← Chapters

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သခင်လေးရှုနှင့် မီလော့နန်းတော်၏ လင်းကွမ်ခန်းမသခင်

Vol. 132 Ch. 1706

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သခင်လေးရှုနှင့် မီလော့နန်းတော်၏ လင်းကွမ်ခန်းမသခင်

Vol. 132 Ch. 1706

ရှုရှန်းဟွာက ဤရှေးဟောင်းနတ်ဘုရားကို မြင်လျှင် လက်ထဲမှ ရေပုံးကို မြှောက်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားမှာ သူ၏ အပြုအမူကို စပ်စုသလို ကြည့်လိုက်သည်။ နူးညံ့သိမ်မွေ့သော ဟန်ပန်ဖြင့် ဤလူငယ်သည် ရေပုံးအား မြှောက်ကာ ပုံးထဲရှိ ရေအားလုံး ကုန်စင်အောင် သောက်လိုက်ချေပြီ။

“မီ‌လော့နန်းတော်ရဲ့ လင်းကွမ်ခန်းမသခင် တာအိုမိတ်ဆွေရှုကို နှုတ်ဆက်ပါတယ်”

ရှေးဟောင်းနတ်ဘုရား၏ ဦးခေါင်းအနောက်ရှိ တာအိုသစ်သီးက လည်ပတ်သွားပြီး ကြည်လင်ပြတ်သားသည့် တာအိုအသံကို ထုတ်လွှတ်လိုက်သည်။ သူက သိချင်စိတ်ပြင်းပြစွာ မေး၏။ “တာအိုမိတ်ဆွေရှု၊ ရေပုံးထဲက ရေတွေက ထိုက်ယီတာအိုသစ်ပင်ရဲ့ သစ်စေးတွေ မဟုတ်လား… ဒီတာအိုသစ်စေးက အနက်ရောင်တောင်တန်းတွေကို ပြုပြင်ဖို့ သုံးတာ မဟုတ်လား... ဘာဖြစ်လို့ သောက်ပစ်လိုက်ရတာလဲ”

သူက ခနဲ့သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ “အတိတ်က တာအိုသိုင်းပညာရှင်တွေ ခိုးထွက်လာမှာစိုးလို့ သခင်လေးခုနစ်က မင်းကို ဒီနေရာမှာ စောင့်ထားခိုင်းခဲ့တာ… ဒါတောင်မှ တာအိုသစ်စေးတွေ အကုန်လုံး သောက်ပစ်လိုက်တယ်ပေါ့… သူ့ကို ဘယ်လိုရှင်းပြမှာလဲ”

“တကယ်တော့ ကျုပ်က နေ့တိုင်းသောက်နေကျ”

ရှုရှန်းဟွာကသည် ရေပုံးကို အောက်သို့ချ၍ တည်ကြည်လေးနက်စွာ တုံ့ပြန်၏။ “ပြီးခဲ့တဲ့ နှစ်သုံးဆယ်အတွင်း တာအိုသစ်စေးကို နေ့တိုင်း သောက်နေခဲ့တာ… နေ့တိုင်း အနက်ရောင်တောင်တစ်လုံးကို မပြင်ဘဲ ထားတယ်”

လင်းကွမ်ခန်းမသခင်က ရယ်မောလိုက်သည်။ “သခင်လေးခုနစ်က လူတွေအကြောင်း ကောင်းကောင်းမသိဘူးပဲ…. သူနဲ့ ရင်းနှီးတဲ့လူတိုင်းကို စိတ်ချလက်ချ တာဝန်ပေးတတ်တဲ့ အကျင့် ရှိတယ်… အကျင့်ဖောက်ပြားတတ်တဲ့သူကို ဒီလောကသစ်ပင်မှာ စောင့်ထားခိုင်းလို့ ဘာ အောင်မြင်တော့မှာလဲ”

ရှုရှန်းဟွာသည် တာအိုသစ်စေးအား မြိုချပြီးနောက် သူ့ကိုယ်သူ လင်းကွမ်ခန်းမသခင်ဟုခေါ်သည့် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုသူသည် ခရီးပန်းနေသယောင် ရှိပြီး ခန္ဓာကိုယ်ပေါ်၌ မြူခိုးရေစက်များပင် တွဲခိုနေသေးသည်။ တစ်ညလုံး ခရီးနှင်လာပြီးနောက် အနက်ရောင်တောင်တန်းအပြင်သို့ ရောက်လာခဲ့လိမ့််မည်။ သို့သော် ညအချိန် ဖြစ်နေသောကြောင့် တောင်တန်းထဲသို့ ဝင်မလာခဲ့ဟန်တူသည်။

အနက်ရောင်တောင်တန်းသည် ထူးခြားသော တောင်တန်း မဟုတ်ပါလော။

ညအချိန်ရောက်တိုင်း တောင်တန်းအပြင်တွင် စကြ၀ဠာပျက်စီးနေသည့် ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကြီး ဖြစ်ပေါ်လာတတ်သည်။ နေ့အချိန်ရောက်မှ ပုံမှန်ပြန်ဖြစ်သွားသဖြင့် ညအချိန်တွင် တောင်တန်းထဲ ၀င်ရောက်လာခြင်းက အလွန်တရာ အန္တရာယ်များပေးသည်။

အနက်ရောင်တောင်တန်းတွင် နေထိုင်ကြသူများအဖို့ ညအချိန် အပြင်မထွက်ရန်မှာ လူတိုင်း သိကြသည့် စည်းကမ်းဟု ဆိုရမည်။ လင်းကွမ်ခန်းမသခင်ဟုခေါ်သည့် ဤပုဂ္ဂိုလ်လည်း ထိုအကြောင်းကို သိရှိပြီးသား ဖြစ်ပေလိမ့်မည်။

“ကျုပ် တာအိုသစ်စေးတွေကို နေ့တိုင်း နည်းနည်းစီ သောက်ရတဲ့ ရည်ရွယ်ချက်က ခက်ခဲတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ပဲ..”

