အခန်း (၁၄၆၀)
Vol. 105 Ch. 1460
ကောင်းကင်နှင့် မြေပြင်က ပေါင်းစပ်သွားသည်။
အရာအားလုံးက ပွတ်တိုက်သွားကြသည်။
အလွန်ကျယ်ပြောသော ကုန်းမြေတစ်ခုတွင်…
အရပ်ရှည်သော လူငယ်တစ်ယောက်က ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ အံ့ဖွယ်ကိုးပါးမြို့တော်… ”
မှိန်ဖျော့သော ရွှေရောင်အလင်းက လူငယ်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏ အနောက်တွင် ရွှေရောင်စစ်ပွဲဆင်သားရဲက ထွက်ပေါ်လာသည်။
၎င်းက ကောင်းကင်ထမ်းဆင် ဖြစ်သည်။
ကောင်းကင်ထမ်းနတ်ဆင်သားရဲ၏ ခန္ဓာကိုယ်က ဓမ္မပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
“ မူး… ”
နတ်ဆင်သားရဲက အမြင့်ပေတစ်သောင်းသို့ ပျံတတ်သွားသည့်အခါ ၎င်း၏ ကျယ်လောင်သော ဟိန်းသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားပြီး အချင်းမိုင်တစ်သိန်းအတွင်းမှ ဝိညာဉ်အလင်းက တုန်ယင်သွားသည်။
မဟာမိစ္ဆာများ၏ ပုံရိပ်များက အလျှင်အမြန် ထွက်ပေါ်လာကြပြီး ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
“ နတ်ဘုရားအရှင်သခင်ကို ကျုပ်တို့ အရိုအသေပေးပါတယ် ”
နောက်အခိုက်အတန့်မှာ နတ်ဆင်သားရဲက အနက်ရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက ကျောပေါ်တွင် ဓားမော့ရှည်နှစ်လက်ကို သယ်ဆောင်ထားသည်။
ရှန့်လင်းရွှမ်း… ။
သူက ဟန်မူယဲ့ထံမှ ကမ္ဘာဦးနတ်သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ကို ရရှိခဲ့ပြီးနောက် သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက ကမ္ဘာဦးနတ်သားရဲတစ်ကောင်၏ နယ်ပယ်ဆီသို့ ဝင်ရောက်သွားခဲ့သည်။
သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားနှင့်အတူ သူက မိစ္ဆာကုန်းမြေတစ်ခုကို အုပ်ချုပ်နိုင်ခဲ့ပြီး နတ်ဘုရားအရှင်သခင်တစ်ပါး ဖြစ်လာခဲ့သည်။
သူ၏ နတ်ဆင်နန်းတော်က ကောင်းကင်ဘုံစာရင်းထဲမှာ မပါဝင်ခဲ့ပေ။ သို့တိုင် ယင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ အစွမ်းထက်အင်အားစုတစ်ခု ဖြစ်နေဆဲပင်။
ယခု ကုန်းမြေများက ပေါင်းစည်းသွားနေစဉ် ထိုအစွမ်းထက်ပုဂ္ဂိုလ်များက ဤနေရာဆီသို့ မကြာခင်မှာ ရောက်လာကြတော့မည်။ သူတို့က သူ၏ နတ်ဆင်နန်းတော်ကို သူတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းကို လုပ်ဆောင်ကြလိမ့်မည်။
ယင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ မရှောင်လွှဲနိုင်သောအရာ ဖြစ်သည်။
ဤအဆင့်တွင် မည်သည့်နောက်ခံမှမရှိသော အင်အားစုငယ်များက ထိုလမ်းကြောင်းနှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်နိုင်ကြသည်။
သန္ဓေပြောင်းသားရဲများနှင့် နတ်သားရဲများက ရှန့်လင်းရွှမ်းထံသို့ ကြည့်လိုက်ကြသည်။
၎င်းတို့ဆီမှာ အစွမ်းထက်နောက်ခံ မရှိပေ။
၎င်းတို့၏ မိစ္ဆာမျိုးနွယ်စုက ကိုယ့်ဘာသာ ခုခံကာကွယ်ရန်သာ စုဝေးနိုင်ကြသည်။
