← Chapters

ဝမ်းနည်းနေသော အဆိပ်နဂါး

Vol. 69 Ch. 1107

ဝမ်းနည်းနေသော အဆိပ်နဂါး

Vol. 69 Ch. 1107

ခွေးသေတစ်ကောင်လို ဖြစ်နေသော ဆရာသခင်အဆိပ်နဂါးကို ဖိုက်သွန်က ဘက်တီထံ ပစ်ပေးလိုက်သည်ကို မြင်ရာ ချန်လွေ့သည် တစ်ချိန်က ပါ့ဂ်လီအို ဖိုက်သွန်ကို အရင် စကားစပြောခဲ့သည်ကို သတိရမိလိုက်၏။ သူတို့နှစ်ယောက်က အလောင်းအစား သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ကြပုံရသည်။

တစ်လအတွင်း အဆင့်နိမ့်တဲ့သူက တောင်းဆိုတဲ့ အရာတစ်ခုကို လုပ်ရမယ်။

အခုတော့ တဏှာကြီးတဲ့ ဆရာသခင် အဆိပ်နဂါးက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ် တစ်ဦးနဲ့ ပတ်သက်မိခဲ့တာလဲကို နောက်ဆုံးတော့ နားလည်သွားတဲ့ပုံပဲ။ ဒါ မလုပ်သင့်တာကို လုပ်လို့ ဒုက္ခရောက်ရတဲ့ သာဓက တစ်ခုပဲ။

သို့သော် ချန်လွေ့ မသိသည်မှာ ဇိုလာနှင့် အစ်ဇဘယ်လာတို့ ပူးပေါင်း၍ ပါ့ဂ်လီအိုကို နောက်တစ်ကြိမ် လှည့်စား ခဲ့ကြခြင်းပင်။ ဇိုလာက ပါ့ဂ်လီအိုကို နတ်ဘုရားတစ်ပိုင်း အဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် ကူညီပေးမည်ဟူ၍ မြှူဆွယ်ကာ အစ်ဇဘယ်လာကို သက်သေအဖြစ် ထား၍ အဆိပ်နဂါး၏ ကိုယ်ပိုင်ငွေ အားလုံးကို ဆုကြေးအဖြစ် လက်ခံရယူခဲ့သည်။ အမှန်တကယ်လည်း ဇိုလာက ပါ့ဂ်လီအိုကို နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်နိုင်ရန် ကူညီပေးခဲ့သည်။ သူက ရေကန်ပြာကို အဓိကအဖြစ် အသုံးပြုကာ စစ်မှန်သော တိုင်းပြည် အရင်းခံကိုပင် ဖွဲ့စည်းနိုင်ခဲ့လေသည်။

အဆိပ်နဂါး နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ရောက်သွားချိန် ဖိုက်သွန်က တိုင်းပြည်အဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးလေသည်။ အလောင်းအစား သဘောတူညီချက်၏ နောက်ဆုံးရက်သို့ ရောက်ရှိရန် ၁၈ ရက်ပင် လိုသေးသည်။

ထိုအလောင်းအစား သဘောတူညီချက်တွင် စည်းကမ်းချက် တစ်ခု ရှိသည်။ သတ်မှတ်ထားသော အချိန်အတွင်း အဆင့်တူလျှင် မည်သူက ထိုအဆင့်သို့ အရင် ရောက်ရှိသောသူက အနိုင်ရမည် ဖြစ်သည်။

ပါ့ဂ်လီအိုက အနိုင်ရပြီဟု ထင်နေစဉ် ဖိုက်သွန်သည် ၁၅ရက်မြောက်နေ့တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ‘တက်လှမ်း’ သွားခဲ့လေသည်။

ခဏကြာ ပါ့ဂ်လီအို မရယ်နိုင်တော့ပေ။ အကြောင်းမှာ ရက်၂၀မြောက်နေ့တွင် ဖိုက်သွန်က နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်ပိုင်းသို့ ‘တက်လှမ်း’ သွား၍ပင်။ ထို့နောက် သူက ၅ရက် အချိန်ယူကာ နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်းသို့ ‘တက်လှမ်း’ သွားခဲ့သည်။

