← Chapters

ယန်းအိုက်၏ ဉာဏ်ပညာ

Vol. 107 Ch. 1498

ယန်းအိုက်၏ ဉာဏ်ပညာ

Vol. 107 Ch. 1498

"ဘာတွေဖြစ်နေတာလဲ" ဝမ်ဝေ့က မယုံကြည်နိုင်စွာ မေးလိုက်သည်။

"ကျွန်မ ပြောတာကို ရှင် ကြားပြီးပြီလေ"

ဒေါသက ပြန်ပြောလိုက်သည်။ သူမ၏ မျက်လုံးများသည် နတ်ဘုရားကျင့်ကြံသူ၏ ချပ်ဝတ်ကဲ့သို့ ခိုင်မာနေသည်။ ဝမ်ဝေ့သည် သူမကို စိုက်ကြည့်ပြီးနောက် သူ၏ အံ့ဖွယ်အသိစိတ်ကို အသုံးပြုပြီး သူမ၏ ခန္ဓာကိုယ်ကို ပေါ်ပေါ်တင်တင် စစ်ဆေးလိုက်သည်။

"ရှင် … "

ဒေါသက ခံပြင်းသည့်မျက်လုံးများဖြင့် ပြောလိုက်သော်လည်း ဝမ်ဝေ့က သူမကို လျစ်လျူရှုလိုက်သည်။ သူမသည် ထိန်းချုပ်ခံထားရခြင်း သို့မဟုတ် မည်သည့်လွှမ်းမိုးမှုအောက်တွင်မဆို ရှိနေခြင်း ရှိ။ မရှိ သိလိုသောကြောင့် သူမကို အရှက်မရှိ ထိုးဖောက်စစ်ဆေးလိုက်သည်။

"ဒါ တကယ် လိုအပ်လို့လား" စစ်မိန်ဟွေ့က ပြုံးလျက် ပြောသည်။

"ဒါ ခင်ဗျားနဲ့မဆိုင်ဘူ။ ဒါကြောင့် ဘေးဖယ်နေ" ဝမ်ဝေ့က သတိပေးလိုက်သည်။

"သူမက ငါ့ရဲ့ ကိုယ်လုပ်တော်အသစ်ပဲ … ဒါကြောင့် ငါနဲ့ ဆိုင်တယ်" စစ်မိန်ဟွေ့က ပြန်ချေပသော်လည်း သူ့ကို မတားဆီးပေ။ ဝမ်ဝေ့သည် ဂမ္ဘီရတွက်ချက်ခြင်းနှင့် သူမ၏ အတိတ်ကို ချောင်းကြည့်ခြင်းတို့ဖြင့် စစ်ဆေးသော်လည်း ဘာတစ်ခုမှ မတွေ့ရပေ။

စတော့ဟုမ်း ဆင်ဒရုန်းလား … မဟုတ်ဘူး သူမက သူ့ကို ကာကွယ်ပေးမဲ့ လူတစ်ယောက်ကို လိုချင်ခဲ့တာနဲ့ ပိုတူတယ်။ ပြီးတော့ စစ်မိန်ဟွေ့က သူမရဲ့အားနည်းချက်ကို အခွင့်ကောင်းယူလိုက်တာပဲ

ဝမ်ဝေ့က ဆန်းစစ်လိုက်သည်။

"သူမနဲ့အတူနေတာရဲ့ အကျိုးဆက်တွေကို နားလည်ရဲ့လား။ ကမ္ဘာကြီးက ဘယ်သူမှ တစ်ခါမှ မမြင်ဖူးတဲ့ ကပ်ဘေးတစ်ခုကို ကြုံတွေ့ရတော့မယ်။ သူမရဲ့ ရှေးဦးစံပြ အင်အားက မင်းကို ကာကွယ်နိုင်တယ်လို့ မင်း ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ သူမရဲ့ အုတ်မြစ်က အားနည်းတယ်။ သူမက သူ့ကိုယ်သူတောင် ကာကွယ်ဖို့ မလွယ်ဘူး"

