← Chapters

အကြီးအကဲတစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 6 Ch. 78

အကြီးအကဲတစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 6 Ch. 78

အခန်း (၇၈) : အကြီးအကဲတစ်ယောက်နှင့် တွေ့ဆုံခြင်း

ဝမ်ဝေ့ တိုက်ပွဲရူး ဧကရာဇ်ငယ်ကို လေ့လာပြီးနောက် ဂိုဏ်း၏ အနာဂတ်တပည့်များကို သင်ကြားပေးရန် မျှော်စင်ထဲမှာ တိုက်ပွဲရူး ဧကရာဇ်အစစ်က ချန်သွားသော ပုံပွားတစ်ခု ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။ ဝမ်ဝေ့ လေ့လာနေစဉ်အတွင်း သူ သင်ယူခဲ့ရသော သမိုင်းကြောင်းမှ သူနှင့် ပတ်သက်သော အချက်အလက်များကို ပြန်လည်စဉ်းစားမိသွားသည်။

ထို့ကြောင့် ဝမ်ဝေ့က တိုက်ပွဲရူး ဧကရာဇ်ကို အတော်လေး လေးစားမိသည်။ ဂိုဏ်း၏ ဘိုးဘေးသုံးယောက်ထဲတွင် သူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် သူ့ကို အလေးစားဆုံး ဖြစ်သည်။

သူ သိသလောက်ဆိုလျှင် ဧကရာဇ် ချီယွမ်ဟု လူသိများသည့် ဝမ်ချီရှန်း၏ သွေးသောက် ညီကိုမောင်နှမများလည်း မဟာဧကရာဇ်များ ဖြစ်လာသည်ဟု သတင်းကြားသည်။

ဝမ်ဝေ့၏ ဘိုးဘေး ဧကရာဇ်ဖြစ်လာပြီးနောက် တခြားသွေးသောက်ညီအစ်ကိုနှစ်ယောက်၏ ဝဋ်ကြွေးကို ဆေးကြောပေးပြီး သူတို့၏မျိုးဆက်တွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၌ ပါဝင်ရန် အခွင့်အရေး ပေးခဲ့သည်။

ယန်းမိသားစု၏ ဘိုးဘေးဖြစ်သော ယန်းအိုက်ကလည်း ပထမဆုံး အမျိုးသမီး မဟာဧကရာဇ် ဖြစ်လာပြီး ရှေးဧကရာဇ်ခေတ်၏ ဒုတိယဧကရာဇ်ဟု လူသိများသည်။ ဆိုလိုသည်က တာအိုအခွင့်အလမ်းဂိုဏ်းတွင် ဧကရာဇ်နှစ်ယောက် ဆက်တိုက်ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် တတိယမျိုးဆက်တွင် လီမိသားစုဘိုးဘေး လီမင် ၏ အလှည့်ရောက်သည့်အခါ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

သို့သော် လီမင်က စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက် ဖြစ်သည့်အတွက် အရှုံးအတွက် စိတ်မပျက်ပေ။ ထိုအစား သူ ပိုပြီး စိတ်အားထက်သန်သွားသည်။ သူ့ကိုယ်သူ သွေးကျောက်တုံးထဲတွင် ပိတ်ဆို့ထားကာ ကံကို ဆေးကြောဖို့အတွက် မရေတွက်နိုင်သော မျိုးဆက်များစွာ ကြာသွားသည်အထိ အိပ်ခဲ့သည်။

သူ နိုးထလာသည့်အခါ နောက်ထပ် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ပြုလုပ်သည့်အချိန်ထိ မစောင့်တော့ဘဲ ကျင့်ကြံခြင်းအားလုံးကို ဖျက်သိမ်းကာ အသစ်မှ ပြန်လည်စတင်ခဲ့သည်။