ရှုရှန်းဟွာက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ အမှန်တွင် လင်းကွမ်ခန်းမသခင်ကို မည်သည့်အရာမှ ရှင်းပြစရာ မလိုအပ်သော်လည်း ဤသည်က သူ၏ အကျင့်စရိုက်သာ မဟုတ်လော။

ရှူရှန်းဟွာနှင့် အတူရှိနေပါက ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ နွေဦးလေပြေ လာရောက်တိုက်ခတ်နေသကဲ့သို့ စိတ်၏ အေးချမ်းမှုအား ခံစားရပေလိမ့်မည်။ ဤလူသည် နူးညံ့သိမ်မွေ့သည့််အပြင် အခြားသူများကို အလေးပေးသည်။ ဤသည်က သူ၏ ဆွဲဆောင်မှုတစ်ခုပင် ဖြစ်လေသည်။

ချင်မူအတွက်မူ သူနှင့် တွေ့ဆုံဆက်ဆံပြီးသူတိုင်း သူ့အား စိစိညက်ညက်ကြေအောင် ရိုက်ပစ်ချင်ကြသည်။ သူနှင့် ရင်းနှီးသောသူများပင်လျှင် တွဲလောင်းကြိုးချည်၍ ရိုက်နှက်ပစ်ချင်စိတ်ပေါက်တတ်ကြသည်။

သို့သော် ရှုရှန်းဟွာနှင့် တွေ့ကြုံဖူးသည့်လူများကတော့ နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှလာသော ရိုသေလေးစားမှုကို ခံစားကြရလေသည်။ ရန်ငြိုးများအား ဖြေဖျောက်ကာ သူနှင့်အတူ စကားစမြည်ပြောနိုင်ရန်ပင် မျှော်လင့်ကြမိသည်။

“ကျုပ် ဖြေရှင်းချင်တာက ဘိုးဘေးနန်းတော်ဟာ သွေးယဇ်ပလ္လင်ကြီး ဖြစ်နေတဲ့ ပြဿနာကိုပဲ… ဒီနေရာမှာ သေသွားတဲ့လူတွေဟာ အတိတ်စကြ၀ဠာအတွက် ယဇ်ပူဇော်ခံရတာ မဟုတ်လား”

ရှုရှန်းဟွာက အလွန်တရာ တည်ကြည်လေးနက်စွာဖြင့် ဆက်ရှင်းပြသည်။ “ကမ္ဘာဦးခေတ်၊ သက်ရှိတွေ စတင်မွေးဖွားလာခဲ့တဲ့အချိန်ကတည်းက သေဆုံးခြင်းဆိုတာက အဆုံးမသတ်နိုင်အောင် ဖြစ်ပွားခဲ့တယ်…. သဘာဝကပ်ဘေးတွေဖြစ်ဖြစ်၊ သက်ရှိတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတွေပဲ ဖြစ်ဖြစ် သေသူတွေဟာ စွမ်းအင်အဖြစ် ပြောင်းလဲပြီး စကြ၀ဠာထဲ ပြန်လည်စီးဆင်းသွားကြတယ်… အခုအချိန်အထိ စုစည်းနေတဲ့ စွမ်းအင်တွေက သိပ်ကို ကြောက်ဖို့ကောင်းတယ်… မီလော့နန်းတော်ရဲ့ သခင်လေးတွေက ဒီအခွင့်အရေးကို အသုံးချပြီး ဆင်းသက်လာမှာ ကျုပ် စိုးရိမ်မိတယ်…. ဒါကြောင့် တာအိုသစ်စေးတွေ သောက်ပြီး နေ့တိုင်း ခိုးဝင်လာတဲ့ တာအိုသိုင်းပညာရှင်တစ်ယောက်ချင်း လွှတ်ပေးနေတာ…”

လင်းကွမ်ခန်းမသခင် အံ့အားသင့်သွားသည်။ သူက တခဏတွေးတောပြီးနောက် ပြော၏။ “ဒီလိုလုပ်ရင် စွမ်းအင်အကူးအပြောင်းပြဿနာကို ဖြေရှင်းနိုင်တာ မှန်တယ်… ဒါပေမဲ့ ဆိုးကျိုးတစ်ခုလည်း ရှိတယ်… ခိုးဝင်လာတဲ့ တာအိုသိုင်းပညာရှင်တွေဟာ ပြဿနာတွေဖန်တီးပြီး အတိတ်စကြ၀ဠာအပေါ် စွမ်းအင်တွေ ပိုရောက်အောင်လုပ်လိမ့်မယ်… ဒီလိုနည်းနဲ့ဆို မီလော့နန်းတော် ဆင်းသက်လာဖို့ ပိုပြီး မြန်သွားမှာ မဟုတ်ဘူးလား”

