အခန်း (၁၄၆၃)
Vol. 105 Ch. 1463
အရာအားလုံးကို တစ်ခါတည်း ဖမ်းဆီးနိုင်တဲ့ ကွန်ရက်… ။
ထိုစကားက ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများနှင့် အခွင့်အရေးစောင့်ဆိုင်းနေသူများကို ချက်ချင်း အနောက်ဆုတ်သွားစေသည်။
“ အားလုံးပဲ… ဒီရွှေတောင်ကြီးကို သန့်စင်ဖို့ ကျုပ်တို့နဲ့အတူ ပူးပေါင်းကြပါ… မြို့ရဲ့ မူလစွမ်းအားနဲ့ပတ်သက်ပြီး ကျုပ်ရဲ့ ယုခွန်းကောင်းကင်နန်းတော်က ရှစ်ဆယ်ရာခိုင်နှုန်းပဲ ယူပါမယ် ”
အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသော ခေါင်းဆောင်ဟန်က လူအုပ်ကြီးကို ကြည့်လိုက်ပြီး ရယ်ရယ်မောမော ပြောသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားက အလယ်အလတ် အင်မော်တယ်ဘုရင်အဆင့်မှာ ဖြစ်သည်။
မြေပြင်ပေါ်တွင် ရွှေရောင်အလင်းကွန်ရက်က ကွန်ဖြူးရှပ်ရွှေခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ သို့ဖြစ်၍ ရှုကျီသည် မြို့ထဲမှ ဓားကျင့်ကြံသူများ၏ စွမ်းအားကို ထုတ်လွှတ်၍ ဝင်္ကပါတစ်ခုကို ပြောင်းလဲဖွဲ့စည်းလိုက်ရသည်။
ယင်းက အလွန်ကြီးမားသော စွမ်းအားကွာခြားမှု ဖြစ်သည်။
အံ့ဖွယ်ကိုးပါးမြို့တော်က ကောင်းကင်ဘုံစာရင်းထဲမှာ ပါဝင်နိုင်သော အင်အားစုကြီးတစ်ခုဖြစ်သော်လည်း ၎င်းက ယုခွန်းကောင်းကင်နန်းတော်နှင့် နှိုင်းယှဉ်လျှင် ကွာခြားမှုအကြီးကြီး ရှိနေဆဲပင်။
ဖြစ်နိုင်သည်မှာ လောလောဆယ် မြင့်တတ်လာကြသော အင်အားစုများက အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အင်အားစုကြီးများကို မနှိုင်းယှဉ်နိုင်သေးပေ။ ၎င်းတို့က အဆင့်တူမှာ မရှိကြပေ။
အထက်အဆင့်သုံးဆင့် ကုန်းမြေများသည် အစွမ်းထက်ပုဂ္ဂိုလ်များ စုဝေးရာနေရာ ဖြစ်သည်။ သို့ဖြစ်၍ ထိုသို့နေရာမျိုးမှာ ထိပ်တန်းအဆင့် အရင်းအမြစ်များ ရရှိရန်အလို့ငှာ သူတို့က ခက်ခဲကြမ်းတမ်းသော တိုက်ပွဲများကို ဆင်နွှဲကြရသည်။
ထို့ကြောင့် ကောင်းကင်ဘုံစာရင်းထဲမှာ သူတို့ပါဝင်နိုင်ခြင်းသည် သူတို့က အလွန်သန်မာသည်ဟု အဓိပ္ပာယ်ရသည်။
ဤအခိုက်အတန့်မှာ အထွတ်အမြတ်ရတနာတစ်ခု၊ အင်အားစုကြီးတစ်ခုက အံ့ဖွယ်ကိုးပါးမြို့ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။ အထူးသဖြင့် အံ့ဖွယ်ကိုးပါးမြို့က အစောနကမှ ကောင်းကင်မိစ္ဆာသားရဲစစ်တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူတို့က အားအင်ကုန်ခမ်းနေကြသည်။