သူက တစ်ကမ္ဘာလုံးမှ ကျင့်ကြံသူအမျိုးမျိုးကို တိုက်ခိုက်ပြီး သူတို့ဆီမှ သင်ယူခဲ့သည်။ အမျိုးသား၊ အမျိုးသမီး၊ လူသား၊ နတ်ဆိုးသားရဲ သို့မဟုတ် ဝိညာဉ်မျိုးနွယ်များ အားလုံးကို တိုက်ခိုက်သည်။ သူက ထိုနေရာမှာတင် မရပ်တန့်သေးပေ။

သူက သွေးသောက်ညီအစ်ကို ဝမ်ချီရှန်း အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းကို အသုံးပြုပြီး မရေတွက်နိုင်သော ကမ္ဘာများစွာကို ဖြတ်သန်းခရီးသွားခဲ့သည်။ ခရီးစဉ်တစ်လျှောက်တွင် မတူညီသော အင်အားစုများစွာနှင့် တွေ့ဆုံခဲ့ရပြီး သူတို့အားလုံးနှင့် တိုက်ခိုက်ခဲ့သည်။ သူက တိုက်ခိုက်နေစဉ်အတွင်း အတွေ့အကြုံများအားလုံးကို စုဆောင်းကာ ခွန်အားအဖြစ် ပြောင်းလဲခဲ့သည်။

အဆုံး၌ သူ့မျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အနိုင်ရခဲ့ပြီး တိုက်ပွဲရူး ဧကရာဇ်ဟု လူသိများခဲ့သည်။

ဝမ်ဝေ့၏ အမြင်တွင် တိုက်ပွဲရူး ဧကရာဇ်က တိုက်ခိုက်ခြင်း အတွေ့အကြုံအများဆုံးသော ဧကရာဇ် ဖြစ်လိမ့်မည်ဟု ထင်သည်။ သူက အသန်မာဆုံး မဟုတ်နိုင်သော်လည်း တိုက်ပွဲတွင် ခွန်အားကို အသုံးပြုပုံနှင့် ပတ်သက်ပြီး သူက ဒုတိယဟု ပြောလျှင် ဘယ်ဧကရာဇ်မှ ပထမဟု မပြောနိုင်ပေ။

ခဏတာ လေ့လာစစ်ဆေးပြီးနောက် ဝမ်ဝေ့ စတင်တိုက်ခိုက်တော့သည်။ သူက ဧကရာဇ်ငယ်ပုံပွားဆီ ပြေးဝင်သွားကာ လက်သီးဖြင့် ထိုးလိုက်သည်။

သို့သော် သူ့လက်သီးကို နောက်ထပ် လက်သီးက ဝင်ပြီး ဟန့်တားလိုက်သည့်အတွက် ဝမ်ဝေ့ အံ့ဩသွားမိသည်။ ဧကရာဇ်ငယ်ပုံပွားက မူလချီအပေါ်မူတည်ပြီး ဝမ်ဝေ့နှင့် အဆင့်တူညီအောင် လုပ်နိုင်သည်။

ထိုပုံပွားက မူလပင်လယ်ဟု သူနှင့် ကျင့်ကြံဆင့် တူညီသော်လည်း ဝမ်ဝေ့၏ မူလချီက အင်မတန်သန့်စင်ပြီး စွမ်းအားကြီးလှသည်။ ထိပ်တိုက်ရင်ဆိုင်သည့်အခါ ဧကရာဇ်ငယ်က သူနှင့် အတူတူ ဖြစ်နေသည်။

ဝမ်ဝေ့ ထိုအရာကို လက်မခံနိုင်ပေ။ ထို့ကြောင့် လက်သီးဖြင့် ထပ်မံထိုးကြိတ်နေသည်။ ထိုနေရာတွင် ခြင်္သေ့နှင့် ကျားတို့၏ ဟိန်းဟောက်သံများကို အသားကုန်ကြားနေရသည်။

