← Chapters

ပရမ်းပတာဖြစ်နေသော မူလဘုံ

Vol. 154 Ch. 2189

ပရမ်းပတာဖြစ်နေသော မူလဘုံ

Vol. 154 Ch. 2189

ကျူးကောမင်းယွီ၊ ဟွာဖန်းလူ၊ ချင်ရွှမ်ကန်းနှင့် အခြားလူများသည်လည်း ရီဖူရှင်း ပြန်လာသည်အား မြင်သည့်အခါ အလွန် ပျော်ရွှင်သွားကြသည်။ သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာထက်၌ တောက်ပသော အပြုံးများ ဖြစ်တည်နေပေသည်။

ရီဖူရှင်း ထွက်ခွာမသွားခင်၌ သူသည် ရင်းနှီးသော မိတ်ဆွေများနှင့် မိသားစုတို့အား သူ သေလိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။ သို့သော် လူတိုင်းသည် နောက်ဆုံးတိုက်ပွဲကို မြင်တွေ့ခဲ့ရလေရာ သူ့အတွက် စိတ်ပူပန်နေကြရပေသည်။ ထို့အပြင် သူက အနှစ်နှစ်ဆယ်ကျော် မည်သည့်သတင်းမှ မရှိဘဲ ပျောက်သွားခြင်း ဖြစ်သည်။ သူတို့က မည်သို့စိတ်မပူဘဲ နေနိုင်ပါမည်နည်း။

ယခု သူတို့သည် သူ ပြန်လာသည်အား မြင်လိုက်ရသည့်အခါ သူတို့၏ နှလုံးသားထဲမှ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကို နောက်ဆုံး၌ လွှတ်ချနိုင်ခဲ့ပြီ ဖြစ်သည်။

“ဂျူနီယာမောင်လေး မင်းက အခု ပိုပြီးတောင် ချောလာတာပဲ။” ကျူးကောမင်းယွီက ရီဖူရှင်း ဘေးသို့ လျှောက်လာကာ ပြောလိုက်သည်။ သူမက ရီဖူရှင်းထံ၌ အစိတ်အပိုင်းတစ်ခုခု ပျောက်ဆုံးနေမှာ စိုးသည့်နှယ် ခေါင်းမှခြေအဆုံး သေချာကြည့်နေသည်။ ရီဖူရှင်းက အနှစ်နှစ်ဆယ်ကျော် ထွက်ခွာသွားပြီးနောက် အနည်းငယ် ပို၍ ရင့်ကျက်လာပေသည်။ သူ၏ အရှိန်အဝါက ပို၍ပင် ထူးခြားလာသည်။ ရီဖူရှင်း ထွက်ခွာမသွားခင်က သူသည် ရန်ဟောင်အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ ယခု သူက ပို၍ အားကောင်းသန်မာလာသည်။ ယခု သူ၏ ကျင့်ကြံဆင့်က ထိပ်သီးပုဂ္ဂိုလ်ကြီးများနှင့် တူညီလုနီးပါးပင် ဖြစ်သည်။ ထို့ကြောင့် သူ့အရှိန်အဝါကလည်း ထက်မြက်လှပေသည်။

“စီနီယာအစ်မကလည်း ပိုပိုပြီး လှလာပါတယ်။” ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။ သူ၏ ဒုတိယအစ်မရှေ့တွင် သူက ငယ်ရွယ်စဥ်က စိတ်နေစိတ်ထားအချို့ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

“ဒီနှစ်တွေအတွင်း ဘယ်လိုနေခဲ့လဲ။” ကျူးကောမင်းယွီက ရီဖူရှင်းအား ကြည့်ရင်း မေးလိုက်သည်။ နှစ်နှစ်ဆယ်ကြာပြီးနောက် သူက ထိုမျှ အံ့သြဖွယ် အစွမ်းထက်လှသည့် ကျင့်ကြံသူများစွာနှင့် ပြန်ရောက်လာခဲ့ပေသည်။ သူက အတွေ့အကြုံများစွာ ဖြတ်သန်းခဲ့ရပုံရသည်။

