← Chapters

မွေးရပ်မြေကို ပြန်မယ်

Vol. 132 Ch. 1710

မွေးရပ်မြေကို ပြန်မယ်

Vol. 132 Ch. 1710

ကမ္ဘာမြေပြင်တွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တငွေ့ငွေ့ လှိုင်ထနေပြီး မြွေနဂါးများ တွားလာသောင်းကျန်းနေကြသည်။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်သုံးတပ်အနက် ကြည်းတပ်က ကောင်းကင်နတ်မြစ်ရေတပ်ထက်ပင် ပို၍အရွယ်အစား ကြီးမားသည်။ သို့သော် ကောင်းကင်နတ်မြစ်ရေတပ်က စစ်တပ်သုံးတပ်ထဲတွင် နာမည်အကြီးဆုံးဖြစ်သောကြောင့် ကြည်းတပ်မှာ ၎င်း၏အရိပ်အောက်မှ မရုန်းထွက်နိုင်ပေ။

ကြည်းတပ်၏ နတ်ဘုရားမိစ္ဆာအများစုမှာ ကြယ်တာရာနတ်မင်းများ၏ ကောင်းကင်ဘုံအသီးသီးမှ ဆင်းသက်လာကြခြင်းဖြစ်ပြီး အဓိကစစ်သူကြီးရှစ်ဦးအထိ ရှိ၏။ ထိုသူတို့သည် ယောင်ကွမ်း၊ ခိုင်းယန်၊ ယွိဟိန်၊ ထျန်းချွမ်၊ ထျန်းကျီ၊ ထျန်းရွှမ်း၊ ထျန်းရှူးနှင့် ပေတုတို့ဖြစ်ပြီး ကြယ်တာရာနတ်မင်းများ၏ အမြင့်မားဆုံးအာဏာကို ကိုယ်စားပြုကြသည်။

သူတို့အထဲတွင် ပေတုနတ်မင်းမှာ အင်အားအကြီးဆုံး ဖြစ်ပြီး ယောင်ကွမ်း၊ ခိုင်းယန်နှင့် အခြားသူများက သူ၏ အာဏာအောက်တွင် ခစား၍ ကောင်းကင်သခင်များရာထူး ရှိကြသည်။

ဤအခိုက်အခန့်တွင် ပေတုနတ်မင်းသည် ကြည်းတပ် စစ်သူကြီးခုနစ်ဦးကို ဦးဆောင်၍ ထိုက်ချင်းကောင်းကင်ဘုံအား တိုက်ခိုက်နေသည်။ သူသည် ကောင်းကင်ဘုံအတွင်းသို့ ဝင်ရောက်၍ လန်ယွီတျန်းအား သတ်ဖြတ်ရန်ကြိုးစားနေ၏။

ရွှင်ပျော်ပျော်ကျေးရွာ၏ ထိပ်ဆုံးရှိ ထိုက်ချင်းကောင်းကင်ဘုံ ပေါက်ကွဲသွားသည့်အခါ ကောင်းကင်ဘုံ ၃၃ ခုက တစ်ခုတည်းအဖြစ် ဆက်သွယ်သွားကြသည်။ ကောင်းကင်ဘုံမျက်နှာပြင်များက ပြိုအက်အပ်ကွဲလာပြီး အထဲရှိ နတ်ရွှေစင်ရွှေသားတို့ဖြင့် ထုဆစထားသော အဆောက်အဦးကြီးတစ်ခုကို ထုတ်ဖော်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်တို့ ကောင်းကင်ဘုံ ၃၃ ဘုံမှ ပေါက်ကွဲထွက်လာကြသည်။ အဝေးမှ ကြည့်လျှင် ရွှင်ပျော်ပျော်ကျေးရွာ ကောင်းကင်ဘုံ ၃၃ ဘုံသည် ဧရာမဓားကြီးတစ်လက်နှင့် တူနေချေပြီ။

ကြည်းတပ်စစ်သူကြီးများနှင့် စစ်တပ်များက ရွှင်ပျော်ပျော်ကျေးရွာထဲရှိ ဓားရောင်တို့ကို ရင်ဆိုင်တိုက်ခိုက်နေရပြီး ဓားချီတို့က ကောင်းကင်ဘုံအမျိုးမျိုးတွင် ပြည့်နှက်နေကြသည်။ ဤသည်က ပြန်လည်အသက်ဝင်လာသော ဓားတာအိုပင် ဖြစ်၏။

