← Chapters

အခန်း (၁၄၆၈)

Vol. 105 Ch. 1468

အခန်း (၁၄၆၈)

Vol. 105 Ch. 1468

ဟွမ်ကျစ်ဟူသည် လင်းရှောင်ဓားဂိုဏ်း၏ ဓားဝင်္ကပါကို ထိန်းချုပ်ထားသော ဓားရှည်ကို ယူဆောင်ပြီးနောက် ဓားထဲမှာ ကိန်းအောင်းနေသော စွမ်းအားကို တိတ်တဆိတ် အာရုံခံလိုက်သည်။ ထို့နောက် သူ၏ အခြားလက်ထဲတွင် အနက်ရောင်ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

ထျန်းရွှမ်ဓား… ။

ယင်းက အံ့ဖွယ်ကိုးပါးဓားစံအိမ်တွင် ထိန်းချုပ်ခြင်း အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။

ထျန်းရွှမ်ဓားက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထိန်းချုပ်အမိန့်ပေးနိုင်သည်။

ဟွမ်ကျစ်ဟူ၏ လက်ထဲမှာ ထိုအနက်ရောင်ဓားရှည် ထွက်ပေါ်လာသည့်အခိုက် အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဓားကျင့်ကြံသူအားလုံးက တည်ကြည်လေးနက်သွားကြသည်။

မြို့ထဲမှ တပည့်များဖြစ်စေ သို့မဟုတ် လေထဲမှ သင်ကြားရေးဆရာလင်း၊ တပည့်ဟဲရွှမ်ချီနှင့် တခြားလူများဖြစ်စေ သူတို့အားလုံးက ခါးမတ်လိုက်ကြသည်။

“ ရွှမ်ထျန်းကမ္ဘာကနေ ထွက်ခွာပြီးနောက်ပိုင်း အဲ့ဒီဓားက သုံးကြိမ် ထွက်ပေါ်လာခဲ့တယ် ”

ဆရာချင်းစုယန်က မှတ်ချက်ပေးလိုက်သည်နှင့် သူ၏ မျက်လုံးက ရွှေရောင်ဝင်းလက်သွားသည်။

သူ့ဘေးမှ ရှုကျီသည်လည်း တဟားဟား အော်ရယ်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ မျှော်လင့်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အင်မော်တယ်ဘုံကို ချိုးဖြတ်ခဲ့သူ… စစ်နတ်ဘုရားဘုံကို စိန်ခေါ်ခဲ့သူ… ရှေးဦးကောင်းကင်ဘုံမြေကို အမိန့်ပေးနိုင်သူ… ”

“ ဟွမ်ကျစ်ဟူရဲ့ လက်ထဲက ဓားက သေခြင်းရှင်ခြင်းတိုက်ပွဲရဲ့ အမှတ်လက္ခဏာပဲ ”

“ ငါတို့အနိုင်ရမယ်ဆိုရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ပိုပြီးကြီးပွားတိုးတတ်လာမယ် ”

“ ငါတို့ရှုံးနိမ့်မယ်ဆိုရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အမြစ်ဖြတ်သုတ်သင်ခံရမယ် ”

ရှုကျီ၏ စကားသံက လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

သူက စကားဆုံးအောင် ပြောပြီးနောက် တစ်ပေခန့်ရှည်သော ဓားတိုတစ်လက်ကို ဆွဲထုတ်လိုက်ပြီး သူ၏ လက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။

“ ဟဲ ဟဲ… ဒါက တိုက်ပွဲတစ်ခုပါပဲ ”

ချင်းစုယန်က ပြုံးလိုက်ပြီး ရှုကျီနှင့် ဘေးချင်းယှဉ်ရပ်လိုက်သည်။

အဝေးတွင် ဓားမော့နှစ်လက်ကို ကိုင်ထားသော ရှန့်လင်းရွှမ်းက လျှပ်တစ်ပြက် ရွေ့လျားလိုက်ပြီး ဟွမ်ကျစ်ဟူ၏ အရှေ့မှာ ရပ်လိုက်သည်။

