← Chapters

အသားမစား

Vol. 12 Ch. 169

အသားမစား

Vol. 12 Ch. 169

“ဘယ်သောက်တလွဲ ရှေးလူကြီးက ပြောခဲ့တာလဲ။ ပြောစမ်း၊ နောက်မှ သူ့ဘိုးဘေးတွေရဲ့ သင်္ချိုင်းကို သွားတူးပစ်မယ်။ အကြောင်းမရှိဘဲ သောက်အရက်ကို ဘာလို့သောက်နေရမှာလဲ”

တိကျန့်၏ မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သောစကားကြောင့် ယွီဟွေးဖေးမှာ ပြောစရာစကားမရှိတော့... ဒီကောင်က တကယ်ကို တွေးခေါ်ပုံ ထူးခြားတဲ့ကောင်ပဲ။

“ရှေ့ခြံက ဧည့်သည်တည်းခိုဆောင်၊ ပိုက်ဆံရှာဖို့ထားတာ။ မင်း ရှေ့ခြံကိုသွားရင်လည်း ငါမတားဘူး။ ဒါပေမဲ့ မင်းစဉ်းစားထားရမှာက၊ ငါတို့မှာ ဝင်ငွေမရှိတော့ရင် အားလုံးငတ်ကုန်ကြမှာ။ အဲဒီအခါကျရင် ငါတစ်ယောက်တည်း စိတ်မချမ်းသာဖြစ်နေမှာ မဟုတ်တော့ဘူး”

တိကျန့်က ကြားတော့ မျက်နှာလေး ချက်ချင်းဖြူဖျော့သွားသည်။

“ဒါမှမဟုတ်၊ မင်း ရှေ့ခြံမှာ ခဏလောက် သွားနေကြည့်မလား”

“ငါ ရုတ်တရက် မင်းကို မရွံတော့ဘူး”

ယွီဟွေးဖေးက နှာခေါင်းကိုပွတ်သပ်ရင်း ပါးစပ်စေ့ကာ ပြုံးလိုက်ပြီး ဒီကိုရင်လေးကိုခေါ်ကာ အိပ်ခန်းထဲသို့ ပြန်သွားသည်။ တံခါးဖွင့်လိုက်တော့ ယွီဟွေးဖေးမှာ ကြောင်သွားသည်။ နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်အဖြူ၊ ချွေ့ကျွယ်နဲ့ ရှောင်ထျန်းချန်တို့ အားလုံးရှိနေကြသည်။ လူတစ်စုက ပန်းကန်လုံးလေးတစ်လုံးကို ဝိုင်းဖွဲ့ပြီး စကားစမြည်ပြောနေကြ၏။

“ဟေ့ကောင်လေး မင်းပြန်လာပြီလား၊ မြန်မြန်လုပ် အသားစားတော့မယ်။ မင်းအတွက်ဘဲ ချန်ထားတာကွ။ ဟိုကိုရင်လေးအတွက်တော့ တစ်ဖတ်မှမချန်ထားဘူး” နွားခေါင်းက အော်ဟစ်လိုက်သည်။

“တစ်ဖတ်မကဘူး၊ တစ်စတောင်မချန်ထားဘူး” မြင်းခေါင်းက ဖြည့်စွက်ပြောသည်။

“မင်းတို့က ဒီလောက်တောင်လုပ်ရလား”

“ဒီလောက်လုပ်ရလား ဟုတ်လား။ မင်းသာ ငါတို့နေရာမှာ နှစ်ပေါင်းများစွာ အသားမစားရအောင် အဖိနှိပ်ခံကြည့်လိုက်စမ်း။ ငါပြောမယ်၊ ငါတို့နဲ့သူနဲ့ ရန်ငြိုးကြီးတယ်၊ ငါတို့ရောက်လာပြီဆိုတော့ သူလည်း အသားစားရဖို့ မစဉ်းစားနဲ့တော့”

သရဲနက်က ခုန်ထပြီး အော်ပြောနေတော့ ယွီဟွေးဖေးက ခါးသီးစွာပြုံးလိုက်သည်။ သူထင်ထားတဲ့အတိုင်းပဲ၊ ဒီကောင်တွေက အငြိုးအတေးကြီးကြသည်။ ထို့နောက် ယွီဟွေးဖေးက ဘေးသို့တစ်လှမ်းဆုတ်ပြီး သူ၏နောက်ကွယ်က ကိုရင်လေး တိကျန့်ကို မြင်သာအောင် ဖယ်ပေးလိုက်သည်။

