အခန်း (၁၄၅၉)
Vol. 105 Ch. 1459
ဉာဏ်အလင်းရသွားသော အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွန်းလင်းလာသည်။
ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိရန် အလွန်အမင်း ခက်ခဲသည်။
အနန္တလောကများက ပေါင်းစည်းသွားပြီး မူလစွမ်းအားများက အလွှာအထပ်ထပ် စုဝေးသွားကြသည့်တိုင် အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက စစ်မှန်သော သက်ရှိများ မဟုတ်ကြသေးပေ။
ထိုမျှအစွမ်းထက်သော အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက သက်ရှိအဆင့်သို့ မရောက်ရှိကြသေးပေ။
သို့ဆိုလျှင် မည်မျှအထိ သန်မာလာမှ ၎င်းတို့ကို သက်ရှိအဖြစ် သတ်မှတ်နိုင်လိမ့်မည်နည်း။
သက်ရှိများကို ဖန်ဆင်းခြင်းသည် ဤလောကမှ ကျင့်ကြံသူများအတွက် တားမြစ်နယ်ပယ်တစ်ခု ဖြစ်သည်။
သို့ဆိုလျှင် အဆင့်နှစ် သို့မဟုတ် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများက ဖန်ဆင်းခံထားရသော သက်ရှိများ ဖြစ်ကြသည်လော။
မွေးမြူရေးခြံအပြင်ဘက်တွင် လူတိုင်းက အဆက်မပြတ် လှည့်ပတ်နေသော သွေးထောင့်တိုင်ကို မြင်သွားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အစွမ်းထက်သော အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက အပိုင်းပိုင်းအစစ အက်ကွဲသွားကြပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားကြသည်။
သွေးနီရောင်အလင်း ပျောက်ကွယ်သွားသည့်အခါ ဟင်းလင်းပြင်ထဲတွင် ကောင်းကင်ပုတီးစေ့များမှလွဲ၍ တခြားဘာမှ ကျန်ရှိမနေတော့ပေ။
“ ရွှီး ”
နောက်အခိုက်အတန့်မှာ သွေးနီရောင်ထောင့်တိုင်က တုန်ခါသွားပြီး အနီရောင်ဓားရှည်တစ်လက်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ဓားက ၎င်းအရှေ့မှ ဟင်းလင်းပြင်ကို ခုတ်ပိုင်းလိုက်သည်။
အရှေ့မှ ဟင်းလင်းပြင်ထဲတွင် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က မရေမတွက်နိုင်သော အဆင့်သုံး၊ အဆင့်လေးနှင့် အဆင့်ငါး ကောင်းကင်မိစ္ဆာသားရဲများကို ဦးဆောင်လျက် အရှေ့သို့ ချီတတ်လာနေသည်။
သွေးနီရောင်ဓားရှည်က ကောင်းကင်မိစ္ဆာသားရဲဒီရေနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
နောက်အခိုက်အတန့်မှာ ဓားအလင်းက မိုးမြေ၏ အချင်းမိုင်နှစ်သိန်းအတွင်းမှ အရာအားလုံးကို တိတ်တဆိတ် ပိုင်းဖြတ်လိုက်သည်။
“ ဂရောင်း ”
အရှေ့မှ ဦးဆောင်လာနေသော အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲက ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က ရွှေအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်ဦးချိုက ၎င်း၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်နှင့် ၎င်းက အနီရောင်ဓားအလင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
၎င်း၏ အနောက်မှ မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက မိစ္ဆာအလင်းကို ထုတ်လွှတ်လိုက်ကြပြီး ၎င်းတို့၏ စွမ်းအားကို အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲထံသို့ လွှဲပြောင်းပေးလိုက်ကြသည်။
ထိုအခါ ပေတစ်သိန်းရှည်လျားသော ဧရာမကောင်းကင်မိစ္ဆာသားရဲ၏ ပုံရိပ်က ထွက်ပေါ်လာသည်။
အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲ… ။
အင်မော်တယ်ဘုရင်များထက် သာလွန်သော စွမ်းအား… ။
ယင်းက အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲ၏ စွမ်းအား ဖြစ်သည်။
