သောကကို ဘာနှင့်ဖြေမည်နည်း
Vol. 12 Ch. 168
ယွီဟွေးဖေးနှင့် လျိုရှင်းတို့နှစ်ယောက်လုံး ကြောင်တောင်တောင်ဖြစ်သွားကြသည်။ သို့သော် ခဏအကြာတွင် ယွီဟွေးဖေးက ပျော်သွားသည်။ မင်း မထိတွေ့တာ ပိုကောင်းတယ်၊ ဒါမှ လျိုရှင်းက ငါ့ကို ကလေးအနိုင်ကျင့်တယ်လို့ မထင်တော့မှာ... လျိုရှင်းကတော့ စိတ်ပျက်သွားသည်။ ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးကို သူမ တကယ်ဖက်ပြီး ပါးလေးကိုဆွဲညှစ်ချင်နေတာ၊ နမ်းတောင်နမ်းချင်နေသေးသည်။
“တော်ပါပြီ၊ စိတ်မပျက်ပါနဲ့တော့။ ဒီကလေးက ဆိုးတယ်၊ လူကောင်းလေး မဟုတ်ဘူး...”
“နင် ဘယ်လိုလုပ်ပြီး သူများကို ဒီလိုပြောရတာလဲ။ ဘယ်သူက ငယ်ငယ်တုန်းက မဆိုးဘူးလို့လဲ”
လျိုရှင်းက ယွီဟွေးဖေးကို မျက်လုံးစွေကြည့်ရင်း ပြန်ပြောလိုက်သည်။ ထိုစကားကြောင့် တိကျန့်က မသိစိတ်ဖြင့် လျိုရှင်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုမျက်ဝန်းငယ်လေးထဲတွင် နွေးထွေးမှု အနည်းငယ်ပါဝင်နေသော်လည်း လျိုရှင်းနှင့် လုံခြုံသောအကွာအဝေးကိုတော့ ဆက်လက်ထိန်းသိမ်းထားသည်။
“မင်းကို ငယ်ငယ်တုန်းက စာသင်ပေးတဲ့ဆရာက ဘယ်သူလဲ။ မင်းကို ဒီလောက်လိမ္မာအောင် သင်ပေးထားတာ၊ နောက်မှ သူ့ကို အရက်တစ်ခွက်လောက် ဖိတ်တိုက်ရမယ်” ယွီဟွေးဖေးက တိကျန့်၏ခေါင်းကိုပွတ်ရင်း မေးလိုက်သည်။
“မင်းက အရိုးခေါင်းနဲ့ သွားသောက်မလို့လား”
တိကျန့်၏အဖြေကြောင့် ယွီဟွေးဖေးမှ ဒီကောင်လေးရဲ့ဆရာက အသက်ဘယ်လောက်ရှိနေပြီလဲဆိုတာ သတိရသွားသည်။
လျိုရှင်းက သူ့အတွက် အသင့်ပြင်ဆင်ထားသော ထမင်းဟင်းများကို စားရင်း ယွီဟွေးဖေး၏စိတ်မှာ အတိုင်းမသိ ပျော်ရွှင်နေသည်။ သို့သော် လျိုရှင်းကတော့ စိတ်မချမ်းမသာဖြစ်နေသည်။ သူမက မျက်မှောင်ကြုတ်၊ နှာခေါင်းလေးရှုံ့ရင်း မျက်လုံးအကြီးကြီးတွေက တိကျန့်ဆီကနေ မခွာနိုင်ဖြစ်နေ၏။ ထိုအမူအရာက ကလေးတစ်ယောက်က အရမ်းကစားချင်တဲ့ အရုပ်တစ်ခုကို မြင်နေရပေမယ့် လက်ထဲမရောက်နိုင်တဲ့အခါ ဖြစ်ပေါ်လာတဲ့ သနားစရာကောင်းပြီး မကျေမနပ်ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်သည်။
