အခန်း (၁၄၇၀)
Vol. 105 Ch. 1470
“ အဖေ ”
ဟွမ်ကျစ်ဟူက နူးညံ့စွာ တီးတိုးပြောသည်။
ဟွမ်ခြောက်က ပြုံးလိုက်သည်။
“ အမတ်ချုပ်ဟန် နေကောင်းတယ်မလား ”
ဆရာချင်းစုယန်နှင့် ရှုကျီက ညင်သာစွာ ခေါင်းညိတ်လိုက်ကြပြီး လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ကြသည်။
ဟင်းလင်းပြင်ထဲတွင် အသံအားလုံးက စကားလုံးတစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားဟန် ရ၏။
“ ခင်ဗျားတို့ရော ကျန်းမာကြတယ်မလား ”
ဟန်မူယဲ့က သိမ်မွေ့စွာ ပြောသည်။
ချန်းအောင်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသောအမူအရာ ထွက်ပေါ်လာသည်။
သူက ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်ပြီး သူ့ဘေးမှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ ခင်ဗျားက လင်းရှောင်ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက်လား ”
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
“ တပည့်မဟုတ်ဘူး… ဧည့်အကြီးအကဲပါ ”
ချန်းအောင်က ပါးစပ်ဟလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ကျုပ်သားကို ခင်ဗျား သင်ကြားပေးခဲ့တာလား ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။
“ တစ်ခဏ ညွှန်ပြပေးရုံပါပဲ ”
ချန်းအောင်က ခေါင်းလှည့်လိုက်ပြီး မြေပြင်ပေါ်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးမှုက ပိုပြီးထင်ရှားလာသည်။
“ အဲ့ဒီဓားကျင့်ကြံသူတွေ… သူတို့က ခင်ဗျားရဲ့ လူတွေလား ”
“ သူတို့ရဲ့ တိုက်ပွဲစွမ်းအားက နိမ့်ကျနေသေးတယ်ဆိုပေမဲ့ သူတို့အားလုံးက ဓားကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားကြပါတယ် ”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
ချန်းအောင်က သူ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ ဓားကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ကောင်းကင်ပေါ်သို့ ရွှေ့ပြောင်းသွားသည်။
ထိုနေရာတွင် ကောင်းကင်ဘုံစာရင်း ရှိသည်။
ကောင်းကင်ဘုံစာရင်း၏ ထိပ်ဆုံးနေရာတွင် လင်းရှောင်ဓားဂိုဏ်း၏ အမည်ရှိသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အမည်က စတုတ္ထနေရာမှာရှိသည်။
ထိုသို့အင်အားစုကြီးနှစ်ခုကို လူတစ်ယောက်တည်းက လေ့ကျင့်ပေးခဲ့သည်လော။
ထိုပုဂ္ဂိုလ်က သူ၏ ဘေးမှ လူငယ် ဖြစ်သည်။
လက်စသတ်တော့ လင်းရှောင်ဓားဂိုဏ်းက ကောင်းကင်ဘုံစာရင်း၏ နံပါတ်တစ်နေရာကို ရရှိထားသည်မှာ ထိုလူငယ်၏ စွမ်းဆောင်ရည်ကြောင့်ပင်။
“ အဟန့်… တာအိုရောင်းရင်းဟန် ”