"ငါ့လုံခြုံရေး ဒါမှမဟုတ် သူမရဲ့ လုံခြုံရေးအတွက် မင်း စိတ်ပူစရာမလိုပါဘူး" စစ်မိန်ဟွေ့က ဝင်ပြောသော်လည်း ဝမ်ဝေ့သည် ဒေါသကိုသာ စိုက်ကြည့်ပြီး သူမ၏အဖြေကို စောင့်နေသည်။

"ကျွန်မ နားလည်ပါတယ်။ ကျွန်မရဲ့ ရွေးချယ်မှုက အတူတူပါပဲ" ဒေါသက ပြန်ဖြေလာသည်။

"မင်းရဲ့ တခြားအစ်ကိုတွေနဲ့ အစ်မတွေရော"

“အစားကြူးသူက အနာဂတ်မှာ တက်လှမ်းလာမဲ့လူတွေအတွက် အိမ်တစ်လုံး ဆောက်ဖို့ ရွေးချယ်ခဲ့တယ်။ တခြားသူတွေကတော့ ထာဝရလမ်းစဉ်မှာ ဒုတိယအခွင့်အရေးအတွက် ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့ကြတယ်။ လူတိုင်း နေရာကျသွားတာနဲ့ အစားကြူးသူကလည်း တခြားသူတွေရဲ့ နောက်ကို လိုက်သွားလိမ့်မယ်။ ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိတယ်။ ဒါကတော့ ကျွန်မရဲ့ လမ်းကြောင်းပဲ"

ဒေါသက ပြန်ဖြေလိုက်သည်။

ဝမ်ဝေ့သည် သူမ၏ မျက်လုံးများမှတစ်ဆင့် သူမ၏ စိတ်ဝိညာဉ်ကို ထိုးဖောက်ကြည့်လိုက်သည်။ ထိုအရာက သူမ၏ ရွေးချယ်မှုဖြစ်ပြီး အကျိုးဆက်တွေ ဘာပဲဖြစ်ပါစေ ဤလမ်းကြောင်းကို လိုက်ဖို့ သူမ ဆုံးဖြတ်ထားတယ်ဆိုတာကို သူ သဘောပေါက်လိုက်သည်။

"ကောင်းပြီ။ မင်းက ဒီလမ်းကြောင်းကို မင်းရဲ့ ကိုယ်ပိုင်သဘောဆန္ဒနဲ့ ရွေးချယ်ခဲ့တာဆိုတော့ ငါ ဘာမှမပြောတော့ဘူး။ မင်းရဲ့ ဆရာဆီ ပေးခဲ့တဲ့ ကတိအတွက် ငါ အစွမ်းကုန် လုပ်ခဲ့ပြီးပြီ။ ဒီအချိန်ကစပြီး မင်း ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်တော့ဘူး"

"ကျွန်မ လိုချင်တာက ဒါပဲ"

"မင်း ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ် … ရိုးရိုးသားသားပြောတာပါ" ဝမ်ဝေ့က ထပ်ပြောသည်။

"ကျေးဇူးပါ" သူမက ခေါင်းညိတ်လိုက်၏။

သူက လက်နက်ကို ပေါ့ပေါ့ဆဆ စစ်မိန်ဟွေ့ဆီ ပစ်ပေးလိုက်ပြီးနောက် အခြားတစ်နေရာသို့ ကူးသန်းသွားသည်။ သူ့အပြုအမူများတွင် တုံ့ဆိုင်းမှု သို့မဟုတ် အာရုံများနေမှု မရှိပေ။ ဝမ်ဝေ့သည် ဤကံကြမ္မာမှ သန့်စင်ဆေးကြောလိုက်တော့သည်။

ဒေါသက သူ့ကို ထွက်ခွာသွားသည်ကို ကြည့်နေပြီး သူမ၏ အကြည့်သည် အနည်းငယ် တွေဝေနေ၏။

"ဘာလဲ။ မင်းရဲ့ရွေးချယ်မှုကို နောင်တရနေပြီလား" စစ်မိန်ဟွေ့က နောက်ပြောင်လိုက်သည်။

"မဟုတ်တာ" ဒေါသက ပြုံးလိုက်သည်။

"သူက ကျွန်မဘဝကို ဒီလောက်ကြာအောင် သြဇာလွှမ်းမိုးခဲ့လို့ အနည်းငယ်တော့ ဝမ်းနည်းမိတာပါ"

