← Chapters

အခန်း (၁၄၆၇)

Vol. 105 Ch. 1467

အခန်း (၁၄၆၇)

Vol. 105 Ch. 1467

ကောင်းကင်ဘုံစာရင်းရဲ့ နံပါတ်တစ်…။

လင်းရှောင်ဓားဂိုဏ်း… ။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်း အမြန်ဆုံး မြင့်တတ်လာခဲ့ပြီး လျှို့ဝှက်အဆန်းကြယ်ဆုံး အင်အားစုမှာ လင်းရှောင်ဓားဂိုဏ်း ဖြစ်သည်။

အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ အင်အားစုကြီးများသည်ပင် လင်းရှောင်ဓားဂိုဏ်းကို တိုက်ရိုက် ရန်မစဝံ့ကြချေ။

သို့မဟုတ်လျှင် သူတို့က အံ့ဖွယ်ကိုးပါးမြို့ထဲမှာ ထွက်ပေါ်လာကြလိမ့်မည် မဟုတ်ချေ။

လင်းရှောင်ဓားဂိုဏ်း၏ မြင့်တတ်လာမှုက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ သို့ဖြစ်၍ လူတိုင်းက လင်းရှောင်ဓားဂိုဏ်းကို မဆင်မခြင် ရန်မပြုဝံ့ကြချေ။

ဤအခိုက်အတန့်မှာ လင်းရှောင်ဓားဂိုဏ်းမှ ကျင့်ကြံသူများက ရောက်ရှိလာကြသည်။

ဟင်းလင်းပြင်ထဲမှ စောင့်ကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက အာရုံစူးစိုက်လိုက်ကြသည်။

ဓားကျင့်ကြံသူအုပ်စုများက တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြသည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော ဓားဆန္ဒက သူတို့ထံမှ ပေါ်လျှိုးထွက်လာသည်။

မည်သူမှ သတိမထားမိခင်မှာ လင်းရှောင်ဓားဂိုဏ်းမှ တပည့်များသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာကြပြီး အစွမ်းထက် ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးထားကြပြီ ဖြစ်သည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့က အင်အားစုကြီးတစ်ခုမှ တပည့်များနှင့် မခြားနားတော့ပေ။

သူတို့၏ ဓားဝင်္ကပါများက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားဝင်္ကပါများနှင့် အတူတကွ ပူးပေါင်းသွားကြသည်။ ထို့နောက် ဓားအလင်းများက ကြက်ခြေခတ်ပုံသဏ္ဍာန် ယှက်ထွေသွားကြပြီး မရေမတွက်နိုင်သော နတ်ဘုရားအလင်းနှင့် နတ်ဘုရားအင်းကွက်များကို ဖော်ပြလိုက်ကြသည်။

ဟင်းလင်းပြင်ထဲမှ တစ်ဟုန်ထိုး ဆင်းသက်လာနေကြသော ယုခွန်းကောင်းကင်နန်းတော်မှ တပည့်များက ရုတ်ချည်း ရပ်တန့်သွားကြသည်။

သူတို့၏ အရှေ့မှ ရန်သူက သူတို့မျှော်လင့်ထားသည်ထက် ပိုပြီးသန်မာနေသည်။

သံသယအရိပ်အမြွက်က အနက်ရောင်သရဖူ ဆောင်းထားသော ဝတ်စုံဖြူဝတ် တာအိုပညာရှင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုသူက ယုခွန်းကောင်းကင်နန်းတော်မှ တပည့်များကို ဦးဆောင်ပေးနေသူ ဖြစ်သည်။

“ ဗုန်း ”

ဓားအလင်းတန်းက ယုခွန်းကောင်းကင်နန်းတော်မှ လှုံ့ဆော်လိုက်သော မိုးမြေစွမ်းအားနှင့် တွေ့ဆုံသွားသည်။

အချင်းမိုင်တစ်သောင်းအတွင်းမှ ကောင်းကင်နှင့် မြေပြင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက ဒယိမ်းဒယိုင် အနောက်ဆုတ်သွားကြသည်။

ဖရိုဖရဲစွမ်းအားများက ဟင်းလင်းပြင်ထဲမှာ ပွတ်တိုက်သွားကြပြီး အလွန်ကျယ်ပြောသော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်ကြသည်။