လက်သီးအချင်းချင်း ထိပ်တိုက်တွေ့သည့်အခါတိုင်း လေထု တုန်လှုပ်သွားသည်။ သူတို့လက်သီး၏ လည်ပတ်သော အားကြောင့် မြေပြင် စတင်ကွဲအက်လာသည်။ သို့သော် ဝမ်ဝေ့နှင့်  လီမင်တို့နှစ်ယောက်လုံး နေရာမှ မရွေ့သွားကြပေ။ သူတို့၏ ခွန်အားက တူညီနေသည်။

ဝမ်ဝေ့ မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားလိုက်သည်။ တိုက်ပွဲရူး ဧကရာဇ်ငယ်နှင့်သူ တူညီနေရသည့် အကြောင်းအရင်း ရှိလိမ့်မည်ဆိုတာကို သူသိသည်။

အစက သန့်စင်ခြင်းအမျိုးအစား ကွဲပြားနေခြင်းက ပုံပွားမှ မူလချီအများအပြားကို အသုံးပြုနေသောကြောင့်ဟု တွေးထင်ခဲ့သည်။ သို့သော် သူ မှားကြောင်း သိရှိသွားသည်။

ထိုအရာက ဆန့်ကျင့်ဘက် ဖြစ်သည်။ တိုက်ခိုက်နေစဉ်အတွင်း ပုံပွားအသုံးပြုသော မူလချီပမာဏက သူ့ထက်ပင် နည်းနေသေးသည်။

လီမင်၏ ပုံပွားအသုံးပြုသော မူလချီက သူ့ထက်ပင် နည်းနေသော်လည်း သူ၏ သန့်စင်ပြီး စွမ်းအားကောင်းသော မူလချီထက်ပိုပြီး စွမ်းအား လည်ပတ်နိုင်သည်။ သူ ဒါကို ဘယ်လိုရရှိခဲ့လဲဆိုတာကို ဝမ်ဝေ့ သိချင်နေမိသည်။

ထို့ကြောင့် လီမင်က မူလချီကို ဘယ်လိုမျိုး အသုံးပြုထိန်းချုပ်နေလဲဆိုတာကို ပိုမိုဂရုတစိုက်ဖြင့် လေ့လာနေသည်။

သူတို့နှစ်ယောက် ဆက်လက် တိုက်ခိုက်နေသည့်အတွက် သူတို့နှစ်ယောက်ကို အလယ်ဗဟိုပြုပြီး အပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာ ဝန်းကျင်တွင် မရေတွက်နိုင်သော အက်ကြောင်းများစွာ ရှိနေသည်။

ဝုန်း…ဝုန်း…ဝုန်း…

လေထဲတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေပြီး မြေပြင်က တုန်ရီနေသည်။ တိုက်ခိုက်သူနှစ်ယောက်က ဆက်လက်တိုက်ခိုက်နေကြပြီး ပတ်ဝန်းကျင်အပေါ် သူတို့ခွန်အား၏ သက်ရောက်မှုကို လျစ်လျူရှုထားသည်။

ဝမ်ဝေ့ကလည်း ဧကရာဇ်ငယ်၏ မူလချီအသုံးပြုပုံကို ဆက်လက်လေ့လာနေသည်။ ကိုယ်ပွားက သူ၏ နည်းလမ်းကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပိုမိုမြင်သာအောင် လုပ်ပေးနေသည်ကို တွေ့ရှိလိုက်ရသည်။

ထို့နောက် ဝမ်ဝေ့ အကြောင်းအရင်းကို သတိထားမိသွားသည်။ ဧကရာဇ်ငယ် ထိုးလိုက်သည့်အချိန်တိုင်း သူ၏ မူလချီကို သိပ်သည်းစေပြီးနောက် ပေါက်ကွဲစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏ မူလချီက သာမန်အခြေအနေသို့ ပြန်မရောက်ခင် အချိန်တိုအတွင်း သန့်စင်ပြီး အားကြီးလာခြင်း ဖြစ်သည်။