ဤအခိုက်အတန့်တွင် ရှိသမျှ သူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ ၎င်းက အသက်ရှင်ဖို့ ထွက်ပြေးရန်သာ။

သို့သော် သူတို့အနေဖြင့် လွတ်ရာလမ်း မရှိပေ။ ကောင်းကင်ဘုံ ၃၃ ဘုံသည် အဆုံးမရှိသော ဓားတာအိုပင်လယ်ကြီး ဖြစ်လာ၏။ ဤဓားတာအိုက ခိုင်ဧကရာဇ်ချင်ယဲ့၏ ဓားတာအိုသာမဟုတ်ဘဲ ခေတ်တစ်ခေတ်၏ ကြေကွဲဝမ်းနည်းဖွယ်ရာ တေးသံအလား မြည်ဟည်းနေသည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ အလင်းရောင်သည် ကမ္ဘာဦးဘုံ၏ ကောင်းကင်တစ်ပြင်လုံးအား ထွန်းလင်းတောက်ပနေစေပြီး ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားစစ်တပ် ဆွဲယူလာသော နေလုံးကြီးများကိုပင် ဖုံးလွှမ်းထားသည်။

ပေတုနတ်မင်းက ရွှင်ပျော်ပျော်ကျေးရွာ ဝင်ပေါက်၌ ရပ်နေသည်။ ဤ မြင်ကွင်းကို မြင်လျှင် သူ့မျက်လုံးမှ မျက်ရည်များ တသွင်သွင် စီးကျလာမိ၏။ “ငါ မလွတ်နိုင်တော့ဘူး…”

ယောင်ကွမ်း၊ ခိုင်းယန်နှင့် တခြားစစ်သူကြီးများက သူ့အနားသို့ အလောတကြီး ရောက်လာကာ ဝန်းရံလိုက်ကြသည်။ သူတို့က ကောင်းကင်သို့ ပြိုင်တူပျံတက်သွားကြပြီး အလေးအနက် သတိပေးကြသည်။ “ပေတုနတ်မင်း၊ ခင်ဗျား အခု မထွက်ခွာဘူးဆိုရင် မလွတ်မြောက်နိုင်ဘဲ နေလိမ့်မယ်…”

ပေတုနတ်မင်းမှာ စိတ်ရှုပ်ထွေးနေပြီး ကြည်းတပ်၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာစစ်တပ်ကို ငုံ့ကြည့်လိုက်မိသည်။ သူတို့သည် ကောင်းကင်ဘုံ ၃၃ ဘုံလုံးတွင် ပြန့်ကျဲနေကြ၏။ သို့သော် ရွှင်ပျော်ပျော်ကျေးရွာက ပေါက်ကွဲနေသဖြင့် သန်းချီသော နတ်ဘုရားမိစ္ဆာများမှာ ဓားတာအိုပင်လယ်ထဲ နစ်မြုပ်နေကြတော့သည်။

ထိုက်ဟွမ်‌ကောင်းကင်ဘုံ၊ ထိုက်မင်ကောင်းကင်ဘုံ၊ ချင်းမင်ကောင်းကင်ဘုံ၊ ရွှမ်းထိုက်ကောင်းကင်ဘုံ…

ကောင်းကင်ဘုံအားလုံး ဓားတာအိုငရဲပမာ ပျက်စီးနေချေပြီ။

ပြင်းထန်လှသော ဓားချီတို့က ထိုနေရာကို နတ်ဘုရားမိစ္ဆာများပင် မလွတ်မြောက်နိုင်သည့် သားသတ်ရုံကြီးပမာ ပြောင်းလဲလိုက်လေပြီ။

ကြည်းစစ်တပ်သည် ကောင်းကင်နတ်ဘုံတွင် အင်အားအများဆုံး နတ်ဘုရားစစ်တပ်ဖြစ်ကာ မြေပြင်တိုက်ပွဲများတွင် အကျွမ်းကျင်ဆုံး ဖြစ်၏။ သို့သော် ဤကပ်ဘေးကြီးမှ သူတို့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

“ငါတို့ မလွတ်နိုင်တော့ဘူး…”

ပေတုနတ်မင်းက အော်ဟစ်လိုက်သည်။ “စစ်သည်တော်တွေအားလုံး မလွတ်နိုင်ကြတော့ဘူး… ငါတို့လည်း မလွတ်နိုင်တော့ဘူး…”

