ထက်မြက်လှပါသော
Vol. 132 Ch. 1705
‘ငါ့လက်ချက်နဲ့ သေသွားတဲ့ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား ၂၁ ယောက် ရှိပြီ… သူတို့ထဲက တစ်ယောက်က ပိတ်လှောင်ခံထားရတယ် ..... နောက်တစ်ယောက်ကိုတော့ ညီလေးကျန်းပိုင်ကွေ့က ဖိနှိပ်ထားတယ်…. အဲ့ဒီရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်က အင်အား သိပ်ကျန်တော့မှာ မဟုတ်ဘူး… ဆိုတော့ နောက်ထပ်ခုနစ်ယောက်ပဲ ကျန်တော့မယ်”
ချင်မူ မြောက်ဘက်နယ်စပ်သို့ ဦးတည်ပြေးနေသည်။ သူ၏အမြန်နှုန်းသည် အစကနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နှေးကွေးလာသောကြောင့် ရင်ထဲတွင် လေးလံလာသည်။
အနောက်ကမ္ဘာမြေသို့ အချိန်မီ မရောက်နိုင်လောက်ပေ။
သူ ဝေစွေ့ဖုန်းနှင့် လိပ်နက်ကို စွန့်ပစ်ပြီး အနောက်ကမ္ဘာမြေသို့ ချက်ချင်းသွားလျှင်တောင်မှ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်သည် ထိုနေရာသို့ ရောက်ရှိပြီးဖြစ်ပေလိမ့်မည်။
'ဒါပေမဲ့ ငါ အဲဒီရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်ကို သတ်ရလိမ့်မယ်… မဟုတ်ရင် သူတို့ ယွဲ့ထင်းကဲနဲ့ အနောက်နတ်မင်းကျားဖြူကို သတ်ပြီးတာနဲ့ ပြန်လှည့်ပြီး ပထမလူသားဧကရာဇ်၊ တာအိုဘိုးဘေးကြီးနဲ့ တခြားသူတွေကို သတ်လိမ့်မယ်… ယွဲ့ထင်းကဲနဲ့ အနောက်နတ်မင်းကျားဖြူတို့ တောင့်ခံထားနိုင်လောက်ပါတယ်.. ယွဲ့ထင်းကဲက နံပါတ်တစ်ကောင်းကင်ဆရာသခင်မလား”
သူ့အလျင်သည် လျှပ်စီးအလား မြန်ဆန်၏။ မြောက်ဘက်နယ်စပ်တွင် နတ်မင်းရွှမ်းဝူနှင့် ဝေစွေ့ဖုန်းတို့ကို အသီးသီး တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဘုရားကိုယ်ပွား သုံးယောက် ရှိလေသည်။
အနောက်ကမ္ဘာမြေတွင် နှစ်ယောက်၊ နဂါးချီလင်ကို ရှင်းလင်းရန် တောင်ကောင်းကင် သို့မဟုတ် သားရဲကမ္ဘာတွင် တစ်ယောက်နှင့် နောက်ဆုံးတစ်ယောက်ကတော့ ဘိုးဘေးနန်းတော်တွင် ဖြစ်သည်။
“နဂါးချီလင်ကို မကယ်လည်း ရတယ်… သူက သူ့ရဲ့ ဆင့်ခေါ်ခြင်းကောင်းကင်နတ်သိုင်းကို သုံးပြီး သားရဲကမ္ဘာ ဒါမှမဟုတ် တောင်ကောင်းကင်ကနေ နေရာရွှေ့ပြောင်းရင်း လင်းကွမ်ခန်းမသခင်ကို လက်ဗလာနဲ့ ထားခဲ့လို့ရတယ်… ဒါပေမဲ့ အဲဒီရှေးဟောင်းနတ်ဘုရားကိုယ်ပွားကိုလည်း သတ်မှဖြစ်မယ်… ချန်ထားခဲ့လို့ မရဘူး… ဒါပေမဲ့ အရေးအကြီးဆုံးက ဘိုးဘေးနန်းတော်ကို သွားတဲ့ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားပဲ”
