← Chapters

အခန်း (၁၄၆၅)

Vol. 105 Ch. 1465

အခန်း (၁၄၆၅)

Vol. 105 Ch. 1465

ပညာဖလှယ်ခြင်း… ။

ယင်းက စိန်ခေါ်သည့်နေရာတွင် အသုံးပြုလေ့ရှိသော စကားလုံးအလှ မဟုတ်ပါလော။

ထိုစိန်ခေါ်မှုက ဟင်းလင်းပြင်ထဲမှ မရေမတွက်နိုင်သော လူများကို မျက်နှာအမူအရာ ပျက်ယွင်းသွားစေသည်။

လူငယ်တာအိုပညာရှင်သည်ပင် သူ၏ ရင်ဘက်ပေါ်မှ ဓားဒဏ်ရာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ အံ့ဩမှုက သူ၏ မျက်နှာပေါ်မှာ အထင်အရှား ပေါ်လွင်နေသည်။

အံ့ဖွယ်ကိုးပါးမြို့တော်… အံ့ဖွယ်ကိုးပါးဓားဂိုဏ်း…

သူ့အရှေ့မှ လူက အံ့ဖွယ်ကိုးပါးမြို့တော်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟု ပြောသွားခဲ့သည်။

အံ့ဖွယ်ကိုးပါးမြို့တော်က ကောင်းကင်ဘုံစာရင်း၏ အောက်ဆုံးနားမှာ ရှိသည်။

သို့သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံး(၁၀)နေရာထဲမှာ ပါဝင်သည်။

အံ့ဖွယ်ကိုးပါးမြို့တော်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အမှန်တကယ်ပင် အင်အားစုတစ်ခုတည်း ဖြစ်သည်။

ယုခွန်းကောင်းကင်နန်းတော်က အံ့ဖွယ်ကိုးပါးမြို့ကို အလွယ်တကူ ဆန့်ကျင်ဝံ့သော်လည်း အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှ အင်အားစုကြီးတစ်ခုဖြစ်သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုတော့ မဆင်မခြင် မဆန့်ကျင်ဝံ့ချေ။

“ ဘာအံ့ဖွယ်ကိုးပါးဓားဂိုဏ်းလဲ… ငါက အင်မော်တယ်ဘုရင်… ”

လူငယ်တာအိုပညာရှင်က အံကြိတ်လိုက်ပြီး ပြောသည်။ သို့သော်လည်း သူ၏ စကားမဆုံးမီ သူ၏ ပုံရိပ်က နောက်တစ်ကြိမ် နေရာပြောင်းရွှေ့သွားသည်။

သူ၏ အနောက်တွင် ဓားစက်ဝန်းတစ်ခု ရုတ်ချည်း ပေါ်လျှိုးလာသည်။ ထို့နောက် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဓားကိုင်ထားလျက် ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တပည့်ဟဲရွှမ်ချီက ပညာဖလှယ်ချင်ပါတယ် ”

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ လုကောင်း ရောက်ရှိလာပါပြီ ”

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ လင်းရှန်း ရောက်ရှိလာပါပြီ ”

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ကောင်းချန်းကုန်း… ”

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သန်းချွန်းကန်း… ”

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ လီသုံး… ”

…..

ပုံရိပ်တစ်ခုပြီးတစ်ခုက လေထဲမှာ ထွက်ပေါ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်မှ တောက်ပသော ဓားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့တစ်ယောက်ချင်းစီက ရှိန်လောက်စရာကောင်းသော ဓားကျင့်ကြံသူများဖြစ်ကြပြီး သူတို့၏ ဓားဆန္ဒက မရပ်တန့်နိုင်သော အဆင့်ထိ ရောက်ရှိနေကြသည်။

သူတို့၏ မူလဇစ်မြစ်က ဓားတာအိုဖြစ်ပြီး သူတို့ကျင့်ကြံသော စည်းမျဉ်းက ဓားတာအိုဖြစ်သည်။