သူ့စကားမဆုံးခင်မှာပင် ဓားလမ်းစဉ်တွင် အမြင့်မားဆုံး သိုင်းပညာရှင်ဖြစ်သည့် ခိုင်ဧကရာဇ်ချင်ယဲ့ကိုယ်တိုင် ဓားဖြင့် ခုတ်ပိုင်းလိုက်သည့်အလား ရွှင်ပျော်ပျော်ကျေးရွာရှိ စွမ်းအားအလုံးစုံ ပေါက်ကွဲထွက်လာတော့သည်င်။

ခိုင်းယန်၊ ယွိဟိန်နှင့် ကျန်ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များမှာ ဓားရောင်အောက်တွင် လွင့်ပျယ်ပျောက်ကွယ်သွားကြပြီး အပိုင်းပိုင်း ကွဲထွက်သွားကြ၏။ ဓားလမ်းစဉ်၏ အလင်းရောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်ကာ မည်သည့်အရာမှ မကျန်ရစ်ခဲ့ကြပေ။

ကောင်းကင်နတ်ဘုံ၏ စစ်တပ်သုံးတပ်ထဲမှ ကြည်းတပ်သည် မြေပြင်တိုက်ပွဲ၌ ရွှင်ပျော်ပျော်ကျေးရွာကို အနိုင်ယူခဲ့သည်။ ယခုတွင်တော့ ရွှင်ပျော်ပျော်ကျေးရွာ၌ မြေမြှုပ်သင်္ဂြိုဟ်ခံလိုက်ရချေပြီ။

ရွှင်ပျော်ပျော်ကျေးရွာသို့ မဝင်ရောက်ရသေးသည့် ကြည်းတပ်မှ လက်ကျန်စစ်သည်တော် အတော်များများ ရှိနေသေးသော်လည်း သူတို့မှာ ထိုမျှအစွမ်းမထက်ကြပေ။ စစ်တပ်သုံးတပ်ထဲမှ ကြည်းတပ်ကား ဖျက်ဆီးချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။

ကောင်းကင်တွင် လန်ယွီတျန်းက ကောင်းကင်လက်နက်များဖြစ်သည့် လန်ယွီတျန်းများကို စုဝေးစေ၍ ရွှင်ပျော်ပျော်ကျေးရွာ၏ စွမ်းအားကို စုစည်းနေသည်။ အဝေးမှ ကြည့်ပါက သူသည် ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ချင်းကောင်းကင်ဘုံအား ဓားရိုးပမာ အသုံးပြု၍ အခြားကောင်းကင်ဘုံများအား ဓားသွား၊ ဓားထိပ်နှင့် ဓားရောင်တို့ပမာ ပြုမူနေသည့်အလား မြင်နေရ၏။

ရွှင်ပျော်ပျော်ကျေးရွာတစ်ခုလုံး၏ စွမ်းအားမှာ အသက်သွင်းခံလိုက်ရပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ရပ်တည်နေသည့် ဧရာမဓားကြီးတစ်လက်အလား ထောင်မတ်နေသည်။ ထို့နောက် စွမ်းအားသည် တရှိန်ထိုး လျော့ကျလာ၏။ ရွှင်ပျော်ပျော်ဓားမှာ အသက်ဝင်လာခဲ့သော်လည်း စွမ်းအားတို့က ရွှင်ပျော်ပျော်ဓားနှလုံးသား၏ အင်အားသာ ဖြစ်ခဲ့သည်။ ရွှင်ပျော်ပျော်ဓား မရှိဘဲ ဤမျှများပြားသော နတ်ဘုရားမိစ္ဆာများအား သတ်ဖြတ်နိုင်ခြင်းကပင် အတော်လေး အံ့သြဖွယ်ကောင်းနေပြီ ဆိုရမည်။

လန်ယွီတျန်း၏ ထိန်းချုပ်မှုအောက်တွင် ထိုက်ဟွမ်ကောင်းကင်ဘုံနှင့် ထိုက်မင်ကောင်းကင်ဘုံတို့က ဝင်တိုက်၍ တစ်ခုပေါ်တစ်ခု ထပ်သွားကြ၏။ ထို့နောက် ချင်းမင်ကောင်းကင်ဘုံ၊ ရွှမ်းထိုက်ကောင်းကင်ဘုံနှင့် ယွမ်မင်ကောင်းကင်ဘုံဖြင့် ဆက်လက်ဝင်တိုက်သွားသည်။

