← Chapters

ပိုမြင့်သော ခက်ခဲသောအဆင့်

Vol. 6 Ch. 77

ပိုမြင့်သော ခက်ခဲသောအဆင့်

Vol. 6 Ch. 77

အခန်း (၇၇) : ပိုမြင့်သော ခက်ခဲသောအဆင့်

ဝမ်ဝေ့က ကျန်း ၉၀ မြင့်မားသော တိုက်ပွဲမျှော်စင်ရှေ့တွင် ရပ်ကာ ဒုတိယအကြိမ် ဝင်သွားပြန်သည်။ သို့သော် ယခုတစ်ခေါက် သူ အံ့ဖွယ်ပင်လယ် နယ်ပယ်အဆင့်မှ လူများကို ရင်ဆိုင်ရတော့မည်။

“ အားပြင်းလက်သီးကို သုံးလတာ လေ့ကျင့်ထားတဲ့ ငါ့ရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ အချိန်ကျပြီ” ဝမ်ဝေ့ မျှော်စင်ထဲသို့ မဝင်ခင် ရေရွတ်လိုက်သည်။

စွမ်းအားကြီးပြီး သန့်စင်သော မူလချီနှင့်အတူ သူ ပထမဆုံး အခက်အခဲသုံးခုကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်သော်လည်း ကောင်းကင်ဒုက္ခကို စိန်ခေါ်ခဲ့သည်။

ဝမ်ဝေ့ သစ်ပင်များဖြင့် ပြည့်နှက်နေသော တောအုပ်တစ်ခုထဲသို့ ရောက်ရှိသွားသည်။ သို့သော် သူ တောအုပ်၏ ဘေးပတ်လည်တွင် တောင်တန်းနှင့် ရေကန်များကို တွေ့လိုက်ရသည့်အတွက် အံ့ဖွယ်ပင်လယ်အဆင့် ကျင့်ကြံသူများ၏ အတွင်းပိုင်းနယ်မြေက ပိုမိုကျယ်ဝန်းပုံပေါ်သည်။

ယခုတစ်ခေါက် ဝမ်ဝေ့ အဆင့် ၅ တစ်ကောင်အစား အဆင့် ၁၀ ရှိသည့် နတ်ဆိုးသားရဲ ၂ကောင်၏ ဝန်းရံခြင်းကို ခံခဲ့ရသည်။ သို့သော် အရေအတွက် နှစ်ဆတိုးသွားသည်ကို သူ မအံ့ဩပေ။ အဆင့်မြင့်လာသည်နှင့်အမျှ ပိုမိုခက်ခဲလာကြောင်း သူ သိထားသည်။ ထို့အပြင် ကမ္ဘာမြေ အခက်အခဲ၌ ယခင်က တိုက်ခိုက်ခဲ့သော ကျားတစ်ကောင်တည်းအစား နတ်ဆိုးသားရဲနှစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။

ဝမ်ဝေ့ ဤစစ်ဆေးမှုတွင် ရင်ဆိုင်ရမည့် ပြိုင်ဘက်များကို လေ့လာလိုက်သည်။

ပေါ့ပါးလေပြေ ဝံပုလွေ ၂ကောင်၊ ခိုင်မာမြေကြီး ဝက်သိုး ၃ကောင်နှင့် ခက်ထန်မီးလျှံခြင်္သေ့ ငါးကောင်တို့ဖြင့် ဖွဲ့စည်းထားသည်။

နတ်ဆိုးသားရဲတစ်ကောင်းချင်းစီ၏ အကြည့်ထဲတွင် ပြင်းထန်သော အလင်းရှိနေပြီး ဝမ်ဝေ့ကို သူတို့၏ သားကောင်ကဲ့သို့ သဘောထားကာ စိုက်ကြည့်နေသည်။ သို့သော် မကြာခင်တွင် ဘယ်သူက မုဆိုး၊ ဘယ်သူက သားကောင်ဆိုတာကို သိသွားလိမ့်မည်။

ဝမ်ဝေ့က မူလချီများကို ခြေထောက်သို့ ပို့လိုက်သည့်အခါ ခဲဖြူရောင်လင်းလက်သွားသည်။ ထို့နောက် အနီးဆုံးဖြစ်သည့် ခိုင်မာမြေကြီး ဝက်သိုးဆီသို့ ပြေးသွားလိုက်သည်။ သူ ရွေ့လျားနေသည်က အရမ်းမြန်ဆန်လွန်းလှသည်။

