မမျှော်လင့်ထားသော တွေ့ဆုံမှု
Vol. 69 Ch. 1108
တစ်စုံတစ်ယောက်သောသူက ပြေးလွှားမှုကြောင့် ကျော်ကြားသွားသည်။ သူ သွားလေရာရာ သူ၏ တက်ကြွသော ကိုယ်အနေအထားနှင့် ကျယ်လောင်သော အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင် နေခဲ့၏။ လူတိုင်း သူ့ကို လက်ညှိုးထိုးကာ ပြောဆိုနေကြလေသည်။
ပိုင်သွန်၏ အခြေအနေမှာ ရိုးရှင်းပေ၏။ ပါ့ဂ်လီအိုသည် ကြွေးကြော်သံများကို အော်ဟစ်ပြီး အမှောင်လ စံအိမ်၏ ရပ်ကွက်တစ်ခုလုံးကို သုံးပတ် ပြေးရမည် ဖြစ်သည်။
ဆရာသခင် အဆိပ်နဂါး အပြေးအလွှား ထွက်လာရခြင်း အကြောင်းရင်းမှာလည်း အကြံအစည်လေး တစ်ခုကြောင့်ပင်။
သူက နတ်ဘုရားတစ်ပိုင်း အဆင့် အမြန်နှုန်းဖြင့် သုံးပတ်ပြေးပြီး မည်သူမှ သူ့ကို မမြင်နိုင်စေရန် ဖြစ်သည်။
သို့သော် သူ စ၍ ပြေးလိုက်ရာ သူ၏ အမြန်နှုန်းက ထူးဆန်းသော စွမ်းအား တစ်ခုကြောင့် နှေးကွေးသွားကြောင်းကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက အမြန်နှုန်းကို ထုတ်သုံး၍ မရတော့ပေ။ ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်းသာ သွား၍ ရတော့သည်...
သာမန်လူများ၏ အမြင်၌ ပါ့ဂ်လီအို၏ လှုပ်ရှားမှုများက မှော်ရုပ်မြင်သံကြားမှ အနှေးပြကွက်များလို ဖြစ်နေသော်လည်း တကယ့်အမြန်နှုန်းမှာ သာမန်လူများနှင့် တူနေရာ ထူးထူးခြားခြား ‘ကျက်သရေရှိ’ နေပုံရသည်။
ပါ့ဂ်လီအို မျက်စိ မှိတ်ထားလျှင်ပင် ၎င်းမှာ ဖိုက်သွန်က သူ့ကို တမင် သက်သက် နောက်နေခြင်း ဖြစ်ကြောင်း သိသည်။ ယခု အချိန်တွင်မူ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။ အဝတ်မပါဘဲ လမ်းပေါ်သို့ ပစ်ချခံရမည့်အစား သူ အရှုံးပေးခြင်းက ပိုကောင်းပေလိမ့်မည်။
ရလဒ်အနေဖြင့် ဆရာသခင် အဆိပ်နဂါးက မစ်ဘက်တီ၏ အမည်ကို အော်ဟစ်ရင်း ရှေ့သို့ ပြေးသွားသည်။ သူ၏အကြားအာရုံက သာမန်လူများထက် အများကြီး သာလွန်နေရာ ဘေးမှနေ၍ ကြည့်နေသူများ၏ စကားများမှာ သူ၏ နားထဲတွင် စကားလုံး တစ်လုံးချင်းနီးပါး ကြားနေရလေသည်။
“ဒီအရူးက ဘယ်သူလဲ။” (ဆရာသခင် အဆိပ်နဂါးကိုယ်တိုင် စစ်ထုတ်ထားသည်။)
“သူ သေချာပေါက် ရူးနေတာပဲ။” (ဆရာသခင် အဆိပ်နဂါး ကိုယ်တိုင် စစ်ထုတ်ထားသည်။)
“ဟိုမှာကြည့်။ အရူး တစ်ယောက် အင်္ကျီမပါဘဲ ပြေးနေတယ်။” (ဆရာသခင် အဆိပ်သခင်ကိုယ်တိုင် စစ်ထုတ်လိုက်သည်။)
“မိန်းမတစ်ယောက်ကြောင့် ရူးသွားတာ နေမယ်။” (ဆရာသခင် အဆိပ်နဂါးက အသည်းအသန် ခေါင်းညိတ်လိုက်သည်။)
“…”
သို့သော် အချစ်ကြီးသော အမျိုးသမီး အချို့ထံမှ အသံများလည်း ရှိနေသည်။
“ဝိုး... ဒီလူရဲ့ ကိုယ်လုံးကိုယ်ပေါက် တကယ် ကြည့်ကောင်းတာပဲ...” (ဆရာသခင် အဆိပ်နဂါး၏ နားများ ထောင်သွား၏။)
“မစ်-ဘက်တီ ဆိုတာ ဘယ်သူလဲ။ ကံကောင်းလိုက်တာ...” (ဆရာသခင် အဆိပ်နဂါး၏ မျက်လုံးများ အရောင် တောက်လာသည်။)
“ငါ့ အတွက်သာ ယောက်ျား တစ်ယောက်က ဒီလိုလုပ်ပေးရင်တော့...”