“ဒါက ငါ့ညီဝမ်းကွဲ၊ လျိုတိကျန့်တဲ့။ သူ့ကို တိကျန့်လို့ပဲခေါ်လိုက်” ယွီဟွေးဖေးက ဒါတွေကို ဂရုမစိုက်ဘဲ လျိုရှင်းကို မိတ်ဆက်ပေးလိုက်သည်။
“တိကျန့်”
လျိုရှင်းက ကြောင်သွားပြီး... ခဏအကြာမှာတော့ ရယ်လိုက်ပြီး... “နင်တို့မိသားစုက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်နော်၊ နင်ကလွဲရင် အကုန်လုံးက ငရဲတို့၊ နတ်ဘုရားတို့နဲ့ ပတ်သက်နေတာပဲလား”
“ဘိုးဘေးတွေက ဒီလိုနာမည်တွေကို သဘောကျတာလေ၊ နာမည်ပေးရင် အဲဒီဘက်ကိုပဲ ဆွဲပေးတတ်တယ်။ ဒီလိုလုပ်ရင် နတ်ဘုရားတွေရဲ့ ကံကောင်းခြင်းကို ယူပြီး မိသားစုတစ်ခုလုံး ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ အသက်ရှည်ခြင်းကို စောင့်ရှောက်နိုင်တယ်လို့ ပြောကြတယ်”
“ပြီးတော့ရော”
“ပြီးတော့... ပြီးတော့လည်း အားလုံးနဲ့ အတူတူပါပဲ”
“နင်တို့မိသားစုသာ ဒီအတိုင်းဆက်သွားရင် နောက်နှစ်ရာပေါင်းများစွာကြာရင် နင်တို့ နတ်ပြည်တစ်ခုလုံး တည်ထောင်နိုင်လောက်ပြီ”
“နတ်ပြည်မှာ ဒီလောက်လူနည်းနည်းလေးပဲ ရှိတာမဟုတ်ဘူး...” တိကျန့်က ဝင်ပြောသည်။
“ဒါပေမဲ့ နာမည်ကြီးတဲ့ နတ်တွေလေ”
“တော်ပြီ၊ ညီလေး။ စကားမများနဲ့တော့၊ မြန်မြန်ထမင်းစား။ စားပြီးရင် အိမ်စာလုပ်ရမယ်” ယွီဟွေးဖေးက တိကျန့်စကားဆက်ပြောခြင်းမှ ဖြတ်ပြောလိုက်သည်။
“အိမ်စာလား”
တိကျန့်နဲ့ လျိုရှင်းတို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။
“ဟုတ်တယ်လေ၊ အိမ်စာပေါ့။ ကလေးတစ်ယောက်က ဒီအတိုင်း ဘုန်းကြီးဝတ်လို့ ဘယ်ဖြစ်မလဲ၊ ပြီးတော့ အခုခေတ် ဘုန်းကြီးတွေတောင် ဘွဲ့လက်မှတ်လိုနေပြီ။ ဘွဲ့မရှိရင် ဘုန်းကြီးဘဝမှာတောင် အောင်မြင်မှာမဟုတ်ဘူး... ဒါကြောင့် သူ စာသင်ရမယ်”
ထို့နောက် ယွီဟွေးဖေးက မျက်နှာတွင် လူယုတ်မာအပြုံးဖြင့်... “ငါ ဒေါ်ကြီးဟယ်ဆီက စာအုပ်တချို့ ငှားလာတယ်။ နောက်မှ သူ လေ့ကျင့်ခန်းတွေ ကူးရေးပြီးရင် ပြန်ပေးရမှာ။ ဘယ်လိုလဲ ညီလေး၊ ပျော်ရဲ့လား”
တိကျန့်က မျက်နှာမည်းကြီးဖြင့် သူ့ကိုကြည့်ရင်း အံကြိတ်ကာ “ဟက်ဟက်...” ဟု ရယ်လိုက်ပြီး မကြားတကြားအသံလေးဖြင့် “ခွေးမသား” ဟု ဆဲလိုက်သည်။
