အမဲလိုက်ခြင်း
Vol. 154 Ch. 2191
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် စိတ်ချင်းဆက်သွယ်ကာ ဆွေးနွေးနေပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ရီဖူရှင်းက ထရပ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားကာ အဘိုးမာနှင့် ရွာမှ အခြားလူများက သူ့နောက်က လ်ိုက်ပါလာကြသည်။ အင်ပါယာနန်၊ သွမ့်ထျန်းရှုံနှင့် အခြားလူများက သူတို့နောက်မှ လိုက်ပါလာမည့်အစား ကျောင်းတော်က နေရစ်ခဲ့ကြပေသည်။
ရီဖူရှင်းက ထိုနေရာသို့ အရင်သွားကာ သူတို့က နောက်မှ ထွက်ပေါ်လာပေသလိမ့်မည်။
ကောင်းကင်အာဏာစက်မြို့က အလွန် ကျယ်ပြောလှသော်လည်း ရီဖူရှင်းကဲ့သို့ လူများအတွက် ကြီးမားသည့် နေရာမဟုတ်ပေ။ သူတို့အားလုံးက လေထဲတွင် ရှိနေပြီး အလွန် လျင်မြန်လှသော အရှိန်နှင့် နေနတ်ဘုရားကျောင်းမှ တန်ခိုးရှင်များ ရှိနေရာသို့ ရောက်ရှိလာသည်။
ထိုနေရာ၌ နေနတ်ဘုရားကျောင်းမှ လူများ ထိုင်နေကြသည်။ ခေါင်းဆောင်မှာ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးဖြစ်ပြီး နေရောင်အောက်၌ တောက်ပနေသည်။ သူ၏ ဆံပင်များကို စည်းနှောင်ထားကာ အလွန် ခန့်ညားထည်ဝါဟန် ရှိသည်။ ထိုသူက အဘိုးမာကို လှမ်းကြည့်လိုက်ပြီး အဘိုးမာက သာမန်မဟုတ်ကြောင်း သိလိုက်သည်။ ထိုလူက သူ့ကဲ့သို့ပင် ထိပ်တန်းအဆင့် တိုက်ခိုက်သူတစ်ယောက် ဖြစ်ပေသည်။
အဘိုးမာနောက်မှ အခြားလူများအားလုံးကလည်း သူ့ကို အံ့အားသင့်စေလောက်အောင် အစွမ်းထက်လှပေသည်။ သူသည် ကောင်းကင်အာဏာစက်မြို့၌ ထိုလူများကို မည်သည့်အခါကမှ မြင်ဖူးခဲ့ခြင်းမရှိလေရာ သူတို့က ကောင်းကင်ဒေသမှ လူများဖြစ်သည်ဟု ခန့်မှန်းနိုင်ပေသည်။ ရှန်ချင်းနယ်မြေ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။
သူ သိချင်သည့် တစ်ခုတည်းသော ကိစ္စမှာ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မည်သို့ ပတ်သတ်သည်ကိုပင် ဖြစ်သည်။
“နေနတ်ဘုရားကျောင်းရဲ့ အကြီးအကဲကို နှုတ်ဆက်ပါတယ်။ ကျုပ်နာမည်က ရီဖူရှင်းပါ။” ရီဖူရှင်းက လေထဲမှ နေ၍ ထိုအကြီးအကဲအား နှုတ်ဆက်လိုက်သည်။
“ရီဖူရှင်း..” ထိုခေါင်းဆောင်က သူသည် ထိုနာမည်အား လေဟာနယ်ဘုံ၏ တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ထိုအချိန်၌ ထိုနေရာဝန်းကျင်ရှိ တန်ခိုးရှင်များက အလွန် ထိတ်လန့်သွားမှုကို ခံစားလိုက်ရပြီး သူတို့၏ အကြည့်များက ငွေရောင်ဆံပင်နှင့် လူငယ်လေးထံ ကျရောက်သွားပေသည်။
သူတို့သာလျှင်မဟုတ်ဘဲ အခြားသော အစွမ်းထက် ကျင့်ကြံသူများစွာသည်လည်း ရီဖူရှင်း ကျောင်းတော်မှ ထွက်လာစဥ်ကပင် မြင်တွေ့ခဲ့ကြသည်။ အခြားသော ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များက အဝေးမှ ပေါ်ပေါက်လာပြီး ရီဖူရှင်း ရှိနေရာသို့ ကြည့်လိုက်ကြကာ အလွန် ထိတ်လန့်သလို ခံစားလိုက်ရသည်။
