← Chapters

ရွှင်ပျော်ပျော်ကျေးရွာအား အသက်သွင်းခြင်း

Vol. 132 Ch. 1709

ရွှင်ပျော်ပျော်ကျေးရွာအား အသက်သွင်းခြင်း

Vol. 132 Ch. 1709

ရှုရှန်းဟွာပြောသည့်အတိုင်း သန်းခေါင်မရောက်ခင်အချိန်အထိ အနက်ရောင်တောင်တန်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ အနက်ရောင်တောင်တန်း အပြင်ဘက်တွင်သာ စကြဝဠာ ပျက်သုဉ်းနေသည့် ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကြီး ဖြစ်ပွားနေခဲ့၏။

ချင်မူက တာအိုသစ်စေးများ မသောက်တော့ဘဲ ရှုရှန်းဟွာကိုသာ သောက်စေပြီး သူကိုယ်တိုင်ကတော့ ရှုရှန်းဟွာ၏ ဒဏ်ရာများကို ကုသပေးနေသည်။

သူ့အနေဖြင့် ယခုလို ဂရုစိုက်ပေးနေခြင်းမှာ ရှုရှန်းဟွာအနေဖြင့် နောက်ထပ်တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ရဦးမည် ဖြစ်သောကြောင့်ပင်။ သန်းခေါင်ကျော်လာပါက အတိတ်စကြ၀ဠာသိုင်းပညာရှင်များသည် အကဲစမ်းသည့် သဘောဖြင့် ကျူးကျော်လာကြပေမည်။ ရှုရှန်းဟွာ အားပြည့်မနေလျှင် ဤကျူးကျော်မှုကို ခုခံနိုင်မည် မဟုတ်ပေ။

နောက်ဆုံး၌ ကြောက်မက်ဖွယ်ရာ မကောင်ဆိုးဝါး‌တစ်ကောင်က မြေအောက်မှ ထိုးတွက်လာနိုင်ရန် ကြိုးစားနေသကဲ့သို့ အက်ကွဲသော တောင်တစ်လုံး တုန်ခါလာသည်။

ရှုရှန်းဟွာက ထရပ်၍ လောကသစ်ပင်ပေါ်မှ ဆင်းကာ ထိုနေရာသို့ လျှောက်သွားတော့သည်။

ချင်မူက တာအိုသစ်စေးများကို ခံ၍ သောက်သုံးလိုက်၏။

မိုးသောက်ယံရောက်သည့်အခါ ချင်မူ၏ ကျင့်စဉ်စွမ်းအင်မှာ ခြောက်ဆယ်၊ ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်ပြည့်လာချေပြီ။ ထို့ကြောင့် လောကသစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။ ရှုရှန်းဟွာက သူ၏လက်ချက်ဖြင့် သေဆုံးသွားသော အတိတ်စကြ၀ဠာသိုင်းပညာရှင်အချို့အား မြေမြှုပ်သဂြိုဟ်ပေးနေသည်။ ချင်မူလည်း သူ့အနားသို့ ရောက်သောအခါ လင်းကွမ်ခန်းမသခင်အတွက်ပင် အုတ်ဂူဆောက်ပေးရန် စီစဉ်နေသည်ကို တွေ့လိုက်ရ၏။

“မတားနိုင်တော့ရင် ဆုတ်လာခဲ့လိုက်” ချင်မူက မှာသည်။

ရှုရှန်းဟွာက ခေါင်းမော့ကြည့်သည်။ “မင်းရောပဲ”

ချင်မူ အဝေးသို့ လျှောက်သွားသည့်အခါ သူ၏အသံက ပျံ့လွင့်လာသည်။ “ငါ့မှာ ဆုတ်စရာလမ်း မရှိတော့ဘူးလေကွာ”

ရှုရှန်းဟွာလည်း ငေးငိုင်သွားပြီး ခဏအကြာမှ အုတ်ဂူဆက်တူးကာ ကမ္ဗည်းကျောက်တိုင် ထူနေ၏။

ချင်မူက သူ၏ အရှိန်ကို အမြင့်ဆုံးအထိ တင်ကာ ဘိုးဘေးနန်းတော်မှ ကမ္ဘာဦးဘုံသို့ ဦးတည်ထွက်ခွာလာသည်။ သူ့နှလုံးသားထဲတွင် စိုးရိမ်စိတ်များ ကြီးစိုးနေဆဲ ဖြစ်၏။ သူ၏ ပင်ပန်းနွမ်းနယ်နေမှုကြောင့် ဘိုးဘေးနန်းတော်တွင် တစ်ညတာ ကြန့်ကြာခဲ့ရသည်။ ဘိုးဘေးနန်းတော်မှ ကမ္ဘာဦးဘုံသို့ မရပ်မနား ခရီးနှင်လျှင်တောင်မှ ငါးရက်အကြာမှသာ ကမ္ဘာဦးဘုံသို့ ရောက်နိုင်လိမ့်မည်။