"ဒါက ပုံမှန်ပါပဲ" စစ်မိန်ဟွေ့က ခေါင်းညိတ်သည်။ ဝမ်ဝေ့ ပြောတာ မှန်တယ်ဆိုရင် သူသည် သူမ၏ ဆရာကို ပေးထားသည့် ကတိကို ထိန်းသိမ်းခဲ့ပြီး ဒေါသနှင့် နက်ရှိုင်းသော ချည်နှောင်မှုတစ်ခု ဖန်တီးခဲ့သည်။

"လာလေ အိမ်ပြန်ကြရအောင်"

---

ဝမ်ဝေ့သည် အိမ်သို့ ပြန်လာပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကြောင့် ပုံမှန်မဟုတ်သေးသည့် ခံစားချက်ကို ခံစားနေရသည်။ အချိန်သည် ရှေ့သို့ တိုးလာနေပြီး သူ၏ ဘဝမှ လူများသည် ပြောင်းလဲလာကြသည်။ အချို့ဆိုလျှင် သူ့ထက်မြက်သော စိတ်ဖြင့်ပင် ခန့်မှန်း၍မရနိုင်လောက်အောင်ပင် ဖြစ်၏။ သူသည် သူ့အခန်းသို့ ဦးတည်နေစဉ် ဝမ်ဝေ့သည် တစ်စုံတစ်ယောက်၏ တည်ရှိမှုကို ခံစားမိပြီး လှည့်ပြောလိုက်သည်။

"ဘိုးဘေး ဒီထက် ပိုကောင်းတဲ့ အရာတစ်ခုခု လုပ်စရာ မရှိဘူးလား"

"တကယ်တော့ မရှိဘူး" ယန်းအိုက်က ပြန်ဖြေသည်။ မပြီးမပြတ်အခြေအနေတွင် သူမ၏ အချိန်နှင့် သူမ ရရှိခဲ့သည့် ကုသိုလ်များက သူမကို စံပြ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိစေပြီး ဆိုလိုသည်မှာ သူမ၏ အင်အားအပြည့်အစုံကို ပြန်လည်ရရှိရန်အတွက် အနားယူမှု အနည်းငယ်သာ လိုတော့သည်။

"ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ" ဝမ်ဝေ့က သက်ပြင်းချပြီး မေးလိုက်သည်။

"အနာဂတ် ချွေးမလောင်းနဲ့ မင်းရဲ့ တိုးတက်မှုကို သိချင်တယ်။ လာ … ငါ့ကို ပြောပြစမ်းပါ။ ရိုးရိုးသားသားပဲနော်"

ဝမ်ဝေ့က စကားမပြောနိုင်ဖြစ်သွားသည်။ အမျိုးသမီးများသည် သဘာဝအားဖြင့် အတင်းအဖျင်းစကားများကို နှစ်သက်ကြသည်ဟူသော ပုံသေကားချပ်ကို သူ မယုံချင်သော်လည်း လက်ရှိအခြေအနေက သက်သေရှိနေသည်။

"ကဲ ဘာကို စောင့်နေတာလဲ"

ဝမ်ဝေ့က သက်ပြင်းချမိသည်။

"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပိုနီးကပ်လာပြီ။ လက်တွဲဖော်တွေလို့တောင် ပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ပါးလွှာပြီး သေးငယ်တဲ့ အလွှာလေးတစ်ခု ရှိနေသေးတယ်လို့ ခံစားရတယ်"

သူတို့ အတူမအိပ်ရသေးလို့ ဒီလိုပြောတာ မဟုတ်ဘဲ မကြာသေးမီက ဆက်ဆံရေးနောက်ပိုင်း ခံစားရသော ခံစားချက်ကြောင့် ဖြစ်သည်။