ရီဖူရှင်းက လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့် တိုက်ပွဲ၌ အမှန်တကယ် ရှင်သန်နိုင်ခဲ့ပေသည်။
သူက ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်အာဏာစက်ဘုံမှ မရေတွက်နိုင်သော တန်ခိုးရှင်များက ထိုတိုက်ပွဲကို မျက်မြင်တွေ့ခဲ့ကြသည်။ မြို့ထဲမှ လူတိုင်း လေထဲ၌ ဖြစ်ပွားခဲ့သော ထိုပြင်းထန်သည့် တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး သူတို့အားလုံးက ရီဖူရှင်း မည်သို့ ရှင်သန်နိုင်ခဲ့သည်ကို သိချင်နေကြသည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်က ဘုံကိုးဘုံ၌ အလွန် ကျော်ကြားသည့် ထိုဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ်များက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် သုတ်သင်သတ်ဖြတ်ခံလိုက်ရပြီဟု တွေးထားခဲ့ကြသည်။ သို့သော် သူက ယခု လူတိုင်း၏ ရှေ့တွင် ကောင်းကောင်းမွန်မွန်နှင့် အသက်ရှင်လျက် ရပ်နေပေသည်။
နေရာအနှံ့ တီးတိုးပြောဆိုနေသံများ ကြားနေရသည်။ ခေါင်းဆောင်က သူ၏ စွမ်းအားများနှင့် အာရုံခံကြည့်လိုက်လျှင် လူပေါင်းများစွာက ရီဖူရှင်းအကြောင်း ပြောနေသည်ကို ခံစားမိလိုက်သည်။ သူက လေထဲတွင် ရှိနေသော ထိုငွေရောင်ဆံပင်နှင့် လူငယ်အား ကြည့်ကာ ပြောလိုက်သည်။ “မင်းက ဒီမြို့မှာ ကျော်ကြားပုံရတယ်။”
“ကျုပ်က ကောင်းကင်အာဏာစက်မြို့မှာတင် ကျော်ကြားတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကောင်းကင်အာဏာစက်ဘုံ တစ်ခွင်မှာအပြင် ဘုံကိုးဘုံမှာတောင် ကျော်ကြားခဲ့တယ်။” ရီဖူရှင်းက လေထဲတွင် ရပ်ကာ ပြန်ဖြေလိုက်သည်။ ထိုအခိုက်အတန့်တွင် စွမ်းအားများက ထိုနေရာသို့ အာရုံခံစူးစမ်းနေကြသည်။ ၎င်းသည် ကျင့်ကြံခြင်း အင်အားစုများစွာက ထိုနေရာ၌ မည်သည်တို့ ဖြစ်နေသည်ကို အတော်လေး အာရုံစိုက်နေပုံပေါ်လေသည်။
ရီဖူရှင်းက လေကျယ်နေပုံပေါ်သော်လည်း ထိုသည်မှာ အမှန်ဖြစ်ကြောင်း မြို့ထဲမှ လူတိုင်း သိကြပေသည်။ ကောင်းကင်အာဏာစက်ဘုံ၌ ရီဖူရှင်း၏ အမည်အား မကြားဖူးသူ မရှိပေ။
ထိုခေါင်းဆောင်က ရီဖူရှင်းကို ကြည့်လိုက်လျှင် ရီဖူရှင်းက ဆက်ပြောလာသည်။ “ကျုပ်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အကျော်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ လူဖြစ်ပြီး ကောင်းကင်အာဏာစက်ဘုံတစ်ခွင်မှာ ရှိတဲ့ အင်အားစုတွေကို ပေါင်းစည်းပြီး ကျောင်းတော်ကို ဘုံတစ်ခွင်မှာ ကျင့်ကြံခြင်းအတွက် သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်လာအောင် ပြုလုပ်ပေးခဲ့တဲ့သူပဲ။”
“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အကျော်ကဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းက ဒီလောက်တောင် မြင့်ဦးမှာ မဟုတ်ဘူး။ ဒါတောင် ဒီလို အောင်မြင်မှုမျိုးကို ရအောင် စွမ်းဆောင်နိုင်တယ်ဆိုတော့ မင်းက အတော် ထူးခြားတာပဲ။” နေနတ်ဘုရားကျောင်း ခေါင်းဆောင်က ပြောလိုက်သည်။ သူသည် ရီဖူရှင်း၏ ကျင့်ကြံခြင်းက အဆင့်ခြောက် ရန်ဟောင်တစ်ပါးသာ ဖြစ်ကြောင်း ခံစားမိပေသည်။
