ဖခင်နေရာကို လုကြပြီ
Vol. 12 Ch. 166
ဒီစကားကိုကြားတော့ ယွီဟွေးဖေးမှာ မရယ်ဘဲမနေနိုင်တော့။ သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခု ထင်ဟပ်သွားသည်... ဒီကောင်မလေး အတွေးတွေ လွန်နေပြီ။
လျိုရှင်းမှာလည်း ယွီဟွေးဖေး၏ ထိုထူးဆန်းသောမျက်နှာအမူအရာကိုမြင်သောအခါ၊ မိမိအတွေးလွန်သွားမှန်း သတိထားမိဟန်ဖြင့် မျက်နှာလေးနီရဲသွားပြီး ခေါင်းကိုတစ်ဖက်သို့လှည့်ကာ ယွီဟွေးဖေးကို ဘယ်လိုမှပြန်မကြည့်တော့ပေ။
ရှုခင်းကြည့်ပြီးသွားတော့ အချိန်က တော်တော်လေးလင့်နေပြီမို့ ယွီဟွေးဖေးက လျိုရှင်းကိုခေါ်ပြီး အိမ်ပြန်ခဲ့သည်။ အိမ်ပြန်ရောက်တော့ မနက် ဆယ်နာရီကျော်နေပြီ။ အိမ်ထဲမဝင်ခင်မှာ ယွီဟွေးဖေးက ဝါကြီးကို စွတ်ဖားလှည်းဆွဲပြီး အရင်ပြန်နှင့်စေသည်။ အိမ်ပြန်လမ်းမှာ အဘိုးစွန်းနဲ့ ပက်ပင်းတိုးတော့သည်။
အဘိုးစွန်းက မျက်နှာကြီးစူပုတ်ပြီး မကျေမနပ် မြည်တွန်တောက်တီးနေသည်။ "ယွီဟွေးဖေး... မင်းက တော်တော်ဟုတ်နေပါလား။ စွတ်ဖားလှည်းကို ငါ့ဆီပြန်ပေးမယ်သာပြောတာ၊ တကယ်တမ်းကျတော့ ငါ့အိမ်က မင်းအတွက် ယာယီစွတ်ဖားလှည်းထားတဲ့ ဂိုဒေါင်ဖြစ်နေတာလား ဟမ်။ ဟိုခွေးကိုလည်း မင်းခေါ်ချင်တိုင်းခေါ်သွားတယ်... ဘယ်လိုသဘောလဲ။ ငါက မင်းအတွက် စွတ်ဖားလှည်းသိမ်းပေးရုံတင်မကဘူး၊ ခွေးပါ မွေးပေးရမှာလား"
အဘိုးစွန်း၏ မညှာမတာပြောဆိုမှုကြောင့် ယွီဟွေးဖေးတစ်ယောက် မျက်နှာကြီးနီရဲနေတော့သည်။
"နောက်ဆို ခွေးနဲ့ စွတ်ဖားလှည်းကို မင်းအိမ်ကိုသာ ယူသွားတော့၊ မင်းတို့ကိုမြင်တိုင်း ငါ ဒေါသထွက်တယ်" အဘိုးစွန်းက ပြောပြီး ဒေါသတကြီးဖြင့် ထွက်သွားသည်။
သို့သော် ယွီဟွေးဖေးကတော့ သိနေသည်။ အဘိုးစွန်းက တကယ်ဒေါသထွက်နေတာမဟုတ်ဘဲ စွတ်ဖားလှည်းနဲ့ ခွေးကိုပါ သူ့ကိုပေးချင်လို့ နည်းလမ်းပေါင်းစုံသုံးနေခြင်းသာ ဖြစ်သည်။
"ခွေးကိုတော့ မယူတော့ပါဘူး၊ ကျွန်တော် မကျွေးနိုင်ဘူး။ အဘိုးပဲ ခဏလောက်ဆက်မွေးထားပါဦးလား"
"သွားစမ်းပါ” အဘိုးစွန်းက ဆဲဆိုလိုက်သော်လည်း နောက်ဆုံးတော့ ခွေးကိစ္စကို ဆက်မပြောတော့။ သူပေးချင်သော်လည်း သူ၏အချစ်တော်လေးများကို အပြီးတိုင်စွန့်လွှတ်ရန်တော့ စိတ်မပိုင်းဖြတ်နိုင်သေးသည်မှာ ထင်ရှားလှသည်။
ယွီဟွေးဖေးရော လျိုရှင်းပါ ပြုံးမိကြသည်။ သူမက ဒီရွာလေးကို သိပ်သဘောကျသည်။ ဘာကြောင့်လဲဆိုတော့ ဒီရွာကလူတွေမှာ ကိုယ်ပိုင်တွက်ချက်မှုလေးတွေ ရှိကြပေမယ့်၊ အထူးသဖြင့် အဘိုးအဘွားတွေက သိပ်ချစ်စရာကောင်းကြသည်... လူတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ်ပိုင်စရိုက်ရှိကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဂရုစိုက်ကြသည်။ တစ်ရွာလုံးက မိသားစုတစ်စုလိုပင်... ဒါက သူမ မြို့ကြီးမှာရော၊ ကျောင်းမှာပါ မခံစားခဲ့ရတဲ့ ခံစားချက်မျိုးဖြစ်သည်။
"ဟုတ်သားပဲ... ကျွန်မ အန်တီဟယ်ဆီမှာ အေးခဲနေတဲ့ သစ်တော်သီးတွေ မှာထားတာ သွားမယူရသေးဘူး။ အခု သွားယူလိုက်ဦးမယ်နော်..."