သို့ဖြစ်၍ သူတို့က အလွန်ထက်ရှပြီး အကြောက်အရွံ့မဲ့ကြသည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလည်း ဘာဖြစ်လဲ… ဟွန့်… ငါ့ရဲ့ ယုခွန်းကောင်းကင်နန်းတော်က မင်းတို့ကို မကြောက်ဘူးကွ ”

အံ့ဖွယ်ကိုးပါးမြို့တော်ကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးလုနီးပါး လုပ်ဆောင်ခဲ့သော လူငယ်တာအိုပညာရှင်က မောက်မာထောင်လွှားစွာ ပြောသည်။

သူ၏ ဧရာမလက်ဝါးပုံရိပ်က မြေပြင်ပေါ်မှ အံ့ဖွယ်ကိုးပါးမြို့နှင့် ပေတစ်ထောင်မျှသာ ကွာဝေးတော့သည်။ ဤအခိုက်အတန့်မှာ အမှောင်ထုက မိုးမြေကို ဖုံးလွှမ်းသွားပြီး အဖျက်အဆီးအရှိန်အဝါက အရာအားလုံးကို လွှမ်းခြုံသွားသည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက စိတ်လှုပ်ရှားမှုကြောင့် ဝမ်းသာပျော်ရွှင်သွားကြသည်။

အံ့ဖွယ်ကိုးပါးမြို့တော်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဇစ်မြစ်တစ်ခုတည်းဖြစ်ပြီး ဓားဂိုဏ်းမှ တပည့်များက မြို့တော်ကို ကယ်တင်ရန် အမှန်တကယ် ရောက်လာကြလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။

သို့ဖြစ်၍ ယခု မေးစရာရှိသည်မှာ ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံး(၁၀)နေရာထဲမှာ ပါဝင်သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များထဲမှ မည်သူက အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါး၏ အကန့်အသတ်မဲ့ နတ်ဘုရားအစွမ်းကို ချိုးဖြတ်နိုင်လိမ့်မည်နည်း။

အကယ်၍ သူတို့က ယင်းကို မချိုးဖြတ်နိုင်ဘူးဆိုလျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံး(၁၀)နေရာထဲမှာ ပါဝင်သော်လည်း ၎င်း၏ အလုံးစုံစွမ်းအားက သာမန်သာဖြစ်သည်ဟု သတ်မှတ်ခံရလိမ့်မည်။

၎င်းတို့ဆီမှာ စစ်မှန်သော အထွတ်အထိပ်ပညာရှင်များမရှိဘူးဟု သတ်မှတ်ခံရလိမ့်မည်။

စစ်မှန်သော အထွတ်အထိပ်ပညာရှင်များ မရှိသည့် အင်အားစုသည် အောက်ခြေမခိုင်သော အိမ်နှင့် မခြားပေ။ ယင်းက အလွယ်တကူ ပြိုကျပျက်စီးသွားနိုင်သည်။

“ ဟား ဟား… ငါမတိုက်ခိုက်ခဲ့တာ နှစ်တွေဘယ်လောက်တောင် ကြာသွားပြီလဲ ”

ကျယ်လောင်သော ရယ်မောသံက အံ့ဖွယ်ကိုးပါးမြို့၏ ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ ထို့နောက် လက်ဆယ့်ခြောက်ဖက်ရှိသော နတ်မိစ္ဆာတစ်ပါးက လေထဲမှာ ထွက်ပေါ်လာပြီး ၎င်း၏ ခြေထောက်ဖြင့် ကောင်းကင်ကို ဆောင့်ကန်လိုက်သည်။

နောက်အခိုက်အတန့်မှာ မိုးမြေက ပရမ်းပတာ တုန်လှုပ်သွားပြီး ကုန်းမြေတစ်ခုလုံးက အကျဉ်းချခံလိုက်ရသည်။