“ဒါကြောင့် ညတိုင်း ကျုပ် တိုက်ပွဲတစ်ပွဲ တိုက်တယ်”

ရှုရှန်းဟွာက စိတ်ရှည်စွာ ဆက်လက်ရှင်းပြသည်။ “ဂိုဏ်းသခင်ချင်က ကျုပ်ကို ဒီနေရာမှာ စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တာ… ကောင်းကောင်းစောင့်ရှောက်ဖို့ပဲ မှာခဲ့တယ် ... ဘယ်လိုလုပ်ရမလဲဆိုတာ အသေးစိတ် ရှင်းမပြခဲ့ဘူး… ကျုပ် လုပ်နိုင်တဲ့အရာ အများကြီး ရှိတယ်… ဒီတော့ နေ့တိုင်း အတိတ်စကြ၀ဠာက သိုင်းပညာရှင်တစ်ယောက်ချင်း လွှတ်ပေးဖို့ ရွေးချယ်ခဲ့တယ်… ဒါပေမဲ့ သူတို့ အနက်ရောင်တောင်တန်းအပြင်ကို ထွက်မသွားနိုင်ခင် သေဆုံးသွားသရွေ့ ဘိုးဘေးနန်းတော်ရဲ့ သွေးယဇ်ပလ္လင်ကို အသက်ဝင်လာစေမှာ မဟုတ်ဘူး”

လင်းကွမ်ခန်းမသခင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ “မင်း ဒီလိုလုပ်နေတာ ဘယ်လောက် ကြာခဲ့ပြီလဲ..”

“ယိုတုမှာ ခိုင်ဧကရာဇ်ချင်ယဲ့ကို အနိုင်ယူပြီး တိုက်ပွဲမှာ သေဆုံးသွားစေကတည်းကဆိုတော့ ရက်ပေါင်း ၁၁၇၄၁ ရက် ကြာခဲ့ပြီ”

ရှုရှန်းဟွာက တောင်တန်းများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ “အဲဒီအနက်ရောင်တောင်တစ်လုံးချင်းစီရဲ့ တောင်ခြေတွေမှာ အုတ်ဂူတွေ ဆောက်ထားတယ် … အဲဒါတွေက ကျုပ်ကိုယ်တိုင် သူတို့အတွက် ဆောက်ထားပေးတဲ့ အုတ်ဂူတွေပဲ… အတိတ်စကြ၀ဠာ တာအိုမိတ်ဆွေတွေက အထဲမှာ မြှုပ်နှံခံထားရတာလေ”

လင်းကွမ်ခန်းမသခင်က ရှုရှန်းဟွာ ညွှန်ပြနေသောနေရာသို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်နှာ သိသိသာသာ ပျက်ယွင်းသွား၏။ အနက်ရောင်တောင်တန်းပတ်ပတ်လည် တောင်တန်းများတွင် အစိမ်းရောင်သစ်တောများ အုံ့ဆိုင်းလွှမ်းမိုးနေသည်ကို တွေ့လိုက်ရသည်။ သစ်ပင်များက သိပ်သည်း ထူထပ်နေပြီး ယခင်လို ခြောက်သွေ့နေခြင်း မရှိတော့ပေ။ တောင်ခြေ၌ အုတ်ဂူများစွာ ပြည့်နေသည်။ အုတ်ဂူများအရှေ့၌ ထပ်မံများပြားသော အုတ်ဂူများ နေရာယူထားကြသည်။

အချို့သော အုတ်ဂူများတွင် နာမည်များ ရေးထိုးထားပြီး တချို့ကတော့ ဗလာဖြစ်နေကြသည်။

အုတ်ဂူပေါင်း ၁၁၇၄၂ ခု ရှိ၏။

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွား၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ပြီးခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း ဤနေရာသို့ ခိုးဝင်လာခဲ့သည့် အတိတ်စကြ၀ဠာ တာအိုသိုင်းပညာရှင်မှန်သမျှမှာ သူ့အရှေ့ရှိ လူငယ်ကြောင့် သတ်ဖြတ်မြှုပ်နှံခံခဲ့ရချေပြီ။

ထိုလူငယ်သည် တာအိုသစ်စေး နည်းနည်းစီ နေ့တိုင်းသောက်၍ စွမ်းဆောင်ရည်များကို မြှင့်တင်ကာ မထင်မှတ်ထားသော အခြေအနေများနှင့် ရင်ဆိုင်နိုင်ရန်ပင် ပြင်ဆင်ထားသည်။

ခက်ခဲသော ကိစ္စများအပေါ် ဤလူငယ်၏ ကိုင်တွယ်ဖြေရှင်းပုံမှာ သခင်လေးခုနစ် ချင်မူထက်ပင် အသေးစိတ်ကျကာ စိတ်ရှည်လက်ရှည်လည်း ရှိသည်။

ရှုရှန်းဟွာ နိစ္စဓူဝ လုပ်ဆောင်ရသည့်အရာများသည် တစ်ထပ်တည်းသာ ဖြစ်သည်။ ညအချိန်တွင် တာအိုသစ်စေးကို ယူ၍ ခိုးဝင်လာသူတစ်ဦးအား သတ်ဖြတ်သည်။ နေ့အချိန်တွင် တောင်တန်းများ ပြုပြင်၍ ခိုးဝင်လာသူကို မြှုပ်နှံရန် အုတ်ဂူ ဆောက်လေသည်။ နှစ်ပေါင်းသုံးဆယ်လုံး ဤသို့ထပ်တလဲလဲ ဖြစ်ပွားနေခဲ့၏။

“မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေ ဆင်းသက် မလာနိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူးပဲ..”