ဝုန်း…

ဝက်သိုး၏ မျက်နှာသို့ အားကြီးသော လက်သီးတစ်လုံး ပစ်ဝင်သွားသည်။ ပြင်းထန်သော အားကြောင့် ဝက်သိုး မီတာနှစ်ဆယ်လောက်ထိ လွင့်ထွက်သွားကာ သွေးများပင် အန်ထွက်ပြီး ပြန်မထနိုင်တော့ပေ။

ကျန်ရှိနေသည့် ခိုင်မာမြေကြီး ဝက်သိုး ၂ကောင်က သူတို့အဖော်၏ အခြေအနေကိုကြည့်ကာ ဒေါသထွက်သွားသည့်အတွက် ချက်ချင်း သူတို့မျိုးရိုး၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ ထို့နောက် ကျန်ရှိနေသော ဝက်သိုးနှစ်ကောင်ကို မြေဖြင့် ပြုလုပ်ထားသော ထူထဲသည့် ချပ်ဝတ်တန်ဆာက လွှမ်းခြုံသွားသည်။

သူတို့တင်မကသေးဘဲ ကျန်ရှိနေသော နတ်ဆိုးသားရဲများအားလုံး သူတို့၏ စွမ်းရည်များကို အသက်သွင်းလိုက်ကြသည်။ ခက်ထန်မီးလျှံ ခြင်္သေ့ငါးကောင်က ပါးစပ်ကြီးများကို ဟကာ မီးဘောလုံးများဖြင့် ဝမ်ဝေ့ရှိရာဘက် ချိန်ပစ်လိုက်သည်။

သို့သော် သူ နောက်မဆုတ်သလို ကျူးကျော်ခြင်းလည်း မရှိပေ။ ထိုအစား ရှေ့တိုးကာ ထိုးလိုက်သည်။

“ ခြင်္သေ့လက်သီး”

ဝမ်ဝေ့၏ ညာဘက်လက်တွင် မူလချီဖြင့် ပြုလုပ်ထားသော ခြင်္သေ့ဦးခေါင်းပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုးချက်နှင့် မီးဘောလုံးငါးခုတို့ ဆုံတွေ့သွားသည့်အခါ တောအုပ်ထဲတွင် ခြင်္သေ့ဟိန်းသံတစ်ခု ပျံ့နှံ့သွားကာ ပိုင်နက်၏ အရှင်သခင် နယ်လှည့်နေပြီဖြစ်သည့်အတွက် အားလုံးဦးညွှတ်ထားသင့်ကြောင်း အချက်ပြနေခြင်းဖြစ်သည်။

ဝုန်း…ဝုန်း…ဝုန်း…

ဝမ်ဝေ့၏ လက်သီးတစ်ချက်က မီးဘောလုံးငါးခုကို တစ်ခါထဲ ဖျက်ဆီးလိုက်နိုင်ပြီး ကြီးမားသော ပေါက်ကွဲမှုတစ်ခု ဖြစ်သွားစေသည်။ ဝမ်ဝေ့ကို ဗဟိုပြုကာ ၅၀၀ ဒီဂရီဆဲလ်ဆီးယပ်စ် ထက်ပိုသော မီးတောက်က တောအုပ်တစ်ခွင် ပျံ့နှံ့သွားသည်။ သို့သော် သူကတော့ လုံးဝ ထိခိုက်ခြင်း မရှိပေ။

ခဲဖြူရောင် စွမ်းအင်အလွှာက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားကာ အပူဒဏ်မှ ကာကွယ်ပေးထားသည်။ စွမ်းအားကြီး မူလချီကြောင့် ထိုအပူဒဏ်ကို ခံနိုင်ရည်ရှိရန် သူ့အတွက် အတော်လေး လွယ်ကူသည်။

မီးခိုးများက နတ်ဆိုးသားရဲများ၏ မြင်ကွင်းကို ဖုံးကွယ်ထားစဉ် သူက ဝံပုလွေများရှိရာဘက်သို့ အမြန်ပြေးသွားလိုက်သည်။ သူတို့က တိုက်ခိုက်စွမ်းရည် အမြင့်ဆုံးဖြစ်သည့်အတွက် သူတို့က ကြောက်စရာအကောင်းဆုံးဟု သတ်မှတ်လိုက်သည်။