ထိုဧရာမပုံရိပ် ထွက်ပေါ်လာသည့်အခါ လင်းရှောင်နယ်မြေတစ်ခုလုံးမှ ကျင့်ကြံသူအားလုံးက တုန်ယင်သွားကြသည်။ အထူးသဖြင့် အင်မော်တယ်အရှင်သခင်အဆင့်သို့ မရောက်ရှိကြသေးသော ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။
ယင်းက သွေးမျိုးဆက်စွမ်းအားနှင့် စည်းမျဉ်းစွမ်းအား၏ ပြိုင်တူဖိနှိပ်မှု ဖြစ်သည်။
ထိုဖိနှိပ်မှုစွမ်းအားက အစောနက အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများကို အမြစ်ဖြတ်သုတ်သင်ပစ်ရာတွင် ဟန်မူယဲ့အသုံးပြုခဲ့သော စွမ်းအားထက်ပင် ပိုပြီးသန်မာသည်။
ယင်းက အတွေးတစ်ချက်ဖြင့် လင်းရှောင်နယ်မြေအတွင်း အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ ကျင့်ကြံသူအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သော စွမ်းအားဖြစ်သည်။
အတိတ်တွင် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင် ထွက်ပေါ်လာသည့်အခါတိုင်း သူတို့က ၎င်းကို ခုခံတားဆီးရန် ကုန်းမြေတစ်ခုလုံး၏ အင်အားကို စုစည်းကြရလိမ့်မည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် အထက်အဆင့်သုံးဆင့် ကုန်းမြေများက မပေါင်းစည်းရသေးသလို ကုန်းမြေတတ်လှမ်းခြင်း လုပ်ငန်းစဉ်ကလည်း မပြီးမြောက်သေးပေ။
ထိုသို့အခြေအနေမျိုးမှာ လင်းရှောင်နယ်မြေတစ်ခုတည်းက အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲကို ခုခံတားဆီးနိုင်မည်လော။
ဤအခိုက်အတန့်မှာ ချန်းရှောင်တုံဖြစ်စေ သို့မဟုတ် တာချီလော့ဖြစ်စေ၊ အမြဲတမ်း တည်ငြိမ်နေခဲ့သော အဝေးမှ တာအိုပညာရှင်တယန်သည်ပင် တည်ကြည်လေးနက်သွားသည်။
ယင်းက အရေးကြီးအခိုက်အတန့်ဖြစ်သည်။
ထိုသို့ထိပ်တန်းအဆင့် ကောင်းကင်မိစ္ဆာသားရဲများဖြင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့ကို အရေအတွက်အားသာချက်တစ်ခုတည်းဖြင့် ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ဥပမာ ပုရွက်ဆိတ်များက အရေအတွက်မည်မျှများပြားပါစေ တောင်ကြီးတစ်တောင် သို့မဟုတ် နဂါးတစ်ကောင်ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။
တူညီသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသူများသာလျှင် အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲကို ခုခံတားဆီးနိုင်လိမ့်မည်။
“ ဘန်း ”
အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ဟန်မူယဲ့ ထုတ်လွှတ်လိုက်သော သွေးနီရောင်ဓားအလင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။
ဓားအလင်းသည်လည်း မအက်ကွဲသွားမီ တစ်စက္ကန့်မျှ ရပ်တန့်သွားခဲ့သည်။
“ အဲ့ဒီကောင်က အဆင့်တစ်မဟုတ်ဘူး… ”
အဝေးမှ ကောင်းကင်ယံတွင် တစ်စုံတစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
အကယ်၍ တစ်စုံတစ်ယောက်က အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို အမှန်တကယ် သတ်ဖြတ်နိုင်မည်ဆိုလျှင် ဤလောကတစ်သောင်းယှဉ်ပြိုင်ပွဲက မည်သို့ဖြစ်သွားမည်နည်း။
“ သူတို့က အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ငါတကယ်ထင်သွားခဲ့တာ ”
အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှ တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး ပြောသည်။
၎င်းက အဆင့်တစ်တစ်ပိုင်း ကောင်းကင်မိစ္ဆာသားရဲမျှသာ ဖြစ်သည်။ ၎င်းက စစ်မှန်သော အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲ မဟုတ်ပေ။
အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်ကို အမြစ်ဖြတ်သုတ်သင်နိုင်သူများက စစ်မှန်သော အစွမ်းထက်ပညာရှင်များသာ ဖြစ်ကြသည်။
“ လင်းရှောင်ဓားဂိုဏ်းက အဲ့ဒီအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ် ”
တစ်စုံတစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေရာ တိုက်ပွဲစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
ထိုစဉ် ဟင်းလင်းပြင်က တုန်ယင်သွားပြီး မရေမတွက်နိုင်သော တိမ်မြူအလင်းတန်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြပြီး ပေါက်ကွဲသွားကြသည်။
သွေးနီရောင်ဓားအလင်းက နောက်တစ်ကြိမ် ပြန်စုဝေးသွားနေစဉ် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲက အနောက်လှည့်လိုက်ပြီး အမြန်ထွက်ပြေးသွားကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။
တခြားကောင်းကင်မိစ္ဆာသားရဲများက အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ကြဘဲ ဓားအလင်းဖြင့် အပိုင်းပိုင်းအစစ ခုတ်ပိုင်းခံလိုက်ကြရသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်ပုတီးစေ့များက ကြယ်ဥက္ကာပျံများသဖွယ် ပြုတ်ကျလာကြသည်။
ထိုကောင်းကင်ပုတီးစေ့များက ကြယ်စင်စုတစ်ခုသဖွယ် စုဝေးသွားကြပြီး ဦးတည်ရာတစ်ခုဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ထိုဦးတည်ရာက လင်းရှောင်ဓားဂိုဏ်း ဖြစ်သည်။
ဤတစ်သုတ် ကောင်းကင်မိစ္ဆာသားရဲများက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည့်အခါ လွင့်မျောကုန်းမြေနှစ်ဆယ်က စတင်ပေါင်းစည်းသွားကြသည်။
အဝေးတွင် ကုန်းမြေသုံးခုက အပြန်အလှန် စတင်တိုက်မိသွားကြသည်။
နောက်အခိုက်အတန့်မှာ ပုံရိပ်များက ထိုကုန်းမြေသုံးခုထဲမှ ပျံသန်းထွက်လာကြပြီး အတူတကွ ပေါင်းစည်းနေသော လွင့်မျောကုန်းမြေနှစ်ဆယ်ဆီသို့ ဦးတည်လာကြသည်။
“ အံ့ဖွယ်ကိုးပါးမြို့ကို ရှာဖွေပြီး ကာကွယ်ပေးကြမယ် ”
ဟွမ်ကျစ်ဟူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားကျင့်ကြံသူများကို ဦးဆောင်လျက် အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှ ထွက်ခွာလာပြီး လွင့်မျောကုန်းမြေနှစ်ဆယ်ဆီသို့ ဦးတည်သွားသည်။
ထို့အတူ အင်အားစုအများအပြားက ပျံသန်းထွက်လာကြပြီး လွင့်မျောကုန်းမြေနှစ်ဆယ်ဆီသို့ ဦးတည်သွားကြသည်။
ယင်းက သေခြင်းရှင်ခြင်း ပွတ်တိုက်မှုသာဖြစ်ပြီး မည်သည့်ဆန်းကြယ်မှုမှ မရှိပေ။
လျှပ်တစ်ပြက်အတွင်းမှာ လွင့်မျောကုန်းမြေနှစ်ဆယ်က အပြန်အလှန် ပွတ်တိုက်သွားကြပြီး အချင်းချင်း ထပ်ဆင့်လွှမ်းခြုံသွားကြသည်။ ထို့နောက် ယင်းတို့က သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အလျင်နှင့်အတူ အလွန်တရာ ကျယ်ပြောသော ကုန်းမြေအသစ်တစ်ခုကို ဖွဲ့စည်းသွားကြသည်။
အသစ်ဖွဲ့စည်းသွားသော ထိုကုန်းမြေ၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက အလွန်သိပ်သည်းစွာ စုဝေးနေကြသည်။
ထိုနေရာတွင် ကျင့်ကြံသူများလည်း စုဝေးရှိနေကြသည်။
လူတိုင်းက စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးက ကုန်းမြေအသစ် ဖွင့်လှစ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ထိုကုန်းမြေအသစ် ဖွဲ့စည်းသွားသည်နှင့် အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ကောင်းကင်မိစ္ဆာသားရဲများက ထိုလောကအသစ်ကို ဖိနှိပ်ချုပ်ချယ်ကြလိမ့်မည်။
…..