ထိုအချိန်၌ ကောင်းကင်နတ်အရှင်ယွင် ရှိနေဦးမည်လော။

ထိုအချိန်အထိ တောင့်ခံထားနိုင်ပါမည်လား။

ကမ္ဘာဦးဘုံတွင်

ချင်မူ ကမ္ဘာဦးဘုံမှ ထွက်ခွာ၍ ဘိုးဘေးနန်းတော်သို့ သွားခဲ့သည့် အချိန်တည်းက ရှေးဟောင်းနတ်ဘုရားဘုရင်သည် ရွှမ်တုစစ်တပ်ကို ဦးဆောင်၍ ရွှင်‌‌ပျော်ပျော်ကျေးရွာကို ထိုးဖောက်ဝင်ရောက်နေခဲ့ပြီ ဖြစ်၏။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်၀ူတို့က သူ့အား တားနေကြသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည်။ ရွှမ်တု၏ မရေမတွက်နိုင်သော နေစောင့်ရှောက်သူများနှင့် လစောင့်ရှောက်သူများက နေလုံးများနှင့် လမင်းများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲယူလာကြသည်။ နေလုံးများက ကမ္ဘာမြေကို မီလောင်တိုက်သွင်းနေပြီး မရေမတွက်နိုင်သော မီးကျီးကန်းနတ်ဘုရားများက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ချေမှုန်းရန် နေလုံးများထဲမှ ပျံသန်းထွက်လာကြသည်။ လများထဲ၌မူ ခြေသုံးချောင်း၊ ဖားဦးခေါင်းနှင့် မျက်လုံးခြောက်လုံးပါသော နတ်ဘုရားများ ခုန်ထွက်လာကြပြီး မှော်စွမ်းအင်များ အသက်သွင်းလိုက်ကြ၏။ ကောင်းကင်တစ်လုံးတွင် ထူးဆန်းသော မျက်လုံးခြောက်လုံးတို့ဖြင့် ပြည့်နှက်သွားပြီး အောက်ရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထံသို့ အလင်းတန်းများ ထုတ်လွှတ်လိုက်ကြသည်။

ဤသည်မှာ ကမ္ဘာပျက်ကိန်း ဆိုက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်‌ချေ၏။

ကောင်းကင်နတ်အရှင်ယွဲ့နှင့် လန်၀ူတို့နှစ်ဦးသည် ကိုယ်တိုင်တားဆီးနေသော်လည်း ရှေးဟောင်းနတ်ဘုရားဘုရင်ကိုသာ တားဆီးနိုင်ပြီး ဤမျှ များပြားသော ရွှမ်တုစစ်တပ်ကိုမူ မတားဆီးနိုင်ကြချေ။

ရွှင်ပျော်ပျော်ကျေးရွာအနေဖြင့် ရွှမ်တုစစ်တပ်ကို တားဆီးနိုင်သည့် စစ်တပ်အင်အားလည်း မရှိတော့ချေ။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်အင်အားမှာမူ ရွှင်ပျော်ပျော်ကျေးရွာထက် များစွာနည်းပါးသည်။ ကောင်းကင်ကို ဖုံးလွှမ်းကာ သမုဒ္ဒရာရေပြင်ကြီးပမာ စီး၀င်လာနေသော ရွှမ်တုစစ်တပ်ကို တားနိုင်ရန် ခက်ခဲလှ၏။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များတွင် နေကို ပစ်ခွင်းနိုင်သည့် အမြောက်များ တစ်ခုပြီးတစ်ခု အသက်၀င်လာကြသည်။ ရာနှင့် ချီသော နတ်ဘုရားမြို့များတွင် နေသူရိန်ခွင်းအမြှောက် တစ်ထောင်ကျော် ရှိ၏။ အမြောက်အလင်းတန်းများက ကောင်းကင်တွင် အနက်ရောင်လမ်းကြောင်းများ ကျန်ရစ်ခဲ့စေသည်။ တစ်ချက်ပစ်လိုက်တိုင်း နေစောင့်ရှောက်သူတစ်ဦး ပြုတ်ကျလျှင်ကျ မဟုတ်လျှင် နေလုံးကြီးမှာ အမြောက်အလင်းတန်းဖြင့် ထိုးဖောက်ခံရတတ်သည်။