စက္ကန့်အနည်းငယ်အတွင်း ဝမ်ဝေ့ မီတာအနည်းငယ်သို့ ရောက်ရှိသွားပြီး ဆယ်မီတာထက်မြင့်သော ဝံပုလွေတစ်ကောင်ရှေ့သို့ ရောက်ရှိသွားသည်။ သူ လေထဲသို့ ခုန်ကာ နောက်ထပ် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။

ခြင်္သေ့ဟိန်းသံနောက်တွင် ပေါ့ပါးလေပြေဝံပုလွေ၏ ခေါင်းပေါက်ကွဲထွက်သွားကာ သွေးနှင့် ဦးနှောက်များ တစ်စစီဖြစ်ကာ ပြန့်ကျဲသွားသည်။ ထိုသားရဲတွင် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။

တခြားဝံပုလွေ တစ်ကောင်က အမြဲတမ်း သတိရှိနေသည်။ သူ့အဖော် အသတ်ခံရသည်ကို မြင်သွားသည့်အခါ ထိုဝံပုလွေက ပါးစပ်ဖွင့်ကာ မီတာ ၂၀ ရှည်လျားသော လေဓားသွားကို ထုတ်ကာ ပြိုင်ဘက်ကို သတ်ဖို့ စီစဉ်လိုက်သည်။

ဝမ်ဝေ့က ချက်ချင်း မူလချီကို စုစည်းကာ လေဓားသွားကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။ ထို့နောက် ကျန်ရှိနေသော ဝံပုလွေဆီ ပြေးသွားလိုက်သည်။

သူ နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သို့သော် ယခုတစ်ခေါက်တော့ ခြင်္သေ့ပုံရိပ်အစား ကျားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ကျားက ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အပြီးပြည့်စုံဆုံး၊ စွမ်းအားအကြီးဆုံး မုဆိုးတစ်ယောက်ဖြစ်ကြောင်း ပြသနေသည်။ ထိုအရာက ကျားလက်သီးဟု သိထားသည့် အားပြင်းလက်သီးမှ တိုက်ကွက်ဖြစ်သည်။

ပေါ့ပါးလေပြေ ဝံပုလွေက လာနေသော လက်သီးနှင့် ရင်ဆိုင်သည့်အခါ သူ့စိတ်ထဲသို့ အားကောင်းသော သတ်ဖြတ်လိုစိတ် ဝင်ရောက်လာပြီး သူ့ကို အရမ်းကြောက်လန့်စေပြီး ခဏတာ တောင့်တင်းသွားစေသည်။ ထိုခံစားချက်က သွေးသန့် နတ်ဆိုးနှင့် တွေ့သည့်အခါ ဖြစ်ပေါ်လာသော ခံစားချက်မျိုး ဖြစ်သည်။

အကြည့်တစ်ချက်ဖြင့်တင် သူ့ကို မလှုပ်ရဲဘဲ ဦးညွှတ်သွားအောင် လုပ်လိုက်သည်။

အကြောက်တရားဖြင့် လွှမ်းခြုံထားခံရသော်လည်း ဝံပုလွေက သူ၏ လက်သည်းဖြင့် တိုက်ခိုက်နေဆဲဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုအရာက အမှားကြီးတစ်ခု ဖြစ်သွားသည်။

ဝုန်း…

ဝံပုလွေ၏ လက်မောင်းတစ်ခုလုံး ပေါက်ကွဲကာ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ အရိုးဖြစ်စေ၊ အရေပြားဖြစ်စေ၊ ကြွက်သွားဖြစ်စေ အရာအားလုံး ပျက်စီးသွားသည်။

ဝံပုလွေကို အသက်ရှူဖို့ပင် အချိန်မပေးဘဲ ဝမ်ဝေ့က လေထဲတွင် ကျွမ်းထိုးလိုက်ပြီး ဝံပုလွေ၏ ကျောကုန်းပေါ်တွင် ဇောက်ထိုးမတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက လေထဲတွင် အရှိန်မြှင့်ပြီး သွားနိုင်ဖို့အတွက် မူလချီကို အသုံးပြုပြီးနောက် ဝံပုလွေဆီ ပြေးသွားကာ ကျောကုန်းကို ထိုးကြိတ်လိုက်သည်။

ဂျွတ်…ဂျွတ်…

ဝံပုလွေ၏ ကျောရိုးထဲရှိ အရိုးအားလုံး ကျိုးပဲ့သွားသည်။ မြေပြင်ပေါ်သို့ လဲကျမသွားခင် နာကျင်စွာဖြင့် အူနေပြီး ဘဝတစ်သက်တာအတွက် ဒုက္ခိတ ဖြစ်သွားသည်။

