← Chapters

အဖေရဲ့ဟာလား ... အဘိုးရဲ့ဟာလား

Vol. 6 Ch. 76

အဖေရဲ့ဟာလား ... အဘိုးရဲ့ဟာလား

Vol. 6 Ch. 76

အခန်း (၇၆) : အဖေရဲ့ဟာလား အဘိုးရဲ့ဟာလား

ဝမ်ဝေ့က အရင်ဆုံး သူ့အဘိုး၏ ကျင့်စဉ်ပါဝင်နေသော အဆောင်ကို ယူလိုက်သည်။ သူက မူလချီကို ထည့်သွင်းလိုက်သည့်အခါ အချက်အလက်များ သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။

ထိုကျင့်စဉ်ကို အားပြင်းလက်သီးဟု ခေါ်ပြီး တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်း နှစ်ခုလုံးအတွက် အသုံးပြုလို့ရသည့် ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။

ဤကမ္ဘာပေါ်ရှိ ကျင့်စဉ်များကို ခေါင်းစဉ်သုံးခု ခွဲထားကြောင်း ဝမ်ဝေ့ သိထားသည်။ တစ်ခုက ကျင့်ကြံခြင်းနှင့် နယ်ပယ်အဆင့်တက်ခြင်းများတွင် အသုံးပြုပြီး နောက်တစ်ခုက တိုက်ခိုက်ခြင်း( စွမ်းအားကြီး ဂါထာများ အပါအဝင်)တွင် အသုံးပြုကာ ကျန်တစ်ခုက နှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

သူ ယခင်က ကျင့်ကြံခဲ့သည့် မူလလမ်းစဉ်ကျမ်းက ကျင့်ကြံခြင်းအတွက် ရှင်းလင်းသော နည်းလမ်း ဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များက ထိုကျမ်းထဲ ဂါထာအနည်းငယ်နှင့် အခြေခံတိုက်ခိုက်ခြင်းနည်းလမ်းများကို ထည့်သွင်းထားသော်လည်း နယ်ပယ်အဆင့် မြှင့်တင်ရာတွင်သာ အသုံးပြုသည့် ကျင့်စဉ်တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

အားပြင်းလက်သီးကို ဖတ်ရှု နားလည်ပြီးနောက် ထိုအရာက ခန္ဓာကိုယ်သန့်စင်ခြင်းနှင့် လက်သီးပညာ ဖြစ်နေသည်။ ထိုကျင့်စဉ်၏ သဘောတရားက တိုက်ပွဲထဲတွင် ဘယ်လိုအခြေအနေမျိုးနှင့် ကြုံတွေ့နေရပါစေ အမြဲတမ်း အသာစီးရစေသော အရာ ဖြစ်သည်။ ရန်သူ လဲကျသွားသည်အထိ ဆက်တိုက်ထိုးကြိတ်နေရမည် ဖြစ်သည်။

သို့သော် ရန်သူက ပြန်လည်မတိုက်ခိုက်ဘဲ ပြိုင်ဘက်ကို ဒီအတိုင်း ထိုးကြိတ်ခွင့်ပေးလောက်သည်အထိ တိုက်ပွဲတစ်ပွဲက တစ်ဖက်သတ် မဆန်ခဲ့ဖူးပေ။ အားပြင်းလက်သီးက ရန်သူ၏ ပြန်လည်တိုက်ခိုက်မှုကို မဖြုံပေ။ အကျဉ်းချုံးပြောရလျှင် ဒဏ်ရာကို ဒဏ်ရာဖြင့် ပြန်လည်အသုံးပြုသော သဘောထား ပါဝင်ခြင်းဖြစ်သည်။

ဘာလို့လဲ

အကြောင်းအရင်းက ရိုးရှင်းလှသည်။ ထိုနည်းပညာက အနည်းဆုံးတော့ ဝမ်ဝေ့၏ အမြင်တွင် သူတစ်ပါး နာကျင်ဒုက္ခရောက်နေသည်ကို သာယာသည့်နည်းလမ်း ဖြစ်သည်။ သူ ထိုကဲ့သို့ တွေးမိခြင်းက အားပြင်းလက်သီး၏ ရည်ရွယ်ချက်သည် ဆက်တိုက်ဒဏ်ရာလိုက် ကုသလိုက်လုပ်နေရင်း စွမ်းအားကြီးပြီး မဖျက်စီးနိုင်သော ခုခံခန္ဓာတစ်ခုကို ဖန်တီးနိုင်ရန် ဖြစ်သည့်အတွက် ဖြစ်သည်။