သို့သော်လည်း ရွှမ်တု၏ နတ်ဘုရားမိစ္ဆာစစ်တပ်အား တားဆီးမရနိုင်သေးချေ။

မရေမတွက်နိုင်သော မီးကျီးကန်းစစ်သည်တော်များက အင်အားအလုံးအရင်းဖြင့် တိုး၀င်လာကြသည်။ ခြေသုံးချောင်း မီးကျီးကန်းနတ်ဘုရားများက တောင်ပံများ ခတ်လျက် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမြို့များဆီသို့ ၀င်ရောက်လာကြချေပြီ။ လေထဲတွင် မြောလွင့်နေသော နတ်ဘုရားမြို့များက ချီစွမ်းအင်အမြောက်အမြား ဖြန့်ကျက်ကာ မရေမတွက်နိုင်သော အမြောက်အလင်းတန်းတို့ဖြင့် မီးကျီးကန်းနတ်ဘုရားများအား ပစ်ခွင်းကြသည်။

ချက်ချင်းပင် ကောင်းကင်မှ မီးမိုးများ တဖွဲဖွဲ ရွာသွန်းလာသော်လည်း မီးကျီးကန်းနတ်ဘုရားများက မြို့တံတိုင်းဆီသို့ အဆက်မပြတ် ဦးတည်လာနေကြဆဲပင်။

ထို့အပြင် လစောင့်ရှောက်သူများ ဦးဆောင်သည့် မျက်လုံးခြောက်လုံး ကြယ်ဖား နတ်ဘုရားများလည်း ရှိ‌နေသေးသောကြောင့် ကောင်းကင်တွင် ထူးဆန်းသော မျက်လုံးများ ပြည့်နှက်နေချေသည်။ ယင်းမျက်လုံးများမှ နတ်အလင်းတန်းများ ပစ်လွှတ်၍ နတ်ဘုရားမြိုတို့အပေါ်ရှိ ချီစွမ်းအင်အမြောက်များကို တိုက်ခိုက်ဖျက်ဆီးနေကြသည်။

ပထမဆုံးတိုက်ခိုက်ခံရသည်မှာ အနောက်ဘက်ရှိ ကန်မြို့ပင်။ မီးကျီးကန်းနတ်ဘုရားများ၏ ပထမလှိုင်းက ကန်မြို့၏ မြို့တံတိုင်းကို ဝင်တိုက်ကာ ခြေသုံးချောင်းဖြင့် မြို့တံတိုင်းအား ကုတ်တွယ်လျက် အပေါ်သို့ ပြေးတက်လာကြသည်။ အချို့က မြို့ရိုးပေါ်သို့ ပြေးတက်ပြီး အချို့က တံတိုင်းအောက်သို့ ပြေးဆင်းသွားကာ မြို့၏အနောက်၌ အောက်ခြေမှ တူးလျက် မြို့ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြ၏။

အမြောက်အလင်းတန်းများက သူတို့ကို မသတ်နိုင်တော့ပေ။ မြို့တံတိုင်းပေါ်တွင် နတ်ဘုရားများက ရထားလှည်းပျံများကို ချက်ချင်း ထုတ်လျက် ဓားမျှော်စင်များကို ဖွင့်လိုက်သည်။ မရေမတွက်နိုင်သော ဓားစက်လုံးများ ထွက်ပေါ်လာပြီး မြို့တံတိုင်းအောက်သို့ ရေတံခွန်အလား ဖြာဆင်းသွားကြ၏။ ဓားစက်လုံးများမှာ ကျဆင်းနေစဉ်အတွင်း ဓားပျံများအဖြစ်သို့ အဆက်မပြတ် ပြိုကွဲလျက် အရပ်မျက်နှာတခွင်သို့ ထိုးစိုက်သွားကြသည်။ ယင်းတို့က လျင်မြန်စွာ ရွေ့လျားနေကြ၏။

နယ်မြေ၏ အလယ်ဗဟိုတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားများက နတ်ချပ်ဝတ်တန်ဆာမျာအား ခေါင်းအစ ခြေအဆုံး ဝတ်ဆင်ထားကြသည်။ မျက်နှာဖုံးများပင် အလွန်တင်းကြပ်နေပြီး မျက်လုံးနှင့် ပါးစပ်ကိုသာ ဖော်ထားကြ၏။

သူတို့ထဲမှ အချို့က အမျိုးမျိုးသော ကောင်းကင်လက်နက်များကို သယ်ထမ်းထားပြီး အချို့ကမူ လှံရှည်နှင့် ဓားများကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ နတ်ဘုရားနှင့် လူသားအတော်များများမှာ စစ်မြေပြင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သောကြောင့် တရစပ် တုန်ခါနေသော မြေပြင်အား ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေကြမိ၏။

မြို့လယ်ရှိ မြေပြင်သည် ပိုပို၍ ပြင်းထန်စွာ တုန်ခါလာ၏။ ရုတ်တရက် ဝုန်းခနဲ အသံကြီးနှင့်အတူ မြေကြီးမှာ အရည်ပျော်သွားပြီး ရွှေရည်နှင့် ကြေးနီရည်များ ကောင်းကင်သို့ ပန်းထွက်သွားကြသည်။

