တိကျန့်၏ အားနည်းချက်
Vol. 12 Ch. 167
သူပြန်ရောက်လာတော့ လျိုရှင်းက စိတ်တည်ငြိမ်နေပြီဖြစ်သည်။ လက်တစ်ဖက်က သံပြားတစ်ချပ်၊ လက်တစ်ဖက်က တူတစ်လက်ကိုင်ပြီး တစ်နေရာမှာ “ဒေါင် ဒေါင် ဒေါင်” နှင့် အလုပ်ရှုပ်နေလေသည်။
သူ့ဘေးတွင် ချွေ့ကျွယ်က ငုတ်တုတ်ထိုင်ကြည့်နေပြီး အခါအားလျော်စွာ မေးခွန်းနှစ်ခွန်းတစ်ခွန်း ဝင်မေးလိုက်သည်။ လျိုရှင်းက ရှင်းပြလိုက်တိုင်း ချွေ့ကျွယ်က ခေါင်းတစ်ချက်ညိတ်ကာ မှတ်ချက်ပြုသည်။
“သြော်... ဒီလိုလား၊ ဒါဆိုရင်တော့ တော်တော်လွယ်တာပဲ”
ယွီဟွေးဖေးကတော့ ခေါင်းသာခါရင်း အနေခက်မှာစိုးသောကြောင့် လျိုရှင်းနှင့် မျက်နှာချင်းမဆိုင်မိအောင် ရှောင်လိုက်သည်။ နောက်ဖေးခြံထဲသို့ သွားလိုက်သောအခါ ကိုရင်လေးမှာ အရိပ်အယောင်ပင် မတွေ့တော့။
ဒီတော့မှ ယွီဟွေးဖေး တစ်ကိုယ်လုံး ထူပူသွားသည်။ တိကျန့်ဘုရားလောင်း၏ မကောင်းစိတ်ဖြစ်ပြီး ဘယ်လောက်ဆိုးဆိုး အတိုင်းအတာတစ်ခုတော့ ရှိသည်မှန်သော်လည်း ထိုကိုရင်လေးကိုတော့ အိမ်ကလူအားလုံးက တကယ်အသေသတ်ချင်နေကြသည် မဟုတ်ပါလား။ ထို့အပြင် သူကလည်း လူလည်လေးဖြစ်ရာ တကယ်လို့သာ သူအပြင်သို့ပြေးထွက်သွားပြီး ရက်အနည်းငယ်လောက် ပျောက်သွားပါက သူ့ခေါင်းပေါ်သို့ ‘အကျဉ်းသားကို ကောင်းစွာမထိန်းသိမ်းနိုင်သူ’ ဟူသော အပြစ်ပုံကျလာတော့မည်ဖြစ်သည်။
“ဟိုကိုရင်လေး ဘယ်မှာလဲ” သူ ခြံထဲတွင်ရှိနေသော သရဲဖြူကို အပြေးအလွှားမေးလိုက်သည်။
“အပေါ်ထပ်မှာ အိပ်နေတယ်လေ”
သရဲဖြူ၏အဖြေကြောင့် ယွီဟွေးဖေး စိတ်သက်သာရာရသွားသော်လည်း တစ်ခုခုမှားနေမှန်း ချက်ချင်းသဘောပေါက်လိုက်သည်။ အပေါ်ထပ် ဟုတ်လား။ အပေါ်ထပ်မှာ သူ့အတွက် အိပ်စရာအခန်းပို ရှိသေးလို့လား။ ငါတောင် ခွေးတစ်ကောင်နဲ့ဖက်ပြီး အိပ်ရတော့မယ့်ဘဝကို။