အကယ်၍ အံ့ဖွယ်ကိုးပါးမြို့မှ ဓားကျင့်ကြံသူများသာ ကောင်းကင်ပုတီးစေ့များကို စုဆောင်းပြီး ယင်းတို့ကို သူတို့၏ ကိုယ်ပိုင်စွမ်းအားထဲသို့ ပေါင်းစပ်ရန် အချိန်အလုံအလောက်ရမည်ဆိုလျှင် အနာဂတ်ရလဒ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။
သို့သော်လည်း ယခုမှာတော့ အံ့ဖွယ်ကိုးပါးမြို့က အန္တရာယ်အခြေအနေထဲသို့ ကျရောက်နေသည်။
ယုခွန်းကောင်းကင်နန်းတော်မှ ခေါင်းဆောင်ဟန်၏ စကားကို ကြားသောအခါ သူ၏ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူအများအပြားက သွေးဆောင်ခံလိုက်ကြရသည်။ သူတို့က ကံစမ်းကြည့်ရန် ဆန္ဒရှိကြသည်။
အကယ်၍ ကံကောင်းမည်ဆိုလျှင် သူတို့က အကျိုးအမြတ်များကို ရှာဖွေနိုင်ကြလိမ့်မည်။
ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘယ်သူက လက်လွှတ်ခံမှာလဲ… ။
သူတို့က စွပ်ပြုတ်ကို ဝေမျှသောက်နိုင်ကြလိမ့်မည်။
“ ဂျိန်း ”
ထိုစဉ် ကောင်းကင်နှင့် မြေပြင်ကြားမှာ ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။
ဂျိန်းခနဲမြည်သံက ဒီရေလှိုင်းသဖွယ် အလွှာအထပ်ထပ် ပေါ်လျှိုးလာသည်။ ကျယ်လောင်သော မြည်သံက ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ပျံ့လွင့်သွားသည်။
အရောင်တောက်ပသော မျှားတစ်စင်းက လေဟာနယ်အမြောက်အများကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ယုခွန်းကောင်းကင်နန်းတော်မှ ကျင့်ကြံသူများဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထိုမျှားပေါ်မှာ မည်သည့်စွမ်းအားမှ မရှိပေ။ ယင်းထဲမှာ အဆုံးစွန်သော သွေးချီစွမ်းအားသာ ရှိ၏။
မျှားသည် သန့်စင်သော ရုပ်ခွန်အားကို သယ်ဆောင်လျက် အဆုံးမဲ့သော ဟင်းလင်းပြင်မှ ပျံသန်းထွက်လာသည်။
“ ခုခံကြ ”
ယုခွန်းကောင်းကင်နန်းတော်မှ ကျင့်ကြံသူများက မျက်နှာပျက်ယွင်းသွားကြသည်။ ခေါင်းဆောင်ဖြစ်သော သက်လတ်ပိုင်းအမျိုးသားက ကျယ်လောင်စွာ အော်ပြောလိုက်လေရာ ကျောက်စိမ်းဆေးမီးဖိုပုံရိပ်က လေထဲမှာ ထွက်ပေါ်လာပြီး ရွှေရောင်မျှား၏ လမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်သည်။
ရွှေရောင်မျှားနှင့် ဆေးမီးဖိုတို့ ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ အချင်းမိုင်တစ်သောင်းအတွင်းမှ ကုန်းမြေက တုန်ယင်သွားသည်။ ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ လေကြမ်းများ တိုက်ခတ်လာလေရာ ကျင့်ကြံသူများက ဒယိမ်းဒယိုင်ဖြစ်သွားကြသည်။