ရွှေရည်နှင့် ကြေးနီရည်များထဲမှ မရေမတွက်နိုင်သော မီးကျီးကန်းနတ်ဘုရားများ ပျံသန်းထွက်လာကြသည်။ ယင်းတို့က မြေအောက်မှ အုံလျက်ကျင်းလိုက် ထွက်လာသော ပိုးကောင်များပမာ သတ်ဖြတ်ရန် အရပ်မျက်နှာတိုင်းသို့ ပျံသန်းသွားကြသည်။

တူ… တူ…

ကန်မြို့မျှော်စင်ထက်တွင် တစ်စုံတစ်ယောက်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တုပသွန်းလုပ်ထားသော အနောက်နတ်မင်း၏ စစ်ခရာကို မှုတ်ကာ စစ်သည်တော်တို့၏ သွေးနှင့်ချီ စွမ်းအင်ကို မြှင့်တင်ပေးလိုက်သည်။ သို့သော်လည်း သူတို့မှာ သွေးထွက်သံယိုတိုက်ပွဲထဲတွင် နစ်မြုပ်နေကြပြီး အထိအခိုက်အကျအဆုံးများစွာ ခံစားနေကြရသေး၏။

ကန်မြို့သည် အနောက်ဘက်ရှိ နတ်ဘုရားမြို့များထဲမှ တစ်မြို့သာ ဖြစ်ပြီး အခြားနတ်ဘုရားမြို့များ၏ အခြေအနေမှာလည်း မထူးလှပေ။

ရွှမ်တုစစ်တပ်မှာ ပိုပို၍ များပြားလာပြီး ကောင်းကင်ရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားမြို့များမှာ အဝိုင်းခံနေရသည်။ နတ်ဘုရားမြို့များ၏ အောက်တွင်မူ သာမန်လူများနှင့် မှော်စွမ်းအင်ရှိသည့် ပုဂ္ဂိုလ်များ နေထိုင်ကြသည့် မြို့များ၊ ကျေးရွာများ ရှိ၏။ အကယ်၍ နတ်ဘုရားမြို့များ ကျရှုံးသွားပါက ထိုပြည်သူပြည်သားများသည် သေချာပေါက် မျိုးသုဉ်းသတ်ဖြတ်ခံရပေလိမ့်မည်။

“တာအိုနောင်‌တော် ဆက်မစောင့်နဲ့တော့”

အားချိုက လေးနက်စွာ ပြောလိုက်သည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်က အချိန်တစ်ခုအထိ အားနည်းချက် ထုတ်ပြမှာ မဟုတ်ဘူး… ဒီအချိန်မှာ ခင်ဗျားပဲ ကောင်းကင်တာအိုရတနာကို ထုတ်သုံးပြီး ရွှမ်တုက နတ်ဘုရားမိစ္ဆာတွေကို တားဆီးနိုင်မှာ”

ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူတို့နှင့် တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဘုရားဘုရင်ဆီသို့ မော့ကြည့်လိုက်သည်။ ရုတ်တရက် သူက အံကြိတ်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အထွတ်အမြတ် ကောင်းကင်တာအို ရတနာများကို အသက်သွင်း၍ ကောင်းကင်ရှိ ရွှမ်တုနတ်ဘုရားမိစ္ဆာများထံ ပျံသန်းသွားကာ တိုက်ခိုက်သတ်ဖြတ်တော့သည်။

အားချိုက စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး သူနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် ပျံသန်းသွားသည်။

သူတို့နှစ်ဦးစလုံးသည် ကောင်းကင်နတ်အရှင်အဆင့်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ စစ်မြေပြင်သို့ ဝင်ရောက်လိုက်သည်နှင့် ရွှမ်တုနတ်ဘုရားမိစ္ဆာစစ်တပ်များအား ချက်ချင်း တားဆီးလိုက်နိုင်ကာ ၎င်းတို့ ဆက်လက်ဆင်းသက်လာရန် ခက်ခဲသွားစေသည်။

ထိုအချိန်တွင် လက်ဝဲလက်ယာ နတ်နဂါးတပ်ဖွဲ့မှ အင်အားတစ်သိန်းပါသော နတ်ဘုရားမိစ္ဆာစစ်တပ် ထွက်ပေါ်လာပြီး တိုက်ပွဲ၀င်္ကပါ ခင်းကျင်းကာ သူတို့နှစ်ဦးဆီသို့ ဦးတည်လာသည်။