“တော်ပါပြီ... ကလေးကို အနိုင်မကျင့်ပါနဲ့တော့။ တိကျန့်... နင်က ဘာလို့ ထမင်းချည်းပဲစားပြီး ဟင်းမစားတာလဲ”
“ဒီထဲမှာ နင် အသားထည့်ထားတယ်၊ ငါစားရင် ပျို့တယ်”
“မင်း အသားမစားဘူးလား”
လျိုရှင်းနှင့် ယွီဟွေးဖေးတို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။
“စည်းကမ်းအရတော့ အသားစားလို့ရတယ်။ ဒါပေမဲ့ စားကျင့်မရှိလို့ စားလိုက်ရင် အန်ချင်တယ်”
“သြော်... ဒီလိုလား။ ဒါဆို ငါ နင့်အတွက် တို့စရာနဲ့ ဟင်းသီးဟင်းရွက်ကြော်လေး သွားလုပ်ပေးမယ်လေ” တိကျန့်က ခေါင်းညိတ်လိုက်ပြီး လျိုရှင်း ထွက်သွားသည်။
“မင်းတို့ စည်းကမ်းမှာ အသားစားလို့ရတယ်လို့ ခုနကပြောလိုက်တာလား”
“ဟုတ်တယ်လေ၊ အရင်ကတည်းက အသားစားလို့ရတာပဲ”
“ဒါပေမဲ့ ငါတို့ဒီက ဘုန်းကြီးတွေက အသားစားလို့မရဘူးလေ၊ အသားစားတာက သတ္တဝါအသက်သတ်တာကို အားပေးရာရောက်တယ်လို့ ပြောကြတယ်။ စားသုံးမှုမရှိရင် သတ်ဖြတ်မှုလည်းမရှိဘူးတဲ့...”
“နောက်မနေနဲ့၊ လောကမှာရှိတဲ့ အရာအားလုံးက သက်ရှိဝိညာဉ်တွေ ဝင်စားပြီး ဖြစ်လာတာပဲ။ မင်းအသားစားတာက သတ်ဖြတ်မှုကို အားပေးတယ်ဆိုရင်၊ ဟင်းသီးဟင်းရွက်စားတာကရော မဟုတ်တော့ဘူးလား။ သတ္တဝါအားလုံး တန်းတူညီမျှပဲ၊ အပင်နဲ့ တိရစ္ဆာန်တွေက အတူတူပဲ။ ဒီအချက်ကို ငါ ငရဲပြည်မှာ နှစ်ပေါင်းများစွာနေပြီး နားလည်သဘောပေါက်ခဲ့ပြီးပြီ။ ပြီးတော့ ဝံပုလွေက သိုးကိုစား၊ သိုးက မြက်ကိုစားတာတွေက ရှင်သန်ဖို့အတွက်ပဲလေ၊ ဘာအပြစ်ရှိလို့လဲ။ ငါတို့ကန့်ကွက်တာက အလွန်အကျွံသတ်ဖြတ်တာ၊ ဖြုန်းတီးတာ၊ သတ်ဖြတ်မှုကို ပျော်ရွှင်မှုအဖြစ်ခံစားတာကိုပဲ၊ သူများတွေ ဗိုက်ဝအောင်စားတာကို တားဆီးတာမဟုတ်ဘူး”
“မင်းရဲ့သီအိုရီက ငါတို့ဒီကဟာနဲ့ မတူဘူးပဲ”
“မတူဘူးလေ။ ဗုဒ္ဓတရားတော်က ပင်လယ်သမုဒ္ဒရာလို ကျယ်ပြန့်တယ်၊ လူတိုင်းကျင့်ကြံတဲ့ ဗုဒ္ဓတရားက မတူဘူး၊ စည်းကမ်းတွေလည်း မတူဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် ကောင်းမှုပြုရင် ဘုရားဖြစ်နိုင်တယ်။ မကောင်းမှုပြုရင် မာရ်နတ်ဖြစ်မယ်... ဒါပေမဲ့ တော်တော်များများအချိန်မှာ ဘုရားနဲ့ မာရ်နတ်ကို ခွဲခြားရခက်တယ်။ ဥပမာအနေနဲ့ စစ်သားတစ်ယောက်က နိုင်ငံတော်ကို ကာကွယ်ဖို့ လူသတ်တယ်၊ သူက လူကောင်းလား လူဆိုးလား။ စစ်သားတစ်ယောက်က ကိုယ့်နိုင်ငံကလူတွေ ငတ်မသေအောင် အထက်အမိန့်အတိုင်း တခြားနိုင်ငံကို သွားလုယက်တယ်၊ ဒါက အပြစ်လား သူရဲကောင်းလား။ ဒါကြောင့် လူတိုင်းရဲ့စိတ်ထဲမှာ ဘုရားလည်းရှိတယ်၊ မာရ်နတ်လည်းရှိတယ်။ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ခွဲခြားနိုင်မှာလဲ။ အရာအားလုံးက ကိုယ့်စိတ်ကိုယ်သန့်ရှင်းရင် ပြီးတာပါပဲ”
ယွီဟွေးဖေးမှာ တိတ်ဆိတ်သွားသည်။ ခဏအကြာမှာ တိကျန့်က ရုတ်တရက်... “အေး၊ ငါသတိရပြီ။ မင်းတို့ဒီမှာ အသားမစားတာက ငါတို့ရဲ့စည်းကမ်းမဟုတ်ဘူးထင်တယ်”
ယွီဟွေးဖေးက နားမလည်နိုင်ဖြစ်သွားတော့ ဆက်ပြော၏။
“မင်းတို့ဆီမှာ ဧကရာဇ်တစ်ပါးရှိတယ်လေ။ သူက ဗုဒ္ဓဘာသာကို ယုံကြည်တယ်။ ပြီးတော့ သူက အသားစားတာ အပြစ်လို့ထင်ပြီး ဘုန်းကြီးတွေကို အသားမစားဖို့ အမိန့်ထုတ်ခဲ့တာ။ ဒါက မင်းတို့လူတွေက ကိုယ့်ဘာသာကိုယ် အသားစားတာကို ကန့်သတ်တာ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ”
ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့။ ထိုအချိန်တွင် လျိုရှင်း ပြန်ရောက်လာသည်။ မုန်ညင်းဖြူကြော်တစ်ပွဲနဲ့ ကင်မ်ချီတစ်ပွဲ။ တိကျန့်က ကင်မ်ချီကိုကြည့်ပြီး မထိဘဲနေသော်လည်း မုန်ညင်းဖြူကြော်ကိုတော့ အကုန်စားပစ်လိုက်သည်။
“ဒါက ကင်မ်ချီ၊ အသားမဟုတ်ဘူး”
“ငါတို့က အစပ်အဟပ်ရှောင်တယ်” တိကျန့်က သူ့ရဲ့ဦးနှောက်ကို လက်ညှိုးထိုးပြပြီး ပြောသည်။
"အစပ်အဟပ်ရှောင်တယ် ဟုတ်လား၊ ဒါအသားမှမဟုတ်တာ"
တိကျန့်က ယွီဟွေးဖေးနဲ့ လျိုရှင်းကို လူအတစ်ယောက်ကို ကြည့်သလို ကြည့်ရင်း"အစပ်အဟပ်ဆိုတာ အသားကိုပြောတာမဟုတ်ဘူး၊ စပ်တဲ့အရသာရှိတဲ့အရာတွေကိုပြောတာ။ ဒီလိုအရာတွေ များများစားရင် စွဲလမ်းလွယ်တယ်၊ စိတ်ထဲမှာ မီးတောက်လွယ်တယ်၊ စိတ်မတည်မငြိမ်ဖြစ်စေတယ်၊ ကိုယ့်ရဲ့ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေတယ်။ ပြောရရင် များများစားရင် စိတ်လိုက်မာန်ပါလုပ်လွယ်တယ်၊ ဦးနှောက်မကြည်လင်တော့ဘူး။ ဒါကြောင့် ငါတို့မစားတာ”
“နင်က တော်တော်သိတာပဲ...”