ထိုသည်မှာ ရီဖူရှင်းက လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်တွင် လက်ရှိအဆင့်သို့ပင် ရောက်လိမ့်ဦးမည် မဟုတ်ဟု ဆိုလိုပေသည်။
“ကျုပ် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ကျုပ်ကြားတာတော့ စီနီယာက ကောင်းကင်ဒေသက လာခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်လှုပ်ရှားခဲ့တယ်ဆို။” ရီဖူရှင်းက ထပ်ပြောလိုက်သည်။
“အဲဒီတော့” ထိုခေါင်းဆောင်က ရီဖူရှင်းအား အလွန် ထက်ရှသည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။ ချက်ချင်းပင် အလွန် အစွမ်းထက်သော စွမ်းအားများက ထိုနေရာတစ်ခွင်ကို ဖြန့်ကျက်လာကာ ရီဖူရှင်းအား လွှမ်းခြုံ၍ သူ့ကို အလွန် မွန်းကြပ်လာလို ခံစားရစေသည်။
“ဘာမှတော့ မဟုတ်ပါဘူး။ ကျုပ်လည်း ကောင်းကင်ဒေသက ပြန်လာတာဆိုတော့ ထုံးထျန်းနယ်မြေရဲ့ နေနတ်ဘုရားကျောင်းက ဘယ်လောက်တောင် အစွမ်းထက်လို့ မူလဘုံမှာ စိတ်ရှိတိုင်း လာသောင်းကျန်းရဲနေတာလဲဆိုတာ သိချင်ရုံပါ။” ရီဖူရှင်းက ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျားတို့ရဲ့ ဘုရားကျောင်းမှာ အစွမ်းထက်တဲ့သူ ဘယ်လောက်များများ ရှိလဲဆိုတာ သိချင်မိတယ်။”
ထိုခေါင်းဆောင်အနီးရှိ ရန်ဟောင်အဆင့်မှ အစွမ်းထက် တန်ခိုးရှင်များစွာက အလွန် ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်နေသည်။ အဆင့်ကိုးမှ စီနီယာသည်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်လာသည်။
သူတို့အားလုံးက ရီဖူရှင်းကို မော့ကြည့်လာပြီး နေနတ်ဘုရားကျောင်းမှ ရန်ဟောင်အဆင့်ရှိ တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချင်နေသည်မှာ ထိုလူငယ်က အမှန်တကယ် ပြဿနာရှာနေခြင်း မဟုတ်ပါလားဟု မှတ်ချက်ချလိုက်ကြသည်။
အဝေးရှိ မြို့ထဲမှ တန်ခိုးရှင်များသည် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ရောက်လျှင် ရောက်ချင်း နေနတ်ဘုရားကျောင်းကို မည်သို့ စိန်ခေါ်ချင်နေသည်အား ကြည့်ကာ သူတို့အားလုံး ကျောရိုးထဲမှပင် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရပေသည်။
“မင်းတို့တွေထဲက ဘယ်သူ စိန်ခေါ်မှုကို လက်ခံမလဲ။” ထိုခေါင်းဆောင်သည် သူ ထိုင်နေရာ၌သာ နေနေပြီး ဖြစ်ပျက်နေသည်က သူ့ကို တွန့်ဆုတ်သွားစေခြင်းမရှိဘဲ သာမန်ကာလျှံကာပင် မေးမြန်းလိုက်သည်။ သူက အနည်းငယ်မျှပင် သက်ရောက်မှုမခံရသလို ရှိနေသည်။
သတ္တမဆင့်မှ ရန်ဟောင်တစ်ပါးက လေထဲ တက်လာခဲ့သည်။ သူ့မျက်လုံးများက မီးလျှံကဲ့သို့ နတ်အလင်းများနှင့် ပြည့်နေခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့သည်။ အဘိုးမာနှင့် အခြားလူများက နောက်သို့ ဆုတ်လိုက်ကြပြီး ရီဖူရှင်းနှင့် ထွက်ပေါ်လာသူတို့အား နေရာဖယ်ပေးလိုက်ကြသည်။
ဘုန်း...
မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် စွမ်းအားများက ထိုနေရာတစ်ခွင် ဖြန့်ကျက်လာကာ ရီဖူရှင်းအား လွှမ်းခြုံလာသည်။ ကောင်းကင်တွင် မီးလျှံများဖြင့် ဖုံးလွှမ်းထားသလို ထင်မှတ်ရပြီး ရီဖူရှင်း၏ အထက်တွင် ကြောက်မက်ဖွယ် မီးလျှံများ လွှမ်းခြုံလာကာ ထိတ်လန့်ခြောက်ခြားဖွယ် မီးလျှံနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။
မီးလျှံများက အော်မြည်နေပြီး ရီဖူရှင်းထံ ချက်ချင်း ထိုးထွက်လာသည်။ အားလုံးသော မျက်လုံးများက ရီဖူရှင်းထံ ကျရောက်နေခဲ့၏။ သို့သော် သူက ရှောင်တိမ်းရန် အလုပ်ရှုပ်ခံမနေဘဲ မြေပြင်တွင် ရပ်နေကာ မီးလျှံများက သူ့ကို ဝါးမြိုသွားသည့်တိုင် ခွင့်ပြုထားခဲ့သည်။
ရန်ဟောင် သတ္တမဆင့်မှ ကျင့်ကြံသူက ရီဖူရှင်းက သက်သက်မဲ့ သေချင်နေသည်လားဟု သိချင်နေသည်။
ရီဖူရှင်းကို ဝန်းရံနေသော မီးလျှံများက အလွန် ဖျက်ဆီးနိုင်စွမ်း ရှိလှသည်။ သို့သော် သူက မီးလျှံများ လွှမ်းခြုံခံထားရင်းကပင် လေထဲ၌ တိတ်ဆိတ်စွာ ရပ်နေရင်း ကြွက်သားတစ်စပင် မလှုပ်ရှားဘဲ သူ့ကို ဝါးမြိုခွင့်ပြုထားလေသည်။
“အဲဒါ အကုန်ပဲလား။”
ရီဖူရှင်းက တည်ငြိမ်စွာ မေးလိုက်သော်လည်း သူ၏ စကားလုံးများက လှောင်ပြောင်သရော်နေသလိုပင်။ ထို့နောက်တွင် သတ္တမဆင့်ရန်ဟောင်ကို ကြောက်မက်ဖွယ် နေမင်းရောင်ဝါတို့နှင့် လွှမ်းခြုံလာပေသည်။ တောက်ပသော နတ်အလင်းတန်းများက ၎င်းထံမှ ထိုးထွက်လာကာ နေမင်းနတ်ဘုရားအဖြစ် ပြောင်းလဲသွားပေသည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းလာပြီး လောင်ကျွမ်းနေသော မီးလျှံများနှင့် လွှမ်းခြုံထားသည့် လက်ဝါးဖြင့် ရီဖူရှင်း ရှိနေရာသို့ ရိုက်ချလိုက်သည်။
လက်ဝါးမှ ပြင်းထန်လှသော အပူချိန်က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော် သူသည် ရီဖူရှင်းက မည်သို့မှ မဖြစ်သည့်နှယ် ထိုနေရာ၌ ရပ်နေသည်ကို မြင်လိုက်ရသည်။ နေနတ်ဘုရားကျောင်းမှ ထိုတန်ခိုးရှင်သည် နတ်ဘုရားကျောင်း၌ အလွန် ကျော်ကြားသော တစ်စုံတစ်ယောက် ဖြစ်ပြီး ယခင် မည်သည့်အခါကမှ သိမ်ငယ်ခဲ့ဖူးခြင်း မရှိပေ။ ထိုကြောက်မက်ဖွယ် လက်ဝါးက ချက်ချင်းတိုက်ခိုက်လိုက်လျှင် ရီဖူရှင်းသည် လက်ကို ဆန့်ကာ တည်ငြိမ်စွာ ရိုက်ချလိုက်သည်။
ဘုန်း...