ရွှင်ပျော်ပျော်ကျေးရွာတွင် အခြေအနေမှာ မျှော်လင့်ချက်ကင်းမဲ့နေချေပြီ။ တိရီယွဲ့၊ ယန်ယွင်ရှီနှင့် အခြားသူများက စစ်သည်တော်တို့အား ဖောက်ထွက်ပြီး ကောင်းကင်ဘုံများမှ ထွက်ခွာနေကြသည်။ ရွှင်ပျော်ပျော်ကျေးရွာရှိ ကောင်းကင်ဘုံ ၃၃ ဘုံရှိ တိုက်ပွဲများမှာ စိတ်ကူးမှန်းဆနိုင်သည်ထက်ပင် ပြင်းထန်လှ၏။ ကောင်းကင်ဘုံတိုင်းမှာ အကြိတ်အနယ် လွန်ဆွဲတိုက်ခိုက်နေကြရသည်။ နှစ်ဖက်စလုံး၏ နတ်ဘုရားမိစ္ဆာစစ်တပ်များမှ အလောင်းများက တောင်ကဲ့သို့ ပုံကာ ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံများအား သွေးပင်လယ် ဖြစ်ထွန်းနေစေ၏။ ထိုက်ချင်းကောင်းကင်ဘုံတွင်သာ တပ်စွဲထားခြင်း မရှိ၍ အနည်းငယ် ငြိမ်သက်နေသည်။

သို့သော် ရွှင်ပျော်ပျော်ကျေးရွာ၏ အခြေအနေမှာ မျှော်လင့်ချက် မရှိတော့သောကြောင့် ခိုင်ဧကရာဇ်တိရီယွဲ့မှာလည်း မျက်ရည်များ စီးကျနေလျက် ရွှင်ပျော်ပျော်ကျေးရွာအား စွန့်ပစ်ဆုတ်ခွာခဲ့ရ၏။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားစစ်တပ်၊ ရေတပ်တို့က စစ်တပ်များကို လိုက်လံတိုက်ခိုက်သည်။ ကြည်းစစ်တပ်ကတော့ ရွှင်ပျော်ပျော်ကျေးရွာကို သိမ်းပိုက်ကာ ထိုက်ချင်းကောင်းကင်ဘုံကို တိုက်ခိုက်နေ၏။ ထိုက်ချင်းကောင်းကင်ဘုံတွင် လူတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ ထိုသူမှာ လန်ယွီတျန်းပင်။

ကြည်းတပ်၏ မရေမတွက်နိုင်သော စစ်သည်‌တော်များက ရွှင်ပျော်ပျော်ကျေးရွာ၏ အခြားကောင်းကင်ဘုံ ၃၂ ဘုံမှ တဝေါဝေါ တက်လာကြပြီး အင်အားစုစည်းကာ ထိုက်ချင်းကောင်းကင်ဘုံကို တိုက်ခိုက်နေကြသည်။

ထိုက်ချင်းကောင်းကင်ဘုံတွင်မူ လန်ယွီတျန်းက သူ၏ ကောင်းကင်လက်နက်ကို ထိန်းချုပ်၍ အသတ်အဖြတ်၀င်္ကပါကို ခင်းကျင်းထား၏။ ထိုက်ချင်းကောင်းကင်ဘုံဝင်ပေါက်တွင် တိုက်ခိုက်သတ်ဖြတ်နေသံများက ကောင်းကင်ကိုပင် တုန်ခါနေစေသည်။

အခြားတစ်ဖက်တွင် ဇာမဏီနတ်မင်းချီရှားယွီ၊ တောင်နတ်မင်းကျုချွဲ၊ ချိမင်ဧကရာဇ်မင်းနှစ်ပါးနှင့် ယန်အာတို့က ဇာမဏီမျိုးနွယ်၊ ချိမင်မျိုးနွယ်နှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်များကို ဦးဆောင်ကာ တောင်ဘက်နယ်စပ်မှ ချီတက်လာကြပြီး ဆုတ်ခွာလာမည့် ရွှင်ပျော်ပျော်ကျေးရွာစစ်တပ်အား စောင့်နေကြသည်။

တစ်ချိန်တည်းမှာပင် ဝေစွေ့ဖုန်းနှင့် မြောက်နတ်မင်းရွှမ်းဝူတို့က လင်းကွမ်ခန်းမသခင်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွားကို သတ်ဖြတ်ပြီး မြောက်ကောင်းကင်၏ စစ်တပ်များကို လက်နက်ချထွက်ပြေးစေခဲ့သည်။ ဝေစွေ့ဖုန်းက ရွှမ်းဝူစစ်တပ်နှင့် မန်သီလူရိုင်းနယ်မြေစစ်တပ်အား ချန်ထားခဲ့၏။ သူက ရွှမ်းဝူဧကရာဇ်မင်းနှစ်ပါးနှင့်အတူ မန်သီလူရိုင်းနယ်မြေ၏ အနောက်တောင်ဘက်သို့ ထွက်ခွာ၍ အားဖြည့်ပေးရန် ချီတက်လာသည်။

