← Chapters

မိုးကောင်းကင်ထက် သာလွန်သော ဉာဏ်ပညာ

Vol. 132 Ch. 1707

မိုးကောင်းကင်ထက် သာလွန်သော ဉာဏ်ပညာ

Vol. 132 Ch. 1707

လူရိပ်နှစ်ခု ဝင်တိုက်သွားသည်။ ပထမဆုံး ဝင်တိုက်လိုက်သည်နှင့် လင်းကွမ်ခန်းမသခင်မှာ ရှုရှန်းဟွာ၏ တာအိုနယ်ပယ်က အခြားသူများနှင့် ကွာခြားနေမှန်း တမုဟုတ်ချင်း ခံစားလိုက်ရသည်။

တာအိုသစ်သီး၏ အကူအညီဖြင့် လင်းကွမ်ခန်းမသခင် ဖြန့်ကျက်ထားသော တာအိုစနစ် ကောင်းကင်ဘုံ ၃၆ ဘုံသည် အပြင်သို့ ဖြန့်ကျက်ထားခြင်း ဖြစ်၏။ ဤသဘောက အခြားတာအိုသိုင်းပညာရှင်များနှင့် နတ်ဘုရားအပေါင်း၏ တာအိုနယ်ပယ်များနှင့် တူညီသည်။ သို့သော် ရှုရှန်းဟွာ၏ တာအိုနယ်ပယ်ကမူ အတွင်းသို့ ကျုံ့ဝင်နေသည်။

ဤနည်းလမ်းမျိုးအား ချင်မူ အသုံးပြုသည်ကိုပင် မမြင်ဖူးပေ။

ဤအချက်နှင့်တင် သူတို့နှစ်ယောက်၏ ကျင့်စဉ်စနစ်များက လုံးဝမတူညီကြောင် ထင်ရှားနေသည်။ ရှုရှန်းဟွာ၏ ကျင့်ကြံခြင်းလမ်းစဉ်က ချင်မူ့ထံမှ အတော်လေး ကွဲပြားနေ၏။

အပြင်သို့ ဖြန့်ကျက်ခြင်းက ရောက်နိုင်သည့် အကွာအဝေး ပို၍ကျယ်သည်။ အကြီးစားတိုက်ပွဲများတွင် နယ်ပယ်အား ဖြန့်ကျက်လိုက်သည့်အခါ နယ်ပယ်ထဲသို့ ဝင်ရောက်လာသူအားလုံးအပေါ် သက်ရောက်မှု ရှိနိုင်သည်။ ဥပမာအနေဖြင့် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် နယ်ပယ်ကို ဖြန့်ကျက်လိုက်ပါက ကုန်းမြေတိုက်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားနိုင်သည်။ သူ၏နယ်ပယ်ထဲ ရောက်ရှိသွားသူများအနေဖြင့် ရုန်းကန်ထွက်ပြေးနိုင်ရန် မလွယ်ပေ။

သို့သော် အတွင်းသို့ ကျုံ့ဝင်သည့် နယ်ပယ်ကတော့ ကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင်သာ စုဆုံထားပြီး လွှမ်းမိုးနိုင်သည့် နေရာပမာဏမှာ ပြန့််ကားနိုင်သောနယ်ပယ်လောက် မကျယ်ဝန်းပေ။ ကျင့်ကြံသူ၏ ကောင်းကင်ရတနာအား ထုတ်လွှတ်လိုက်သည့်အခါမှ လွှမ်းမိုးနိုင်သည့် နေရာပမာဏ ကျယ်ပြန့်လာခြင်း ဖြစ်သည်။

ရှုရှန်းဟွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံ နယ်ပယ်က တစုတစည်းတည်း ရှိနေပြီး ခန္ဓာကိုယ်ထဲတွင် ငုပ်လျှိုးနေသည်။ သို့ဖြစ်၍ ၎င်း၏ စုစုပေါင်းစွမ်းအားက မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အားကောင်း၏။

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွား၏ ကောင်းကင်ဘုံ ၃၆ ဘုံ နယ်ပယ်ထဲသို့ ရှုရှန်းဟွာ ဝင်ရောက်လာသော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသည့် ပြိုင်ဘက်ကင်းစွမ်းအားကြောင့် လင်းကွမ်ခန်းမသခင်၏ ကောင်းကင်ဘုံ ၃၆ ဘုံနယ်ပယ်အနေဖြင့် သူ့အား အန္တရာယ်ပြုရန် မလွယ်ကူပေ။