“ဟုတ်သားပဲ၊ နွားကျောင်းသားရော ဘယ်မှာလဲ”
ယွီဟွေးဖေးက လျိုရှင်း၏ စပ်စုတတ်သော ဗီဇကို နှိုးဆွမိမှာစိုးသောကြောင့် အမြန်စကားလမ်းကြောင်းလွှဲလိုက်သည်။ သူပြန်ရောက်လာပြီဆိုတော့ ထိုနှစ်ယောက်ကြားက အမြဲတမ်းတားဆီးနေတဲ့ တံတိုင်းကြီးက ပေါ်လာပြီး ဟိုတားဒီဆီးလုပ်သင့်တာမဟုတ်လား။ ဘာလို့ ဘာသံမှမကြားရတာလဲ။
“သူက တောဝက်စီးပြီး အပြင်ထွက်သွားတယ်ထင်တယ်၊ ဆောင်းရာသီရေကူးသွားမယ်လို့ ပြောတယ်”
ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့၊ ဒီလောက်အေးခဲနေတဲ့ ရာသီဥတုမှာ ဆောင်းရာသီရေကူးတယ် ဟုတ်လား။ သူလည်း စဉ်းစားတတ်ပါပေတယ်။ သို့သော် နွားကျောင်းသား၏ နွားသိုးကြီးလို သန်မာတဲ့ခန္ဓာကိုယ်ကို စဉ်းစားကြည့်လိုက်တော့ ယွီဟွေးဖေးလည်း သဘောပေါက်သွားသည်။ စားသောက်ပြီးနောက် ယွီဟွေးဖေးက လျိုရှင်းကို တိုးတိုးလေးမေးလိုက်သည်။
“ဒီနေ့ ဘာလို့ အသားတစ်ဖတ်မှမရှိတာလဲ။ ဟိုကောင်တွေက ဒီလောက်တောင် တိရစ္ဆာန်ဆန်သွားကြပြီလား”
အရင်တစ်ခါက သတ်ခဲ့တဲ့ တောဝက်ကြီးက ရှိသေးတယ်၊ အိမ်မှာ အသားက မပြတ်သလောက်ပဲ။ ဒီတစ်ခါတော့ အသားမရှိတာက ကျိုးကြောင်းဆီလျော်မှုမရှိဘူး။
“အသားတွေကို သရဲနက်နဲ့ သရဲဖြူတို့က ခုနကပဲ ရွေးထုတ်သွားကြတာ၊ ငါလည်း မတားနိုင်ခဲ့ဘူး”
လျိုရှင်းက ခါးသီးစွာပြုံးရင်း ပြန်ဖြေသည်။ ယွီဟွေးဖေးက ကြောင်သွားပြီးနောက် တစ်ခုခုကို သတိရသွားကာ တိကျန့်၏ခေါင်းကို နောက်ပြန်လှည့်ပြီး ခေါက်ပစ်လိုက်သည်။
“မင်း ငါ့ကို ဘာလို့ရိုက်တာလဲ”
“အမ်... ခြင်ကိုက်လို့”
“အစ်ကိုကြီး၊ ဒါက ဆောင်းရာသီ၊ ဆောင်းရာသီနော် သိလား။ မင်းတို့အိမ်မှာ ဆောင်းရာသီမှာ ခြင်ရှိသေးလို့လား။ မင်းငါ့ကို ရိုက်ချင်ရင် တည့်တည့်ပြောလေ”