ယနေ့က ရွှမ်ထျန်းကမ္ဘာမှာတုန်းက သူတို့ရရှိခဲ့သော အောင်ပွဲများကို ပြန်လည်အောက်မေ့စေသည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တွေ… ”

ဓားနှစ်လက်ကို ဆုပ်ကိုင်ထားသော ဟွမ်ကျစ်ဟူက သိမ်မွေ့စွာ ပြောသည်။

ဤအခိုက်အတန့်မှာ သူထုတ်လွှတ်လိုက်သော ဩဇာအာဏာက အလွန်ပြင်းထန်လေရာ မည်သူမှ သူ့အား မော်မကြည့်ဝံ့ကြချေ။

ထိုသို့ဩဇာအာဏာကို တွေ့ကြုံလိုက်ရသောအခါ ဓားကျင့်ကြံသူအားလုံးက စိတ်ခံစားချက်ပြင်းထန်သွားကြသည်။

“ တပည့်တို့ အသင့်ရှိပါတယ် ”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကျင့်ကြံသူများက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။

“ တပည့်တို့ အသင့်ရှိပါတယ် ”

ထိုအသံက အရပ်ရှစ်မျက်နှာဆီသို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သော ဓားအလင်းတန်းများက အတူတကွ စုဝေးသွားကြသည့်အခါ ကုန်းမြေက တုန်ယင်သွားသည်။ မြို့ထဲမှာ စုဝေးနေသော မူလစွမ်းအားက စတင်လွင့်ပြယ်သွားသည်။

ထိုမြင်ကွင်းက လူတိုင်းကို အံ့ဩမင်သက်သွားစေသည်။

ထိုအင်အားက အလွန်သန်မာလေရာ မိုးမြေသည်ပင် ယင်းကို မထိန်းချုပ်နိုင်ပေ။

ဤအခိုက်အတန့်မှာ လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ တိုက်ပွဲကုန်းမြေက အနောက်ဆုတ်ရန် ရွေးချယ်လိုက်သည်။

မရေမတွက်နိုင်သော မူလစွမ်းအားများက အတူတကွ စုဝေးသွားပြီး လေထဲမှာ ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။

“ ဘန်း ”

ကောင်းကင်နှင့် မြေပြင်ကြားတွင် မရေမတွက်နိုင်သော ဓားအလင်းများက အတူတကွ စုဝေးသွားကြပြီး အထွတ်အထိပ်ပုဂ္ဂိုလ်များထံသို့ ဦးတည်သွားကြသည်။

ထိုသို့ဓားချက်… နောင်တမရပေ… ။

“ ဓားတစ်သောင်းတို့ အိမ်အပြန် ”

ဟွမ်ကျစ်ဟူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ယင်းက ဓားတစ်ချက်ဖြစ်သည်။

ယင်းက ဓားကျင့်ကြံသူသန်းပေါင်းများစွာ၏ စွမ်းအားကို စုစည်း၍ လူသတ်ဓားကွက်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုဓားချက်က သတ်ဖြတ်ရန်သာ ရည်ရွယ်သည်။

“ အရူးတွေ… ”

အဝေးမှ ကောင်းကင်ယံတွင် တစ်စုံတစ်ယောက်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

ဓားတစ်ချက်အတွက် ဓားကျင့်ကြံသူသန်းပေါင်းများစွာ၏ စွမ်းအားကို စုဝေးခြင်း… ။

ယင်းက သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် ဓားချက်ဖြစ်သည်။

“ သူတို့က တကယ်ပဲ ရူးမိုက်လွန်းတယ်… ”

“ အဲ့ဒီဓားချက်က အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် နှစ်ယောက်ကို သတ်ဖြတ်နိုင်ရင်တောင် သူတို့နောက်က အင်အားစုတွေကို ရန်စမိဦးမယ် ”

“ ဒါပေမဲ့ လူသတ်ဖို့ တုံ့ဆိုင်းမနေဘူး… အဲ့ဒါမှ စစ်မှန်တဲ့ ဓားကျင့်ကြံသူတွေ… ”