“မင်းတို့ကောင်တွေ တကယ်ကို အရှက်မရှိကြဘူး။ မင်းတို့အသားကိုစားတာ ငါမှမဟုတ်တာ၊ ငါ့ကိုလာပြီး ဘာလို့ရန်ရှာနေတာလဲ”

“ဒီလိုမပြောနဲ့၊ မင်းက ခွဲထွက်လာပေမယ့် သူနဲ့ဘာမှမကွာဘူး။ မင်းရဲ့တစ်ခုတည်းသော ခြားနားချက်က ခွဲထွက်လာတာ အရမ်းနည်းနေသေးလို့ပဲ၊ ခုနစ်နှစ်အရွယ်က မှတ်ဉာဏ်နဲ့ စွမ်းအားပဲရှိသေးတယ်... သူက သူ့ရဲ့အဆိုးမြင်စိတ်တွေအကုန်လုံးကို ရှင်းထုတ်ပြီး မင်းရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းထည့်လိုက်တဲ့အခါ မင်းနဲ့သူ့ရဲ့အတွေးအခေါ်တွေက တစ်ထပ်တည်းဖြစ်သွားမှာ။ မင်းတို့နှစ်ယောက်ကြားမှာ တခြားဘာကွာခြားချက်မှ ရှိတော့မှာမဟုတ်ဘူး။ အဲဒီအခါကျရင် မင်းတို့က မတူညီတဲ့ စိတ်ခံစားချက်အောက်မှာရှိတဲ့ မတူညီတဲ့ ခန္ဓာကိုယ်နဲ့ လူတစ်ယောက်တည်းပဲဖြစ်သွားမှာ။ ဒါကြောင့် မင်းကိုနှိပ်စက်ရင် သူလည်း အတူတူခံစားရမှာပဲ”

“ဟုတ်တယ် ဟုတ်တယ်၊ အဲဒီသဘောတရားပဲ”

မြင်းခေါင်းက လိုက်အော်သည်။ တိကျန့်က စိတ်မဆိုးဘဲ လက်ဆစ်များကိုချိုးလိုက်ပြီး... “အုပ်စုဖွဲ့တိုက်ရင်တော့ ငါမင်းတို့ကို မနိုင်ဘူး၊ ဒါပေမဲ့ မင်းတို့ဒီလိုလုပ်ရင် ငါမင်းတို့တစ်ယောက်တည်းဖြစ်နေတဲ့ အခွင့်အရေးကို ရှာတွေ့မှာသေချာတယ်”

“ကောင်းပြီလေ... ဒါဆို ငါတို့နေ့တိုင်း အုပ်စုဖွဲ့နေမယ်၊ နေ့တိုင်းထမင်းစားပြီးရင် ဘာမှမလုပ်ဘူး၊ မင်းကိုပဲ ဝိုင်းရိုက်မယ်၊ ကောင်းလား”

သရဲနက်က ဟက်ဟက်ပက်ပက်ရယ်ရင်း ပြန်ပြောလိုက်သောအခါ တိကျန့်၏မျက်နှာလေး မည်းမှောင်သွားသည်။ သူက ခုနစ်နှစ်အရွယ်က တိကျန့်ဘုရားလောင်းပဲဖြစ်သေးတယ်၊ တိုက်ခိုက်ရေးစွမ်းရည်က သာမန်ပါပဲ... ဘယ်ကလေးက အရိုက်ခံရမှာ မကြောက်လို့လဲ။ ဒါနဲ့ တိကျန့်က ခေါင်းမော့ပြီး ယွီဟွေးဖေးကို ကြည့်လိုက်သည်။

“ငါ့ကိုမကြည့်နဲ့... အရင်က မင်းရဲ့အမှားပဲ။ မင်းတို့ဘုန်းကြီးတွေ အသားမစားတာက မင်းတို့ရဲ့ယုံကြည်ချက်။ မင်းက ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့် သူများကိုလည်း ယုံကြည်ခိုင်းလို့မရဘူးလေ။ ပိုပြီးတော့ သူများကို မင်းတို့လို အသားမစားခိုင်းလို့မရဘူး။ ငါက ယုံကြည်မှုလွတ်လပ်ခွင့်ကို ထောက်ခံတယ်၊ ဒါပေမဲ့ ဒါက သူများရဲ့ဘဝကို မထိခိုက်တဲ့အခြေအနေပေါ်မှာ တည်ဆောက်ထားတာ”