သို့သော် ထိုခဏတာအခိုက်အတန့်က ဧကရာဇ်ငယ် လိုအပ်သည့်အချိန် ဖြစ်သည်။ အသုံးပြုသည့် နည်းလမ်းကို နားလည်ပြီးနောက် ဝမ်ဝေ့ ကူးယူဖို့ ကြိုးစားနေသည်။

သို့သော် သူ၏ မူလချီက ဖိနှိပ်ထားဖို့ပင် အရမ်းသန့်စင်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ထိုအဆင့်ကို ချက်ချင်းကျော်လိုက်ကာ မူလချီကို ဖောက်ခွဲလိုက်ပြီး စွမ်းအားကို အပြင်ဘက်သို့ လမ်းညွှန်လိုက်သည်။

ဝုန်း…

အားကောင်းသော လက်သီးချက်ကြောင့် ဧကရာဇ်ငယ်လေး မီတာ ၃၀ ကျော်အထိ လွင့်ထွက်သွားကာ နေရာ၏ အစွန်းသို့ ရောက်ရှိသွားသည်။

ထိုအဖြစ်အပျက်ကို မြင်သွားသည့်အခါ ဝမ်ဝေ့ စိတ်လှုပ်ရှားလာသည်။ သူ မဟာဧကရာဇ်၏ ပုံပွားကို တွန်းထုတ်လိုက်နိုင်ခြင်းကြောင့် မဟုတ်ဘဲ သူ ဤနေရာသို့ လာခဲ့သည့် ရည်ရွယ်ချက်တစ်ခုဖြစ်သော တိုက်ပွဲအတွင်း သင်ယူလေ့လာတိုးတက်ခြင်းဟူသည့် ရည်ရွယ်ချက်တစ်ခု ပြည့်မြောက်သွားသည့်အတွက် ဖြစ်သည်။

ဝမ်ဝေ့၏ အကြည့်ထဲမှ တိုက်ခိုက်လိုစိတ်လည်း ပိုမိုပြင်းထန်လာသည်။ ယနေ့ သူက များစွာတိုက်ခိုက်ဖို့အတွက် ကံပါလာသည်။

ခဏအတွင်း အချိန်သုံးနာရီ ကုန်ဆုံးသွားသည်။

ဝမ်ဝေ့က စွန်းထင်းနေသော အဝတ်အစားများဖြင့် မတ်တပ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေပြီး ဘယ်ဖက်လက်မောင်းနှင့် နံရိုးများ ကျိုးနေသည်။ ဧကရာဇ်ငယ်က ရင်ဘတ်တွင် အပေါက်တစ်ခုဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

ဝမ်ဝေ့က ဤတိုက်ပွဲ၏ နောက်ဆုံးအနိုင်ရသူ ဖြစ်သည်။

ရုတ်တရက် ဝမ်ဝေ့၏ ဘေးပတ်လည်ရှိ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ အရာအားလုံး တိတ်ဆိတ်သွားပြီး မျှော်စင်ထဲသို့ တစ်စုံတစ်ခု ဆင်းသက်လာပုံပေါ်သည်။

ခဏအကြာတွင် မြေပြင်ပေါ်တွင် သေခါနီးနေသော ဧကရာဇ်ငယ်က သူ၏ အသက်အန္တရာယ်ရှိစေသော ဒဏ်ရာကို လျစ်လျူရှုကာ မတ်တပ်ရပ်လိုက်သည်။