“ဒီလိုပါပဲ။ ကျွန်တော့ကို စိတ်မပူပါနဲ့ စီနီယာအစ်မ။ ဒီနှစ်တွေအတွင်း ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ဘာတွေဖြစ်နေတာလဲဆိုတာပဲ ကျွန်တော် သိချင်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းတွေရော ဘယ်လိုလဲ။” ရီဖူရှင်းက မေးလိုက်သည်။ ဤကိစ္စက သူ အသိချင်ဆုံးအရာပင် ဖြစ်သည်။

ရီဖူရှင်း၏ စကားလုံးများကို ကြားပြီးနောက် လူတိုင်း တိတ်ဆိတ်သွားသည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ချင်ရွှမ်ကန်းက ပြောလိုက်သည်။ “ထိုင်ပြီး ပြောကြရအောင်။”

“ဟုတ်တယ်။ အခုမှ ရောက်တာဆိုတော့ အရင်ဆုံး ဖုန်တွေကို ဆေးကြောလိုက်ဦး။ ပြီးရင် ဂျူနီယာမောင်လေး ပြန်ရောက်လာတာကို ကြိုဆိုရမယ်။” ကျူးကောမင်းယွီက ခေါင်းညိတ်၍ နူးညံ့စွာ ပြုံးလိုက်သည်။ ထို့နောက် သူမက အခြားလူများကို ပြင်ဆင်မှု ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

“အရှင်။” ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ကြည့်လိုက်သည်။

“မင်းတို့ပဲ သွားကြပါ။ ကျုပ်က အသက်ကြီးပြီဆိုတော့ တိတ်ဆိတ်တာကို ပိုသဘောကျတယ်။ မင်းတို့ လူငယ်တွေရဲ့ စကားဝိုင်းကို အနှောက်အယှက် မပေးတော့ပါဘူး။” အရှင်ထိုက်ရွှမ်က နူးညံ့စွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

ရီဖူရှင်းက အံ့သြမှင်တက်သွားခဲ့သည်။ ထို့နောက် ဘေးမှ ထျန်းဟယ်မဟာအကြီးအကဲကလည်း ပြောလိုက်သည်။ “သွားကြ။ လော့ရွှယ်နဲ့ ကျုပ်လည်း သူ့ကို အဖော်ပြုရင်း နေခဲ့မယ်။”

“အဲဒါဆို သမီးလည်း အဘိုးရွှမ်ကို အဖော်ပြုဖို့ နေခဲ့မယ်။” ဟွာနန်းယွီက ညင်သာစွာ ပြောလိုက်သည်။

“မင်းရဲ့ ခဲအိုကို အမြဲ လွမ်းနေတာ မဟုတ်ဘူးလား။ အခု သူ ပြန်လာပြီကို ဘာလို့ အဘိုးနဲ့ အဖော်ပြုနေဦးမှာလဲ။ သွား... မင်းရဲ့ ခဲအိုကို အဖော်ပြုပြီး စကားလေးဘာလေး သွားပြောပေးလိုက်။” အရှင်ထိုက်ရွှမ်က နူးညံ့သော အပြုံးနှင့် ပြောလိုက်သည်။

“အိုး..” ဟွာနန်းယွီက ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ကြည့်လိုက်ပြီး များများစားစား မပြောတော့ပေ။ ထို့နောက် သူက ပြောလိုက်၏။ “အဲဒါဆိုလည်း ကောင်းပါပြီ။ ဆရာဘိုးဘိုး ကျေးဇူးပြုပြီး အရှင်ထိုက်ရွှမ်ကို ဂရုစိုက်ပေးပါဦး။”