ထိုတွေ့ဆုံမှု၏ သက်ရောက်မှုလှိုင်းများက ထိုမျှအားကောင်းလှသည်။
“ မူး… ”
အဝေးမှ ကောင်းကင်နှင့် မြေပြင်ကြားတွင် ဧရာမနတ်ဆင်သားရဲ၏ ပုံရိပ်က အံ့ဩဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ နတ်ဆင်သားရဲ၏ ဦးခေါင်းပေါ်တွင် လူငယ်တစ်ယောက်က မတ်တတ်ရပ်နေပြီး သူ၏ လက်ထဲ၌ အစွန်းနှစ်ဖက်ပါသော လေးတစ်လက်ကို ကိုင်ဆောင်ထားသည်။
ထိုလေးကို ကွေးညွတ်နေသော ဓားရှည်နှစ်လက်ဖြင့် အံ့အားသင့်ဖွယ်ကောင်းစွာ ဖန်တီးထားခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ ၎င်း၏ လေးကြိုးကို ဆွဲတင်လိုက်လေရာ လေးက လပြည့်ဝန်းနှင့် ဆင်တူသွားသည်။
ရွှေရောင်မျှားတစ်စင်းက လေးပေါ်မှာ ဖွဲ့စည်းသွားသည်။
ရှင်းလင်းစွာပင် အစောနက မျှားကို ပစ်လွှတ်လိုက်သူက ထိုလူငယ်သာ ဖြစ်သည်။
“ ရှန့်လင်းရွှမ်းက အံ့ဖွယ်ကိုးပါးမြို့ဆီ ပြန်ရောက်လာပြီ… ဘယ်သူတွေ မြို့ကို တိုက်ခိုက်ရဲလဲ ”
လူငယ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ အသံက တိမ်တိုက်များအထိ ပဲ့တင်ထပ်သွားသည်။
အံ့ဖွယ်ကိုးပါးမြို့မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်… ။
အစောနက သူထုတ်လွှတ်လိုက်သော နတ်ဘုရားအလင်းမှတဆင့် သူက အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေကြောင်း ထင်ရှားပေသည်။ သူက နတ်သားရဲများကြားထဲတွင် ထိပ်တန်းအဆင့်မှာ ရှိ၏။
“ အံ့ဩစရာမရှိပါဘူး… ဒီတော့ အံ့ဖွယ်ကိုးပါးမြို့က ထိပ်တန်းအဆင့် နတ်သားရဲတစ်ကောင်ကို ပျိုးထောင်ထားနိုင်တာပေါ့ ”
ဟင်းလင်းပြင်ထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် နားလည်သဘောပေါက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
အံ့ဖွယ်ကိုးပါးမြို့၏ ဓားဝင်္ကပါက အလွန်သန်မာသည်။ အထူးသဖြင့် မကြာသေးမီက ပြန်ရောက်လာသော ရှုကျီ၏ ဦးဆောင်မှုအောက်မှာ ယင်းက အဆပေါင်းများစွာ ပိုပြီးသန်မာလာသည်။ သို့တိုင် သူတို့၏ တစ်ဦးချင်းစွမ်းရည်က အရာအားလုံးကို ဖိနှိပ်နိုင်သည်အထိ မလုံလောက်သေးပေ။
ယခု ရောက်ရှိလာသော ရှန့်လင်းရွှမ်းမှာသာ ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိသည်။
“ ဝှီး ”
“ ဘန်း ”
ရှန့်လင်းရွှမ်းက သူ၏ လက်ကို ဖြေလွှတ်လိုက်ပြီး နောက်ထပ် မျှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
သူ့အရှေ့မှ ဟင်းလင်းပြင်က ချက်ချင်း ပြိုကွဲသွားသည်။ နောက်အခိုက်အတန့်မှာ ရွှေရောင်မျှားက လေထဲမှာတင် ပေတစ်သောင်းအရွယ်အစားထိ ရှည်လျားသွားသည်။