အနောက်ကမ္ဘာမြေတွင် ယွဲ့ထင်းကဲက အထက်ကောင်းကင်သို့ ချင်းနင်းထိုးဖောက်သွားသည်။ နဂါးချီလင်ကမူ သားရဲကမ္ဘာစစ်တပ်၊ အနောက်နတ်မင်းကျားဖြူတို့နှင့်အတူ အနောက်ဘက်မှ စစ်ချီလာပြီး ကောင်းကင်ဘုံစစ်တပ်၏ အနောက်ပိုင်းကို တိုက်ခိုက်နေသည်။ သူတို့က ရွှင်ပျော်ပျော်ကျေးရွာပေါ်ရှိ ဖိအားကို လျှော့ချ ပေးနိုင်ရန် ကြိုးစား‌နေကြသည်။

“ခိုင်ဧကရာဇ် စတင်လို့ရပါပြီ”

တန်ခိုးရှင်သစ်ခုတ်သမားက ရွှင်ပျော်ပျော်ကျေးရွာမှ ရှုံးနိမ့်လာသော စစ်သည်များကို စုစည်းပြီး တိရီယွဲ့နှင့် အခြားသူများဖြင့် ပူးပေါင်းလိုက်သည်။ ဤတိုက်ပွဲသည် ရွှင်ပျော်ပျော်ကျေးရွာစစ်သည်တော်များကို များစွာကျရှုံးစေခဲ့ပြီး ခြောက်ဆယ်ရာခိုင်နှုန်းခန့် သေဆုံးဒဏ်ရာရခဲ့၏။ ကျန်ရှိသောစစ်သည်များမှာလည်း ဒဏ်ရာကိုယ်စီဖြင့် ရှိနေကြသည်။

သူတို့လက်ထဲရှိ ကောင်းကင်လက်နက်များမှ စုတ်ပြတ်နေကြကာ ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများမှာလည်း အပေါက်များဖြင့် ပြည့်နှက်နေ၏။ ပရေဆေးလုံး ကုန်သွားကြသလို ရိက္ခာများမှာလည်း မကျန်တော့ပေ။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ပေးပို့ထားသည့် တိုက်ပွဲ၀င်္ကပါများ၊ စစ်ရထားလှည်းများနှင့် အခြားကောင်းကင်လက်နက်များမှာလည်း စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

ပရမတ္တလှေကဲ့သို့သော မဟာကောင်းကင်လက်နက်ကြီးများပင်လျှင် ဖျက်ဆီးခံလိုက်ရသဖြင့် သိကြားဗုဒ္ဓလီရုံလန်မှာ စွန့်ပစ်ခဲ့ရသည်။

ရွှင်ပျော်ပျော်ကျေးရွာ ဆက်လက်တိုက်ခိုက်ပါက မျိုးသုဉ်းသတ်ဖြတ်ခံရမည့် အဆုံးသတ်တစ်ခုတည်းသာ ရှိတော့၏။

တိရီယွဲ့၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေသည်။ သူမက ရွှင်ပျော်ပျော်ကျေးရွာကို အဝေးမှ လှမ်းကြည့်ရင်း အက်ကွဲစွာဖြင့် ပြောလိုက်၏။ “ကောင်းကင်ဆရာသခင်၀မ်၊ လန်ယွီတျန်းက ထိုက်ချင်းကောင်းကင်ဘုံမှာ ရန်သူကို ခုခံဖို့ ရှိနေတုန်းပဲ…”

“သူ့ကို ဂရုစိုက်စရာ မလိုပါဘူး… သူ ထွက်လာနိုင်ပါတယ်”

ဝမ်ထျန်းကဲက ပြောသည်။ “ဒီတစ်ခါ ကျုပ် သူ့ကို ထိုက်ချင်းကောင်းကင်ဘုံမှာ သခင်မယွမ်မုနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ တောင်းဆိုခဲ့တာက ထိုက်ချင်းကောင်းကင်ဘုံထဲ ရန်သူတွေ ပိုများများ ရောက်လာအောင် ဆွဲဆောင်ထားနိုင်ဖို့ပဲ…. သူ အဲ့ဒီမှာ နေခဲ့မှ ရွှင်ပျော်ပျော်ကျေးရွာရဲ့ စွမ်းအားကို အပြည့်အ၀ ထုတ်ဖော်နိုင်မှာ”

တိရီယွဲ့က သက်ပြင်းချလိုက်သည် “ဒါဆို စလိုက်ကြစို့…”

ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံတစ်ခုချင်းစီမှ ခေါင်းဆောင်များ အသီးသီးထွက်လာကြသည်။ သူတို့က ကျန်ရှိနေသော စစ်သည်တော်များကို ဦးဆောင်လျက် ရွှင်ပျော်ပျော်ကျေးရွာအား ရှုပ်ထွေးသော အကြည့်များဖြင့် အဝေးမှ လှမ်းကြည့်နေကြ၏။