ဝမ်ဝေ့က သူ့ကို သတိဖြင့် ကြည့်လိုက်သည်။ တစ်ခုခုတော့ မူမမှန်တော့ပေ။ သူက ထပ်မံတိုက်ခိုက်နိုင်ရန် ဒဏ်ရာများကို ကုသဖို့ အထွတ်အမြတ် တော်ဝင်နွေဦးရေ အနည်းငယ်ကို သောက်သုံးလိုက်ပြီး ခန္ဓာကိုယ်ကို ဖုံးအုပ်ရန်အတွက် ဝတ်ရုံတစ်ခု ယူလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ့ရှေ့မှ ထူးဆန်းသော ပုံပွားကို နီးကပ်စွာဖြင့် သေချာလေ့လာလိုက်သည်။ ထိုသူ၏ အသက်မဲ့နေသော အကြည့်များ ပျောက်ကွယ်သွားကာ စိတ်ဝိညာဉ်၊ ဉာဏ်ရည် စသည်တို့ အစားထိုး ဝင်ရောက်လာသည်။

ထို့နောက် သူ ပြောလိုက်သည်

“ ခင်ဗျားက ဘာလဲ။ မဟုတ်သေးပါဘူး ခင်ဗျားက ဘယ်သူလဲလို့ မေးသင့်တာ”

ပုံပွားက ဝမ်ဝေ့၏ တည်ငြိမ်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ရယ်လိုက်မိသည်

“ ညီအစ်ကို ဝမ်ရဲ့ မျိုးဆက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ မင်း ငါ့ကို တိုက်ပွဲရူး ဧကရာဇ်လို့ ခေါ်နိုင်တယ်။ ထုံးတမ်းအတိုင်း မဖြစ်ချင်ရင်တော့ လီမင်လို့ ခေါ်လို့ရတယ်”

ထိုပုံပွား ပြောသည်ကို ကြားလိုက်ပြီးနောက် ဝမ်ဝေ့ အံ့ဩသွားမိသည်။ သို့သော် စဉ်းစားကြည့်လိုက်သည့်အခါ တိုက်ပွဲရူး ဧကရာဇ်က တိုက်ပွဲမျှော်စင်ထဲတွင် တစ်စုံတစ်ခု ထားသွားခြင်းက ဖြစ်နိုင်သည်။

ဝမ်ဝေ့က သူ့လက်ကို အုပ်ကိုင်ပြီးနောက် အနည်းငယ် အလေးပြုကာ ပြောလိုက်သည်

“ တပည့် ဝမ်ဝေ့က ဂိုဏ်းရဲ့ ဘိုးဘေးကို မြင်ဖူးပါတယ်။ ဘိုးဘေးက ဒီမှာ ဘယ်လိုလုပ် ထွက်ပေါ်လာတာပါလဲ ”

ဝမ်ဝေ့က အရမ်းသိချင်နေမိသည်။ တိုက်ပွဲရူး ဧကရာဇ်က ဤကမ္ဘာပေါ်ရှိ မဟာဧကရာဇ်များကဲ့သို့ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည်။ ထို့ကြောင့် ယခုလို ထွက်ပေါ်လာရသည့်အကြောင်းကို သူ အရမ်းသိချင်နေခြင်း ဖြစ်သည်။ မဟာဧကရာဇ်များတွင် အကန့်အသတ်မဲ့ သက်တမ်းရှိနေသည့်အတွက် အချိန်တွေကြာသွားပြီဖြစ်သော်လည်း သူတို့ သေသွားသည်ဟု သူ မထင်ပေ။

တိုက်ပွဲရူး ဧကရာဇ်က ဝမ်ဝေ့ သူ့ကို ရိုသေစွာ ခေါ်နေလည်း ဂရုမစိုက်ပေ။ ထိုအစား သူ့ရှေ့မှာ ရှိနေသော တပည့်ကို စေ့စေ့ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ လျှို့ဝှက်ချက်တိုင်းကို တိုက်ပွဲရူး ဧကရာဇ်မှ ထိုးဖောက်မြင်နေနိုင်သည်ဟု ခံစားလာရသည့်အတွက် သူ အနည်းငယ် ကြောက်ရွံ့လာမိသည်။ သို့သော် ထိုခံစားချက်ကို ထုတ်ဖော်ပြသခြင်း မရှိဘဲ မျက်နှာထားကတော့ ပုံမှန်အတိုင်း ဖြစ်သည်။