ချန်းအောင်က လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောသည်။
“ ကျေးဇူးတင်ပါတယ် ”
“ အခုကစပြီး ခင်ဗျားက လင်းရှောင်ဓားဂိုဏ်းရဲ့ အသန်မာဆုံးပုဂ္ဂိုလ်ပါ ”
သူက ထိုစကားကို စိတ်ရင်းမှန်ဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ဆရာဟန်… ”
အဝေးမှ ကောင်းကင်ယံတွင် အနက်ရောင်စစ်ပွဲရုပ်သေးရုပ်၏ ဘေးမှာ မတ်တတ်ရပ်နေသော ပုံရိပ်က ကြောက်လန့်တုန်လှုပ်သွားပြီး မျက်နှာဖြူဖျော့သွားသည်။
ထိုလူက ကြယ်စင်စုစကြာဝဠာမှ ရောက်ရှိလာသော ကျင့်ကြံသူဖြစ်သည်။ သူက မဟာတာအိုရွှေရောင်ပုတီးစေ့ကို လုယူရန် ဤနေရာသို့ ရောက်လာခဲ့သော်လည်း ဤအခိုက်အတန့်မှာ သူက ကြောက်လန့်သွားသည်။
ဆရာဟန်က ကြယ်စင်စုစကြာဝဠာထဲမှာ အဆုံးမဲ့သော လှိုင်းဂယက်များကို အစပျိုးခဲ့သူ ဖြစ်သည်။ ထိုသို့အစွမ်းထက်သော ပုဂ္ဂိုလ်က လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ အဓိကအင်အားစုကြီးနှစ်ခုကို ပိုင်ဆိုင်ထားသည်လော။
သူ့မှာ မည်မျှများပြားသော လျှို့ဝှက်ချက်များ ထပ်ရှိသေးသနည်း။
ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အထွတ်အမြတ်တာအိုဘုရားကျောင်းမှ လူငယ်ထံသို့ ကျရောက်သွားသည်။
လူငယ်က အနည်းငယ် တုန်ယင်သွားပြီး သူ၏ ခန္ဓာကိုယ်က ရွှေရောင်ထွန်းလင်းလာသည်။
“ ဝိညာဉ်စွမ်းအားကို ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံထားတာပဲ… ဒါဆိုရင် မင်းရဲ့ ဝိညာဉ်က ဘယ်လောက်သန်မာလဲ ကြည့်ရအောင် ”
အထွတ်အမြတ်တာအိုဘုရားကျောင်းမှ လူငယ်က အော်ပြောလိုက်သည်။ ထို့နောက် သူက လက်ထဲမှ ရွှေတုတ်ချောင်းကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မိုင်တစ်သောင်းရှည်လျားပြီး ဦးချိုနှစ်ချောင်းပါသော ဧရာမနဂါးဆယ်ကောင်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြပြီး ဟန်မူယဲ့ထံသို့ ပျံသန်းသွားကြသည်။
နဂါးတစ်ကောင်စီ၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံများထဲတွင် လေဟာနယ်ကို ဆုတ်ဖြဲနိုင်သော စွမ်းအားက ကိန်းအောင်းနေသည်။
ထို့ကြောင့် ၎င်းတို့ ထွက်ပေါ်လာသည့်အခါ ဟင်းလင်းပြင်က ပုံပျက်တွန့်လိမ်သွားသည်။
ယင်းက ဝိညာဉ်စွမ်းအားကို အသုံးပြု၍ မိုးမြေ၏ လက်ခံနိုင်စွမ်းထက် ကျော်လွန်နေသော စွမ်းအားကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။
ထိုရွှေတုတ်ချောင်းက ဝိညာဉ်လမ်းစဉ်အတွက် ရှားပါးရတနာတစ်ခု ဖြစ်သည်။
ချန်းအောင်က သူ၏ လက်ထဲမှ ဓားကို ကိုင်မြှောက်လိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်သည်။ ထို့နောက် သူက အနည်းငယ် တုံ့ဆိုင်းသွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ ထားလိုက်ပါတော့… ငါက လင်းရှောင်ဓားဂိုဏ်းရဲ့ အသန်မာဆုံးပုဂ္ဂိုလ်မှ မဟုတ်တော့တာ ”