“ဒါပေါ့။” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ရီဖူရှင်း၏ အဖွဲ့က နေရာမှ ထွက်ခွာသွားသည်။ သူ့တွင် မေးခွန်းများစွာရှိနေပြီး အများစုမှာ အရှင်ထိုက်ရွှမ်၏ ဒဏ်ရာများနှင့် ပတ်သတ်နေသည်။ သို့သော် အရှင်ထိုက်ရွှမ်က ထိုအကြောင်း သူ့ကို မပြောပြချင်ခဲ့ပေ။ သို့ဖြစ်ရာ သူက ရွေးချယ်စရာမရှိဘဲ အရှင်ထိုက်ရွှမ် မရှိသည့်အချိန်မှသာ မေးကြည့်ရတော့မည် ဖြစ်၏။

ရီဖူရှင်း ပြန်ရောက်လာသည့်အတွက် ကောင်းကင်အာဏာစက်ကျောင်းတော်က အလွန် သက်ဝင်လှုပ်ရှားနေသည်။ ကျောင်းတော်ထဲမှ ကျင့်ကြံသူတိုင်း သူ၏ ပြန်လာခြင်းအကြောင်း ပြောဆိုနေကြသည်။ သူတို့သည် ရီဖူရှင်း၏ ကျင့်ကြံခြင်းအဆင့်အပြင် သူနှင့် အတူ ရောက်လာကြသော သူများအကြောင်းကိုလည်း သိချင်နေကြပေသည်။

သို့သော် သူတို့သည် ရီဖူရှင်းက ရင်းနှီးသော မိတ်ဆွေများ၊ မိသားစုဝင်များနှင့်သာ အချိန်ဖြုန်းချင်မည်ကို သိသောကြောင့် မည်သူမှ သူ့ကို မနှောက်ယှက်ရဲကြပေ။

ကောင်းကင်အာဏာစက်ကျောင်းတော် အတွင်းတွင် ရီဖူရှင်းက ရင်းနှီးသည့် မိတ်ဆွေများနှင့် စကားပြောဆိုနေသည်။ သူတို့က အချိန်အတော်ကြာ မတွေ့ခဲ့ရသည့်အတွက် ပြောစရာများက အတောမသတ်နိုင်အောင်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက ထိုသူများကို လွမ်းဆွတ်နေခဲ့ပြီး ယူချင်းနှင့် အခြားသူများ မရှိနေလျှင်ပင် သူ့အနီးမှ လူများက သူ့မိသားစုများသာ ဖြစ်ပေသည်။ သူသည် တစ်ယောက်ချင်းစီကို စကားပြောချင်နေပြီး သူတို့ မည်သို့ နေထိုင်ခဲ့သည်ကိုလည်း မေးမြန်းချင်နေသည်။

အဘိုးမာနှင့် လေးမျက်နှာကျေးရွာမှ လူများက ဘေးတွင် တိတ်ဆိတ်စွာ နေနေကြသည်။  ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ လူများသည်လည်း ရီဖူရှင်းက သူ့မိသားစုဝင်များနှင့် စုဝေးနေခြင်းကို အနှောက်အယှက် မပေးခဲ့ပေ။ ထို့အပြင် ထိုအခိုက်၌ သွမ့်ထျန်းရှုံသည် အနည်းငယ် ထိတ်လန့်အံ့သြနေခဲ့သည်။ သူသည် ကျောင်းတော်အတွင်းမှ ရီဖူရှင်း၏ အဆင့်အတန်းကို မြင်နိုင်စွမ်းရှိသည်။ သူသည် နတ်အာရုံကို အသုံးပြုကာ ရိုးရှင်းစွာ ထောက်လှမ်းကြည့်ပြီးနောက် အလျင်အမြန် နားလည်သွားခဲ့သည်။

ရီဖူရှင်းကို ဤကျောင်းတော်တစ်ခုလုံး၏ အသက်ဝိညာဥ်ဟု သတ်မှတ်နိုင်ပေသည်။ သူ့ကို ပို၍ ထိတ်လန့်အံ့အားသင့်စေသည်မှာ ဤအောက်ဘုံမှ ကျောင်းတော်သေးသေးလေးတွင် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ အများအပြား ရှိနေခြင်းပင် ဖြစ်သည်။ အစောပိုင်းက တွေ့ခဲ့ရသော အရှင်ထိုက်ရွှမ်နှင့် ထျန်းဟယ်မဟာအကြီးအကဲအပြင် ကျောင်းတော်အတွင်း၌ အခြားသူများလည်း ရှိနေသေးသည်။