မီးလျှံများက ချက်ချင်း ငြိမ်းသွားကာ လက်ဝါးရိုက်ချက်ကလည်း ပြိုကွဲသွားပေသည်။ ထိုလူက နောက်သို့ ဆုတ်ခွာသွားကာ သွေးများ အန်ထုတ်လိုက်သည်။ ထိုတိုက်ခိုက်မှုတစ်ချက်က သူ၏ အတွင်းကလီစာများကို ဖျက်ဆီးလိုက်သလို ခံစားလိုက်ရကာ သူ၏ အရှိန်အဝါက စက္ကန့်ပိုင်းအတွင်း အားနည်းလာခဲ့ပေသည်။
ထိုအဖြစ်အပျက်သည် နေနတ်ဘုရားကျောင်းရှိ ရန်ဟောင်အဆင့်မှ တန်ခိုးရှင်များစွာကို တစ်ချိန်တည်း ထရပ်လာစေပြီး ရီဖူရှင်းအား စိုက်ကြည့်ကာ ပြင်းထန်သော အရှိန်အဝါများက ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားစေသည်။
ရီဖူရှင်းက ထိုလူများကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲမှ အကြည့်တို့တွင် အထင်အမြင်သေးခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။ သူတို့ထဲက မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
“အဲဒီတော့ ဒါက ကောင်းကင်ဒေသရဲ့ အင်အားစုတစ်ခုတဲ့လား။ ခင်ဗျားတို့ကို တပြိုင်တည်း လာတိုက်ဖို့ ခွင့်ပြုလိုက်မယ်။” ထို့နောက် သူက ပြောလိုက်သည်။
နေနတ်ဘုရားကျောင်း ခေါင်းဆောင်၏ အမူအရာက ချက်ချင်း အေးစက်သွားလေသည်။ သူသည် ရီဖူရှင်းက အဆင့်ခြောက်ရန်ဟောင်သာ ဖြစ်သော်လည်း သူ၏ မဟာလမ်းစဥ်စွမ်းအားက ပြီးပြည့်စုံကြောင်း ခံစားမိနိုင်စွမ်းရှိပေသည်။ ရီဖူရှင်း၏ လက်ရှိ စွမ်းအားအဆင့်သည် အဆင့်ရှစ်ရန်ဟောင်မှ သာမန်ကျင့်ကြံသူကိုပင် အပြည့်အဝ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
အရှိန်အဝါများစွာက ပေါက်ကွဲထွက်လာပြီး ရန်ဟောင်အဆင့် တန်ခိုးရှင်များက ရီဖူရှင်းအား တိုက်ခိုက်ရန် ရောက်ရှိလာသည်။ အဘိုးမာက ရှေ့တက်လာကာ နေနတ်ဘုရားကျောင်းခေါင်းဆောင်အနီး ရောက်ရှိလာသဖြင့် လှည့်ကြည့်လိုက်မိစေသည်။ သို့သော် အဘိုးမာက လှုပ်ရှားမှုပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။ “သူတို့က သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။”
ထိုတန်ခိုးရှင်များက သူ့ထံ တိုးဝင်လာသည့်အချိန် သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ကြောက်မက်ဖွယ် ဖိအားများ ပေါက်ကွဲထွက်လာပေသည်။ သူက ကောင်းကင်ကို ခြေလှမ်းလိုက်ကာ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းများ ထွက်ပေါ်လာပြီး နတ်ခန္ဓာတစ်ခုကဲ့သို့ တောက်ပသည့်အလင်းများကို ထုတ်လွှတ်နေသည်။
သူက သူ့ထံလာနေသည့် လူများကို ကြည့်လိုက်ပြီး မတွန့်မဆုတ် ရပ်နေခဲ့ပေသည်။
“သတ်...”
မကြာခင်၌ သူတို့အားလုံးက သူ့ထံ ရောက်ရှိလာကာ ကြောက်မက်ဖွယ် လက်ဝါးတိုက်ခိုက်မှုအား တစ်ချိန်တည်း ပစ်လွှတ်လိုက်ပေသည်။
ဘုန်း...
