အခန်း (၁၄၅၈)
Vol. 105 Ch. 1458
အမဲလိုက်မယ်… ။
အစောနက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ကောင်းကင်မိစ္ဆာသားရဲတချို့က လွတ်မြောက်သွားကြသည်။ ယခု ၎င်းတို့က အံ့ဖွယ်ကိုးပါးမြို့တော်မှ ဓားကျင့်ကြံသူများနှင့် လင်းရှောင်နယ်မြေမှ ကျင့်ကြံသူများ၏ အမဲလိုက်ခြင်းခံကြရတော့မည်။
အဆင့်သုံးတစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲများက အလွန်သန်မာလေရာ သာမန်ကျင့်ကြံသူများက ၎င်းတို့ကို တိုက်ခိုက်နိုင်ကြလိမ့်မည် မဟုတ်ချေ။
မွေးမြူရေးခြံထဲသို့ ဝင်ရောက်ပြီး ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ရန် အရည်အချင်းပြည့်မီသူများက ဟန်မူယဲ့ထံမှ အဆင့်ကိုးစစ်ပွဲရုပ်သေးရုပ်များ သို့မဟုတ် ချပ်ဝတ်များကို လဲလှယ်ဖူးကြသူများသာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က အဆင့်ကိုးချပ်ဝတ်၏ ကာကွယ်ပေးမှုမရှိဘဲ မွေးမြူရေးခြံထဲသို့ ဝင်ရောက်မည်ဆိုလျှင် သူက သေချာပေါက် အသတ်ခံရလိမ့်မည်။
အမဲလိုက်ခြင်းမှ ရရှိလာမည့် အဆင့်သုံးတစ်ပိုင်း ကောင်းကင်ပုတီးစေ့များကို တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် အသုံးပြုခြင်းဖြစ်စေ သို့မဟုတ် ရတနာပစ္စည်းများဖြင့် လဲလှယ်ခြင်းဖြစ်စေ လုပ်ဆောင်နိုင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ယင်းတို့က အလွန်တန်ဖိုးကြီးမားသည်။
အင်မော်တယ်ဘုရင်တစ်ပါးသည်ပင် အဆင့်သုံးတစ်ပိုင်း ကောင်းကင်ပုတီးစေ့များကို လိုချင်လိမ့်မည်။
အမဲလိုက်ခြင်းကို မွေးမြူရေးခြံထဲမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှ သူတံခါးပိတ်ကျင့်ကြံသော ခန်းဆောင်ဆီသို့ ဝင်သွားသည်။
သူ၏ အရှေ့တွင် အဆင့်လေး ကောင်းကင်ပုတီးစေ့သန်းတစ်ရာက ဖြည်းညင်းစွာ အက်ကွဲသွားကြသည်။
အလွန်သိပ်သည်းသော အချိန်လေဟာနယ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
ဤတစ်ကြိမ်တွင် သူက နောက်ဆုံးမှာ သူ့ခန္ဓာကိုယ်ထဲမှ အချိန်လေဟာနယ်စွမ်းအား၏ တိုးပွားလာမှုနှင့် အပြောင်းအလဲများကို ရှင်းလင်းစွာ အာရုံခံမိသွားသည်။