ထိုကျင့်စဉ်က ကျင့်ကြံသူများက တိုက်ခိုက်နေစဉ်အတွင်း တတ်နိုင်သလောက် ဒဏ်ရာများများ ရရန် လှုံ့ဆော်ပေးနေသည်။ ကုစားပြီးသွားသည့်အခါ သူတို့၏ ခုခံစွမ်းအားက ခန့်မှန်းမရနိုင်လောက်အောင် မြင့်တက်သွားမည် ဖြစ်သည်။

သူ့အဘိုးက ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှ ဘယ်လိုမျိုး ရှင်သန်နိုင်ခဲ့ကြောင်းနှင့် နောက်ထပ် အဘိုးတစ်ယောက်ဖြစ်သည့် ယုကျွမ်းအား ဒဏ်ရာများကုသရန် ဘာလို့ ကျင့်ကြံဖို့ ဖိအားပေးခံခဲ့ရလဲဆိုတာကို ဝမ်ဝေ့ ရုတ်တရက် သိသွားသည်။

ထို့အပြင် အားပြင်းလက်သီးထဲ၌ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ အရိပ်အယောင်ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ကျမ်းကို ကျင့်ကြံဖို့ ကျရှုံးပြီးနောက် သူ့အဘိုးက ဤနည်းလမ်းကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။

သူ့အဘိုး၏ ကျင့်စဉ်ကို ဖတ်ရှုပြီးနောက် ဝမ်ဝေ့က အဖေဖြစ်သူ၏ ကျော်ကြားသည့် ဓားစွမ်းရည် ပါဝင်သော အဆောင်ကို စိုက်ကြည့်လိုက်သည်။

ထိုဓားပညာရပ်ကို အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားကျမ်းဟု ခေါ်သည်။ ထိုကျင့်စဉ်က တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်းကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

အဆောင်ထဲရှိ အကြောင်းအရာကို ဖတ်ရှုပြီးနောက် ဝမ်ဝေ့ ထိတ်လန့်သော မျက်နှာထား ဖြစ်သွားသည်။ သူ့အဖေက သူလိုမျိုး ကောင်းကင်ကို စိန်ခေါ်သည့် စစ်မှန်သော ပါရမီရှင်ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်သည်။

ထိုကျမ်း၏ စည်းမျဉ်းက ဓား၏ အခြေခံလှုပ်ရှားမှု ခြောက်ခုထဲမှ တစ်ခုဖြစ်သည့် ပိုင်းဖြတ်ခြင်း ဖြစ်သည်။ ထို့နောက် ထိုအရာကို စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်အောင် ကျင့်ကြံခြင်း ဖြစ်သည်။

ဤကျင့်စဉ်ကို ကျင့်ကြံပြီးလျှင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဘယ်အရာကိုမဆို ပိုင်းဖြတ်သွားနိုင်မည် ဖြစ်သည်။ ထိုထဲတွင် အချိန်၊ အာကာပြင်၊ အရာဝတ္ထု၊ စွမ်းအင်အပြင် ကံကောင်းမှုပင် ပါဝင်သေးသည်။ တစ်ဖက်က ဘယ်လိုတိုက်ခိုက်မှုမျိုးနှင့် တိုက်ခိုက်လာပါစေ ဖျက်ဆီးဖို့ ဓားခုတ်ချက်တစ်ခုဆိုလျှင်ပင် လုံလောက်သည်။ ထိုကျင့်စဉ်က တာအိုဖြတ်တောက်ခြင်းကို အဆုံးစွန်ထိရောက်အောင် လုပ်ထားပြီး ပိုမိုမြင့်သော တာအိုအဆင့်သို့ ရောက်ရှိအောင် လှုံ့ဆော်ခြင်း ဖြစ်သည်။

ကျမ်းထဲတွင် ဝမ်ထျန်း ချန်ထားသော မှတ်စုများအရ သူ့ကျမ်းကို အသုံးပြုကာ တစ်နေ့တွင် ရှုပ်ထွေးပွေလီမှု၊ ဗလာဖြစ်မှုနှင့် ဟင်းလင်းမှုကိုပင် ဖြတ်တောက်နိုင်ခွင့် ရရှိဖို့ မျှော်လင့်သည်ဟု သိလိုက်ရသည်။

ဗလာနတ္ထိဖြစ်နေတာကို ဘယ်လိုလုပ်ပြီးတော့ ဖြတ်တောက်နိုင်မှာလဲ။ တကယ်တောင် မရှိတဲ့အရာကိုလေ။ ဓားကျမ်းကို အဲဒီအတွက် လုပ်ထားတာပဲ

အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားကျမ်းက သူတော်စင်အဆင့်ကျင့်စဉ်တစ်ခုသာ ဖြစ်ပြီး မပြည့်စုံသေးသော်လည်း သူ့အဘိုး၏ အားပြင်းလက်သီးထက်ပိုပြီး အလားအလာရှိကြောင်းကို ဝမ်ဝေ့ ပြောနိုင်လေသည်။

