မခွဲခွာမီ ဆည်းဆာချိန်
Vol. 12 Ch. 171
“ကဲ... သွားကြမယ်ဟေ့၊ ပျော်ကြပါးကြစို့”
ယွီဟွေးဖေးသည် လူအများကို တစ်ချက်လှမ်းအော်နှိုးဆော်လိုက်ပြီးနောက် လျိုရှင်း၏လက်ကို ဆွဲကာ အပြင်သို့ ပြေးထွက်သွားလေ၏။ ထိုအခါ သူ့ဘေးတွင်ရပ်နေသော ချွေ့ကျွယ်က နွားကျောင်းသားကို လှမ်းမေးလိုက်သည်။
“ဟေ့ကောင်၊ မင်း ဘာလို့ သူ့ကို မတားတော့တာတုန်း။ သဘောပေါက်သွားပြီလား။ ငါမင်းကို ပြောမယ်၊ မင်းစောစောကတည်းက... ဟေ့ ဟေ့ ဟေ့...”
စကားမဆုံးမီ နွားကျောင်းသားသည် နဖူးကို ဖြောင်းခနဲရိုက်လိုက်ပြီး... “တယ်ဟုတ်ပါလား... ငါက ဒီကိစ္စကို မေ့နေတာကိုး။ အခုပဲ ငါသွားလိုက်မယ်။ တာဝန်ကို လုံးဝအလစ်ဟင်းမဖြစ်စေရဘူး”
ထိုသို့ပြောပြီးသည်နှင့် နွားကျောင်းသားသည် တရှိန်ထိုး ပြေးထွက်သွားလေတော့သည်။ ကျန်ရစ်ခဲ့သော ချွေ့ကျွယ်မှာ နဖူးမှချွေးသီးချွေးပေါက်များကို သုတ်ရင်း... “ဟို... သူ့ကိုသွားခိုင်းတာ ကျုပ်မဟုတ်ဘူးနော်။ ခင်ဗျားတို့ ကျုပ်အတွက် သက်သေလုပ်ပေးကြပါဦး...”
သို့သော် သူ့စကားကိုကြားမည့်သူ ဘေးတွင် တစ်ယောက်မျှမရှိတော့။ အားလုံး ကိုယ့်လမ်းကိုယ်သွားနှင့်ပြီ။ အိမ်နောက်ဘက်ခြံဝင်းထဲတွင်တော့ နွားခေါင်းနှင့်မြင်းခေါင်းတို့သည် အရှေ့ဘက်ခြံ၌ လူရှင်းနေသည်ကို မြင်သောအခါ လမ်းပေါ်ထွက်ရန်လည်း အဆင်မပြေသောကြောင့် သူတို့နှစ်ဦး၊ ရှောက်ထျန်းချန်၊ ဝက်ဖြူကြီးတို့ပေါင်းပြီး တောထဲသို့ တဟုန်ထိုး ဝင်သွားကြလေသည်။ သူတို့ပေးသော အကြောင်းပြချက်မှာ ‘တောဝက်ကင် သွားရှာတာ’ ဟူ၍။
နောက်ဆုံးတွင်တော့ အိမ်၌ ချွေ့ကျွယ်တစ်ယောက်တည်းသာ တောက်တဲ့မလေးလို ကျန်ရစ်ခဲ့ပြန်သည်။ သူသည် ခါးသီးစွာပြုံးလိုက်ရင်း အိမ်တံခါးမကြီးကိုတော့ မပိတ်ဘဲထားလိုက်၏။ အကြောင်းမှာ နှစ်သစ်ကူးချိန်ဖြစ်၍ မင်္ဂလာရှိသော ဓါတ်ကောင်းများ ဝင်လာစေရန် တံခါးဖွင့်ထားရသည် မဟုတ်ပါလား။
ထိုအချိန်တွင် လမ်းမပေါ်၌ ကလေးတစ်သိုက် ပြေးလွှားဆော့ကစားနေကြပြီ။ ထိုမျောက်မီးခဲ ကလေးများမှာ ဗြောက်အိုးဖောက်မည်ဆိုလျှင် လူများသောနေရာ၊ သို့မဟုတ် သူတစ်ပါး၏ ဝက်ခြံ၊ ကြက်ခြံများထဲသို့ ပစ်ထည့်တတ်ကြသည်။ သူတို့၏ လက်ဆော့မှုကြောင့် တစ်ရွာလုံး ကြက်ပျံမကျစည်ကားကာ ခွေးပြေးကြက်ပြေး ဖြစ်နေတော့သည်။
ယွီဟွေးဖေးသည် ထိုကိစ္စများကို ဖြေရှင်းရန် သွားခြင်းမဟုတ်။ သူသည် ခြင်္သေ့ဟိန်းသံကဲ့သို့ ကျယ်လောင်စွာ အော်လိုက်သည်။
“ဟေ့... ဝါကြီး၊ ဆယ့်သုံးတပ်ဖွဲ့တို့ အားလုံး စုကြဟေ့”
ထိုအသံအဆုံးတွင် လမ်းမတစ်လျှောက်လုံး ခွေးတွေချည်း ဖြစ်သွားတော့သည်။ ဤမျှများပြားသော ခွေးအုပ်ကြီးကို မြင်သောအခါ ကလေးများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး ယွီဟွေးဖေးအနားသို့ ပြေးလာကာ ဝိုင်းဖွဲ့ကြလေသည်။
လူအချို့က...