ယခု သေခြင်းရှင်ခြင်းတိုက်ပွဲအတွက် အချိန်က ရောက်ရှိလာသည်။
အဝေးမှ ကောင်းကင်ယံတွင် နတ်ဘုရားအလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
အစွမ်းထက်ပုဂ္ဂိုလ်များက ဤနေရာသို့ ချဉ်းကပ်လာနေကြသည်။
“ နတ်ဘုရားအရှင်သခင်… ကျေးဇူးပြုပြီး အမိန့်ထုတ်ပြန်လိုက်ပါ… ကျုပ်တို့တွေ သူသေကိုယ်သေ တိုက်ခိုက်ကြပါမယ် ”
ကြွေးကြော်သံများက ပဲ့တင်ထပ်လာသည်။
သွေးချီစွမ်းအားက ထိုသန္ဓေပြောင်းသားရဲများနှင့် နတ်သားရဲများ၏ ဦးခေါင်းပေါ်မှာ ပေါ်လျှိုးလာသည်။
“ ငါ့နောက်လိုက်ခဲ့ကြပါ ”
ရှန့်လင်းရွှမ်းက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ပေတစ်သောင်းရှည်လျားသော နတ်ဆင်သားရဲအဖြစ် ပြောင်းလဲသွားသည်။ သူက ခြေတစ်လှမ်းနှင့်အတူ ဟင်းလင်းပြင်ထဲမှ အလင်းပုံရိပ်များကို ဝင်တိုက်လိုက်သည်။
သူ၏ အနောက်တွင် နတ်ဆင်နန်းတော်မှ မိစ္ဆာသားရဲများက ၎င်းတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြပြီး အရှေ့သို့ ချီတတ်သွားကြသည်။
၎င်းတို့က နတ်ဘုရားအရှင်သခင်နောက်သို့လိုက်၍ အဆုံးထိ တိုက်ခိုက်ကြတော့မည်။
…..
တောင်တန်းဒေသတစ်ခု၏ အရှေ့တွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားကိုင်ထားသော လူငယ်တစ်ယောက်က မထူးမခြားနား အမူအရာဖြင့် ခေါင်းမော့လိုက်သည်။
“ ညီအကိုတွေ… ကျုပ်ထွက်သွားဖို့ အချိန်ကျပြီ ”
လူငယ်က ခေါင်းလှည့်လိုက်ပြီး သူ၏ အနောက်မှ အသွင်သဏ္ဍာန်မတူညီသော ပုံရိပ်အမျိုးမျိုးကို ကြည့်လိုက်သည်။
“ ကျုပ်ရောက်လာခဲ့တဲ့ အံ့ဖွယ်ကိုးပါးမြို့က ရွှေကောင်းကင်ဘုံစာရင်းထဲမှာ ပါဝင်သွားပြီ… အခု အင်အားစုအသီးသီးက အံ့ဖွယ်ကိုးပါးမြို့ကို ပစ်မှစ်ထား တိုက်ခိုက်ကြတော့မယ် ”
“ အံ့ဖွယ်ကိုးပါးမြို့ကို ကာကွယ်ဖို့ ကျုပ်ပြန်သွားမှဖြစ်မယ် ”
ထိုသို့ပြောပြီးနောက် လူငယ်က လူတိုင်းကို ပေါ့ပါးစွာ ပြုံးပြလိုက်ပြီး အရိုအသေပေးလိုက်သည်။
“ တပည့်ဟဲရွှမ်ချီက ညီအကိုတို့တွေနဲ့အတူ ဒီခရီးစဉ်ကို သေအတူရှင်မကွာ ဖြတ်သန်းခဲ့ပါတယ်… ဒီအတွေ့အကြုံကို ကျုပ်မေ့မှာ မဟုတ်ပါဘူး… တကယ်လို့ ရေစက်ပါသေးရင် နောက်တစ်ခါ ပြန်တွေ့ဆုံကြပါမယ် ”
ထိုသို့ပြောပြီးနောက် လူငယ်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ဓားအလင်းက အဖြူရောင်ကြိုးကြာအတောင်ပံအဖြစ် အသွင်ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားသည်။
သူ၏ အနောက်မှ ပုံရိပ်များက မျက်နှာတည်ကြည်သွားကြသည်။
“ ဟူး… ဒီနေ့ ခွဲခွာပြီးသွားရင် နောက်တစ်ခါ ပြန်မတွေ့ဆုံနိုင်တော့မှာ ငါစိုးရိမ်မိတယ် ”
အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်က တီးတိုးပြောသည်။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲ ပြီးဆုံးသွားသည့်အခါ လူတိုင်းက သူ့တို့၏ သက်ဆိုင်ရာလောကများဆီသို့ ပြန်သွားကြလိမ့်မည်။ သို့ဖြစ်လေရာ နောက်တစ်ကြိမ် သူတို့ပြန်တွေ့ဆုံနိုင်မည့် အခွင့်အရေးက မရှိသလောက်ပင်။
