အခန်း (၁၄၅၇)
Vol. 105 Ch. 1457
တာချီလော့က ခေါင်းလှည့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ရုပ်သေးသခင်တစ်ယောက်က လှုပ်ရှားကင်းမဲ့စွာ မတ်တတ်ရပ်နေသည်။
သူ၏ နာမည်က တာအိုပညာရှင်တယန်ဖြစ်ပြီး ဟန်မူယဲ့၏ လူယုံတော်တစ်ဦး ဖြစ်သည်။
တာအိုပညာရှင်တယန်၏ တိုက်ခိုက်မှုကို သူမြင်ဖူးသည်။ ထိုလူ၏ တိုက်ပွဲစွမ်းအားက သူထိန်းချုပ်ထားသော သူတော်စင်အဆင့် စစ်ပွဲရုပ်သေးရုပ်ထက် အများကြီး ပိုသန်မာသည်။
ထိုသို့အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက်က ဟန်မူယဲ့၏ လက်အောက်မှာ ရှိနေလေရာ ဟန်မူယဲ့ပိုင်ဆိုင်ထားသော စွမ်းအားက လက်ရှိ သူတို့ရင်ဆိုင်နေရသော ကောင်းကင်မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်လော ဖော်ပြပေးနေသည်။
ကံကောင်းသည်မှာ တာအိုပညာရှင်တယန်ဖြစ်စေ သို့မဟုတ် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များဖြစ်စေ သူတို့အားလုံးက မထူးမခြားနား အမူအရာဖြင့် ရှိနေကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ကြောက်ရွံ့သော အရိပ်အယောင် လုံးဝ မရှိပေ။
“ ကြည့်ရတာ ကောင်းကင်မိစ္ဆာသားရဲတွေကို မွေးမြူတာက မိုးမြေစွမ်းအားကို ပြောင်းလဲသွားစေတဲ့ပုံပဲ ”
ဟန်မူယဲ့၏ ဘေးမှ ဟွင်းသွမ်းက တိုးညင်းစွာ ပြောသည်။
ထိုသို့စွမ်းအားပြောင်းလဲမှုက အချိန်လေဟာနယ်စီးဆင်းမှုထဲမှာ အရေးကြီးဆုံး ဖြစ်သည်။
“ ဘယ်လိုရလဒ်ကို ပြောင်းလဲသွားမလဲ ငါမသိပေမဲ့… ”
ဟွင်းသွမ်းက ကောင်းကင်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ ဒီတစ်ကြိမ်တော့ ငါတို့ချမ်းသာပြီ ”
ဟွင်းသွမ်း၏ မျက်လုံးထဲတွင် ၎င်းတို့က ကောင်းကင်မိစ္ဆာသားရဲများ မဟုတ်ပေ။ ယင်းအစား အချိန်လေဟာနယ်အစွမ်းပါဝင်သော တန်ဖိုးကြီး ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။
“ ဝုန်း ”
ကောင်းကင်မိစ္ဆာသားရဲများ၏ ပထမလှိုင်းက လင်းရှောင်နယ်မြေမှ ပျံသန်းထွက်လာကြသော ဓားကျင့်ကြံသူများဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
စစ်ပွဲရုပ်သေးရုပ်များနှင့် အနက်ရောင်ချပ်ဝတ်များက နေရာယူလိုက်ကြပြီး တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ထိုဝင်္ကပါက အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော ကောင်းကင်ကို ချိပ်ပိတ်လိုက်သည်။
မည်သည့်ကောင်းကင်မိစ္ဆာသားရဲမှ ထိုချိပ်ပိတ်မှုကို မချိုးဖြတ်နိုင်ကြချေ။
ထို့နောက် ပျံ့နှံ့ထွက်လာသော ဓားအလင်းက ကောင်းကင်အပြင်ဘက်မှ ဟင်းလင်းပြင်ကို ထွန်းလင်းသွားစေသည်။
ဤအခိုက်အတန့်မှာ ဓားအလင်း၏ တောက်ပမှုက ကောင်းကင်နှင့် မြေပြင်ကြားမှ အရာအားလုံးကို ကြည်လင်ပြတ်သားသွားစေသည်။
“ ဓားတာအို ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
ကောင်းကင်အပြင်ဘက်ရှိ အဝေးမှ ကုန်းမြေအသီးသီးတွင် လင်းရှောင်နယ်မြေအပြင်ဘက်မှ တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံးက အံ့ဩထိတ်လန့်သွားကြသည်။