"ကောင်းပြီ... သွားလေ”
လျိုရှင်းထွက်သွားတာကို မြင်တော့ ယွီဟွေးဖေးက ခြေကုန်သုတ်ပြီး အိမ်ထဲသို့ တန်းပြေးတော့သည်။ သူအခု အစိုးရိမ်ဆုံးက ဟိုပြိုင်ဘက်နှစ်ယောက် ရန်ဖြစ်လို့ မပြီးသေးမှာကိုပဲ။
တံခါးကိုတွန်းဖွင့်လိုက်တော့ ခြံထဲမှာ ချွေ့ကျွယ်က ပိုကြီးတဲ့ ကျောက်ပြားကြီးတစ်ချပ်ပေါ်မှာ စာလေ့ကျင့်နေသည်။
"ကျောက်တုံးပြောင်းလိုက်ပြီလား” ယွီဟွေးဖေးက စပ်စုလိုက်သည်။ ပြောပြီးမှ သူ သတိရသွားသည်။ မနေ့က ကျောက်ပြားကို ကိုရင်လေးက သရဲဖြူရဲ့ခေါင်းပေါ် ရိုက်ခွဲပစ်လိုက်တာပဲ... သူက နောက်ဖေးခြံဘက်ကို လက်ညှိုးထိုးပြတော့ ချွေ့ကျွယ်က ပြုံးပြီး "သွားကြည့်လိုက်လေ” ဟု ပြောသည်။
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး... နောက်ဖေးတံခါးကို တွန်းဖွင့်လိုက်တော့ ကိုရင်လေးတစ်ပါးမှာ ထိုင်ခုံတွင်ထိုင်ရင်း မျက်လုံးများမှာ အသက်မရှိသကဲ့သို့ ပြိုလဲကျတော့မည့်အလားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် သရဲနက်နှင့်သရဲဖြူ၊ နွားခေါင်းနှင့်မြင်းခေါင်းတို့က ဝိုင်းရံထားကြသည်။
"ဟေ့ကောင်လေး၊ မင်းပြန်လာပြီလား” သရဲဖြူက ပြောသည်။
"ဒါ... ဘာအခြေအနေလဲ”
သရဲဖြူမှာ ဟီးခနဲတစ်ချက်ရယ်လိုက်သည်။
"နွားကျောင်းသားရော”
"သူကတော့ အမူးပြေတာနဲ့ သွားအိပ်ပြီ"
"သူ... သူကရော ဘာဖြစ်နေတာလဲ”
သရဲဖြူမှာ ဆက်ပြီးပြုံးစိစိလုပ်နေသဖြင့် ယွီဟွေးဖေးက သရဲနက်ဘက်လှည့်မေးလိုက်သည်။
"ဘာဖြစ်ရမှာလဲ။ ဒီကောင်လေး အဆဲခံရလွန်းလို့ လူတောင်မေ့သွားပြီ... အခုထိ စိတ်ဒဏ်ရာကနေ ပြန်မထနိုင်သေးဘူး”
ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့။ နွားကျောင်းသားရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်တောင် ကြောက်စရာကောင်းလား။ တိကျန့်ဘုရားလောင်းကိုတောင် ဆဲဆိုပြီး စိတ်ဓာတ်ကျသွားအောင် လုပ်နိုင်တယ်ပေါ့။
"တကယ်ပြောရရင်၊ ငါတို့ညီလေးက အရက်မူးသွားရင် တကယ်ကို ကြမ်းတာ” နွားခေါင်းက ရယ်ရင်းပြောသည်။
ယွီဟွေးဖေးက နွားခေါင်းရဲ့ ပေါင်ကြားကို မသိမသာစိုက်ကြည့်လိုက်တော့ ထိုကောင်က ယွီဟွေးဖေးကို ခြေထောက်နဲ့ တစ်ချက်ကန်လိုက်သည်။
"ငါ့ဟာက နွားခေါင်းငှက်ကြီးကွ၊ မင်းထင်နေတဲ့ဟာ မဟုတ်ဘူး..."