အဝေးတွင် လင်းရှောင်ဓားဂိုဏ်းမှ ဂိုဏ်းချုပ်၏ အနောက်မှာ မတ်တတ်ရပ်နေကြသော ဂိုဏ်းထိန်းအကြီးအကဲများက အံ့ဩချီးမွမ်းစွာ ပြောသည်။

လင်းရှောင်ဓားဂိုဏ်းသည် လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ ကောင်းကင်ဘုံစာရင်းထဲမှာ နံပါတ်တစ် ဖြစ်သည်။

သူတို့၏ အသုံးမကျသော ဂိုဏ်းသခင်လေးက လင်းရှောင်ဓားဂိုဏ်းကို ဤအဆင့်ထိ အမှန်တကယ် မြှင့်တင်ပေးနိုင်ခဲ့သည်လော။

သို့သော်လည်း ယခု လင်းရှောင်ဓားဂိုဏ်းက ဟင်းလင်းပြင်ထဲမှ အထွတ်အထိပ်ပညာရှင်အများအပြားနှင့် ရင်ဆိုင်ရတော့မည်။

သေခြင်းရှင်ခြင်းကို ဓားတစ်ချက်ဖြင့် အဆုံးအဖြတ်ပေးတော့မည်။

သံသယအရိပ်အမြွက်က ချန်းအောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဓားအလင်းက ကောင်းကင်ပေါ်ထိ ပျံတတ်သွားကြောင်း သူမြင်သောအခါ ချန်းအောင်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ ကျူးယန်နဲ့ ဖူကျွဲ… တကယ်လို့ ကျုပ်ပြန်ရောက်မလာရင် လင်းရှောင်ဓားဂိုဏ်းက ခင်ဗျားတို့ရဲ့ လက်ထဲမှာပဲ ”

သူက စကားဆုံးသည်နှင့် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အဝေးမှ တိုက်ပွဲမြေပြင်ဆီသို့ ဦးတည်ပျံသန်းသွားသည်။

သူ၏ အနောက်တွင် လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းထိန်းအကြီးအကဲများနှင့် တပည့်များက သိသာစွာ အမူအရာပျက်သွားကြသည်။

“ ဂိုဏ်းချုပ်… ခင်ဗျား… ”

တစ်စုံတစ်ယောက်က အလန့်တကြား လှမ်းအော်လိုက်သည်။

“ ကျုပ်သားက အရှေ့မှာ တိုက်ခိုက်နေတာ… ကျုပ်က ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ ”

ချန်းအောင်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး သူ့အရှေ့မှ ဟင်းလင်းပြင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

လင်းရှောင်ဓားဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာက တည်ကြည်နေသည်။

ဂိုဏ်းချုပ်ဖြစ်စေ သို့မဟုတ် သူတို့ဖြစ်စေ ဤတိုက်ပွဲကို ရပ်တန့်နိုင်စွမ်းမရှိကြချေ။ ထို့အတူ သူတို့၏ တိုက်ပွဲစွမ်းအားက ထိုအထွတ်အထိပ်ပုဂ္ဂိုလ်များကို မတားဆီးနိုင်ကြချေ။

အကယ်၍ သူတို့သာ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်မည်ဆိုလျှင် အလဟဿ အသက်ဆုံးရှုံးသွားလိမ့်မည် မဟုတ်ပါလော။

ချန်းအောင်၏ ပုံရိပ်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ့အရှေ့မှ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် ဓားအလင်းအမြောက်အများက မြန်ဆန်စွာ ပေါ်လျှိုးလာကြသည်။

“ ဟား ဟား… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဟဲရှန့်ယန် အရောက်နောက်ကျသွားတယ် ”

“ ဓားတာအိုက ဘယ်လောက် ခမ်းနားလိုက်လဲ… ကျုပ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မဟုတ်ပေမဲ့ လက်တစ်စုံ ကမ်းပေးချင်ပါတယ် ”

တောက်ကျန်းလင်က ပြောသည်။

“ ဒီနေ့တိုက်ပွဲက စိတ်လှုပ်ရှားဖို့ကောင်းမယ့်ပုံပဲ… ကျုပ် ဟဲမိုရန်လည်း ပါဝင်ချင်ပါတယ် ”

…..