ကောင်းကင်မိစ္ဆာသားရဲများက လင်းရှောင်နယ်မြေအား ဖျက်ဆီးလိုက်ခြင်းကို သူတို့မမြင်ချင်ကြသလို လင်းရှောင်နယ်မြေက ကောင်းကင်မိစ္ဆာသားရဲများကို ခုခံတားဆီးနိုင်သည်အထိ အလွန်သန်မာကြောင်းကိုလည်း သူတို့မမြင်ချင်ကြပေ။
“ ကောင်းကင်ဘုံစာရင်းရဲ့ အဆင့်သတ်မှတ်ချက်အရ အဲ့ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဖြစ်နိုင်မလား ဒါမှမဟုတ် လင်းရှောင်ဓားဂိုဏ်းလား ”
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း မဖြစ်နိုင်လောက်ဘူး… သူတို့က ကောင်းကင်ဘုံစာရင်းထဲမှာ အဆင့်မြင့်တစ်နေရာကို ရရှိထားတာ ”
ဤအခိုက်အတန့်မှာ လူတိုင်းက ထိုဓားကျင့်ကြံသူများ၏ နောက်ခံကို မှန်းဆလိုက်ကြသည်။ သူတို့က အဖြေကို သေချာမသိသော်လည်း သူတို့သေချာသည်မှာ ထိုကုန်းမြေက ကောင်းကင်မိစ္ဆာသားရဲများကို မွေးမြူဝံ့သည့်အပြင် အံ့မခန်းစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။
အနည်းဆုံးတော့ မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများ၏ ကျူးကျော်တိုက်ခိုက်မှုအောက်မှာ ထိုဓားကျင့်ကြံသူများက မပြိုလဲသွားကြချေ။
သို့သော်လည်း ရက်တစ်ရာကြာပြီးနောက် အံ့ဖွယ်ကိုးပါးမြို့မှ ဓားကျင့်ကြံသူများဖြစ်စေ သို့မဟုတ် လင်းရှောင်နယ်မြေမှ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက ပင်ပန်းနွမ်းနယ်သွားကြသည်။
သူတို့က ကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ခဲ့ကြပြီး အဆင့်လေး ကောင်းကင်ပုတီးစေ့အမြောက်အများကို ပိုင်ဆိုင်ခဲ့ကြသော်လည်း ယင်းက သူတို့၏ တိုက်ပွဲပန်းမှုဒဏ်ကို မလျော့ပါးစေပေ။
သူတို့က နောက်ထပ် မတောင့်ခံနိုင်ကြတော့ပေ။
ယခု ကောင်းကင်ပေါ်မှာ စုဝေးနေကြသော အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က သန်းတစ်ရာကျော်သွားပြီ ဖြစ်သည်။
အရေအတွက်အလွန်များပြားသော ကောင်းကင်မိစ္ဆာသားရဲများက ယခု လင်းရှောင်နယ်မြေတစ်ခုလုံးကို အပြည့်ဖုံးလွှမ်းထားသည်။
ဤအခိုက်အတန့်မှာ လင်းရှောင်နယ်မြေထဲမှ မွေးမြူရေးခြံထဲတွင် ကောင်းကင်မိစ္ဆာသားရဲများက နောက်ထပ် အဆင့်မတတ်ကြတော့ပေ။
အဆင့်သုံးတစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲတစ်သန်းက ၎င်းတို့၏ အကန့်အသတ်သို့ ရောက်ရှိသွားကြသည်။
ကျင့်ကြံသူဆယ်သန်းနီးပါးသည် နည်းနည်းလေးမှ သတိမပေါ့ဆဝံ့ဘဲ မွေးမြူရေးခြံကို နေ့ညမပြတ် စောင့်ကြပ်နေကြသည်။
အကယ်၍ ထိုအဆင့်သုံးတစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲများသာ အပြင်သို့ လွတ်မြောက်သွားမည်ဆိုလျှင် နောက်ဆက်တွဲအကျိုးဆက်က စိတ်ကူးမယဉ်နိုင်အောင် အလွန်ဆိုးဝါးလိမ့်မည်။
၎င်းတို့၏ အကန့်အသတ်က အဆင့်သုံးတစ်ပိုင်းဖြစ်ကြောင်း ဟန်မူယဲ့လည်း သတိထားမိသည်။
အကယ်၍ ထိုထက် ပိုပြီးသန်မာလာမည်ဆိုလျှင် ၎င်းတို့ကို လူအရေအတွက် အများအပြားဖြင့် စောင့်ကြပ်ပေးရုံဖြင့် လုံလောက်တော့မည် မဟုတ်ချေ။