ယွီဟွေးဖေးက ဂရုမစိုက်ဘဲ ဖင်ပေါ်က ဖုန်ကိုခါပြီး မြင်းခေါင်းကို မေးလိုက်သည်။ "မဟုတ်သေးဘူး၊ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က အသေးစိတ် ပြန်ပြောပြလို့မရဘူးလား။ ကျုပ် ဇာတ်လမ်းကောင်းလွတ်သွားပြီ..."
မြင်းခေါင်းက ခေါင်းခါရင်း "ဒါက တကယ်ပြန်ပြောပြလို့မရဘူး၊ အဲ့ဒီလိုစကားမျိုးက နွားကျောင်းသားပဲ ပြောထွက်တာ။ ပြီးတော့ တစ်ခုပြီးတစ်ခုကို ဆက်တိုက်ပဲ..."
ယွီဟွေးဖေးက သရဲနက်အဖြူကို ကြည့်တော့လည်း သူတို့နှစ်ယောက်လည်း ခေါင်းခါပြသည်။ သူတို့လည်း ရှင်းမပြတတ်ဘူးတဲ့လေ။ အဲ့တော့ ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ။ သက်ပြင်းတစ်ချက်ချပြီး ကိုရင်လေးရှေ့ကို သွားကာ မေးလိုက်သည်။
"ဟေ့၊ ဘယ်လိုလဲ။ လက်ခံရဲ့လား။ လက်မခံရင် ဒုတိယအချီ ထပ်ချမလား”
ကိုရင်လေးက ကြားတော့ အလျင်အမြန်ခေါင်းခါရင်း "မပြိုင်တော့ဘူး၊ မပြိုင်တော့ဘူး၊ ဟိုကောင်က လူကိုမဟုတ်ဘူး”
ယွီဟွေးဖေးက ပြုံးလိုက်သည်။ ကိုရင်လေးက ပုံမှန်အခြေအနေပြန်မရောက်သေးတာတွေ့တော့ ယွီဟွေးဖေးက နွားခေါင်းကို ဘေးသို့ဆွဲခေါ်သွားပြီး မေးလိုက်သည်။
"သူက တကယ်တော့ ဘာကောင်လဲ။ တကယ်ပဲ တိကျန့်ဘုရားလောင်းရဲ့ ကိုယ်ပွားလား။ တိကျန့်ဘုရားလောင်းက ဒီလောက်တောင် အသုံးမကျဘူးလား”
"တိကျန့်ဘုရားလောင်းရဲ့ ကိုယ်ပွားဖြစ်လောက်တယ်။ ဟုတ်သားပဲ၊ မင်း သုံးလောင်းဖြတ်ခြင်းအကြောင်း ကြားဖူးလား”
"ဝတ္ထုထဲမှာ ဖတ်ဖူးတယ်၊ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်တွေကို ဖြတ်ထုတ်လိုက်ရင် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလားပဲ..."