သူ ပြန်လည်ဝင်စားသူ ဖြစ်သည်ဆိုသော အချက်မှလွဲ၍ တခြားလျှို့ဝှက်ချက်အများစုကို ဝမ်ဝေ့ ဂရုမစိုက်ပေ။ ဤကမ္ဘာတွင်ပင် ယခင်ဘဝမှ မှတ်ဉာဏ်များကို မှတ်မိနေသောသူများ ရှိသော်လည်း သူ့ကိစ္စကတော့ လုံးဝ မတူညီသည့်အရာတစ်ခု ဖြစ်သည်။ သူ့ကိုယ်သူ ကာကွယ်နိုင်လောက်သည်အထိ လုံလောက်သော ခွန်အားမရှိဘဲ ထိုအကြောင်းကို ဘယ်သူ့ကိုမှ ပေးမသိချင်ပေ။

ဝမ်ဝေ့ကို မိနစ်အနည်းငယ်ကြာ လေ့လာပြီးနောက် တိုက်ပွဲရူး ဧကရာဇ်က ပြောလိုက်သည်။

“ ငါ မင်းကို လာတွေ့နိုင်တာက တိုက်ပွဲမျှော်စင်ကို ပြုပြင်မွမ်းမံတဲ့အချိန်တုန်းက ငါ့ရဲ့ ဆန္ဒအနည်းငယ်ကို ထားခဲ့လို့ပဲ။ ငါ လာရတဲ့ ရည်ရွယ်ချက်ကလည်း အချိန်တိုအတွင်းမှာ ဘယ်သူက ငါ့ရဲ့ စစ်ဆေးမှုကို အောင်မြင်သွားတာလဲဆိုတာ စိတ်ဝင်စားလို့လေ”

“ မင်းက တကယ်ကို ထူးခြားတဲ့သူလို့ ပြောရမှာလဲ။ ၁၂ လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်ကို ရောက်ပြီးတော့ အံ့ဖွယ်ပင်လယ်ကိုတောင် ကျယ်ပြန့်အောင် လုပ်နိုင်ခဲ့တယ်။ မင်းက ဧကရာဇ်ငယ်တစ်ယောက်ဖြစ်သလို မင်းရဲ့ဝိညာဉ်မှာလည်း စံပြအရည်အသွေးရှိနေတယ်။ ဒါ မယုံနိုင်စရာပဲ”

တိုက်ပွဲရူး ဧကရာဇ်က ဝမ်ဝေ့၏ ဝိညာဉ်ကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားသည်။ စံပြပါရမီရှင်များ ဖြစ်ရခြင်းက ရှုပ်ထွေးမှုများ၏ အချစ်တော် ဖြစ်သည်ဟု ဆိုလိုနိုင်သည့်အတွက် ဘယ်လောက်ထိ ကြောက်စရာကောင်းသည့် ဖြစ်တည်မှုလဲဆိုတာကို သူ သိသွားသည့်အတွက် ဝမ်ဝေ့ အတော်လေး စိတ်ရှုပ်မိသွားသည်။

“ ဘိုးဘေး စံပြတစ်ယောက်ဆိုတာ ဘာလဲဟင်”

တိုက်ပွဲရူး ဧကရာဇ်က ထိတ်လန့်မှုမှ နိုးထလာကာ ခေါင်းယမ်းရင်း မေးခွန်းကို ဖြေဖို့ ငြင်းဆန်နေသည်။

“ ကောင်လေး မင်းက ထူးခြားပြီးတော့ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ မင်းရဲ့ အလားအလာရှိမှုကြောင့် မင်းမေးတဲ့ မေးခွန်းအနည်းငယ်ကို ဖြေပေးနိုင်တယ်”

