အခန်း (၁၄၆၁)
Vol. 105 Ch. 1461
မြို့ထဲမှ ထွက်ပြေးသွားကြသော ကျင့်ကြံသူများက အားမနည်းကြချေ။ အကယ်၍ သူတို့အားလုံးကို စုပေါင်းလိုက်မည်ဆိုလျှင် အလွန်သန်မာသော အင်အားစုတစ်စု ဖြစ်လာလိမ့်မည်။
ထိုသို့အင်အားစုက ထွက်ခွာသွားသော်လည်း အံ့ဖွယ်ကိုးပါးမြို့တော်၏ အဆင့်က မပြောင်းလဲသွားချေ။ ထိုသို့အခြေအနေအတွက် ဖြစ်နိုင်ခြေနှစ်ခု ရှိသည်။ ပထမတစ်ခုမှာ သူတို့၏ တည်ရှိမှုက အံ့ဖွယ်ကိုးပါးမြို့တော်အတွက် အရေးမပါခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ အံ့ဖွယ်ကိုးပါးမြို့တော်က ပုန်းကွယ်နေသော တခြားအင်အားများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
“ ဝီး ”
ဓားအလင်းများက အံ့ဖွယ်ကိုးပါးမြို့၏ ကောင်းကင်ယံတွင် ထပ်မံ စုဝေးသွားကြသည်။
ယခု ဟင်းလင်းပြင်ထဲမှာ စုဝေးနေကြသော ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က တစ်သိန်းကျော်သွားသည်။
၎င်းတို့က အဆင့်သုံးနှင့် အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲများ ဖြစ်ကြသည်။
ထိုသို့အစွမ်းထက်သော ကောင်းကင်မိစ္ဆာသားရဲများ၏ စုဝေးမှုကြောင့် မိုးမြေက ပရမ်းပတာ တုန်လှုပ်သွားသည်။
အံ့ဖွယ်ကိုးပါးမြို့တော်၏ မူလစွမ်းအားက ၎င်းဘာသာ ထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းအစုအဝေးအဖြစ် ပြန့်ကျဲသွားသည်။
ကောင်းကင်မိစ္ဆာသားရဲများသည်တော့ ၎င်းတို့က အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဓားကျင့်ကြံသူများကို သတ်ဖြတ်ပြီး ထိုမူလစွမ်းအားကို စုပ်ယူနိုင်သည်နှင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ကြလိမ့်မည်။
အဝေးမှ ကျားချောင်းချောင်းနေကြသော ကျင့်ကြံသူများသည်တော့ သူတို့က အံ့ဖွယ်ကိုးပါးမြို့တော်ကျဆုံးသွားသည်နှင့် အမြန်ချဉ်းနင်းဝင်ရောက်ပြီး မူလစွမ်းအားနှင့် ကောင်းကင်ပုတီးစေ့များကို ရိတ်သိမ်းကြလိမ့်မည်။
မူလစွမ်းအားက ကောင်းကင်ပုတီးစေ့များအဖြစ် ဖွဲ့စည်းနိုင်ကြသည်။ ဥပမာ အဆင့်နှစ်နှင့် အဆင့်တစ် ကောင်းကင်ပုတီးစေ့များထဲမှာ မူလစွမ်းအား ပါဝင်သည်။
သို့ဖြစ်၍ အစစ်အမှန် အဆင့်နှစ်ကောင်းကင်မိစ္ဆာသားရဲများသည်လည်း ကောင်းကင်ပုတီးစေ့များကို ပိုင်ဆိုင်နိုင်ကြသည်။ သို့သော်လည်း လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ ကုန်းမြေထဲတွင် အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်နိုင်သည့် အင်အားစုများက မည်မျှများပြားမည်နည်း။
အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများကိုတော့ ထည့်ပြောစရာပင် မလိုချေ။