မြောက်ဘက်နယ်စပ်သို့ ချင်မူ ရောက်လာသည့်အချိန်တွင် ရေခဲများနှင့် နှင်းများကို တွေ့လိုက်ရသည်။ မြေပြင်မှာ အေးခဲဖြူဖွေးနေ၏။ ဧရာမနှင်းနှင့် ရေခဲနတ်ဘုရားမြို့များက ကောင်းကင်တွင် မြောလွင့်နေကြပြီး ရေခဲတောင်တို့က မြို့များ၏ အလယ်တွင် မြောနေကြသည်။ လိပ်နက်၏ ရွှံ့နွံသည် ဤနေရာတွင် ထွက်ပေါ်လာပြီး ကောင်းကင်နတ်မြစ်မှာလည်း ၎င်း၏ ဆွဲယူခြင်း ခံထားရသည်။
ရွှံ့နွံကား ရွှမ်းဝူနတ်မင်းနှစ်ပါး ဘိုးဘေးနယ်မြေဖြစ်ပြီး အလွန်တရာ ခမ်းနား၏။ ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးထဲတွင် ရွှမ်းဝူနတ်မင်းနှစ်ပါးမှာ အသန်မာဆုံး ဖြစ်သည်။ ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ကမ္ဘာဦးခေတ်က အသန်မာဆုံး ဖန်ဆင်းရှင်မျိုးနွယ်များ ဖြစ်ကြသည့် ကျုယွီမျိုးနွယ်မှ ပူဇော်ကိုးကွယ်ခဲ့သည့် နတ်ဘုရားများ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ရွှံ့နွံထဲက ကောင်းကင်နတ်မြစ်ပေါ်တွင် ဧရာမသင်္ဘောကြီးက ရေကို ထိုးခွင်းလျက် ရွက်လွှင့်လာနေသည်။
ဝေစွေ့ဖုန်းက ယွီလင်နန်းစောင့်တပ်ဖွဲ့များကို ဦးဆောင်၍ သင်္ဘောပေါ်တွင် မဟာကောင်းကင်နတ်ဘုံ၀င်္ကပါကို ခင်းကျင်းနေ၏။ ဤသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အသစ်ဆုံး ၀င်္ကပါအခင်းအကျင်း ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထူးချွန်သော လုပ်သားများဖြင့် သူတို့သည် ၀င်္ကပါအခင်းအကျင်းလေးခုသာ ဖန်တီးခဲ့ပြီး တစ်ခုကို ဧကရာဇ်ရီယွဲ့က ယူသွားခဲ့၏။ ၎င်းကို ရွှင်ပျော်ပျော်ကျေးရွာတိုက်ပွဲတွင် အသုံးပြုခဲ့သည်။
ဝေစွေ့ဖုန်းတွင် တစ်ခု၊ ကျန်းပိုင်ကွေ့တွင် တစ်ခုနှင့် ယွဲ့ထင်းကဲ၌ တစ်ခုစီ ရှိကြ၏။
ဧရာမသင်္ဘောကြီးကတော့ ကောင်းကင်နတ်မြစ်ရေတပ်၏ ကောင်းကင်နတ်မြစ်စေတီကို ချိုးဖျက်ရန် ဝေစွေ့ဖုန်း ရေးဆွဲဖန်တီးခဲ့သော အရာတစ်ခု ဖြစ်သည်။ ၎င်းက ပြိုင်ဘက်ကင်းစွမ်းအားကြီးသော ကောင်းကင်လက်နက်တစ်ခုလည်း ဖြစ်၏။
ကောင်းကင်လက်နက်ကြီးနှစ်ခု၏ ထောက်ပံ့ခြင်း ရရှိထားသည့်တိုင် ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်ဖွဲ့တို့မှာ လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် မလွယ်ပေ။။ ၀င်္ကပါမှာ အချိန်မရွေး ဖြိုခွင်းခံရနိုင်၏။
အခြားတစ်ဖက်တွင် ရွှမ်းဝူနတ်မင်းနှစ်ပါးက ပေါင်းစည်း၍ ခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်ပြသထားသည်။ သူက ရွှံ့နွံထဲရှိ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားများနှင့် တိုက်ခိုက်နေ၏။ ဇနီးမောင်နှံနှစ်ယောက်တွင် တစ်ယောက်က လိပ်နက်ဖြစ်ပြီး ကျန်တစ်ယောက်က မြွေပျံ ဖြစ်လေသည်။