အဆိပ်နဂါးက သူ၏ မျက်စိများကို မယုံနိုင်အောင် ဖြစ်သွားသည်။ ရက်၃၀ မပြည့်ခင်မှာ သူက တိုင်းပြည်အဆင့် အထွတ်အထိပ်ကနေ နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်ကို အေးဆေး တက်သွားတယ်လား။ ကောက်ကျစ်တဲ့ လူသားတောင် ဒီလို မလုပ်နိုင်ဘူး။

ထို့နောက်တွင်တော့ စိတ်နှလုံး မကောင်းသော နတ်မိမယ်နဂါးက သတင်းတစ်ခု ‘မတော်တဆ’ ဖော်ထုတ် ပြခဲ့သည်။ ထိုလှပပြီး ဆွဲဆောင်မှု ရှိသော ‘ဆယ်လီ’ဆိုသည့်အမျိုးသမီးမှာ တချိန်က စေတန်၊ ဆာရီရယ်နှင့် အခြားသူများကဲ့သို့ တစ်ဆင့်တည်းတွင် ရှိခဲ့သော နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ် ဖိုက်သွန်ပင် ဖြစ်သည်။ ယခု သူက ကြက်သွေးရောင်မီးအိမ်ဝိညာဉ်နှင့် ပေါင်းစည်းပြီးနောက် သူ၏ ကိုယ်ပိုင် စွမ်းအားကို ပြန်လည် ရယူနေခြင်းသာ ဖြစ်သည်။

ငွေရော လူပါ ဆုံးရှုံးသွားသော ဆရာသခင် အဆိပ်နဂါး ကြက်သေသေ သွားသည်။ နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်တဲ့လား။ ငါက နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ကို သွားပြီး ပိုးပန်းခဲ့တာလား။ ဒါ နဂါးမျိုးနွယ်အတွက် မကြုံစဖူး စွမ်းဆောင်မှုတစ်ခုပဲ…

လက်သီးကြီးသူသာ သခင်ဖြစ်သည် ဟူသော နိယာမအရ အရိုက်ခံရပြီး နောက်ပိုင်း ဆရာသခင် အဆိပ်နဂါးက ဖိုက်သွန်ကို မြင်တိုင်း ကြောင်မြင်သော ကြွက်လို ဖြစ်သွားသည်။ သူ သင်ခန်းစာ ပို့ချတိုင်း သရုပ်ပြ ‘စေတနာ့ဝန်ထမ်း’ အဖြစ် အမြဲတမ်း ရွေးချယ်ခံရလေသည်။

ထိုအရာမှာ သူတို့နှစ်ဦး လောင်းကြေး ထပ်ခဲ့သော အခြေအနေ မဟုတ်သေးပေ။ ထိုအခြေအနေမှာ ‘မည်သည့်အရာမဆို’ ဖြစ်သည်။ ချန်လွေ့က နဂါးတစ်ကောင်၏ ကြေကွဲဖွယ် ကြုံတွေ့ရမည့် အဖြစ်ကို ကြိုတင် မြင်ယောင်နေမိလေသည်။

အစ်ဇဘယ်လာ၏ တိုက်တွန်းမှုကြောင့် ဘက်တီလည်း စိတ်ကို တင်းကာ ဖိုက်သွန်ကို အသနား မခံတော့ပေ။ ဒီကောင်ကို မှတ်သားလောက်အောင် သင်ခန်းစာတစ်ခု ပေးလိုက်။ ဒါမှ နောက်နောင် မိန်းမတွေနဲ့ ပတ်သက်ပြီး ပရမ်းပတာလုပ်တဲ့အခါ အနည်းဆုံးတော့ ပိုပြီး ရိုးသားသွားမယ်။