ထိုဓားအလင်းက ယုခွန်းကောင်းကင်နန်းတော်မှ စစ်တပ်၏ ခံစစ်ကို ချိုးဖြတ်လိုက်ပြီး သူတို့၏ တိုက်ပွဲဝင်္ကပါကို ဖျက်ဆီးပစ်လိုက်သည်။

လင်းရှောင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ပေါင်းစပ်စွမ်းအားက ယုခွန်းကောင်းကင်နန်းတော်ထက် အများကြီး ပိုသန်မာကြောင်း ထင်ရှားပေသည်။

မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ဓားအလင်းများက နောက်တစ်ကြိမ် စုဝေးသွားကြပြန်သည်။

“ ဂုဏ်သရေရှိလူကြီးမင်းတို့ခင်ဗျား… စာချုပ်ချုပ်ပြီးပြီဆိုမှတော့ ရပ်ကြည့်နေတာ မသင့်တော်ပါဘူး ”

အင်မော်တယ်ဘုရင်ကုန်းမင်က မဟာတာအိုရွှေရောင်ပုတီးစေ့များကို ယူဆောင်ခဲ့ကြသော အထွတ်အထိပ်ပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။

ထိုအင်မော်တယ်ဘုရင်အပါး(၃၀)က အသန်မာဆုံး အင်အားစုကြီးများထဲမှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့အားလုံးက မျက်နှာတည်ကြည်နေကြသည်။

သူတို့က အံ့ဖွယ်ကိုးပါးမြို့ကို ဖျက်ဆီးရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ယခု သူတို့ရင်ဆိုင်နေရသည်မှာ အံ့ဖွယ်ကိုးပါးမြို့တစ်ခုတည်း မဟုတ်ပေ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းသည်လည်း ပါဝင်နေကြသည်။

ထိုဓားဂိုဏ်းနှစ်ခုက အံ့ဖွယ်ကိုးပါးမြို့တော်ကဲ့သို့ ကောင်းကင်ဘုံစာရင်း၏ ဇယားအောက်ဆုံးမှာ မဟုတ်ပေ။

သူတို့က ကောင်းကင်ဘုံစာရင်း၏ အဆင့်တစ်နေရာနှင့် အဆင့်လေးနေရာကို အသီးသီးပိုင်ဆိုင်ထားကြသည့် အင်အားစုကြီးများ ဖြစ်ကြသည်။

“ ဂုဏ်သရေရှိလူကြီးမင်းတို့ခင်ဗျား… ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အဲ့ဒီလိုပါပဲ ”

အင်မော်တယ်ဘုရင်ကုန်းမင်က ထိုအထွတ်အမြတ်ပုဂ္ဂိုလ်များ၏ တုံ့ဆိုင်းနေမှုကို သတိထားမိသောအခါ အေးတိအေးစက် ပြောသည်။

“ ကျင့်ကြံခြင်းလမ်းစဉ်မှာ မမျှော်လင့်ထားတဲ့အရာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်… တကယ်လို့ အရာအားလုံးက တစ်စုံတစ်ယောက်ရဲ့ အလိုဆန္ဒအတိုင်း ဖြစ်နေမယ်ဆိုရင် ကျင့်ကြံခြင်းလမ်းစဉ်က ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ”

“ ပြီးတော့ ဒီနေရာကို ရောက်လာပြီး မဟာတာအိုရွှေရောင်ပုတီးစေ့ကို ခင်ဗျားတို့ ယူဆောင်လိုက်ကတည်းက စာချုပ်က အသက်ဝင်သွားပြီ… စာချုပ်ကို ချိုးဖောက်မယ်ဆိုရင် ခင်ဗျားတို့တွေ ဒီဘဝ ဘယ်တော့မှ အဆင့်ချိုးဖြတ်နိုင်တော့မှာ မဟုတ်ဘူး ”

ကောင်းကင်ဘုံဂိတ်တံခါးကို သူတို့ဖြတ်လျှောက်လာကတည်းက စာချုပ်က ပြီးမြောက်သွားပြီ ဖြစ်သည်။ ဂိတ်တံခါး၏ အပြင်ဘက်သို့ သူတို့ရောက်ရှိသွားသည့်အခိုက် ဤလောကမှ စည်းမျဉ်းများက သူတို့အပေါ် ချည်နှောင်ထားလိုက်ပြီ ဖြစ်သည်။