ချန်းအောင်က အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်လေရာ သူနှင့် မနီးမဝေးတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဓားတစ်လက်ကို ကိုင်ဆောင်လျက် အရှေ့သို့ ရွေ့လျားသွားနေကြောင်း သူမြင်လိုက်သည်။

သူက ရယ်မောလိုက်ပြီး ပြောသည်။

“ တာအိုရောင်းရင်း… ခင်ဗျားလည်းပဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကူညီဖို့ ရောက်လာတာလား ”

လူငယ်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။

“ ကျုပ်နာမည်က ဟန်မူယဲ့ပါ… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ကူညီပေးဖို့ ရောက်လာတာပါ ”

ချန်းအောင်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး လှမ်းခေါ်လိုက်သည်။

“ ကောင်းတယ်… ဒါဆို ကျုပ်တို့အတူတူ သွားကြရအောင် ”

…..

“ ဘန်း ”

အရှေ့တွင် တောက်ပသော ဓားအလင်းက အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ယင်းက အထွတ်အထိပ်စွမ်းအားများနှင့် စည်းမျဉ်းများ၏ အပြန်အလှန် ဆန့်ကျင်မှု ဖြစ်သည်။

တိုက်ပွဲက ဤလောက၏ ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်။

အထက်အဆင့်သုံးဆင့် ကုန်းမြေများမှ မိုးမြေက မြန်ဆန်စွာ ဆင်းသက်လာပြီး ဤလောကနှင့် ပေါင်းစပ်သွားသည်။

အကယ်၍ မည်သူမှ ဝင်မစွက်ဖက်လျှင် ဤလောကက လုံးဝ ပြိုကွဲပျက်စီးသွားလိမ့်မည်။

မရေမတွက်နိုင်သော မူလစွမ်းအားများ လွင့်ပြယ်သွားသည့်အခါ မည်သည့်မြင်ကွင်း ထွက်ပေါ်လာလိမ့်မည်ကို မည်သူသိနိုင်မည်နည်း။

သို့သော်လည်း အနည်းဆုံးတော့ မရေမတွက်နိုင်သော အဆင့်တစ် ကောင်းကင်မိစ္ဆာသားရဲများက သေချာပေါက် ထွက်ပေါ်လာကြလိမ့်မည်။

မည်သူမှ မမြင်ဖူးသေးသော အဆင့်တစ်ထက် ကျော်လွန်သည့် ကောင်းကင်မိစ္ဆာသားရဲများသည်ပင် ထွက်ပေါ်လာနိုင်လောက်၏။

“ ဗုန်း ”

ဓားအလင်းက အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော ဧရာမအရိပ်ကို ပိုင်းဖြတ်လိုက်သည့်အခါ ကောင်းကင်ဘုံနှင့် ထိစပ်နေသော စစ်နတ်ဘုရားပုံရိပ်က တစ်ခါတည်း အက်ကွဲသွားသည်။

ဓားအလင်းက ထပ်မံ ပေါ်လျှိုးလာပြီး အင်မော်တယ်ဘုရင်ဒါဇင်ခန့်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ… ။

ယင်းက လောက၏ အထွတ်အထိပ်ပညာရှင်များကို အမဲလိုက်ခြင်း ဖြစ်သည်။

သုံးပေရှည်လျားသော ဓားက ဒုတိယမြောက် အထွတ်အထိပ် အင်မော်တယ်ဘုရင်ကို ပစ်မှတ်ထားလိုက်သည့်အခါ တာအိုပေါင်းစပ်ခြင်းအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ သဘာဝလွန်စွမ်းအားနှင့် အသွေးအသားများက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားကြသည်။