သူတို့နှစ်ယောက်က ဝင်တိုက်သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပြန်လည်ကွဲထွက်သွား၏။

သူတို့ကွဲထွက်သွားသည်နှင့် ချက်ချင်း ကောင်းကင်နတ်သိုင်းများက ခန့်မှန်းမရနိုင်အောင် ပြောင်းလဲကာ တဖျတ်ဖျတ် တောက်ပလာသည်။ ပတ်ဝန်းကျင်သည် ရှုပ်ထွေးနေသော်လည်း သူတို့၏ မျက်လုံးထဲတွင်တော့ တစ်ဖက်ရန်သူ၏ ကောင်းကင်နတ်သိုင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရဆဲပင်။ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတစ်ခုချင်းစီတွင် ဖုံးကွယ်ထားသည့် နိယာမများကလည်း သူတို့၏ စိတ်ထဲတွင် အလွန်တရာ ကြည်လင်ပြတ်သားနေကြသည်။

ချင်မူသည် လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကို သတ်ဖြတ်သည့်အချိန်၌ လင်းကွမ်ခန်းမသခင်၏ ကောင်းကင်နတ်သိုင်းနှင့် ကျင့်စဉ်များ မည်သို့ထူးခြားလေးနက်သည်ကိုပင် အချိန်ပေးအဖြေရှာမနေဘဲ ချက်ချင်း သတ်ဖြတ်၏။ သို့သော် ရှုရှန်းဟွာကတော့ သူနှင့် မတူပေ။

သူသည် လင်းကွမ်ခန်းမသခင်၏ ကောင်းကင်နတ်သိုင်းများတွင် ပါဝင်သော အလှတရားများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်တို့၏ ထူးခြားလေးနက်မှုများကို စူးစမ်းအဖြေထုတ်၏။

သူတို့၏ခန္ဓာကိုယ်များ လုံးဝခွဲထွက်သွားသည့်အခါတွင် တစ်ယောက်ကိုတစ်ယောက် ကျောပေးထားကြသော်လည်း သူတို့၏ ကောင်းကင်နတ်သိုင်းများကတော့ အသီးသီး ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

သူတို့နှစ်ယောက် ခွဲထွက်သွားပြီး တောင်တစ်လုံးပေါ်သို့ ဆင်းသွားလိုက်သည့်အချိန်တွင် နှစ်ယောက်စလုံးမှာ ကောင်းကင်နတ်သိုင်း‌ပေါင်း ၁၆၀၀ ကျော်အထိ ဖလှယ်တိုက်ခိုက်ခဲ့ကြပြီးချေပြီ။ ကောင်းကင်နတ်သိုင်းတစ်ခုချင်းစီတွင် မတူညီသော တာအိုနိယာမတို့ ကိန်းဝပ်နေကာ တိုက်ကွက်တစ်ကွက်မှ ထပ်နေခြင်း မရှိပေ။

သူတို့၏ခြေထောက်များ မြေပြင်ပေါ် ချလိုက်လျှင်ချင်း ဝုန်းခနဲ အသံကြီးနှစ်ချက် ကြားရနိုင်သည်။ အနက်ရောင်တောင်နှစ်လုံးမှာ သူတို့၏ ခြေထောက်များကြောင့် ကျွံကျသွားပြီး အောက်သို့ နိမ့်ဆင်းသွား၏။ တောင်တန်းများ အက်ကွဲသွားတော့သည်။

အက်ကွဲသွားသည့် တောင်တန်းများမှာ လောကသစ်ပင်မှ ခိုးဝင်လာရန် ကြိုးစားနေသော အတိတ်တာအိုသိုင်းပညာရှင်များအတွက် လမ်းကြောင်းတစ်ခု ဖြစ်လေသည်။ အစက လမ်းကြောင်းသည် မည်းမှောင်နေခဲ့သော်လည်း ယခုတွင်တော့ အလင်းရောင်က သူတို့ ဤစကြ၀ဠာသို့ ခိုးဝင်လာနိုင်အောင် လမ်းပြထားချေပြီ။