အသက်တစ်ရှိုက်စာအတွင်း ရွှင်ပျော်ပျော်ကျေးရွာရှိ ကောင်းကင်ဘုံအားလုံး၏ စွမ်းအားများသည် တစ်ခုကိုတစ်ခု ဝင်တိုက်၍ အလွှာ ၃၂ လွှာရှိသော ကောင်းကင်ဓားနယ်ပယ်ကို ဖွဲ့တည်လိုက်၏။ ထို့နောက် နောက်ဆုံးကောင်းကင်ဘုံဖြစ်‌သော ထိုက်ချင်းကောင်းကင်ဘုံအား ဝင်တိုက်သွားတော့သည်။

ဝုန်း….

ထိုက်ချင်းကောင်းကင်ဘုံ၏ ဓားတာအိုနယ်ပယ်က ၃၂ လွှာ ကောင်းကင်ဓားနယ်ပယ်နှင့် ချက်ချင်း ပေါင်းစည်းသွား၏။

လန်ယွီတျန်း၏ ရည်ရွယ်ချက်က ရွှင်ပျော်ပျော်ကျေးရွာ၏ စွမ်းအား လုံးဝပျောက်ကွယ်မသွားခင် သခင်မယွမ်မုအား သတ်ဖြတ်ရန်ပင်။

ဤအခိုက်အတန့်တွင် ဘဝပြန်ဝင်စားရင်း သံသရာလည်နေခဲ့သော သခင်မယွမ်မု ဆတ်ခနဲ နိုးလာသည်။ ဤမြင်ကွင်းကိုမြင်လျှင် သူမမှာ‌‌ ကျောရိုးတလျှောက် အေးစိမ့်သွားတော့သည်။ ခက်ထန်စူးရှသော အော်ဟစ်သံတစ်သံနှင့်အတူ အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ စွမ်းအား ပေါက်ကွဲထွက်လာသည်။

ထိုက်ချင်းကောင်းကင်ဘုံထဲတွင် ဓားတာအိုနယ်ပယ်က ဧရာမအဆုံးသတ်မြို့ပျက်ကြီးတစ်ခုကို လှည့်ပတ်နေသည်။ ဓားနယ်ပယ်နှင့် အဆုံးသတ်မြို့ပျက်က ပြင်းထန်စွာ ဝင်တိုက်သွားကြ၏။ ဤမြင်ကွင်းက ကမ္ဘာမြေပြင်ကိုပင် တုန်ခါသွားစေသည်။

ဤသည်မှာ ဓားတာအိုနှင့် မရဏလေပူတို့အကြား ယှဉ်ပြိုင်မှုဖြစ်သည်။ အရာအားလုံးကို ဝါးမြိုပစ်နိုင်သည့် အသူရာချောက်နက်ကြီးအား ရင်ဆိုင်တိုက်ခိုက်နေရခြင်း ဖြစ်သည့်အတွက် တိုက်ပွဲကား အလွန်တရာ ပြင်းထန်လေသည်။ အဆုံးသတ်မြို့ပျက်ကို လှည့်ပတ်နေသော ဓားတာအိုမှာ မရဏလေပူကြောင့် နီရဲနေပြီး တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်တို့ဖြင့် ပြည့်နှက်နေတော့၏။

ရုတ်တရက် ကြာရွက်တစ်ရွက်က အဆုံးသတ်မြို့ပျက်ထဲမှ ထွက်ပေါ်လာသည်။ သခင်ယွမ်မုက ကြာရွက်ပေါ်တွင်ရပ်၍ ယင်းကြာရွက်၏ စွမ်းအားကို အသက်သွင်းလိုက်သည်။

ဤကြာရွက်သည် တာအိုသိုင်းပညာရှင်တစ်ဦး၏ တာအိုသစ်ပင်နှင့် ညီမျှသည်။ တာအိုသိုင်းပညာရှင်တစ်ဦး တာအိုသစ်ပင်ကို ထုတ်သုံးလာသည့်အဓိပ္ပာယ်က ထိုသူသည် သေရေးရှင်ရေးအခြေအနေသို့ ရောက်နေသည့်အဓိပ္ပာယ်ပင် ဖြစ်ချေသည်။

သခင်မယွမ်မုက ကြာရွက်ကို အသုံးပြုလျက် အဆုံးသတ်မြို့ပျက်စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။ တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဓားနယ်ပယ်မှာ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

သခင်မယွမ်မုက အနက်ရောင်အလင်းတန်းသဖွယ် လေကိုခွင်းလျက် လှစ်ခနဲ ထွက်ခွာသွားပြီး အစအနပင် မမြင်ရတော့ချေ။

တစ်ချိန်တည်းမှာပင်….