ဖိုက်သွန်က ရှေ့သို့ တိုးလာသည်။ “ဆာ။ ဒီလူတွေရဲ့ ကြောက်မက်ဖွယ် မိုးပျံနယ်မြေက လေ့ကျင့်မှု အဆုံးသတ်ဖို့ အချိန်ရောက်ပြီလို့ ကျွန်မ ထင်ပါတယ်။ အထူးသဖြင့် အခုမှ အဆင့်တက်လာတဲ့ ပါ့ဂ်လီအိုပေါ့။ သူတို့ ဆာ့ရဲ့ ကြယ်နှစ်ပွင့် အဆင့်မြှင့်တင်မှုကို သဘောမပေါက်ခင် စစ်မှန်တဲ့ တိုင်းပြည်ကို အရင်ဆုံးအနေနဲ့ တည်ဆောက်ရပါမယ်။ လေ့ကျင့်မှုကို အရမ်းကြီး အလျင်စလိုလုပ်လို့ မရဘူး၊ အနားယူချိန်လည်း ရှိသင့်တယ်။ ဒီလို နေရာက ဖိအားက တကယ့် တိုက်ပွဲအတွက် ပိုသင့်တော်ပြီး နားလည် သဘောပေါက်ဖို့အတွက် မဟုတ်ဘူး။ နားလည်မှုက အတိုင်းအတာ တစ်ခုအထိ ရောက်သွားပြီးမှ သူတို့ တကယ့်တိုက်ပွဲ လေ့ကျင့်မှု ဒုတိယ အဆင့်ကို ဆက်ပြီး လုပ်သင့်တယ်။”

“ဒုတိယ အဆင့်လား။ ဒီလေ့ကျင့်မှုက အရမ်း များမနေဘူးလား။ ခင်ဗျား သူတို့ကို တိုက်ခိုက်ရေးစက်ရုပ်တွေလိုမျိုး လေ့ကျင့်ပေးနေပုံပဲ။”

“အားလုံးက ဆာ့ရဲ့ အင်အား အတွက်ပါ။ ဆာနဲ့ သူတို့ကြားက အထူး စွမ်းအင် ဆက်သွယ်မှုအရ သူတို့ ပိုပြီး သန်မာလာလေလေ ဆာလည်း ပိုပြီး သန်မာလေလေပါပဲ။ သူတို့ ကြယ်နှစ်ပွင့် အဆင့်မြှင့်တင်မှုကို နားလည်ပြီး ဇိုလာနဲ့ ကတ်သရင်းတို့လို ကမ္ဘာငယ်လေးတွေရဲ့ ဘုရားသခင် ဖြစ်လာနိုင်ရင် သူတို့က ဆာ့ရဲ့ စစ်မှန်တဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်လာနိုင်မှာပါ။”

“ဒါပေမဲ့…”

“ဒါပေမဲ့ဆိုတာ မရှိဘူး။” ရိုမန်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဆာ-ဦးလေး ကျုပ်တို့ကို ဖယ်ထုတ်ပြီးတော့ တစ်ယောက်တည်း ကောင်းစားဖို့တော့ စိတ်မကူးနဲ့။”

“မှန်တယ်။ အဲဒီအတိုင်းပဲ။” ဒယ်လီယာ ထူးထူးခြားခြား ဟာသလုပ်လိုက်သည်။

“မှန်တယ်။ အဲဒီအတိုင်းပဲ။” မယားငယ် မယ်ဒီလူလည်း တရားဝင်ဇနီး၏ ခြေရာကို လိုက်နင်းလေသည်။

“မှန်တယ်။ အဲဒီအတိုင်းပဲ။” အခုမှ နိုးလာပြီး ခေါင်းအနည်းငယ် မူးနေသော ဆရာသခင် အဆိပ်နဂါးလည်း ဝင်ပြော လိုက်သည်။ ရုတ်တရက် သူ၏နောက်တွင် မည်သူမှ လိုက်မပြောကြောင်းကို သတိထားမိလိုက်သည်။ ရိုမန်က သူ့ကို ထူးဆန်းစွာ ကြည့်လိုက်လေသည်။ “ခင်ဗျားကလည်း သူ့ကို ဆာ-ဦးလေးလို့ ခေါ်တာလား။”