မူလကတည်းက အလွန်သန်မာပြီးသော သူ၏ ခန္ဓာကိုယ်ထဲမှာ တုန်ခါမှုအားလှိုင်းတစ်ခု ပေါ်လျှိုးလာသည်။ ထိုတုန်ခါမှုအားလှိုင်းက သူ၏ သွေးစက်တစ်စက်တိုင်းတွင် လေဟာနယ်များကို ဖွင့်လှစ်ပေးနေသည်။
ရွှေရောင်အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။
သူက ရှေးခေတ်ကာလမှ ဒဏ္ဍာရီတစ်ပုဒ်ကို စဉ်းစားမိသွားသည်။
ရှေးခေတ်ကာလတွင် အလွန်သန်မာသော မိစ္ဆာနတ်ဘုရားတစ်ပါး ရှိခဲ့ဖူးသည်။ ထိုမိစ္ဆာနတ်ဘုရား၏ သွေးတစ်စက်တိုင်းက ကမ္ဘာတစ်ခု ဖြစ်သည်။
ယင်းက လေဟာနယ်စွမ်းအား၏ ပြယုဂ်မဟုတ်ပေဘူးလား။
လေဟာနယ်ထက် ကျော်လွန်သွားသည့်အရာက အချိန်ဖြစ်သည်။
အချိန်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည့်အခါ သူ၏ အသားအရေက သိသာစွာ ပြောင်းလဲသွားသည်။
သူ၏ ဘေးပတ်ဝန်းကျင်မှ အချိန်စီးကြောင်းများက အဆက်မပြတ် ဆွဲဆန့်သွားကြသည်။ ကောင်းကင်နှင့် မြေပြင်ကြားတွင် အရာအားလုံးက စတင်ဝေဝါးသွားသည်။
ယင်းက သူအရင်းနှီးဆုံး စွမ်းအားဖြစ်သည်။
အပျက်အစီးဘုံ… ။
အပျက်အစီးဘုံအားလုံးက ထိုအတိုင်းဖြစ်သည်။ ယင်းတို့ကို ပုံရိပ်ယောင်စွမ်းအားက အကာအကွယ်အလွှာသဖွယ် ဖုံးကွယ်ထားသည်။
ထိုပုံရိပ်ယောင်စွမ်းအားက အချိန်စွမ်းအား ဖြစ်သည်။
အကာအကွယ်အလွှာက လေဟာနယ်နှစ်ခု၏ အချိန်စီးကြောင်းများကို ကန့်လန့်ကာသဖွယ် သီးခြားပိုင်းခြားထားသည်။
“ ကွမ်တမ်ကပ်ဘေးဒုက္ခက မတူညီတဲ့ အချိန်စီးကြောင်းတွေရဲ့ ပွတ်တိုက်မှုကြောင့်် ဖြစ်ပေါ်လာတယ် ”
“ အပျက်အစီးဘုံက အချိန်စီးကြောင်းတွေ တစ်ခုတည်း ပေါင်းစည်းသွားတာကို ကိုယ်စားပြုတယ် ”
“ အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်တွေက နောက်ပိုင်းမှာ အပျက်အစီးဘုံတွေအဖြစ် ပြောင်းလဲသွားကြတယ်… သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ အချိန်လေဟာနယ်စွမ်းအားက ရှေးခေတ်နတ်မိစ္ဆာတွေနဲ့ ယှဉ်ပြိုင်နိုင်ကြတယ် ”
ဟန်မူယဲ့က လက်သီးဆုပ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ပြီးတော့ ငါက… အဲ့ဒီနယ်ပယ်ကို ကျော်လွှားမယ် ”
…..
