နဂို တိုင်းပြည်အဆင့် အထွတ်အထိပ်ကနေ နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်သွားပြီ။ ပြီးတော့ ရိုမန်၊ အစ်ဇဘယ်လာနဲ့ အခြားသူတွေရဲ့ အစွမ်းလည်း တိုးတက်မှုတွေ အများကြီး ရရှိခဲ့ကြတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်း လူတိုင်းက အတော်လေးကို တိုးတက် ခဲ့ကြပြီးတော့ ဒီအထဲမှာ ဖိုက်သွန်ရဲ့ အကူအညီက အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့လိမ့်မယ်။
ဖိုက်သွန်က ချန်လွေ့ကို တစ်ချက် ကြည့်လိုက်၏။ “ဒီနေရာမှာ ကတ်သရင်းရဲ့ တိုးတက်မှုအကြောင်းကို ကျွန်မ ပြောချင်တယ်။ ကျွန်မ သိသလောက်တော့ သူရဲ့ ဖြစ်ရပ်က အတော်လေး ထူးခြားတယ်။ သူက သာမန် နတ်ဘုရားတစ်ပိုင်းအဆင့် တိုးတက်မှုနဲ့ မတူဘဲ ချန်လွေ့ရဲ့ အထူး တိုင်းပြည် စွမ်းအားနဲ့ လုံးလုံးလျားလျား ပေါင်းစပ် သွားပြီးတော့ တစ်ချိန်တည်းမှာ အဆင့် တက်သွားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ပြီး အဲဒီအထူး တိုင်းပြည်ထဲက စကြဝဠာ စွမ်းအားတွေကို တိုက်ရိုက် ရခဲ့ပြီးတော့ အဲဒီထဲမှာ ယုံကြည်သူတွေ၊ ယုံကြည်မှုနဲ့ အသက်စွမ်းအားတွေလည်း ပါဝင်တယ်။”
ချန်လွေ့က တိတ်တဆိတ် ခေါင်းညိတ် လိုက်၏။ ကတ်သရင်း၏ အခြေအနေမှာ အမှန်ပင် ထို့သို့ ဖြစ်သည်။ နတ်ဘုရားမ အဖြစ် ခန့်အပ်ခံရပြီးနောက်တွင် သူ၏ တိုင်းပြည်သည် စူပါစနစ် ကြယ်စင်စုထဲမှ သက်ဆိုင်ရာ ဂြိုဟ်တစ်ခု တိုက်ရိုက် ဖြစ်လာသည်။ ထိုသို့ ယုံကြည်သူများနှင့် ယုံကြည်မှု စွမ်းအားမှာ သာမန် နတ်ဘုရား-တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ထက် များစွာ သာလွန်ပေသည်။ အထူး သွေးမျိုးဆက် စွမ်းအားနှင့် ပေါင်းလိုက်ရာ သူသည် အဆင့်တူများထက် များစွာ သာလွန်သော စွမ်းအားကို ထုတ်ဖော် နိုင်ခဲ့သည်။ နဂါးချိုမြို့ တိုက်ပွဲက အကောင်းဆုံး ဥပမာပင်။ သူက နတ်ဘုရား တစ်ပိုင်း ကနဦးအဆင့် အစွမ်းဖြင့်ပင် နတ်ဘုရားတစ်ပိုင်း အလယ်ပိုင်းအဆင့်ရှိ စတန်ဝဲလ်နှင့် တိုက်ရိုက် ယှဉ်ပြိုင် နိုင်ခဲ့သည်။
ဇိုလာက စူပါစနစ် နတ်ဘုရားရာထူးကို မရရှိခင်ကတည်းက နတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်ခဲ့တယ်။ နတ်မိမယ်နဂါးလည်း နှစ်ထပ်တိုင်းပြည် ရလာခဲ့တယ်။
ဖိုက်သွန်၏ အသံက ဆက်လက် ထွက်ပေါ်လာသည်။ “ဒါဟာ ရှင်တို့ အများစုရဲ့ နောက်ဆုံးပန်းတိုင် ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ဒီအဆင့်ကို ရောက်ဖို့အတွက် ပါရမီနဲ့ အခွင့်အရေး အပြင် အထူး အခြေခံအုတ်မြစ် တစ်ခု လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါက ယုံကြည်မှု စွမ်းအားနဲ့ တိုင်းပြည် စွမ်းအားကို အမှန်တကယ်ကို နားလည် သဘောပေါက်တာပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်မတို့ အရင်က အကြိမ် အနည်းငယ် အထူးစူးစမ်းလေ့လာမှုတွေနဲ့ ကြိုးစားမှုတွေ လုပ်ခဲ့ပြီးပြီ။ တိုင်းပြည် အဆင့်မှာပဲ ရှိနေရင်တောင်မှ ဒါကို နားလည်နိုင်တာ အတော်လေးကို အကျိုးရှိပါတယ်။ လေ့ကျင့်မှုတွေကနေ လူတိုင်း ခံစားမိလောက်ပြီလို့ ယုံကြည် ပါတယ်။ နောက်တစ်ခုကတော့ တိုက်ပွဲမှာ တိုင်းပြည် စွမ်းအားကို အဆီလျော်ဆုံး အသုံးပြုနည်းကို သရုပ်ပြမှာ ဖြစ်ပါတယ်။ အားအနည်းဆုံးကိုသုံးပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ဘယ်လို ထုတ်ဖော်မလဲ ဆိုတာပေါ့။ လူတိုင်းက ဒါကိုကြည့်ပြီး ကိုယ်ပိုင် နားလည် သဘောပေါက် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခု ကျွန်မ စေတနာ့ဝန်ထမ်း တစ်ယောက် လိုတယ်။ သိပ်ကောင်းတယ်။ ဟုတ်ပြီ။ ရှင်ပဲ။ ပါ့ဂ်လီအို။”
“ငါ ဘယ်တုန်းက...” ဆရာသခင် အဆိပ်နဂါး ငိုချင်စိတ်ပင် ပေါက်သွား၏။
“ရှင် တစ်ခုခု ပြောချင်တာ ရှိလို့လား။” ဖိုက်သွန်က ပြန်မေးလိုက်သည်။
“မရှိပါဘူး။ ကျုပ်က စေတနာ့ ဝန်ထမ်းပါ။” ပါ့ဂ်လီအိုက နောက်ဆက်တွဲ စကားများကို အားကုန်မျိုချကာ မတ်တပ် ထရပ်လိုက်သည်။
ချန်လွေ့က မည်သည့်အရာ ဖြစ်နေမှန်း နားမလည်သော်လည်း ပတ်ဝန်းကျင်မှ ဝမ်းသာအားရ ကြည့်နေသော မျက်လုံးများအရ ဆရာသခင်အဆိပ်နဂါး ဒုက္ခရောက်နေသည်မှာ ထင်ရှားပြီး ၎င်းက ပထမဆုံးအကြိမ် မဟုတ်သည်မှာလည်း သေချာနေသည်။
မြနဂါးက မကြည့်ရက်သည့် အမူအရာ ပြကာ တစ်စုံတစ်ခု ပြောရန် ကြိုးစား နေသော်လည်း သူ၏ အချစ်ဆုံး သူငယ်ချင်း ရင်းနီက တားလိုက်သည်။ ရင်းနီက မစ်-ဘက်တီအား မည်သို့သော အရိပ်အမြွက် ပေးလိုက်သည်မသိ။ မစ်-ဘက်တီက နောက်တစ်ကြိမ် စိတ်ကို တင်းလိုက်ပြန်၏။ မစ်-နတ်မိမယ်နဂါးက ပြုံးကာ ချန်လွေ့၏ လက်ကိုကိုင်ပြီး ဝင်မစွက်ဖက်ရန် အချက်ပြလိုက်သည်။
“မသေချင်ရင် အစွမ်းကုန်သုံးပြီးတော့ တိုက်ခိုက်။” ဖိုက်သွန်က ပါ့ဂ်လီအိုကို လှမ်းကြည့်ကာ ပြောလိုက်သည်။
ပါ့ဂ်လီအိုက အံကြိတ်လိုက်ပြီး ကြီးမားသော စွမ်းအား ပမာဏကို ချက်ချင်း စုစည်းကာ ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ မီးခိုးရောင်အရိပ် အဖြစ် ပြောင်းလဲကာ ဖိုက်သွန်ထံသို့ ပြေးဝင်သွား၏။ ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ အဆိပ်နဂါးက နတ်ဘုရား-တစ်ပိုင်းအဆင့်သို့ ယခုမှ တက်လှမ်းနိုင်ခဲ့သော်လည်း သူ၏ အရှိန် အဟုန်နှင့် စွမ်းအား အငွေ့အသက်အရ နတ်ဘုရားတစ်ပိုင်း အဆင့် ကနဦးပိုင်း ပုဂ္ဂိုလ်များနှင့် ယှဉ်ပြိုင်နိုင်နေကြောင်းကို သူ မြင်နိုင်သည်။
ဒီကာလအတွင်း သူ့ရဲ့ တိုးတက်မှုက အတော်လေးကို သိသာတာပဲ။
ဖိုက်သွန်၏ ပုံရိပ်က ပါ့ဂ်လီအို၏ ရှေ့သို့ ချက်ချင်း ရောက်ရှိ လာခဲ့လေသည်။ အားကောင်းသော အရှိန်ဖြင့် စုစည်း ထားသော စွမ်းအားက အမြင့်ဆုံးသို့ မရောက်ခင်ပင် လေထဲတွင် ရုတ်တရက် ဖြတ်တောက်ခံလိုက်ရ၏။ သူက စွမ်းအား မသုံးနိုင်သကဲ့သို့ ခံစားရကာ အလွန် မခံမရပ်နိုင် ဖြစ်သွားသည်။
“အား...”