ထိုသည်မှာ အောက်ဘုံ၌ ရီဖူရှင်း၏ အဆင့်အတန်းကို ပြသနေသည်။

သို့သော် လုံးဝ အံ့အားသင့်စရာ ကောင်းနေသည်တော့ မဟုတ်ပေ။ ရီဖူရှင်းက သူမတူထူးကဲလှစွာ အရည်အချင်းရှိသူ ဖြစ်သည်။ ထို့ကြောင့် သူက ဤအောက်ဘုံ၌ မကောင်းဆိုးဝါးဆန်သော ပါရမီရှင်ကဲ့သို့ တည်ရှိမှုမျိုးဖြစ်ပြီး ထိုမျှ ကျော်ကြားလိမ့်မည်မှာ မလွဲဧကန် ဖြစ်သည်။

သူတို့က ပေါ့ပေါ့ပါးပါး စကားပြောဆိုနေစဥ် အဝေးမှ သူတို့ ရှိနေရာထံသို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဖြန့်ကျက်လာသည်။ ရီဖူရှင်းက ထိုအရှိန်အဝါ လာရာ ရင်းမြစ်သို့ ကြည့်လိုက်ပြီး သူတို့ထံသို့ အစွမ်းထက် တန်ခိုးရှင်တစ်စု ဦးတည်လာနေသည်ကို ခံစားမိလိုက်ပေသည်။ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါက သူတို့ ဝန်းကျင်ကို လွှမ်းခြုံလာသည်။

“ဘာတွေ ဖြစ်နေတာလဲ။” ရီဖူရှင်း၏ မျက်လုံးများက ကျုံ့သွားခဲ့သည်။ သူက ထရပ်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်ထက်၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူက ထိုနေရာတွင် အခြားရင်းနှီးနေသော လူများစွာကို မြင်လိုက်ရပေသည်။

နတ်ဆိုးဘုံမှ အဓိကကလန်များ ဖြစ်သော ကောင်းကင်နတ်ဆိုးနန်းတော်၊ နတ်နဂါးကလန်နှင့် နတ်ဆင်ကလန်များမှ တန်ခိုးရှင်တို့ ရောက်လာခြင်း ဖြစ်သည်။ ထို့အပြင် နန်ထျန်းနတ်ပြည်ထောင်မှ အင်ပါယာနန် ခေါင်းဆောင်သော အဖွဲ့လည်း ပါဝင်၏။

အင်ပါယာနန်က ယခင်ကဲ့သို့ပင် ကျက်သရေရှိသော ပုံရိပ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သို့သော် နတ်ဆိုးကလန်များ၏ အခြေအနေက ကောင်းမွန်ခြင်း မရှိပေ။ ထိပ်သီး နတ်ဆိုးကလန်များမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ၌ သွေးစွန်းနေဆဲ ဖြစ်သည်။ နတ်ဆင်အင်ပါယာ၏ ကြီးမားပြီး တောင့်တင်းသော ခန္ဓာကိုယ်တွင် သွေးတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ။” ရီဖူရှင်း၏ နှလုံးသားက တုန်ယင်နေခဲ့၏။

တစ်ချိန်တည်းတွင် အင်ပါယာနန်နှင့် အခြားလူများက ရီဖူရှင်းတို့အဖွဲ့အား မြင်သည့်အခါ ဇဝေဇဝါ ဖြစ်သွားပုံရသည်။ အဓိကက နတ်ဆိုးကလန်များမှ တန်ခိုးရှင်များသည်လည်း ရီဖူရှင်း ထိုနေရာ၌ ရပ်နေသည်ကို မြင်ပြီးနောက် မျက်လုံးများ ပြူးကျယ်လာကြသည်။