လင်းကွမ်ခန်းမသခင် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ “ပြီးခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ တိုက်ပွဲတွေ အများကြီး ဖြစ်ပွားခဲ့ပြီး မရေမတွက်နိုင်တဲ့ အသက်တွေ သေဆုံးခဲ့ရ၊ ဒဏ်ရာရခဲ့ကြတယ်… ငါ သွေးယဇ်ပူဇော်ခြင်း၀င်္ကပါကို ကမ္ဘာဦးဘုံဆီ ပြောင်းရွှေ့လိုက်ရင် မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာနိုင်လိမ့်မယ် ထင်ခဲ့မိတယ်… ဒါပေမဲ့ နှစ်တွေသာ ကြာသွားတယ်… တစ်ယောက်မှ ရောက်လာတာ မတွေ့ခဲ့ရဘူး… လက်စသတ်တော့ မင်းကြောင့်ကိုး... မင်းက ဒီနေရာမှာ ဒီလိုလှည့်ကွက်လေးတွေနဲ့ ခြယ်လှယ်နေခဲ့တာပေါ့လေ... ငါ မထင်ထားခဲ့မိတာ အမှန်ပဲ.... ညတိုင်း တာအိုသိုင်းပညာရှင်တစ်ယောက်ကို မျှားခေါ်တယ်…. ဒီလိုနည်းနဲ့ အစားထိုးဖို့ ပိုနေတဲ့ စွမ်းအင်တွေ ကုန်သွားစေတယ်.. မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေအတွက် စွမ်းအင်ပမာဏ များများလိုအပ်တာမလို့ ဆင်းသက်မလာနိုင်ခဲ့ဘူး … မင်းက သိပ်ကို ဉာဏ်ကောင်းတယ် … ဒါဆို ငါ လာတာ မြင်ပြီး တာအိုသစ်စေးတွေအကုန် သောက်လိုက်တာက ငါ မင်းကို သတ်ဖို့ ရောက်လာတာမှန်း သိနေလို့လား..”

ရှုရှန်းဟွာက ခေါင်းညိတ်သည်။ “ခင်ဗျားက သိပ်ကို အစွမ်းထက်တဲ့အပြင် အနက်ရောင်တောင်တန်းကိုလည်း ကောင်းကောင်းနားလည်တယ်… တာအိုသစ်သီးလည်း ရှိထားသေးတယ်… ကျုပ် ခင်ဗျားနဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်အပြည့် မရှိဘူး… ကျုပ်သာ ခင်ဗျားလက်ထဲမှာ သေသွားခဲ့ရင် အနက်ရောင်တောင်တန်းက အတိတ်တာအိုသိုင်းပညာရှင်တွေအတွက် ဝင်ပေါက်တစ်ခု ဖြစ်လာလိမ့်မယ်…. ညတိုင်း မရေမတွက်နိုင်တဲ့ တာအိုသိုင်းပညာရှင်တွေ ခိုးဝင်လာကြလိမ့်မယ်… ကျုပ် အသက်ရှင်နိုင်ရင်တော့ တစ်ဟုန်ထိုး ထိုးတက်နေတဲ့ ခွန်အားကို အသုံးချပြီး သူတို့ကို တိုက်ခိုက်နိုင်သေးတယ်… ဒါကြောင့် တာအိုသစ်စေးကို သောက်ဖို့ ရွေးချယ်ခဲ့တာပဲ…”

လင်းကွမ်ခန်းမသခင်က ပြုံးကာ ချီးကျူး၏။ “မင်းက သိပ်ကို ဒုက္ခပေးမယ့် ပုဂ္ဂိုလ်ဆိုပေမယ့် တော်တော်လေး ဉာဏ်ကောင်းတာတော့ လေးစားစရာပဲ … မကောင်းမှုမှန်သမျှ ကျူးလွန်ခဲ့တဲ့ သခင်လေးခုနစ်အပြင် ဒီ ၁၇ စင်းမြောက် စကြ၀ဠာက မင်းလို လူတစ်ယောက်ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တာ ငါ အံ့ဩမိတယ်… တစ်လောကလုံးက ကောင်းမှုတွေနဲ့ မကောင်းမှုတွေအားလုံးက မင်းတို့နှစ်ယောက်အပေါ်မှာပဲ မူတည်နေတာများလား…”

“ဂိုဏ်းသခင်က မကောင်းတဲ့သူ မဟုတ်ပါဘူး… ခင်ဗျားတို့အတွက် မကောင်းပေမယ့် ကျုပ်တို့အတွက်တော့ အရာအားလုံးကို ပေးဆပ်ထားတဲ့ လူသားတစ်ယောက်ပဲ”