“သူက ဘယ်လိုတွေးနေလဲဆိုတာ ငါလည်းမသိဘူး... ကျိုးကြောင်းဆီလျော်မှုအရဆိုရင် အဲဒီလိုလုပ်တာက သူ့ရဲ့စရိုက်နဲ့လည်း မကိုက်ညီဘူး။ ပြီးတော့ ငါသိသလောက်တော့ ဟိုကောင်က တရားထိုင်နေတာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာပြီ၊ အပြင်ကို လုံးဝမထွက်ဖူးဘူး”

“အပြင်မထွက်ဖူးဘူး ဟုတ်လား”

“မင်း လိမ်မပြောနဲ့၊ အကြိမ်တိုင်း သူက ငါတို့အသားကို လာလုတယ်။ ဟိုကောင်ရဲ့အကျင့်ကို ငါတို့ ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတာ”

“ဟုတ်တယ်၊ ငါလည်းမြင်ခဲ့တယ်” ချွေ့ကျွယ်က ထောက်ခံသည်။

“ငါလိမ်မပြောပါဘူး၊ မင်းတို့လည်းသိတဲ့အတိုင်း သူငရဲပြည်ကိုသွားတာက တစ်ဖက်က မကျွတ်မလွတ်သေးတဲ့ တစ္ဆေဆိုးတွေကို ကယ်တင်ဖို့၊ နောက်တစ်ဖက်က တိတ်ဆိတ်အေးချမ်းစွာနေဖို့ပဲ။ သူ့ရဲ့စရိုက်ကသာ သူများကိစ္စတွေမှာ ဝင်စွက်ဖက်ချင်တယ်ဆိုရင် သူငရဲပြည်ကို ဘာလို့လာမှာလဲ။ နတ်ပြည်ကိုသွားမှာပေါ့။ ဟိုမှာ ပျော်စရာတွေ အများကြီး...”

ဒီစကားထွက်လာတော့ အားလုံးတိတ်ဆိတ်သွားကြသည်။ တိကျန့်က မာနကြီးပြီး လိမ်ညာပြောတတ်သူမဟုတ်ကြောင်း အားလုံးသိကြသည်။ ထို့အပြင် တိကျန့်ဘုရားလောင်းက အေးအေးဆေးဆေးနေတတ်သူဖြစ်ကြောင်းလည်း အားလုံးသိကြသည်။

“ဒါ... တကယ်ပဲ အထင်လွဲနေတာများလား” ယွီဟွေးဖေးက မေးလိုက်သည်။

“ဒါ... မဖြစ်သင့်ပါဘူး။ ငါတို့အသားနည်းနည်းချက်လိုက်တိုင်း ဟိုဘက်မှာ အိုးတည်လိုက်တာနဲ့ ဟိုဘုန်းကြီးရောက်လာတာပဲ။ ပြီးတော့ ငါတို့ခန္ဓာကိုယ်ကို တောင့်ခဲသွားအောင်လုပ်ပြီး ငါတို့အသားတွေကို အကုန်စားပစ်တာ။ သူ့ပုံစံကို ငါတို့အဲဒီအချိန်က ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတာ။ တစ်ကိုယ်လုံးက ဗုဒ္ဓျရာင်ဝါတွေနဲ့၊ သူ့ရဲ့စွမ်းအားက ဘုရားလောင်းအဆင့်ပဲ။ ငရဲပြည်တစ်ခုလုံးမှာ သူတစ်ယောက်ပဲ ဘုရားလောင်းရှိတာလေ၊ ဒါက မှားနိုင်ပါ့မလား”

“ဟုတ်တယ်၊ နှစ်ပေါင်းများစွာ အသားလုခံရတဲ့ ရန်ငြိုးက သူပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်”