သူ၏ ဘေးတွင် ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ မင်း နောက်ထပ် တိုက်ပွဲတစ်ပွဲတိုက်ဖို့ အားကျန်သေးလား ”
ထိုစကားက မည်သည့်အဓိပ္ပာယ်နည်း။
ဟန်မူယဲ့၏ စကားဆုံးသွားသည့်အခါ သုံးပေရှည်လျားသော ဓားတစ်လက်က မြေပြင်ပေါ်မှ မြှောက်တတ်လာသည်။
ထိုဓားက အမှောင်ညကဲ့သို့ နက်မှောင်ပြီး ထျန်းရွှမ်ဓားနှင့် ဆင်တူသည်။ သို့သော်လည်း ၎င်း၏ ပေတစ်ထောင်ရှည်လျားသော ဓားပုံရိပ်ယောင်ကိုယ်ထည်က မှေးမှိန်သည့် အလင်းကို အစဉ်မပြတ် ထုတ်လွှတ်နေသည်။
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ ဓားက အရှေ့သို့ ပျံသန်းထွက်သွားသည်။
နောက်အခိုက်အတန့်မှာ အချင်းမိုင်တစ်သောင်းကျယ်ပြောသော ကုန်းမြေနှင့် အချင်းမိုင်တစ်သိန်းကျယ်ပြောသော ဟင်းလင်းပြင်သာမက မိုးမြေ၏ အလွှာအထပ်ထပ်နှင့် အဆုံးမဲ့ဟင်းလင်းပြင်၏ အပြင်ဘက်မှ စကြာဝဠာများသည်ပင် တုန်ယင်သွားသည်။
ဤအခိုက်အတန့်မှာ မိုးမြေကြားမှ၊ လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းရှိ ကုန်းမြေများထဲမှ ကျင့်ကြံသူအားလုံးက အမူအရာပြောင်းလဲသွားကြသည်။
သတ်ဖြတ်ခြင်းအရှိန်အဝါက အလွန်အားကောင်းစွာ ပျံ့နှံ့သွားသည်။
ယင်းက ရှေးခေတ်မှ ဆင်းသက်လာသော သတ်ဖြတ်ခြင်းအရှိန်အဝါ ဖြစ်သည်။
ဓားပျံသန်းသွားသည်နှင့် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် မူလဝိညာဉ်ဓားသုံးလက် ထွက်ပေါ်လာကြသည်။
ထို့နောက် ဓားလေးလက်က ကုန်းမြေ၏ ထောင့်လေးထောင့်တွင် နေရာယူလိုက်ကြသည်။
ထိုအခိုက်အတန့်မှာ အချင်းမိုင်တစ်သိန်းအတွင်းမှ သက်ရှိအားလုံးက အရိုးခိုက်ခိုက်တုန်သွားကြသည်။
ရှေးခေတ်ကတည်းက မည်သူမှ မမြင်ခဲ့ဖူးသော အစွမ်းထက် သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုက ယခု ပေါ်ထွက်လာသည်။
အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါ… ။
“ အင်မော်တယ် ”ဟူသော စကားလုံးသည် ဤလောက၏ သေမျိုးဘဝမှ လွတ်မြောက်သွားသူအားလုံးကို ရည်ညွှန်းသည်။
ဤအချင်းမိုင်တစ်သိန်းအတွင်းမှာ ရှိကြသော လူတိုင်းက အင်မော်တယ်များ မဟုတ်ကြပါလော။
ယင်းက ဓားတစ်ကွက်ဖြင့် အမြစ်ဖြတ်သုတ်သင်ခြင်း ဖြစ်သည်။
အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါ… ။
ထိုဓားဝင်္ကပါသည် ဟန်မူယဲ့ သူ၏ စွမ်းအင်အားလုံးကို စုဝေးပြီးနောက် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အတိတ်မှာ သူက ထိုဓားဝင်္ကပါကို သူ၏ စိတ်ထဲမှာသာ လေ့ကျင့်ခဲ့ဖူးသည်။