မြွေပျံက လိပ်နက်ကို ရစ်ပတ်နေပြီး လိပ်နက်က ၎င်း၏ အလွန်တရာကြီးမားတုတ်ခိုင်သော ခြေလက်များကို ဖြန့်ကားထားသည်။ လိပ်နက်သည် ပျံသန်းနေသည့်အလား ရွှံ့နွံထဲတွင် ပြေးလွှားနေပြီး ရွှံ့နွံ၏ စွမ်းအားကို အသက်သွင်းရန် လိပ်နက်၀င်္ကပါကို နင်းနေ၏။ ကောင်းကင်ပြိုလဲ၍ မြေပြင်အက်ကွဲလာသည့်အထိ ပြင်းပြင်ထန်ထန် တိုက်ခိုက်နေကြသောကြောင့် ရွှံ့နွံမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပေတော့မည်။
ရွှမ်းဝူဧကရာဇ်နှစ်ပါး၏ ခန္ဓာကိုယ်တို့မှာလည်း စုတ်ပြဲနေကြပြီး အရိုးကြေကြေ အရေခမ်းခမ်း ခုခံကာကွယ်နေကြရသည်။ ဇနီးမောင်နှံနှစ်ယောက်စလုံး၏ စွမ်းအားများ ပေါင်းစည်းထားကြသော်လည်း လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်ကလည်း ပူးပေါင်းတိုက်ခိုက်နေကာ သူတို့ဇနီးမောင်နှံနှစ်ယောက်ထက်ပင် ပို၍စွမ်းအားကြီးနေ၏။ ဘိုးဘေးနယ်မြေတွင်သာ မဟုတ်ပါက သူတို့ သေဆုံးသွားခဲ့သည်မှာ ကြာလေပြီ။
ချင်မူက ပြေးဝင်လာပြီး လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်ကြားထဲသို့ လျှပ်တပြက် ၀င်လိုက်သည်။ သူက ရှောင်တိမ်းခြင်း မပြုဘဲ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်၏ ပူးပေါင်းတိုက်ကွက်ကို သူ၏ ရုပ်ခန္ဓာဖြင့် ခုခံကာ သူ့အပေါ် ကျရောက်စေလိုက်၏။
သူ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်၏ ဘယ်မျက်ခုံးနှင့် ညာမျက်ခုံးပေါ်သို့ လက်တင်လိုက်သည့်အခါ အနီရောင်ကြိုးထုံး၏ စွမ်းအားက ချက်ချင်း ပေါက်ကွဲထွက်လာသည်။
ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်မှာ ညည်းညူလိုက်ကြပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာကြ၏။ သူတို့ ကျဆင်းနေသည့်အချိန်တွင် အနီရောင်ကြိုးထုံးက သူတို့၏ မူလဝိညာဉ်များကို ဖြိုခွဲလိုက်ချေပြီ။
ချင်မူ့ခြေလှမ်းများက မရပ်တန့်ဘဲ ကောင်းကင်ကို ခွင်းလျက် ဆက်လက်ထွက်ခွာသွားသည်။
ဝေစွေ့ဖုန်းမှာ ချင်မူရောက်လာသည်ကို မြင်လျှင် ဝမ်းသာသွားသော်လည်း သူ့ဘေးသို့ ရောက်မလာဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောကြောင့် ဒေါသထွက်သွားမိသည်။ “ငါက သူ့အစ်ကိုကြီးလေ… ငါ့ကို ဒီအတိုင်း သေအောင် ပစ်ထားခဲ့တယ်ပေါ့”
ရွှမ်းဝူနတ်မင်းနှစ်ပါးမှာ ကယ်တင်ခံလိုက်ရသည်နှင့် သူ့အား ချက်ချင်း လာရောက်ကူညီပေးကြသည်။ အတူတကွ ပူးပေါင်း၍ လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကို သတ်ဖြတ်လိုက်ကြ၏။
‘လေးယောက် ကျန်သေးတယ်… ဒါပေမဲ့ အနောက်ကမ္ဘာမြေအတွက် နောက်ကျနေပြီ...’