ထိုခြေကန်ချက်ထဲမှာ အချိန်စည်းမျဉ်းနှင့် လေဟာနယ်အလွှာပေါင်းမြောက်များစွာကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားက ကိန်းအောင်းနေသည်။

၎င်းက စစ်မှန်သော ရှေးဟောင်းနတ်မိစ္ဆာတစ်ပါးဖြစ်သည်။

အချင်းမိုင်တစ်သောင်းကို ဖုံးလွှမ်းထားသော နတ်ဘုရားစွမ်းအားက ထိုခြေကန်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။

ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင် ဟွမ်ကျန်းရှုံး ရောက်ရှိလာလေပြီ။

…..

အံ့ဖွယ်ကိုးပါးမြို့တော်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အစွမ်းထက်ပညာရှင်များက ပြန်ရောက်လာကြပြီး အဆုံးမဲ့သော ဓားအလင်းကို အံ့ဖွယ်ကိုးပါးမြို့၏ အပြင်ဘက်မှာ ထုတ်လွှတ်လိုက်ကြသည်။

ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံးနေရာမှ အင်အားစုကြီး(၁၀)ခုတွင် အစွမ်းထက်ပညာရှင်အမြောက်အများ ရှိကြသည်။

သူတို့ထုတ်လွှတ်လိုက်သော ဓားအလင်းများက ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားရုံသာမက မိုးမြေကိုလည်း ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိပုံပေါ်သည်။ နောက်အခိုက်အတန့်မှာ အချင်းမိုင်တစ်သောင်းအတွင်းမှ အရာအားလုံးက အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသည်။

ကြောက်စရာအကောင်းဆုံးလူမှာ “ ကောင်းကင်နင်းခြေ ”ဘွဲ့ကို ပိုင်ဆိုင်ထားသော ဟွမ်ကျန်းရှုံး ဖြစ်သည်။

သူ၏ ခြေကန်ချက်က အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါး၏ အကန့်အသတ်မဲ့ နတ်ဘုရားအစွမ်းကို ဖျက်ဆီးပစ်လိုက်သည်။

ထိုသို့လုပ်ဆောင်နိုင်ရန် ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်က မည်မျှသန်မာလိုက်သနည်း။

ယင်းက စကြာဝဠာတစ်ခုကို ဖိနှိပ်နိုင်သော အကန့်အသတ်မဲ့ နတ်ဘုရားအစွမ်း ဖြစ်သည်။

အံ့ဖွယ်ကိုးပါးမြို့၏ ကောင်းကင်ပေါ်မှ ဧရာမလက်ဝါးက အက်ကွဲသွားပြီး တောက်ပသော အလင်းရောင်က တဖန်ပေါ်ထွက်လာသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ မရေမတွက်နိုင်သော တပည့်များက အော်ပြောလိုက်ကြသည်။

“ အဲ့ဒါ ငါတို့အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သင်ကြားရေးဆရာလင်းပဲ ”

“ အဲ့ဒါ တပည့်ဟဲရွှမ်ချီ ”

“ အကြီးအကဲကောင်းချန်းကုန်းလည်း ပြန်ရောက်လာပြီ ”

“ အဲ့ဒါ ဟွမ်ခြောက် ”

တိုက်ပွဲစိတ်ဆန္ဒက စိတ်ခံစားချက်လှိုင်းများနှင့်တကွ ပေါ်လျှိုးလာပြီး ကောင်းကင်နှင့် မြေပြင်ကြားမှ မူလစွမ်းအားကို လှုံ့ဆော်လိုက်သည်။

“ ဝီး ”

ကောင်းကင်ပေါ်မှ ကောင်းကင်ဘုံစာရင်းထဲတွင် အံ့ဖွယ်ကိုးပါးမြို့ကို ကိုယ်စားပြုသော နတ်ဘုရားအလင်းက ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။