ထိုအင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါက ယခင် သူအသုံးပြုခဲ့သော ကောင်းကင်သုတ်သင်ခြင်းဓားဝင်္ကပါထက် အများကြီး ပိုအစွမ်းထက်သည်။ ယင်းက သူ၏ မူလဝိညာဉ်ဓားသုံးလက်မှ ဖွဲ့စည်းသွားခဲ့သော တခြားဓားဝင်္ကပါများထက်လည်း ပိုပြီးကြောက်စရာကောင်းသည်။
အင်မော်တယ်သုတ်သင်ခြင်းဓားဝင်္ကပါ ထွက်ပေါ်လာသည့်အခါ လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှ သက်ရှိအားလုံးက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။
ထိုကြောက်ရွံ့မှုက သူတို့၏ ဝိညာဉ်အနက်ပိုင်းထဲမှ ပေါ်လျှိုးလာခြင်း ဖြစ်သည်။
ယင်းက အထွတ်အထိပ်စွမ်းအားအပေါ် ကြောက်ရွံ့ရိုသေမှု ဖြစ်သည်။
“ ဗုန်း ”
အထွတ်အမြတ်တာအိုဘုရားကျောင်းမှ လူငယ်၏ ရွှေတုတ်ချောင်းက သူ၏ မျက်စိအရှေ့မှာတင် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
ဤလောကထဲမှာ အလွန်ရှားပါးသော ရတနာက ထိုဓားဝင်္ကပါကြောင့် ပျက်စီးသွားသည်။
ထိုအထွတ်အထိပ်အင်မော်တယ်ဘုရင် လူငယ်တာအိုပညာရှင်က မယုံကြည်နိုင်ဖြစ်သွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက သူ၏ လက်နှစ်ဖက်ကို အံ့ဩထိတ်လန့်စွာ ငုံ့ကြည့်လိုက်သည်။
အက်ကွဲရာများက သူ၏ လက်ဖဝါးနှစ်ဖက်ပေါ်မှာ တစ်လက်မချင်းစီ ထွက်ပေါ်လာသည်။
“ မင်း… မင်းက ငါ့ရဲ့ ကိုယ်ပွားကို ဖျက်ဆီးရဲတယ်လား… ”
ဒေါသအရိပ်အယောင်က လူငယ်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဤအခိုက်အတန့်မှာ ယခင်ကဲ့သို့ မတည်ငြိမ်နိုင်တော့ပေ။ ထို့နောက် သူက ဒေါသတကြီး အော်ပြောလိုက်ပြီး ကောင်းကင်ပေါ်သို့ ခေါင်းမော့လိုက်သည်။
အန္တရာယ်အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
လူငယ်တာအိုပညာရှင်၏ ရုပ်ခန္ဓာကိုယ်က တိုက်ရိုက် အက်ကွဲသွားသည်။ ထို့နောက် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ခေါင်းကိုးလုံးဆန်းကြယ်အင်းဆက်တစ်ကောင်က ထွက်ပေါ်လာသည်။
“ အထွတ်အမြတ်တာအိုဘုရားကျောင်း… အထွတ်အမြတ်ကောင်းကင်ဘုံအင်းဆက်… ခေါင်းကိုးလုံးကောင်းကင်ဘုံစည်းခတ်ချပ်ဝတ် ”
“ အဲ့ဒီကောင်က အတိတ်မှာ စကြာဝဠာသုံးထောင်ကို ဝါးမျိုခဲ့တဲ့ ဒဏ္ဍာရီလာ ကောင်းကင်ဘုံအင်းဆက်မဟုတ်ဘူးလား… နောက်ပိုင်းမှာ အဲ့ဒီကောင်က ကြယ်စင်စုစကြာဝဠာရဲ့ နှိမ်နင်းခံလိုက်ရတယ်လေ ”
အဝေးမှ ကောင်းကင်တွင် တစ်စုံတစ်ယောက်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
လက်စသတ်တော့ အထွတ်အမြတ်တာအိုဘုရားကျောင်း၏ နောက်ကွယ်မှ စကြာဝဠာကို အသိစိတ်ရှိသော အင်းဆက်များက အုပ်စိုးနေခြင်းပင်။
“ သေစမ်း… မင်းတို့အားလုံး သေဖို့ ထိုက်တန်တယ် ”