“…” ထိုအခိုက်တွင် ဆရာသခင် အဆိပ်နဂါး နောက်တစ်ခါ မေ့လဲချင်စိတ် ပေါက်သွားလေသည်။

ချန်လွေ့က (အစားအစာနှင့် ရတနာဟု ကြားမှသာ စိတ်ဓာတ်ခိုင်မာမည့် စိတ်ရှုပ် နေသော အလောင်း အောက်လမ်း ပညာရှင်နှင့် ချွဲကျိကောင်မှလွဲ၍) လူတိုင်း၏ ခိုင်မာသော အကြည့်များကို ကြည့်ရင်း စိတ်လှုပ်ရှားသွားခဲ့သည်။ သူ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ ဒီလိုဆိုမှတော့… ခင်ဗျားတို့ အားလုံးကို ပြောစရာတစ်ခု ရှိတယ်။ တကယ့် စမ်းသပ်မှုက ရှေ့တိုးသွားပြီ။ ၁၀နှစ် မဟုတ်တော့ဘဲ ၃ နှစ်။”

“၃နှစ်လား။” ဖိုက်သွန်က မျက်မှောင်ကြုတ်လိုက်သည်။ “စေတန်က စာချုပ် ဖောက်ဖျက်တာများလား။ ရှင့်ရဲ့ အထူးစာချုပ် စွမ်းအားနဲ့ ဆိုရင်တော့ မဖြစ်နိုင်လောက်ဘူး။”

“စေတန် မဟုတ်ဘူး…” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ခင်ဗျား ဂေရီရယ်ကို သိတယ်မလား။”

“ဟမ့်!” ဖိုက်သွန်က ဂေရီရယ်အပေါ် အမြင်မကောင်းပုံရပြီး သူ့ကို စူးစိုက်ကြည့် လိုက်သည်။ “မျက်လုံးမှိတ်ပြီး လျို့ဝှက် နက်နဲ နေသလိုမျိုး ဟန်ဆောင်ရတာကို ကြိုက်တဲ့ အဲဒီမိန်းမနဲ့ တွေ့ခဲ့တာလား။”

မျက်လုံးမှိတ်ပြီး လျို့ဝှက်နက်နဲသလို ဟန်ဆောင်ရတာကို ကြိုက်တယ်တဲ့လား။ ကောင်းပြီ။ သူက အသိအကျွမ်းဟောင်း ဆိုတာ သေချာတယ်။ ဒီစကားက အတော်လေး ပြင်းထန်တာပဲ။

ချန်လွေ့က ဖိုက်သွန်၏ အကြည့် အနည်းငယ် ထူးဆန်းနေသည်ဟု ထင်သော်လည်း ထိုအကြောင်းကို ဆက်၍ မတွေးတော့ပေ။ “၃နှစ်ကြာရင် ကျုပ် သိဒ္ဓိအလင်းတောင်ဆီကို သွားမယ်။ အဲဒီအချိန်ကျရင် ဂေရီရယ်တင် မကဘူး။ မိုက်ကယ်နဲ့ ရာဖယ်ရယ်ကိုပါ ရင်ဆိုင် ရလိမ့်မယ်။”

“ရူးနေတာလား။ သူတို့ တစ်ယောက်ချင်းစီက စေတန်နဲ့ အင်အား တူတူလောက်ပဲ။” ဖိုက်သွန်က ခံစားချက် ပြင်းထန်စွာဖြင့် ပြောလိုက်သည်။ “ရှင့်ရဲ့ လက်ရှိအင်အားနဲ့ဆို တစ်ယောက်တောင် အနိုင်ရဖို့ အခွင့်အရေး မရှိဘူး။ သုံးယောက်ဆို ပိုဆိုး။”