အလွန် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများက ထိုနေရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။ တိုက်ခိုက်မှုများက သူ့ခန္ဓာကိုယ်ပေါ် ချက်ချင်း ရောက်ရှိလာသော်လည်း သူ့ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်သော အရှိန်အဝါများက ပြိုင်ဘက်ကင်းစွာ ထွက်ပေါ်လာပေသည်။ ထိုသည်ကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူ့ကို ရှုံးနိမ့်သွားစေရန် မဖြစ်နိုင်ကြောင်း သိလိုက်ကြသည်။
နောက်တခဏတွင် သူ့ခန္ဓာကိုယ် အနီးဝန်းကျင်၌ ကြောက်မက်ဖွယ် လေဟာနယ်မုန်တိုင်းတစ်ခု ဖြစ်တည်လာကာ သူက အထက်သို့ ထိုးတက်လာခဲ့သည်။ အားလုံးသော တန်ခိုးရှင်များသည် သူတို့၏ ခန္ဓာကိုယ်များက လေဟာနယ်တွင် ချိပ်ပိတ်ခံထားရသလို ခံစားလိုက်ရကာ သူနှင့်အတူ တိမ်တိုက်များထဲ ထိုးတက်သွားပေသည်။
ဘုန်း...
နေနတ်ဘုရားကျောင်းမှ ခေါင်းဆောင်က ထရပ်လိုက်ပြီး သူ့စွမ်းအားများက တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာကာ လက်ကို ဆန့်ထုတ်၍ ကောင်းကင်မှ ရီဖူရှင်းအား ဆွဲယူရန် ကြိုးစားလိုက်သည်။ လေဟာနယ်နတ်အလင်းတစ်ခုက ထွက်ပေါ်လာပြီး ထိုနေရာတစ်ခွင်လုံးကို လွှမ်းခြုံလာပြီး သူ၏ လှုပ်ရှားမှုများအား ပိတ်ပင်လိုက်သည်။ ထို့နောက် အဘိုးမာက သူ့ရှေ့၌ ပေါ်ပေါက်လာပေသည်။
ဘုန်း......
အဘိုးမာက လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွာမှ လူများက ချက်ချင်း ပျောက်ကွယ်သွားပေသည်။ သူသည် တစ်ချိန်တည်းတွင် ကောင်းကင်သို့ ဆက်လက် ထိုးတက်သွားခဲ့သည်။ နေနတ်ဘုရားကျောင်းမှ ခေါင်ဆောင်လည်း လေထဲသို့ ခြေလှမ်းလိုက်ကာ အမြင့်ကြီးသို့ ထိုးတက်သွားပြီး ထိုနေရာကို တုန်ခါသွားစေခဲ့သည်။ ကောင်းကင်အာဏာစက်မြို့၏ ကောင်းကင်သို့ ရောက်ရှိရန် သူတို့က အချိန် သိပ်မယူလိုက်ရပေ။ မရေတွက်နိုင်သော တန်ခိုးရှင်များက သူတို့ ရှိနေရာသို့ ပြန်လှည့်ကာ ကြည့်လိုက်ကြသည်။
ရီဖူရှင်းက ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ နေနတ်ဘုရားကျောင်းခေါင်းဆောင်က ကောင်းကင်သို့ တက်လာသည်နှင့် လေးမျက်နှာကျေးရွာမှ အလွန် အစွမ်းထက်သော သူများကလည်း လှုပ်ရှားလိုက်ကာ ထိုဝန်းကျင်၌ နေရာယူလိုက်ကြသည်။
နေနတ်ဘုရားကျောင်းခေါင်းဆောင်က ပြင်းထန်သော စွမ်းအားကို ခံစားမိပြီး သူ့အနီးကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက အနီး၌ ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအားများ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရကာ နတ်တံတိုင်းများကဲ့သို့ အရာမျိုးနှင့် ပိတ်ထားခံလိုက်ရကြောင်း သတိပြုမိပေသည်။
ထို့နောက် သူသည် ရီဖူရှင်းက ရန်ဟောင်အဆင့်မှ ထိုတန်ခိုးရှင်များကို တိုက်ခိုက်ရန်အတွက် ခေါ်ဆောင်သွားခြင်း မဟုတ်ဘဲ သူ့အတွက်သာ ဖြစ်ကြောင်း သဘောပေါက်လိုက်မိပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိုထိပ်သီးပုဂ္ဂိုလ်များက သူ့ကို အမဲလိုက်ရန် ရည်ရွယ်ထားပြီး သူသည် ထိုလူများက ကျင့်ကြံခြင်းအင်အားစုများစွာ၏ ရှေ့၌ သူ့ကို အမဲလိုက်ရဲလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
***