ခေါင်းကိုးလုံးဆန်းကြယ်အင်းဆက်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အော်သံက မိုးမြေကြားထဲမှာ ပဲ့တင်ထပ်သွားသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ၏ ညာဘက်လက်ကို ညင်သာစွာ ဖျစ်ညှစ်လိုက်သည်။
“ ပေါင်းစည်းစမ်း ”
သူက မထူးမခြားနား ပြောလိုက်သည့်အခါ ဓားလေးလက်က ချက်ချင်း ရွေ့လျားသွားကြသည်။
အသင်္ချေဓားအလင်းများက လေထဲမှာ စုဝေးသွားကြပြီး ခေါင်းကိုးလုံးဆန်းကြယ်အင်းဆက်ကို တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။
အဆုံးမဲ့သော မူလစွမ်းအားက ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ထိုစဉ် ကောင်းကင်မိစ္ဆာသားရဲများ၏ ပုံရိပ်များက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာကြသည်။
မူလစွမ်းအားက ကောင်းကင်ပေါ်မှာ စုဝေးသွားမည်ဆိုလျှင် ထိုနေရာမှာ ကောင်းကင်မိစ္ဆာသားရဲများ ထွက်ပေါ်လာကြလိမ့်မည်။ အကယ်၍ မူလစွမ်းအားက မြေပြင်ပေါ်မှာ စုဝေးသွားမည်ဆိုလျှင် ထိုနေရာမှာ ကောင်းကင်ပုတီးစေ့များ ထွက်ပေါ်လာကြလိမ့်မည်။
စကြာဝဠာတစ်ခု၏ အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးက ဓားတစ်ချက်ဖြင့် သေဆုံးသွားလေရာ ထုံးစံအားဖြင့် သူ၏ မူလစွမ်းအားက ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသည်။
ထိုဓားချက်က လူတိုင်း၏ သွေးစီးဆင်းမှုကို အေးခဲသွားစေသည်။
ဓားတစ်ချက်က ဤလောက၏ အထွတ်အထိပ် အင်မော်တယ်ဘုရင်တစ်ပါးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည်။
“ ခေါင်းကိုးလုံးဆန်းကြယ်အင်းဆက်က သူ့ရဲ့ မချိုးဖြတ်နိုင်တဲ့ ခံစစ်ကြောင့် လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ နာမည်ကျော်ကြားတယ်… ဒါတောင် အခု သူက ဓားတစ်ချက်ကို မတောင့်ခံနိုင်ဘူးလား… ”
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည့်အခါ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။
ထိုဓားချက်ကို မည်သူက ခုခံနိုင်လိမ့်မည်နည်း။
“ သူ… သူက လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲက လူတိုင်းရဲ့ ရန်သူဖြစ်လာတော့မှာလား ”
ကောင်းကင်အပြင်ဘက်မှ တစ်စုံတစ်ယောက်က ကြောက်လန့်စွာ ပြောသည်။
ဓားဝင်္ကပါမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါက အလွန်ကြောက်စရာကောင်းလေရာ တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို အေးခဲသွားစေရန် လုံလောက်သည်။
ချန်းအောင်က နေရာမှာ မတ်တတ်ရပ်နေရင်း သူ၏ လက်ထဲမှာ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့ရိုသေမှုဖြင့် ပြည့်နှက်သွားသည်။