ရွှင်ပျော်ပျော်ကျေးရွာသည် သူတို့၏ ဒုတိယမြောက် မွေးရပ်မြေဖြစ်ပြီး ယခုအခါတွင်မူ ဖျက်ဆီးခံရတော့ပေမည်။ သူတို့၏ လက်ချက်ဖြင့်ပင် ပျက်စီးရတော့မည်ဖြစ်သည်။

“ကျုပ်တို့ရဲ့ ပထမမွေးရပ်‌မြေက ကမ္ဘာဦးဘုံပဲ… ရွှင်ပျော်ပျော်ကျေးရွာက ကျုပ်တို့ ခေတ္တခိုလှုံတဲ့နေရာသာ ဖြစ်တယ်… အခု ကျူပ်တို့ရဲ့ ရန်သူကို သတ်ဖြတ်ဖို့၊ ပထမမွေးရပ်မြေကို ကာကွယ်ဖို့ ဒီနေရာကို ဖျက်ဆီးရမယ်… ကျုပ်တို့ရဲ့ နှလုံးသားထဲက ရွှင်ပျော်ပျော်ကျေးရွာကိုလည်း ချိုးဖျက်လိုက်ကြစို့”

ဝမ်ထျန်းထဲ၏ အသံက ခပ်တိုးတိုးသာ ရှိသည်။ “အားလုံးပဲ ရွှင်ပျော်ပျော်ကျေးရွာကို ထိုက်တန်တဲ့ ခမ်းနားတောက်ပမှုနဲ့ ပေါက်ကွဲခွင့်ပေးလိုက်ကြပါစို့”

သူ၏အကြည့်က စုမိုင်ချင်းအပေါ် ကျရောက်သွားသည်။ စုမိုင်ချင်းသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုဂိုဏ်းကို တည်ထောင်သူဖြစ်ပြီး ခိုင်ဧကရာဇ်ချင်ယဲ့၏ ပထမဆုံးဓားကွက်ဖြစ်သည့် ထိုက်ဟွမ် ငြိမ်းချမ်းရေးကောင်းကင်ဓားအား ကျွမ်းကျင်ထားသူ ဖြစ်၏။

စုမိုင်ချင်းနှင့် သူမ၏ စစ်သည်တော်များက ခပ်တိုးတိုး အော်ဟစ်လျက် မှော်စွမ်းအင်များကို အသက်သွင်းကာ ရွှင်ပျော်ပျော်ကျေးရွာ၏ ပထမကောင်းကင်ဘုံဖြစ်သည့် ထိုက်ဟွမ်ကောင်းကင်ဘုံကို အဝေးမှနေ၍ ဂါဝရပြုလိုက်ကြသည်။

ဝမ်ထျန်းကဲ၏အကြည့်က ရွှင်ပျော်ပျော်ကျေးရွာ၏ ဒုတိယကောင်းကင်ဘုံဖြစ်သော ထိုက်မင်ကောင်းကင်ဘုံမှ စစ်သူကြီး ယန်ရိနွမ်အပေါ် ကျရောက်သွားပြန်၏။ ယန်ရိနွမ်သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ နေစောင့်ရှောက်သူ ယန်ကျင့်ကျင့်၏ ဘိုးဘေးဖြစ်ပြီး ခိုင်ဧကရာဇ်၏ ဒုတိယဓားကွက်ဖြစ်သည့် ထိုက်မင် ‌ကောင်းကင်တရားစီရင်ဓားအား ကျွမ်းကျင်သည်။

တတိယကောင်းကင်ဘုံဖြစ်သော ချင်းမင်ကောင်းကင်ဘုံမှ လက်ထောက်အမတ်ကြီး ဖန်ယိုကျိသည် ခိုင်ဧကရာဇ်၏ တတိယဓားကွက်ဖြစ်သည့် ချင်းမင် နှလုံးသားဓားအား ကျင့်ကြံသူဖြစ်၏။

စတုတ္ထကောင်းကင်ဘုံ ရွှမ်ထိုက်ကောင်းကင်ဘုံမှ လက်ထောက်အမတ်ငယ် ကောပိုင်ရွှမ်သည် ခိုင်ဧကရာဇ်၏ စတုတ္ထဓားကွက်ဖြစ်သည့် ရွှမ်ထိုက် မိုးကောင်းကင်ချုပ်နှောင်ဓားအား ကျင့်ကြံသူဖြစ်သည်။

ပဥ္စမကောင်းကင်ဘုံမှ စစ်သူကြီး ကျိုးကျင်းမုန်သည် ရွှမ်မင် ပညာရှိဓားအား ကျင့်ကြံ၏။

....