ဝမ်ဝေ့က ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဝံပုလွေကို စိုက်ကြည့်လိုက်သည်။ သူ လေထဲတွင် အသုံးပြုလိုက်သည့် တိုက်ကွက်က သူ ယခင်ဘဝတွင် ကြည့်ခဲ့ဖူးသော ကာတွန်းကားထဲမှ တိုက်ကွက် ဖြစ်သည်။ သူ ကြိုးစားကြည့်ဖို့ အကြံရသည့်အတွက် ကြိုးစားကြည့်လိုက်သည့်အခါ အောင်မြင်သွားခြင်း ဖြစ်သည်။ သူ၏ သန့်စင်ပြီး စွမ်းအားကြီးသော မူလချီကြောင့် အရမ်းရိုးရှင်းကြောင်းကို သူသိသည်။

သို့သော် သုံးစွဲမှုကတော့ ပုံမှန် မဟုတ်ပေ။ ထိုကဲ့သို့ တစ်ခါလေး အသုံးပြုလိုက်ရုံဖြင့် မူလပင်လယ် ကျင့်ကြံခြင်း၏ လေးပုံတစ်ပုံ ခမ်းခြောက်သွားသည်။

စိတ်လှုပ်ရှားနေသော်လည်း ဝမ်ဝေ့၏ လုပ်ဆောင်ချက်အားလုံး မိနစ်အနည်းငယ်အတွင်း ပြီးမြောက်သွားခဲ့သည်။ ဒုတိယဝံပုလွေကို သတ်ပြီးသွားသည့်အချိန်တွင် ကျန်ရှိနေသော ခြင်္သေ့ငါးကောင်နှင့် ဝက်သိုးနှစ်ကောင်တို့က ယခင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးများအားလုံးကို ရှင်းထုတ်ပြီးနေပြီဖြစ်သည်။

သူတို့အားလုံးက ဝမ်ဝေ့ကို ဝိုင်းထားလိုက်ပြီး ခုန်အုပ်ကာ သတ်ဖြတ်ဖို့ စီစဉ်နေကြသည်။ သူတို့က သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သူတို့ သိကြသလို သူတို့ ဤကျင့်ကြံသူကို မသတ်လျှင် အသတ်ခံရမည်က သူတို့ဖြစ်သွားမည်ဆိုတာကိုလည်း ကောင်းကောင်းသိထားသည်။

ဝမ်ဝေ့က ထိုနတ်ဆိုးသားရဲများအား စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူ အတွေးတစ်ခု ရသွားသည်။ သူက ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်၏ စွမ်းအားနှင့် အဆုံးမဲ့အံ့ဖွယ်ပင်လယ်၏ စွမ်းအားကို ပေါင်းစပ်လိုက်သည်။

ရုတ်တရက် ဆန္ဒတစ်ခု ထွက်ပေါ်လာပြီးနောက် နတ်ဆိုးသားရဲခုနစ်ကောင်ကို သွားပြီး ရိုက်ခတ်လိုက်သည်။ ထို့နောက် သူတို့ သွေးများအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ ငြီးငြူနေကြသည်။ ကြည့်ရတာ သူတို့က အသက်ရှင်နေဆဲ ဖြစ်၏။

ဝမ်ဝေ့က ဖြစ်ပျက်သွားသည်နှင့် ပတ်သက်ပြီး အံ့ဩကာ စိတ်ရှုပ်ထွေးသွားမိသည်။ သူ အနားကပ်သွားကာ မူလချီကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရင်း ထိုသားရဲများ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူတို့၏ ပင်မမျိုးရိုးဖျက်စီးခံလိုက်ရကာ ကျင့်ကြံခြင်းလည်း ပျက်စီးသွားသည်ကို သူ သိလိုက်ရသည်။

“ ဒီစွမ်းရည်အသစ်က တစ်ချက်ကြည့်လိုက်ရုံနဲ့ တခြားလူတွေရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးနိုင်တာများလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

“ ဒါဆိုရင်တော့ အဲဒါက ကောင်းကင်ဆန့်ကျင်တာပဲ”