ထို့နောက် ယင်းက လုံးဝ ပျောက်ကွယ်သွားသည်။

အံ့ဖွယ်ကိုးပါးမြို့နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တစ်ခုတည်း ပေါင်းစည်းသွားခြင်း ဖြစ်သည်။

အံ့ဖွယ်ကိုးပါးမြို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ဖြစ်သည်။

အံ့ဖွယ်ကိုးပါးမြို့ကို စောင့်ကြည့်နေကြသော လူများက ထိုအဖြစ်အပျက်ကို နားလည်ကြသည်။ သို့သော်လည်း တခြားအင်အားစုများသည်တော့ ယင်းကို နားမလည်ကြချေ။

“ အံ့ဖွယ်ကိုးပါးမြို့က ပျောက်ကွယ်သွားပြီ ”

“ ဘာထူးဆန်းလို့လဲ… အံ့ဖွယ်ကိုးပါးမြို့က ဖျက်ဆီးခံလိုက်ရပြီ… အဲ့ဒါက အစပဲရှိသေးတယ်… အောက်အဆင့်တွေကနေ မြင့်တတ်လာကြတဲ့ အင်အားစုတွေက အညံ့ခံရင်ခံ မဟုတ်ရင် အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မယ်… တတိယရွေးချယ်စရာ မရှိဘူး ”

ဟင်းလင်းပြင်ထဲမှာ မရေမတွက်နိုင်သော တီးတိုးရေရွတ်သံများက ပဲ့တင်ထပ်လာသည်။

အောက်အဆင့်မှ မြင့်တတ်လာကြသော ကျင့်ကြံသူများက သူတို့၏ မျက်နှာပေါ်မှာ စိတ်ပျက်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

ကောင်းကင်ဘုံစာရင်းဝင်သော အင်အားစုတစ်ခုသည်ပင် အမြစ်ဖြတ်သုတ်သင်ခံရလျှင် မည်သူက အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အင်အားစုကြီးကို တောင့်ခံနိုင်လိမ့်မည်နည်း။

ကြည့်ရသည်မှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲက အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ လက်ရွေးစင်များအတွက် ပြဇာတ်ခုံသာ ဖြစ်ဟန်ရ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများက အဆင့်များစွာကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ကြသော်လည်း နောက်ဆုံးမှာတော့ သူတို့က တခြားလူများအတွက် ခြေနင်းကျောက်တုံးများသာ ဖြစ်လာကြတော့မည်လော။

“ အံ့ဖွယ်ကိုးပါးမြို့က ကျင့်ကြံသူတွေက အခုချိန်ဆို ကောင်းကင်ပုတီးစေ့တွေအဖြစ် ပြောင်းလဲသွားလောက်ပြီ ထင်တယ် ”

တစ်စုံတစ်ယောက်က ကောင်းကင်ဘုံစာရင်းကို ကြည့်လိုက်ပြီး လှောင်ရယ်လိုက်သည်။

အဆင့်နိမ့်ကျင့်ကြံသူများထဲတွင် အရည်အချင်း အလုံအလောက်မရှိသူများနှင့် ကံကြမ္မာကောင်းမရှိသူများက နောက်ဆုံးမှာ အင်အားကြီးသူများ၏ ဝါးမျိုခြင်း ခံကြရလိမ့်မည်။

ယင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ ရက်စက်ကြမ်းတမ်းမှု ဖြစ်သည်။ ဤသို့နေရာမျိုးတွင် အထွတ်အထိပ်ပညာရှင်များသာ ဆက်လက် ကြီးထွားနိုင်ကြပေသည်။

“ အမ်… အဆင့်(၃၂)က ယုခွန်းကောင်းကင်နန်းတော်က အဆင့်ကျသွားပြီ ”

ကောင်းကင်ဘုံစာရင်းထဲတွင် ယုခွန်းကောင်းကင်နန်းတော်က အဆင့်(၃၂)မှ အဆင့်ငါးဆယ်ကျော်သို့ ကျဆင်းသွားကြောင်း တစ်စုံတစ်ယောက်က သတိထားမိသွားသည်။