ရှုရှန်းဟွာသည် တည်ကြည်လေးနက်စွာ ပြော၏။ “ကျုပ်နဲ့ ဂိုဏ်းသခင်ချင်လို လူတွေ အများကြီး ရှိတယ်.. ဥပမာ လန်ယွီတျန်း၊ ကောင်းကင်နတ်အရှင်ယွင်၊ ခိုင်ဧကရာဇ်၊ ဟွာရွှမ်းရှို့ စသဖြင့်ပေါ့… ကျုပ်တို့နှစ်ယောက်တည်း မဟုတ်ဘူး… ၁၇ စင်းမြောက် စကြ၀ဠာမှာ ပါရမီ ထူးကဲတဲ့သူတွေ အများကြီး ရှိနေတာက လင်ယွိရှို့ စုဆောင်းပေးထားလို့ မဟုတ်ဘူး … ခင်ဗျားတို့လို အတိတ်စကြ၀ဠာမှာ တာအိုရပြီးခဲ့တဲ့သူတွေ ကျူးကျော်လာတာမျိုး မရှိလို့ပဲ…”

လင်းကွမ်ခန်းမသခင် မျက်ခုံးပင့်လိုက်မိသည်။

ရှုရှန်းဟွာက ဆက်ပြောသည်။ “ဒါက ထိုက်ယီရဲ့ ကျေးဇူးကြောင့်ပဲ… ထိုက်ယီက ခင်ဗျားတို့ကို ၁၆ စင်းမြောက် စကြ၀ဠာမှာ ပိတ်ထားခဲ့တယ်…. ကျူးကျော်လာသူတွေ မရှိခဲ့တဲ့အတွက် ၁၇ စင်းမြောက် စကြ၀ဠာဟာ တိုးတက်ကျယ်ပြန့်ခဲ့သလို သမိုင်းကြောင်းလည်း ရှည်ကြာနိုင်ခဲ့တယ်… ပြောင်းလဲမှုတွေလည်း ဖြစ်ပေါ်လာနိုင်ခဲ့တယ် …. ဒါကြောင့် နှစ်တစ်သန်းအတွင်း အခုလို အရှိန်အဟုန် မြင့်တက်လာတာပေါ့လေ… ကောင်းကင်နတ်အရှင်ဆယ်ပါး ရှိနေခဲ့လို့ အရှိန်အဟုန်က သိပ်တော့ မပြင်းထန်နိုင်ခဲ့ဘူး… ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရာအနည်းငယ်အတွင်းမှာ အရှိန်အဟုန်ဟာ အရည်အသွေးတွေကို ပြောင်းလဲလာစေခဲ့တယ်… ၁၇ စင်းမြောက် စကြ၀ဠာသာ ဆက်ပြီး တည်တန့်နိုင်မယ်ဆိုရင် အနာဂတ်မှာ တာအိုသိုင်းပညာရှင်တွေ ပိုများလာလိမ့်မယ်… ပိုပြီးတော့လည်း ကြွယ်ဝတိုးတက်လာလိမ့်မယ်… မီလော့နန်းတော်ထက်တောင် နိမ့်ကျနေလိမ့်မှာ မဟုတ်ဘူး…”

လင်းကွမ်ခန်းမသခင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရှုရှန်းဟွာသည် သူ့ကိုသာ ကြည့်နေပြီး ဆက်မပြောပေ။

လင်းကွမ်ခန်းမသခင်၏ ရယ်သံမှာ တဖြည်းဖြည်း တိုးဖျော့သွားပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ မဟာတာအိုရိုက်ခတ်မှုများ တုန်ခါလာသည်။ သူက တည်ငြိမ်စွာပင် လျှောက်လာရင်း ပြောသည်။ “ရှုရှန်းဟွာ၊ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ မီလော့နန်းတော် နောက်တစ်ခု ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး ... စကြဝဠာတစ်ခုဟာ မွေးဖွားခြင်း၊ တည်မြဲခြင်း၊ ပျက်စီးခြင်း အဆင့်သုံးဆင့်ကို ကျော်ဖြတ်ပြီး နတ္ထိ ဖြစ်သွားရတယ် ... အခု စကြဝဠာဟာ မွေးဖွားခြင်းအဆင့်ကို ပြီးမြောက်ပြီး တည်မြဲခြင်းအဆင့်ကို ရောက်တော့မယ်... မင်းတို့လို တာအိုဝင်ရောက်သွားတဲ့ သိုင်းပညာရှင်တွေ များလာတဲ့အခါ အန္တိမဟင်းလင်းပြင်ဟာ ဝန်မခံနိုင်တော့ဘဲ ပြိုကျသွားလိမ့်မယ်... အဲဒါဟာ စကြဝဠာပျက်စီးခြင်းအဆင့်ပဲ... နောက်ဆုံးမှာတော့ အရာအားလုံး နတ္ထိဗလာ ဖြစ်သွားမှာပဲ”