"အဲဒါ နျူလျန်ကြောင့် ဖြစ်နိုင်ပါတယ်" ယန်းအိုက်က ပြောသည်။

"သူမက သူတို့ နှစ်ယောက် ခဏ တွဲခဲ့ဖူးတယ်လို့ ပြောခဲ့ပေမဲ့ အချက်အလက် သိပ်မပေးခဲ့ဘူး" ဝမ်ဝေ့က ပြောသည်။

"နျူလျန်က ရုပ်ချောပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ချိုသူတစ်ယောက်ပဲ။ စစ်ပွဲအတွင်းမှာ ချီယွမ်က သူ့ကို တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာကို ငါတို့ဘက်က ရပ်တည်ပေးဖို့ ယုံကြည်အောင် လုပ်ဖို့ တာဝန်ပေးခဲ့တယ်။ ပြီးတော့ ဝူဟုန်က သူ့ရဲ့ ကာကွယ်သူလေ။ အဲဒီတာဝန်အတွင်းမှာ သူတို့ ရင်းနှီးသွားပြီး ချစ်သူရည်းစား ဖြစ်လုနီးပါး ဖြစ်ခဲ့ကြတယ်"

"ဒါဆို ဘာဖြစ်ခဲ့လဲ" ဝမ်ဝေ့က မေးသည်။

"သူမရဲ့ တခြားဆက်ဆံရေးတွေလိုပဲ အဆုံးသတ်ခဲ့တာ။ သူက သူမရဲ့ အင်အားနဲ့ အလားအလာကို မနာလိုဖြစ်လာတယ်။ ဒါကြောင့် သူမအဆင့်ကို ရောက်အောင် ကြိုးစားမဲ့အစား သူမကို အောက်ဆွဲချဖို့ ကြိုးစားခဲ့တယ်" ယန်းအိုက်က နှာခေါင်းရှုံ့မိသည်။ သူမသည် ဆက်ဆံရေးများကို စိတ်မဝင်စားသော်လည်း ဤလူမျိုးကို သူမ မုန်းတီးသည်။

"သူ့ကို ကျေးဇူးတင်သင့်တယ်လို့ ထင်တယ်" ဝမ်ဝေ့ ပြုံးလိုက်သည်။ ဝူဟုန်နှင့် သူ့ကြားက ကံကြမ္မာကြိုးမျှင်က သူတို့၏ ဆက်ဆံရေးကို အာမခံနိုင်ခြင်း မရှိသေးသောကြောင့် တခြားယောက်ျားအားလုံး ဤသို့ဖြစ်သွားတာကို သူ ဝမ်းသာမိသည်။

"မင်းက အဲဒီလူတွေနဲ့ ဘာမှမတူပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မင်းက သူမကို ပိုကောင်းလာအောင် စိန်ခေါ်နေတယ်။ ဒါကြောင့် မင်း အောင်မြင်မယ်လို့ ငါ ယုံကြည်တယ်။ သူမကို အချိန်အနည်းငယ် ပေးလိုက်ပါ … သူမ ဒီစိတ်မလုံခြုံမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်"

"ကျွန်တော် လုပ်ပါ့မယ်" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"ကောင်းတယ်။ သူမအပေါ် ငါ့ရဲ့ ဝါစဉ်နေရာကို အသုံးချနိုင်မှုက မင်းအပေါ် မူတည်တယ်။ ငါ့ကို စိတ်မပျက်စေနဲ့" ယန်းအိုက်က ခေါင်းညိတ်ပြီး ထွက်သွားဖို့ ပြင်ဆင်သည်။

"နေပါဦး … ဘိုးဘေး ကျွန်တော် တိုင်စရာတစ်ခု ရှိတယ်" ဝမ်ဝေ့က တစ်ခုခုကို သတိရပြီး ပြောသည်။ ယန်းအိုက်က သူ့ကို ထူးဆန်းစွာ ကြည့်သည်။

“ကောင်လေး ငါ မင်းကို မင်း မခံစားသင့်တဲ့ ဘာအပြစ် လုပ်ဖူးလို့လဲ"