မျှားရှည်က ကောင်းကင်နှင့် မြေပြင်ကို ဖြတ်သန်းသွားပြီး ယုခွန်ကောင်းကင်နန်းတော်မှ တပည့်များ၏ အပေါ်မှာ ထွက်ပေါ်လာသည်။
ရွှေရောင်ဆေးမီးဖိုက အပြင်သို့ ပျံသန်းထွက်လာပြီး မျှားရှည်ဖြင့် ထပ်မံ တွေ့ဆုံသွားသည်။
ဤတစ်ကြိမ်တွင် ရွှေရောင်အလင်းက ပေါက်ကွဲသွားပြီး ရွှေရောင်ဆေးမီးဖိုက တိုက်ရိုက် အက်ကွဲသွားသည်။ တစ်ချိန်တည်းမှာ ယုခွန်ကောင်းကင်နန်းတော်မှ လက်ရွေးစင်များက အပြင်းအထန် တုန်ယင်သွားကြသည်။
မြေပြင်ပေါ်တွင် အံ့ဖွယ်ကိုးပါးမြို့ကို ဖုံးလွှမ်းထားသော ရွှေရောင်အလင်းကွန်ရက်က စတင်လှိုင်းထသွားသည်။
“ ဟွန့်… အံ့ဖွယ်ကိုးပါးမြို့တော်… ငါ့ယုခွန်းကောင်းကင်နန်းတော်က ဒီဟာကို မှတ်ထားမယ်… ငါတို့ကောင်းကင်နန်းတော်ရဲ့ မဟာစစ်တပ် ရောက်လာတဲ့အခါကျရင် မင်းတို့အားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်မယ် ”
ယုခွန်းကောင်းကင်နန်းတော်မှ ခေါင်းဆောင်ဟန်က အံကြိတ်လိုက်ပြီး အော်ပြောသည်။
အစစ်အမှန် ကျွမ်းကျင်ပညာရှင်တစ်ဦးက အံ့ဖွယ်ကိုးပါးမြို့ဆီ ရောက်လာသည့်အခါ သူတို့က ယာယီအနောက်ဆုတ်ပေးရလိမ့်မည်။
သို့သော် ယုခွန်ကောင်းကင်နန်းတော်မှာလည်း အစွမ်းထက် စစ်သည်တော်အများအပြား ရှိသည်။
သူတို့ဘက်မှ အစစ်အမှန် ကျွမ်းကျင်ပညာရှင်များ ရောက်လာသည့်အခါကျလျှင် အံ့ဖွယ်ကိုးပါးမြို့ကို ပြာပုံအဖြစ် သူတို့ပြောင်းလဲပစ်နိုင်လိမ့်မည်။
သူက လက်ဝှေ့ယမ်းလိုက်ပြီး အောက်ဘက်မှ ရွှေရောင်အလင်းကွန်ရက်ကို ပြန်ဆင့်ခေါ်လိုက်သည်။
သို့သော်လည်း ကျယ်လောင်သော မြည်ဟိန်းသံက ပဲ့တင်ထပ်သွားသည့်အခါ သူ၏ မျက်နှာက သိသာစွာ ပျက်ယွင်းသွားသည်။
ရွှေရောင်အလင်းကွန်ရက်ကို သူပြန်မယူနိုင်ပေ။
ယင်းက ယုခွန်းကောင်းကင်နန်းတော်၏ အထွတ်အမြတ်ရတနာတစ်ပါး ဖြစ်သည်။
“ အံ့ဖွယ်ကိုးပါးမြို့… မင်းတို့က ငါ့ရဲ့ ယုခွန်းကောင်းကင်နန်းတော်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲချင်နေတာလား ”
ခေါင်းဆောင်ဟန်က ဒေါသတကြီး အော်ပြောလိုက်သည်။
“ သေခြင်းရှင်ခြင်းတိုက်ပွဲလား… မင်းမှာ အဲ့ဒီလိုပြောဖို့ အရည်အချင်းရှိလို့လား ”
ကျယ်လောင်သော တုံ့ပြန်သံက အဝေးမှ ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသည်။
“ အံ့ဖွယ်ကိုးပါးမြို့ရဲ့ ချင်းစုယန် ပြန်ရောက်လာပြီ ”
အံ့ဖွယ်ကိုးပါးမြို့… ချင်းစုယန်… ။