ဆရာသခင် အဆိပ်နဂါးက လှောင်ပြောင်မှု အများစုကို အလိုလို စစ်ထုတ်လိုက်လေသည်။ သူက ထိုသို့ အချစ်ကြီးသောအသံများကို တတ်နိုင်သမျှ ထိန်းသိမ်းထားရန် ကြိုးစားပြီး အဆုံးမရှိ ချဲ့ထွင်လိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် ပြေးရမယ် ဆိုမှတော့... ဒါက ပိုကောင်းတယ်...
ထိုသူက လှပသော အားပေးသူအဖွဲ့၏ အားပေးသံများ အကြားတွင် မိမိကိုယ်တိုင် အဝတ်မပါဘဲ ပြေးနေသည်ဟု အစွမ်းကုန် စိတ်ကူးကြည့်နေလိုက်သည်။
ထို့ကြောင့် သူက ပိုပြေးလေ ပို၍ စိတ်အားထက်သန်လာလေ ဖြစ်လာ၏။
ဆာလောင်ပြီး မကျေမနပ် ဖြစ်နေတဲ့ အမျိုးသမီးအပေါင်းတို့ ဒီက ဆရာသခင်ရဲ့ သန်မာ ထွားကြိုင်းသော ကိုယ်လုံးကို ကြည့်လိုက်ကြ။
နောက်မှ ပွဲကြည့်နေသော ချန်လွေ့မှာ ချွေးများပင် စို့လာသည်။ အဝတ်မပါဘဲ ပြေးနေရင်း ဒီလောက်တောင် တက်ကြွ နေသေးတယ်။ ဘယ်လောက်တောင် အရှက်မရှိတဲ့ကောင်လဲ။
အမှောင်လ၏ အစောင့်များက ခေသူများ မဟုတ်ကြပေ။ ပါ့ဂ်လီအို တစ်ပတ်ကို တစ်ဝက် ပြေးပြီးချိန်တွင် သူတို့က ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သော ‘အရူး’ကို ဖမ်းဆီးရန် ပေါ်လာကြပြီ ဖြစ်သည်။
ပါ့ဂ်လီအိုက အဖမ်းမခံချင်ပေ။ အရှက်ရခြင်းကြောင့် သာမက သူ၏ ‘အဝတ်မပါဘဲပြေးခြင်း’ အနှောင့်အယှက် ဖြစ်ပါက ဖိုက်သွန် အခြားနည်းလမ်း တစ်ခုခုကို သုံးလာပေလိမ့်မည်။ ထိုအခါ သေခြင်းထက်ပင် ဆိုးရွားသွားနိုင်၏။
ထိုအစောင့်များအားလုံးက အသီနာ၏ လက်အောက်မှဖြစ်ရာ သူက အဆိပ် ကဲ့သို့သော သတ်ဖြတ် တိုက်ကွက်များကို မသုံးနိုင်ပေ။ ဖိုက်သွန်ရဲ့ ရည်ရွယ်ချက်က လူတိုင်းရဲ့ မျက်စိရှေ့ ငါ့ကို အရှက်ခွဲဖို့ပဲ။ သေချာပေါက် သူ ပြဿနာ ရှာလိမ့်မယ်။ ဒါပေမဲ့... ငါ အမြဲတမ်းတော့ လွတ်အောင် ပြေးနိုင်တယ်။ ဟုတ်တယ်မလား။
ထိုသို့ဖြင့် အဝတ်မပါဘဲ ပြေးနေသော တက်ကြွသည့် ပုံရိပ်၏ နောက်တွင် အော်ဟစ်လိုက်လာသော အစောင့်များ ဆက်တိုက်ရှိနေသော်လည်း သူတို့က မမီနိုင်သလို “မစ်-ဘက်တီ ကိုယ် မင်းကို ချစ်တယ်” ဟူသော အသံကိုလည်း မလွှမ်းမိုးနိုင်ခဲ့ပေ။