ရွှင်ပျော်ပျော်ကျေးရွာ ပေါက်ကွဲသွားသည်။ သတ္တုဓားများက မိုးပေါက်များသဖွယ် တဝေါဝေါ ရွာကျလာပြီး ရွှင်ပျော်ပျော်ကျေးရွာ၏ မြေပြင်အပေါ် နေရာကွက်လပ် မကျန်အောင် ထိုးစိုက်ကုန်ကြသည်။

မိုင်တစ်သောင်းအကျယ်အ၀န်းအတွင်း၌ ဓားများ အဆက်မပြတ် ရွာကျနေကာ ဓားသင်္ချိုင်းလွင်ပြင်ကြီးအား ဖြစ်ပေါ်နေစေ၏။

အဝေးတွင် တိရီယွဲ့နှင့် ရွှင်ပျော်ပျော်ကျေးရွာ စစ်သည်တော်များမှာ ဝမ်းနည်းနေကြသော်လည်း ခါးပြန်မတ်လိုက်ကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “အားလုံးပဲ ကောင်းကင်နတ်မြစ်ရေတပ်၊ နတ်ဆရာသခင်တပ်နဲ့ အခြားကောင်းကင်နတ်ဘုံစစ်တပ်တွေ မှီလာကြတော့မယ်… ကျုပ်တို့ ဒီနေရာကနေ မြန်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြစို့”

စစ်သည်တော်များလည်း တိတ်ဆိတ်စွာဖြင့် နောက်လှည့်ကာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိရာ အရှေ့ဘက်သို့ ဦးတည်ထွက်ခွာသွားကြသည်။

တန်ခိုးရှင်သစ်ခုတ်သမား နောက်လှည့်ကြည့်လိုက်သည့်အခါ နတ်ဆရာသခင်တပ်သည် အမြန်ဆုံးဖြစ်ပြီး လှမ်းမြင်နေရချေပြီ။ စစ်တပ်ကြီးသုံးတပ်မှ နတ်ဆရာသခင်တပ်၏ အင်အားဖြင့် သူတို့ကို ရှင်ကျန်သူမရှိဘဲ မျိုးသုဉ်းသတ်ဖြတ်ပစ်ရန် လုံလောက်ပေသည်။

ရွှင်ပျော်ပျော်ကျေးရွာတွက် စစ်သည်တော်အများအပြား ကျန်ရှိနေသေးသော်လည်း ကောင်းကင်နတ်ဘုံနှင့် ယှဉ်ပြိုင်ရန် မလုံလောက်တော့ပေ။

“ကောင်းကင်ဆရာသခင်၀မ်…. တစ်ယောက်ယောက် နေခဲ့ဖို့ လိုအပ်ပါသလား” စုမိုင်ချင်းက တုံ့ခနဲ ရပ်လိုက်ကာ မေး၏။

တန်ခိုးရှင်သစ်ခုတ်သမားက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၍ ခပ်တိုးတိုး ပြောသည်။ “တာအိုဆရာသခင်စု၊ ခင်ဗျားတစ်ယောက်တည်း နေခဲ့ရုံနဲ့ မလုံလောက်ဘူး”

“ဒါဆိုရင် ကျုပ်လည်း နေခဲ့မယ်” ယန်ရိနွမ်က အရှိန်လျှော့လျက် သူ၏ ဘေးသို့ ရောက်လာသည်။

ဖန်ယိုကျိကလည်း ရပ်လိုက်သည်။ “ကျုပ်ရောပဲ”

ကောပိုင်ရွှမ်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြော၏။ “ကျုပ်တော့ ရွှင်ပျော်ပျော်ကျေးရွာရဲ့ ဒီခေတ်မျိုးဆက် လူငယ်တွေကို သိပ် ကိုသဘောကျတယ်…. အရင်တုန်းက သူတို့တွေက သောက်စားပျော်ပါးဖို့ပဲ သိပြီး ဆန်ကုန်မြေလေး အသုံးမကျတဲ့ကောင်တွေလို့ ထင်ခဲ့ဖူးတယ်…. အခု စစ်ပွဲကို ကြုံတွေ့ပြီးတဲ့နောက် သူတို့တွေ တော်တော်လေးကို တိုးတက်ကောင်းမွန်လာကြပြီ ”