“သူ့မှာ ရေဒြပ်စင်ဘုရင်ရဲ့ ဒြပ်စင် နှလုံးသားကို ပြုပြင်ဖို့ တစ္ဆေရေခဲစမ်း ရှိနေတယ်။ ပြီးတော့ အဲဒါက ဖြစ်တည်ဖို့ ၃နှစ် အချိန် ယူရတယ်။ ဒီပစ္စည်းက ရေဒြပ်စင်ဘုရင်ရဲ့ ဒြပ်စင်နှလုံးသားကို ပြုပြင်ဖို့အတွက် မရှိမဖြစ် လိုအပ်တယ်။ ဒါ ရမှဖြစ်မယ်။ သေချာပေါက် ရအောင် ယူမယ်။”

ချန်လွေ့၏ အကြည့်တွင် ငြင်းဆန်၍ မရသော ခိုင်မာမှုများ ပြသနေသည်။ ဖိုက်သွန်က သူ့ကို ခဏတာ စိုက်ကြည့် နေပြီးနောက် အကြည့်လွှဲလိုက်သည်။ “ဒီခန္ဓာကိုယ်က ကျွန်မ ထင်တာထက် ပိုပြီး အလားအလာရှိတယ်။ ၃နှစ်ဆိုရင် အထွတ်အထိပ် အခြေအနေ ပြန်ရောက်ဖို့ လုံလောက်တယ်။ ရှင်ပေးတဲ့ လောက စွမ်းအားနဲ့ ပေါင်းစပ်လိုက်ရင် ဟမ့် သိဒ္ဓိ အလင်းတောင်ကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး။”

ချန်လွေ့ ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် ခေါင်းထဲတွင် အသံတစ်ခု ကြားလိုက်ရသည်။ “ဖေဖေ ဘယ်မှာလဲ။”

သော်‌သော် နိုးလာခြင်းပင်။

သူက ကျက်သရေ မျှော်စင်ထဲတွင် ရှိနေသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ကလေးမလေးသည် ပတ်ပတ်လည်ရှိ အရုပ်နှင့် မုန့်များကိုပင် လျစ်လျူရှုကာ ချန်လွေ့ကို စိတ်အား ထက်သန်စွာ အော်ခေါ်နေလေသည်။

ချန်လွေ့က သူ၏သမီးဖြစ်သူ သူ့ကို အလွန်တွယ်တာကြောင်း၊ တစ်ခါတစ်ရံ ကတ်သရင်းကိုပင် ကျော်လွန်ကြောင်း သိလေသည်။ စုဝေးရာ နေရာက ယခုအချိန်တွင် ဘေးကင်းသောကြောင့် သော်‌သော် စိတ်မပူစေရန် သူ၏သမီးကို ကျက်သရေ မျှော်စင်ထဲမှ ချက်ချင်း ထုတ်ပေးလိုက်သည်။

“ဖေဖေ!” ထွက်လာသည်နှင့် သော်သော်က [မီးဇာမဏီအမာရွတ်] ၏ တည်နေရာကို ခံစားမိကာ ချန်လွေ့၏ ရင်ခွင်ထဲသို့ တန်းတိုးဝင်သွားလေသည်။ ကလေးမလေးက ရင်းနှီးသော မျက်နှာ များစွာ တွေ့လိုက်ရာ အံ့အားသင့်သွားပြီး ပျော်ရွှင်သွားလေသည်။ “ဒေါ်လေး ဇိုလာ! ဒေါ်လေး ရင်းနီ! ဒေါ်လေး ဒေလီယာ…”

“ဟားဟား ငါတို့ရဲ့ အချစ်တော်လေး ဒီကို ရောက်နေတာကိုး။ မတွေ့ရတာ ကြာပြီ။ ဒေါ်လေးက သမီးကို အရမ်း သတိရနေတာ။” အစ်ဇဘယ်လာက ပျော်ရွှင်စွာ လျှောက်လာပြီး သော်‌သော့်ကို ပွေ့ဖက်လိုက်သည်။ “ဒေါ်လေးကို မြန်မြန် အာဘွားပေးပါဦး။”