သို့ဖြစ်၍ စာချုပ်ကို ချိုးဖြတ်ခြင်းသည် မဟာတာအို၏ စွမ်းအားကို မလေးစားခြင်း မည်၏။

ထို့နောက် သူတို့၏ ကျင့်ကြံခြင်းက နောင်မည်သည့်အခါမှ အဆင့်တတ်နိုင်တော့မည် မဟုတ်ချေ။

ဤနေရာသို့ ရောက်ရှိလာကြသော အထွတ်အထိပ်ပုဂ္ဂိုလ်များအတွက်တော့ ထိုသို့ရလဒ်က လုံးဝ လက်သင့်ခံနိုင်သောအရာ မဟုတ်ပေ။

“ အင်မော်တယ်ဘုရင်ကုန်းမင်… ကျုပ်တို့က စာချုပ်ချိုးဖောက်နေတာ မဟုတ်ဘူး… စာချုပ်ချိုးဖောက်တဲ့လူက ခင်ဗျားပဲ… ခင်ဗျားပြောတဲ့ စာချုပ်ထဲမှာက အံ့ဖွယ်ကိုးပါးမြို့တစ်ခုပဲ ပါတာမဟုတ်ဘူးလား ”

အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဧရာမပုံရိပ်တစ်ခုက ဒေါသတကြီး ပြောသည်။

ယင်းကို ကြားသောအခါ မဟာတာအိုရွှေရောင်ပုတီးစေ့ကို ရရှိထားကြသော တခြားကျင့်ကြံသူများက မျက်လုံးဝင်းလက်သွားကြသည်။

သူတို့၏ ကြိုးစားအားထုတ်မှုက သူတို့ပြန်ရရှိမည့် အကျိုးအမြတ်နှင့် ထိုက်တန်မှုရှိရမည်။

ယနေ တိုက်ပွဲမှာ သူတို့၏ ရန်သူတော်များက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်းရှောင်ဓားဂိုဏ်းဖြစ်နေလေရာ ရွှေရောင်ပုတီးစေ့တစ်လုံးက ထိုက်တန်မှုရှိပါမည်လော။

ထိုအင်အားစုနှစ်ခုက မည်မျှသန်မာကြောင်း မည်သူသိနိုင်မည်နည်း။

သူတို့က မည်သို့သော အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားကြသနည်း။

“ ကျုပ်က စာချုပ်ကို ချိုးဖြတ်တယ်တဲ့လား ”

“ ဟွန့်… ကျုပ်ဘယ်တော့မှ စာချုပ်ကို မချိုးဖြတ်ဘူး”

အလင်းစီးကြောင်းတစ်ခုက အင်မော်တယ်ဘုရင်ကုန်းမင်၏ ဘေးပတ်ဝန်းကျင်မှာ လင်းလက်သွားပြီး သွေးနီရောင်ပုတီးစေ့များကို ဖွဲ့စည်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ဝေဝါးလာသည်။

“ ယဇ်ပူဇော်ခြင်း ”

“ အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးက သူ့ရဲ့ ကျင့်ကြံခြင်းအားလုံးကို မိုးမြေဆီ ယဇ်ပူဇော်လိုက်တယ်လား… အပြန်အလှန်အနေနဲ့ မိုးမြေစွမ်းအားက ပုတီးစေ့တွေအဖြစ် ပြောင်းလဲသွားတယ် ”

မရေမတွက်နိုင်သော အာမေဋိတ်သံများက ပဲ့တင်ထပ်သွားသည်။

အင်မော်တယ်ဘုရင်ကုန်းမင်က သူ၏ ကျင့်ကြံခြင်းအားလုံးကို သွေးပုတီးစေ့များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုသွေးပုတီးစေ့များက စောစောက မဟာတာအိုရွှေရောင်ပုတီးစေ့ကဲ့သို့ တန်ဖိုးမကြီးမားပေ။ သို့သော်လည်း ယင်းတို့က အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိသေးသူများနှင့် အင်မော်တယ်ဘုရင်အဆင့်သို့ ဝင်ရောက်ခါစ ကျင့်ကြံသူများအတွက်တော့ အလွန်တန်ဖိုးကြီးမားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးပုတီးစေ့များက သူတို့၏ ကျင့်ကြံခြင်းကို မြန်ဆန်စွာ အခြေတည်ငြိမ်အောင် သန့်စင်ပေးနိုင်သည်။