ဝုန်း… ဝုန်း…. ဝုန်း

ရှုရှန်းဟွာ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားသည်။ ရုတ်တရက် မပီမသအသံများက သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ တိုက်ကွက်ပေါင်း ၁၆၀၀ ကျော်တွင် ၄၉ ကွက်သာ သူ၏ ခန္ဓာကိုယ်အပေါ်သို့ ကျရောက်နိုင်ခဲ့သည်။ ထို ၄၉ ကွက်၏ စွမ်းအားမှာ သူ မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ဖိနှိပ်၍ မရနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်လာကြသည်။

ဒဏ်ရာ ၄၉ ခုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ဖြစ်ပေါ်လာသောကြောင့် သွေးများ စီးကျလာသည်။ သို့သော် ထိုအချိန်တွင် ထိုက်ယီတာအိုသစ်စေး၏ စွမ်းအားသည် သူ၏ခန္ဓာကိုယ်၊ ကောင်းကင်ရတနာနှင့် မူလဝိညာဉ်ရှိ ဒဏ်ရာအားလုံးကို ကုသပေးလိုက်၏။

ရှုရှန်းဟွာက လှည့်ကြည့်လာသည်။

“ရှုရှန်းဟွာ၊ မင်းက တကယ်ကို ပြိုင်ဘက်ကင်းပါပဲ...”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက ပြန်လှည့်ကြည့်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှလည်း အသံများ ထွက်ပေါ်လာသည်။ ရှုရှန်းဟွာသည် သူ၏ကောင်းကင်နတ်သိုင်းခံစစ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး ကောင်းကင်နတ်သိုင်းတစ်ခုက သူ၏ခန္ဓာကိုယ်အား ထိမှန်ကာ အတွင်း၌ ပေါက်ကွဲသွားခဲ့၏။

ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက သူ၏ရင်ဘတ်ရှိ ဒဏ်ရာကို ကြည့်လိုက်ပြီး တအံ့တဩ ရေရွတ်နေသည်။ “မင်းရဲ့ ကောင်းကင်နတ်သိုင်းက ပြောင်းလဲမှုတွေ အများကြီး ဖြစ်ခဲ့တဲ့အပြင် ငါ ထင်ထားတာထက်တောင် သာလွန်ခဲ့တယ်... ငါဆိုတာ မီလော့နန်းတော်အရှင်သခင်ရဲ့ တပည့်တစ်ယောက်ပဲ… မီလော့နန်းတော်အရှင်သခင်က ငါ့ကို တပည့်လို့ အသိအမှတ် မပြုခဲ့ပေမယ့် အားလုံးကတော့ သူ့ကို ဆရာလို့ ခေါ်ခဲ့ကြတယ်… မီလော့နန်းတော်အရှင်သခင်ရဲ့ တာအိုနဲ့ ကောင်းကင်နတ်သိုင်းက ဘယ်လောက်တောင် ကျယ်ပြန့်လိုက်သလဲ…. သိပ်ကို ကျယ်ပြန့်တယ်… ကောင်းကင်နတ်သိုင်းတစ်ခုချင်းစီက စကြ၀ဠာရဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ခဲ့ရတာ…. ဒါတောင်မှ မင်းက ခံနိုင်ရည်ရှိသေးတယ်… ငါ တကယ် အံ့ဩမိတယ်…”

သူက မှော်စွမ်းအင်အား လှည့်ပတ်လိုက်ရာ ဒဏ်ရာသည် အလျင်အမြန် သက်သာသွား၏။

ရှုရှန်းဟွာ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူက မေးလေသည်။ “တာအိုမိတ်ဆွေ၊ ဒါက မီလော့နန်းတော်ကောင်းကင်နတ်သိုင်းလား… ကျုပ် မြင်ဖူးတဲ့တစ်ခုနဲ့ မတူသလိုပဲ”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားလည်း သိချင်စိတ်ပြင်းပြစွာ ပြန်မေးလိုက်သည်။ “မင်း မီလော့နန်းတော်ကောင်းကင်နတ်သိုင်းကို ဘယ်မှာ တွေ့ဖူးတာလဲ… တဝက်တစ်ပျက်ပဲ ဖြစ်မှာပါ..”