“ ဝုန်း ”
ကောင်းကင်နှင့်မြေပြင်ကြားမှ လေဟာနယ်က တုန်ယင်သွားပြီး မိုးကောင်းကင်က ဆုတ်ဖြဲခံလိုက်ရသည်။ မဟာကုန်းမြေများက စတင်ပေါင်းစည်းသွားကြသည်။
မွေးမြူရေးခြံထဲတွင် အသက်ရှင်ကျန်ရှိနေသော အဆင့်သုံးတစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲတစ်သိန်းက မာန်ဖီဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့က မည်သူမှ မချဉ်းကပ်ဝံ့သော စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။
အဆင့်မြင့်တတ်ခြင်း… ။
မိုးမြေ၏ အဆင့်တတ်လှမ်းမှုနှင့်အတူ လင်းရှောင်နယ်မြေထဲမှ အဆင့်သုံးတစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲအားလုံးက အဆင့်သုံးသို့ စတင်ဆင့်ကဲပြောင်းလဲသွားကြသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ဘုံစာရင်းက ရွှေရောင်တောက်ပလာသည်။
“ လင်းရှောင်ဓားဂိုဏ်းက ကောင်းကင်ဘုံစာရင်းမှာ နံပါတ်တစ်လား ”
အထက်အဆင့်သုံးဆင့်၏ ကုန်းမြေများထဲတွင် လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က မိန်းမောတွေဝေသော အမူအရာဖြင့် ပြောသည်။
“ ငါလည်း ဘာမှမလုပ်ရပါလား… ”
လင်းရှောင်ဓားဂိုဏ်း… ။
ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်… ။
ချက်ချင်းဆိုသလိုပင် မိုးမြေ၏ ပေါင်းစပ်ဘုံသုံးဘုံဖြစ်စေ သို့မဟုတ် အပြန်အလှန် ပွတ်တိုက်နေကြသော လွင့်မျောကုန်းမြေနှစ်ဆယ်ဖြစ်စေ ယင်းတို့အားလုံးထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက ခေါင်းမော့လိုက်ကြပြီး ရွှေကောင်းကင်ဘုံစာရင်းကို ကြည့်လိုက်ကြသည်။
“ ဓားဂိုဏ်းလား ”
အံ့ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသော လူထွားကြီးတစ်ဦးက တီးတိုးပြောသည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ အဲ့ဒါက ဘယ်လိုအင်အားစုမို့လို့ ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်နေရာကို ခုန်ပျံကျော်လွှားသွားနိုင်တာလဲဆိုတာ ငါသိချင်မိတယ် ”
ဝတ်စုံဖြူဝတ် အမျိုးသမီးကျင့်ကြံသူတစ်ဦးက သိမ်မွေ့စွာ ပြောသည်။
“ လင်းရှောင်ဓားဂိုဏ်းက ကြယ်စင်စုစကြာဝဠာရဲ့ လက်ထဲကနေ ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်နေရာကို လုယူနိုင်တယ်လား… ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲ ရှိလာတော့မယ်ထင်တယ် ”
တစ်စုံတစ်ယောက်က ရွှေကောင်းကင်ဘုံစာရင်းကို ကြည့်နေရင်း ပြုံးလိုက်ပြီး ပြောသည်။
…..
ဤအခိုက်အတန့်မှာ လင်းရှောင်နယ်မြေထဲတွင် မည်သူကမှ ကောင်းကင်ဘုံစာရင်း၏ အပြောင်းအလဲများကို ဂရုမစိုက်ကြချေ။
အဘယ့်ကြောင့်ဆိုသော် မွေးမြူရေးခြံထဲမှ ထုတ်လွှတ်နေသော အံ့မခန်းဖိအားက လူတိုင်းကို နှလုံးတုန်လှုပ်သွားစေရန် လုံလောက်သည်။