“မင်း ပြန်ရောက်လာပြီလား။” ပထမဆုံး အသိပြန်ဝင်လာသူက အင်ပါယာနန် ဖြစ်သည်။ သူ့မျက်လုံးထဲ၌ နူးညံ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

အချင်းချင်း နှစ်နှစ်ဆယ်ကျော်ကြာအောင် မတွေ့မြင်ရဘဲ နေပြီးနောက် မူလဘုံ၏ နံပါတ်တစ်ပါရမီရှင်က ​ပြန်ရောက်လာပြီ ဖြစ်သည်။

“စီနီယာ အင်ပါယာနန်။” ရီဖူရှင်းက အရိုအသေပြုလိုက်သည်။ ထို့နောက် သူက နတ်ဆိုးကလန်မှ အကြီးအကဲများကို ကြည့်ကာ မေးလိုက်သည်။ “ဒီမှာ ဘာတွေဖြစ်နေတာလဲ။”

ရှင်းလင်းစွာပင် ရီဖူရှင်းက ယခုမှ ပြန်ရောက်လာခြင်း ​ဖြစ်သည့်အတွက် မည်သည့်ကိစ္စတို့ ဖြစ်နေကြောင်း မသိရှိပေ။

“အရင်ဆင်းလာခဲ့ပါ။ ကျုပ်တို့ စကားပြောကြတာပေါ့။” ချင်ရွှမ်ကန်းက ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး ထိုလူစုကလည်း ကောင်းကင်မှ မြေပြင်သို့ ဆင်းသက်လာကြသည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ ခေါင်းထဲ၌ မေးခွန်းများဖြင့် ပြည့်နေခဲ့သည်။ သူက အင်ပါယာနန်အတွက် အဓိကထိုင်ခုံ ချန်ပေးထားလိုက်သည်။

အင်ပါယာနန်က သူတို့၏ မဟာမိတ်များထဲတွင် အားအကောင်းဆုံး ဖြစ်သည်။ ထို့အပြင် သူသည် သူတို့အပေါ် ကောင်းသည်ဟု သတ်မှတ်နိုင်ပြီး အတိတ်ကာလ၌ တိုက်ခိုက်မှုများတွင် အဆက်မပြတ် အကူအညီ ပေးခဲ့သည်။

“မူလဘုံက အများကြီး ပြောင်းလဲသွားတယ်။ မင်း အဲဒါကိုတော့ သိပြီးလောက်ပြီမလား။” အင်ပါယာနန်က ရီဖူရှင်းကို မေးလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်.. အဲဒါကို ကြားပေမယ့် အသေးစိတ်တော့ မသိရသေးဘူး။”

“အခု မူလဘုံထဲမှာ မဟာလမ်းစဥ် ဘုံသုံးထောင် အပြင်ဘက်က တန်ခိုးရှင်တွေနဲ့ ပြည့်နေတယ်။ အများအားဖြင့်တော့ အဆင့်မြင့်ဘုံကိုးဘုံက လူတွေပဲ။ ကောင်းကင်အာဏာစက်ဘုံကလည်း ခြွင်းချက်တော့ မဟုတ်ဘူး။ အင်အားစုအမျိုးမျိုးက လူတွေက ဒီနေရာကိုလည်း လာကြတယ်။ အခု နတ်ဆိုးဘုံက မှော်နက်စစ်တပ်ရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ။ ကျုပ် အဲဒီကို စောစောရောက်သွားပြီး သူတို့ကို ကျောင်းတော်ဆီ ပြန်ခေါ်လာတာပဲ။” အင်ပါယာနန်က ပြောလိုက်သည်။

အဓိက နတ်ဆိုးကလန်များမှ ခေါင်းဆောင်များက ခေါင်းများကို ငုံ့ထားကြသည်။ သူတို့က အတော်လေး အရှက်ရသလို ခံစားနေကြရပေသည်။