ခမ်းနားထည်ဝါသော ခန်းဆောင်တစ်ခု…
ခန်းဆောင်ထဲတွင် အသက်ငါးဆယ်အရွယ်ရှိသော အစိမ်းရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။
မှေးမှိန်သော ဓားတာအိုရောင်ခြည်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ထိုအကြီးအကဲ၏ အကြည့်က အဝေးမှ ကောင်းကင်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ကိုယ့်လူတို့… ကျုပ်သွားရတော့မယ် ”
အကြီးအကဲက တီးတိုးပြောလိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။
ထိုစကားက ခန်းဆောင်ထဲ၌ ထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ ရှိနေကြသော ကျင့်ကြံသူအမြောက်အများကို အံ့ဩသွားစေသည်။
“ အကိုချင်း… ကျုပ်တို့ရဲ့ သက်တော်ရှည်မဟာမိတ်က ဒီအဆင့်ထိ ရောက်လာဖို့ဆိုတာ တကယ်မလွယ်ပါဘူး… ဒါတွေအားလုံးက အကိုချင်းရဲ့ ကြိုးစားအားထုတ်မှုရလဒ်ကြောင့်ပါ… ဘာလို့ အခုကျမှ ထွက်သွားမှာလဲ ”
အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး အစိမ်းရောင်ဝတ်စုံဝတ် အကြီးအကဲကို ရိုသေလေးစားစွာ ပြောသည်။
“ ဟုတ်ပါတယ် အကိုချင်း… အကိုချင်းရဲ့ ဓားတာအိုနဲ့ ကွန်ဖြူးရှပ်တာအိုက ပြိုင်ဘက်ကင်းပြီး အကိုတော်ရဲ့ ဉာဏ်အမြော်အမြင်က သိမ်မွေ့နက်နဲလွန်းပါတယ်… ကျုပ်တို့အားလုံးက အကိုချင်းကို ချီးကျူးလေးစားကြပါတယ်… သက်တော်ရှည်မဟာမိတ်ကို ကျုပ်တို့ဖွဲ့စည်းခဲ့တာက အပြင်လူတွေနဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ပါဘူး… အဲ့ဒီအစား အသက်ရှည်လမ်းစဉ်ကို ရှာဖွေပြီး ကိုယ်တိုင်ကျင့်သုံးဖို့ပါ… ဘာလို့ အခုမှ အကိုချင်းက ထွက်သွားမှာလဲ ”
ခန်းဆောင်၏ အခြားတစ်ဖက်မှ ဝတ်စုံဖြူဝတ် အကြီးအကဲတစ်ယောက်က ထပြောသည်။
ခန်းဆောင်ထဲမှ လူတိုင်းက စိုးရိမ်ကြောင့်ကြလာကြသည်။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲ စတင်ပြီးနောက် သူတို့က ရည်မှန်းချက်ချင်း တူညီသော လူအနည်းစုဖြင့် ဤသက်တော်ရှည်မဟာမိတ်ကို ဖွဲ့စည်းခဲ့ကြသည်။
သူတို့က လူအနည်းစုဖြစ်သော်လည်း အဖွဲ့ဝင်အားလုံးက သန်မာကြသည်။ သူတို့တစ်ယောက်စီက အနည်းဆုံး အင်မော်တယ်အရှင်သခင်တစ်ပါး၏ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့ဆီမှာ အကျိုးအမြတ်အတွက်ဖြစ်စေ သို့မဟုတ် ဂုဏ်သတင်းကျော်ဇောမှုအတွက်ဖြစ်စေ ယှဉ်ပြိုင်လိုစိတ် မရှိကြချေ။ သူတို့က သူတို့၏ ကျင့်ကြံခြင်းအတွေ့အကြုံများကို အပြန်အလှန် ဝေမျှဆွေးနွေးရန်သာ ဆန္ဒရှိကြသည်။