ဆွေမျိုးများနှင့် မိတ်ဆွေများအဖွဲ့က ရယ်မောကြရင်း လိုက်လာသော်လည်း အချို့သော မြင်ကွင်းများမှာ သော်သော် မမြင်သင့်သောကြောင့် မစ်-သော်သော် သလဲသီးနက်ဖျော်ရည် သောက်ချင်ကြောင်း ပြောရာ လူတိုင်း ရပ်တန့်လိုက်ပြီး ကလေးမလေးနှင့်အတူ ဖရိုဖရဲ အခြေအနေများ အကြားမှ အအေး ဝင်သောက်တော့သည်။ မည်သို့ပင်ဖြစ်စေ စုစုပေါင်း သုံးပတ် ပြေးရမည်ဖြစ်၏။
လမ်းတစ်လျှောက်ရှိ လူများစွာက ထိုဂန္ထဝင်မြင်ကွင်းကို မှတ်တမ်းတင်ရန် ပုံရိပ်ဖမ်းကျောက်တုံး ထုတ်ယူထားသည်။ ထိုပြက်လုံးက အမှောင်လ ဒေသဆိုင်ရာ ရုပ်မြင်သံကြားဌာန၏ သတင်းအဖြစ် သေချာပေါက် ဂုဏ်ပြု ဖော်ပြခံရမည် ဖြစ်ပြီး ကြယ်ကြွေတမန် အင်ပါယာ ရုပ်မြင်သံကြားဌာန၏ မြင်ကွင်းထဲသို့ပင် ဝင်ရောက်သွားနိုင်၏။ ယနေ့ခေတ်တွင် မှော်ရုပ်မြင်သံကြား၏ ဖွံ့ဖြိုးတိုးတက်မှုက အတော်လေး လျင်မြန်လှပေသည်။ မြို့တော်၏ အတည်ပြုချက်ဖြင့် ကြယ်ကြွေတမန် အင်ပါယာ၏ ပိုင်နက် လေးခုက ကိုယ်ပိုင် ဒေသဆိုင်ရာ ရုပ်မြင်သံကြားဌာနများနှင့် သတင်းစာတိုက်များကို တည်ထောင်ခဲ့ကြပြီး ပြည်သူလူထု၏ တုံ့ပြန်မှုမှာလည်း ကောင်းမွန်ခဲ့သည်။
ရုတ်တရက် ပါ့ဂ်လီအို၏ ပြေးနေသော ပုံရိပ်သည် စွမ်းအားတစ်ခုကြောင့် ရပ်တန့် သွားပြီးနောက် သူက နေရာလွတ်ထဲတွင် ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရကာ မြို့ပြင်ရှိ တောင်ကုန်း တစ်ခုပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆရာသခင် အဆိပ်နဂါးက နေရာလွတ် အစားထိုးခြင်း စွမ်းအားမှာ အတော်လေး အားကောင်းပြီး ထိန်းချုပ်နိုင်စွမ်းထက် များစွာ သာလွန်နေသည်ကို ခံစားမိသည်။ သူ အံ့အားသင့်မိသွားသည်။ အဲဒီမိန်းမရဲ့ ပရိယာယ်များလား။
ဘယ်လိုပဲဖြစ်ဖြစ် ငါ အကုန်လုံးကို ပုံအောပြီးပြီပဲ။ ငါမကြောက်ဘူး။
ထိုအခိုက် သူ၏အရှေ့မှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ပါ့ဂ်လီအိုလား..”