သူ အပေါ်ထပ်တက်ကြည့်လိုက်တော့ ခေါင်းပြောင်ပြောင်လေးတစ်ယောက်က မီးလင်းဖိုဘေးက အုတ်ခုံအိပ်ရာပေါ်တွင် ဟောက်သံပြင်းပြင်းဖြင့် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။ ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့။ မူလကတော့ ထိုကိုရင်လေးကို မောင်းထုတ်ပစ်ရန် စဉ်းစားထားခဲ့သည်။ သို့သော် နောက်တစ်ချက်ပြန်စဉ်းစားကြည့်တော့ သူ့ကို မောင်းထုတ်ရင် သူဘယ်မှာ သွားနေမှာလဲ။
ဧည့်သည်တည်းခိုဆောင်မှာ သွားနေခိုင်းရမှာလား။ ဒါဆို ငါက ဘယ်လိုလုပ် ပိုက်ဆံရှာတော့မှာလဲ။ ဒီလိုနဲ့ ယွီဟွေးဖေးလည်း သည်းခံလိုက်ရတော့သည်။ လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ဦးစို့။ အောက်ထပ်သို့ ပြန်ဆင်းလာသောအခါ မြင်းခေါင်းက ငိုင်တိုင်တိုင်ဖြင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ဟေ့ကောင်လေး... ငါတို့အခု ရင်ဆိုင်နေရတဲ့ အခန်းမလောက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် အံ့မခန်းနည်းလမ်းတစ်ခုကို ငါစဉ်းစားမိသွားပြီ” မြင်းခေါင်းက ယွီဟွေးဖေးကိုမြင်သောအခါ သူ၏ပါးစပ်ကြီးကိုဖြဲကာ ရယ်ရင်း ဆိုသည်။
ယွီဟွေးဖေးကြားတော့ မျက်လုံးတွေ အရောင်တောက်သွားပြီး စိတ်ထဲကနေ ဒီအသုံးမကျတဲ့ကောင် ဉာဏ်ပွင့်သွားတာလားဟု တွေးလိုက်မိသည်။
“ဘာနည်းလမ်းလဲ”
"လွယ်လွယ်လေးပါကွာ၊ မင်းနဲ့လျိုရှင်းတို့ လူလုပ်နေကြပြီမဟုတ်လား။ မင်းတို့နှစ်ယောက် တစ်ခန်းတည်းပြောင်းနေလိုက်ရင် ပြီးသွားတာပဲလေ။ ဟေ့... ဟေ့ကောင်လေး၊ မင်းဘယ်သွားမလို့လဲ”
“သွားစမ်းပါ... ကျုပ်ကိုလာမနှောင့်ယှက်နဲ့”
ယွီဟွေးဖေးက နားထင်ကိုနှိပ်ရင်း ထွက်သွားသည်။ မြင်းခေါင်းဆီက ကောင်းမွန်သော အကြံဉာဏ်တစ်ခုခု ထွက်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်သင့်သည်ကိုး။
နေ့လယ်ရောက်တော့ ကိုရင်လေး နောက်ဆုံးတော့ နိုးလာသည်။ ယွီဟွေးဖေးက ကိုရင်လေးကို ကြည့်နေသလို၊ ကိုရင်လေးကလည်း ယွီဟွေးဖေးကို ပြန်ကြည့်နေသည်။
“ကိုရင်လေး...”