အကယ်၍ ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများသာ မွေးမြူရေးခြံထဲမှ အပြင်သို့ ထွက်လာနိုင်မည်ဆိုလျှင် ၎င်းတို့က လင်းရှောင်နယ်မြေထဲမှ ကျင့်ကြံသူအားလုံးကို ဝါးမျိုစားသောက်သွားလိမ့်မည်။
“ ဒီတစ်ကြိမ်တော့ မလွယ်ကူတော့ဘူး ”
စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဓားမော့ရှည်ကို ကိုင်ထားသော တာအိုပညာရှင်တယန်က မွေးမြူရေးခြံကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။
သူ၏ စစ်ပွဲရုပ်သေးရုပ်က အလွန်သန်မာသော်လည်း အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်သိန်းကျော်ကို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ဓားကျင့်ကြံသူတချို့က တိုက်ပွဲဝင်္ကပါများကို စတင်ဖွဲ့စည်းလိုက်ကြသည်။
သူ၏ ဆရာက ထိုကောင်းကင်မိစ္ဆာသားရဲများကို ဖိနှိပ်နိုင်လိမ့်မည်ဟု ချန်းရှောင်တုံ ယုံကြည်သည်။
သို့သော်လည်း သူက လင်းရှောင်ဓားဂိုဏ်းမှ ကျင့်ကြံသူများကို နေရာအသီးသီးသို့ ပြန့်ကျဲသွားရန် ခွင့်မပြုနိုင်ပေ။
မည်သို့ဖြစ်ပါစေ မွေးမြူရေးခြံထဲမှ ကောင်းကင်မိစ္ဆာသားရဲများကို ဖြေရှင်းနိုင်သည်နှင့် သူတို့က နောက်ဆုံးယှဉ်ပြိုင်ပွဲကုန်းမြေဆီသို့ တတ်လှမ်းသွားကြလိမ့်မည်။
ဤမျှအတိုင်းအတာအထိ ရောက်ရှိလာနိုင်သည်အတွက် ချန်းရှောင်တုံက အလွန်စိတ်ကျေနပ်သွားသည်။
သူ၏ အကြည့်က ကောင်းကင်ပေါ်မှ ရွှေကောင်းကင်ဘုံစာရင်းပေါ်သို့ ကျရောက်သွားသည့်အခါ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်… ။
ထိုအောင်မြင်မှုက နှစ်တစ်သောင်းကြာသည်အထိ ဂုဏ်ယူဝင့်ကြွားစွာ ပြောနိုင်မည့်အရာ ဖြစ်၏။
မဟုတ်ဘူး နှစ်တစ်သန်း… ။
သူ၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားအရ သူက နှစ်တစ်သန်းအထိ အသက်ရှင်သန်နိုင်စွမ်း ရှိသည်။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခုက ကောင်းကင်ဘုံကို ချိုးဖြတ်သွားသည်။
၎င်းက ပေတစ်ရာရှည်လျားသော ဧရာမပုံရိပ်တစ်ခု ဖြစ်သည်။ ၎င်း၏ အတောင်ပံများက လေထဲမှာ ကျယ်ပြောစွာ ဖြန့်ကားနေပြီး အလွန်အားကောင်းသော စွမ်းအင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ရာဖိအားကြောင့် ဘေးပတ်ဝန်းကျင်မှ မိုးမြေက သိမ့်သိမ့်တုန်သွားသည်။
အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲ… ။
ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲ၏ အနောက်တွင် အဆင့်လေးနှင့် အဆင့်ငါး ကောင်းကင်မိစ္ဆာသားရဲအုပ်စုတစ်စုက လိုက်ပါလာသည်။
သွေးနီရောင်ဝိညာဉ်အလင်းက ထိုကောင်းကင်မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ပေါ်တွင် ထင်သာမြင်သာစွာ ထွက်ပေါ်နေသည်။
ယင်းက သတ်ဖြတ်ခြင်းအရှိန်အဝါ ဖြစ်သည်။
ထိုသို့အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါကို ပိုင်ဆိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်သည် မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို ဆက်တိုက် လုပ်ဆောင်ရလိမ့်မည်။