ကလေးမလေးက အစ်ဇဘယ်လာ၏ ပါးကို ချက်ချင်း နမ်းလိုက်၏။ နတ်မိမယ် နဂါးလေးက သူ၏ ပါးကို ထိုးပြသည်ကို မြင်ရာ သူ့ကို ‘ရွှတ်’ခနဲ နမ်းလိုက်၏။ ပတ်ဝန်းကျင်ကလည်း ချက်ချင်းပင် သက်ဝင် လှုပ်ရှားလာခဲ့လေသည်။

ချန်လွေ့က မိမိထက် သိသိသာသာ ပို၍ လူချစ်လူခင်များသော သမီးဖြစ်သူကို ကြည့်ရင်း အားရပါးရ ရယ်လိုက်သည်။ သော်‌သော်က ရုတ်တရက် ပျံလာကာ သူ၏ ရင်ခွင်ထဲတွင် ခိုအောင်းရင်း နေရာတစ်ခုကို သတိဖြင့် ကြည့်နေသည်။ ဖိုက်သွန်၏ မျက်လုံးများက ကလေးမလေး၏ ခန္ဓာကိုယ်အပေါ်တွင် စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လှည့်ပတ်နေ၏။ သူ၏ မျက်လုံးက ဝိညာဉ်ကို ထွင်းဖောက် မြင်နိုင်ပုံရသည်။ ကလေး တစ်ယောက်၏ စိတ်က အာရုံ အခံနိုင်ဆုံး ဖြစ်ပြီး အထူးသဖြင့် သော်‌သော်ကဲ့သို့ ပါရမီ ရှိသော ကလေးမလေး ဖြစ်ရာ ဖေဖေ့ရင်ခွင်ထဲသို့ ချက်ချင်း ပုန်းအောင်းလိုက်၏။

ကလေးမလေး ချန်လွေ့ အနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ဖေဖေ၊ အဲဒီဒေါ်လေးက နည်းနည်း ကြောက်စရာ ကောင်းတယ်။”

ထိုနေရာတွင် ရှိနေသူအားလုံးက အကြားအာရုံ အလွန် ကောင်းမွန်သူများ ဖြစ်ကြသည်။ သော်‌သော်၏ စကားကို ကြားရာ ရန်လိုသော မျက်လုံးများစွာက ဖိုက်သွန်ထံသို့ စူးစိုက်သွားကြလေသည်။ သော်‌သော်က ဒီလောက် ချစ်စရာ ကောင်းတဲ့ ကလေးလေးကို ဘယ်လို အကြည့်မျိုးနဲ့ ကြည့်နေတာလဲ။

ဖိုက်သွန် ထိုအရာကို သတိမထားမိဘဲ သော်‌သော်ကိုသာ ဆက်စိုက်ကြည့်နေဆဲ ဖြစ်သည်။ “ဒါ ရှင့်ရဲ့သမီးလား။ ရှင့်ရဲ့ သမီးအရင်းလား။”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “ဘာဖြစ်လို့လဲ။”

“ပါ့ဂ်လီအို!” ဖိုက်သွန်က ပါ့ဂ်လီအိုကို လှည့်ကြည့်လိုက်သည်။ “ပြောစမ်း၊ ဒီကောင်မလေးက…”

“သူက ချန်လွေ့ရဲ့ သမီးအရင်းပေါ့။ သူ့အမေက ကက်သရင်းလေ။”

သော်‌သော် မပြောနှင့် ဆရာသခင် အဆိပ်နဂါးပင် ဖိုက်သွန် အကြည့်ကြောင့် ကြောက်လန့်သွား၏။ သို့သော် သူက ‘တစ်ပိုင်းသေ’နေပြီ ဖြစ်ရာ သူက ရိုးရိုးရှင်းရှင်းပင် ပြောလိုက်လေသည်။ “ဒီအကြောင်းကို နတ်ဆိုးဘုံမှာ လူတိုင်း သိတယ်။ ခင်ဗျားမှာ မဟုတ်တရုတ် အတွေးတွေ ရှိနေရင် မေ့လိုက်တော့။”