"ဘိုးဘေး ကျွန်တော့်ကို ကောင်းကင်ဘုံ တားမြစ်တိုက်ခိုက်ရေးအဆင့်နဲ့ပတ်သက်ပြီး လိမ်ခဲ့တယ်" ဝမ်ဝေ့က သူ့မျက်နှာမှ မကျေနပ်မှုကို မဖုံးကွယ်ဘဲ ပြောသည်။

"အော် … မင်း အဲဒါကို ပြောနေတာလား။ ငါ မလိမ်ခဲ့ပါဘူး။ ဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းကိုပဲ သုံးခဲ့တာပါ"

"ဂိုဏ်းရဲ့ လုပ်ထုံးလုပ်နည်းက ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးကို လိမ်ဖို့လား" ဝမ်ဝေ့က ပြန်ချေပသည်။

"အရည်အချင်းရှိတဲ့ လူတွေအတွက် အစောပိုင်းကတည်းက အရိပ်အမြွက်တွေ ချန်ထားခဲ့ပြီး ဒီလမ်းကြောင်းကို လမ်းညွှန်ပေးလေ့ရှိတယ်။ ငါ့ရဲ့ မူလရည်ရွယ်ချက်က မင်း တက်လှမ်းလာပြီးတဲ့နောက် မင်းကို ဖြည်းဖြည်းချင်း အရိပ်အမြွက်ပေးဖို့ပါ။ ဒါပေမဲ့ မင်းက ဒိုင်မေးရှင်းအနိမ့်မှာတောင် အောင်မြင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" ယန်းအိုက်က ပုခုံးတွန့်ပြသည်။

ဝမ်ဝေ့၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်သွားသည်။

"ဒီလိုမျိုး စနစ်စုတ်မျိုးကို ဘယ်သူ ရေးဆွဲထားတာလဲ"

"မင်းက ဘယ်သူ့ကို စနစ်စုတ်လို့ ပြောနေတာလဲ" ယန်းအိုက်သည် သူ့ဘေးတွင် ပေါ်လာပြီး ဝါးတုတ်ဖြင့် ရိုက်လိုက်ရာ အလွန်နာကျင်သည်။

"ကောင်လေး နောက်မျိုးဆက်ကို ပညာပေးတာနဲ့ပတ်သက်ပြီး မင်း ဘာသိလို့လဲ။ ကျင့်ကြံရေးစနစ်က တီထွင်ဖန်တီးမှုနဲ့ ဉာဏ်ပညာကို ကန့်သတ်ဖို့ ဒီဇိုင်းထုတ်ထားတယ်ဆိုတာ မင်း သိလား။ အစ်ကိုချီယွမ်နဲ့ အစ်ကိုလီတို့ ငယ်စဉ်က မူလစနစ်ကို မြှင့်တင်ဖို့ နည်းလမ်းပေါင်းများစွာကို ဆွေးနွေးခဲ့ကြတယ်။

နှစ်သန်းပေါင်း အနည်းငယ် ကြာအောင် ကျင့်ကြံပြီးနောက် အစ်ကိုလီက သူ့ရဲ့ ဖန်တီးနိုင်စွမ်းအများစုကို ဆုံးရှုံးခဲ့ရတယ် ပြီးတော့ အစ်ကိုချီယွမ်က သူ့ကို ပြန်ရဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ မင်းက ဒီအဆင့်ကို အံ့ဩစရာကောင်းတဲ့ အရှိန်နဲ့ ရောက်ဖို့ ကံကောင်းခဲ့တာ။ ဒါပေမဲ့ မင်းတောင် စနစ်ရဲ့ သြဇာလွှမ်းမိုးမှုကို ခံခဲ့ရမှာကို ငါ လောင်းရဲတယ်"

"စနစ်က ဒီလိုရေးဆွဲထားတာကို သိပြီးနောက် မင်းက အဲဒါကို အမှန်တရားတစ်ခုအဖြစ် လက်ခံလိုက်ပြီး တခြားနည်းလမ်းရှာဖို့ မကြိုးစားခဲ့ဘူး မလား" ယန်းအိုက်က နှာခေါင်းရှုံ့ပြီး မေးလိုက်ရာ ဝမ်ဝေ့၏ ခန္ဓာကိုယ် ရပ်တန့်သွားသည်။