“ငါ့မှာ နာမည်ရှိတယ်၊ ကိုရင်လေးလို့ မခေါ်နဲ့” ကိုရင်လေးက မျက်လုံးစွေကြည့်ရင်းပြောသည်။
“မင်းခေါင်းက ပြောင်နေတာပဲ မဟုတ်လား” ယွီဟွေးဖေးက သူ့ခေါင်းကိုပွတ်ရင်း မေးလိုက်သည်။
“မခေါ်နဲ့လို့ ပြောနေတယ်နော်၊ မဟုတ်ရင် မင်းဒုက္ခရောက်အောင် ငါလုပ်မှာ”
“ဒါဆို... ငါ အရက်ထပ်သွားဝယ်လိုက်ရမလား”
‘အရက်’ ဆိုသော စကားလုံးကိုကြားလိုက်ရုံဖြင့် ကိုရင်လေးတစ်ကိုယ်လုံး တုန်တက်သွားပြီး ခေါင်းကို အပြင်းအထန်ခါယမ်းတော့သည်။
“တော်... တော်ပါပြီ။ ငါတို့ စကားကောင်းကောင်းပြောရအောင်၊ အရက်မသောက်ဘဲနဲ့လေ... နော်”
ယွီဟွေးဖေးမှာ ရယ်ချင်ပက်ကျိဖြစ်သွားသည်။ တိကျန့်ဘုရားလောင်း၏ အမင်္ဂလာစိတ်ကောင်က အရက်တစ်လုံးကြောင့် ကြောက်လန့်နေသည်တဲ့လေ။ ဒါပေမဲ့ ဒီလိုဖြစ်တာလည်း ကောင်းတာပါပဲ။ ယွီဟွေးဖေးက ထိုကိုရင်လေး ကမ္ဘာပေါ်မှာ ဘာကိုမှမကြောက်တဲ့ကောင် ဖြစ်နေမှာကို အမှန်တကယ် စိုးရိမ်နေခဲ့သည်။
“မင်းနာမည်အရင်းက ဘယ်လိုခေါ်လဲ”
“ငါ့နာမည်က တိကျန့်ဘုရားလောင်းကိုယ်တိုင်ပဲ။ လျိုချန်ရှန်းကိုယ်တိုင်လို့ ခေါ်ရင်လည်းရတယ်” ကိုရင်လေးက ရင်ကော့ပြီး ကြွားလိုက်သည်။
“တော်စမ်းပါ... မင်းတို့ ကိုယ်တော်အစစ်က မြေကြီးအောက်မှာ သီတင်းသုံးနေတယ်။ ငါကြည့်ရတာတော့ မင်းကို ကိုရင်လေးလို့ခေါ်တာကပဲ အဆင်ပြေမယ်ထင်တယ်။ နားထောင်လို့လည်းကောင်းတယ်၊ မှတ်ရလည်းလွယ်တယ်”
“ငါအပြင်ထွက်ပြီး မင်းကို ကလေးသူခိုး၊ ကလေးအလုပ်သမားခိုင်းတဲ့ကောင်လို့ အော်လိုက်ရမလား”
"အရေးမကြီးပါဘူးလေ၊ ဒါဆိုရင်ငါလည်း မင်းတို့ကိုကျွေးမွေးစရာမလိုတော့ဘူးပေါ့။ နောက်ပြီး သူတို့တွေစိတ်မကြည်လို့ အရက်မူးပြီးမင်းကိုစကားလာပြောတဲ့အခါ ငါ့ကိုလာမရှုပ်ရင်ပြီးတာပဲ"
“မင်း... ဒီနည်းလမ်းနဲ့ ခြိမ်းခြောက်တာကလွဲရင် တခြားနည်းနည်းပါးပါး အဆင့်ရှိတဲ့ဟာ မရှိဘူးလား”
“မရှိဘူး” ယွီဟွေးဖေးက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
ကိုရင်လေးမှာ လုံးဝလက်မြှောက်အရှုံးပေးလိုက်ရသည်။ တကယ်တော့ သူက အသေခံတိုက်ပွဲဝင်ချင်လျှင် နည်းလမ်းမရှိတော့သည်တော့မဟုတ်။ သို့သော် သူ၏နည်းလမ်းများက အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းပြဿနာရှိနေပြီး တစ်ရာရာခိုင်နှုန်း အောင်မြင်မည်ဟု အာမမခံနိုင်ပေ။ သို့သော် ယွီဟွေးဖေးက သူ့ကို နှိပ်စက်မည်ဆိုလျှင်တော့ တစ်ရာရာခိုင်နှုန်း အောင်မြင်မှာ သေချာသည်။ အရက်ပုလင်းအနည်းငယ် ကိစ္စလေးပဲ... ထို့ကြောင့် ကိုရင်လေးက လိမ္မာယဉ်ကျေးစွာ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
“ကိုရင်လေးဆိုတာက နားထောင်ရတာ ဆိုးလွန်းတယ်၊ နည်းနည်းကောင်းတဲ့ နာမည်ပြောင်းပေး”
“ဟုတ်သားပဲ... ဒါဆို မင်းပဲ ကောင်းတဲ့နာမည်တစ်ခုပြောလေ”
"ငါ့နာမည်က လျိုချန်ရှန်းလို့ပြောရင် ပြဿနာတက်မှာသေချာတယ်။ ငါ့ကို လျိုတိကျန့်လို့ပဲခေါ်တော့"
“ကောင်းပြီ... အခု မင်းမှာ နာမည်ရှိသွားပြီ။ နောက်ဆို အပြင်လူတွေနဲ့တွေ့ရင် ငါ့တူလေးလို့ ပြောရမယ်...”