ဝမ်ဝေ့က တိုက်ပွဲရူး ဧကရာဇ်ကို ဆွံ့အစွာဖြင့် စိုက်ကြည့်လိုက်သည်။

ကျွန်တော်က မေးခွန်းလေးတစ်ခု မေးလိုက်တာကို ခင်ဗျားက ဖြေဖို့ ငြင်းဆန်နေတယ်။

သို့သော် သူ့ကို စိတ်ရှုပ်ထွေးစေသည့် မေးခွန်းများအား မေးနိုင်ဖို့ အခွင့်အရေးရယူခဲ့သည်။

“ မဟာဧကရာဇ်တွေအကုန်လုံး ဘာဖြစ်သွားတာလဲဟင်။ သူတို့အားလုံး ဘယ်သွားကြတာလဲ။ မဟာဧကရာဇ် ပြီးသွားရင် နောက်ထပ် ကျင့်ကြံရေး နယ်ပယ်အဆင့်တွေ ရှိနေသေးလား”

တိုက်ပွဲရူးဧကရာဇ် လီမင် ထပ်မံ အံ့ဩသွားမိသည်။ သူက ထိုကလေးကို ဧကရာဇ်တစ်ယောက် ညွှန်ကြားသော ကျင့်ကြံခြင်းမျိုးရရန် အခွင့်အရေး ပေးခဲ့သော်လည်း သူက ထိုကဲ့သို့သော မေးခွန်းများကို မေးနေသည်။

သို့သော် စဉ်းစားကြည့်လိုက်သည့်အခါ အတော်လေး ကျိုးကြောင်းသင့်လျော်သည်ကို တွေ့လိုက်ရသည်။ ဝမ်ဝေ့လိုမျိုး အရည်အချင်းရှိသူများက သူတို့၏ အရိုးထဲတွင် ကွယ်မြုပ်နေသော မာန ရှိသည်။ သူတို့က ခွန်အားအရ အားနည်းသော်လည်း ဘယ်ဧကရာဇ်အောက်မှ နိမ့်ကျသည်ဟု မယုံကြည်ကြပေ။

ထိုအကြောင်းကို စဉ်းစားမိပြီး တိုက်ပွဲရူးဧကရာဇ် လီမင်က ပြုံးကာ ပြောလိုက်သည်

“ မင်းက ရည်မှန်းချက် ကြီးတယ် မဟုတ်လား။ အဲဒီလျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘာကိုမှ တိုက်ရိုက်ပြောပြလို့ မရဘူး။ ငါ ပြောပြနိုင်တာကတော့ ကမ္ဘာကြီးက မင်းစိတ်ကူးယဉ်ထားတာထက် ပိုကျယ်တယ်ဆိုတာပဲ။

မဟာဧကရာဇ် နယ်ပယ်အဆင့်ကတော့ အမြင်အမျိုးမျိုးနဲ့ကြည့်လိုက်ရင် နောက်ထပ် စတင်တဲ့နေရာပဲ။ တစ်နေ့ မင်း အဲဒီပုလ္လင်မှာ ထိုင်နိုင်ပြီဆိုရင် ငါ ဆိုလိုတာကို နားလည်လာလိမ့်မယ်။ ကြိုပြောထားတာတွေက အဓိပ္ပာယ်မရှိ ဖြစ်နေလိမ့်မယ်”

ထိုအဖြေကို ကြားလိုက်ရသည့်အခါ ဝမ်ဝေ့၏ အကြည့်တို့ တောက်ပလာသည်။ သူက ထိုဖြစ်နိုင်ချေများကို သိပြီးသားဖြစ်သော်လည်း အမှန်တရားကို အတိအကျ သိလိုက်ရခြင်းက လုံးဝကွဲပြားသည်။ ထို့ကြောင့် တိုက်ပွဲရူး ဧကရာဇ်ကို လေးစားသမှုဖြင့် ထပ်မံဦးညွှတ်လိုက်သည်။