သို့ဖြစ်၍ သွေးပုတီးစေ့တစ်လုံးက အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်ထိ ရောက်ရှိနိုင်စေမည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်ပေသည်။

တစ်စုံတစ်ယောက်က သွေးပုတီးစေ့တစ်လုံးကို သန့်စင်လိုက်မည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက ကြီးကြီးမားမား မြင့်တတ်သွားလိမ့်မည်။

ယင်းက ကျင့်ကြံခြင်းသီးသန့်ကိုသာ အကျိုးပြုနိုင်ခြင်း မဟုတ်ပေ။ ထိုသွေးပုတီးစေ့များကို လက်နက်သန့်စင်ခြင်းတွင်လည်း အသုံးပြုနိုင်သည်။ ထိုသွေးပုတီးစေ့များဖြင့်ဆိုလျှင် ဤလောကမှာ အလွန်ရှားပါးသော အစစ်အမှန်လက်နက်များကို ဖန်တီးနိုင်ကြလိမ့်မည်။

ကောင်းကင်ပေါ်မှ သွေးပုတီးစေ့တစ်ထောင်က သွေးနဂါးတစ်ကောင်ကို ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် ပျောက်ကွယ်လုနီးပါး ဝေဝါးနေသော အင်မော်တယ်ဘုရင်ကုန်းမင်၏ အကြည့်က မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ နောင်တရသော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ငါခြေတစ်လှမ်း မှားသွားတာက ငါ့အသက်ဆုံးရှုံးရတဲ့ အခြေအနေထိ ကျရောက်သွားရတယ်… အခု ငါ့ရဲ့ ဝိညာဉ်က ပျက်စီးသွားပြီး လေထဲမှာ ပြန့်ကျဲသွားတော့မယ် ”

“ ငါမသေဆုံးခင်မှာ ငါ့ရဲ့ ကျင့်ကြံခြင်းအားလုံးကို မိုးမြေစွမ်းအားအတွက် လဲလှယ်ခဲ့တယ်… အရှေ့တတ်လာပြီး အဲ့ဒီဓားကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရဲတဲ့လူတွေကို ဆုလာဘ်အနေနဲ့ ငါ့ရဲ့ သွေးပုတီးစေ့တွေ ပေးမယ် ”

“ အနိုင်အရှုံး ဒါမှမဟုတ် သေခြင်းရှင်ခြင်းကတော့ ကံတရားရဲ့ အလိုတော်ပဲ ”

အင်မော်တယ်ဘုရင်ကုန်းမင်၏ စကားသံ ဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်က လေထဲမှာ လွင့်ပြယ်သွားသည်။ ထို့နောက် လေထဲမှ သွေးနဂါးက ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး သွေးပုတီးစေ့များအဖြစ် ဟင်းလင်းပြင်ထဲမှာ လွင့်မျောသွားကြသည်။

သူက ကိုယ့်ကိုယ်ကိုယ် စတေးလိုက်ပြီး မိုးမြေတာအိုနှင့် ပေါင်းစပ်သွားသည်။

ယခု အင်မော်တယ်ဘုရင်ကုန်းမင်က သေဆုံးသွားပြီဖြစ်လေရာ ရွှေရောင်ပုတီးစေ့များကို ယူဆောင်ခဲ့ကြသော အထွတ်အထိပ်ပုဂ္ဂိုလ်များက စာချုပ်ဖြင့် တင်းကျပ်စွာ ချည်နှောင်ခံလိုက်ကြရသည်။

အကယ်၍ သူတို့က စာချုပ်အတိုင်း ဂုဏ်သိက္ခာရှိရှိ မလုပ်ဆောင်လျှင် ဤနေရာမှ ထွက်ခွာနိုင်ကြလိမ့်မည် မဟုတ်ချေ။

“ ဟား ဟား… ငှက်တွေက အစာကြောင့် သေကြတယ်… လူတွေက လောဘကြောင့် သေကြတယ် ”