“မင်း ငါ့အပေါ် အခွင့်အရေးယူတာလား” လျိုတိကျန့်က ဒေါသတကြီးမေးသည်။
ထိုအခါ ယွီဟွေးဖေးက မတ်တပ်ရပ်ပြီး လျိုတိကျန့်၏ခေါင်းကို လက်ဖြင့်တိုင်းကြည့်ကာ၊ ထို့နောက် သူ၏ပေါင်ရင်းနားသို့ လက်ကိုရွှေ့လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
“မင်းကြည့်စမ်း၊ ဒီအရပ်အမောင်းကွာခြားချက်နဲ့ မင်းက ငါ့ရဲ့ ဘာဖြစ်နိုင်ဦးမှာလဲ”
“မင်းရဲ့ ဦးလေး... ငါ့အဆင့်က မြင့်တယ်ကွ”
လျိုတိကျန့်က ခေါင်းကိုမော့ပြီးပြောလိုက်သည်နှင့် ယွီဟွေးဖေးက လက်ကိုမြှောက်ပြီး သူ့ခေါင်းကို “ခေါက်” ကနဲနေအောင် ခေါက်ပစ်လိုက်သည်။
“မင်း ဘာလို့လူကိုရိုက်တာလဲ။ ငါက တိကျန့်ဘုရားလောင်းရဲ့ အမင်္ဂလာစိတ်နော်... သုံးလောင်းလို့ခေါ်တဲ့ အရာမှာ ငါက သူ၊ သူကလည်း ငါပဲ...။ ငါက အပြည့်အဝခွဲထုတ်မခံရသေးဘဲ သူ့ရဲ့ခုနစ်နှစ်သားအရွယ်က အမင်္ဂလာစိတ်လေးပဲ ဖြစ်နေဦးတော့၊ ဒါလည်း တိကျန့်ဘုရားလောင်းပဲလေ။ ငါ တိကျန့်ဘုရားလောင်းက မျိုးရိုးစဉ်ဆက်နဲ့ အသက်အရွယ်အရ တွက်ရင် မင်းရဲ့ဘိုးဘေးတောင်တော်သေးတယ်။ ဦးလေးတော်ရတာကတော့ ပြောစရာတောင်မရှိဘူး...”
အကြောင်းပြချက်က မှန်ကန်နေသော်လည်း ယွီဟွေးဖေးကတော့ သဘောမတူသေး။ အကြောင်းရင်းက ရိုးရိုးလေး၊ အပြင်လူတွေကို ရှင်းပြရမှာ ရှုပ်ထွေးသောကြောင့်ဖြစ်သည်။ ယွီဟွေးဖေးက အရှုပ်အထွေးကို မကြိုက်... ထို့ကြောင့် နှစ်ယောက်သား ဈေးဆစ်ကြပြီးနောက် နောက်ဆုံးတွင် ယွီဟွေးဖေးမှာ ညီဝမ်းကွဲလေးတစ်ယောက် ထပ်ရသွားသည်။
ခုနစ်နှစ်အရွယ်၊ ခေါင်းပြောင် ကိုရင်လေးတစ်ပါး။ ငယ်စဉ်ကတည်းက တောထဲက ဘုန်းကြီးကျောင်းမှာ နေပြီး အခုမှ သူ့ဆီ အလည်လာတာတဲ့လေ။
ထို့နောက် ယွီဟွေးဖေးက တိကျန့်ကို နောက်ဖေးတံခါးကနေ ခေါ်ထုတ်သွားပြီး တံခါးဝမှာရပ်ကာ အိမ်သားများကို အော်ပြောလိုက်သည်။
“မင်းတို့ အိမ်စောင့်ထားကြဦးနော်၊ ငါ့ညီလေးကို သွားကြိုလိုက်ဦးမယ်”
ပြီးတာနဲ့ ဝါကြီးကိုခေါ်ပြီး စွတ်ဖားလှည်းစီးကာ ထွက်သွားတော့သည်။ ညမှောင်တော့မှ တိကျန့်ကိုခေါ်ပြီး ရွာထဲပြန်ဝင်လာသည်။ ပြီးတော့ တမင်သက်သက် ရွာကိုပတ်ပြနေတော့သည်။