“ အမှန်ပဲ… ဒါကြောင့် ရှေးလူကြီးတွေ ပြောခဲ့တာပေါ့… ကျင့်ကြံခြင်းဆိုတာ အထီးကျန်ဖို့အတွက် လမ်းကြောင်းတစ်ခုတဲ့ ”
ဝတ်စုံစိမ်းဝတ် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က နူးညံ့စွာ ပြောသည်။ လွမ်းဆွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။
“ အကိုဟဲက အံ့ဖွယ်ကိုးပါးမြို့ဆီ သွားမှာမဟုတ်လား… ဘာလို့ သူ့နောက်ကို ငါတို့မလိုက်သွားကြတာလဲ ”
ရွှေရောင်မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော မျက်လုံးပိုင်ရှင် လူငယ်တစ်ယောက်က စိတ်အားထက်သန်စွာ ပြောသည်။
“ အံ့ဖွယ်ကိုးပါးမြို့က ရွှေကောင်းကင်ဘုံစာရင်းထဲမှာ ပါဝင်နိုင်တယ်ဆိုမှတော့ အဲ့ဒါက အင်အားစုကြီးတစ်ခုဖြစ်မှာ သေချာတယ် ”
“ ဘာပဲပြောပြော ငါတို့အားလုံးက တစ်ကိုယ်တော်ကျင့်ကြံသူတွေမဟုတ်လား… ဘယ်နေရာကိုပဲသွားသွား ငါတို့အတွက် ကိစ္စမရှိဘူး ”
လူငယ်က စကားဆုံးသည်နှင့် သူ့ဘေးမှ တခြားလူများကို ကြည့်လိုက်သည်။
တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြသည်။
“ ငါတို့တွေ အတူတူ သွားကြမလား ”
“ ကောင်းတာပေါ့… အတူတူ သွားကြမယ် ”
ထို့နောက် သူတို့အားလုံးက တပည့်ဟဲရွှမ်ချီ ထွက်ခွာသွားသော ဦးတည်ရာနောက်သို့ လိုက်သွားကြသည်။
…..
အံ့ဖွယ်ကိုးပါးမြို့ထဲတွင် မြို့တံတိုင်းပေါ်မှာ စခန်းချထားကြသော ဂိုဏ်းတပည့်များက မျက်နှာတည်ကြည်နေကြသည်။
ကောင်းကင်ယံတွင် ကောင်းကင်မိစ္ဆာသားရဲများက သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ အလွန်များပြားလှသည်။ ၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ဧရာမခန္ဓာကိုယ်က နေလုံးနှင့် ကောင်းကင်ကိုပင် အမှောင်ဖုံးလွှမ်းပစ်နိုင်စွမ်း ရှိသည်။
အခြားတစ်ဖက်တွင် အလင်းတန်းများက မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီး မြို့၏ အပြင်ဘက်တွင် ပြန့်ကျဲသွားကြသည်။ တချို့အလင်းတန်းများသည်တော့ လေထဲမှာ ပျောက်ကွယ်သွားကြသည်။
သူတို့က တခြားကုန်းမြေအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က အံ့ဖွယ်ကိုးပါးမြို့ကို ကောင်းကင်မိစ္ဆာသားရဲများ ဝင်ရောက်စီးနင်းမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ထိုမျှအရွယ်အစားကြီးမားသော မြို့တော်က ထုံးစံအားဖြင့် အရင်းအမြစ်များ လုယက်ခြင်း သို့မဟုတ် အကျိုးအမြတ်များ ရိတ်သိမ်းခြင်းပြုလုပ်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။
အထက်အဆင့်သုံးဆင့် ကုန်းမြေများ ပေါင်းစပ်သွားပြီးနောက် ယခုအချိန်က အင်အားစုကြီးများ စတင်အမဲလိုက်တော့မည့်အချိန် ဖြစ်သည်။