အဆင့်တစ် ကောင်းကင်ပုတီးစေ့များကို အမဲလိုက်ရုံဖြင့် မရရှိနိုင်ပေ။ ယင်းတို့က အဓိကစွမ်းအင်များဖြင့် ဖြည်းဖြည်းချင်းသာ ဖွဲ့စည်းသွားကြလိမ့်မည်။
“ အဲ့ဒီတိုက်ခိုက်မှုနဲ့ဆို အံ့ဖွယ်ကိုးပါးမြို့တော်က သေချာပေါက် သွားပြီ ”
လေထဲမှ တစ်စုံတစ်ယောက်က ပြောသည်။
ကောင်းကင်ပေါ်မှ ကောင်းကင်မိစ္ဆာသားရဲများက အထွတ်အထိပ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။ ယခုကဲ့သို့ အင်အားဆုတ်ယုတ်သွားသော အံ့ဖွယ်ကိုးပါးမြို့ကို မဆိုထားနှင့် အထွတ်အထိပ်အခြေအနေမှာရှိသော အံ့ဖွယ်ကိုးပါးမြို့သည်ပင် ၎င်းတို့ကို ခုခံကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်ပေါ်တွင် သွေးနဂါးက နောက်တစ်ကြိမ် ပြန်ဖွဲ့စည်းသွားသည်။ ဤတစ်ကြိမ်တွင် ၎င်း၏ ခန္ဓာကိုယ်က မိုင်တစ်သောင်းထက် ကျော်လွန်သွားသည်။
နဂါးက မာန်ဖီဟိန်းဟောက်လိုက်သည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ဘေးပတ်ဝန်းကျင်မှ ကျားချောင်းချောင်းနေကြသော ကျင့်ကြံသူများကို အနောက်ဆုတ်သွားစေသည်။
အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ ရောက်ရှိလာကြသူများသည်လည်း အနောက်သို့ စတင်ဆုတ်ခွာသွားကြသည်။
“ အဲ့ဒီကောင်ကို ငါကိုင်တွယ်လိုက်မယ် ”
ထိုစဉ် အော်သံတစ်သံက ပဲ့တင်ထပ်လာသည်။
ကျောက်စိမ်းသရဖူကို ဆောင်းထားသော အစိမ်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက မြင်းမြှီးတံကို ကိုင်ထားလျက် မြို့တံတိုင်း၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။
မြို့တံတိုင်းပေါ်မှ ဓားကျင့်ကြံသူများက ထိုပုံရိပ်ကို မော့ကြည့်လိုက်ကြသည့်အခါ အံ့ဩဝမ်းသာသွားကြသည်။
“ လက်ထောက်မြို့အရှင်သခင် ”
“ မြို့အရှင်သခင်ရှုကျီ ”
ယခု ရောက်ရှိလာသော ထိုပုံရိပ်သည် အင်မော်တယ်သင်္ချိုင်းမြို့ကို အမြဲတမ်း ကြီးကြပ်ပေးနေသော ရှုကျီမှလွဲ၍ တခြားလူမဟုတ်ပေ။
ရှုကျီက အင်မော်တယ်သင်္ချိုင်းမြို့ကို အုပ်ချုပ်နေသည့်အပြင် အသင်္ချေကောင်းကင်ဘုံမြေကိုလည်း ကြီးကြပ်ပေးနေသည်။ သူက ရှေးဦးကောင်းကင်ဘုံမြေထဲမှ အံ့ဖွယ်ကိုးပါးမြို့တော်၏ လက်ထောက်မြို့အရှင်သခင်လည်း ဟုတ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မျိုးဆက်ထဲတွင် ရှုကျီက အလွန်အဆင့်မြင့်သော ဦးဆောင်မှုနေရာကို ပိုင်ဆိုင်ထားသည်။
တိမ်မြူဓားအင်မော်တယ် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်၏ မျိုးဆက်ထဲတွင် မြင်တွေ့ရခဲသူဖြစ်ပြီး အရေးကြီးဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သူက ဂိုဏ်းတပည့်အားလုံး ကြည်ညိုလေးစားရသော ဘိုးဘေးအကြီးအကဲဖြစ်သည်။