ရှုရှန်းဟွာက သတ္တုရေပုံးကို ချကာ မှင်သေသေ တုံ့ပြန်သည်။ “အန္တိမဟင်းလင်းပြင်ကို အမှီပြုတာပဲ ဖြစ်ဖြစ်၊ တာအိုစနစ်ကို လိုက်စားတာပဲ ဖြစ်ဖြစ် ... ဒါမှမဟုတ် တခြားကျင့်စဉ်စနစ်တွေ သုံးတာပဲဖြစ်ဖြစ် ... အားလုံးက ငှားယူထားတာတွေချည်းပဲ... စစ်မှန်တဲ့ တာအိုဆိုတာဟာ မိမိရဲ့ စိတ်သန္တန်အတွင်းမှာ ကိန်းဝပ်နေတာပါ”

သူ၏ အရှိန်အဝါ ပျံ့နှံ့လာသည့်အခါ တည်ငြိမ်နေသော ရေပြင်ထက်၌ လှိုင်းတံပိုးများ ထလာသကဲ့သို့ အားကောင်းနေသဖြင့် လင်းကွမ်ခန်းမအရှင်သခင် တည်ကြည်လေးနက်သွားသည်။

စောစောက ရှုရှန်းဟွာကို ကြည့်နေစဉ်တွင် ထူးထူးခြားခြား မည်သည်ကိုမှ မမြင်ရသော်လည်း ရှုရှန်းဟွာ၏ အရှိန်အဝါ ဖြာထွက်လာသည့််အချိန်၌ လင်းကွမ်ခန်းမသခင် အံ့အားသင့်သွားမိသည်။

ရှုရှန်းဟွာ၏ ခန္ဓာကိုယ်အတွင်းတွင် စကြဝဠာတစ်စင်း ကိန်းအောင်းနေသကဲ့သို့ သူ၏ အရှိန်အဝါ ဖြာထွက်လာသည်နှင့်အမျှ မဟာတာအိုမျိုးစုံ နိုးထလာသယောင် ထင်ရသည်။ လင်းကွမ်ခန်းမသခင်မှာ ရှုရှန်းဟွာ၏ အတိုက်အခိုက်စွမ်းရည်ကို မခန့်မှန်းတတ်တော့ပေ။

“တာအိုသစ်ပင်ကိုလည်း အတင်းအဓမ္မ တည်ဆောက်နေစရာ မလိုဘူး”

ရှုရှန်းဟွာသည် သူ့ဆီသို့ လျှောက်လာကာ ကောင်းကင်ရတနာအား ဖော်ပြလိုက်၏။ သူ၏ ကောင်းကင်ရတနာက တစ်သားတည်း ချိတ်ဆက်ပေါင်းစည်းနေလေသည်။ ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးပါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနှင့် ကောင်းကင်နတ်မြစ်တို့အားလုံး ရှိသော်လည်း အကုန်လုံး ချိတ်ဆက်နေသည်။ ကောင်းကင်ရတနာ၏ နယ်နိမိတ်အပိုင်းအခြားကိုပင် တွက်ရ ခက်နေတော့သည်။

၎င်းတို့အနက် ဝိညာဉ်သန္ဓေသားနှင့် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာက လူ့ဘုံ၏ ယွမ်တုကုန်းမြေတိုက်ကြီးအဖြစ် ဆင့်ကဲ ပြောင်းလဲထားသည်။ ဓာတ်ကြီးငါးပါးနှင့် ခုနစ်စဉ်ကြယ်က ရွှမ်တုအဖြစ် တိုးတက်ဖြစ်တည်နေ၏။ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကမူ ယိုတုအဖြစ် ပြောင်းလဲနေခဲ့ပြီး ကောင်းကင်နတ်မြစ်ကမူ ယွမ်တု၊ ရွှမ်တုနှင့် ယိုတု , ထိုနယ်ပယ်သုံးခုအား ချိတ်ဆက်ပေးထားလေသည်။

သို့သော် သူ၏ကောင်းကင်ရတနာများအထက်တွင် ကောင်းကင်နတ်ဘုံ ရှိမနေ။ ဘိုးဘေးနန်းတော်သာ ကုန်းမြေတိုက်ကြီးအသွင် ရှိနေသည်။

ဘိုးဘေးနန်းတော်အတွင်း၌ ကောင်းကင်မုခ်ဝ၊ နဂါးသွဲ့ရေကန်၊ ကောင်းကင်ပင်လယ်၊ နတ်ဘုရားစီရင်ရာစင်မြင့်၊ အကျဉ်းထောင်ကိုးထပ်စင်မြင့်၊ ဝင်ရိုးစွန်းကောင်းကင်လေးခုနှင့် အခြားသော အထွတ်အမြတ်နယ်မြေများအား တွေ့ရသည်။ သို့ရာတွင် ကျောက်စိမ်းမြို့တော်တော့ ရှိမနေ။

အဓိက ကျောက်တုံးတွင်းငါးတွင်း ဖြစ်သော ထိုက်ကျိ၊ ထိုက်စု၊ ထိုက်ရှီ၊ ထိုက်ချူနှင့် ထိုက်ယီတို့လည်း ရှိနေသည်။ အဓိက ကျောက်တွင်းများမှ ရောင်စုံအလင်းတန်းများ နှင့် အခိုးအငွေ့များ ထုတ်လွှတ်နေသောကြောင့် ရေငွေ့တိမ်တိုက်များ ဖြစ်ပေါ်လာစေကာ အထက်သို့ မြင့်တက်ပျံဝဲနေစေသည်။ တာအိုစည်းချက်သည်လည်း အသံရှည်စွဲလျက် ခမ်းနားထည်ဝါနေသည်။