"မင်း အကြမ်းဖျင်းနားလည်ရင် ပြီးရော။ သူက တိကျန့်ဘုရားလောင်းရဲ့ အမင်္ဂလာစိတ် ကိုယ်ပွားပဲ။ တိကျန့်ဘုရားလောင်းရဲ့ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်က အမင်္ဂလာစိတ်တွေအားလုံး သူ့ဆီမှာရှိတယ်။ ဒါပေမဲ့ တိကျန့်ဘုရားလောင်းက နောက်ဆုံးတော့ ဘုရားလောင်းပဲလေ၊ ဘယ်လောက်ဆိုးဆိုး အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။ ဥပမာ ဆဲဆိုတဲ့ကိစ္စမှာဆိုရင် ဒီကောင်က သူ့တောင်ပေါ်မှာတော့ ဆရာကြီးပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူဆဲဆိုနေတာတွေက ထပ်တလဲလဲစကားတွေချည်းပဲ။ အသစ်အဆန်းမရှိဘူး... နွားကျောင်းသားနဲ့ယှဉ်ရင်တော့ သူက အဆဲခံဖို့သက်သက်ပဲ”
"ဒီနွားကျောင်းသားက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် ဆဲဆိုနိုင်ရတာလဲ”
"ငါနဲ့သူနဲ့ သိပ်မရင်းနှီးဘူး”
"မင်းကိုယ်တိုင်စဉ်းစားကြည့်လေ၊ ဒီကောင်က နှစ်ရှစ်ရာလုံးလုံး လယ်သမားလုပ်လာတာ၊ ရွာထဲမှာ နှစ်ရှစ်ရာကြာအောင် နေခဲ့တာ။ နှစ်ရှစ်ရာနော်၊ ရွာလေးတစ်ရွာတောင် မြို့ငယ်လေးတစ်မြို့ဖြစ်သွားလောက်ပြီ။ အဲ့ဒီမှာ ဆဲဆိုသောင်းကျန်းတတ်တဲ့ မိန်းမတွေ ဘယ်လောက်တောင်များမလဲ။ သူက တမင်မသင်ရင်တောင် နားရည်ဝနေတာနဲ့ကို ဆဲဆိုတဲ့နေရာမှာ ဆရာကြီးဖြစ်နေပြီလေ” သရဲနက်က ပေါ်လာပြီး ရှင်းပြသည်။
ယွီဟွေးဖေးက စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။ ပြီးတော့ သူက စိတ်ထဲမှာ တိတ်တိတ်လေး မှတ်ထားလိုက်သည်။ "နွားကျောင်းသားနဲ့ ဘယ်တော့မှ အပြန်အလှန်မဆဲရဘူး။ မဟုတ်ရင် သူ့အဆဲခံရပြီး သေသွားလိမ့်မယ်..."
ထိုအချိန်တွင် လျိုရှင်း ပြန်ရောက်လာတော့ ယွီဟွေးဖေးက ရှေ့ခြံဘက်သို့ ထွက်သွားသည်။ လျိုရှင်းက အေးခဲသစ်တော်သီးတစ်အိတ်ဝယ်လာပြီး လက်ထဲကအိတ်ကို ဝှေ့ယမ်းပြကာ "မြည်းကြည့်မလား” ဟု မေးသည်။
ယွီဟွေးဖေးက ခေါင်းညိတ်လိုက်သည်။ လျိုရှင်းက ချက်ချင်းရေအေးတစ်ဇလုံယူလာပြီး သစ်တော်သီးတွေကို ထည့်လိုက်သည်။ သို့သော် သူတို့နှစ်ယောက်လုံး ပျင်းနေကြတော့ မီးဖိုချောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး ရေထဲမှာ ပေါ်လိုက်မြုပ်လိုက်ဖြစ်နေတဲ့ သစ်တော်သီးတွေကို ကြည့်နေကြသည်။ ရေအေးက တဖြည်းဖြည်းပိုအေးလာပြီး ရေခဲစပြုလာသည်။ နောက်ဆုံးတော့ အေးခဲသစ်တော်သီးအနည်းငယ်က ရေတစ်ဇလုံလုံးကို ရေခဲတုံးကြီးဖြစ်သွားအောင် လုပ်လိုက်သည်။
"ပျော့သွားပြီ၊ စားလို့ရပြီ”