ဟွမ်ကျစ်ဟူသည် ဓားကျင့်ကြံသူတပည့်အားလုံးကို အမိန့်ပေးနိုင်ပြီး တိုက်ပွဲဝင်္ကပါများနှင့်ပတ်သက်လျှင် ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ သူက အံ့ဖွယ်ကိုးပါးမြို့တော်၏ မြို့အရှင်သခင်ဖြစ်ပြီး ဟန်မူယဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။
မောက်မာထောင်လွှားပြီး အမှန်တရားကို မြတ်နိုးသော ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင် ဟွမ်ခြောက်သည်တော့ သူက အံ့ဖွယ်ကိုးပါးမြို့အတွင်း ပြိုင်ဘက်ကင်းစွာ လွှမ်းမိုးခြယ်လှယ်နိုင်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုလူများ၏ အနောက်တွင် စစ်ရေးနည်းဗျူဟာဖြင့် နာမည်ကျော်ကြားသော ရှုကျီ ရှိသည်။ သူက တိမ်မြူဓားအင်မော်တယ်၏ ရင်းနှီးသော ရဲဘော်ရဲဘက်တစ်ဦးဖြစ်ပြီး ဘဏ္ဍာစိုးသဖွယ် အမှုထမ်းဆောင်သည်။
အံ့ဖွယ်ကိုးပါးမြို့၏ စစ်ရေးနည်းဗျူဟာများ၊ အရင်းအမြစ်များနှင့် အထောက်အပံ့များကို နှစ်ပေါင်းများစွာကြာအောင် ကြီးကြပ်ပေးခဲ့သူမှာ ရှုကျီ ဖြစ်သည်။
ယခု ရှုကျီ ပြန်ရောက်လာသည့်အခါ မြို့တံတိုင်းပေါ်မှ ဓားကျင့်ကြံသူအားလုံးက ချက်ချင်း ဝမ်းသာပျော်ရွှင်သွားကြသည်။
အစောနက မှေးမှိန်သွားခဲ့သော ဓားကျင့်ကြံသူများ၏ ဓားဆန္ဒက ယခု တဖန်နိုးကြားလာသည်။
“ အကြီးအကဲရှု… ဒီတိုက်ပွဲရဲ့ အမိန့်အာဏာက အကြီးအကဲရဲ့ လက်ထဲမှာပါ ”
မြို့တံတိုင်းပေါ်မှ ကျောက်စိမ်းပုစဉ်းဓားအင်မော်တယ်က ရှုကျီကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။
သူက အံ့ဖွယ်ကိုးပါးမျိုးဆက်၏ တိုက်ရိုက် တပည့်တစ်ယောက်အနေဖြင့် ရှုကျီကို အကြီးအကဲတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
ရှုကျီက ခေါင်းမော့လိုက်ပြီး သူတို့ဆီသို့ ကောင်းကင်ပေါ်မှ ထိုးဆင်းလာနေသော သွေးနဂါးကို ကြည့်လိုက်သည်။ သူက မငြင်းဆန်ဘဲ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းမှာ အလွန်သိပ်သည်းသော ကွန်ဖြူးရှပ်အရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ ရွှေရောင်ထောင့်တိုင်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
သူက အမြဲတမ်း ကွန်ဖြူးရှပ်ကျင့်ကြံသူသာ ဖြစ်သည်။ ဓားကျင့်ကြံသူ မဟုတ်ပေ။
အံ့ဖွယ်ကိုးပါးမျိုးဆက်က ဓားကျင့်ကြံခြင်းကိုသာ အထူးပြုခြင်း မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ လမ်းစဉ်အားလုံးက တူညီသော ပန်းတိုင်ဆီသို့သာ ဦးတည်သွားနေကြခြင်း မဟုတ်ပါလော။
“ အပျက်အစီးရှစ်မျိုးဓားဝင်္ကပါကို ဖွဲ့စည်းမယ် ”
ရှုကျီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထိုအခါ မြို့တံတိုင်းပေါ်မှ ဓားကျင့်ကြံသူများက လုံးဝ တုံ့ဆိုင်းမနေဘဲ ချက်ချင်း လူစုခွဲလိုက်ကြပြီး စတင်လှုပ်ရှားလိုက်ကြသည်။