ကျောက်တုံးတွင်းငါးတွင်းက ဘိုးဘေးနန်းတော်၏ ပင်မသွေးကြောကြီးငါးကြောပမာ ပြူမူသည်။ ကောင်းကင်နတ်မြစ်က နယ်မြေသုံးခု၊ ဘိုးဘေးနန်းတော်နှင့် ဝင်ရိုးစွန်းကောင်းကင်များအား ဆက်ပေးထားသော လမ်းကြောင်း ဖြစ်သည်။

ကျောက်တုံးတွင်းငါးတွင်း၏ အလယ်၌မူ တမျှော်တခေါ် မြင့်မားနေသော လောကသစ်ပင်ကြီး ထီးထီးတည်း ရပ်တည်နေ၏။ ကျောက်တုံးတွင်းငါးတွင်းဆီမှ အလင်းရောင်တို့က လောကသစ်ပင်ထဲ၌ ကိန်းဝပ်နေသည်။

လင်းကွမ်ခန်းမသခင်မှာ လောကသစ်ပင်အား မြင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

လောကသစ်ပင်သည် တည်ဆောက်ရန် မလွယ်ပေ။

တာအိုသိုင်းပညာတစ်ယောက်၏ တာအိုသစ်ပင်ဆိုသည်မှာ လောကသစ်ပင်ဟု ပြောနိုင်သော်လည်း အမှန်တွင် မဟာတာအိုကို ပုံဖော်တည်ဆောက်ထားခြင်းသာ ဖြစ်ကာ အန္တိမဟင်းလင်းပြင်၌သာ တည်ရှိနိုင်၏။ အန္တိမဟင်းလင်းပြင်အပေါ် မှီခိုရလေသည်။

ဤသစ်ပင်ကမူ လောကသစ်ပင် ဖြစ်သည်။

ထိုမျှသာမက ရှုရှန်းဟွာ၏ ကိုယ်အတွင်းတွင် ဟင်းလင်းပြင်အထပ် ၃၃ ထပ်ကိုပါ မြင်တွေ့ရသည်။

ဤဟင်းလင်းပြင်အမျိုးအစားက စကြဝဠာထဲတွင် ရှိနေသည့် ဟင်းလင်းပြင်များ မဟုတ်ဘဲ တာအိုအဆင့်မှ ဖွဲ့တည်လာသော ဟင်းလင်းပြင်များ ဖြစ်ပေသည်။ ရှုရှန်းဟွာသည် မဟာတာအိုအား ကောင်းကင်ဘုံ ၃၃ ထပ်အထိ နားလည်သဘောပေါက်သည့်အခါ ယခုလို ဟင်းလင်းပြင်များ ဖြစ်ပေါ်လာခြင်းပင်။

ရှုရှန်းဟွာအနေဖြင့် ၃၆ ထပ်မြောက်ကောင်းကင်ဘုံအဆင့်အထိ ကျင့်ကြံပြီးလျှင် ဟင်းလင်းပြင်အထပ် ၃၆ ထပ် ရှိလာလိမ့်မည်။ လောကသစ်ပင်သည်လည်း အရွယ်ရောက်လာမည်။ ထိုအခါ တာအိုပန်းပွင့်များ ပွင့်လာကာ တာအိုသစ်သီးတို့ မွေးဖွားလာလိမ့်မည်။

ပို၍ပင် ကြောက်စရာကောင်းသည်မှာ ရှုရှန်းဟွာသည် ဤစကြဝဠာ၏ လမ်းစဉ်ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအပေါ် သက်ရောက်နေသော ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်မှ အရှင်းလွတ်မြောက်နေခြင်းပင်။

သူသည် ကျောက်စိမ်းမြို့တော် မဆိုထားနှင့် ကောင်းကင်နန်းဆောင်များကိုလည်း မဖွဲ့တည်ခဲ့ပေ.

လင်းကွမ်ခန်းမသခင်မှာ မချုပ်တည်းထားတော့ဘဲ တာအိုသစ်သီး၏ စွမ်းအားကို အလုံးစုံ မြှင့်တင်လိုက်သည်။

ရှုရှန်းဟွာ၏ ခွန်အားက သူ့အထင်အမြင်များနှင့် တက်တက်စင်အောင် လွဲနေသည်။ ဤလူ့ကို လက်ကလေးလှန်သလို လွယ်လင့်တကူ သတ်နိုင်မည် ထင်ထားခဲ့သော်လည်း ယခုတော့ တောအောင်းနေသော မကောင်းဆိုးဝါးကြီးမှန်း သိလိုက်ရချေပြီ။ အစွမ်းကုန်တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ရှုရှန်းဟွာ ယခုလို ရှည်ဝေးစွာ ရှင်းပြနေခြင်းမှာ သောက်ထားသော တာအိုသစ်စေးတို့ကို သန့်စင်ရန် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။ လင်းကွမ်ခန်းမသခင်အနေဖြင့် သိထားသော်လည်း သူလည်း အချိန်ဆွဲနေရ၏။ သူက အမြန်ဆုံးဖြစ်သောကြောင့် ဤနေရာသို့ ဦးစွာ ရောက်လာခဲ့သော်လည်း ကျန်ကိုယ်ပွားနှစ်ယောက်မှာ လမ်းတွင်သာ ရှိသေးလေသည်။ ရှုရှန်းဟွာက တိုက်ခိုက်ရန် အသင့်ပြင်ကာ သူ့ကို ဖိအားပေးနေသည်။