“ ဝုန်း ”
ကောင်းကင်ယံတွင် အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က မိုးပြာရောင်နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲလိုက်ပြီး ဓားဝင်္ကပါခံစစ်ကို အကြမ်းပတမ်း ချိုးဖြတ်သွားသည်။ ထို့နောက် ၎င်းက မြေပြင်ပေါ်သို့ တန်းမတ်စွာ ဆင်းသက်လာသည်။
အကယ်၍ ၎င်းသာ မြေပြင်ကို ဝင်ဆောင့်လိုက်မည်ဆိုလျှင် မည်သို့ဖြစ်ပျက်သွားမည်ကို မည်သူသိနိုင်မည်နည်း။
“ သတ် ”
တိုးညင်းသော အော်သံက ပျံ့လွင့်သွားသည်။
ဟင်းလင်းပြင်ထဲမှာ မတ်တတ်ရပ်နေသော တာအိုပညာရှင်တယန်က သူ၏ ဓားမော့ရှည်ကို လွှဲယမ်းလိုက်ပြီး မိုးပြာရောင်နဂါးကို တိုက်ခိုက်လိုက်သည်။
ဓားမော့အလင်း ပျံသန်းထွက်သွားသည့်အခါ အချင်းမိုင်တစ်ရာကျယ်ဝန်းသော ဧရိယာက မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသွားသည်။
ဤမဟာကုန်းမြေထဲမှ မိုးမြေစွမ်းအား၏ ကန့်သတ်ချက်ကြောင့်မဟုတ်လျှင် ထိုဓားချက်က ကြယ်တစ်လုံးကို ဖျက်ဆီးပစ်ရန် လုံလောက်လိမ့်မည်။
ဓားမော့အလင်းက အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲ၏ ဧရာမခန္ဓာကိုယ်ကို ခုခံတားဆီးလိုက်သည်။ ထိုအခါ မိုးပြာရောင်နဂါးက ရပ်တန့်သွားပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ကျရောက်သွားသည်။
“ ဘန်း ”
ထိုအခိုက်အတန့်မှာ ဟင်းလင်းပြင်ပြိုကျသံက ကျယ်လောင်စွာ မြည်ဟိန်းထွက်လာသည်။ ကောင်းကင်မိစ္ဆာသားရဲသုံးကောင်က တာအိုပညာရှင်တယန်၏ အနောက်မှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။
၎င်းတို့အားလုံးက အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများဖြစ်ကြပြီး လူတိုင်းကို နှလုံးတုန်လှုပ်သွားစေမည့် အံ့မခန်းစွမ်းအားကို ထုတ်လွှတ်နေကြသည်။ ထို့ပြင် ၎င်းတို့၏ ရုပ်ခန္ဓာကိုယ်က အရွယ်အစားအလွန်ကြီးမားသော သားရဲခန္ဓာကိုယ်များ ဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ တာအိုပညာရှင်တယန်က ကောင်းကင်မိစ္ဆာသားရဲလေးကောင်၏ ဝိုင်းရံခံလိုက်ရသည်။ သို့ဖြစ်၍ သူ့မှာ အနောက်ဆုတ်ရန် လွတ်လမ်းမရှိတော့ပေ။
တာအိုပညာရှင်တယန်က သူ၏ ဘေးပတ်ဝန်းကျင်မှ ကောင်းကင်မိစ္ဆာသားရဲလေးကောင်ကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ထို့နောက် သူက ဓားမော့ရှည်ကို အလျားလိုက် ဝှေ့ယမ်းလိုက်ပြီး မိုးမြေတုန်လှုပ်သွားစေမည့် ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
လေးယောက်နဲ့ တစ်ယောက်… ။
“ သွားပြီ… အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲက လေးကောင်တောင်… ”
မြေပြင်ပေါ်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က အလွန်အမင်း သန်မာသည်။ ထိုသို့ကောင်းကင်မိစ္ဆာသားရဲလေးကောင်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသည့်အခါ မည်သူက ခုခံနိုင်လိမ့်မည်နည်း။