နောက်အခိုက်အတန့်မှာ သွေးနီရောင်ဝိညာဉ်အလင်းက ခေါင်းဆောင်ဖြစ်သော အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲ၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားသည်။
“ ဂရောင်း ”
ထိုဟိန်းသံထဲမှာ နာကျင်မှုနှင့် ဒေါသဖြင့် ပြည့်နှက်နေသည်။ နောက်အခိုက်အတန့်မှာ ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က ထပ်မံကြီးမားသွားသည်။ ၎င်းက ပေတစ်ထောင်အရွယ်အစားထိ ကြီးမားသွားသည်။
၎င်းက အဆင့်နှစ်သို့ ချိုးဖြတ်သွားသည်။
၎င်းက ၎င်း၏ အနောက်မှ ကောင်းကင်မိစ္ဆာသားရဲအုပ်စု၏ စွမ်းအားကို အသုံးပြု၍ အဆင့်ချိုးဖြတ်သွားသည်။
ထိုကောင်းကင်မိစ္ဆာသားရဲက သိုသိပ်စွာ ပုန်းအောင်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းက မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မည်သူမှ မသိကြချေ။
အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင် ပေါ်ထွန်းလာရန် မိစ္ဆာသားရဲတစ်ကောင်က စိတ်ကူးမယဉ်နိုင်သော ဝိညာဉ်စွမ်းအင်ပမာဏ အများအပြားကို ဝါးမျိုရလိမ့်မည်။
“ အနည်းဆုံး အဲ့ဒီကောင်က အင်မော်တယ်ဘုရင်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိလောက်တယ် ”
တာချီလော့က အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
ထိုသို့စွမ်းအားက သူခုခံနိုင်သောအရာ မဟုတ်ကြောင်း သိသည်။
သူရောက်လာခဲ့သော ကုန်းမြေထဲမှာပင် ထိုသို့တိုက်ပွဲစွမ်းအားကို လူအနည်းစုသာ ပိုင်ဆိုင်ထားကြသည်။
သူ့ကို စစ်ပွဲရုပ်သေးရုပ်က ကာကွယ်ပေးထားလျှင်ပင် ထိုအဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲကို သူခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ မိုးမြေအားလုံး ပေါင်းစည်းသွားသည့်အခါ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲက အဆုံးသတ် မဟုတ်တော့ပေ။
အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများနှင့် အဆင့်တစ်ထက် ကျော်လွန်သော ကောင်းကင်မိစ္ဆာသားရဲများပင် ထွက်ပေါ်လာကြလိမ့်မည်။
ထိုသို့ကောင်းကင်မိစ္ဆာသားရဲများက မည်မျှအစွမ်းထက်လိုက်မည်နည်း။
“ ဝင်္ကပါဖွဲ့စည်းကြ ”
ချန်းရှောင်တုံက အော်ပြောလိုက်သည်။
ဓားဝင်္ကပါများက အချင်းချင်း ပဲ့တင်ပြန်လိုက်ကြပြီး ပေတစ်သောင်းရှည်လျားသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ဓားအလင်းက လင်းရှောင်ဓားဂိုဏ်း၏ အပြင်ဘက်မှာ ထီးထီးမားမား ထောင်မတ်သွားသည်။
ပေတစ်သောင်းရှည်လျားသော ဧရာမဓားပုံရိပ်များက အချင်းချင်း ပူးပေါင်းသွားကြလေရာ ကောင်းကင်ကို ထမ်းပိုးမည့် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားဟန် ရသည်။