သူတို့က ဝင်္ကပါအစီအရင်၏ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ကြသည်။
တိုက်ပွဲကြားထဲမှာ ဝင်္ကပါအစီအရင်၏ ဖွဲ့စည်းပုံကို ပြောင်းလဲခြင်းက တားမြစ်ချက်တစ်ခု ဖြစ်သည်။
သို့သော်လည်း တချို့အင်အားစုများသည် ထိုသို့အစွမ်းထက်သော ရန်သူများဖြင့် ရင်ဆိုင်ရသည့်အခါ ဘာမဆိုလုပ်ဆောင်ဝံ့သော သတ္တိကို ပိုင်ဆိုင်ထားကြသည်။
ရှုကျီက ထိုသို့ယုံကြည်မှုရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် မြို့တံတိုင်းပေါ်မှ ဓားကျင့်ကြံသူများသည် ရှုကျီ၏ အမိန့်ကို တစ်သွေမတိမ်း လိုက်နာကြသည်။ သူတို့က လုံးဝ တုံ့ဆိုင်းမနေဘဲ တိုက်ပွဲဝင်္ကပါအသစ်ကို ပြောင်းလဲထုတ်ဖော်လိုက်ကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ ဓားအလင်းအစုအဝေးက အက်ကွဲသွားပြီး မြို့တံတိုင်းပေါ်မှ ဓားကျင့်ကြံသူများက နေရာပြောင်းလိုက်ကြသည်။ သူတို့က အရပ်ရှစ်မျက်နှာတွင် အုပ်စုရှစ်ခုအဖြစ် စုဝေးလိုက်ကြသည်။ ထို့နောက် ဓားအလင်းများက ကြက်ခြေခတ်သဏ္ဍာန် ယှက်ထွေသွားကြသည့်အခါ ပုံသဏ္ဍာန်မတူညီသော ဓားရှစ်လက်က အရပ်ရှစ်မျက်နှာမှ အသီးသီး မြှောက်တတ်လာကြသည်။
ထိုဓားရှစ်လက်က ပေတစ်ထောင်ရှည်လျားကြပြီး ဓားတချို့၏ ဘေးပတ်ပတ်လည်တွင် ရွှေရောင်မီးတောက်များနှင့် အနီရောင်မီးလျှံများက ရစ်ဝဲနေကြသည်။ ဓားတချို့က ရေလှိုင်းများနှင့်ဆင်တူသော အပြာရောင်အလင်းကို ထုတ်လွှတ်နေစဉ် ဓားတချို့က နက်မှောင်ပြီး လေးလံပုံပေါ်သည်။
ထိုဓားရှစ်လက်က မတူညီသော ထောင့်ရှစ်ထောင့်တွင် နေရာယူထားကြပြီး ၎င်းတို့၏ ဓားအလင်းများဖြင့် အံ့ဖွယ်ကိုးပါးမြို့၏ မြို့တံတိုင်းကို ကာကွယ်ပေးလိုက်ကြသည်။
ကောင်းကင်ယံတွင် နဂါးအသွင်ပြောင်းလဲထားသော ကောင်းကင်မိစ္ဆာသားရဲက အောက်သို့ ထိုးဆင်းလာသည်။
သွေးနဂါး၏ အလျင်နှင့် နှိုင်းယှဉ်လျှင် ဓားဝင်္ကပါ၏ ဖွဲ့စည်းမှုက အနည်းငယ် နှေးကွေးသည်။
“ အရမ်းနောက်ကျသွားပြီ… ”
အဝေးမှ တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ ဓားဝင်္ကပါကို အကန့်အသတ်ထိရောက်အောင် သူထိန်းချုပ်နိုင်လိမ့်မယ်လို့ ငါတော့ မယုံဘူး… ဒီလောကရဲ့ အတော်ဆုံး ဝင်္ကပါပညာရှင်တောင် အဲ့ဒီလိုမလုပ်နိုင်လောက်ဘူး ”
တစ်စုံတစ်ယောက်က တည်ကြည်လေးနက်စွာ ပြောသည်။
မြို့တံတိုင်းပေါ်တွင် ဓားကျင့်ကြံသူအားလုံးက သူတို့၏ ဦးခေါင်းပေါ်၌ ဓားအလင်းကို စုဝေးလိုက်ကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ယခင်တစ်ခေါက်က ရှုကျီ၏ အမိန့်ကြောင့် ဤသို့ဝင်္ကပါကို သူတို့ဖွဲ့စည်းခဲ့သည်မှာ အင်မော်တယ်သင်္ချိုင်းမြို့တွင် မဟုတ်ပါလော။