ချင်မူ ပိုပို၍ စိုးရိမ်ပူပန်လာမိသည်။ သို့သော် မည်မျှပင် စိုးရိမ်ပူပန်ပါစေ မြောက်ဘက်နယ်စပ်နှင့် အနောက်ကမ္ဘာမြေကြားရှိ ခရီးမှာ အစကတည်းက ဝေးကွာသောကြောင့် အချိန်အနည်းငယ် ယူရလေသည်။
လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက သူ့ထက် ဦးစွာ ထွက်ခွာခဲ့သည့်အပြင် အမြန်နှုန်းကလည်း မြန်ဆန်သည်။ ထိုမျှသာမက ချင်မူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ စစ်မြေပြင်အားလုံးကိုလည်း သွားရောက်ခဲ့ရသောကြောင့် လင်းကွမ်ခန်းမသခင်အနေဖြင့် ယခုအချိန်တွင် အနောက်ကမ္ဘာမြေသို့ ရောက်နှင့်ပြီး ဖြစ်နေပေလိမ့်မည်။
အနောက်ကမ္ဘာမြေတွင်…
စစ်ပွဲမီးတောက်များက အထက်ကောင်းကင်သို့ပင် ပျံ့နှံ့လာခဲ့ချေပြီ။ အထက်ကောင်းကင်သည် ရှုရှန်းဟွာ၏ မွေးရပ်မြေဖြစ်သော်လည်း အဖြူရောင်နတ်မင်းက သိမ်းပိုက်ရယူသွားခဲ့၏။ အနောက်နတ်မင်း၏ စစ်တပ် ချီတက်လာသည့်အခါတွင် အဖြူရောင်နတ်မင်းက ထိပ်တိုက်မတိုက်ခိုက်ဘဲ အထက်ကောင်းကင်တွင်သာ ခြေကုပ်ယူကာ နောက်ဆုတ်နေခဲ့သည်။
အနောက်နတ်မင်းကျားဖြူ၏ စစ်တပ်ဆင်းသက်လာပြီးနောက် အထက်ကောင်းကင်ဘုံ တိုက်ပွဲမှာ စတင်ခဲ့သည်။ အဖြူရောင်နတ်မင်းက ဘိုးဘေးနန်းတော်၏ အနောက်ကောင်းကင်မုခ်၀ကို အထက်ကောင်းကင်၏ မုခ်၀အဖြစ် အသုံးပြုခဲ့၏။ သူက အထက်ကောင်းကင်ကို အသက်နှင့်ရင်း၍ ကာကွယ်နေပြီး ကောင်းကင်နတ်ဘုံထံမှ စစ်ကူကို စောင့်မျှော်နေခဲ့သည်။
အနောက်နတ်မင်းက အင်အားသုံး၍ ဖိတိုက်နေသော်လည်း ဤမုခ်၀ဖြင့် တားဆီးခံထားရသောကြောင့် အထက်ကောင်းကင်ဘုံ မတိုက်ခိုက်နိုင်ဘဲဖြစ်နေသည်။ ယွဲ့ထင်းကဲက ဝိညာဉ်ဆင့်ခေါ်ခြင်းအတတ်တွင် ကျွမ်းကျင်သည့် အနောက်ကမ္ဘာမြေမှ အမျိုးသမီးများကို ဦးဆောင်ကာ ရှေ့သို့ ချီတက်သွားသည်။ သူတို့က ကိုယ်ပိုင်စွမ်းဆောင်ရည်များကို အသီးသီးအသက်သွင်းလျက် အနောက်ကောင်းကင်မုခ်၀၏ ဝိညာဉ်ကို ဆင့်ခေါ်ရန် ကြိုးစားနေကြ၏။
ထိုအခိုက်အတန့်တွင် ချောမောသော ရှေးဟောင်းနတ်ဘုရားတစ်ပါးက အထက်ကောင်းကင်၏ အပေါ်တွင် ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဟင်းလင်းပြင် ကွဲထွက်လာ၏။ ဧရာမဟင်းလင်းပြင်သားရဲမိခင်ကြီးက နဂါးချီလင်ကို သယ်ဆောင်လျက် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ၎င်းအနောက်တွင် မရေမတွက်နိုင်သော ကမ္ဘာဦးသားရဲများကလည်း အနောက်ကမ္ဘာမြေသို့ လိုက်ပါဆင်းသက်လာကြသည်။
ရှေးဟောင်းနတ်ဘုရားမှာ ၎င်းကို မြင်လျှင် အံ့အားသင့်သွား၏။ “သားရဲကမ္ဘာအရှင်သခင်၊ သူက တောင်ကောင်းကင်မှာ မဟုတ်ဘဲ အနောက်ကမ္ဘာမြေကို ရောက်လာတာလား… ဒါပေမဲ့လည်း အဆင်ပြေပါတယ်လေ… သူ့ကို သွားရှာနေစရာ မလိုတော့ဘူးပေါ့…. ဒီအထိ ရောက်လာပြီဆိုတော့ သူ၊ ယွဲ့ထင်းကဲနဲ့ အနောက်နတ်မင်းတို့ကို တစ်ခါတည်း သတ်လိုက်ရုံပဲ…”
ချင်မူ အနောက်ကမ္ဘာမြေသို့ ရောက်သည့်အချိန်တွင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ ချုပ်နှောင်ခံထားရသည်ကို တွေ့လိုက်ရသည်။ ဤရှေးဟောင်းနတ်ဘုရားကိုယ်ပွားသည် ချောမောပြီး မြင့်မားသော စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထား၏။ ကောင်းကင်နတ်အရှင်များထဲတွင်ပင် ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်၍ရနိုင်သော်လည်း ယွဲ့ထင်းကဲ၏ ၀င်္ကပါဖြင့် ပိတ်လှောင်ခံထားရလေသည်။