အလွန်ထက်ရှသော ဓားစွမ်းအင်က ပျံ့လွင့်သွားလေရာ မိုးမြေက တုန်ယင်သွားသည်။ ဤသည်မှာ ဟင်းလင်းပြင်က အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားသည့်အလားပင်။
ထိုဓားအလင်းက အလွန်ထက်ရှလေရာ အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲသည်ပင် ယင်းကို ထိပ်တိုက် မရင်ဆိုင်ဝံ့ချေ။
၎င်းက ခေါင်းလှည့်လိုက်ပြီး မွေးမြူရေးခြံ၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ လူတိုင်းက မွေးမြူရေးခြံဆီသို့ ကြည့်လိုက်ကြသည်။
ထိုနေရာတွင် အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲ သိန်းပေါင်းများစွာ ရှိသည်။
ကုန်းမြေများထဲမှ မိုးမြေက အဆင့်တတ်လှမ်းသွားသည့်အခါ ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက စတင်ရုန်းရင်းဆန်ခတ် လှုပ်ရှားလာကြသည်။
၎င်းတို့ကို နောက်ထပ် မဖိနှိပ်နိုင်ကြတော့ချေ။
ကျင့်ကြံသူဆယ်သန်းနီးပါးသည် ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများကို မတောင့်ခံနိုင်ကြချေ။
ကျင့်ကြံခြင်းနယ်ပယ်နှင့် စွမ်းအင်ရင်းမြစ်ကြားမှ ကွာဟချက်ကို အရေအတွက်ဖြင့် မဖြည့်ဆည်းနိုင်ပေ။
သူတို့က စစ်ပွဲရုပ်သေးရုပ်များကို ပိုင်ဆိုင်ထားကြသော်လည်း စွမ်းအားအဆင့် ကွာခြားမှုက ဤအခိုက်အတန့်မှာ အလွန်ထင်ရှားသည်။
အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများ၏ သွေးချီနှင့် ဝိညာဉ်စွမ်းအားက လေဟာနယ်ပေါက်ကွဲမှုများကို လှုံ့ဆော်လိုက်သည်။ ၎င်းတို့ထံမှ ထုတ်လွှတ်လိုက်သော အကန့်အသတ်မဲ့ဖိအားက ကျင့်ကြံသူများကို တုန်လှုပ်ချောက်ချားသွားစေသည်။
ယင်းက ဝိညာဉ်စွမ်းအားဖြစ်ပြီး အချိန်လေဟာနယ်၏ ကြောက်မက်ဖွယ်အစွမ်း ဖြစ်သည်။
ယင်းက ၎င်းတို့၏ အရိုးများထဲမှာ နက်ရှိုင်းစွာ တံဆိပ်ရိုက်ခတ်ထားသော မွေးရာပါစွမ်းအား ဖြစ်သည်။
ထိုသို့အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများဖြင့် ရင်ဆိုင်ရသောအခါ ကျင့်ကြံသူအများစုက သူတို့၏ တိုက်ပွဲစိတ်ဆန္ဒကို ဆုံးရှုံးသွားကြသည်။
“ ဝီး ”
ဓားအလင်းတန်းတစ်ခုက လင်းရှောင်ဓားဂိုဏ်းထဲမှ ပျံတတ်လာပြီး မွေးမြူရေးခြံဆီသို့ ဦးတည်သွားသည်။
ထိုဓားအလင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော ဧရိယာက လင်းထိန်သွားသည်။
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သုံးပေရှည်လျားသော ဓားကို ကိုင်ဆောင်ထားသည့် ဟန်မူယဲ့က သူ့အရှေ့ကို အာရုံစိုက်လိုက်သည်။
သူ၏ လက်ထဲမှ ဓားက အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက စုဝေးသွားသည့်အခါ မိုးမြေက ပရမ်းပတာ တုန်လှုပ်သွားသည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီက အထိန်းအချုပ်မဲ့စွာ စီးဆင်းသွားပြီး အပြင်ဘက်၌ ဧရာမထောင့်တိုင်တစ်ခုအဖြစ် စုစည်းသွားသည်။ သွေးထောင့်တိုင်က ကောင်းကင်ဘုံအထိ ဆန့်တန်းသွားသည်။