“မင်း ဘာလုပ်နေတာလဲ” တိကျန့်က မျက်မှောင်ကြုတ်ရင်း မေးသည်။
“ဘာမှမဟုတ်ပါဘူး၊ မင်းရဲ့အခုအထောက်အထားနဲ့ ပိုပြီးလိုက်ဖက်အောင် ငါက မင်းအတွက် ပစ္စည်းပစ္စယလေးတွေ ရှာပေးနေတာ”
“ပစ္စည်းပစ္စယ ဟုတ်လား။ ဘာပစ္စည်းတွေလဲ”
နောက်တစ်ခဏမှာ ယွီဟွေးဖေးက အန်တီဟယ်ရဲ့အိမ်ထဲကနေ ထွက်လာပြီး လမ်းလျှောက်ရင်း ကျေးဇူးတင်စကားဆိုနေသည်။
“ကျေးဇူးတင်ပါတယ် ဒေါ်ကြီးရယ်၊ တကယ်အားနာစရာကြီး။ ကျွန်တော့်ရဲ့ဒီဆိုးပေလေးက စာမလုပ်ချင်လို့ လမ်းမှာစာအုပ်တွေအကုန်လွှင့်ပစ်ခဲ့တာ... ဒေါ်ကြီးဆီမှာ အတန်းတူကျောင်းစာအုပ်ရှိလို့သာ တော်တော့တယ်။ ရှိမနေရင် ကျွန်တော် ဘယ်လိုပြန်ပြောရမှန်းတောင် မသိတော့ဘူး။ စိတ်ချပါ၊ ဒီစာအုပ်ကို သူဖျက်ဆီးမှာမဟုတ်ဘူးလို့ ကျွန်တော်အာမခံတယ်။ သူ ဒီစာအုပ်ထဲက လေ့ကျင့်ခန်းတွေအကုန် ကူးရေးပြီးသွားရင် ပြန်ပေးပါ့မယ်”
“ကူးရေးမှာလား။ အိုး... ဒါဆို အလုပ်တော်တော်များမှာပဲ”
“ကိစ္စမရှိပါဘူး... ကလေးပဲဟာ၊ ပင်ပန်းလို့မသေလောက်ပါဘူး”
ဘေးနားမှာ တိကျန့်က မျက်နှာမည်းတူးနေပြီး ထိုကျောင်းစာအုပ်ကို စိုက်ကြည့်ရင်း အံကြိတ်နေသည်။ ယွီဟွေးဖေးက သူ့ကို နှိပ်စက်မှာ မကြောက်ဘူးဆိုရင် သူအခုလောက်ဆို ဒေါသပေါက်ကွဲနေလောက်ပြီ။
“ဒေါ်ကြီးဟယ်ကို ကျေးဇူးမတင်သေးဘူးလား” ယွီဟွေးဖေးက နောက်လှည့်ပြီး သူ၏ခေါင်းပြောင်ကို ပုတ်ကာ မေးလိုက်သည်။
တိကျန့်က မျက်နှာမည်းကြီးဖြင့် ယွီဟွေးဖေးကို အံကြိတ်ကာ ကြည့်နေပြန်သေးတော့ “ညကျရင် ဟင်းကောင်းလေးတွေလုပ်ပြီး အောင်ပွဲခံ သောက်ကြမလား”
စကားဆုံးသည်နှင့် တိကျန့်က ချက်ချင်းပင် ဒေါ်ကြီးဟယ်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
“ကြည့်စမ်းပါဦး ဒီကလေးလေး... တကယ်ချောတာပဲ” ဒေါ်ကြီးဟယ်က ပျော်ရွှင်စွာဖြင့် ထိုကိုရင်လေး၏ခေါင်းပြောင်ကို ပွတ်သပ်ရင်း ပြောသည်။
“ဒါပေါ့... ဘယ်သူ့အမျိုးလဲဆိုတာ ကြည့်ဦးလေ”
“ပြောစမ်းပါဦး... မျိုးရိုးတစ်ခုတည်းကနေ နင်ကဘယ်လိုဖြစ်ပြီး ဒီလောက်ရုပ်ဆိုးရတာလဲ။ ဘာလို့ ရုပ်က ကွဲပြဲနေရတာလဲ”