သူတို့၏ အရှေ့မှ ချင်းစုယန်က အံ့ဖွယ်ကောင်းသော ဓားကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရုံသာမက အလွန်နက်နဲသိမ်မွေ့သော ကွန်ဖြူးရှပ်တာအိုကိုလည်း နားလည်ထားသည်။ သူ၏ အသိပညာဗဟုသုတများက ခန်းဆောင်ထဲမှ လူအားလုံး၏ ချီးကျူးလေးစားမှုကို ရရှိထားသည်။
သို့ဖြစ်၍ ချင်းစုယန်သည် သက်တော်ရှည်မဟာမိတ်ခန်းဆောင်၏ အဓိကပုဂ္ဂိုလ်များအနက် တစ်ဦးအပါအဝင်ဖြစ်သည်။
အကယ်၍ သူထွက်သွားမည်ဆိုလျှင် သက်တော်ရှည်မဟာမိတ်၏ အင်အားတစ်ဝက်က ယုတ်လျော့သွားလိမ့်မည်။
“ ကျုပ်က အံ့ဖွယ်ကိုးပါးမြို့ကနေ ရောက်လာခဲ့တာ… လက်ရှိအခြေအနေအရ အဲ့ဒီကို ကျုပ်ပြန်သွားရလိမ့်မယ် ”
ချင်းစုယန်က သိမ်မွေ့စွာ ပြောသည်။
“ အံ့ဖွယ်ကိုးပါးမြို့လား… အကိုချင်း… အကိုတော်ပြောတော့ အကိုတော်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကနေ လာခဲ့တာဆို… ပြီးတော့ လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ အကိုတော်ပါဝင်ဖို့ မလိုဘူးဆို ”
ဝတ်ရုံရှည်ကို ခြုံထားသော ကျောင်းတော်သားတစ်ဦးက ချင်းစုယန်၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း… အံ့ဖွယ်ကိုးပါးမြို့တော် ”
အစိမ်းရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ကောင်းကင်ပေါ်မှ ရွှေကောင်းကင်ဘုံစာရင်းကို မော့ကြည့်လိုက်သည့်အခါ အံ့ဩသွားသည်။
“ အဲ့ဒီအင်အားစုနှစ်ခုက ဇစ်မြစ်တစ်ခုတည်းလား ”
ထိုသို့အခြေအနေက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ တစ်ခါမှ မကြားဖူးသောအရာ မဟုတ်ပေ။
သို့သော်လည်း ယင်းက ဖြစ်တောင့်ဖြစ်ခဲကိစ္စ ဖြစ်သည်။
ဂိုဏ်း၏ အစွမ်းထက် ပုဂ္ဂိုလ်များက အဝေးရောက်နေကြစဉ် ဂိုဏ်းထဲမှာ ကျန်ရစ်နေခဲ့ကြသော တပည့်များက ဂိုဏ်းကို ရွှေကောင်းကင်ဘုံစာရင်းထဲသို့ ဝင်ရောက်နိုင်ရန် ဦးဆောင်ပေးခြင်းသည် အံ့ဖွယ်ကိစ္စရပ်တစ်ခု ဖြစ်သည်။
လူတိုင်းက ချင်းစုယန်ကို ကြည့်လိုက်ကြပြီး တစ်ခဏကြာ တိတ်ဆိတ်သွားကြသည်။
ချင်းစုယန်၏ ဆိုလိုရင်းကို သူတို့နားလည်ကြသည်။
အမှန်မှာ သူတို့ထဲမှ အများစုက ချင်းစုယန်ကဲ့သို့ တူညီသော အခြေအနေဖြင့် တွေ့ကြုံနေကြရသည်။
သူတို့၏ နောက်ခံအင်အားစုများက အင်အားကြီးမားသော ဂိုဏ်းများ သို့မဟုတ် လျှို့ဝှက်စွာ ပုန်းလျှိုးနေကြသော အဖွဲ့အစည်းများ ဖြစ်ကြသည်။ မည်သို့ဖြစ်ပါစေ သူတို့၏ ဂိုဏ်းများက သူတို့၏ အကူအညီကို မလိုအပ်ခြင်း သို့မဟုတ် သူတို့၏ အင်အားစုများက နောက်ဆုံးယှဉ်ပြိုင်ပွဲကုန်းမြေဆီသို့ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု သူတို့ခံစားမိကြသည်။ သို့ဖြစ်၍ သူတို့က သက်တော်ရှည်မဟာမိတ်ထဲမှာ ပါဝင်ရန် ရွေးချယ်ခဲ့ကြသည်။