ထို့အပြင် ဝမ်ဝေ့အနေနှင့် သူ့အဘိုး၏ အားပြင်းခန္ဓာသည် သူ့အဖေ၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားကျမ်းကို ကျင့်ကြံဆင့်တူနေပါက တားနိုင်မည် မဟုတ်ကြောင်း သိလေသည်။ အားပြင်းခန္ဓာကို အဆင့်မြင့်အောင် ကျင့်ကြံထားမှသာ ဓားကျမ်းကို တားဆီးနိုင်လိမ့်မည် ဖြစ်၏။

ထိုကျင့်စဉ်နှစ်ခုကြားရှိ တိုက်ပွဲက အလွန် ပြင်းထန်နိုင်သည်။

သူ့အဖေဖြစ်သူ ကျမ်း၏ အလားအလာကောင်းမှုကြောင့်သာ မဟုတ်ပါက ဝမ်ဝေ့ ဘယ်တော့မှ ရွေးချယ်မည် မဟုတ်ပေ။ ဤကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် တစ်ဘဝလုံးကို ဓားလမ်းစဉ်မှာ မြှုပ်နှံထားရမည့်အတွက် ဖြစ်သည်။

ဓားကို ချစ်မြတ်နိုးပြီး နှစ်ပေါင်းများစွာ မရပ်တန့်ဘဲ ဓားရေး လေ့ကျင့်ကာ ဓားနှင့်တစ်သားတည်း ဖြစ်လာသည်အထိ လုပ်ရမည်။ ဓားက လက်မောင်းတစ်ဖက်ကဲ့သို့ တစ်သားတည်း ဖြစ်လာရမည်။

ထိုကဲ့သို့ ဆန္ဒနှင့် စိတ်အားထက်သန်မှု မရှိဘဲ ဘယ်သူမှ အဆုံးမဲ့ပိုင်းဖြတ်ခြင်း ဓားကျမ်းကို အောင်မြင်အောင် မကျင့်ကြံနိုင်ပေ။ အောင်မြင်ခဲ့လျှင်ပင် ကျမ်း၏ စွမ်းအားက များပြားစွာ လျော့ကျသွားသည်။

ဝမ်ဝေ့အတွက် ထိုကဲ့သို့သော ကျင့်ကြံခြင်း နည်းလမ်းက ကျွန်ခံလိုက်တာနှင့် အတူတူပင် ဖြစ်သည်။ ဓားကျင့်ကြံသူများက သူတို့ဓားနှင့် သူတို့ ကျွန်ပြုလိုက်ပုံပေါ်သည်။

သူ့လိုမျိုး အချုပ်အနှောင် မရှိ လွတ်လွတ်လပ်လပ် နေချင်တဲ့သူက ဘယ်လိုလုပ်ပြီးတော့ အရာဝတ္ထုတစ်ခုရဲ့ ကျွန်ပြုခြင်းကို ခံနိုင်ရမှာလဲ

သူ့အမြင်တွင် ဓားများက ရည်ရွယ်ချက်တစ်ခုအတွက် အသုံးပြုသည့် အရာဝတ္ထုတစ်ခုသာ ဖြစ်ကြောင်း သတ်မှတ်ထားသည်။ အရာဝတ္ထုဖြစ်သည့်အတွက် သူ အမိန့်ပေးသည့်အတိုင်း သူတို့နာခံသင့်သည်။

ဓားကို သူနဲ့တန်းတူ ဆက်ဆံခိုင်းနေတာလား။ သူ အဲလိုအရာမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး

မှော်လက်နက်များက အဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် ဝိညာဉ်နှင့် ဉာဏ်ရည် ရှိလာမည်ကို ဝမ်ဝေ့ သိသော်လည်း ဂရုမစိုက်ပေ။ လက်နက်များထဲမှ တစ်ခုက ဉာဏ်ရည်ကို ရရှိသွားလျှင် သက်ရှိတစ်ခုအဖြစ် သူ လေးစားမည် ဖြစ်သော်လည်း သူက အမိန့်ပေးသူ ဖြစ်သည့်အတွက် ထိုဉာဏ်ရည်ကို ဖျက်ပစ်ချင်သည်။

ဝမ်ဝေ့က အကြွင်းမဲ့ပိုင်းဖြတ်ခြင်း ဓားကျမ်းကို မကျင့်ကြံဘူးဟု ဆုံးဖြတ်ထားသော်လည်း ထိုအရာမှ သင်ယူဖို့တော့ ဆုံးဖြတ်လိုက်သည်။ တစ်နေ့တွင် သူ့ ဓားချက်ဖြင့် သူကိုယ်တိုင်၏ ကံကြမ္မာဖြစ်စေ တခြားသူ၏ ကံကြမ္မာကိုဖြစ်စေ ဖြတ်တောက်နိုင်ဖို့ မျှော်လင့်မိသည်။