ကောင်းကင်ဘုံစာရင်းပေါ်မှ ထိုသို့လက္ခဏာသည် ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးသွားခြင်းကို ကိုယ်စားပြုသည်။ တစ်နည်းဆိုရသော် ယုခွန်းကောင်းကင်နန်းတော်၏ အလုံးစုံအင်အားက ကြီးကြီးမားမား ဆုတ်ယုတ်သွားသည်။

ယင်းက အဆင့်နှစ်ဆယ်ကျော်ထိ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

ထိုမြင်ကွင်းက မြင်လိုက်ရသူတိုင်းကို မျက်လုံးပြူးကျယ်သွားစေသည်။ ထို့နောက် သူတို့က စိတ်လှုပ်ရှားသွားကြသည်။

အထူးသဖြင့် အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အင်အားစုကြီးများ ဖြစ်ကြသည်။ သူတို့က ယခင်ယုခွန်းကောင်းကင်နန်းတော်နှင့် အဆင့်သိပ်မကွာကြလေရာ ယခု စတင်လှုပ်ရှားရန် စိတ်အားထက်သန်လာကြသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် မည်သည့်စည်းမျဉ်းဥပဒေမှ မရှိပေ။ ယုခွန်းကောင်းကင်နန်းတော်က အင်အားဆုတ်ယုတ်သွားမှတော့ တခြားလူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းကို အပြစ်မဆိုသင့်ပေ။

သို့ဖြစ်၍ အထက်အဆင့်သုံးဆင့် ကုန်းမြေများထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များက သူတို့၏ ပိုင်နက်ထဲမှ အသီးသီးပျံသန်းထွက်လာကြပြီး ယုခွန်းကောင်းကင်နန်းတော်ဆီသို့ အမြန်ဦးတည်သွားကြသည်။

သူတို့တစ်ယောက်ချင်းစီက အင်မော်တယ်ဘုရင်အဆင့်မှာဖြစ်ကြပြီး သူတို့၏ ကုန်းမြေ၌ အသန်မာဆုံးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

…..

ဤအခိုက်အတန့်မှာ အံ့ဖွယ်ကိုးပါးမြို့၏ ကောင်းကင်ပေါ်တွင် ဟွမ်ကျန်းရှုံးက တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး အပေါ်သို့ ပျံတတ်လာနေကြသော အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဓားကျင့်ကြံသူများကို လက်ယမ်းပြလိုက်သည်။

“ မင်းတို့အားလုံး နောက်ဆုတ်နေကြ… ငါဟွမ်ခြောက် သွေးပူလေ့ကျင့်ခန်း လုပ်လိုက်ဦးမယ် ”

သူ၏ လက်ထဲတွင် စစ်ပွဲလှံတစ်လက် ထွက်ပေါ်လာသည်။

ရွှေရောင်မိစ္ဆာနဂါးက မာန်ဖီဟိန်းဟောက်လိုက်သည်။ ထို့နောက် နဂါးပုံရိပ်က တုန်ယင်သွားပြီး ဟွမ်ခြောက်ကို သယ်ဆောင်လျက် ယုခွန်းကောင်းကင်နန်းတော်မှ လူငယ်တာအိုပညာရှင်ဆီသို့ ပျံသန်းသွားသည်။

သို့မှသာ ဘေးပတ်ဝန်းကျင်မှ မိုးမြေ၏ အချုပ်အနှောင်စွမ်းအားက လွင့်ပြယ်သွားသည်။

မိုးမြေကြားထဲမှာ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။ အံ့ဩထိတ်လန့်မှုက သူတို့၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဟွမ်ကျန်းရှုံး၏ စွမ်းအားက အစောနက လူငယ်တာအိုပညာရှင်ထုတ်ဖော်ခဲ့သော စွမ်းအားထက် အများကြီး ပိုသန်မာသည်။