“နတ်ဆိုးဘုံရဲ့ အခြေစိုက်ရာနေရာကနေ နှင်ထုတ်ခံရမယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးဘူး။ အစပိုင်းမှာ ကျုပ်တို့ သွားဖို့ ဆန္ဒမရှိပေမယ့် ကျုပ်တို့က သူတို့ထက် အားနည်းတယ်ဆိုတာ ​ငြင်းမရတဲ့ အမှန်တရားပဲ။ ဒါကြောင့် ကျုပ်တို့ လက်ခံရုံပဲ တတ်နိုင်တယ်။ ဒါပေမယ့် ကျုပ်တို့ လက်မလျှော့သေးဘူး။ ဒီတစ်ကြိမ် အင်ပါယာနန်က နတ်ဆိုးဘုံကို ရောက်လာပြီး ကျုပ်တို့ရဲ့ ကလန်သားတွေကို အကူအညီပေးခဲ့တယ်။” နတ်ဆင်အင်ပါယာက သူ၏ နက်ရှိုင်းလှသော အသံနှင့် အနည်းငယ် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“မှော်နက်နတ်ဆိုးကလန်မှာ အစွမ်းထက် တန်ခိုးရှင်တွေ ရှိတယ်။ သူတို့ကို ရှုံးတယ်ဆိုတာ ပုံမှန်ပါပဲ။ အခုက နတ်ဆိုးဘုံတင်မကဘူး။ ကောင်းကင်အာဏာစက်ဘုံ၊ ဝမ့်ရှန်တောင်တန်း၊ ကောင်းကင်နတ်တံခါးအပါအဝင် တခြားနေရာအနှံ့က လူတွေလည်း ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပြောင်းလာဖို့ စီစဥ်နေတယ်။ အတူပေါင်းစည်းလိုက်ရင် ကျုပ်တို့ရဲ့ အင်အားက တိုးတက်သွားလိမ့်မယ်။ အင်အားစုတွေတိုင်းမှာ အာကာသခရီးသွားဝင်္ကပါတွေ ရှိနေပေမယ့် လက်ရှိအခြေအနေက အရမ်း ရှုပ်ထွေးနေတယ်။ သူတို့ ဆက်ပြီး တောင့်ခံထားသင့်လား လက်လျှော့လိုက်ရမလား ဝေခွဲမရ ဖြစ်နေကြပြီ။” အင်ပါယာနန်က ပြောလိုက်သည်။ “မင်း ပြန်လာတာ အချိန်ကိုက်ပဲ။”

“အရှင်ထိုက်ရွှမ်က ဘယ်လို ဒဏ်ရာရခဲ့တာလဲ။ ပြီးတော့ ရှောင်ကလန်၊ သောမျိုးနွယ်စု၊ ယွမ်ယန်ကလန်နဲ့ ဝရိန်ခုနစ်ပါးကလန်တို့ကရော ဘယ်လိုဖြစ်သွားလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“သိပ်မကောင်းဘူး။ မူလဘုံကို ပြင်ပအင်အားစုတွေ ဝင်လာပြီးတော့ ဘုံကိုးဘုံကို စတင်သိမ်းပိုက်ကြသလို ကောင်းကင်ဒေသက အင်အားစုတွေလည်း အများကြီး ရောက်လာကြတယ်။ မင်း လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက တိုက်ပွဲကို မှတ်မိဦးမယ်ထင်တယ်။ အဲဒီအင်အားစုတွေက မင်းသမီးဒွန်ဟောင်ရဲ့ အမိန့်ကြောင့် ကျုပ်တို့ကို အလွယ်တကူ မထိရဲရင်တောင် လောကရဲ့ အပြောင်းအလဲက ကြီးမားတာကြောင့် တခြားဘုံတွေရဲ့ အစွမ်းထက် ကျင့်ကြံသူတွေလည်း ရောက်ရှိလာပြီး ပြင်ပဘုံတွေက တချို့အင်အားစုတွေရဲ့ စစ်ကူတွေလည်း ရောက်လာကြတယ်။ အခု သူတို့က နောက်တစ်ခါ လှုပ်ရှားချင်နေကြတယ်။ ပြီးတော့လည်း အထက်ဘုံရဲ့ ရှန်ကလန်က ဒီကို တန်ခိုးရှင်တွေ ထပ်လွှတ်လိုက်သလို ထျန်းရှန်ကျောင်းတော်နဲ့ သိုင်းနတ်ဘုရားကလန်တို့က ပူးပေါင်းပြီး ရှောင်ကလန်နဲ့ ယွမ်ယန်ကလန်တို့ကို ဖိအားပေးနေတယ်။ အဲဒါက ကျီဝေ့ဘုံမှာ ရှိနေတဲ့ သောမျိုးနွယ်စုအတွက်လည်း အတူတူပဲ။”