ထိုအသံကြောင့် အဆိပ်နဂါးက သူ၏ အထူး ခံစားချက်ထဲမှ ရုတ်တရက် လွတ်မြောက်သွားပြီး ထစ်ငေါ့စွာဖြင့် ပြောလိုက်သည် “အက်... အက်...”
“မင်းရဲ့စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်နေပြီလား။ ဒါပေမဲ့ မင်းက ဘာလို့... ဒီလိုမျိုး ဝတ်စား ထားရတာလဲ။”
အဆိပ်နဂါး မျက်နှာ နီရဲသွားသည်။ သူက မြေနဂါးအဖြစ်သို့ ပြောင်းလဲပြီး ပုန်းအောင်းရန် တွင်းတစ်တွင်း ရှာချင်စိတ် ပေါက်သွား၏။ “ဆာ-အက်ဂ်လက်စ်!”
ပါ့ဂ်လီအိုကို နေရာလွတ်စွမ်းအားဖြင့် ရွှေ့ပြောင်းလိုက်သူမှာ နတ်ဆိုးဘုံ၏ နဂါးကျွန်းဧကရာဇ် အက်ဂ်လက်စ်ပင်။
“မင်း အဝတ် အရင်ဝတ်လိုက်စမ်း! မင်း တကယ်ပဲ နဂါးတွေကို အရှက်ရအောင် လုပ်တယ်!” အက်ဂ်လက်စ်က မျက်မှောင် ကြုတ်လိုက်သည်။ သူ ယနေ့ အမှောင်လ နယ်မြေသို့ ရောက်လာပြီး သူ့သမီးများကို လာတွေ့သော်လည်း အဝတ်မပါဘဲ ပြေးလွှားနေသော ‘အရူး’ တစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သည်။ တစ်ချက် ကြည့်လိုက်ရာ ပါ့ဂ်လီအို ဖြစ်နေသည်။ ထို့ကြောင့် ဆက်လက် အရှက်မရစေရန် သူ့ကို မြို့ပြင်သို့ ခေါ်ဆောင်လာသည့် နည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်သည်။
သူစိမ်း တစ်ယောက်ဆိုလျှင် ကိစ္စ မရှိသော်လည်း သိနေသောသူ ထို့ပြင် နဂါးဧကရာဇ် ဖြစ်နေ၏။ အက်ဂ်လက်စ်၏ ဆူပူကြိမ်းမောင်းမှုကို ရင်ဆိုင်ရသောအခါ ဆရာသခင် အဆိပ်နဂါးက စကား မပြောနိုင်ဘဲ ရှက်ရွံ့နေသည်။ သူ ပြောရန် ပြင်နေစဉ်မှာပင် နောက်မှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာပြီး သူ့ကို တုန်လှုပ်သွားစေသည်။
အက်ဂ်လက်စ်၏ မျက်လုံးများက နောက်မှ လေထဲတွင် ရုတ်တရက် ပေါ်လာသော အမျိုးသမီးထံသို့ လှည့်သွားသည်။ ထိုအမျိုးသမီးက အလွန် ဆွဲဆောင်မှုရှိသော်လည်း သူ၏ မျက်နှာမှာ အနည်းငယ် ဝေဝါးနေရာ သိပ်မမြင်ရပေ။ သူ၏ နက်ရှိုင်းသော မျက်လုံးမှ ထွက်ပေါ်နေသော ချစ်ချစ်တောက် အလင်းရောင်သာ အထူးသတိထားစရာ ဖြစ်နေသည်။
သူ၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ် ဖြစ်သော်လည်း နတ်ဘုရား-ယောင်အဆင့် ဖြစ်သော အက်ဂ်လက်စ်ကို အန္တရာယ်ရှိသည်ဟု တစ်နည်းနည်းဖြင့် ခံစားရစေသည်။
သတိထားနေသော်လည်း အက်ဂ်လက်စ်က မကြောက်ပေ။ သူက အေးစက်စွာ ပြောလိုက်သည်။ “မင်းက ဒီကောင်ပြောတဲ့ ‘ဘက်တီ’ လား။ မင်းရဲ့အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် နဂါးတွေကို ဒီလိုအရှက်ခွဲတာကို ခွင့်ပြုမှာ မဟုတ်ဘူး!”