မုတ်ဆိတ်နက်အကြီးအကဲတစ်ဦးက တဟားဟား အော်ရယ်လိုက်ပြီး ကျောက်စိမ်းတောင်ဝှေးတစ်ချောင်းကို ထုတ်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပေထောင်ပေါင်းများစွာ ကျယ်ပြောသွားသော တောင်ဝှေးကို လွှဲယမ်းလိုက်ကာ အောက်ဘက်မှ ဓားဝင်္ကပါပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။

တခြားအထွတ်အထိပ် အင်မော်တယ်ဘုရင်များက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က အောက်သို့ ဆင်းသက်သွားကြသည့်အခါ သူတို့၏ အရှိန်အဝါက ကောင်းကင်ဘုံအထိ ပျံတတ်သွားသည်။

အနောက်ဆုတ်ရန် လမ်းမရှိမှတော့ သူတို့က အစွမ်းကုန် ထုတ်သုံးကြရတော့မည်။

ကုန်းမြေက ဤအခိုက်အတန့်မှာ လောကတုန်လှုပ်သွားစေမည့် တိုက်ပွဲမြေပြင်ဖြစ်လာသည်။

အလင်းတန်းသုံးဆယ်က မိုးမြေကို ဆုတ်ဖြဲပစ်လိုက်ပြီး မြေပြင်ပေါ်မှ ဓားဝင်္ကပါနှင့် တိုက်ရိုက် တွေ့ဆုံသွားကြသည်။

အင်မော်တယ်ဘုရင်အပါး(၃၀)က မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော မိုးမြေကို အကျဉ်းချလိုက်ကြသည်။

သေခြင်းရှင်ခြင်းတိုက်ပွဲက စတင်လာသည်။

“ ဒီလောက်ခမ်းနားတဲ့ တိုက်ပွဲမျိုးမှာ ပါဝင်ရတာ ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ ”

အစိမ်းရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ဟင်းလင်းပြင်ထဲမှ သွေးပုတီးစေ့တစ်လုံးကို ဖမ်းယူလိုက်ပြီး သူ၏ လက်ဖဝါးထဲမှာ ချေမွလိုက်သည်။

သွေးပုတီးစေ့ကို ချေမွလိုက်သည့်အခိုက် သူ၏ ခြေလှမ်းဝက် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ အခြေတည်ငြိမ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရွှေရောင်အကာအကွယ်အလွှာတစ်ခုက စစ်ချပ်ဝတ်၏ အပေါ်မှာ ထွက်ပေါ်လာသည်။

ပထမတစ်ယောက် လှုပ်ရှားလိုက်သည့်အခါ စိတ်လှုပ်ရှားသော အော်သံများက ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ပုံရိပ်အများအပြားက အောက်သို့ ဆင်းသက်လာကြသည်။

ကျင့်ကြံသူများသည် များသောအားဖြင့် ရူးမိုက်ကြသူများ ဖြစ်ကြသည်။

သူတို့၏ အရှေ့မှာ အခွင့်အလမ်းတစ်ခုရှိနေသည့်အခါ ယင်းအတွက် သူတို့က အသက်စတေး၍ တိုက်ခိုက်ကြလိမ့်မည်။

ကျင့်ကြံခြင်းလောကက အမြဲတမ်း သေခြင်းရှင်ခြင်းဖြင့် ဒွန်တွဲနေသည်။

အကယ်၍ တစ်စုံတစ်ယောက်က ထိုအခွင့်အရေးကို လက်လွှတ်လိုက်မည်ဆိုလျှင် နောက်တစ်ခါ အခွင့်အရေးထပ်ရတော့မည် မဟုတ်ချေ။

နှစ်တစ်သန်းကျင့်ကြံခြင်းနှင့် ညီမျှသော သွေးပုတီးစေ့က သူတို့၏ မျက်စိအရှေ့မှာ ရှိနေလေရာ သူတို့က မည်သို့ကြောင့် သွေးဆောင်မခံရဘဲ နေမည်နည်း။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားအရ အဆင့်တစ် ကောင်းကင်ပုတီးစေ့တစ်လုံးကို ရရှိနိုင်သော အခွင့်အရေးက မရှိသလောက် နည်းပါးသည်။ ထိုသို့ဆိုမှတော့ မည်သို့ကြောင့် သူတို့က ဤအခွင့်အရေးကောင်းကို လက်လွှတ်ရမည်နည်း။