အင်ပါယာနန်က ဖြေးညင်းစွာ ရှင်းပြလိုက်သည်။ “အရှင်ထိုက်ရွှမ်ရဲ့ ဒဏ်ရာကတော့ အဲဒါက ကောင်းကင်အာဏာစက်ဘုံမှာ ဖြစ်ခဲ့တာ။ အခု မဟာလမ်းစဥ် ဘုံသုံးထောင်ရဲ့ ဘုံတော်တော်များများက ဖျက်ဆီးခံလိုက်ရပြီး လျှို့ဝှက်နယ်မြေဘုံကတောင် မှော်နက်စစ်တပ်ရဲ့ ဝါးမြိုစရာ ဖြစ်လာတယ်။ သူရိန်နဲ့ သဏ္ဌာန်မဲ့ဘုံကလည်း အရင်ကလို ကျင့်ကြံခြင်းအတွက် ကောင်းတဲ့ နေရာတွေ မဟုတ်ကြတော့ဘူး။ အခု အင်အားစုတချို့နဲ့ ကလန်တွေက ကောင်းကင်အာဏာစက်ဘုံကို မျက်စိကျနေကြတယ်။ သူတို့ရဲ့ ပထမဦးစားပေးက နတ်ဆိုးဘုံဖြစ်သွားတယ်။ သူတို့က အခု စပြီး မြေလှန်ရှာနေကြတာမို့ ပျက်စီးခြင်းငါးပါးတိုင်သွားလောက်ပြီ။ အဲဒါအပြင် ကောင်းကင်အာဏာစက်ကျောင်းတော်ကလည်း ပစ်မှတ်တစ်ခု ဖြစ်လာတယ်။ တချို့အင်အားစုတွေက ကောင်းကင်အာဏာစက်မြို့ကို ကောင်းကင်အာဏာစက်ဘုံရဲ့ ဝင်ပေါက်ဖြစ်မယ်လို့ ယုံကြည်နေကြတယ်။”

ရီဖူရှင်း၏ မျက်ခုံးများက တွန့်ချိုးသွားခဲ့သည်။ သူသည် ယခင် သဏ္ဌာန်မဲ့ဘုံ၌ ရှိစဥ် ထိုသို့အဖြစ်အပျက်များကို တွေ့ကြုံဖူးခဲ့သည်။ သဏ္ဌာန်မဲ့ဘုံမှ ယိုယွဲ့နတ်နန်းတော်က ထိုအဖြစ်ကြောင့် အပြည့်အဝ ဖျက်ဆီးခံလိုက်ရပေသည်။ ယိုယွဲ့နတ်နန်းတော်မှ နတ်မိမယ် ချန်ရှီးသည်လည်း နောက်ပိုင်းတွင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကျင့်ကြံရန် ဝင်ရောက်ခဲ့သည်။ ထိုလူများသည် ယိုယွဲ့နတ်နန်းတော် တည်ရှိရာ ဘုံ၏ အလယ်ဗဟိုတွင် ဖြတ်လမ်းကြောင်း ဖွင့်လှစ်ကာ ယင်စွမ်းအားကို ရယူရန် ကြိုးစားခဲ့ကြသည်။