“ကောင်းပြီ၊ နောက်တစ်ခါ တည့်တည့်ပြောမယ်”
လျိုရှင်းမှာ သူတို့နှစ်ယောက်ကြောင့်ရယ်မိသွားပြီး "တော်ပြီ ကလေးကိုမစနဲ့တော့။ လာ... အစ်မပွတ်ပေးမယ်"
ထိုစကားဆုံးသည်နှင့် တိကျန့်က မသိစိတ်ဖြင့် တူကိုလွှင့်ပစ်ပြီး ယွီဟွေးဖေးနောက်သို့ ပုန်းလိုက်သည်။ ယွီဟွေးဖေးက ဒါကိုမြင်တော့ ပါးစပ်ကိုစေ့ရင်း စိတ်ထဲကနေ ‘ဒီကောင် မိန်းမတွေကို ဒီလောက်ကြောက်တတ်မှန်းသာ စောစောသိရင်၊ ငါ ဘာလို့ အရက်လေးလုံးတောင် အကုန်ခံခဲ့ရမှာလဲ။ လျိုရှင်းကိုပဲ သူ့ကိုရိုက်ခိုင်းလိုက်ရင် ပြီးနေပြီပဲ’ ဟု တွေးလိုက်မိသည်။ ဒီလိုတွေးနေပေမယ့် ယွီဟွေးဖေးက လျိုရှင်းကို အသစ်ရောက်လာတဲ့ အကျဉ်းသားတစ်ယောက်နဲ့ ရင်ဆိုင်ခိုင်းမှာတော့ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေက နည်းနည်းတော့ ပြဿနာရှိကြတာပဲ။
“တော်ပြီ... နင်လည်းအလုပ်များနေမှာပဲ၊ ငါသူ့ကို တခြားသူတွေနဲ့ မိတ်ဆက်ပေးလိုက်ဦးမယ်”
ထို့နောက် ယွီဟွေးဖေးက တိကျန့်ကို ခေါ်ထုတ်လာခဲ့သည်။ အပြင်ရောက်တော့ တိကျန့်က သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး... “အရမ်းကြောက်ဖို့ကောင်းတာပဲ။ မင်းသိလား၊ သူ ခုနက ငါ့ကိုကြည့်တဲ့အကြည့်က ကျားက သိုးငယ်လေးကို မြင်လိုက်ရသလိုပဲ”
“မင်း အထင်လွဲနေပြီ၊ သူ မင်းကိုကြည့်တာက ကျားက ကြက်ပေါက်စလေးကို မြင်လိုက်ရသလို ဖြစ်မယ်။ စားရအောင်ကလည်း သွားကြားထိုးစာတောင်မရှိဘူး၊ ဒါကြောင့် ရင်ခွင်ထဲပိုက်ပြီး သေအောင်နှိပ်စက်ပစ်လိုက်တော့မယ် ဆိုတဲ့ပုံစံမျိုး”
“ဟုတ်တယ် ဟုတ်တယ်... အဲဒီလိုခံစားမှုမျိုးပဲ။ မိန်းမတွေက တကယ်ကြောက်ဖို့ကောင်းတာပဲ...”