ချန်းရှောင်တုံက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
သူ၏ အနောက်တွင် ရုပ်သေးရုပ်များကို ထိန်းချုပ်ထားကြသော ကျင့်ကြံသူတချို့က အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ သူတို့က တာအိုပညာရှင်တယန်ကို ကယ်တင်ရန် ချန်းရှောင်တုံ၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
လေထဲတွင် တာအိုပညာရှင်တယန်က သူ၏ ဓားမော့ရှည်ကို လွှဲယမ်းလိုက်သည်။
တောက်ပသော ဓားမော့အလင်းရောင်က သူ၏ အရှေ့နှင့် အနောက်မှ လေဟာနယ်ကို ချုပ်နှောင်လိုက်သည်။ ထို့နောက် ဓားမော့ဖြတ်သန်းသွားသည့်အခါ အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲသုံးကောင်က ထွက်ပြေးရန်ပင် အချိန်မရကြဘဲ ၎င်းတို့၏ ခန္ဓာကိုယ်က တိုက်ရိုက် အက်ကွဲသွားကြပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။
ဓားတစ်ချက်က အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲလေးကောင်ကို တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။
လူတိုင်းက ပါစပ်အဟောင်းသား ဖြစ်သွားကြသည်။
တာအိုပညာရှင်တယန်၏ တိုက်ပွဲစွမ်းအားက သူတို့စိတ်ကူးထားသည်ထက် အများကြီး ပိုသန်မာသည်။
ချန်းရှောင်တုံက ခေါင်းလှည့်လိုက်ပြီး အဝေးမှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ထိုသို့အစွမ်းထက်သော ပုဂ္ဂိုလ်က သူ့ဆရာ၏ နောက်လိုက်တစ်ယောက်မျှသာ ဖြစ်သည်လော။
“ ဂရောင်း ”
အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲလေးကောင်၏ သေဆုံးမှုက မွေးမြူရေးခြံထဲမှ အဆင့်သုံးတစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲများကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
ထိုမြင်ကွင်းက မကြာခင်မှာ ၎င်းတို့၏ ဘဝသည်လည်း ထိုသို့အဆုံးသတ်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့ကို နားလည်သွားစေသည်။
မွေးမြူရေးခြံကို စောင့်ကြပ်နေကြသော ကျင့်ကြံသူများက ယခု ၎င်းတို့ကို နောက်ထပ် မထိန်းသိမ်းနိုင်ကြတော့ပေ။
ဤအခိုက်အတန့်မှာ မွေးမြူရေးခြံက ပြိုကွဲလုနီးပါး ဖြစ်လာသည်။
“ ငါ့ကို စက္ကန့်တစ်ရာအချိန်ပေးပါ ”
ဟန်မူယဲ့က သူ့အရှေ့မှ ကောင်းကင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ဟွင်းသွမ်းက ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ပုံရိပ်ယောင်နတ်ဘုရားအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး မွေးမြူရေးခြံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
လူတစ်ယောက်၏ စွမ်းအားက အချင်းမိုင်သန်းပေါင်းများစွာ ကျယ်ပြောသော မိုးမြေကို ဖုံးလွှမ်းသွားသည်။
ထိုမြင်ကွင်းက လူတိုင်းကို မျက်လုံးပြူးကျယ်သွားစေသည်။
ထိုသို့စွမ်းအားက သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။
တာချီလော့၏ မျက်လုံးထဲမှာ အကြောက်တရား ထွက်ပေါ်လာပြီးလျှင် သူက အံ့အားသင့်စွာ တီးတိုးရေရွတ်လိုက်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူ့ရဲ့ စွမ်းအားက ငါ့အဖေထက်တောင် ပိုပြီးသန်မာတယ်… ”