ထိုမြင်ကွင်းက ကောင်းကင်ပေါ်မှ အစွမ်းထက်ပညာရှင်များကို စတင်အနောက်ဆုတ်သွားစေသည်။

မည်သူမှ သူတို့၏ အသက်ကို လက်လွတ်စပယ် အဆုံးရှုံးမခံချင်ကြပေ။ အထူးသဖြင့် ဤလောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့ဖြစ်၍ ရှေ့တန်းက ချက်ချင်း ပြိုကွဲသွားသည်။

ကျန်ရှိသော အထွတ်အထိပ်ပညာရှင်များက အလျှင်အမြန် အနောက်ဆုတ်သွားကြပြီး အထက်အဆင့်သုံးဆင့် ကုန်းမြေများဆီသို့ ထွက်ပြေးသွားကြသည်။

သို့သော်လည်း သူတို့၏ အနောက်တွင် တောက်ပသော သုံးပေဓားရှည်က မရပ်တန့်သွားပေ။

ဓားက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသော အင်မော်တယ်ဘုရင်ဒါဇင်ခန့်နှင့် အထွတ်အထိပ် အင်မော်တယ်ဘုရင်နှစ်ပါး၏ စွမ်းအားကို စုပ်ယူလိုက်သည်။ ထိုအခါ အရောင်မှိန်ဖျော့သွားသော ဓားက တဖန် ထွန်းလင်းတောက်ပလာသည်။

သုံးပေရှည်လျားသော ဓားက အရှေ့သို့ ပျံသန်းထွက်သွားပြီး ထပ်မံ ခုတ်ပိုင်းလိုက်သည်။

“ ထွက်ပြေးလို့ မရဘူးဆိုမှတော့ သူသေကိုယ်သေ တိုက်ကြရအောင် ”

ထွက်ပြေးနေသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ရုတ်ချည်း အနောက်လှည့်လိုက်ပြီး သုံးပေဓားရှည်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ နှလုံးသားထဲမှ စိတ်ပျက်အားလျော့မှုက ပျောက်ကွယ်သွားပြီး အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက အစားထိုး ပေါ်လျှိုးလာသည်။

ထိုအစွမ်းထက်ပညာရှင်များက သေခြင်းရှင်ခြင်းတိုက်ပွဲကို မကြောက်ကြချေ။

“ သတ်ပစ် ”

ဟွမ်ကျစ်ဟူက အော်ပြောလိုက်သည်။

ချန်းအောင်နှင့်အတူ ပျံသန်းနေသော ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒီကောင်မလေးရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းအားကောင်းနေတုန်းပဲ ”

ယင်းကို ရှင်းရှင်းလင်းလင်း မကြားလိုက်သော ချန်းအောင်က ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။

“ ဘာမှမဟုတ်ပါဘူး… အခုလိုတိုက်ပွဲကို မြင်ရတာ ကျုပ်ရဲ့ သွေးတွေ ပွက်ပွက်ဆူလာတယ်လို့ ပြောတာပါ ”

ဟန်မူယဲ့က သာမန်ကာလျှံကာ ပြောလိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ ဓားအလင်းက ထွန်းလင်းတောက်ပလာသည်။

ဓားတာအို၏ အကြီးမြတ်ဆုံး အချိန်အခါက ယနေ့မှာ အမှန်တကယ် ရောက်ရှိလာသည်။

ချန်းအောင်က ခေါင်းမော့လိုက်ပြီး သူ၏ အရှေ့မှ ဓားဝင်္ကပါကို ကြည့်လိုက်လေရာ စိတ်လှုပ်ရှားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ ဟား ဟား… ခင်ဗျားပြောတယ် မှန်တယ်… အဲ့ဒါက ဓားတာအိုရဲ့ အကြီးမြတ်ဆုံး အချိန်အခါပဲ… ”

သူ၏ ပုံရိပ်က အရှေ့သို့ ပျံသန်းသွားနေလေရာ သူ၏ ဘေးမှ အလင်းက မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။