တိကျန့်က အပြင်းအထန်ခေါင်းညိတ်ရင်း ထောက်ခံသည်။ ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ၊ ကောင်းကင်ကိုမော့ကြည့်ရင်း စိတ်ထဲကနေ ‘သနားစရာကလေး၊ မင်းကြီးလာရင် မိန်းမတွေရဲ့ ကောင်းကွက်ကို သိလာမှာပါ... အယ်... မဟုတ်သေးဘူး၊ သူ့ရဲ့ကိုယ်အစစ်က အသက်အကြီးကြီးဖြစ်နေပြီ၊ သူလည်း လူပျိုကြီးပဲ မဟုတ်လား’ဟု တွေးနေမိသည်။
“ငါ့မျက်စိထဲမှာတော့ မိန်းမနဲ့ ယောက်ျားက အရိုးဖြူတစ်ပုံပဲ။ ငါ စိတ်မဝင်စားဘူး...” တိကျန့်က သူဘာတွေတွေးနေလဲဆိုတာ သိပြီး နှာမှုတ်ရင်းပြောသည်။
“မင်း စိတ်မဝင်စားဘူး ဟုတ်လား။ ငါမမှားဘူးဆိုရင် မင်းတို့ နတ်ပြည်မှာလည်း မိန်းမတွေရှိတယ်မဟုတ်လား။ ပြီးတော့ မင်းတို့က ငရဲပြည်မှာ အမြဲတမ်းနေနေတာဆိုတော့ မိန်းမတစ္ဆေတွေကိုလည်း အများကြီး ကျွတ်လွှတ်အောင် ကယ်တင်ခဲ့မှာပဲ မဟုတ်လား”
“ရှိတယ်၊ ဒါပေမဲ့ ဘယ်မိန်းမတစ္ဆေကမှ စည်းကျော်ရဲမှာမဟုတ်ဘူး၊ ကျော်ရင် ငါ သူ့ကို တန်းဖျက်ဆီးပစ်မှာ”
ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့၊ ဒီကိုရင်လေးရဲ့ခေါင်းပြောင်ကို ပွတ်သပ်ရင်း ပထမဆုံးအကြိမ်အဖြစ် သနားကရုဏာသက်စွာဖြင့်... “ကလေးရယ်... မင်းက... သိပ်ငယ်လွန်းသေးတယ်၊ ဘာမှမသိသေးဘူး”
ထို့နောက် ယွီဟွေးဖေးက စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒီနေ့ကစပြီး မင်း ငါနဲ့ တစ်ခန်းတည်းအိပ်ရမယ်”
“မအိပ်ဘူး၊ ငါ မင်းကိုရွံတယ်၊ ငါ တစ်ယောက်တည်းအိပ်မယ်”
“ရတယ်... မင်း ထင်းထားတဲ့အခန်းမှာ သွားအိပ်လိုက်ပေါ့”
“ထင်းထားတဲ့အခန်း ဟုတ်လား။ ငါမအိပ်ဘူး၊ ငါ ရှေ့ခြံမှာ သွားအိပ်မယ်”
“တိကျန့်... မင်း ဒီကိုရောက်တာ အချိန်တိုသေးတယ်။ ဒီလောကမှာ လူတွေက ဘယ်လိုအခြေအနေနှစ်မျိုးမှာ အရက်အသောက်ဆုံးလဲဆိုတာ မင်းသိလား”
“ငါသိတယ်၊ ပျော်တဲ့အခါ အရက်သောက်တယ်၊ ငါ အောက်ဘုံမှာတုန်းက မင်းတို့ အောင်ပွဲခံတာတွေ မနည်းတွေ့ခဲ့ရတယ်”
“ပျော်လို့သောက်တာက ထိန်းချုပ်လို့ရတယ်။ ဒါပေမဲ့ အရက်သောက်ရတဲ့ အကြောင်းပြချက်တစ်မျိုးရှိတယ်၊ အဲဒါက ထိန်းချုပ်လို့မရဘူး”
တိကျန့်က ယွီဟွေးဖေးကို သတိကြီးစွာကြည့်ရင်း... “ဘယ်လိုအခြေအနေလဲ”
“မပျော်တဲ့အခါပေါ့။ ရှေးလူကြီးတွေပြောဖူးတယ်... ဘယ်အရာက စိုးရိမ်ပူပန်မှုကိုဖြေဖျောက်နိုင်မလဲ၊ အရက်တစ်ခွက်သာလျှင်တဲ့။ မင်းနားလည်တယ်မဟုတ်လား”