ထိုအသံက ကောင်းကင်အလွန်မှ တိမ်တိုက်အလွန်မှ ပဲ့တင်ထပ်လာသည်။
နောက်အခိုက်အတန့်မှာ ပေတစ်သောင်းရှည်လျားသော ကျောင်းတော်သားဝတ်စုံနှင့် ပုံရိပ်တစ်ခုက လေထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။
အပြာရောင်ဝတ်စုံ… ။
ကျောက်စိမ်းသရဖူ… ။
လက်ထဲမှာ ဓားတစ်လက်… ။
ထိုသူက အရှေ့သို့ တည်ငြိမ်စွာ တစ်လှမ်းချင်း လျှောက်လာသည်။
သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကမ္ဘာတစ်ခုကို ဖြတ်ကျော်သွားဟန် ရ၏။
သူခြေလှမ်း လှမ်းလိုက်သည့်အခါ ကောင်းကင်နှင့် မြေပြင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး လောကထဲမှ သက်ရှိသန်းပေါင်းများစွာက အော်ဟစ်ချီးမြှောက်လိုက်ကြသည်။
လောက၏ အာရုံစိုက်မှုဗဟိုချက်… ။
စိတ်ဝိညာဉ်အားလုံး၏ ဆုတောင်း… ။
ကွန်ဖြူးရှပ်တာအိုလမ်းစဉ်၏ ကြီးမြတ်သော ကျင့်ကြံသူ… ။
တာအိုကို စိတ်ဝိညာဉ်နှင့် ဝင်ရောက်သူ… ။
သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း လေနှင့်မိုးကြိုးများက ပေါ်လျှိုးလာသည်။ ဤသည်မှာ အချင်းမိုင်တစ်သောင်းအတွင်းမှ ဟင်းလင်းပြင်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံနေရသည့်အလားပင်။
ဓားစွမ်းအားက အလွန်ထက်ရှပြီး အကန့်အသတ်မဲ့သည်။
ဓားကိုင်ထားသော ကျောင်းတော်သား… ။
ကျောင်းတော်သားကဲ့သို့ ကြီးကျယ်မြင့်မြတ်ပြီး ဓားသမားကဲ့သို့ စူးရှထက်မြက်သည်။
သူထွက်ပေါ်လာပြီး နောက်အခိုက်အတန့်မှာ သူက အံ့ဖွယ်ကိုးပါးမြို့၏ အရှေ့သို့ ရောက်ရှိသွားနှင့်သည်။
ချင်းစုယန်သည် ကွန်ဖြူးရှပ်တာအို၊ ဓားတာအိုနှင့် အာခီမီတာအိုကို ကျင့်ကြံသည်။
“ ဆရာချင်း ”
ဝမ်းသာပျော်ရွှင်သော အော်သံများက မြို့တံတိုင်းပေါ်မှ ပဲ့တင်ထပ်လာသည်။
ချင်းစုယန်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဂိုဏ်းတပည့်များကို ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအို နှစ်ခုစလုံးအား နှစ်ပေါင်းများစွာကြာအောင် သင်ကြားပေးခဲ့သူ ဖြစ်သည်။
“ ညီအကိုချင်း ”
ဝင်္ကပါပေါ်မှာ မတ်တတ်ရပ်နေသော ရှုကျီက ပြုံးလိုက်ပြီး ချင်းစုယန်ကို လက်နှစ်ဖက်ဆုပ်၍ဂါရဝပြုလိုက်သည်။
သူတို့နှစ်ယောက်စလုံးက ရွှမ်ထျန်းကမ္ဘာမှာကတည်းက မထင်မရှားဘဝမှ စတင်ခဲ့ကြသူများ ဖြစ်ကြသည်။ နှစ်ပေါင်းမြောက်များစွာ ကုန်ဆုံးသွားခဲ့သော်လည်း သူတို့က သူတို့ကြားမှ ဆက်ဆံရေးကောင်းကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့ကြသည်။