မျက်ကန်းဦးဆောင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဝင်္ကပါသိုင်းပညာရှင်များနှင့်အတူ ရေးဆွဲခဲ့သည့် စတုတ္ထမြောက် မဟာကောင်းကင်နတ်ဘုံ၀င်္ကပါအခင်းအကျင်းကား ယွဲထင်းကဲ၏ လက်ထဲတွင် ဖြစ်၏။
ယွဲ့ထင်းကဲက သူ့ကို ထိန်းချုပ်ထားသော်လည်း ၀င်္ကပါစွမ်းအားဖြင့် မသတ်နိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် အနောက်နတ်မင်ကျားဖြူအား ၀င်္ကပါထဲသို့ ကိုယ်တိုင်ဝင်ရောက်စေပြီး ရှေးဟောင်းနတ်ဘုရားကိုယ်ပွားအား စိစိညက်ညက်ကြေအောင် ရိုက်နှက်နေစေသည်။
အထက်ကောင်းကင်မှာလည်း အနောက်ကောင်းကင်မုခ်၀တွင် နဂါးချီလင် ဦးဆောင်သော သားရဲစစ်တပ်ဖြင့် လမ်းပိတ်ခံထားရသောကြောင့် လာရောက်မကယ်နိုင်ပေ။
'ဖက်တီးနဂါးက ဘာလို့ ဒီရောက်နေတာလဲ… လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကလည်း ဘာလို့ တစ်ယောက်တည်း ရှိနေတာလဲ’
ချင်မူ ရပ်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်မှ ချွေးများ စီးကျလာသည်။ သူ၏အသိစိတ်အလျဉ်က လှိုင်းထကာ နဂါးချီလင်အား ထိတွေ့လိုက်၏။
သူတို့နှစ်ယောက်က တစ်ခဏအတွင်း အသိစိတ်အလျဥ်ဖြင့် ဆက်သွယ်လိုက်ကြသည်။ အမှန်တကယ်ပင် လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ တစ်ယောက်တည်း ရောက်လာခဲ့၏။ ယွဲ့ထင်းကဲသည် ကောင်းကင်နတ်ဘုံအနေဖြင့် အနောက်ကမ္ဘာမြေအား အလွတ်ပေးမည် မဟုတ်မှန်း ကြိုတင်တွက်ချက်ထားပြီးဖြစ်သည်။ ထို့ကြောင့် ရန်သူကို အချိန်မရွေး ရင်ဆိုင်နိုင်ရန် ၀င်္ကပါအား ခင်းကျင်းထားခဲ့၏။
လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက ယွဲ့ထင်းကဲ ဆင်ထားသော ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်ခဲ့မိခြင်း ဟု ဆိုနိုင်ပေသည်။
ပိုင်ယွီကျင့်သည် တောင်ကောင်းကင်၌ ခိုင်မာစွာ ခြေကုပ်ယူထားနိုင်ပြီဖြစ်သည့်အဖြစ် မင်းသားယိုမင်း၊ ကမ္ဘာဦးသားရဲများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ အကူအညီများကိုပါ ရထား၏။ ရှန့်ပင်းယင်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန် လုံလောက်သောကြောင့် နဂါးချီလင်အနေဖြင့် တောင်ကောင်းကင်တွင် နေစရာ မလိုတော့ပေ။ ထို့ကြောင့် အနောက်ကမ္ဘာမြေအား ကယ်တင်ရန် အလျင်အမြန် ရောက်လာခဲ့ခြင်းဖြစ်သည်။
‘ဒါဆိုရင် လင်းကွမ်ခန်းမသခင်ရဲ့ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက အခု တောင်ကောင်းကင်ကို သွားနေတာမဟုတ်တဲ့အပြင် အနောက်ကမ္ဘာမြေကို ကိုယ်ပွားနှစ်ယောက် လွှတ်ရမှာ ဆိုပေမယ့် တစ်ယောက်ပဲ လွှတ်လိုက်တာပေါ့’
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ လက်တွေ့ကျကျပြောရလျှင် လင်းကွမ်ခန်းမသခင်သည် စိတ်ချရန်အတွက် အနောက်ကမ္ဘာမြေရှိ ယွဲ့ထင်းကဲနှင့် အနောက်နတ်မင်းကျားဖြူအား သတ်ဖြတ်မည့် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက် လိုလိမ့်မည်။