ဒေါ်ကြီးဟယ်၏ စကားကြောင့် ယွီဟွေးဖေး၏မျက်နှာကြီး ချက်ချင်းမည်းသွားသည်။
“ဒေါ်ကြီး အလုပ်များနေမှာပဲ အလုပ်ဆက်လုပ်ပါဦး၊ ကျွန်တော် အရင်သွားလိုက်ဦးမယ်”
ထို့နောက် ယွီဟွေးဖေးက တိကျန့်ကိုခေါ်ပြီး ထွက်သွားသည်။ တိကျန့်က ဟီးဟီးရယ်ရင်း... “ငါ အဲဒီအဒေါ်ကြီးကို သဘောကျသွားပြီ”
“မင်း ဒီလိုစကားပြောပုံကို ဘယ်သူ့ဆီက သင်လာတာလဲ”
“သင်စရာလိုလို့လား။ မင်းတို့တွေ လမ်းပေါ်မှာ ပြောနေကြတာပဲ...”
ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့။ ဒီလိုနဲ့ ရွာထဲကလူတွေအားလုံးက ယွီဟွေးဖေးက တိကျန့်ကို အပြင်ထွက်ကြိုလာတယ်လို့ ထင်သွားကြပြီး တိကျန့်က အလိုလိုပေါ်လာတာမဟုတ်ဘူးလို့ ယူဆလိုက်ကြသည်။ တံခါးကိုတွန်းဖွင့်လိုက်တော့... “ရှင်တို့ ဒီလိုလုပ်လို့မရဘူးလေ။ အသားတစ်ဖတ်တောင် မကျန်တော့ဘူး”
လျိုရှင်း၏ အော်သံစူးစူးကို ကြားလိုက်ရပြီးနောက် ယွီဟွေးဖေးက သရဲနက်နဲ့အဖြူနှစ်ယောက် ပန်းကန်လုံးလေးတစ်လုံးကို ကိုင်ပြီး နောက်ဖေးခြံထဲသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းကုတ်ရင်း “ဘာတွေဖြစ်နေတာလဲ” ဟု တိုးတိုးလေးရေရွတ်လိုက်သည်။
ထိုအချိန်တွင် လျိုရှင်းက အနောက်ကလိုက်ထွက်လာပြီး ယွီဟွေးဖေးကိုမြင်တော့ ကြောင်သွားသည်။ ယွီဟွေးဖေးကိုမြင်လို့ ကြောင်သွားတာမဟုတ်ဘဲ၊ သူ၏ဘေးတွင်ရပ်နေသော ကြွေရုပ်လေးကဲ့သို့ ဖြူစင်နုဖတ်နေသည့် ကိုရင်လေးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ တကယ်ပါပဲ၊ မိန်းကလေးတွေက ချစ်စရာကောင်းတဲ့ အရာလေးတွေကို သဘောကျတတ်ကြသည်။
ဒီကိုရင်လေးက စိတ်ရင်းအမှန်မှာ လူယုတ်မာလေးတစ်ယောက်ဖြစ်သော်လည်း သူငြိမ်ငြိမ်လေးရပ်နေတဲ့အခါမှာတော့ ယွီဟွေးဖေးကိုယ်တိုင်ပင် ဒါဟာ တကယ့်... တကယ့်... ချစ်စရာကောင်းပြီး ချောမောလှပတဲ့ ကြွေရုပ်လေးလို ကလေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ ကမ္ဘာပေါ်မှာ ဒီလောက်ချောမောတဲ့ ကောင်လေးတစ်ယောက် ဘယ်လိုလုပ်ရှိနိုင်မှာလဲဟု သူပင် သံသယဝင်မိသည်။
တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက စိတ်ထဲကနေ မကောင်းတဲ့အတွေးတစ်ခု တွေးမိလိုက်သည်။ သူ့ကိုသာ ဆံပင်တုရှည်ရှည်လေး ဆင်ပေးလိုက်ရင် ချက်ချင်းပဲ ချစ်စရာကောင်မလေးတစ်ယောက် ဖြစ်သွားမှာပဲ မဟုတ်လား။ ပြီးတော့ အင်မတန်ချစ်စရာကောင်းပြီး သိပ်လှတဲ့ ကောင်မလေးမျိုးပေါ့။ ယွီဟွေးဖေးတောင်မှ ခုခံနိုင်စွမ်းမရှိဘူးဆိုရင် လျိုရှင်းကတော့ ပြောစရာမလိုတော့ဘူးပေါ့။
“ဝိုး... ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး”
လျိုရှင်း၏ မျက်လုံးနှစ်လုံးက တောက်ပလာပြီး ပြောပြီးသည်နှင့် ပြေးလာသည်။ ယွီဟွေးဖေးက ဒါကိုမြင်တော့ မသိစိတ်ကနေ တားဆီးဖို့ ကြိုးစားလိုက်သည်။ ဒီကိုရင်လေးက ငယ်ရွယ်တယ်လို့ ထင်ရပေမယ့်၊ တကယ်တမ်းမှာတော့ သူက နှစ်သောင်းချီနေတဲ့ လူပျိုကြီးတစ်ယောက်ဆီကနေ ခွဲထွက်လာတာလေ။ ကိုယ့်ညီမလေးကို နှစ်သောင်းချီနေတဲ့ လူပျိုကြီးတစ်ယောက်ကို သွားဖက်ခိုင်းရမှာလား။ ဒါကိုတော့ ယွီဟွေးဖေး ဘယ်လိုမှ လက်မခံနိုင်ဘူး။
သို့သော် ယွီဟွေးဖေး မလှုပ်ရှားရသေးခင်မှာပဲ တိကျန့်က ရုတ်တရက် ဘေးသို့ရှောင်တိမ်းပြီး ယွီဟွေးဖေးနောက်မှာ ပုန်းလိုက်သည်။ ပုံမှန်ဆို နှုတ်ခမ်းနီရဲရဲနဲ့ ဖြူဖွေးနေသော ဒီကောင်လေးမှာ အခုတော့ နှုတ်ခမ်းတွေတောင် ဖြူဖျော့နေပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေသည်။
“မင်း ဘာဖြစ်နေတာလဲ”
ယွီဟွေးဖေးမှာ လုံးဝကြောင်သွားသည်။ လျိုရှင်းကလည်း တိကျန့်ရဲ့ ထူးဆန်းတဲ့အမူအရာကို တွေ့လိုက်ရတော့ မသိစိတ်ကနေ ရပ်တန့်လိုက်သည်။
“ငါ... ငါ မိန်းမတွေနဲ့ ဓာတ်မတည့်ဘူး၊ ငါ့အနားကနေ ဝေးဝေးနေပါ”
ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့... မိန်းမတွေနဲ့ ဓာတ်မတည့်ဘူး ဟုတ်လား။ ဒါက လျိုချန်ရှန်း ဘုန်းကြီးဝတ်သွားရတဲ့ အဓိကအကြောင်းရင်းပဲလား။
“မိန်းမဆိုတာ အရိုးခေါင်းကို ပန်းနုရောင်ခြယ်ထားတာ၊ တောင်ခြေက ကျားရဲလိုပဲ။ မထိတွေ့တာ အကောင်းဆုံးပဲ”