“ငရဲပြည်တစ်ခုလုံးမှာ ဘုရားလောင်းအဆင့် ပညာရှင်ကြီးက တိကျန့်ဘုရားလောင်းတစ်ယောက်ပဲရှိတယ်။ သူလုပ်တာမဟုတ်ဘူးလို့ပြောရင်... ငါလည်းသိပ်မယုံဘူး။ ဒါပေမဲ့ သူ့စကားကလည်း လိမ်ညာပြောနေပုံမပေါ်ဘူး။ ဒီထဲမှာ တကယ်ပဲ အထင်လွဲမှုတစ်ခုခုရှိနိုင်တယ်”

ထို့နောက် လူတစ်စုလုံး အိပ်မပျော်တော့ဘဲ ယွီဟွေးဖေးရဲ့အခန်းထဲက ကုတင်ပေါ်မှာထိုင်ပြီး စဉ်းစားကြတော့သည်။ အချက်အလက်များကို ချင့်ချိန်ကြည့်သောအခါ အဖြေမှာ တစ်ခုတည်းသာရှိသည်။ ငရဲပြည်တွင် သူတို့မသိသော ဒုတိယ ဘုရားလောင်းအဆင့် ပညာရှင်တစ်ပါး ရှိနေပြီး ထိုသူက အသားစားရတာကို အလွန်နှစ်သက်သည်။ တိကျန့်က သူ့စကားမှန်ကြောင်း သက်သေပြရန် ကျိန်ဆိုနေသဖြင့် အားလုံးက သူ့ကို ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်နေကြပြီ။

“တော်ပြီ၊ ဆက်မပြောနဲ့တော့၊ ငါတို့အသားစားကြစို့”

“မစားဘူး၊ ဒီဟာတွေစားရင် ပျို့တယ်” တိကျန့်က ခေါင်းခါရင်းပြောသည်။

“မင်းရဲ့ကိုယ်အစစ်ကလည်း အသားမစားဘူးလား”

“ငါတို့က ဘုန်းကြီးတွေ၊ တချို့ဘုန်းကြီးတွေက အစပ်အဟပ်မရှောင်ပေမယ့် ငါတို့ကတော့ မစားဘူး”

“ဒီကောင်လေးက တော်တော်ဟန်ဆောင်ကောင်းတာပဲ”

“ဟန်ဆောင်တာမဟုတ်ဘူး၊ ခုနက ပြန်လာတုန်းက ရှေ့မှာထမင်းစားတော့ ဟင်းထဲမှာ အသားပါလို့ သူ မစားနိုင်ခဲ့ဘူး”

ယွီဟွေးဖေး၏စကားကြားတော့ အားလုံးတိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာတော့... “သောက်ကျိုးနည်း၊ ဘယ်သောက်တလွဲကောင်က တိကျန့်အယောင်ဆောင်ပြီး ငါတို့ကို လာနှောင့်ယှက်တာလဲ။ ငါတို့ နှစ်ထောင်ပေါင်းများစွာ ဆဲဆိုခဲ့တဲ့ တိကျန့်ဘုရားလောင်းက အလကားသက်သက် အဆဲခံခဲ့ရတာလား”

သရဲနက်က ဒေါသတကြီး ဆဲဆိုလိုက်သည်။ အခုတော့ အားလုံးက သူတို့အသားကိုလုတဲ့သူက တခြားတစ်ယောက်ဖြစ်မှန်း အခြေခံအားဖြင့် အတည်ပြုလိုက်ကြပြီ။ တိကျန့်ကလည်း အသားမစားဘူးဆိုတော့ သူတို့လည်း ဖုံးကွယ်ထားစရာမလိုတော့ဘဲ ပန်းကန်လုံးတစ်လုံးအပြည့်အသားကို ဝိုင်းဖွဲ့စားသောက်ကြတော့သည်။

စားသောက်ပြီးနောက် အားလုံးလူစုခွဲသွားကြသည်။ ယွီဟွေးဖေးက သုံးထပ်သို့တက်ပြီး ကျင့်ကြံသည်။ လေးနာရီကြာပြီးနောက် သူက ဆီးနှင်းဖုံးနေသော မြေပြင်သို့သွားပြီး ကိုယ်ကာယလေ့ကျင့်ခန်းလုပ်သည်။ နေ့ရက်တွေက တဖြည်းဖြည်းနဲ့ အေးအေးဆေးဆေးဖြစ်လာသည်။ မနက်ရောက်တော့ ယွီဟွေးဖေးက မနက်စာစားပြီး သင်္ချိုင်းကုန်းကို သန့်ရှင်းရေးသွားလုပ်သည်။ လျိုရှင်းကတော့ အနားမနေဘဲ ကောက်ညှင်းဆန်အရက်ချက်နည်းကို စတင်လေ့လာနေ၏။ ဒီအတွက် နွားခေါင်းတို့က အလွန်မျှော်လင့်နေကြပြီး သရဲနက်၊ဖြူတို့က ဘေးမှာကူညီပေးနေကြသည်။