သူသည် သူ့၏ ကောင်းကင်ဘုံအဆင့်ကို ထူးခြားအောင် လုပ်ဖို့ နည်းလမ်းမရှိဘူးဆိုတာကို အလွန်မြန်မြန် လက်ခံလိုက်မိတာ အမှန်ပင် ဖြစ်၏။ ထိုအရာက ဘောင်ကို ကျော်ဖြတ်ဖို့ နှစ်သက်ကာ ပုန်ကန်တတ်သည့် သူ့လိုလူမျိုးနဲ့ မတူပေ။

"မင်းရဲ့ တုံ့ပြန်မှုအရ ငါ မှန်တယ်လို့ ထင်ပါတယ်" ယန်းအိုက်က ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နေပြီး ဝမ်ဝေ့ကို ရှက်ရွံ့စေသည်။

"ငါတို့ ဒါကို ကြာကြာကတည်းက သဘောပေါက်ထားတယ်။ ဒါကြောင့် ငါတို့ရဲ့ တပည့်တွေကို တီထွင်ဖန်တီးမှုရှိရှိ တွေးခေါ်ဖို့ လှုံ့ဆော်ဖို့အတွက် စနစ်ကို ရေးဆွဲထားခဲ့တာ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မဟာတာအိုရဲ့ စနစ်စည်းမျဉ်းတွေအတွင်းကနေ ကစားနေတာ"

ဝမ်ဝေ့သည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်သည်။

"ဘိုးဘေး သိပါတယ်။ ကျွန်တော့်လို လူငယ်တွေက သူတို့ ပိုသိတယ်ဆိုတဲ့ အတွေးအခေါ်မျိုး အမြဲရှိနေတတ်တယ်။ ဒါကြောင့် ကျွန်တော့်ကို ဂရုမစိုက်ပါနဲ့။ ဒါနဲ့ ဘိုးဘေးကပဲ စံပြတားမြစ်တိုက်ိခုက်ရေးအဆင့်ကို ရရှိထားတာကို ကျွန်တော် သတိထားမိတယ်။ အကြောင်းအရင်း အထူးအထွေ ရှိသေးလား"

"ငါ့ရဲ့ ဒဏ်ရာကို ဆားလာသိပ်နေတာလား" ယန်းအိုက်က စိတ်ဆိုးစွာ မေးသည်။

"လုံးဝမဟုတ်ပါဘူး။ ကျွန်တော် သိချင်ရုံသက်သက်ပါ"

"ကောင်လေး မင်း ဒီလိုမျိုး အစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုမှာ မွေးဖွားလာရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ မင်း သဘောမပေါက်သေးဘူးလား" ယန်းအိုက် သက်ပြင်းချသည်။

"တားမြစ်တိုက်ခိုက်ရေးအဆင့်အကြောင်းကို ငါ ပထမဆုံးကြားခဲ့ရတာက ငါ မဟာဧကရာဇ်အဆင့်မှာ ရှိနေတုန်းက … ပြီးတော့ အဲဒါက ကောင်းကင်ဖွင့်လှစ်ရေးစံပြဆီက အရိပ်အမြွက်တစ်ခုပဲ။ ဒါပေမဲ့ အဲဒီတုန်းက ငါတို့ရဲ့ ဆက်ဆံရေးက သိပ်မကောင်းခဲ့လို့ သူ့ကို ငါတို့ မယုံကြည်ခဲ့ကြဘူး"

"ငါ တားမြစ်တိုက်ခိုက်ရေးအဆင့်ရှိတဲ့ လူတစ်ယောက်ကို ပထမဆုံး တွေ့ခဲ့ရတာက စံပြကောင်းကင်အလိုဆန္ဒပြိုင်ပွဲအတွင်းမှာပဲ။ အဲဒီလူယုတ်မာက ငါနဲ့ အစ်ကိုချီယွမ်ကို သတ်လုနီးပါးပဲ။ ငါတို့ရဲ့ စံပြ လက်နက်နဲ့ အတူတူလုပ်ဆောင်မှုတွေ မရှိခဲ့ရင် သေသွားလောက်ပြီ"