ကျိုးကျင်းမုန့်နှင့် ကျိုးရွှင်ဖန်ဟူသော အဘိုးကြီးနှစ်ယောက်က ရှေ့သို့ တက်လာပြီး ပြုံးနေကြသည်။ “ငါတို့ညီအစ်ကိုတွေက အဘိုးကြီးတွေ ဖြစ်နေပြီ…. လူငယ်တွေအတွက် အချိန်နည်းနည်းရအောင် နေခဲ့မယ်”

“ကောင်းကင်ဆရာသခင်…. ကျွန်တော်တို့လို ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သည်တော်တွေကိုလည်း ချန်ထားခဲ့ပါဗျာ”

ခြေထောက်နှစ်ဖက်မရှိတော့သော စစ်သည်တော်တစ်ဦးက ရပ်၍ မျှော်လင့်တကြီးဖြင့် မော့ကြည့်နေသည်။ “ကျွန်တော်တို့လို ဒဏ်ရာရစစ်သားတွေကို ခေါ်သွားရင် အားလုံး ခရီးဖင့်တယ် …. အကုန်လုံး မျိုးသုဥ်းသွားမယ့်အစား ကျွန်တော်တို့တွေ စစ်သူကြီးဖန်နဲ့ ကျန်ထားခဲ့ပြီး တခြားသူတွေအတွက် အချိန်ဆွဲပေးတာက ပိုကောင်းပါတယ်”

တန်ခိုးရှင်သစ်ခုတ်သမားက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ရာ ဒဏ်ရာရ၍ မသန်စွမ်းသော နတ်ဘုရားမိစ္ဆာများစွာက ဆုတ်ခွာနေသော တပ်ဖွဲ့မှ ထွက်လာကြသည်။

အခြားသူများက ရှေ့သို့တက်လာရန် ကြိုးစားသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားက လက်ကာ ပြသည်။ “လုံလောက်ပြီ… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာနဲ့ အချိန်မီ မဆက်သွယ်နိုင်ရင် တခြားသူတွေအတွက် ဒုက္ခပိုရောက်လိမ့်မယ် … ညီနောင်တို့ ဒီတိုက်ပွဲက ထာဝရနှုတ်ဆက်ခွဲခွာခြင်းပါပဲ…. ကျုပ် ၀မ်တျန်းကဲကတော့ ခင်ဗျားတို့ကို လိုက်မပို့နိုင်တော့ပါဘူးဗျာ”

ဖန်ယိုကျိက မျက်လုံးကြီးပြူး၍ သူ့ကို စိုက်ကြည့်ကာ ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။ “ဝမ်တျန်းကဲ၊ ကျုပ် ခင်ဗျားကို အရင်ထဲက ကြည့်မရခဲ့ဘူး… ခင်ဗျားက အမြင့်မြတ်ဆုံး ဖြစ်ပေမယ့် အကြင်နာတရားကင်းမဲ့တယ်… အသိဉာဏ်အရှိဆုံး ဖြစ်ပေမယ့် သစ္စာတရားမရှိဘူးလို့ လူတွေက ပြောကြတယ်…. ကျုပ်တို့တွေ ဒီနေ့သေရတော့မယ်…. ဒီဒုက္ခိတတွေကလည်း နောက်ဆုံးအထိ အသေခံတိုက်ခိုက်ဖို့ ကျန်ခဲ့ကြမှာ… ခင်ဗျားကတော့ ဒီလိုပဲ အေးစက်စက်နဲ့ မျက်မှောင်တောင် မကြုတ်ဘူးလား… ဒီနေ့‌တော့ ကျုပ်တို့အတွက် တစ်ခါလောက် ပြုံးပြရမယ်”

တန်ခိုးရှင်သစ်ခုတ်သမားက နွေးထွေးစွာ ပြုံးပြ၏။

“ဒီလို အတုအယောင် အပြုံးမျိုး မဟုတ်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး မျက်လုံးများမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်။ သူက မျက်နှာလွှဲလိုက်ပြီး အင်္ကျီလက်စဖြင့် မျက်နှာကို ကာ၍ မျက်ရည်များ ခိုးသုတ်လိုက်၏။