အနောက်နတ်မင်းကျားဖြူမှာ သူမ၏ပိုင်နက်ထဲတွင် ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ယွဲ့ထင်းကဲ၏ အတိုက်အခိုက်စွမ်းရည်က ကောင်းကင်ဆရာသခင်တစ်ဦးအဆင့်သာ ရှိသော်လည်း ဉာဏ်ပညာကတော့ အလွန်တရာ မြင့်မားသည်။ ဖန်သားကောင်းကင်စေတီ၀င်္ကပါကို ချိုးဖျက်နိုင်ခဲ့သည့် ပထမဦးဆုံးပုဂ္ဂိုလ် ဖြစ်သည်။ အရှင်သခင်သုံးဦးကိုပင် တစ်ယောက်တည်း တိုက်ခိုက်နိုင်သည့်အတွက် ကောင်းကင်နတ်ဘုံတွင် ချီးကျူးကြသူများလည်း ရှိခဲ့သည်။
ထိုအရှင်သခင်သုံးဦးက နတ်အရှင်သခင်၊ မြေအရှင်သခင်နှင့် ရေအရှင်သခင်တို့ ဖြစ်ကြသည်။
လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်သည် သူတို့နှစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း တစ်ယောက်တည်း စေလွှတ်ခဲ့ခြင်းကတော့ ဘ၀င်မြင့်ရာကျလေသည်။
‘လင်းကွမ်ခန်းမသခင်က တောင်ကောင်းကင်ကို သွားတာမဟုတ်ဘူးဆိုရင် ကိုယ်ပွားသုံးယောက်က ဘိုးဘေးနန်းတော်လောကသစ်ပင်ကို သွားတာပဲ… လောကသစ်ပင်ကို သွားတဲ့ ကိုယ်ပွားက အစောကတည်းက နှစ်ယောက်ရှိခဲ့တာ…”
ချင်မူမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူ၏စိတ်အစဉ်က ကြည်လင်ပြတ်သားလာသည်။ ‘’ကောင်းကင်နတ်ဧကရာဇ်ဟောင်က ရွှင်ပျော်ပျော်ကျေးရွာနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်တပ်ခေါင်းဆောင်တွေကို သတ်ဖြတ်ပေးဖို့ သူ့ကို တောင်းဆိုခဲ့ပေမယ့် လင်းကွမ်ခန်းမသခင်မှာလည်း ကိုယ်ပိုင်ရည်ရွယ်ချက် ရှိနေတယ်… ဘိုးဘေးနန်းတော်ကို သွားပြီး ဘိုးဘေးနန်းတော်လောကသစ်ပင်အောက်က ချိပ်တံဆိပ်ကို ဖျက်ဆီးမယ်... အတိတ်စကြ၀ဠာသိုင်းပညာရှင်တွေ ဒီစကြ၀ဠာကို ခိုးဝင်လာပြီး ကပ်ဘေးကြီး ထွက်ပေါ်လာစေဖို့ပဲ’
‘ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိသလို လင်းကွမ်ခန်းမသခင်မှာလည်း ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေတယ်… ငါ့မှန်းချက် မှန်လားသိရဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်..’
သူ၏ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး ယွဲ့ထင်းကဲ ခင်းကျင်းထားသည့် မဟာကောင်းကင်နတ်ဘုံ ၀င်္ကပါထဲသို့ ဝင်ရောက်သွားသည်။ အနောက်နတ်မင်ကျားဖြူသည် သူ့ကို မြင်လျှင် တိုက်ခိုက်နေခြင်းအား ချက်ချင်း ရပ်လိုက်ပြီး ယွဲ့ထင်းကဲက လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွား မလွတ်သွားအောင် ၀င်္ကပါကို ဆက်လက်ထိန်းသိမ်းထားပေး၏။
လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားပေါ်ရှိ ဖိအားမှာ လျော့ကျသွားပြီး ချင်မူ သူ့အရှေ့သို့ ရောက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလေသည်။ “သခင်လေးခုနစ်၊ မင်းရဲ့ အမြန်နှုန်းက တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းပေမယ့် ငါကလည်း မနှေးပါဘူး…. မင်းက တာအိုမရသေးသလို မီလော့နန်းတော်ရဲ့ သခင်လေးလည်း မဟုတ်သေးဘူးလေ… ဒီတိုက်ပွဲကို မင်း ရှုံးသွားပြီ… သခင်လေးသုံးနဲ့ သခင်လေးလေးတို့က သေချာပေါက် ဆင်းသက်လာပြီး မင်းကို အတိတ်စကြ၀ဠာဆီ ပြန်ပို့ပြီး သခင်လေးခုနစ် ဖြစ်လာအောင် လုပ်လိမ့်မယ်… အဲ့လိုဖြစ်လာရင် ငါ့ကို ကျေးဇူးတင်ဖို့ မမေ့နဲ့ဦး”
ချင်မူက လက်ညှိုးထိုးလိုက်သည်။ လင်းကွမ်ခန်းမသခင်မှာ ချက်ချင်း ရှောင်သော်လည်း မရှောင်နိုင်ခဲ့ပေ။ ချင်မူ့လက်ချောင်းကြောင့် ရှေးဟောင်းနတ်ဘုရားကိုယ်ပွား၏ မူလဝိညာဉ်က သူ၏ခန္ဓာကိုယ်မှ ထွက်ခွာပြီး လေထဲတွင် မြောလွင့်သွားသည်။