ဝမ်ဝေ့က ဦးတည်ရာကို ရှာတွေ့သွားသည်။ မဟာဧကရာဇ် ဖြစ်လာခြင်းက သူ့ အဆုံးသတ် မဟုတ်ပေ။ သူက ကျင့်ကြံရေး လမ်းစဉ်ကို အဆုံးထိ ရောက်အောင်သွားမည်ဖြစ်သလို ထိုထက်လည်း ကျော်လွန်နိုင်သည်။

ယခုတစ်ခေါက် တာအိုအဆုံးအထိ လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်သော ဝမ်ဝေ့၏ ရိုးသားမှုကို ခံစားလိုက်ရသည့်အတွက် အရိုအသေပေးမှုကို လက်ခံလိုက်သည်။

“ အင်း…မင်းက တကယ်ကို ကောင်းမွန်တဲ့ အမွေခံပဲ။ မင်းကို စပြီးတွေ့တုန်းက ဆုတချို့ ပေးချင်ခဲ့တာ။ ဒါပေမဲ့ မင်းကို တွေ့ပြီးတော့ မင်းမှာ ကိုယ်ပိုင်မာနရှိတဲ့အတွက် လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။ အဲဒါကြောင့် မင်းကို အကြံပေးချင်တယ်။

အနာဂတ်မှာ မင်းရဲ့ဝိညာဉ်က မင်းကို အကောင်းဆုံး အကျိုးအမြတ်တွေ ရအောင် လုပ်ပေးလိမ့်မယ်။ အဲဒါတွေ ဖြစ်မလာခင် အဲဒါက မင်းကို အကြီးအကျယ် ဟန့်တားလိမ့်မယ်။ မင်းဆီ ရောက်လာမဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် မင်းရဲ့ကျင့်ကြံရေး လမ်းစဉ်က အရမ်းကို ပြင်းထန်လိမ့်မယ်။

ဒုတိယအနေနဲ့ မင်း တာအိုကို သက်သေပြနိုင်တဲ့ တစ်နေ့ကျ မင်းဝိညာဉ်ရဲ့ စွမ်းအားကို အလွယ်တကူ ထုတ်ဖော်ပြသတာမျိုး မလုပ်နဲ့။ မင်းနဲ့ အနီးကပ်ဆုံးလူကိုတောင်မှပေါ့။ ပြောရရင် ဖုံးကွယ်ဖို့ နည်းလမ်းရှာတာဖြစ်ဖြစ် ထုတ်လွှတ်နေတဲ့ လှုပ်ခတ်မှုကို ပြောင်းလဲတာဖြစ်ဖြစ် လုပ်လိုက် …

နောက်ဆုံးအနေနဲ့ မင်းရဲ့ နဂိုရည်ရွယ်ချက်ကို ဘယ်တော့မှ မမေ့ပါနဲ့။ တာအိုရဲ့ မူလရည်ရွယ်ချက်ပေါ့။ မဟုတ်ရင် မင်းကိုယ်တိုင်က မင်းရဲ့ အဆိုးဆုံးရန်သူ ဖြစ်လာလိမ့်မယ်”

ထိုအကြောင်းကို ပြောပြီးနောက် တိုက်ပွဲရူး ဧကရာဇ်က လက်ကို လွှဲယမ်းလိုက်သည့်အခါ ဝမ်ဝေ့ မျှော်စင်ထဲမှ အပြင်သို့ ပို့ခံလိုက်ရသည်။ ထို့နောက် သူ ရေရွတ်လိုက်သည်

“ မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်မှာလား။ အဲဆို ငါတို့ ကျရှုံးခဲ့တဲ့နေရာမှာ သူ အောင်မြင်နိုင်လောက်တယ်” ထို့နောက် သူ ပျောက်ကွယ်သွားသည်။

All Chapters