သူ၏ လင်းရှောင်ဓားဂိုဏ်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ အဆင့်တစ်ဖြစ်နေခြင်းက ယခု မထူးဆန်းတော့ပေ။
ထိုသို့ဓားချက်ကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲထဲမှာ မည်သူက ခုခံနိုင်လိမ့်မည်နည်း။
ဟန်မူယဲ့က နောက်တစ်ကြိမ် ခေါင်းမော့လိုက်သည်။
တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
မိုးကောင်းကင်ကို ထမ်းပိုးထားသော ဓားလေးလက်က သူ၏ ခန္ဓာကိုယ်ပေါ်မှ ရုပ်ခွန်အားနှင့် ပေါင်းစပ်သွားသည်။
သူ၏ ရုပ်ခွန်အားက ဝင်္ကပါတာအိုအတွက် အကြီးမားဆုံး အထောက်အပံ့စွမ်းအား ဖြစ်လာသည်။
သွေးနီရောင်စစ်ဗိုလ်ချုပ်၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
တိုက်ပွဲစိတ်ဆန္ဒက ဒြပ်ထည်ဖွဲ့စည်းသွားသည်။
ထိုတိုက်ပွဲစိတ်ဆန္ဒပုံရိပ် ထွက်ပေါ်လာသည့်အခါ သူ့ကို ဝိုင်းရံထားကြသော အစွမ်းထက်ပညာရှင်အားလုံးက မျက်နှာဖြူဖျော့သွားကြသည်။
ယင်းက သေသည်အထိ တိုက်ခိုက်သွားမည့် စိတ်ဆန္ဒဖြစ်သည်။
အနောက်ဆုတ်ရန် အတွေးမရှိပေ။ တိုက်ခိုက်ခြင်းသာ ရှိလိမ့်မည်။
“ အရေးမပါတဲ့ ရုန်းကန်မှုပဲ ”
“ မင်းရဲ့ ဓားဝင်္ကပါက ကျုပ်တို့အားလုံးကို သတ်ပစ်နိုင်မယ်လို့ ဒီဘုရင် မယုံဘူး ”
“ တိုက်ခိုက်ကြမယ်… မဟုတ်ရင် ငါတို့အားလုံး သေချာပေါက် သေလိမ့်မယ် ”
အော်သံများက အထွတ်အထိပ် အင်မော်တယ်ဘုရင်များထံမှ ထွက်ပေါ်လာသည်။
သူတို့၏ အရှေ့တွင် သဘာဝလွန်စွမ်းအားများက ထွန်းလင်းတောက်ပသွားသည်။
အကန့်အသတ်မဲ့ နတ်ဘုရားစွမ်းအင်… ။
သူတို့အားလုံးက သက်ဆိုင်ရာစကြာဝဠာများထဲတွင် နှစ်ထောင်ပေါင်းများစွာကြာအောင် မင်းမူနေခဲ့ကြသူများ မဟုတ်ပါလော။
သူတို့ထဲမှ မည်သူက ကျင့်ကြံခြင်းလမ်းစဉ်၏ အန္တရာယ်များနှင့် အခက်အခဲများကို မကျော်လွှားဖူးဘဲ နေမည်နည်း။
အကန့်အသတ်မဲ့ နတ်ဘုရားစွမ်းအင်ဆိုသည်မှာ စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ စွမ်းအားထုတ်ဖော်မှုပြယုဂ် ဖြစ်သည်။ ယင်းက သူတို့ကို တခြားလူများထက် သာလွန်စေမည့် စွမ်းအား ဖြစ်သည်။
သူတို့ထံမှ သဘာဝလွန်စွမ်းအားက ဟင်းလင်းပြင်ကို လှုပ်ခါပစ်နိုင်စွမ်း ရှိသည်။
ယင်းက စကြာဝဠာတစ်ခုကို သိမ်းပိုက်နိုင်သော ဤလောက၏ အသန်မာဆုံးစွမ်းအား ဖြစ်သင့်ပေသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုသဘာဝလွန်စွမ်းအားများက လေထဲမှ ဖယောင်းတိုင်မီးသဖွယ် မှေးမှိန်နေလေသည်။ ယင်းတို့၏ အရှေ့တွင် ဓားအလင်းက အကန့်အသတ်မဲ့စွာ ထွန်းလင်းတောက်ပနေသည်။
“ သတ် ”
ဟန်မူယဲ့က တိုးညင်းစွာ အော်ပြောလိုက်သည်။