ယွီဟွေးဖေးက ရေခဲတစ်စကို ချိုးဖဲ့ပြီး ခဲသစ်တော်သီးကို စမ်းကြည့်ရင်း ပြောသည်။ ထို့နောက် သူက ဇလုံတစ်ခုလုံးကို မှောက်ချလိုက်ရာ ရေတစ်စက်မှမကျန်ဘဲ ရေခဲတုံးကြီးတစ်တုံးသာ ထွက်လာသည်။ ယွီဟွေးဖေးက ဟင်းခုတ်ဓားဖြင့် ရေခဲတုံးကို ခွဲလိုက်တော့ အတွင်းက ခဲသစ်တော်သီးတွေ တစ်လုံးချင်းစီ ထွက်ကျလာသည်။ အလွန်ပျော့ပျောင်းနေပြီ။ ရေဖြင့် သန့်စင်အောင်ဆေးပြီး ယွီဟွေးဖေးက တစ်လုံးယူကာ လျိုရှင်းကို ပေးလိုက်သည်။
"ဒါက အရင်ဆုံး အပေါက်သေးသေးလေး ကိုက်ရတယ်လို့ ကြားဖူးတယ်၊ ဟုတ်လား”
"နင် ဘယ်သူ့ဆီက ပေါက်တတ်ကရတွေ ကြားလာတာလဲ။ ဒါက ပါးစပ်အပြဲကြီးနဲ့ စားရတာ။ တစ်ကိုက်တည်းကိုက်ချလိုက်၊ အရသာက ရှယ်ပဲ”
"တကယ်လား” လျိုရှင်းက ယွီဟွေးဖေးကို သံသယဖြင့်ကြည့်ရင်းမေးသည်။
"ဒါပေါ့။ စိတ်ချ၊ အားရပါးရသာ ကိုက်လိုက်” ယွီဟွေးဖေးက ရင်ဘတ်ကိုပုတ်ရင်း အာမခံသည်။
လျိုရှင်းက တကယ်ပဲ ပါးစပ်သေးသေးလေးကိုဖွင့်ပြီး တစ်ကိုက်ကိုက်ချလိုက်သည်... ပြီးတော့... "ပလွတ်..." သစ်တော်သီးထဲက အရည်တွေက ချက်ချင်းပန်းထွက်လာပြီး လျိုရှင်းရဲ့မျက်နှာတစ်ခုလုံး ပေကျံသွားကာ အဝတ်အစားတွေပေါ်မှာလည်း နေရာအနှံ့။
"ဒါလား နင်ပြောတဲ့ အားရပါးရစားရမယ်ဆိုတာ” လျိုရှင်းက မျက်လုံးအကြီးကြီးပြူးပြီး ဒေါသတကြီးဖြင့် ယွီဟွေးဖေးကို ကြည့်ရင်းမေးသည်။
ကြည့်လိုက်တော့ ယွီဟွေးဖေးက သစ်တော်သီးမှာ အပေါက်သေးသေးလေးဖောက်ကာ အရည်များကိုစုပ်သောက်ရင်း သူမကို မျက်စိတစ်ဖက်မှိတ်ပြနေသည်ကို တွေ့လိုက်ရသည်။
"ယွီ... ဟွေး... ဖေး”
နောက်တစ်ခဏမှာ ယွီဟွေးဖေးကို လျိုရှင်းက တွန်းလှဲလိုက်ပြီး လက်သီးဆုပ်လေးတွေဖြင့် တဘုန်းဘုန်းထုတော့သည်။ ထိုအချိန်တွင် တံခါးပွင့်လာ၏။
"စားစရာအနံ့ရတယ်...”
သရဲနက်က နှာခေါင်းရှုံ့ရင်း ဝင်လာပြီး လျိုရှင်းက ယွီဟွေးဖေးရဲ့ခါးပေါ်မှာ ခွထိုင်နေသည်ကို တွေ့လိုက်ရချိန် သရဲနက်ရဲ့ မျက်နှာအမူအရာက ချက်ချင်းခဲသွားပြီး မျက်လုံးတွေက ကြေးစည်လုံးလောက် ပြူးကျယ်သွားသည်။ ခဏကြောင်သွားပြီးနောက် သူက ယွီဟွေးဖေးထက်ပင် ယုတ်မာသောပုံစံသို့ပြောင်းသွားပြီး ဟီးခနဲတစ်ချက်ရယ်လိုက်သည်။
"အယ်... တောင်းပန်ပါတယ်၊ အနှောင့်အယှက်ဖြစ်သွားပြီ။ ဆက်လုပ်ကြပါ..." ပြောပြီးတာနဲ့ ဒီကောင်က လှည့်ထွက်သွားသည်။
"မသွားနဲ့.... အထင်လွဲနေပြီ” ယွီဟွေးဖေးနဲ့ လျိုရှင်းတို့က တစ်ပြိုင်နက်အော်လိုက်သည်။
သရဲနက်က နောက်ပြန်လှည့်ပြီး သူတို့နှစ်ယောက်ကို "ငါနားလည်ပါတယ်" ဆိုတဲ့ အကြည့်ဖြင့် ကြည့်ကာ ဟီးဟီးရယ်ပြီး "အများကြီးပြောစရာမလိုပါဘူး... မှတ်ထားနော်၊ မင်းတို့ရဲ့ အနာဂတ် ရင်သွေးလေးကို ငါ့ရဲ့ မွေးစားသားတော်ဖြစ်စေရမယ်။ ငါ ကြိုမှာထားပြီနော်..."