ဘက်တီလား။ ဘယ်ဟုတ်မလဲ။ သူက ဘက်တီလေးသာဆိုရင် ကျုပ် သေတာမှ ကောင်းဦးမယ်။ ပြန်စဉ်းစားလိုက်တော့ ဘက်ဘီလေးက အကောင်းဆုံးပဲ... ပါ့ဂ်လီအို ရှင်းပြရန် ပြင်နေစဉ်မှာပင် ဖိုက်သွန် အက်ဂ်လက်စ်အား လှောင်ရယ် လိုက်သည်ကို ကြားလိုက်ရသည်။
“နဂါးတွေက သိပ်ကောင်းတယ်လား။” ဖိုက်သွန်၏ အကြည့်နှင့် အသံက ဖုံးကွယ် မထားသော အထင်သေးခြင်းကို ဖော်ပြ နေသည်။ “အတောင်ပံနဲ့ ဖွတ်တွေပါပဲ။”
ထိုစကားကြောင့် အက်ဂ်လက်စ်က ဒေါသထွက်သွားသည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော အဝါရောင် အလင်းတန်း တစ်ခုက ဖိုက်သွန်ထံသို့ ပျံသန်းသွားသည်။
အက်ဂ်လက်စ်၏ အမြင်တွင် ထိုအမျိုးသမီးက ထူးဆန်းသော်လည်း သူ၏ စွမ်းအားမှာ သူ့ထက် နိမ့်သည်။ မည်သို့ပင်ဆိုစေကာမူ သူက နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ်တွင်သာ ရှိသေးပြီး သူ၏ နတ်ဘုရား-ယောင် အဆင့်နှင့် များစွာ ကွာခြားနေသေးရာ ကြောက်စရာမရှိပေ။
ထိုအားကောင်းသော တိုက်ခိုက်မှုက သူ့ကို တိုက်ရိုက် မသတ်နိုင်သော်လည်း သူ၏ အကာအကွယ် စွမ်းအား အားလုံးကို ဖြိုခွဲပြီး ချုပ်နှောင် ထားနိုင်လိမ့်မည်။ ဒီမိန်းမနဲ့ ပါ့ဂ်လီအိုကြား ဆက်ဆံရေးက ဘာပဲဖြစ်ဖြစ် ငါ့ရှေ့မှာ နဂါးတွေကို စော်ကားရဲရင် သူ့ကို သင်ခန်းစာ ပေးတဲ့အနေနဲ့ အပြစ်ပေးရမယ်။ သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူး။
ဖိုက်သွန် မရှောင်တိမ်းပေ။ အဝါရောင် အလင်းက လက်သည်းပုံစံ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို ချက်ချင်းပင် လွှမ်းခြုံလိုက်၏။ ဖိုက်သွန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး လုံးဝ နှိမ်နင်းခံလိုက်ရပုံ ရသော်လည်း သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံး တစ်ခု ရှိနေသည်။
အက်ဂ်လက်စ်က ဖိုက်သွန်ကို ထိန်းချုပ် ပြီးနောက် ပါ့ဂ်လီအိုကို နောက်ထပ် စကားအနည်းငယ် ဆူရန် ပြင်ဆင်နေစဉ် သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ လက်သည်းပုံစံ အလင်းက လေမှုတ် ထားသော ဘောလုံးကဲ့သို့ ရုတ်တရက် ဖောင်းကားလာ၏။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ‘ဘုန်း’ ဟူသော အသံနှင့် အတူ ပေါက်ကွဲသွားပြီး ပွင့်နေသော ပန်းများကဲ့သို့ မရေမတွက်နိုင်သော အလင်းစများ ပြန့်ကျဲသွားလေသည်။