ရှုရှန်းဟွာက ခေါင်းခါသည်။ “ကောင်းကင်နတ်အရှင်မူဆီကနေ တွေ့ခဲ့ဖူးတာ…. သူ တစ်ခါက မီလော့နန်းတော် ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်သုံးခဲ့ဖူးတယ်…. အဲ့ဒါက သိပ်ကို စွမ်းအားကြီးခဲ့တာ…”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက အေးစက်စွာ နှာမှုတ်လိုက်သည်။ “မင်းက သခင်လေးခုနစ်ကို အသုံးချပြီး ငါ့တာအိုနှလုံးသားကို တိုက်ခိုက်ချင်နေတာလား…. အလုပ်ဖြစ်မှာ မဟုတ်ဘူး…”

သူသည် မီလော့နန်းတော်အရှင်သခင်နောက်မှ လိုက်၍ စကြ၀ဠာလေးခုအထိ တာအိုကျင့်ကြံခဲ့သော်လည်း သခင်လေးတစ်ဦးတော့ မဟုတ်ချေ။ ချင်မူသည် မီလော့နနန်းလော့နန်းတော်အရှင်သခင်နှင့် တွေ့ဆုံဖူးခြင်းပင် မရှိဘဲ တာအိုအမှတ်အသားတစ်ခုကို ကူးယူကျင့်ကြံခဲ့ရုံဖြင့် မီလော့နန်းတော်၏ သခင်လေးတစ်ဦး ဖြစ်လာနိုင်ခဲ့၏။

ဤသည်က သူ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ရှုရှန်းဟွာမှာ စိတ်ထဲမှ အံ့ဩနေမိသည်။ ‘ငါ ဘယ်လိုလုပ် သူ့တာအိုနှလုံးသားကို တိုက်ခိုက်ခဲ့တာလဲ’

သူ ဆက်မပြော‌တော့ပေ။ သူ၏ တာအိုနှလုံးသားမှာ အထိခိုက်ခံရခြင်းမှာ ရှားပါးလေသည်။ သူ ချင်မူနှင့် တိုက်ခိုက်ခဲ့တုန်းက သူ၏ တာအိုနှလုံးသားမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရသည်။ သူ သွေးအန်သည်အထိ ချင်မူက အနိုင်ယူခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ တာအိုနှလုံးသားက ပိုပို၍ ခိုင်မာလာခဲ့လေသည်။ သူ၏ တာအိုနှလုံးသားကို လှုပ်ကိုင်နိုင်သောအရာ များများစားစား မရှိချေ။

ရှုရှန်းဟွာသည် တိုက်ပွဲအတွင်း ရန်သူ၏ တာအိုနှလုံးသားကို တိုက်ခိုက်ခြင်းမျိုး မလုပ်ပေ။ သူ၏ခွန်အားက လုံလောက်သရွေ့ ရန်သူ့တာအိုနှလုံးသားသည် ဖြည်းဖြည်းချင်း ပြိုလဲပျောက်ကွယ်လာမည်သာ ဖြစ်၏။ မည်သည့်အရာမှ ပြောရန် မလိုအပ်ပေ။

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။ ဤတစ်ကြိမ်တွင် တိုက်ပွဲက တိုတောင်းသော်လည်း ကောင်းကင်နတ်သိုင်းက ပို၍နက်ရှိုင်း၏။ ‌ကောင်းကင်နတ်သိုင်းများမှာ အလွန်လျင်မြန်စွာ အသက်သွင်းခံနေရပြီး တွေးလိုက်သည့်အချိန်မှ ကောင်းကင်နတ်သိုင်း ပေါက်ကွဲသည့်အချိန်အထိ တခဏမျှသာ ကြာလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် တာအိုအဆင့် မဟာကောင်းကင်နတ်သိုင်းများကို အသုံးမပြုနိုင်ခဲ့ပေ။

တာအိုအဆင့် မဟာကောင်းကင်နတ်သိုင်းများက အလွန်တရာ စွမ်းအားကြီးသော်လည်း အသက်၀င်သည့် အမြန်နှုန်းကတော့ အတော်လေး နှေးကွေးသည်။ ဤသို့ အနီးကပ်တိုက်ခိုက်ခြင်းမျိုးတွင် တာအိုအဆင့် မဟာကောင်းကင်နတ်သိုင်းများကို အသုံးပြုပါက အသေသတ်တိုက်ကွက် ဆယ်ကွက်ကျော်မျှဖြင့် သေလုမျောပါး ဒဏ်ရာရသွားလိမ့်မည်။

သူတို့နှစ်ယောက်က ဒယိမ်းဒယိုင်ဖြင့် တောင်တန်းတစ်ခုအပေါ် ဆင်းသက်လိုက်ပြန်၏။

ဂျိန်း…..