"မှာထားတယ် ဟုတ်လား" ယွီဟွေးဖေးက သစ်သားတုံးတစ်တုံးဆွဲပြီး ပစ်လိုက်သည်။
"အယ်... ရှက်ပြီးဒေါသထွက်သွားပြီ” တံခါးအပြင်ဘက်မှ သရဲနက်၏ရယ်သံလွင်လွင်ထွက်ပေါ်လာသည်။
"အားလုံးပြင်ထားကြတော့၊ ဆယ်လကြာရင် ငါတို့ ဖခင်နေရာကို လုကြရတော့မယ်”
ယွီဟွေးဖေးနဲ့ လျိုရှင်းတို့မှာ ပြောစရာစကားမရှိတော့...။ သူတို့နှစ်ယောက် သူ့ကိုထွက်ပြီး သတ်ပစ်ချင်စိတ်ပေါက်သွားသည်။ ဒါပေမဲ့ နောက်တစ်ခဏမှာ တံခါးပြန်ပွင့်လာပြီး သရဲနက်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပါးစပ်စေ့ရယ်ရင်း " ပြီးသေးဘူးလား၊ တော်တော်လေး ကြာကြာခံနိုင်ရည်ရှိသားပဲ..."
"သွား... သွားစမ်းပါ”
သရဲနက်က အမြန်ပြေးထွက်သွားရင်း "ဟေ့ကောင်လေး ရှက်ပြီးဒေါသထွက်နေပြီ..." လို့ အော်သွားတော့ လျိုရှင်းက ယွီဟွေးဖေးပေါ်ကနေ အမြန်ထပြီး သူ့ကို မျက်စောင်းတစ်ချက်ထိုးကာ ပြေးထွက်သွားသည်။
ယွီဟွေးဖေးမှာတော့ တကယ်ကို မတရားခံရသလို ခံစားလိုက်ရသည်။ သူ့ကို တွန်းလှဲတာက ကောင်မလေးဖြစ်ပြီး၊ ဘာလို့ သူက မကောင်းတာလုပ်မိသလို ဖြစ်နေရတာလဲ။
မီးဖိုချောင်ထဲကထွက်လာတော့ ချွေ့ကျွယ်နဲ့ သရဲနက်က သူ့ကိုကြည့်ပြီး ပြုံးစိစိလုပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူလည်း ရှင်းပြမနေတော့ဘဲ နောက်ဖေးခြံဘက်ကို ထွက်သွားသည်။ ထိုနေရာတွင်လည်း နွားခေါင်း၊ မြင်းခေါင်းနဲ့ သရဲဖြူကလည်း သူ့ကိုကြည့်ပြီး ရယ်နေကြပြန်သည်။ ယွီဟွေးဖေးက မျက်နှာမဲ့ကာ အဝတ်စနဲ့ ရေပုံးကိုဆွဲပြီး သင်္ချိုင်းကုန်းဘက်သို့ ထွက်လာခဲ့သည်။ လောလောဆယ်တော့ ဒီနေရာပဲ တိတ်ဆိတ်အေးချမ်းတော့သည်။
ဒါပေမဲ့ ယွီဟွေးဖေးရဲ့အိတ်ကပ်က ပူလာပြန်သည်။
"ငါ့နှယ်ကွာ... လူထပ်လာပြန်ပြီလား။ ငါ့နေရာက ဒီလောက်လူအများကြီး ဆံ့တယ်လို့ ထင်နေတာလား” ယွီဟွေးဖေးက ဆဲဆိုချင်စိတ်ကို မနည်းထိန်းထားရသည်။
တံဆိပ်ပြားကိုထုတ်ကြည့်လိုက်သောအခါ စာတစ်ကြောင်းပေါ်လာသည်။ "ကလေးရပြီလား။ ဖခင်နေရာအတွက် ငါ ကြိုမှာထားတယ်နော်”
ယွီဟွေးဖေးက စာတစ်ကြောင်းပြန်ပို့လိုက်သည်။ "ရတယ်လေ၊ ငါ့သားက မင်းရဲ့ အဖေဖြစ်လိမ့်မယ်”
"..."
ထို့နောက် တံဆိပ်ပြားကို ဘောင်းဘီအိတ်ထဲပြန်ထည့်ပြီး ယွီဟွေးဖေးက သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလုပ်တော့သည်။ ထုံးစံအတိုင်းပဲ၊ သင်္ချိုင်းကုန်းထဲရောက်ပြီး အလုပ်လုပ်လိုက်တာနဲ့ ယွီဟွေးဖေးရဲ့စိတ်က ချက်ချင်းတည်ငြိမ်သွားသည်။