သို့သော် ထိုစွမ်းရည်တွင် ဆိုးကျိုးများလည်း ရှိနိုင်သည်ဟု သူ ခန့်မှန်းမိသည်။ ဥပမာအားဖြင့် လူတစ်ယောက်က သူ့ထက် အများကြီး အားနည်းရမည် ဖြစ်သည်။ သို့သော် ဒီလိုဆိုလျှင်ပင် ထိုစွမ်းရည်ကို လူဝိုင်းခံရခြင်းမှ ကာကွယ်ရန် အသုံးပြုလို့ရသည်။

ထို့အပြင် သူ၏ ကျင့်ကြံဆင့် မြင့်လာသည်နှင့်အမျှ ထူးခြားနယ်ပယ်အဆင့်များလည်း ထွက်ပေါ်လာသည်။ ဥပမာအားဖြင့် ထူးခြားသော အံ့ဖွယ်စင်မြင့်နှင့် သဘာဝလွန် နယ်ပယ်အဆင့်တို့ ဖြစ်သည်။ ထိုစွမ်းရည်လည်း ပိုပြီး စွမ်းအားကြီးလာနိုင်သည်။

“ ဒီစွမ်းရည်ကို အခုကစပြီးတော့ စစ်မှန်သော အလိုဆန္ဒလို့ ခေါ်ကြမယ်” ဝမ်ဝေ့က အော်ပြောလိုက်သည်။ ယခု ထိုနတ်ဆိုးသားရဲများက မသန်မစွမ်းဖြစ်သွားသည့်အတွက် သူ ကောင်းကင်ဘုံ ခက်ခဲအဆင့်ကို အောင်မြင်သွားသည်။

သူ တင်ပျဉ်ခွေထိုင်ကာ မူလချီကို ပြန်လည်ဖြည့်တင်းရန် နက်နဲအဆင့် အံ့ဖွယ်ပင်လယ် အားဖြည့်ဆေးကို ထုတ်ယူလိုက်သည်။ ပထမဆုံး ကျင့်ကြံဆင့်သုံးခုမှာ ရှိသော ကျင့်ကြံသူများအနေဖြင့် နက်နဲအဆင့် ဆေးလုံးများကိုသာ သုံးဆောင်နိုင်သည်။ မဟုတ်လျှင် သူတို့ ဆေး၏ ခွန်အားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

သုံးနာရီကြာပြီးနောက် ဝမ်ဝေ့ ပြန်လည်အားဖြည့်ခြင်း ပြီးဆုံးသွားကာ တရားထိုင်သည့်ပုံစံကို ဖြည်လိုက်သည်။ ယခု သူက နောက်ထပ် ရင်ဆိုင်ရမည့် ဧကရာဇ်အခက်အခဲအတွက် အသင့်ဖြစ်နေသည်။

ထိုနေရာတွင် ဝမ်ဝေ့က တူညီသော ကျင့်ကြံဆင့်ရှိသည့် မဟာဧကရာဇ်များနှင့် တိုက်ခိုက်သင်ယူရန် အခွင့်အရေး ရရှိလိမ့်မည်။ သူ စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် သူ့ကိုယ်သူ လိမ်ညာနေခြင်း ဖြစ်သည်။ မဟာဧကရာဇ်က ပုံပွားထားသောသူဖြစ်သော်လည်း တိုက်ခိုက်ရမည်ကို စဉ်းစားပြီး သူ သွေးများ ဆူပွက်လာမိသည်။

အသက်အနည်းငယ်ရှူပြီးနောက် ဝမ်ဝေ့က သူနှင့် ရွယ်တူ လူငယ်တစ်ယောက် သူ့ရှေ့မှာ ရပ်နေသည်ကို မြင်လိုက်သည်။ သူ့မှာ အေးစက်ပြီး ခံစားချက်မဲ့သော အကြည့်များကို ပိုင်ဆိုင်ထားသည်။ ဝမ်ဝေ့ သေချာစိုက်ကြည့်လိုက်သည့်အခါ ထိုသူက ဘာကိုမှ မကြောက်ရွံ့သည်ကို သိလိုက်ရသည်။ သူ၏ မျက်ခုံးများက လီကျွင်းနှင့် အတော်လေး တူညီပြီး လီကျွင်း၏ မျက်ခုံးများက သူနှင့် အတော်လေး တူသည်။

ဝမ်ဝေ့က ထိုလူကို ခန့်မှန်းပြီး ရေရွတ်လိုက်သည်

“ လီမိသားစုရဲ့ ဘိုးဘေး တိုက်ပွဲရူး ဧကရာဇ်”

All Chapters