နတ်ဆင်သားရဲကို စီးနင်းထားသော ရှန့်လင်းရွှမ်းသည်လည်း ချင်းစုယန်ကို အရိုအသေပေးလိုက်သည်။
“ ရှန့်လင်းရွှမ်းက ဆရာချင်းကို အရိုအသေပေးပါတယ် ”
သူက ချင်းစုယန်ထံမှာ ကွန်ဖြူးရှပ်တာအိုနှင့် ဓားတာအို နှစ်ခုစလုံးကို သင်ကြားခဲ့ဖူးသည်။
ချင်းစုယန် ပြန်ရောက်လာသည့်အခါ အံ့ဖွယ်ကိုးပါးမြို့၏ တိုက်ပွဲစိတ်ဓာတ်က တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ချင်းစုယန်က မြို့၏ အပြင်ဘက်မှာ မတ်တတ်ရပ်လိုက်သည်။ သူက ယုခွန်းကောင်းကင်နန်းတော်မှ လက်ရွေးစင်ကျင့်ကြံသူများကို စိုက်ကြည့်လိုက်လေရာ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ယုခွန်းကောင်းကင်နန်းတော်မှ လူများက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ကျရောက်သွားကြသည်။
“ အံ့ဖွယ်ကိုးပါးမြို့မှာ ခုခံကာကွယ်သူတွေမရှိဘူးလို့ မင်းထင်နေတာလား ”
“ ဒါဆိုရင် ငါ့လက်ထဲက ဓားက ထက်မထက် တစ်ချက်လောက် မြည်းကြည့်လိုက်စမ်း ”
သူ၏ စကားဆုံးသွားသည်နှင့် ချင်းစုယန်က သူ့လက်ထဲမှ ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
ကွန်ဖြူးရှပ်တာအိုကို အခြေခံထား၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို လှုံ့ဆော်လိုက်သည်။
သူက တစ်ဖက်လူ၏ တုံ့ပြန်မှုကို မစောင့်နေဘဲ တိုက်ပွဲစတင်လိုက်သည်။
ချင်းစုယန်၏ လက်ထဲမှ ဓားက တိမ်တိုက်များနှင့် လေကို အကြမ်းပတမ်း လှုပ်ခတ်သွားစေသည်။ အချင်းမိုင်တစ်ထောင်အတွင်းဝယ် တောက်ပသော ဓားအလင်းက ပေါ်လျှိုးလာသည်။
ထိုဓားချက်က မြို့တစ်မြို့လုံးမှ ဓားကျင့်ကြံသူများ၏ စွမ်းအင်ကို အသုံးပြု၍ ထုတ်ဖော်ခဲ့သော ရှုကျီ၏ အပျက်အစီးရှစ်မျိုးဓားဝင်္ကပါကဲ့သို့ အစွမ်းမထက်ပေ။ သို့သော်လည်း ဓားအလင်းက အချုပ်အနှောင်ကင်းမဲ့စွာ ပေါ်လျှိုးလာကာ လွှမ်းမိုးဖိနှိပ်စွာ ပျံသန်းထွက်သွားသည်။
ထိုဓား၏ ရည်ရွယ်ချက်က ရန်သူများကို သုတ်သင်ပစ်ရန် မဟုတ်ပေ။ ယင်းအစား ချုပ်နှောင်ရန် ဖြစ်သည်။
အံ့ဖွယ်ကောင်းသော ထိုဓားအလင်းက ယုခွန်းစကြာဝဠာမှ ကျင့်ကြံသူထောင်သောင်းချီကို ပိတ်လှောင်လိုက်သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ယုခွန်းကောင်းကင်နန်းတော်မှ မည်သည့်ကျင့်ကြံသူမှ မလွတ်မြောက်နိုင်တော့ပေ။
ဓားအလင်းက ယုခွန်းစကြာဝဠာမှ ခေါင်းဆောင်ရာထူးရှိသော ပုဂ္ဂိုလ်များကို ဆန့်ကျင်နိုင်သည်အထိ အလုံအလောက် မသန်မာသေးပေ။ သူတို့က ဓားအလင်းကို အလွယ်တကူ ခုခံနိုင်ကြသည်။