သူ့သား၏ ဆုံးဖြတ်ချက်ကို ကြားပြီးနောက် စိတ်ပျက်သွားသော်လည်း ဝမ်ထျန်း အံ့ဩသွားခြင်းမျိုး မရှိပေ။ နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီးနောက် သူ့သားမှာ ဓားသမားတို့၏ နှလုံးသား မရှိကြောင်း သူ သတိထားမိသည်။ သူ ဓားရေးကို စတင်လေ့ကျင့်စဉ်ကလည်း မပျော်ရွှင်ခဲ့ပေ။

ဝမ်ထျန်း စိတ်ညစ်နေချိန်တွင် သူ့အဖေကတော့ ပြုံးဖြီးနေသည်။ သူက သူ့မြေးကို သူ့သားနှင့်မတူဘဲ အမြင်ကောင်းရှိသည့်အတွက် ချီးကျူးလိုက်သည်။

ထိုနေညက ညစာ စားနေသည့်အချိန်ထိ ဝမ်ချန် မပြုံးဘဲ မနေနိုင်ဖြစ်ခဲ့သည်။ ဝမ်‌ဝေ့က အားပြင်းလက်သီးကိုလည်း ကျင့်ကြံဖို့ စီစဉ်နေခြင်း မဟုတ်ဘဲ ထိုထဲတွင် ပါဝင်သော တိုက်ခိုက်နည်းလမ်းများကိုသာ အသုံးပြုခြင်း ဖြစ်သည်။ သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံနိုင်မည်ဟု ယုံကြည်သည့်အတွက် အားပြင်းခန္ဓာ၏ ခုခံစွမ်းရည်ကို မလိုအပ်တော့ပေ။

သို့သော် သူက ထိုအကြောင်းကို သူ့အဘိုးအား မပြောသေးပဲ ခဏတာ ပျော်ရွှင်ခွင့်ပြုထားသည်။

ညဘက်တွင် ဝမ်ဝေ့က ကျင့်ကြံဖို့သွားတုန်း ဝမ်ထျန်းက သူ့မိန်းမကို အဖော်လုပ်ပေးနေသည်။ သို့သော် သူ စိတ်ညစ်နေဆဲ ဖြစ်သည်။

ရုတ်တရက် သူ ပြောလိုက်သည်

“ ရှင်မရေ ကိုယ်တို့ နောက်ထပ် ကလေးတစ်ယောက်လောက် ထပ်မယူချင်ဘူးလား”

ယုယန်က သူမ၏ ယောက်ျားကို စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်

“ ဝေ့အာက ရှင့်ရဲ့ ကျမ်းကို မရွေးချယ်ခဲ့လို့ စိတ်မကောင်းဖြစ်နေတုန်းလား။ သူ ကလေးဘဝကတည်းက  အပြုအမူအရ ရှင် ဒါကို အရင်ကတည်းက မျှော်လင့်ထားသင့်တာလေ”

“ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကြိုးစားကြည့်ချင်ခဲ့တာ။ ကိုယ်ကံကောင်းပြီးတော့ သူ့စိတ်ကို ပြောင်းလဲပေးနိုင်မယ်လို့ ထင်ခဲ့တာ”

ယုယန်က သူမ၏ ယောက်ျားအား ဆွံ့အစွာဖြင့် စိုက်ကြည့်ရင်း ခေါင်းယမ်းကာ ပြောလိုက်သည်

“ ကျွန်မတို့ရဲ့ ကျင့်ကြံဆင့်နဲ့ နောက်ထပ်ကလေးရဖို့ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာကို  မပြောနဲ့ဦး။ မွေးလာတဲ့ကလေးကရော ရှင့်လိုမျိုး ဓားကို ချစ်ပြီးတော့ ရှင့်ရဲ့ ဓားရေးစွမ်းရည်ကို အမွေဆက်ခံမယ်ဆိုတာ ရှင် ဘယ်လိုလုပ်သိမှာလဲ”

“ ကိုယ် မသိဘူးလေ။ ဒါပေမဲ့ ကြိုးစားကြည့်ရတာတော့ တန်မှာပါ”

“ ရှင့်သဘောပဲလေ”

ထို့နောက် လျှပ်စီးအစီအရင်အားလုံးကို ပိတ်လိုက်ကာ အခန်းထဲတွင် လှပသော ဖြစ်စဉ်လေးတစ်ခုကို ဖန်တီးလိုက်ကြသည်။

All Chapters