စကြာဝဠာတစ်ဝက်ကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်နိုင်သော သူ့အဖေသည်ပင် ထိုသို့ရှိန်လောက်ဖွယ်ကောင်းသော စွမ်းအားကို မပိုင်ဆိုင်ထားပေ။
ပိုပြီးအရေးကြီးသည်မှာ အစောနက လှုပ်ရှားလိုက်သူက ဟန်မူယဲ့ မဟုတ်ပေ။
ထိုသူက ဟန်မူယဲ့၏ ဘေးမှာ အမြဲရှိနေသော နောက်လိုက်တစ်ယောက်မျှသာ ဖြစ်သည်။
သူ့သခင်၏ လက်အောက်မှာ အစွမ်းထက်ပုဂ္ဂိုလ်များက မည်မျှများပြားစွာ ရှိနေသနည်း။
ဟွင်းသွမ်း လှုပ်ရှားလိုက်သည့်အခိုက် ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏ လက်ထဲတွင် ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။
အရှေ့သို့ ခြေတစ်လှမ်း သူလျှောက်လိုက်သည့်အခါ တိမ်မြူများက သူ၏ ဓားတစ်ဝိုက်မှာ စုဝေးသွားကြသည်။
ဒုတိယခြေလှမ်းကို သူလျှောက်လိုက်သည့်အခါ တိမ်မြူများက ပျောက်ကွယ်သွားပြီး ရွှေရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာကြသည်။
တတိယခြေလှမ်းကို သူလျှောက်လိုက်သည့်အခါ လျှပ်စီးနှင့် ဓားဆန္ဒက အတူတကွ ပေါင်းစပ်သွားပြီး မိုင်တစ်သောင်းကျယ်ပြောသော ဓားတစ်လက်ကို ဖွဲ့စည်းသွားသည်။
ယင်းက စစ်မှန်သော ဓားတစ်လက် ဖြစ်သည်။
ယင်းက မိုးမြေကို ဖိနှိပ်နိုင်သော ဓားဖြစ်သည်။
ထိုဓား ထွက်ပေါ်လာသည်နှင့် လောကတစ်ခုလုံး တုန်ယင်သွားသည်။ ဤသည်မှာ မိုးမြေက ဓားဟိန်းသံနှင့် ပဲ့တင်ပြန်နေသည့်အလားပင်။
အံ့ဖွယ်ကိုးပါးမြို့တော်မှ ဓားကျင့်ကြံသူများဖြစ်စေ သို့မဟုတ် လင်းရှောင်နယ်မြေမှ ဓားကျင့်ကြံသူများဖြစ်စေ သူတို့၏ လက်ထဲမှ ဓားများက အဆက်မပြတ် တုန်ယင်လာကြပြီး ဓားဟိန်းသံကို ထုတ်လွှတ်လိုက်ကြသည်။
ဓားကျင့်ကြံသူသန်းပေါင်းများစွာ၏ ဓားများက တစ်ပြိုင်နက်တည်း ပဲ့တင်ပြန်နေကြသည်။
အဲ့ဒါ ဘယ်လို ဓားကျင့်ကြံသူလဲ… ။
“ ဓားတစ်သောင်းကို ဖိနှိပ်ခြင်း… အဲ့ဒါက ဂိုဏ်းရဲ့ ဒဏ္ဍာရီပုံပြင်တွေထဲမှာ ဖော်ပြထားတဲ့ ဓားနတ်ဘုရားနယ်ပယ် မဟုတ်ဘူးလား ”
ချန်းရှောင်တုံ၏ ဘေးတွင် လင်းရှောင်ဓားဂိုဏ်း၏ ဝတ်စုံဖြူဝတ် အကြီးအကဲတစ်ယောက်က သူ့ဘာသာ တီးတိုးပြောလိုက်သည်။
ဓားနတ်ဘုရားနယ်ပယ်… ။
ချန်းရှောင်တုံသည်လည်း ထိုနယ်ပယ်ကို ကြားဖူးသည်။ သို့ဖြစ်၍ သူ၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ လက်ချောင်းများက တုန်ယင်သွားသည်။
“ ဆရာက… အထွတ်အမြတ် ဓားနတ်ဘုရားနယ်ပယ်မှာလား ”
အထွတ်အမြတ် ဓားနတ်ဘုရားနယ်ပယ်… ။
ကောလဟာလများအရ လင်းရှောင်နယ်မြေထဲမှ အမွေအနှစ်များက ဓားနတ်ဘုရားတစ်ပါး ချန်ထားခဲ့သောအရာဖြစ်သည်ဟု ဆိုကြသည်။
ဓားတစ်လက်ဖြင့် ကောင်းကင်နှင့်မြေပြင်၏ ဟင်းလင်းပြင်ကို ချိုးဖြတ်နိုင်ပြီး စကြာဝဠာ၏ အရပ်ဆယ်မျက်နှာကို ဖိနှိပ်နိုင်သော တန်ခိုးရှင်များကိုသာ ဓားနတ်ဘုရားဟု ခေါ်ဆိုနိုင်သည်။
“ ရွှီး ”
ဟင်းလင်းပြင်ထဲတွင် မိုင်တစ်သောင်းကျယ်ပြောသော ဓားအလင်းက အလျားလိုက် ဝှေ့ယမ်းသွားသည်။