ယင်းတို့ထဲတွင် အံ့ဖွယ်ကိုးပါးမြို့တော်ကဲ့သို့ မြန်ဆန်စွာ နာမည်ကျော်ကြားလာသော အင်အားစုက သေချာပေါက် သူတို့ကိုင်တွယ်ဖြေရှင်းသင့်သည့် ပထမဆုံးပစ်မှတ် ဖြစ်လာသည်။ သူတို့က ထိုနည်းဖြင့် ယာယီမြင့်တတ်လာကြသော အင်အားစုငယ်များကို သူတို့ထံ သစ္စာခံခြင်းသည်သာ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်ကြောင်း အသိပေးချင်ကြသည်။
“ အံ့ဖွယ်ကိုးပါးမြို့တော်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်လောက်ဘူးမလား ”
ကောင်းကင်ပေါ်တွင် တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“ ဘာလို့ ဒီတစ်ခေါက် လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ ဓားကျင့်ကြံသူအင်အားစုတွေ အများကြီး ရှိနေတာလဲ… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရယ် ပြီးတော့ ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်နေရာက လင်းရှောင်ဓားဂိုဏ်းရယ်… ဖြစ်နိုင်တာက ဒီတစ်ကြိမ် လောကတစ်သောင်းယှဉ်ပြိုင်ပွဲက ဓားကျင့်ကြံသူတွေကြားက အားပြိုင်မှုများလား ”
ကောင်းကင်ပေါ်မှ ရွှေကောင်းကင်ဘုံစာရင်းကို ကြည့်နေရင်း လူတချို့က ဇဝေဇဝါဖြစ်သွားကြသည်။
“ ဘန်း ”
အံ့ဖွယ်ကိုးပါးမြို့တော်၏ ကောင်းကင်ယံတွင် အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က မိုးပြာရောင်နဂါးတစ်ကောင်အသွင် ပြောင်းလဲလိုက်ပြီး အောက်သို့ ဆင်းသက်လာသည်။
မြို့တံတိုင်းပေါ်တွင် အလင်းစီးကြောင်းများ ပျံသန်းထွက်လာကြပြီး ကောင်းကင်မိစ္ဆာသားရဲကို ခုခံတားဆီးလိုက်ကြသည်။
မြို့ပေါ်တွင် အံ့ဖွယ်ကိုးပါးမြို့၏ ဓားကျင့်ကြံသူများက တည်ကြည်လေးနက်နေကြသည်။
အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က မည်မျှကြောက်စရာကောင်းကြောင်း သူတို့သိထားကြသည်။
အံ့ဖွယ်ကိုးပါးမြို့တော်၏ လက်ရှိ တိုက်ပွဲစွမ်းအားအရ ၎င်းကို ခုခံတားဆီးရန် မလွယ်ကူပေ။
အဓိကအရေးကြီးဆုံးမှာ အံ့ဖွယ်ကိုးပါးမြို့တော်၏ အဓိကအင်အားစုက လောလောဆယ် မြို့ထဲမှာ ရှိမနေပေ။
သူတို့က ဟွမ်ကျစ်ဟူကဲ့သို့ မသန်မာကြသော်လည်း တာအိုပညာရှင်တယန်၏ ခေါ်ဆောင်သွားခြင်းခံလိုက်ကြရသည်။
သို့ဖြစ်၍ ဓားကျင့်ကြံသူသုံးသန်းက မွေးမြူရေးခြံထဲမှာ စခန်းချနေထိုင်နေကြသည်။ သူတို့မှာ အံ့ဖွယ်ကိုးပါးမြို့တော်ဆီ ပြန်လာပြီး ကာကွယ်ပေးရန် အချိန်မရှိကြပေ။
မြို့ပေါ်တွင် အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဓားစံအိမ်တပည့်တစ်ယောက်က ဓားကျင့်ကြံသူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ သူက ချင်းတုံဖြစ်ပြီး ရေနဂါးမဟာမိစ္ဆာ၏ ပြန်လည်မွေးဖွားမှုဖြစ်သည်။ သူ၏ ဘွဲ့နာမည်က ကျောက်စိမ်းပုစဉ်းဓားအင်မော်တယ် ဖြစ်သည်။
သူက အတိတ်မှာ ဟွာကျစ်ဟူ၏ အစောင့်ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့သည်။ ယခု သူက အံ့ဖွယ်ကိုးပါးမြို့ထဲမှာ နေထိုင်ပြီး ကျန်ရှိသော ဓားကျင့်ကြံသူသန်းပေါင်းများစွာကို အမိန့်ပေးညွှန်ကြားနေသည်။