ဖန်ယိုကျိမှာ ထိုမြင်ကွင်းကို မြင်သောအခါ သူ့အတွက် ခက်ခဲအောင် မလုပ်တော့ဘဲ သက်ပြင်းချလိုက်သည်။ “တန်ခိုးရှင်သစ်ခုတ်သမားလည်း လူပါပဲလေ… ခင်ဗျားရဲ့ နှလုံးသားကလည် အသွေးအသားနဲ့ ထုထားတာပဲ…. ဝမ်တျန်းကဲ၊ ဒီဘဝမှာ ကျုပ် အနှစ်လေးသောင်းလောက် ခင်ဗျားနဲ့ ချင်ယဲ့တို့ဘေးမှာ အတူတူ တိုက်ခိုက်ခွင့် ရခဲ့တယ်… ကျုပ်ဘ၀ကို ကျေနပ်အားရပါတယ်… ဘာနောင်တမှ မရှိဘူး… ခင်ဗျားတို့ အမြန်ဆုံး သွားကြတော့”

သူက လက်ဝှေ့ယမ်းပြလိုက်သည်။

တန်ခိုးရှင်သစ်ခုတ်သမားက မြေကြီးနှင့် ခေါင်းထိသည်အထိ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဆုတ်ခွာနေသော တပ်ဖွဲ့နောက်သို့ လိုက်ပါသွားတော့၏။

ဖန်ယိုကျိက သူ၏အခေါင်းကို ထောင်လိုက်ပြီး‌ လေတချွန်ချွန်ဖြင့် အားရပါးရ သုတ်နေသည်။ ဤအခေါင်းကို အနှစ်နှစ်သောင်းလောက်အထိ တိုက်ချွတ်သုတ်‌ထားခဲ့ထားကြောင့် ပြောင်လက်နေလေသည်။

အဘိုးကြီးက မျက်နှာကို အခေါင်းတွင် ကပ်လျက် ရယ်မောလိုက်သည်။ “နောက်ဆုံး‌တော့ အသုံးဝင်ပြီပေါ့ကွာ…”

ကောပိုင်ရွှမ်သည် စာပေသမားခေါင်းဆောင်းဖြင့် ကျောင်းဆရာတစ်ဦး ဖြစ်၏။ သူက ဖန်ယိုကျိ၏ လေချွန်သံကို နားထောင်ရင်း တဖြည်းဖြည်း နီးကပ်လာသော ကောင်းကင်နတ်ဘုံ နတ်ဆရာသခင်တပ်ဆီသို့ ကြည့်နေသည်။ လက်ထဲရှိ ကြိမ်လုံးကိုလည်း ဖန်ယိုကျိ၏ လေချွန်သံနှင့်အတူ စည်းချက်ညီညီ အသာအယာ ရိုက်နေသည်။

စာပေသမားက ခေါင်းတညိတ်ညိတ်ဖြင့် ညင်သာစွာ သီချင်းဆိုလိုက်လေသည်။

“ကောင်းကင်ကို ထိုးဖောက်မယ့် ရည်မှန်းချက်နဲ့

ငါတို့ ချီတက်မယ်... နတ်ဘုံဆီ

ပခုံးထက်မှာ အခေါင်းကို ထမ်းလို့

ငါတို့စိုက်ထူမယ် အော်လံတော်ကို”

ရွှင်ပျော်ပျော်ကျေးရွာမှ စစ်သူကြီးအိုများ၊ ဒုက္ခိတစစ်သည်တော်များနှင့် ဒဏ်ရာရစစ်သည်‌တော်များသည် သီချင်းသံအား တိတ်ဆိတ်စွာ နားထောင်ရင်း နှလုံးသားထဲတွင် အလွန် တည်ငြိမ်အေးဆေးသွားကြသည်။ ဖန်ယိုကျိ၏ လေချွန်သံမှာလည်း ပိုပို၍ စိတ်ကူးယဉ်ဆန်လာပြီး သူတို့ကို လေဟာနယ်တစ်ဖက်ကမ်းရှိ ရွှင်ပျော်ပျော်ကျေးရွာသို့ ပြန်လည်ခေါ်ဆောင်သွားသကဲ့သို့ ခံစားလာရစေသည်။