ခိုင်ဧကရာဇ်ချင်ယဲ့၏ လက်အောက်မှ ယန်ယွင်ရှီအပါအဝင် ကောင်းကင်ဘုံ ၃၂ ဘုံရှိ စစ်သူကြီးသုံးဆယ့်နှစ်ဦးသည် ခိုင်ဧကရာဇ်ဓားတာအိုမှ ဓားကွက်သုံးဆယ့်နှစ်မျိုးကို ကျွမ်းကျင်ကြသည်။ သို့သော် သုံးဆယ့်သုံးကွက်မြောက် ဓားကွက်ကိုတော့ မည်သူမှ မကျွမ်းကျင်ပေ။

“သုံးဆယ့်သုံးကွက်မြောက်ဓားကွက်ကို ကျွမ်းကျင်တာက ထိုက်ချင်းဘုံက ကောင်းကင်နတ်အရှင်ယွီ လန်ယွီတျန်းပဲ… သူ အဲ့ဒီမှာ ကျန်နေခဲ့တာက ရွှင်ပျော်ပျော်ကျေးရွာရဲ့ စွမ်းအားအပြည့်အ၀ကို လှုံ့ဆော်ဖို့”

ဝမ်ထျန်းကဲက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အားလုံး… ရွှင်ပျော်ပျော်ကျေးရွာကို အသက်သွင်းလိုက်ကြ”

သူ၏ စကားသံ ဆုံးသည်နှင့် စစ်သည်တော်အားလုံးက မှော်စွမ်းအင်များအား အတူတကွ ထုတ်လွှတ်လိုက်ကြသည်။ အဝေးတွင် ရွှင်ပျော်ပျော်ကျေးရွာသည် ရုတ်တရက် တုန်ခါသွားပြီး မရေမတွက်နိုင်သော ကျောက်တုံးများ လွင့်စင်သွားလျက် တောင်တန်းများ ပြိုလဲကျလာ၏။ ပင်လယ်များ ခမ်းခြောက်ကာ မြေကြီးတို့ ကွဲအက်၍ မြေအောက်အနက်ထဲတွင် မြှုပ်နှံထားသော သံမဏိအရိုးများ ပေါ်ထွက်လာသည်။

ကောင်းကင်ဘုံ ၃၃ ဘုံ၏ အတွင်းတည်ဆောက်ပုံမှာ အလွန်ကြီးမားသော နတ်သတ္တုကုန်ကြမ်းများဖြင့် တည်ဆောက်ထားသည့် ခမ်းနားကြီးကျယ်လှသော အဆောက်အဦးကြီးတစ်ခု ဖြစ်သည်။ ၎င်းအပေါ်တွင် မရေမတွက်နိုင်သော ဓားသင်္ကေတများဖြင့် တံဆိပ်ခတ်နှိပ်ထား၏။

ထိုက်ဟွမ်မှ စတင်၍ ကောင်းကင်ဘုံတစ်ခုပြီးတစ်ခု တောက်ပလင်းလာသည်။

ထိုအခိုက်အတန်၌ ဓားတာအိုစီးကြောင်းတို့က ရွှင်ပျော်ပျော်ကျေးရွာထဲတွင် ပြည့်နှက်သွားချေပြီ။ ထိုက်ချင်းဘုံတွင် လန်ယွီတျန်းက ကြောင်ငေးနေဆဲ ဖြစ်သော သခင်မယွမ်မုကို လှည့်ကြည့်လိုက်ပြီး ချက်ချင်း ပျံတက်သွားတော့သည်။

သူ့ပတ်ပတ်လည်ရှိ ကောင်းကင်လက်နက် လန်ယွီတျန်းများက သူနှင့်အတူပျံတက်သွားပြီး ကောင်းကင်တွင် ဝဲပျံနေကြသည်။ သူတို့က ထိုက်ချင်းဘုံ၏ မြေပြင်နှင့် မျဉ်းပြိုင်အနေအထား၌ ပျံနေကြ၏။ အောက်မှ ကြည့်ပါက လန်ယွီတျန်းက ခြေလက်လေးဖက်ကို ဆန့်တန်းထားသည်ကို တွေ့မြင်ရနိုင်သည်။ သူတို့က အပြာရောင်စွန်များကဲ့သို့ လေနှင့်အတူ အထက်အောက် လွင့်မြောနေကြလေသည်။

လန်ယွီတျန်းက ညာလက်ဖြင့် ညွှန်ပြ၍ လက်ညှိုးကို ဓားပမာ အသုံးပြုလိုက်၏။

ရွှပ်…ရွှပ်…ရွှပ်

တရွှမ်ရွှပ် အသံများနှင့်အတူ ဓားကွက်ကို အသက်သွင်းလိုက်လေသည်။

“ဓားတာအိုရဲ့ ၃၃ဘုံမြောက် ဓားကွက်…. ထိုက်ချင်းဓားလမ်းစဥ်…. ရွှင်ပျော်ပျော်ကျေးရွာ နိုးထလော့”

All Chapters