ထိုအထွတ်အထိပ် အင်မော်တယ်ဘုရင်က အချင်းမိုင်တစ်သောင်းကျယ်ဝန်းသော မိုးမြေစွမ်းအားကို အသုံးပြု၍ အံ့ဖွယ်ကိုးပါးမြို့အား ဖိနှိပ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဟွမ်ကျန်းရှုံး ရောက်ရှိလာသည့်အခါ သူက ခြေကန်ချက်တစ်ချက်တည်းဖြင့် မိုးမြေစွမ်းအားကို ဖျက်ဆီးပစ်ခဲ့ရုံသာမက အချင်းမိုင်တစ်သောင်းအတွင်းမှ မိုးမြေကိုလည်း အကျဉ်းချလိုက်သည်။

ထိုသို့အစွမ်းထက်ပညာရှင်က ဤလောကထဲမှာ အလွန်ရှားပါးသည်။

“ ဝီး ”

နတ်ဘုရားအလင်းက ဟွမ်ကျန်းရှုံး၏ လှံထဲမှ ပေါ်လျှိုးလာသည်။ သူက လှံကို အရှေ့သို့ ထိုးသွင်းလိုက်လေရာ လေဟာနယ်စွမ်းအားနှင့် အစွန်းရောက်ချွန်ထက်မှုက အတူတကွ ပေါင်းစပ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်က ထွန်းလင်းတောက်ပသွားသည်။

စွမ်းအားက အဆုံးစွန်ထိ စုစည်းသွားသည်။ ဤသည်မှာ သူက ဤလောက၏ တစ်ဦးတည်းသော ကျင့်ကြံသူဖြစ်သည့်အလားပင်။

မိုးမြေစွမ်းအား၊ မဟာတာအိုစွမ်းအားနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားက ထိုလှံထိုးသွင်းမှုထဲမှာ ကိန်းအောင်းသွားသည်။ သို့ဖြစ်လေရာ အထွတ်အထိပ် အင်မော်တယ်ဘုရင်များသည်ပင် ထိုလှံကို ထိပ်တိုက် ရင်ဆိုင်ဝံ့ကြလိမ့်မည် မဟုတ်ချေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လင်းရှန်းနှင့် တခြားလူများ၏ ဝိုင်းရံခံထားရသော ယုခွန်းကောင်းကင်နန်းတော်မှ အထွတ်အထိပ် အင်မော်တယ်ဘုရင် လူငယ်တာအိုပညာရှင်သည် ဟွမ်ကျန်းရှုံး ထုတ်လွှတ်လိုက်သော စွမ်းအားကြောင့် ကြောက်လန့်တုန်လှုပ်သွားသည်။

ဟွမ်ကျန်းရှုံး၏ လှံဖြင့် ရင်ဆိုင်ရသည့်အခါ အကူအညီမဲ့မှုက သူ၏ ဝိညာဉ်ထဲမှ ပေါ်လျှိုးလာသည်။ သူ၏ မျက်နှာသည်ပင် မည်းမှောင်သွားသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သော အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် ဤအခိုက်အတန့်မှာ ထိုလှံချက်ကို ထိပ်တိုက် သူမရင်ဆိုင်နိုင်ကြောင်း သိသည်။

သို့သော်လည်း အကယ်၍ သူက အနောက်လှည့်ပြီး ထွက်ပြေးမည်ဆိုလျှင် လူအများ၏ လှောင်ပြောင်ကဲ့ရဲ့ခံရလိမ့်မည် မဟုတ်ပါလော။