စေတနာ့ဝန်ထမ်း ဆရာသခင် ဆရာသခင်အဆိပ်နဂါးက နှာခေါင်းကို အုပ်ကာ နောက်သို့ လွင့်စင်သွားလေသည်။
ဖိုက်သွန်၏ အသံ ထွက်ပေါ်လာ၏။ “အားနည်းချက်တွေကို တိုက်ခိုက်တာဟာ အသုံးများတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ။ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ကောင်းကောင်း အာရုံခံနိုင်ရမယ်။ တိုက်ခိုက်ရမယ့် အချိန်ကိုလည်း ပြိုင်ဘက်က အပြင်းထန်ဆုံးစွမ်းအားကို အပြည့်အဝ မသုံးနိုင်ခင် ရွေးချယ်ရမယ်။ စလိုက်ပြီဆိုတာနဲ့ ဘာမှမစဉ်းစားဘဲ မိုးကြိုးပစ်သလို တိုက်ခိုက်မှုမျိုးကို တိုက်ရိုက် လုပ်ရမယ်။ သံသယ ဝင်နေတာက ကိုယ့်ကိုယ်ကိုယ် ပိုပြီး မလှုပ်မရှားနိုင် ဖြစ်စေလိမ့်မယ်။”
“အခိုင်မာဆုံး ကာကွယ်မှုမှာတောင် အားနည်းချက်တွေ ရှိနေတုန်းပဲ။ လှည့်ကွက် တစ်ခုကတော့ မျက်နှာပြင်ရဲ့ ချက်ကောင်းကို ထိုးဖောက်တာပဲ။ အဓိက သော့ချက်က ‘အာရုံစူးစိုက်မှု’ ဆိုတဲ့ စကားလုံးမှာပဲ မူတည်နေတယ်။”
“အား...အား...အား...” စေတနာ့ ဝန်ထမ်း ဆရာသခင် အဆိပ်နဂါးက ဗိုက်ကို အုပ်ကာ နောက်သို့ တစ်ဖန် လွင့်စင်သွားပြန်သည်။ လမ်းတစ်လျှောက် အော်ဟစ်သံများနှင့် အာမေဋိတ် အမှတ်အသားများ ဆက်တိုက် ကျန်ရစ် နေခဲ့လေသည်။
“နောက်တစ်ဆင့်ကတော့ ခုနက ပြောခဲ့တာတွေကို ပေါင်းစပ်ဖို့ပဲ။ နှောင့်ယှက် တိုက်ခိုက်မှုကို ဆက်လက် ထိန်းထားတာက ရန်သူ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ ထိရောက်တဲ့ နည်းလမ်း တစ်ခုပဲ။ ရန်သူ့ရဲ့ အားအနည်းဆုံး နေရာကို ဆက်တိုက် ပြတ်ပြတ်သားသား တိုက်ခိုက်ဖို့ လိုအပ်တယ်။”
ဆက်တိုက် ထိုးနှက် ခံရမှုများကြောင့် စေတနာ့ဝန်ထမ်း ဆရာသခင် အဆိပ်နဂါး အသံပင် မထွက်နိုင်တော့ဘဲ သတိလစ် သွားတော့သည်။
ဖိုက်သွန်က လက်ခါလိုက်ပြီး လဲကျ နေသော ဆရာသခင် အဆိပ်နဂါးကို ‘မတော်တဆ’ နင်းမိသွားကာ ဖိနပ်ရာ နှစ်ခု ထပ်မံ ကျန်ရစ်စေခဲ့သည်။
ထိုမြင်ကွင်းကို မြင်ရာ ချန်လွေ့က အဘယ်ကြောင့် ထိုဘဲခေါင်းနဂါးက သူ့ကို ကယ်တင်ရှင်တွေ့သလို ကြည့်ခဲ့ကြောင်း နားလည်သွားခဲ့သည်။ ‘သခင်ချန်လွေ့’ ဆိုသည့် စကား၏ နောက်ကွယ်မှ စကားမှာ ‘ကယ်ပါဦး’ ဟူ၍ပင်။
တချိန်တည်းမှာပင် မရိုးဖြောင့်သော မိတ်ဆွေ ရိုမန်က ပြောသည်။ “ဒီတစ်ခါ စက္ကန့်၃၀တောင် မကြာလိုက်ဘူး။ ကျုပ် နိုင်ပြီ။ ပိုက်ဆံပေးတော့။”
“...”