ပေါက်ကွဲမှု၏ အလယ်မှ အနီရောင် စွမ်းအင်တစ်ခုက အက်ဂ်လက်စ်ထံသို့ တိုးဝင်လာသည်။ အက်ဂ်လက်စ်က လက်ကို အမြန် ဆန့်လိုက်သော်လည်း ထိုစွမ်းအားက မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေမည်ဟု မထင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်က ၁၀မီတာကျော်ခန့် နောက်သို့ တွန်းပို့ခံလိုက်ရပြီး သူ၏ ခြေအောက်ရှိ မြေပြင်ပေါ် ဒရွတ်တိုက် အရာ နှစ်ခု ကျန်ရစ်ခဲ့လေသည်။
အက်ဂ်လက်စ်၏ မျက်ဆံများက အနည်းငယ် ကျုံ့သွားစဉ် အမျိုးသမီးက ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူ၏ ကျက်သရေရှိ ကိုယ်ဟန် အနေအထားက ပေါ့ပါးသော်လည်း တစ်ကိုယ်လုံးမှာ သူနှင့် တန်းတူ အားကောင်းသော အငွေ့အသက် တစ်ခုကို ထုတ်လွှတ်နေ၏။ “နတ်ဘုရား-ယောင်ရဲ့ စွမ်းအားကို ဘယ်လိုမျိုး သုံးရမလဲဆိုတာ ပြောပြမယ်။”
ထိုသို့ပြောပြီးနောက် အမျိုးသမီးက ပျောက်ကွယ်သွားပြီး အက်ဂ်လက်စ်၏ နှလုံးသား၌ သတိပေးလက္ခဏာများဖြင့် ပြည့်နှက်သွားသည်။ သူ ရုတ်တရက် နောက်ပြန်လှည့်လိုက်ကာ ပြင်းထန်သော လက်သီးတစ်ချက်ကို ခုခံလိုက်လေ၏။ ထိုတစ်ကြိမ်တွင်မူ ယခင်အကြိမ်ကဲ့သို့ အလောတကြီး မဟုတ်ဘဲ အပြည့်အဝ သတိရှိနေသော အက်ဂ်လက်စ်က အနည်းငယ်သာ ယိမ်းယိုင်သွားခဲ့သည်။
တိုက်ခိုက်မှုကို ခုခံပြီးနောက်တွင် ဖိုက်သွန်က ဘေးဘက်တွင် ချက်ချင်း ပြန်ပေါ်လာ၏။
အက်ဂ်လက်စ်၏ စိတ်စွမ်းအားက လျင်မြန်သော ပုံရိပ်ကို လျင်မြန်စွာ ဖမ်းယူလိုက်ပြီး လက်သီးဖြင့် အမြန် ထိုးလိုက်သည်။
ထိုလက်သီး၌ ပါဝင်သော အရှိန်အဝါက ယခင် အဝါရောင်အလင်းထက် များစွာ သာလွန်သော်လည်း အမြင့်ဆုံး စွမ်းအား မထုတ်လွှတ်နိုင်ခင်မှာပင် ဆွဲအား တစ်ခုကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ ထိုဆွဲအားက အလွန် ထူးဆန်းသည်။ ၎င်းက ထိုးလိုသော ပစ်မှတ်မှ သွေဖည် သွားစေရန် အားကို ထောင့်ဖြတ် လမ်းကြောင်းလွှဲလိုက်၏။ အက်ဂ်လက်စ် နောက်ထပ် တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် လက်ဖမိုး နာကျင်သွားပြီး ဓားသဖွယ် လက်ဝါးက သူ၏ လက်ကောက်ဝတ်ကို ထိမှန်သွားပြီ ဖြစ်သည်။ လက်သီးတွင် ပါဝင်သော အရှိန်အဝါက ချက်ချင်း ပြိုကွဲသွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်ခံလိုက်ရ၏။
အက်ဂ်လက်စ် တစ်ခုခု လွဲနေကြောင်း သိလိုက်သည်။ သူက စွမ်းအားကို တိုးမြှင့်ပြီး လက်ကို ကြာပွတ်လို ဝှေ့ယမ်းကာ ပြိုင်ဘက်၏ ချုပ်နှောင်မှုမှ လွတ်မြောက် သွားသော်လည်း သူ၏ နံဘေးကို ထိမှန်ခံလိုက်ရလေသည်။