ကံကြမ္မာကောင်းဟူသည် အမြဲတမ်း အင်အားကြီးသူများနှင့် လက်ရွေးစင်များအတွက်သာ ဖြစ်သည်။

မည်သည့်နေရာတွင်ဖြစ်စေ ပစ္စည်းကောင်းများကို သာမန်ကျင့်ကြံသူများက မရရှိနိုင်ကြချေ။

ယနေ့ သွေးပုတီးစေ့တစ်ထောင်ကို သူတို့မြင်လိုက်ကြရသည်။ အကယ်၍ ဤအခွင့်အရေးကို သူတို့လွဲချော်သွားမည်ဆိုလျှင် နောက်တစ်ကြိမ် အခွင့်အရေးထပ်ရတော့မည် မဟုတ်ချေ။

“ ရွှီး ”

လေထဲမှ သွေးပုတီးစေ့တစ်ထောင်က တခြားလူများ၏ လက်ထဲသို့ ကျရောက်သွားကြသည်။

ထို့နောက် မည်သူမှ မတုံ့ဆိုင်းကြတော့ပေ။ သူတို့အားလုံးက အစွမ်းကုန် ထုတ်လွှတ်လိုက်ကြပြီး မြေပြင်ပေါ်မှ ဓားဝင်္ကပါများကို တိုက်ခိုက်လိုက်ကြသည်။

ဤအခိုက်အတန့်မှာ အံ့ဖွယ်ကိုးပါးမြို့တော်ပေါ်မှ ဧရာမဓားဝင်္ကပါနှစ်ခု၏ အရှေ့တွင် ပုံရိပ်အများအပြားက တည်ကြည်စွာ မတ်တတ်ရပ်နေကြသည်။

ချန်းရှောင်တုံက အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ဟွမ်ကျစ်ဟူကို ကြည့်လိုက်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။

“ ချန်းရှောင်တုံက ဆရာတူစီနီယာအမကို အရိုအသေပေးပါတယ် ”

“ ဓားဝင်္ကပါကို အမိန့်ပေးဖို့ ကျွန်တော်က မသင့်တော်ဘူးလို့ ဆရာက ပြောပါတယ်… ဆရာတူစီနီယာအမကို တွေ့တဲ့အခါ အမိန့်အာဏာကို လွှဲပြောင်းပေးဖို့ ဆရာက ကျွန်တော့်ကို မှာလိုက်ပါတယ် ”

ချန်းရှောင်တုံက စကားဆုံးသည်နှင့် သုံးပေရှည်လျားသော ဓားပုံရိပ်တစ်ခုကို သူ၏ လက်ထဲမှာ ဒြပ်ထည်ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက ဓားကို ဟွမ်ကျစ်ဟူထံ လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။

ဟွမ်ကျစ်ဟူက မထူးမခြားနား အမူအရာဖြင့် ဓားကို လှမ်းယူလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ကောင်းပြီ ”

ယင်းက သူ၏ ယုံကြည်မှုဖြစ်သည်။

ဟွမ်ကျစ်ဟူသည် ဟန်မူယဲ့၏ မွေးစားသမီးဖြစ်ပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ဦး ဖြစ်သည်။ ထို့ပြင် သူက ဟန်မူယဲ့၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး အပြင်လူများ စိတ်ကူးမယဉ်နိုင်သော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။

ဤနှစ်များမှာ ထိုမျှအင်အားကြီးမားလာသော ဂိုဏ်းကို ထိန်းသိမ်းရန် မည်မျှသူစတေးခဲ့ရကြောင်း မည်သူသိနိုင်မည်နည်း။

ဓားတာအိုနှင့် ဝင်္ကပါပညာရပ်တွင် သေမျိုးကမ္ဘာလွန်အဆင့်ထိ ရောက်ရန် မည်သို့သူလေ့ကျင့်ခဲ့ရကြောင်း မည်သူသိနိုင်မည်နည်း။ သူက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ ရှုံးပွဲမရှိသော တိုက်ပွဲဝင်္ကပါများကို အမိန့်ပေးခဲ့သူ ဖြစ်သည်။

All Chapters