နောက်ထပ်တောင်နှစ်လုံး အက်ကွဲသွားပြန်သည်။

ရှုရှန်းဟွာမှာ ညည်းညူလိုက်ပြီး ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံ ၁၆ ချက် ပျံ့လွင့်လာသည်။ ဒဏ်ရာ ၁၆ ခုက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လွင်လာလေသည်။

ဤတစ်ကြိမ်တွင် ထိုက်ယီသစ်စေးမှာ ဒဏ်ရာ ၁၆ ခုကို ကုမပေးသောကြောင့် ဒဏ်ရာတို့မှ သွေးများ တရစပ် စီးကျနေ၏။ လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားသည် ထိုက်ယီတာအိုသစ်စေးကို ဖိနှိပ်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားပြီး တာအိုသစ်စေး မကုသပေးနိုင်သည့် မီလော့နန်းတော် ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကလည်း ညည်းညူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံကိုးချက် ဝိုးတဝါး ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာကိုးခု ဖြစ်ပေါ်သွားသည်။

သူ မျက်မှောင်ကြုတ်သွားသည်။ ရှုရှန်းဟွာသည် သူ့ကောင်းကင်နတ်သိုင်းများအား အဖြေထုတ်ကာ သူ အသုံးပြုနိုင်သည့် ကောင်းကင်နတ်သိုင်းများကို တွက်ချက်၍ တိုက်ခိုက်ရန် ကြိုတင်စီစဉ်ခဲ့သည်။

သူနှင့် ရှုရှန်းဟွာ ဒုတိယအကြိမ် တိုက်ကွက်ဖလှယ်ခဲ့တုန်းက ဤအချက်ကို သိခဲ့ရခြင်း ဖြစ်၏။ ရှုရှန်းဟွာ၏ ကောင်းကင်နတ်သိုင်းများသည် ဒုတိယအကြိမ် တိုက်ကွက်ဖလှယ်ရာ၌ ပို၍ပင် မြန်ဆန်လာခဲ့သည်။ ရှုရှန်းဟွာ၏ တိုက်ကွက်အများစုသည် သူ့ကောင်းကင်နတ်သိုင်းများ၏ အားနည်းချက်များကို တုံ့ဆိုင်းမှု မရှိဘဲ ပစ်မှတ်ထား တိုက်ခိုက်နေ၏။

“ဉာဏ်ကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ’’

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။ တာအိုသစ်သီးက လှည့်ပတ်လာပြီး သံကြိုးများစွာ ထွက်ပေါ်လာ၏။ သူ၏ဒဏ်ရာများမှာ အလိုလို မသက်သာလာနိုင်သောကြောင့် တာအိုသစ်သီးထဲရှိ တာအိုသံကြိုးများကို အသုံးပြုလျက် သူခန္ဓာကိုယ်ရှိ ဒဏ်ရာများကို အတင်းအကြပ် ကုသနေရသည်။

ရှုရှန်းဟွာက လက်မြှောက်၍ သူ၏ဒဏ်ရာများအား ချုပ်လိုက်ကာ မှင်သေသေ ပြော၏။ “နောက်တစ်ကြိမ် ထပ်တိုက်ကြတာ‌ပေါ့… ဘယ်လိုလဲ တာအိုမိတ်ဆွေ…”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ ရင်ထဲ လေးလံသွားပြီး ခန္ဓာကိုယ်မှာလည်း တောင့်တင်းလာသည်။ သူက ခပ်ဟဟ ရယ်မောလိုက်လေသည်။ “ဒါဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်ကြတာပေါ့… ဒီတစ်ကြိမ်တော့ ငါ ညှာမှာ မဟုတ်ဘူး”

သူက ရုတ်တရက် ပါးစပ်ဟ၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏အသံက ခေါင်းလောင်းကြီးပမာ မြည်ဟီးသွားပြီး တာအိုသံများသည် ရှုရှန်းဟွာထံ ဦးတည်လျက် ပဲ့တင်ရိုက်ခတ်လာ၏။ သူ၏ခန္ဓာကိုယ်က တာအိုသံများအနောက်မှ လိုက်ပါလာပြီး ကောင်းကင်နတ်သိုင်းမျိုးစုံလည်း ဖြာဆင်းလာချေပြီ။