ထိုတိုက်ခိုက်မှုက ဆူးချွန်တစ်ခုကဲ့သို့ ဖြစ်နေပြီး စွမ်းအားကို အမှတ်နေရာ တစ်ခုတည်းတွင် စုစည်းထားလေသည်။ နဂါးများ၏ ခန္ဓာကိုယ်က အလွန်ပင် အစွမ်းထက်လှသော်လည်း မခံနိုင်ပေ။ အက်ဂ်လက်စ်က တိုက်ခိုက်ရေး အတွေ့အကြုံ အလွန် ကြွယ်ဝလှသည်။ သူက ခြေထော်ကို တော့လိုက်ပြီး အားကို အသုံးပြု နောက်သို့ ဆုတ်လိုက်ရာ အားအများစုကို လျှော့ချနိုင်ခဲ့သော်လည်း အန္တရာယ် ခံစားမှုက ထပ်မံ၍ ချဉ်းကပ် လာပြန်သည်။ အမျိုးသမီး၏ လှုပ်ရှားမှုက အလွန်ပင် လျင်မြန်လှလေသည်။ သူက အရိပ်သဖွယ် သူ့နောက် လိုက်လာသည်။ အကြံအိုက်နေသော အက်ဂ်လက်စ်က လက်များကို ခုခံသည့် အနေအထားမျိုး ထားလိုက်သည်။
ထိုသို့ အပြောင်းအလဲများက မျက်စိ တစ်မှိတ် အတွင်းမှာပင် ဖြစ်ပျက် သွားခဲ့သည်။ ပါ့ဂ်လီအို၏ မျက်လုံးများ ဝေဝါးသွားလေသည်။ အက်ဂ်လက်စ်၏ ပုံရိပ်က နောက်သို့ ထွက်ပြေးသွားပြီး ဖြစ်ပုံရပြီးနောက် သူက ပြင်းထန်သော ထိုးကြိတ်သံများကို ကြားလိုက်ရ၏။ အက်ဂ်လက်စ် သိသိသာသာ အရေးနိမ့် နေသော အခြေအနေတွင် ရှိနေသည်။
ပါ့ဂ်လီအိုက အေးစက်သောလေကို ရှူသွင်းလိုက်၏။ ဖိုက်သွန် သုံးနေသည်မှာ ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင် သူ သင်ကြားပို့ချစဉ်က အသုံးပြုခဲ့သော နည်းဗျူဟာများပင်။ လက်တွေ့တွင်ပါ ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ဖူးပေ။ အနီးကပ်တိုက်ခိုက်ရာတွင် အတော်ဆုံးဖြစ်သော နဂါးများ ထို့ပြင် နဂါးဧကရာဇ်ပင် နှိမ်နင်းခံနေရသည်။
ကြည့်ရတာ ဒီကြောက်စရာကောင်းတဲ့ အမျိုးသမီးက ပုံမှန် လေ့ကျင့်ရေးတွေမှာ တကယ် သက်ညှာနေခဲ့ပုံပဲ။ မဟုတ်ရင်...
“ဘုန်း!”
အသံကျယ်ကြီးနှင့်အတူ အရှေ့ဘက် မြေပြင်တွင် ကြီးမားသော တွင်းကြီးတစ်ခု ပေါ်လာခဲ့လေသည်။ ပြန့်ကားနေသော အက်ကြောင်းများ၏ ဦးတည်ရာကို ကြည့်လျှင် ၎င်းမှာ အက်ဂ်လက်စ်၏ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပေလိမ့်မည်။
ဖိုက်သွန်၏ ပုံရိပ်က နောက်သို့ လျင်မြန်စွာ ပျံသန်း သွားပြီးနောက် တစ်ဖက်တွင် ဖြည်းညှင်းစွာ ဆင်းသက် လိုက်သည်။ သူက ထိုမထီမဲ့မြင် ပြုံးနေဆဲ ဖြစ်သည်။
အက်ဂ်လက်စ်၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော လက်သီးရာများ ရှိနေပြီး ဒဏ်ရာမရသကဲ့သို့ပင် ၎င်းတို့က အလျင်အမြန် ပြန်လည် ကောင်းမွန် သွားကြသည်။ သို့သော် ထိုအချိန်တွင် နဂါးဧကရာဇ်၏ မျက်နှာပေါ်တွင် အထင်သေးမှု အနည်းငယ်မျှ မရှိတော့ပေ။ သူ၏ မျက်နှာက အလွန်အမင်း တည်ကြည်လေးနက်နေ၏။