သို့သော်လည်း သူတို့ကဲ့သို့ မသန်မာသော လက်ရွေးစင်များက ထိုဓားအလင်းအောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။
သူတို့၏ အနောက်မှ ကျင့်ကြံသူများသည်တော့ သူတို့က ကိုယ့်ကိုယ်ကိုယ် မခုခံကာကွယ်နိုင်ကြတော့ချေ။
သူတို့တွေကို စွန့်ပစ်ရမှာလား… ။
မှန်ပေ၏။ သူတို့၏ ဂိုဏ်းတပည့်များကို ထိုမျှလွယ်ကူစွာ မစွန့်ပစ်နိုင်ပေ။ သူတို့က ခေါင်းဆောင်များဖြစ်ကြပြီး ဤသို့အရေးကြီးအခြေအနေမှာ သူတို့၏ တပည့်များကို စွန့်လွှတ်မည်ဆိုလျှင် သူတို့က တပည့်များ၏ ယုံကြည်အားထားမှုကို မည်သည့်အခါမှ ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ချေ။
သို့ဖြစ်၍ ယုခွန်ကောင်းကင်နန်းတော်မှ ခေါင်းဆောင်များသည် ကိုယ်လွတ်ရုန်းမည့်အစား သူတို့၏ မန္တန်များနှင့် လက်နက်များကို ထုတ်လွှတ်လိုက်ကြပြီး သူတို့၏ တပည့်များအတွက် ဓားအလင်းကို အစွမ်းကုန်သုံး၍ ခုခံကာကွယ်ပေးလိုက်ကြသည်။
ရလဒ်အနေဖြင့် ချင်းစုယန်က ဓားတစ်ကွက်တည်းဖြင့် ယုခွန်းကောင်းကင်နန်းတော်မှ လက်ရွေးစင်ထောင်သောင်းချီကို ချုပ်နှောင်နိုင်သွားသည်။
ထိုမြင်ကွင်းက မြို့တံတိုင်းပေါ်မှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများကို ဝမ်းမြောက်ဝမ်းသာ အော်ဟစ်ချီးမြှောက်သွားစေသည်။ အခြားတစ်ဖက်မှာတော့ အံ့ဖွယ်ကိုးပါးမြို့ကို စောင့်ကြည့်နေကြသော ဟင်းလင်းပြင်ထဲမှ ကျင့်ကြံသူပုံရိပ်များက ကျောချမ်းသွားကြသည်။
အစောနက ရှုကျီသည် အားနည်းချင်ပုံ တမင်ဟန်ဆောင်၍ သူ့ကိုယ်သူ ငါးစာလုပ်ခဲ့ပြီး ကောင်းကင်မိစ္ဆာသားရဲအုပ်စုများနှင့် အံ့ဖွယ်ကိုးပါးမြို့ကို ကျားချောင်းချောင်းနေကြသော ကျင့်ကြံသူများကို တစ်ခါတည်း အပြတ်ရှင်းပစ်ရန် အခွင့်အရေးစောင့်ဆိုင်းနေခဲ့သည်။
ယခုတစ်ခါ ချင်းစုယန်၏ ဓားချက်က သတ်ဖြတ်လိုစိတ်ပါဝင်ဟန် အောက်မေ့ရသော်လည်း အမှန်မှာ ယင်းက ချုပ်နှောင်ရန်အတွက်သာ ဖြစ်သည်။ သူ၏ ဓားတစ်ချက်က ယုခွန်းကောင်းကင်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များကို ထွက်မပြေးနိုင်စေရန် တားဆီးပိတ်ဆို့လိုက်သည်။
ဖြစ်နိုင်သည်မှာ ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံကြသော ဓားပညာရှင်များက ထိုသို့ဉာဏ်များကြသည်လော။
ဓားကျင့်ကြံသူများက အကြောက်အရွံ့မဲ့ရမည်။ သတ္တိရှိရမည်။ မည်သည့်အရာကိုမဆို ရင်ဆိုင်ဝံ့ရမည် မဟုတ်ပေဘူးလား။