ထိုကာလများမှာ မနေ့တစ်နေ့ကကဲ့သို့ မျက်စိရှေ့တွင် ရှင်းလင်းပြတ်သားစွာ ဖြတ်ပြေးနေကြသည်။

ကောပိုင်ရွှမ်က ကြိမ်လုံးဖြင့် လက်ကို ရိုက်ရင်း ရုတ်တရက် စတင်ကခုန်တော့သည်။ သူ၏စိတ်ထဲတွင် ဖန်ဆင်းရှင်များ၊ ရွှင်ပျော်ပျော်ကျေးရွာသားများနှင့် ဖန်ဆင်းရှင်နတ်ဘုရားမတို့က လှပစွာ ကခုန်နေကြသည်။

“သတ္တဝါတွေ ကယ်တင်ဖို့၊ ငြိမ်းချမ်းရေးကို ဖန်တီးဖို့

ဟိုးအမြင့်ဆုံးထိ ငါတို့ တက်မယ်

ကြယ်တွေစုံတဲ့ ကောင်းကင်ကို ငါတို့လက်နဲ့ ဖော်ဆောင်မယ်”

သူ၏အသံအနေအထားက တဖြည်းဖြည်း နိမ့်လာပြီး ရွှင်ပျလာသည်။ ထို့နောက် သံနှင့် ကျောက်တုံးကဲ့သို့ မာကြောလာပြီး ဩဇာကောင်းလာသလို လေချွန်သံမှာလည်း အားသန်တက်ကြွလာသည်။

“တစ်နေ့ ငါ အိပ်မက်က နိုးထပြီး ငါ့မွေးရပ်မြေကို ပြန်လာမယ်”

“ဆူးညှောင့်တွေကို ကျော်ဖြတ်လို့၊ အန္တရာယ်တွေကို ရှင်းလင်းမယ်...

ဝံပုလွေတွေကို သုတ်သင်လို့ ငါတို့အသက်နဲ့ ခန္ဓာကို ပေးဆပ်မယ်

ငါတို့မွေးရပ်မြေအတွက် ငါတို့ဇာတိမြေအတွက်”

“လေနှင်းမုန်တိုင်းတို့က ငါ့ကို အိုမင်းစေလည်း ငါ မကြောက်”

“ဓားလှံတို့က ငါ့ကို ထိခိုက်စေလည်း ငါ မလန့်”

“တစ်စစီ ကြေမွသွားပါစေ”

“ဝိညာဉ် လွင့်ပြယ်သွားပါစေ”

သူက ခေါင်းဆောင်းကို ချွတ်လိုက်ရာ ဆံနွယ်တို့က သူ၏ပခုံးပေါ်သို့ ပြန့်ကျလာ၏။ တစတစ နီးကပ်လာသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများကို ကြည့်ရင်း သူသည် ဒေါသကြောင့် ဆံပင်များ ထောင်တက်လာလေသည်။

“ငါဟာ ယွမ်တုရဲ့ သူရဲကောင်း... ငါရဲ့ မွေးရပ်မြေအတွက် စစ်သည်တော်”

ရွှင်ပျော်ပျော်ကျေးရွာ၏ စစ်သူကြီးဟောင်းများနှင့် စစ်သည်တော်များစွာက ထရပ်လိုက်ကြပြီး ပျက်စီးနေသော ကောင်းကင်လက်နက်များကို ကိုင်လျက် ကျန်ရှိနေသော ချီစွမ်းအင်ကို အသက်သွင်းလိုက်ကြသည်။

‌ကောပိုင်ရွှမ်သည် ဟားတိုက်ရယ်မောလိုက်ပြီး ကောင်းကင်နတ်ဘုံ နတ်ဆရာသခင်စစ်တပ်ဆီသို့ ပြေးဝင်သွား၏။ “လာခဲ့ကြ…. ကောင်းကင်ဘုံက မျိုးမစစ်ကောင်တွေ… ငါ့အလောင်းပေါ်ကနေ နင်းလျှောက်သွားကြစမ်း”

အားလုံးက ရယ်မောလျက် သူ့အ‌နောက်မှ လိုက်သွားကြသည်။ ကောင်းကင်မှာ တစ်လောကလုံးကို တုန်ခါစေသော အော်သံတို့ဖြင့် ပဲ့တင်ထပ်သွား၏။ “ငါတို့ရဲ့ အလောင်းပေါ်ကနေ နင်းလျှောက်သွားကြစမ်း”

All Chapters