ရှုရှန်းဟွာကမူ တစ်လှမ်းချင်း လှုပ်ရှားနေသည်။ သူ၏ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွား၍ တာအိုသံများဆီသို့ လျှောက်သွားလေသည်။

သူတို့နှစ်ယောက်သား တတိယအကြိမ် တိုက်ကွက်များ ဖလှယ်လိုက်ကြပြီး အမြန်နှုန်းက ပို၍မြန်ဆန်သည်။

ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ တောင်တစ်လုံးပေါ်သို့ ဆင်းသက်၍ သွေးတစ်လုတ် အန်လိုက်ရသည်။ သူက အလျင်အမြန် ပါးစပ်အုပ်လိုက်သော်လည်း သွေးများ စီးကျလာနေသေး၏။

သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံ ၄၉ ချက် ထွက်ပေါ်လာသည်။ သူ၏ ဒဏ်ရာများမှာ ပို၍ပင် ပြင်းထန်လာတော့၏။

ရှုရှန်းဟွာလည်း ယိမ်းယိုင်လျက် တောင်တစ်လုံးဆီသို့ ဆင်းသက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ဗလုံးဗထွေးအသံများ မြည်လာကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

“မီလော့နန်းတော်ရဲ့ ကောင်းကင်နတ်သိုင်းတွေက တကယ်ကို စွမ်းအားကြီးတာပဲ…”

သူက ခေါင်းမော့၍ လှည့်ကြည့်လာသည်။ သူ၏မျက်နှာအမူအရာကတော့ မှင်သေသေပင်။ “ခင်ဗျားရဲ့ ကောင်းကင်နတ်သိုင်းတွေထဲမှာ ကျုပ် မချိုးဖျက်နိုင်တာတွေ ရှိတယ်… အဲဒီကောင်းကင်နတ်သိုင်းတွေက ကျုပ်ကို ထိခိုက်စေနိုင်တယ်..”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ ဒဏ်ရာများကို မရမက ဖိနှိပ်လိုက်သည်။ သူက ချာခနဲ ပြန်လှည့်ကြည့်လိုက်ရင်း အေးစက်စွာ မေးလေသည်။ “ငါ့ တာအိုနှလုံးသားကို နောက်တစ်ကြိမ် တိုက်ခိုက်ချင်နေတာလား”

ရှုရှန်းဟွာ မျက်မှောင်ကြုတ်လိုက်မိသည်။ “တာအိုမိတ်ဆွေ၊ ခင်ဗျားရဲ့ တာအိုနှလုံးသားက အဲဒီလောက်တောင် အားနည်းတာလား… ကျုပ် စကားနည်းနည်းပဲ ပြောရသေးတယ် ပျက်စီးသွားနိုင်တယ်လား”

ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက သူ့ကို စိုက်ကြည့်နေသည်။ ရှုရှန်းဟွာ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲ ရှိသည့်အပြင် သူ၏မျက်လုံးများက တည်ကြည်လေးနက်သော အရိပ်အယောင်တို့ဖြင့် နွေးထွေးလျက် ရှိနေ၏။

သူ၏ မျက်နှာထက်တွင် လှောင်ပြောင်နေသည့်အမူအရာလည်း မရှိပေ။

သို့သော် ဤသို့ဖြစ်လေလေ လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ ရှုံးနိမ့်တော့မည်ဟု ခံစားနေရလေလေ ဖြစ်၏။

ရှုရှန်းဟွာက တည်တံ့စွာ ပြောသည်။ “ဘယ်ကောင်းကင်နတ်သိုင်းတွေက ကျုပ်ကို ထိခိုက်စေတာလဲမသိရင် ကျုပ် ပြောပြလို့ရတယ်”

လင်းကွမ်ခန်းမသခင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ခက်ထန်စွာ သရော်လိုက်၏။ “မင်းက ငါ့ကို ပြောပြမယ်ပေါ့”