အားလုံးက သဘောတူလိုက်ကြသည်။ ဆရာသခင် အဆိပ်နဂါး အထူးသတိထား နေစဉ်မှာပင် ဖိုက်သွန် ဘာမှမလုပ်ဘဲ အမှန်တကယ်ပင် ရယ်မောလိုက်၏။

ဆရာသခင် အဆိပ်နဂါး မှတ်ဉာဏ်ထဲ၌ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမျိုးသမီးက ယခုလို ပျော်ရွှင်ခဲ့ဖူးခြင်း မရှိပေ။

“ကောင်းပြီ ကျေးဇူးပါပဲ။”

ကျေးဇူးပဲ ဟုတ်လား။ ပါ့ဂ်လီအို တစ်ခဏတာ ကြောင်သွားလေ၏။ ခင်ဗျား ဆေးမှားသောက်ထားတာလား။

“ငါ့ရဲ့ စိတ်တွေ ရုတ်တရက်ကြီး ကြည်လင်သွားတယ်။ ပါ့ဂ်လီအို ဒါက ရှင့်အတွက် ကောင်းတဲ့အရာပဲ။”

ချီးကိုကောင်းတဲ့အရာလား! ဆရာသခင် အဆိပ်နဂါး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ “ဒါဆို အဲဒီ အခြေအနေက…”

“အပြင်ရောက်ရင် ရှင် သိရလိမ့်မယ်။ ကျွန်မ အာမခံနိုင်တာကတော့ အဲဒီလို အခြေအနေက အရမ်းရိုးရှင်းပြီးတော့ ရှင့်ရဲ့ ဆံပင်တစ်မျှင်တောင် ထိခိုက်မှာ မဟုတ်ဘူး။”

ထိုအရာမှာ အံ့သြဖွယ်ရာပင် ဖြစ်သည်။ ဆရာသခင် အဆိပ်နဂါး လန်းဆန်း သွားခဲ့သည်။ “ခင်ဗျား ပြောတာနော်။”

နာရီအနည်းငယ်ကြာပြီးနောက်-

အမှောင်လနယ်မြေ၏ အမှောင်လမြို့..

“ဒါကို လုပ်ရမှာလား။ အစ်မကြီး ဖိုက်သွန်။ တခြားနည်းနဲ့ လုပ်လို့ မရဘူးလား။” ပါ့ဂ်လီအို တောင်းပန်လျက် ပြုံးလိုက်ပြီး ထိုအပြုံးက ငိုနေသည်ထက် ပို၍ ရုပ်ဆိုးနေသည်။

ချန်လွေ့နှင့် ရိုမန်တို့ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များ တုန်ခါနေ၏။ ရယ်ချင်စိတ် ထိန်းချုပ် ထားရသည်မှာ အလွန်ပင် ခက်ခဲလှသည်။

ထိုအချိန် ပါ့ဂ်လီအိုက ကိုယ်လုံးတီး ဖြစ်နေပြီး အရေးကြီးသော နေရာကို ဖုံးကွယ်ထားသော အောက်ခြေပေါက် သစ်သားစည်ပိုင်း တစ်ခုသာ ခါးတွင် ဝတ်ဆင်ထားသည်။

“အရှုံးကို ဝန်ခံလိုက်။” ဖိုက်သွန်က အေးစက်စွာ ပြောလိုက်သည်။ “ရှင်သာ ဆက်ပြီး ညည်းညူနေရင် သစ်သား စည်ပိုင်းတောင် ရမှာမဟုတ်ဘူး။”