ယုခွန်းကောင်းကင်နန်းတော်သည်ပင် သူ့ကြောင့် အရှက်ရလိမ့်မည်။

သူက မထွက်ပြေးနိုင်မှတော့ တိုက်ခိုက်ရလိမ့်မည်။

နတ်ဘုရားမှော်အစီအရင်များက သူ၏ ဘေးပတ်ပတ်လည်မှာ ပေါ်ထွက်လာပြီး တပည့်ဟဲရွှမ်ချီနှင့် တခြားလူများကို အနောက်သို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာ ယုခွန်းကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်သည် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ခရမ်းရွှေရောင်ဧရာမတူတစ်လက်ကို ထုတ်လိုက်သည်။

ခရမ်းရွှေရောင်တူပေါ်မှ နတ်ဘုရားမှော်အင်းကွက်များက ထွန်းလင်းတောက်ပလာသည့်အခါ တူက အဆုံးမဲ့သော မိုးကြိုးသွားများကို ထုတ်လွှတ်လိုက်သည်။

ယင်းက အလွန်ရှားပါးသော အစစ်အမှန်ရတနာတစ်ခု ဖြစ်သည်။ အကယ်၍ နောက်ထပ် အဆင့်တတ်နိုင်မည်ဆိုလျှင် ယင်းက အထွတ်အမြတ်ရတနာတစ်ခု ဖြစ်လာလိမ့်မည်။

ခရမ်းရွှေရောင်တူကို လွှဲယမ်းလိုက်သည့်အခါ မိုးကြိုးသွားများက ရေတံခွန်ပမာ စီးကျလာပြီး အချင်းမိုင်တစ်သောင်းအတွင်းရှိ မိုးမြေထဲမှ တိမ်တိုက်များနှင့် မိုးကြိုးများကို စုပ်ယူလိုက်သည်။

တိမ်တိုက်များနှင့် မိုးကြိုးများက အတူတကွ ပေါင်းစပ်သွားပြီး နတ်ဘုရားမိုးကြိုးသားရဲတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ ပေတစ်သောင်းရှည်လျားသော မိုးကြိုးသားရဲက ဟွမ်ကျန်းရှုံးထံသို့ ခုန်အုပ်လိုက်သည်။

ထိုမိုးကြိုးသားရဲက နတ်ဘုရားနွားသိုးနှင့် အဆင့်တူညီပြီး မိုးကြိုးအပေါ် ၎င်း၏ ထိန်းချုပ်နိုင်စွမ်းက နွားသိုးထက် အားမနည်းချေ။

“ ဗုန်း ”

အလွန်အားကောင်းသော မိုးကြိုးသားရဲက လှံဖြင့် ထိုးဖောက်ခံလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်က ပြိုကွဲသွားသည်။

ဟွမ်ကျန်းရှုံးက တုံ့ဆိုင်းမနေဘဲ လှံရှည်၏ ထိပ်ဖျားကို အထွတ်အထိပ် အင်မော်တယ်ဘုရင်ထံသို့ ထိုးသွင်းလိုက်သည်။

သူက မည်သည့်တိုက်ကွက်မှ မထုတ်ဖော်ပေ။ ယင်းက သူ၏ ရက်စက်ကြမ်းတမ်းသော ရုပ်ခွန်အားချည်းသာ ဖြစ်သည်။

သို့တိုင် အပြင်လူများ၏ အမြင်မှာတော့ ထိုတိုက်ခိုက်မှုက ဖော်မပြနိုင်အောင် ခမ်းနားထည်ဝါသည်။

ဟွမ်ကျန်းရှုံး၏ လှံထဲမှာ စကြာဝဠာတစ်ခုလုံး၏ စွမ်းအားက ကိန်းဝပ်နေကြောင်း ထင်ရှားသည်။ ထိုသို့စွမ်းအားက သူ့ရန်သူ၏ လွတ်လမ်းမှန်သမျှကို ဖြတ်တောက်နိုင်စွမ်း ရှိ၏။

ယင်းက အချိန်နှင့် လေဟာနယ်ကိုပင် ထိုးဖောက်နိုင်သော လှံဖြစ်သည်။

All Chapters