ယင်းက ရှေးခေတ်ကာလမှ ကမ္ဘာဦးအုပ်ချုပ်သူ၏ သွေးချီစွမ်းအားဖြစ်ပြီး ဤလောက၏ အလွန်သန့်စင်သော စွမ်းအားတစ်မျိုး ဖြစ်သည်။
သွေးထောင့်တိုင်က ဟင်းလင်းပြင်ကို နှစ်ပိုင်းဆုတ်ဖြဲလိုက်သည်။ ထိုအခါ ဟင်းလင်းပြင်အပြင်ဘက်မှ မရေမတွက်နိုင်သော စကြာဝဠာများနှင့် ကြယ်များက မြင်သာစွာ ထွက်ပေါ်လာကြသည်။
လေဟာနယ်စွမ်းအားဖိနှိပ်မှု… ။
လောက၏ အသန်မာဆုံး သွေးချီထဲမှာ စိတ်ကူးမယဉ်နိုင်သော လေဟာနယ်စွမ်းအားက ကိန်းအောင်းနေသည်။
လျှပ်တစ်ပြက်အတွင်းမှာ ထိုဧရာမသွေးထောင့်တိုင်က လေပွေအဖြစ် ပြောင်းလဲသွားပြီး မိုင်သန်းပေါင်းများစွာ ကျယ်ပြောသော မွေးမြူရေးခြံကို လှည့်ပတ်လိုက်သည်။
“ ဂရား ”
ကောင်းကင်မိစ္ဆာသားရဲများသည် ၎င်းတို့၏ အသက်များ ရုတ်သိမ်းခံရမည်ကို ဆန္ဒမရှိကြချေ။ သို့ဖြစ်၍ ၎င်းတို့က မာန်ဖီဟိန်းဟောက်လိုက်ကြပြီး သွေးထောင့်တိုင်ဆီသို့ ပျံသန်းသွားကြသည်။ ၎င်းတို့က သွေးထောင့်တိုင်ကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ကြသည်။
၎င်းတို့က ဤအဆင့်ထိ ကြီးထွားလာကြပြီး ၎င်းတို့၏ စွမ်းအားက အလွန်အမင်း သန်မာနေလေရာ ဤလောကတွင် ၎င်းတို့ထက် ပိုပြီးသန်မာသော သွေးချီစွမ်းအားရှိနေသည်ကို လက်မခံချင်ကြပေ။
သွေးထောင့်တိုင်ကို ဖျက်ဆီးခြင်းက အရာအားလုံးကို ဖျက်ဆီးခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းတို့က သွေးထောင့်တိုင်နှင့် ဝင်ဆောင့်သွားကြသည့်အခါ မရေမတွက်နိုင်သော သွေးအလင်းတန်းများက ပေါက်ကွဲသွားကြသည်။
ထိုအဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက သွေးထောင့်တိုင်ထဲတွင် အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
အစွမ်းထက်ဆုံး သွေးချီစွမ်းအားက ဓားမော့ရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအထစ်ထစ် ခုတ်ပိုင်းလိုက်သည်။
ကောင်းကင်ပုတီးစေ့များက မိုးရွာသွန်းနေသကဲ့သို့ အဆက်မပြတ် ကျဆင်းလာကြသည်။
ထိုရွှေရောင်ကောင်းကင်ပုတီးစေ့များက ကြက်ဥတစ်လုံးနှယ် အရွယ်အစားကြီးမားပြီး လေထဲမှာ လွင့်မျောနေကြသည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ယင်းကို ရှင်းလင်းစွာ မြင်နိုင်သွားသည်။
အမှန်မှာ ထိုကောင်းကင်မိစ္ဆာသားရဲများက စစ်မှန်သော မိစ္ဆာသားရဲများ မဟုတ်ကြချေ။ ယင်းအစား ၎င်းတို့က အချိန်လေဟာနယ်စည်းမျဉ်းများမှ မွေးဖွားလာကြခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ၎င်းတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအထစ်ထစ် ခုတ်ပိုင်းခံလိုက်ရသည့်အခါ ပုံရိပ်ယောင်အားလုံးက ပျောက်ကွယ်သွားပြီး ၎င်းတို့၏ ကိုယ်တွင်းထဲမှ ကောင်းကင်ပုတီးစေ့များက ထွက်ပေါ်လာကြသည်။
၎င်းတို့က စစ်မှန်သော သက်ရှိများ မဟုတ်ကြချေ။ သို့တိုင် ၎င်းတို့က သက်ရှိများထက် အများကြီး ပိုသန်မာကြသည်။
“ ဖန်ဆင်းခြင်း…”
ဖန်ဆင်းခြင်းစွမ်းအား… ။