ဆရာသခင်အဆိပ်နဂါး သိမ့်သိမ့်တုန် သွားခဲ့ပြီး ရိုမန်၏ ဝမ်းသာအားရအသံက အနောက်မှ ထွက်ပေါ်လာခဲ့လေသည်။ “စိတ်မပူပါနဲ့။ ဆရာသခင် ပါ့ဂ်လီအို။ ကျုပ် ခဏနေရင် ခင်ဗျားကို ‘မှန်စီရွှေချ’ လုပ်ပေးမယ်။ ဒီစကားလုံး ဟုတ်တယ် မလား။ ခေါင်းဆောင်။”

ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “မင်း သူ့ကို မှန်စီရွှေချမပါတဲ့ ခြေလျင် တပ်သား လုပ်ခိုင်းလို့လည်း ရတာပဲ။”

“ခြေလျင် တပ်သားလား။ နားမလည် ပေမဲ့ အစွမ်းထက်သလိုပဲ…” ရိုမန်က ပို၍ပင် မရိုးဖြောင့်သော အပြုံးဖြင့် ရယ်မောလိုက်သည်။ “မစ်-ဖိုက်သွန်က တကယ်ပဲ ယုံကြည်ရတဲ့သူပဲ။ ဒီလိုမျိုး အခြေအနေက ပါ့ဂ်လီအိုရဲ့ ဆံပင် တစ်မျှင်ကိုတောင် မထိခိုက်စေခဲ့ဘူး။”

မင်းတို့ တစ်မျိုးလုံးပဲ ထိခိုက်ပါစေ! ဆရာသခင် အဆိပ်နဂါးက သူ၏ မိတ်ဆွေဆိုး နှစ်ယောက်ကို စိတ်ထဲတွင် အကြိမ်ကြိမ် ကျိန်ဆဲနေမိသည်။ သူ၏ နောက်မှ ဓားသွားကဲ့သို့ စူးရှသော မျက်လုံးနှစ်စုံက ပစ်လွှတ်လာသည်ကို ခံစားမိရပြီး ဖိုက်သွန်၏ အေးစက်သော အသံ ထွက်ပေါ်လာခဲ့သည်။ “ရှင်က ထွက်ပြေးမလို့လား။ ကူညီပေးရမလား။”

ပါ့ဂ်လီအိုက အမှန်တကယ် ငိုတော့မလို ဖြစ်နေသော်လည်း ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင် ဖိုက်သွန် မည်မျှ အစွမ်းထက်ကြောင်း သိနှင့်ပြီး ဖြစ်သည်။ အကယ်၍ သူသာ သစ်သားစည်ပိုင်းမပါဘဲ လမ်းပေါ်သို့ အပစ်ခံရလျှင်…

ဖိုက်သွန်၏ အေးစက်သောအသံက ပါ့ဂ်လီအို၏ နားထဲသို့ ရောက်ရှိသွားသည်။ “မှတ်ထား။ အသံကျယ်ကျယ်ပြော။ မဟုတ်ရင် အကျုံးမဝင်ဘူး။”

ချီးပဲ! ငါ အကုန်ပုံအောလိုက်တော့မယ်! ဆရာသခင် အဆိပ်နဂါးက အံကြိတ်ကာ စည်ပိုင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး လမ်းပေါ်သို့ ပြေးထွက်သွားခဲ့လေသည်။ အံ့အားသင့်နေကြသော လူတိုင်း၏ မျက်လုံးများ အရှေ့တွင် သူက အော်ဟစ်လိုက်သည်။ “မစ်-ဘက်တီ ကိုယ် မင်းကို ချစ်တယ်!”

သူ၏ နောက်မှ မိတ်ဆွေနှစ်ယောက်က ဆက်မထိန်းနိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။ သော်‌သော်၏ မျက်လုံးများကို ဖုံးအုပ်ကာ အိပ်ရာဝင် ပုံပြင် ပြောပြနေသော အစ်ဇဘယ်လာနှင့် အမျိုးသမီးများလည်း ရယ်မောလိုက် ကြလေ၏။

All Chapters