တာအိုသစ်သီး၏ စွမ်းအား ပေါ်ထွက်လာသည်နှင့် တာအိုသင်္ကေတများ ဖြာထွက်လာကာ ၃၆ ဘုံသော ကောင်းကင်ဘုံနယ်ပယ်များအဖြစ် ပြောင်းလဲလာသည်။ နယ်ပယ်များက တစ်ခုအပေါ် တစ်ခု ထပ်ကာ ဖြာထွက်နေကြ၏။

လင်းကွမ်ခန်းမသခင်အနေဖြင့် ဤတိုက်ပွဲကို နိုင်မှ ဖြစ်မည်။

“မီလော့နန်းတော်ရဲ့ တာအိုကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေဟာ မင်း ဘယ်တော့မှ မကျော်တက်နိုင်တဲ့ အထွတ်အထိပ်တွေပဲ... မင်း ဘယ်တော့မှ လက်လှမ်းမမှီနိုင်မယ့် အိပ်မက်ဆိုးတစ်ခုလိုပေါ့”

သူ့ခန္ဓာကိုယ်က ဗြုန်းခနဲ ကြီးထွားလာသည်။ ဤခရီးက အလွန်အရေးပါသောကြောင့် ကိုယ်ပွားများအနက် အစွမ်းအထက်ဆုံး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို သုံးထားခြင်း ဖြစ်၏။ တာအိုသစ်သီးတစ်လုံးကိုလည်း ယူလာခဲ့သည်။ တာအိုသစ်သီးက သူ့ခန္ဓာကိုယ်၏ အားနည်းမှုကို ဖြည့်တင်းပေးရန် လုံလောက်လေသည်။

အခြားကိုယ်ပွားအား အသေခံနိုင်သော်လည်း ဤခန္ဓာကိုယ်ကို အသေခံ၍မရပေ။ မီလော့နန်းတော်၏ သခင်လေးသုံးနှင့် လေး စိတ်ချစွာ အပ်နှံထားသော တာဝန်ကို ပြီးမြောက်အကောင်အထည် ဖော်ရလိမ့်မည်။

သူက တရှိန်ထိုး ပြေးသွားသည်။ လောကသစ်ပင်မှ ဖြစ်ပေါ်လာခဲ့သော အနက်ရောင်တောင်တန်းသည်ပင် သူ၏ ခြေလှမ်းများအောက်၌ တုန်ခါအက်ကွဲကုန်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားကား အဆုံးစွန်အထိ မြှင့်တင်ခံလိုက်ရပြီး တာအိုသစ်သီးဆီမှ မဟာတာအိုအောင်မြင်မှုများ ပေါက်ကွဲထွက်လာသည်။

ရှုရှန်းဟွာသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး တောင်တစ်လုံး၏ ထိပ်၍ မတ်မတ်ရပ်လိုက်၏။ သူက ပြေးဝင်လာနေသော လင်းကွမ်ခန်းမသခင်ကို ကြည့်နေသည်။ လင်းကွမ်ခန်းမသခင်ကိုယ်ပွားကာ ကောင်းကင်နှင့် မြေပြင်အား ထိုးခွဲလာသော ဘီလူးကြီးတစ်ကောင်နှင့် တူသော်လည်း သူ မရောက်လာခင်ကတည်းက ဖိအားသည် ကောင်းကင်မြေပြင် ပြောင်းပြန်လန်သွားကဲ့သို့ ပြင်းထန်ချေပြီ။

“ဂိုဏ်းသခင်ချင်က သခင်လေးခုနစ်လို့ ခေါ်တဲ့သူပဲ ... သူက တစ်ခါက ပြောဖူးတယ်... ကျုပ်ဟာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုမှာ အကြီးမားဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့သူတဲ့”

ရှုရှန်းဟွာ၏ ခြေထောက်ကို လှုပ်ရှား၍ ခန္ဓာကိုယ်ကို နှိမ့်လိုက်သည်။ သူ၏ မဟာတာအိုသည် ကျယ်လောင်စွာ မြည်ဟည်းလာ၏။

“သူ့အမြင်၊ သူ့အတွေးအခေါ် အတော်များများကို ကျုပ် သဘောမတူပေမယ့် ဒီစကားတွေကိုတော့ တစ်ခါမှ မကန့်ကွက်ခဲ့ဘူး... ဘာကြောင့်လဲဆိုတော့”

သူ၏မှော်စွမ်းအင် လှည့်ပတ်သွားသည့်အခါ သူသည် ခြေထောက်ထဲ၌ အားထည့်၍ လင်းကွမ်ခန်းမသခင်ကိုယ်ပွား၏ အပြင်းထန်ဆုံး တိုက်ကွက်အား ထိပ်တိုက် ရင်ဆိုင်လိုက်လေ၏။ “ကျုပ်က တကယ်ပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုမှာ အကြီးမားဆုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့သူ ဖြစ်နေလို့ပဲ... ကျုပ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာထက်တောင် ရှေ့ရောက်နေပြီ”

All Chapters