သူ၏မူလဝိညာဉ်က ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း လုံးဝမလှုပ်ရှားနိုင်သဖြင့် အံ့သြနေမိ၏။
ချင်မူက သူ၏လက်ချောင်းများကို ဖြန့်ကားလိုက်ရာ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား၏ မူလဝိညာဉ်မှာ သုံးပိုင်းကွဲသွားတော့သည်။
ချင်မူက လက်ချောင်းနှစ်ချောင်းကို ဆန့်တန်း၍ သူ၏မူလဝိညာဉ်ကို ညှပ်ကိုင်လိုက်သည်။ ဘယ်လက်ဖြင့် လေထဲတွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်ပြီး လက်ဖြောက်တီးကာ မူလဝိညာဉ်အား စက်ဝိုင်းထဲသို့ ပို့လွှတ်လိုက်၏။
ဝိညာဉ်တွင် မှတ်ဉာဏ်များ ပါရှိသောကြောင့် စက်ဝိုင်းသည် ကြေးမုံတစ်ချပ်ပမာ တောက်ပြောင်နေပြီး လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွား၏ မူလဝိညာဉ်မှတ်ဉာဏ်များကို ထုတ်ဖော်ပြသနေသည်။
လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား သုံးယောက်အနက် နှစ်ယောက်က တာအိုသစ်သီးများနှင့် တာအိုပန်းပွင့်ကို သယ်ဆောင်လျက် ဘိုးဘေးနန်းတော်ဆီသို့ အသည်းအသန် ပြေးနေသည်။
အရှိန်အမြင့်ဆုံးကိုယ်ပွားက ဘိုးဘေးနန်းတော်အား အဝေးမှပင် တွေ့မြင်နေရလေပြီ။
ချင်မူ့အင်္ကျီလက်စများ လှုပ်ခါသွားသည့်အခါ လင်းကွမ်ခန်းမသခင်၏ ဝိညာဉ်သုံးပိုင်းမှာ အက်ကွဲသွားတော့သည်။
ချင်မူက ကောင်းကင်သို့ ပျံတက်သွား၏။
အနောက်နတ်မင်းမှာ သူ ပင်ပန်းနွမ်းနယ်နေသည်ကို မြင်သောကြောင့် စစ်ခရာ ထုတ်ကာ အားကုန်မှုတ်လိုက်သည်။
တူ… တူ
စစ်ခရာသံကြောင့် ချင်မူ့ ချီနှင့် သွေးတို့က အဆပေါင်းများစွာ ပြင်းထန်အားကောင်းလာသည်။ ယွဲ့ထင်းကဲ၊ နဂါးချီလင်နှင့် အနောက်နတ်မင်းတို့ မော့ကြည့်လိုက်ရာ မိုင်ထောင်သောင်းပေါင်းများစွာ ရှည်လျားသည့် ခရမ်းရောင်နေရာရွှေ့ပြောင်းခြင်း၀င်္ကပါအား တွေ့လိုက်ရ၏။ ၎င်းက အလွန်တရာရှုပ်ထွေးလှသည်။ ၀င်္ကပါက ရုတ်တရက် လှည့်ပတ်လာပြီး ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာကာ ၀င်္ကပါရော ချင်မူပါ ပျောက်ကွယ်သွားတော့သည်။
“ကောင်းကင်နတ်အရှင်မူ တော်တော်ပင်ပန်းနေတဲ့ပုံပဲ… အဲဒီကိုယ်ပွားသုံးယောက်ကို လိုက်မှီနိုင်ပါ့မလား”
ယွဲ့ထင်းကဲမှာ စိုးရိမ်နေသည်။ လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားများအနက် နှစ်ယောက်က တာအိုသစ်သီးများကို ပိုင်ဆိုင်ထားပြီး ကျန်တစ်ယောက်ကတော့ တာအိုပန်းပွင့်ကို ပိုင်ဆိုင်ထား၏။ သူတို့၏စွမ်းဆောင်ရည်များကို အခြားသူများ နှိုင်းယှဉ်နိုင်ရန် ဝေးကွာပေသည်။
ချင်မူမှာ ပြေးလွှားနေခဲ့ရသည်မဟုတ်လော။ ရုပ်ခန္ဓာဖြစ်စေ မှော်စွမ်းအင်ဖြစ်စေ သုံးစွဲရနှုန်းက မြင့်မားလေသည်။ သူ၏ပင်ပန်းနေသော ခန္ဓာကိုယ်ဖြင့် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသုံးယောက်အား လိုက်မှီလျှင်တောင်မှ ထိုအချိန်၌ အတော်လေး ခြေကုန်လက်ပန်းကျနေပေလိမ့်မည်။
‘သူ့ခွန်အားနဲ့ဆိုရင် နေရာဟင်းလင်းပြင်ကို ခေါက်ပြီး နေရာရွှေ့ပြောင်း၀င်္ကပါတွေ သုံးရင်တောင်မှ အရှိန်တင် ပြေးရလိမ့်မယ်… ဘိုးဘေးနန်းတော်ကို ရောက်ဖို့ ငါးရက် ခြောက်ရက်လောက် ကြာလိမ့်မယ် ..”