ယင်းက နတ်ဘုရားကမ္ဘာ၏ အန္တိမတန်ပြန်တိုက်ခိုက်မှု ဖြစ်သည်။
ထိုအချိန်တုန်းက မြို့ထဲမှ ဓားကျင့်ကြံသူများသည် မဟာတိုက်ပွဲထဲမှာ ပါဝင်ရန် အရည်အချင်းမပြည့်မီသဖြင့် စောင့်ကြည့်နေရုံသာ တတ်စွမ်းခဲ့ကြသည်။
ယခု သူတို့ထဲမှ အများစုက အစွမ်းထက် ဓားအင်မော်တယ်များဖြစ်လာကြပြီး အင်မော်တယ်သင်္ချိုင်းမြို့ထဲမှာထက် သာလွန်သော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
ယနေ့မှာ သူတို့က ဤတိုက်ပွဲ၏ ဇာတ်ဆောင်များ ဖြစ်လာကြတော့မည်။
“ အပျက်အစီးရှစ်မျိုး… အသက်ဝင်လာစမ်း ”
အရှေ့ဆုံးမှ အကြီးအကဲရှုက အော်ပြောလိုက်သည်။
ရှုကျီ၏ အော်သံ ပဲ့တင်ထပ်သွားသည့်အခါ ပေတစ်ထောင်ရှည်လျားသော ဓားရှစ်လက်က ကောင်းကင်ပေါ်သို့ တိုက်ရိုက် ပျံတတ်သွားကြသည်။
ဓားများက အချင်းချင်း ယှက်ထွေသွားကြသည်။ ထိုအခါ ရေနှင့်မီးက ပွတ်တိုက်သွားပြီး လေနှင့်မိုးကြိုးက ပေါင်းစပ်သွားသည်။
နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးမုန်တိုင်းများနှင့် တိမ်မြူတိမ်စိုင်များက ကောင်းကင်နှင့် မြေပြင်ကြားမှာ ထွက်ပေါ်လာကြသည်။
အချင်းမိုင်တစ်သန်းကျယ်ပြောသော ကောင်းကင်ယံတွင် တိမ်မြူတိမ်စိုင်များက တလိပ်လိပ် မြှောက်တတ်လာကြပြီး ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။
မူလက အံ့ဖွယ်ကိုးပါးမြို့ဆီသို့ တစ်ဟုန်ထိုး ထိုးဆင်းလာနေသော ကောင်းကင်မိစ္ဆာနဂါးသည် ထိုတိမ်မြူတိမ်စိုင်များထဲသို့ ဝင်ရောက်သွားပြီးနောက် ဦးတည်ရာပျောက်ဆုံးသွားသည်။
ယင်းက အစွမ်းထက်တိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ ယင်းအစား ကောင်းကင်မိစ္ဆာနဂါးကို ချုပ်နှောင်ရန်အလို့ငှာ ဝင်္ကပါစွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ထိုသို့နည်းဗျူဟာက ဓားကျင့်ကြံသူများနှင့် မလိုက်ဖက်ပေ။
သို့တိုင် ယင်းက ဤအခြေအနေမျိုးမှာ အလွန်ထိရောက်မှုရှိသည်။
“ ဂရောင်း ”
ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက တိမ်မြူတိမ်စိုင်များ၏ တားဆီးပိတ်ဆို့ခြင်း ခံလိုက်ကြရသည်။
ထိုမြင်ကွင်းက အံ့ဖွယ်ကိုးပါးမြို့၏ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအမြောက်အများကို အံ့ဩထိတ်လန့်သွားစေသည်။
အံ့ဖွယ်ကိုးပါးမြို့၏ ဓားဝင်္ကပါက မည်သူမှ မမျှော်လင့်ထားသော ပုံစံသို့ ပြောင်းလဲသွားပြီး ကောင်းကင်မိစ္ဆာသားရဲအုပ်စုများ၏ ကျူးကျော်ဝင်ရောက်မှုကို ခုခံတားဆီးလိုက်သည်။
ယင်းက အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲများနှင့် ထိပ်တိုက် တိုက်ခိုက်ခြင်း မဟုတ်ပေ။ ယင်းအစား စည်းမျဉ်းအဆင့်၏ တိုက်ခိုက်မှုများကို ရှောင်ရှားခြင်း ဖြစ်သည်။