ယခု ချန်းစုယန်၏ အခြေအနေမှာ သူ့ဂိုဏ်းမှ လူငယ်မျိုးဆက်များက ဂိုဏ်းကို ကောင်းကင်ဘုံစာရင်းထဲသို့ ဝင်ရောက်နိုင်ရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ ယခု သူက ထိုလူငယ်မျိုးဆက်များကို ကာကွယ်ပေးရန် အိမ်ပြန်ချင်လာသည်။
“ ဟား ဟား… အကိုချင်း… အံ့ဖွယ်ကိုးပါးမြို့က မြို့ကို ကာကွယ်ပေးဖို့ အာခီမီပညာရှင်တစ်ဦးကို ကြိုဆိုပါ့မလား ”
ဝတ်ရုံရှည်ခြုံထားသော အကြီးအကဲတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး ရယ်ရယ်မောမော ပြောသည်။
သူ၏ စကားက ချန်းစုယန်ကို မျက်လုံးဝင်းလက်သွားစေသည်။
“ တကယ်လို့ အကူအညီလိုအပ်တယ်ဆိုရင် ကျုပ်လည်းပဲ မြို့ကို ကာကွယ်ပေးချင်တယ် ”
နောက်ထပ် ကျောင်းတော်သားတစ်ယောက်က ကျယ်လောင်စွာ ပြောသည်။
ခန်းဆောင်ထဲတွင် ပုံရိပ်တစ်ခုပြီးတစ်ခုက မတ်တတ်ရပ်လိုက်ကြပြီး ချင်းစုယန်ကို ကြည့်လိုက်ကြသည်။
ချင်းစုယန်က ဝမ်းသာအားရ ရယ်လိုက်ပြီး လူတိုင်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။
“ အံ့ဖွယ်ကိုးပါးမြို့ဆီ ခင်ဗျားတို့သွားမယ်ဆိုရင် မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတွေကို ရရှိလိမ့်မယ်ဆိုတာ ကျုပ်အာမခံတယ် ”
ထို့နောက် သူက ရိုသေလေးစားစွာ တီးတိုးရေရွတ်လိုက်သည့်အခါ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပသွားသည်။
“ အမတ်ချုပ်ဟန်လည်း အံ့ဖွယ်ကိုးပါးမြို့ဆီ သွားလိမ့်မယ်လို့ ကျုပ်ခန့်မှန်းမိတယ် ”
“ သူက ခင်ဗျားတစ်ခါပြောဖူးတဲ့ နှစ်တစ်ထောင်ကျင့်ကြံပြီး သေမျိုးကနေ ဓားအင်မော်တယ်ဖြစ်လာတဲ့လူလား ”
“ ဓားတာအိုနဲ့ ကွန်ဖြူးရှပ်တာအိုမှာ ခင်ဗျားတောင် ချီးကျူးလေးစားရပြီး အာခီမီပညာရပ်မှာ ခင်ဗျားထက် သာတဲ့ပုဂ္ဂိုလ်ဆိုတာလား ”
“ သူက တစ်ယောက်တည်းအင်အားနဲ့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကြားက အတားအဆီးတွေကို ဖျက်ဆီးပစ်ခဲ့ပြီး ‘ ကောင်းကင်နဲ့ မြေပြင်ကြား ငါတစ်ယောက်တည်း ဓားကိုင်မယ် ’လို့ ကြွေးကြော်ခဲ့တဲ့ တိမ်မြူဓားအင်မော်တယ်လား ”
ခန်းဆောင်ထဲတွင် အံ့အားသင့်သော အသံများက ပဲ့တင်ထပ်သွားသည်။
ချင်းစုယန်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားသည်။
ခန်းဆောင်ထဲမှ တခြားလူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး ချင်းစုယန်နောက်သို့ လိုက်သွားကြသည်။
သူတို့၏ ဦးတည်ရာက အံ့ဖွယ်ကိုးပါးမြို့တော် ဖြစ်သည်။