သူ၏ ဘေးမှ တခြားဓားကျင့်ကြံသူများသည်လည်း သူတို့၏ အလျင်ကို အဆုံးစွန်ထိ မြှင့်တင်လိုက်ကြသည်။

ဟင်းလင်းပြင်ထဲတွင် အင်အားစုအသီးသီးမှ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များက နောက်ထပ် မထွက်ပြေးကြတော့ဘဲ ရပ်လိုက်ကြသည်။

ထွက်ပြေးရန် မဖြစ်နိုင်မှတော့ သေသည်အထိ ရင်ဆိုင်တိုက်ခိုက်ရန်သာ သူတို့ရွေးချယ်နိုင်ကြတော့သည်။

ထိုအစွမ်းထက်ပုဂ္ဂိုလ်များက သူတို့၏ စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည့်အခါ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ငြိမ်သက်သွားသည်။

မူလစွမ်းအားများနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားများက အတူတကွ ယှက်ထွေသွားကြသည်။ ထို့နောက် မိုးကောင်းကင်အောက်မှ ဟင်းလင်းပြင်ထဲတွင် အဆုံးမဲ့သော ဧရာမပုံရိပ်များက ထွက်ပေါ်လာကြသည်။

ထိုအစွမ်းထက်ပုဂ္ဂိုလ်များက သေသည်အထိ ရင်ဆိုင်တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်လိုက်ကြသည့်အခါ သူတို့၏ နည်းလမ်းများက ယခင်ကနှင့် မတူညီတော့ပေ။

ဤအခိုက်အတန့်မှာ ဧရာမပုံရိပ်များက နေလုံးနှင့် မိုးကောင်းကင်ကို အပြည့်အဝ ဖုံးလွှမ်းသွားကြသည်။

ထို့နောက် သူတို့အားလုံးက ပြိုင်တူ လှုပ်ရှားလိုက်ကြသည်။

“ ဗုန်း ”

ပေတစ်သိန်းရှည်လျားသော လေဟာနယ်နဂါးတစ်ကောင်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ လေဟာနယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။ နောက်အခိုက်အတန့်မှာ လေဟာနယ်နဂါးက ကောင်းကင်ပံ့ပိုးမဟာဓားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ရွှေရောင်စစ်ဗိုလ်ချုပ်သုံးပါးက ဟင်းလင်းပြင်ထဲမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။ သူတို့တစ်ယောက်စီက ပေတစ်သိန်းရှည်လျားကြပြီး သူတို့၏ လက်ထဲမှ ဓားမော့များဖြင့် မြေပြင်ပေါ်သို့ ခုတ်ပိုင်းလိုက်ကြသည်။

အခြားတစ်ဖက်မှာတော့ လေ၊ မိုးကြိုး၊ ရေနှင့် မီးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။

လေ၊ မိုးကြိုး၊ ရေနှင့် မီးစွမ်းအားသည် ဟင်းလင်းထဲမှာ မူလဇစ်မြစ်မရှိကြပေ။ သို့ဖြစ်၍ ယင်းတို့က ဟင်းလင်းပြင်ထဲမှာ မတည်ရှိနိုင်ကြပေ။

သို့သော်လည်း ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က လေ၊ မိုးကြိုး၊ ရေနှင့် မီး၏ မူလဇစ်မြစ်များနှင့် စည်းမျဉ်းများကို လှုံ့ဆော်လိုက်ဟန် ရ၏။ သို့ဖြစ်၍ လေ၊ မိုးကြိုး၊ ရေနှင့် မီးစွမ်းအားက ဟင်းလင်းပြင်ထဲမှာ အမှန်တကယ် ထွက်ပေါ်လာကြပြီး အောက်ဘက်မှ ဓားကျင့်ကြံသူများကို တိုက်ခိုက်လိုက်ကြသည်။

ထိုသို့စွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ ဟင်းလင်းပြင်သည်ပင် လောင်ကျွမ်းသွားဟန် ရ၏။

“ ဘန်း ”

All Chapters