ယင်းမှာ အနည်းငယ်မှ မကြောက်ရွံ့ဘဲ သူ့ကိုယ်ပိုင် အားနည်းချက်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ပုံရိပ်ယောင်ဝင်္ကပါဖြစ်စေ သို့မဟုတ် မိုးမြေစွမ်းအား၏ လည်ပတ်မှုဖြစ်စေ ယင်းတို့က ဓားသွားပေါ်မှာ လမ်းလျှောက်နေခြင်းနှင့် ဆင်တူသည်။
သေးငယ်သော အမှားအယွင်းတစ်ခုက မြို့တစ်မြို့လုံးကို ပျက်စီးသွားစေနိုင်သည်။
အကယ်၍ ထိုနဂါးသာ ကောင်းကင်ပေါ်မှ ဆင်းသက်လာမည်ဆိုလျှင် အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဓားကျင့်ကြံသူအားလုံးက သေဆုံးသွားကြလိမ့်မည်။
ရန်သူကို ထိုသို့နည်းလမ်းဖြင့် ရင်ဆိုင်ဝံ့ရန်အလို့ငှာ တစ်စုံတစ်ယောက်က အစွမ်းထက်ပညာရှင်တစ်ယောက်မဟုတ်လျှင် သေချာပေါက် အရူးတစ်ယောက် ဖြစ်ရလိမ့်မည်။
သူတို့၏ အသက်များကို ထိုသို့လူတစ်ယောက်၏ လက်ထဲမှာ ထည့်ပေးဝံ့သည့်အတွက် အံ့ဖွယ်ကိုးပါးမြို့ထဲမှ လူများသည်လည်း အရူးများ ဖြစ်ကြသည်။
သူတို့က ရူးနေသော ဓားကျင့်ကြံသူများ ဖြစ်ကြသည်။
ဟင်းလင်းပြင်ထဲတွင် အပျက်အစီးရှစ်မျိုးဓားဝင်္ကပါက လှည့်ပတ်သွားသည့်အခါ ကောင်းကင်ပေါ်မှ ကောင်းကင်မိစ္ဆာသားရဲများက သုတ်သင်ရှင်းလင်းခံလိုက်ကြရသည်။
အသန်မာဆုံး အဆင့်နှစ် ကောင်းကင်မိစ္ဆာသားရဲများမှလွဲလျှင် အားနည်းသော ကျန်ကောင်းကင်မိစ္ဆာသားရဲများက ဓားအလင်း၏ တိုက်ခိုက်မှုအောက်မှာ အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
ယင်းက ဓားကျင့်ကြံသူများ အချင်းချင်း ပူးပေါင်းဆောင်ရွက်လိုက်သော ရလဒ်ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဓားအလင်းက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး ဓားကျင့်ကြံသူတစ်ယောက်ချင်းစီ၏ အံ့ဖွယ်ကောင်းသော အခြေခံအုတ်မြစ်ကို သက်သေပြပေးလိုက်သည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ ကြီးကြီးမားမား မြင့်တတ်သွားခဲ့သည့်တိုင် သူတို့၏ ဓားကျင့်ကြံခြင်းက နောက်ကျကျန်မနေခဲ့ပေ။
အပျက်အစီးရှစ်မျိုးဓားဝင်္ကပါက မိုးမြေ၏ အဆုံးမဲ့သော စွမ်းအားကို စုပ်ယူလိုက်သည်။ သို့ဖြစ်၍ ဓားချက်တိုင်းက ရေထဲမှ ငါးကဲ့သို့ ချောမွေ့ပြီး တိမ်မြူတိမ်စိုင်များကို ထူထူထဲထဲ ဖွဲ့စည်းပေးလိုက်သည်။ ထို့နောက် ကောင်းကင်ပုတီးစေ့များက မြေပြင်ပေါ်မှာ ပြန့်ကျဲသွားကြသည်။
“ သူတို့တွေ အောင်မြင်သွားတော့မှာလား ”
ကောင်းကင်ပေါ်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်ပြီး အဝေးမှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