ဓားအလင်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး အချင်းမိုင်တစ်သောင်းအတွင်း လှည့်ပတ်သွားသည့်အခါ ဟင်းလင်းပြင်တစ်ခုလုံး ပြိုကွဲပျက်စီးသွားသည်။
တစ်ချိန်တည်းမှာ ဟင်းလင်းပြင်ထဲမှ မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက နှစ်ပိုင်းဖြတ်တောက်ခံလိုက်ကြရသည်။ နောက်အခိုက်အတန့်မှာ အလင်းတန်းများက မြေပြင်ပေါ်သို့ ပြုတ်ကျလာကြသည်။
ယင်းတို့က ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။
ယင်းက ပြီးပြည့်စုံသော ရိတ်သိမ်းမှုဖြစ်သည်။
အဝေးမှ ကုန်းမြေအသီးသီးတွင် မရေမတွက်နိုင်သော လူများက လင်းရှောင်နယ်မြေထဲမှ မြှောက်တတ်လာသော အံ့ဖွယ်ဓားအလင်းကို မြင်သွားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
“ အဲ့ဒါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဖြစ်ရမယ် ”
“ ကောင်းကင်ဘုံစာရင်းရဲ့ ထိပ်ဆုံးနေရာတွေထဲက တစ်နေရာကို ပိုင်ဆိုင်ထားတဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကပဲ ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို စုစည်းပြီး ကောင်းကင်ဘုံဖီဆန်တဲ့ အဲ့ဒီလိုအစွမ်းထက်ဓားချက်ကို ထုတ်လွှတ်နိုင်လိမ့်မယ် ”
“ အဲ့ဒီလို မိုင်တစ်သောင်းကျယ်ပြောတဲ့ ဓားကို ဖွဲ့စည်းဖို့ဆိုရင် အနည်းဆုံး ဓားကျင့်ကြံသူသန်းပေါင်းများစွာ လိုအပ်လိမ့်မယ် ”
လူတိုင်းက ခန့်မှန်းလိုက်ကြသည်။ အစောနက ဓားချက်က သူတို့အားလုံးကို အမှန်တကယ် အံ့ဩဆွံ့အစေခဲ့သည်။
ကောင်းကင်ပေါ်မှ ကောင်းကင်မိစ္ဆာသားရဲအားလုံး သုတ်သင်ရှင်းလင်းခံလိုက်ရသည့်အခါ အဆင့်လေး ကောင်းကင်ပုတီးစေ့များက မိုးရေစက်များသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းလာကြသည်။
ထိုကောင်းကင်ပုတီးစေ့များက ကြယ်များသဖွယ် ထွန်းလင်းတောက်ပကြသည်။ သို့သော်လည်း မည်သူကမှ ယင်းတို့ကို လောဘတကြီး မစုဆောင်းကြချေ။
ဘယ်သူက အဲ့ဒါတွေကို စုဆောင်းရဲမှာလဲ… ။
ကောင်းကင်ပေါ်မှ အသင်္ချေကောင်းကင်မိစ္ဆာသားရဲများက ဟန်မူယဲ့၏ ဓားတစ်ချက်ကိုပင် မတောင့်ခံနိုင်ခဲ့ကြချေ။
အသက်တစ်ရာရှူချိန်ကြာပြီးနောက် ချောက်ချားဖွယ်ကောင်းသော ကောင်းကင်က ကြည်လင်သွားပြီး ဟာလာဟင်းလင်းဖြစ်သွားသည်။ ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ရစ်ခဲ့ကြသော ကောင်းကင်မိစ္ဆာသားရဲများက ခိုက်ခိုက်တုန်သွားကြပြီး အမြှီးကုပ်၍ အဝေးသို့ ထွက်ပြေးသွားကြသည်။
ဟန်မူယဲ့က ထွက်ပြေးသွားကြသော ထိုမိစ္ဆာသားရဲများကို လိုက်မဖမ်းပေ။ ယင်းအစား သူက မြေပြင်ပေါ်မှ မွေးမြူရေးခြံကို ကြည့်လိုက်သည်။
သူ၏ လက်ထဲမှ ဓားရှည်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
လူတိုင်းက ဟန်မူယဲ့၏ အကြည့်နောက်သို့လိုက်၍ မွေးမြူရေးခြံကို ကြည့်လိုက်ကြသည်။
“ အမဲလိုက်ခြင်းစတင်မယ် ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။