လေဟာနယ်ဘုံက မူလဘုံဖြစ်ပြီး ကောင်းကင်လမ်းစဥ် မပြိုကျခင်၌ လောက၏ အခရာဖြစ်ခဲ့သည်။ ကောင်းကင်လမ်းစဥ် ပြိုကျပြီးနောက် မဟာလမ်းစဥ် ဘုံသုံးထောင် ဖြစ်တည်လာသည်။ အဆင့်မြင့်တော်ဝင်ဘုံကိုးဘုံသည် မဟာလမ်းစဥ် ဘုံသုံးထောင်၏ ပင်မအူတိုင် ဖြစ်သည်။ ဘုံကိုးဘုံက ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံးဖြစ်သည်။ ယခု ထိုအပြင်လူများ၏ မျက်လုံးထဲ၌ ဘုံကိုးဘုံက ရတနာများကဲ့သို့ ဖြစ်လာပေသည်။

“အဲဒီတော့ ဒါက အရှင်ထိုက်ရွှမ်က ဘာကြောင့် ဒဏ်ရာရခဲ့တာလဲဆိုတဲ့ အကြောင်းရင်းပေါ့။” ရီဖူရှင်းက မေးလိုက်သည်။

“ဟုတ်တယ်။” အင်ပါယာနန်က ခေါင်းညိတ်လိုက်သည်။ “ပြီးတော့ အဲဒါက ကောင်းကင်အာဏာစက်မြို့ထဲမှာ ဖြစ်သွားခဲ့တာ။”

ရီဖူရှင်းက သူ၏ နတ်အာရုံကို ကောင်းကင်အာဏာစက်မြို့ထဲသို့ ဖြန့်ကျက်လိုက်သည်။ ချက်ချင်းပင် နတ်အာရုံက မြို့တစ်ခွင်ကို လွှမ်းခြုံသွားပြီး ကောင်းကင်အာဏာစက်မြို့ထဲ၌ ရှိနေသော ကျင့်ကြံသူများစွာက အံ့အားသင့်သွားကာ အနည်းငယ် မကျေမနပ်လည်း ဖြစ်သွားသည်။ မည်သည့် အရူးမျိုးက ထိုမျှ အတင့်ရဲ၍ ဤကဲ့သို့ ရိုင်းစိုင်းစွာ ပြုမူရဲရသနည်း။ သူ (သို့) သူမ၏ နတ်အာရုံကို အသုံးပြုကာ ကောင်းကင်အာဏာစက်မြို့အတွင်းရှိ သီးသန့်နေရာပင်မချန် အမှန်တကယ် ထောက်လှမ်းရဲပေသည်။

ပြင်ပဘုံများမှ နောက်ထပ် ထိပ်သီးပုဂ္ဂိုလ်ကြီးများ ထပ်ရောက်လာသည်လား။

“ဟင်..” ထို့နောက် ရီဖူရှင်းသည် အလွန် ပြင်းထန်သော ကြောက်မက်ဖွယ် အစွမ်းထက်သည့် အရှိန်အဝါကို ခံစားမိလိုက်ပေသည်။ ထိုလူက သည်းမခံနိုင်ဘဲ သူ၏ နတ်အာရုံကို တိုက်ရိုက်တိုက်ခိုက်လာရာ ရီဖူရှင်း၏ နတ်အာရုံက ချက်ချင်း ပြန်ဆုတ်ခွာလာရပေသည်။ အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော နတ်အာရုံများက သူတို့ကို လွှမ်းခြုံလာသည်။

အင်ပါယာနန်က ခေါင်းမော့ကာ ထိုနေရာသို့ ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သွမ့်ထျန်းရှုံနှင့် အဘိုးမာကလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ နတ်အာရုံက တစ်ချိန်တည်းတွင် ထွက်ပေါ်လာပြီး သူတို့အကြည့်များကလည်း အလွန်ထက်ရှလာသည်။

***

All Chapters