"တိုက်ပွဲပြီးနောက် အစ်ကိုချီယွမ်က ဒီလူက တားမြစ်တိုက်ခိုက်ရေးအဆင့်ထဲကို ဝင်ရောက်ခဲ့တယ်လို့ ယူဆခဲ့တယ်။ သူက ငါ့ကို ကာကွယ်ပေးနေချိန်မှာ ငါ့ကို ကောင်းကင်အလိုဆန္ဒ စုပ်ယူတာကို နှောင့်နှေးပြီး တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ငါက ငါ့ရဲ့ ကောင်းကင်အလိုဆန္ဒ မသုံးသေးဘဲ ရှိထားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့တယ်။ အစ်ကိုချီယွမ်က သူ့အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ သူက အဆုံးစွန်မဲ့စံပြ အသစ်တစ်ယောက်ပဲလေ။ ဒါကြောင့် လူအများကြီးက ငါတို့ကို တိုက်ခိုက်ခဲ့ကြတယ်။ ငါ အဲဒါကို သုံးခဲ့ရတယ်"

"ငါတို့ရဲ့ ဂိုဏ်းကို တည်ထောင်ပြီးနောက် ငါတို့မှာ အရင်းအမြစ်တွေ။ အချိန်နဲ့ အခွင့်အလမ်းတွေ အများကြီး ရှိလာမှပဲ ငါတို့ စံပြတားမြစ်တိုက်ခိုက်ရေးအဆင့်ထဲကို ဝင်နိုင်ခဲ့ကြတာ"

ဝမ်ဝေ့သည် တိတ်ဆိတ်သွားသည်။ တစ်ခါတစ်ရံ သူသည် သူ့မွေးဖွားခြင်းကြောင့် ရရှိခဲ့သည့် အခွင့်ထူးများကို မေ့လျော့သွားသည်။ သူနှင့်တူသော လူတစ်ယောက်သည် သူတို့ မရရှိခဲ့သော အကျိုးကျေးဇူးများနှင့် အားသာချက်များကို ရရှိစေရန်အတွက် ဘိုးဘွားများက ပြုလုပ်ခဲ့သည့် စွန့်လွှတ်မှုအားလုံးကို သူ မေ့လျော့သွားသည်။ ဤစကားပြောဆိုမှုသည် သူ၏ အနာဂတ်ဇနီးသည် သူမ အောင်မြင်ခဲ့သည့် အရာအားလုံးအတွက် ဘယ်လောက်ကံကောင်းပြီး အံ့ဩစရာကောင်းသည်ကိုလည်း သိစေခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဘိုးဘေး … ကျွန်တော့်အတွက်နဲ့ ဂိုဏ်းအတွက် လုပ်ပေးခဲ့သမျှ အရာအားလုံးအတွက်ပါ" ဝမ်ဝေ့က ယဉ်ကျေးစွာ အရိုအသေပြုလိုက်သည်။

"မင်း ဒီလိုမျိုး ရိုးသားနေတာကို မြင်ရတာ ထူးဆန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ အရိုအသေပြုမှုကို ငါ လက်ခံတယ်" ယန်းအိုက်က ပြောပြီးနောက် ကွယ်ပျောက်သွားရာ ပဲ့တင်ထပ်နေသော ရယ်သံတစ်ခုကို ချန်ထားခဲ့သည်။

ဝမ်ဝေ့သည် သက်ပြင်းချပြီး သူ၏ အိမ်တော်ထဲသို့ ဝင်သွားသည်။ သူသည် ရှဲ့ဟွမ်း သို့မဟုတ် ဝမ်ချီကို မခေါ်တော့ပေ။ ယခု သူ တစ်ယောက်တည်းဖြစ်သောကြောင့် ကောင်းကင်တာအို၏ အထူးဆုလာဘ်ကို စစ်ဆေးရန် အချိန်တန်လေပြီ။

All Chapters