တိကျန့်တစ်ယောက်တည်းသာ ဘေးမှာ “အရက်သောက်တာမကောင်းဘူး၊ အရက်သောက်ရင် အလုပ်ပျက်တယ်...” လို့ နေ့တိုင်းရေရွတ်နေသည်။ ဒါပေမဲ့ ဘယ်သူမှ သူ့စကားကိုနားမထောင်ကြဘူး၊ ပြီးတော့ ဒီကောင်က သံပြားတွေလိုက်ရှာပြီး ကိုယ့်အတွက် သံခမောက်တစ်ခုလုပ်ပြီး ခေါင်းပေါ်မှာ ဆောင်းထားလိုက်သည်။ သူလည်း အရိုက်ခံရမှာ ကြောက်နေပြီထင်သည်။

နေ့လယ်ရောက်တော့ ယွီဟွေးဖေး ပြန်ရောက်လာသည်။ ခြံထဲမှာ အားလုံးက ကောက်ညှင်းဆန်အရက်ချက်တဲ့အလုပ်နဲ့ အလုပ်များနေကြတာကိုကြည့်ပြီး သူလည်း စပ်စုချင်စိတ်ဖြစ်လာတယ်၊ ဒါပေမဲ့ ဒီလို ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို သူပိုပြီးသဘောကျသည်။ ထမင်းစားပြီးနောက် သူက စာအုပ်တစ်အုပ်ရှာပြီး လေးထပ်သို့တက်သွား၍ စာကြည့်တိုက်ထဲက စားပွဲရှေ့မှာ စုတ်တံကိုကိုင်၊ အသက်ကိုပြင်းပြင်းရှူပြီး စာအုပ်ကူးရေးတော့သည်။

ချွေ့ကျွယ်ကလည်း လိုက်လာပြီး ဘေးမှာရပ်ကြည့်ကာ ယွီဟွေးဖေးရဲ့စာရေးပုံကို ပြင်ဆင်ပေးသည်။ ယွီဟွေးဖေးရဲ့ခန္ဓာကိုယ်က ကျင့်ကြံမှုအဆင့်တက်လာပြီးနောက် ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်းက သိသိသာသာတိုးတက်လာ၏။ စာရေးလေ့ကျင့်တာလည်း သိသိသာသာမြန်လာပြီး မကြာခင်မှာပဲ လမ်းကြောင်းမှန်ပေါ်ရောက်လာသည်။

ဆီးနှင်းတွေ ရက်အနည်းငယ်ရပ်ပြီးတဲ့နောက် ပြန်ကျလာပြန်သည်။ ရွာထဲကလူတွေက နေ့တိုင်းလိုလို ဆီးနှင်းရှင်းနေကြရသည်။ ယွီဟွေးဖေးက သတင်းထဲမှာ ဆီးနှင်းတွေ တောင်ပိုင်းအထိကျနေပြီလို့ တွေ့လိုက်ရသည်။ တောင်ပိုင်းကအိမ်တွေက များသောအားဖြင့် အုတ်တစ်ထပ်ပဲဆောက်ကြပြီး ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိကြပေ။ ဆီးနှင်းတွေစုပုံလာတော့ အိမ်တော်တော်များများ ပြိုကျကုန်ကြသည်။

ယွီဟွေးဖေးက တီဗီထဲမှာ ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်၊ သူမက ထန်ယွမ်းပဲ။ သူမက ကယ်ဆယ်ရေးလုပ်ငန်းခွင်ထဲမှာ တစ်ယောက်တည်းနဲ့ တန်းတစ်ခုကို ထမ်းပြီး အတွင်းကလူတစ်ယောက်ကို ဆွဲထုတ်ဖို့ကြိုးစားနေ၏။

All Chapters