လူတချို့က အံ့ဖွယ်ကိုးပါးမြို့၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
မိုးမြေစွမ်းအား၏ အမျှင်တန်းများက အံ့ဖွယ်ကိုးပါးမြို့ထဲမှာ စုဝေးသွားနေကြောင်း ယခု ရှင်းရှင်းလင်းလင်း သူတို့မြင်နိုင်သွားကြသည်။ ယင်းက မူလစွမ်းအားဖြစ်သည်။
မူလစွမ်းအားက ထိုသို့စုဝေးသွားပြီးလျှင် နောက်ဆုံးမှာ ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ယင်းက ကောင်းကင်ပုတီးစေ့များကို ရိတ်သိမ်းနိုင်မည့် လုပ်ငန်းစဉ်နှင့် နည်းလမ်းဖြစ်သည်။ ယင်းက ရန်သူကို ခုခံကာကွယ်ရန်အလို့ငှာ တစ်ဖက်အင်အားစုက သူ့ကိုယ်ပိုင် မူလစွမ်းအားကို စုစည်းလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူတို့ဘက်က အနိုင်ရသွားမည်ဆိုလျှင် မူလစွမ်းအားက ကောင်းကင်ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ပေးလိမ့်မည်။
အကယ်၍ သူတို့ဘက်က ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့အားလုံးက ကောင်းကင်ပုတီးစေ့များအတွက် အာဟာရဓာတ်များ ဖြစ်လာကြပြီး သူတို့၏ ရန်သူတော်များအတွက် အခွင့်အလမ်းများ ဖြစ်သွားကြလိမ့်မည်။
အကယ်၍ မြို့ထဲမှ ဓားကျင့်ကြံသူများက ထိုကောင်းကင်ပုတီးစေ့များကို စုဆောင်းနိုင်ပြီး စုပ်ယူနိုင်မည်ဆိုလျှင် ယင်းတို့က အနိမ့်ဆုံး အဆင့်သုံးဖြစ်ပါစေ သူတို့၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက သိသိသာသာ မြင့်တတ်သွားလိမ့်မည်။
အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင် အံ့ဖွယ်ကိုးပါးမြို့က ပိုပြီးအားကောင်းလာလိမ့်မည်။
နောက်ပိုင်းမှာ ကြီးမားသော တိုက်ပွဲများရှိလာလျှင်ပင် သူတို့က သူတို့၏ မြို့တော်ကို ဆက်ပြီး ကာကွယ်ပေးနိုင်ကြလိမ့်မည်။ ထိုနည်းဖြင့် သူတို့က တန်ပြန်တိုက်ခိုက်နိုင်သော အင်အားစုကြီးတစ်ခုဖြစ်လာလိမ့်မည်။
“ ဂရောင်း ”
ဟင်းလင်းပြင်ထဲတွင် ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ဟိန်းဟောက်လိုက်သည်။
၎င်းက အပျက်အစီးရှစ်ပါးဓားဝင်္ကပါကို ချိုးဖြတ်နိုင်သွားသော အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။
ထိုကောင်းကင်မိစ္ဆာသားရဲက တခြားကောင်းကင်မိစ္ဆာသားရဲဒါဇင်ခန့်ကို အသုံးချ၍ ဝင်္ကပါကို ချိုးဖြတ်လိုက်သည်။ ထို့နောက် ၎င်းက မြေပြင်ပေါ်မှ မြို့တော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ရုတ်ချည်းဆိုသလို ဘေးပတ်ဝန်းကျင်မှ အစွမ်းထက်ပုဂ္ဂိုလ်များက မျက်လုံးဝင်းလက်သွားကြသည်။
ထိုလွတ်မြောက်မှုက ခေါင်မိုးပေါ်မှာ မိုးယိုပေါက်ရှိနေကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဤဝင်္ကပါမှာ ဟာကွက်တစ်ခု ရှိနေသည်။