ယွဲ့ထင်းကဲက တခဏ တွက်ချက်နေပြီးနောက် ခပ်တိုးတိုး ရေရွတ်နေသည်။ “ငါးရက်ခြောက်ရက်အတွင်းမှာ လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားရဲ့ ပထမကိုယ်ပွားက ဘိုးဘေးနန်းတော် လောကသစ်ပင်အထိ ရောက်နေလောက်ပြီ… သူ အချိန်မီ ရောက်နိုင်မှာ မဟုတ်လောက်ဘူး”
လေးရက်ကြာပြီးနောက် ဘိုးဘေးနန်းတော်တွင် အမှောင်ထု ဖုံးလွှမ်းနေ၏။
အာရုဏ်မတက်ခင် အရှေ့အရပ်ရှိ ကောင်းကင်က ဖြူဖွေးနေပြီဖြစ်သည်။ ရှုရှန်းဟွာက ထိုက်ယီ၏တာအိုသစ်ပင် အန္တိမဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားသည်ကို မော့ကြည့်နေသည်။ ထို့နောက် ရေပုံးအား လောကသစ်ပင်အောက်သို့ သယ်လာပြီး အနက်ရောင်တောင်တန်းအစွန်းများရှိ အက်ကွဲနေသောတောင်တန်းများကို ပြင်ဆင်ရန် စီစဉ်နေ၏။
ကမ္ဘာဦးဘုံတွင် စစ်ဖြစ်နေသော်လည်း ဘိုးဘေးနန်းတော် လောကသစ်ပင်အောက်တွင်တော့ တည်ငြိမ်အေးချမ်းနေဆဲ ဖြစ်သည်။
ရှုရှန်းဟွာသည်လည်း မနက်ခင်း လောကသစ်ပင်နှင့်အတူ တည်ငြိမ်အေးဆေးနေသည်။ သူက ရေပုံးကို သယ်ဆောင်၍ အနက်ရောင်တောင်တန်းအစွန်းဆီသို့ အေးအေးဆေးဆေး ရောက်လာ၏။ ထိုညတွင် အနက်ရောင်တောင်တန်းအပြင်ဘက်၌ အမှောင်ထုများ ဖုံးလွှမ်းနေခဲ့သည်။ ၎င်းက စကြ၀ဠာပျက်စီးနေသည့် ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကြီးဖြစ်ခဲ့၏။
သူ့မှာ နေသားကျနေသဖြင့် စိတ်ထဲမထားပေ။ နေထွက်လာမည်ကိုသာ စောင့်ဆိုင်းနေသည်။
နေထွက်လာသည်ကို စောင့်သည်နှင့် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးတွင် နေထွက်လာခဲ့လေပြီ။ ပထမဦးဆုံး နေရောင်ခြည်က လောကသစ်ပင်ပေါ်သို့ ဖြာကျလာ၏။ သူ၏မြင်ကွင်းတွင် အနက်ရောင်တောင်တန်းများက ဖြည်းဖြည်းချင်း ရှင်းလင်းပြတ်သားလာသည်။
ရှုရှန်းဟွာက ရေပုံးကို သယ်လျက် အက်ကွဲနေသော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသည်။ ထိုစဉ် အနက်ရောင်တောင်တန်းထဲ၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်လာသည်ကို တွေ့နေရ၏။ သူ၏ ဦးခေါင်းအပေါ်တွင်တော့ တာအိုသစ်သီးတစ်လုံးက မြောလွင့်လှည့်ပတ်နေချေသည်။