ရှုရှန်းဟွာက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာက ပို၍တည်ကြည်လေးနက်လာသည်။ “ကျုပ်မှာ အားနည်းချက်တစ်ခု ရှိတယ်လို့ ဂိုဏ်းသခင်ချင် ပြောခဲ့ဖူးတယ်… ကျုပ်ရဲ့ အကျင့်စရိုက်တဲ့… ကျုပ်က သိချင်စိတ် နည်းလွန်းပြီး စွန့်စားရတာ မကြိုက်ဘူး… စိန်ခေါ်ရတာ မကြိုက်ဘူး… နေရာတစ်ခုတည်းမှာပဲ နေရတာ ကြိုက်တယ်… သူက ကျုပ်ကို ပိုပြီး ခက်ခဲတဲ့ကိစ္စတွေ လုပ်စေချင်ခဲ့တယ်…. ဒါကြောင့် ဘယ်ကောင်းကင်နတ်သိုင်း‌တွေက ကျုပ်ကို ထိခိုက်စေလဲ ခင်ဗျားကို ပြောပြမယ်… အဲဒါက ကျုပ်အတွက် ခက်ခဲတဲ့အရာပဲ”

လင်းကွမ်ခန်းမသခင်မှာ သရော်နေရင်းတန်းလန်း အိုးတို့အန်းတန်း ဖြစ်သွားတော့သည်။

လောက၌ ဤသို့ပုဂ္ဂိုလ်မျိုး ရှိသေးသည်လော။

ရှုရှန်းဟွာ၏ လုပ်ရပ်များနှင့် စကားအားလုံးမှာ စိတ်ရင်းဖြင့် ပြည့်နှက်နေ၏။ သူက ပြောသည်။ “ဒီနှစ်တွေအတောအတွင်း ကျုပ် ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ ကြိုးစားခဲ့တယ် …. အကျင့်စရိုက်ရဲ့ အားနည်းချက်ကို ကြိုးစားပြုပြင်ခဲ့တယ်… ခင်ဗျားခြေထောက်အောက်က အုတ်ဂူတွေထဲက အတိတ်စကြ၀ဠာတာအိုသိုင်းပညာရှင်တွေကိုလည်း သူတို့ အသက်ရှိနေတုန်းက ဘယ်ကောင်းကင်နတ်သိုင်း‌တွေက ကျုပ်ကို ထိခိုက်စေလဲဆိုတာ ပြောပြခဲ့တယ်… ကျုပ်အတွက်တော့ ဒါက စိန်ခေါ်မှုတစ်ရပ်ပဲ”

သူ၏ မျက်နှာက တည်ငြိမ်နေဆဲပင်။ “ကျုပ် စိန်ခေါ်မှုကို နိုင်သွားရင်တော့ သူတို့ သေသွားလေ့ ရှိတယ်”

“ဟားဟားဟား...”

လင်းကွမ်ခန်းမသခင်မှာ ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း အသံက တုန်ရီနေသည်။ “ရှုရှန်းဟွာ၊ မင်းက တကယ်ကို စွမ်းအားကြီးတယ်…ငါ့ရဲ့ တာအိုနှလုံးသားကို အနှောင့်အယှက်ပေးနေတုန်းပဲ… ငါ့တာအိုနှလုံးသားက မင်းရဲ့ စကားတွေကြောင့် ပြိုလဲလောက်တဲ့အထိ အားနည်းမနေဘူးကွ… မင်းက သိပ်ကို မောက်မာနေမှတော့ ပညာပြပေးရတာပေါ့”

သူက အင်္ကျီလက်စများအား လှုပ်ခါလိုက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ငါ့ရဲ့ ကိုယ်ပွားနောက်တစ်ယောက် ရောက်လာခဲ့ပြီ”

ရှုရှန်းဟွာ လှည့်ကြည့်လိုက်သည့်အခါ နောက်ထပ် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားတစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားနှစ်ယောက်က တစ်‌ထေရာတည်း တူသော်လည်း ဤကိုယ်ပွားကတော့ တာအိုပန်းပွင့်တစ်ပွင့် သယ်ဆောင်လာလေသည်။

“အချိန်ဆွဲပြီး သခင်လေးခုနစ် မင်းကို လာကယ်တာ စောင့်နေချင်တာမလား”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက နှာခေါင်းရှုံ့လိုက်၏။ “သခင်လေးခုနစ်က သေချာပေါက် လာမှာ…. ဒါပေမဲ့ သူက အားကုန်နေပြီ… သူ့ရဲ့ မှော်စွမ်းအင်လည်း အကုန်လုံးနီးပါး အသုံးခံထားရသလို ရုပ်ခန္ဓာကလည်း လုံးဝပင်ပန်းနေပြီ… ငါ့မှာတော့ နောက်ထပ်ကိုယ်ပွားတစ်ယောက်၊ ပလ္လင်ခန်းမနဲ့ တာအိုသစ်သီး ကျန်နေသေးတယ်..