“ ဘန်း ”
ဟင်းလင်းပြင်ထဲတွင် အရေအတွက်ပိုများပြားသော အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများက အံ့ဖွယ်ကိုးပါးမြို့ကို တစ်ခဏကြာ စစ်ဆေးလေ့လာပြီးနောက် မြေပြင်ပေါ်သို့ တစ်ဟုန်ထိုး ထိုးဆင်းလာကြသည်။
ယခုအချိန်မှာ ကုန်းမြေများ အတူတကွ ပေါင်းစည်းသွားနေစဉ် အင်အားစုအသီးသီးထံမှ မူလစွမ်းအားက မိုးမြေနှင့် ပေါင်းစည်းသွားသည်။
မူလစွမ်းအား စုစည်းထားကြသော ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းဖြင့်ဖြစ်စေ သို့မဟုတ် သူတို့ခုခံကာကွယ်ပေးနေသော မြို့ကြီးများကို ဖျက်ဆီးခြင်းဖြင့်ဖြစ်စေ မူလစွမ်းအားကို လုယက်နိုင်လိမ့်မည်။
“ ဂရောင်း ”
ကျယ်လောင်သော ဟိန်းသံက ပဲ့တင်ထပ်သွားသည့်အခါ ကောင်းကင်မိစ္ဆာသားရဲအုပ်စုများက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြသည်။
ထိုကောင်းကင်မိစ္ဆာသားရဲများထံမှ သတ်ဖြတ်ခြင်းအရှိန်အဝါက မိုင်တစ်သောင်းရှည်လျားသော သွေးနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ၎င်းက အောက်ဘက်မှ မြို့တံတိုင်းဆီသို့ ထိုးဆင်းလာသည်။
“ ဝင်္ကပါကို အသက်သွင်းကြ ”
မြို့တံတိုင်းပေါ်မှ ကျောက်စိမ်းပုစဉ်းဓားအင်မော်တယ်က အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ထွန်းလင်းတောက်ပသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။
ဓားအလင်းတစ်သန်းက လေထဲမှာ စုဝေးသွားကြပြီး ကောင်းကင်ဘုံကို ထိုးဖောက်မည့် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဓားရှည်က ကောင်းကင်ပေါ်မှ ထိုးဆင်းလာနေသော သွေးနဂါးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဓားရှည်၏ ရွေ့လျားမှုက နှေးကွေးဟန် အောက်မေ့ရသော်လည်း ယင်းထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အလွန်သန်မာသည်။
သွေးနဂါးက တုန်ယင်သွားသည်။ ထို့နောက် ၎င်းက မာန်ဖီဟိန်းဟောက်လိုက်ပြီး ဓားကိုယ်ထည်ကို ဝင်ဆောင့်လိုက်သည်။
ထိုအခါ ဓားကိုယ်ထည်က ယိမ်းယိုင်သွားပြီး ဖြည်းဖြည်းချင်း အက်ကွဲသွားသည်။
အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဓားကျင့်ကြံသူအားလုံးက မျက်နှာဖြူဖျော့သွားကြသည်။
“ ငါတို့ နောက်ထပ် မတောင့်ခံနိုင်တော့ဘူး… ”
မြို့တံတိုင်းပေါ်မှ ကျောက်စိမ်းပုစဉ်းဓားအင်မော်တယ်၏ ဘေး၌ မတ်တတ်ရပ်နေသော မုတ်ဆိတ်နက်အကြီးအကဲတစ်ဦးက အံကြိတ်လိုက်ပြီး ပြောသည်။
တခြားဓားကျင့်ကြံသူများက အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ သူတို့က အသက်သေသည်အထိ တိုက်ခိုက်သွားရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။
“ တကယ်လို့ ငါတို့ နောက်ထပ် မတောင့်ခံနိုင်တော့ဘူးဆိုရင် ငါတို့သေချာပေါက် သေသွားလိမ့်မယ် ”