“သူ ငါ့ရဲ့ ကျန်တဲ့ကိုယ်ပွားကို မသတ်နိုင်ခင် မင်း မုချ သေရမှာပဲ”

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက တည်ကြည်လေးနက်စွာ ပြောသည်။

ထိုစဉ် ဘိုးဘေးနန်းတော်ကောင်းကင်ထက်တွင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်မှာ ထွန်းလင်းတောက်ပလာ၏။ ပုံရိပ်တစ်ခုက ဘိုးဘေးနန်းတော်၏ အကာအရံကို ဖြတ်သန်းကာ မီးတောက်များ လောင်ကျွမ်းနေလျက် လောကသစ်ပင်ဆီသို့ ဆင်းသက်လာသည်။

ထိုပုဂ္ဂိုလ်ပေါ်ရှိ မီးတောက်များ ပျောက်ကွယ်သွားသည့်အခါ ထိုလူကား ချင်မူ ဖြစ်နေလေသည်။ ချင်မူက ခြေလှမ်းကျဲကြီးများဖြင့် လောကသစ်ပင်ဆီသို့ လျှောက်လာသည်။

ရုတ်တရက် ခန်းမတစ်ခုက သူ၏အရှေ့တွင် ပေါ်လာပြီး တာအိုသစ်သီးတစ်လုံး မြောလွင့်နေသည်။ တာအိုသစ်သီးအောက်တွင် လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားက မတ်မတ်ထိုင်နေ၏။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့ကာ မေးလိုက်သည်။ “သခင်လေးခုနစ်၊ ခွန်အား သိပ်မကျန်တော့ဘူးမလား”

ချင်မူက ဘာမှမပြောဘဲ ခန်းမထဲသို့ ၀င်ရောက်သွား၏။

လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွား၏ မဟာတာအိုက ပျံသန်းထွက်ပေါ်လာပြီး တာအိုအလင်းရောင်တို့သည် ခန်းမထဲ တိုးဝင်သွားကြလေသည်။

ခန်းမမှာ လင်းကွမ်ခန်းမသခင်၏ မဟာတာအိုဖြင့် ဖွဲ့တည်ထားသည့်အလျောက် သူ၏ကိုယ်ပွားအပြင် တာအိုသစ်သီးလည်း ပါရှိသည်။ လင်းကွမ်ခန်းမသခင်ကား မီလော့နန်းတော်၏ သခင်လေးခုနစ်ဖြစ်သည့် ချင်မူ့အား ဤတိုက်ပွဲ၌ ထိန်းထားနိုင်ရန် ယုံကြည်ချက်အပြည့် ရှိနေ၏။

မကြာမီ နှိုင်းယှဉ်၍ မရနိုင်အောင် စူးရှသော အသံကြီးတစ်သံ ခန်းမထဲမှ ဟိန်းထွက်လာကာ ကြောက်မက်ဖွယ် တာအိုအလင်းရောင်များ ပေါက်ကွဲထွက်လာသည်။ တခဏကြာသော် သွေးတို့က ခန်းမထဲမှ ‌ဒီရေလှိုင်းများအလား ဒလဟော စီးကျလာတော့သည်။

ဝုန်း…

ခန်းမမှာ ထိတ်လန့်တုန်လှုပ်ဖွယ် အားတစ်ရပ်ဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ချင်မူ့လက်များတွင် သွေးများပေကျံနေပြီး သူ၏ညာလက်ထဲတွင်တော့ ပျက်စီးရှုံ့တွနေသော တာအိုသစ်သီးကို ကိုင်ထား၏။ သူက လောကသစ်ပင်ဆီသို့ လေးလံသော ခြေလှမ်းများဖြင့် တရွတ်တိုက် ဆွဲကာ လျှောက်သွားတော့သည်။

သူ့အနောက်တွင် လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားကိုယ်ပွားမှာ ပြိုလဲကာ အက်ကွဲကြေမွသွားတော့၏။

ချင်မူက ညာလက်ကို တင်းကြပ်စွာ ဆုပ်လိုက်ရာ တာအိုသစ်သီးသည်လည်း ဗြိခနဲ စိစိညက်ညက် ကြေသွားတော့သည်။

ချင်မူ၏ အသွင်ကား ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးပမာ ဖြစ်နေတော့၏။

All Chapters