မြို့ထဲမှ တစ်စုံတစ်ယောက်က ကြောက်လန့်နေသော အမူအရာဖြင့် တီးတိုးပြောသည်။
“ ငါတို့ထွက်ပြေးကြရင် ကောင်းမလား ”
ကျောက်စိမ်းသရဖူဆောင်းထားသော ဝတ်စုံစိမ်းအကြီးအကဲတစ်ယောက်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ဘေးဘီကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက တိုးညင်းစွာ ပြောသည်။
ထွက်ပြေးမယ်… ။
အံ့ဖွယ်ကိုးပါးမြို့ကနေ ထွက်ပြေးမယ်… ။
သူတို့က အံ့ဖွယ်ကိုးပါးမြို့နှင့်အတူ မြေမြှုပ်မခံချင်ကြပေ။
သို့ဖြစ်၍ ကျင့်ကြံသူတစ်ယောက်က မြို့ထဲမှ အရင်ဆုံး ထွက်ပြေးသွားသည့်အခါ တခြားပုံရိပ်များသည်လည်း မြို့၏ ဂိတ်လေးပေါက်မှတဆင့် အမြန်ထွက်ပြေးသွားကြသည်။
မြို့တံတိုင်းပေါ်မှ ဓားကျင့်ကြံသူများက အံကြိတ်လိုက်ကြပြီး တိတ်ဆိတ်သွားကြသည်။
ယခုကဲ့သို့ အရေးကြီးအခြေအနေမှာ ထိုသို့ထွက်ပြေးခြင်းက မြို့၏ ခုခံကာကွယ်မှုကို ပိုပြီးအားနည်းသွားစေရုံသာမက စစ်သည်တော်များ၏ တိုက်ပွဲစိတ်ဓာတ်ကိုလည်း ယိမ်းယိုင်သွားစေလိမ့်မည်။
“ သစ္စာဖောက်တွေ… ”
ကောင်းကင်ပေါ်မှ တစ်စုံတစ်ယောက်က ပေါ့ပါးစွာ ရယ်လိုက်သည်။
“ တကယ်လို့ အင်မော်တယ်ဘုရင်တစ်ပါးက မြို့တော်ကို အမိန့်ပေးနေတာသာဆိုရင် အဲ့ဒီသစ္စာဖောက်တွေအကုန်လုံး ကွပ်မျက်ခံရလိမ့်မယ် ”
“ ဟုတ်ပါ့… ဓားကျင့်ကြံသူတွေဖြစ်ပြီးတော့ သတ်ဖြတ်တာကို သတ်ဖြတ်တာနဲ့ ပြန်ခြိမ်းခြောက်ရတယ်ဆိုတာ နားမလည်ကြဘူးပဲ ”
တစ်စုံတစ်ယောက်က ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ အမိန့်ဘယ်လိုပေးရတယ်ဆိုတာ သေချာမသိဘဲနဲ့ မြို့ကို ကာကွယ်ချင်သေးတယ် ”
ကျင့်ကြံသူအမြောက်အများက မြို့ထဲမှ ထွက်ပြေးသွားကြသည့်အခါ အံ့ဖွယ်ကိုးပါးမြို့၏ ခုခံမှုက တဖြည်းဖြည်း အားနည်းလာသည်။ တစ်ချိန်တည်းမှာ ဝင်္ကပါ၏ ဝိညာဉ်အလင်းက ဖြည်းညင်းစွာ မှေးမှိန်သွားသည်။
ထိုသစ္စာဖောက်များ၏ လုပ်ရပ်က ဝိညာဉ်အလင်းကို မှေးမှိန်သွားစေရုံသာမက မြို့တံတိုင်းပေါ်မှ ဂိုဏ်းသားများ၏ စိတ်ဓာတ်ကိုလည်း ယိမ်းယိုင်သွားစေသည်။ သူတို့၏ တိုက်ပွဲစိတ်ဆန္ဒက စတင်ပျက်ပြားလာသည်။
“ အမ်… မြို့ထဲက လူတွေ ဒီလောက်အများကြီး ထွက်ပြေးနေတာကို ဘာလို့ ရွှေကောင်းကင်ဘုံစာရင်းထဲမှာ သူတို့ရဲ့ အဆင့်က မကျဆင်းသွားတာလဲ ”
ဟင်းလင်းပြင်ထဲ၌ အခွင့်ကောင်းကို စောင့်ဆိုင်းနေသော ပုံရိပ်တစ်ခုက အံ့အားသင့်စွာ ပြောသည်။
အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်သည်။
ကောင်းကင်ပေါ်မှ ရွှေကောင်းကင်ဘုံစာရင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော်လည်း ဘာမှမပြောင်းလဲသွားချေ။ မြို့ထဲမှ ကျင့်ကြံသူသန်းပေါင်းများစွာက ထွက်ပြေးသွားကြသော်လည်း အံ့ဖွယ်ကိုးပါးမြို့တော်၏ အဆင့်က လုံးဝ မကျဆင်းသွားပေ။
“ ဘာလို့ အဲ့ဒီလိုဖြစ်ရတာလဲ ”
တစ်စုံတစ်ယောက်က စိတ်ရှုပ်ထွေးစွာ ပြောသည်။