“ဟ... လွန်ခဲ့တဲ့ရက်ပိုင်းက ရွာကို ကမောက်ကမဖြစ်အောင်လုပ်တဲ့ကောင်က မင်းကိုး”
“အမယ်မင်း... ဒီလောက်ခွေးအုပ်ကြီးနဲ့... ခွေးတပ်ရဲ့ ဧကရာဇ်ပဲဟေ့” ...ဟု အော်ဟစ်ပြောဆိုနေကြသော်လည်း ယွီဟွေးဖေးကမူ ဂရုမစိုက်။ သူက ရယ်ကျဲကျဲဖြင့် ပြန်ပြောလိုက်သည်။
“ဧကရာဇ်ကို မရိုမသေထပ်လုပ်ရင် ခွေးလွှတ်ကိုက်ခိုင်းလိုက်မှာနော်”
ထိုသူမှာ ဟားတိုက်၍ ရယ်မောလေတော့သည်။ ထိုစဉ်မှာပင် ယွီဟွေးဖေးသည် လူသန်ကြီးတစ်ယောက် ပြေးလာနေသည်ကို လှမ်းမြင်လိုက်ရ၏။
“သောက်ကျိုးနည်း... ဒီကောင်ကြီး -ာက်ရမ်း ပြန်လာပြန်ပြီလား”
ယွီဟွေးဖေးသည် ထိုသို့ဆဲရင်း စွပ်ဖားပေါ်သို့ လှစ်ခနဲတက်လိုက်ကာ အားကုန်အော်ဟစ်လိုက်သည်။
“ငါ့ခွေးတပ်သားတို့... ပြေးကြဟေ့”
ဆယ့်သုံးဘုရင်ခံ ခွေးတပ်ဖွဲ့၏ ‘ဝုတ် ဝုတ်’ ဟူသော အော်သံများနှင့်အတူ စွပ်ဖားမှာ ရှေ့သို့ မြားတစ်စင်းကဲ့သို့ ပျံထွက်သွားလေသည်။ ယွီဟွေးဖေးနှင့် လျိုရှင်းကို ခွဲထုတ်ပြီး ညီအစ်ကိုဖြစ်သူအား မီးတွင်းထဲမှ ကယ်တင်ရန် အားခဲလာသော နွားကျောင်းသားမှာ ဝက်ဖြူကြီးကို ခေါ်မလာခဲ့သောကြောင့် ထိုခွေးတပ်ဖွဲ့ကို လိုက်မမီနိုင်တော့။ ဒေါသတကြီးဖြင့် ခြေဆောင့်ကာ ရင်ဘတ်ကိုထုရင်း အော်ဟစ်မြည်တမ်းနေတော့သည်။
“ညီလေးရာ... မင်းဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲကွာ။ အဲ့ဒါ မီးကျီတွင်းကြီးဟ... မီးကျီတွင်း။ သွေးနဲ့ရင်းခဲ့ရတဲ့ သင်ခန်းစာတွေပါကွာ... မင်း ငါ့စကားကို နားထောင်သင့်တယ်လေ”
နွားကျောင်းသားကို သိသော လူတစ်ယောက်က သူ့အဖြစ်ကိုကြည့်ပြီး ရယ်ကျဲကျဲဖြင့် မေးလာသည်။
“ညီလေး... မင်းဘာတွေပြောနေတာတုန်း။ ဘာမီးကျီတွင်းလဲကွ”
နွားကျောင်းသားက ထိုသူကို တစ်ချက်စွေကြည့်လိုက်ရာ သူ့ဘေးတွင် သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မျက်လုံးပြူးသွားပြီး ထိုသူကို ဘေးသို့ဆွဲခေါ်ကာ လေသံတိုးတိုးဖြင့်...
“ညီလေး... မင်းလည်း မီးကျီတွင်းထဲ ကျနေတာလား။ အိမ်ထောင်ပြုတယ်ဆိုတာ သုသာန်ပဲကွ။ မြန်မြန်သာ ပြန်တက်ခဲ့တော့”
ထိုလူ၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားပြီး... “-ီး စကားပြော” ... ဟုသာ တစ်ခွန်းတည်း ပြန်ပြောလိုက်တော့သည်။
...
ယွီဟွေးဖေးက လက်တစ်ဖက်ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။
“ခွေးတပ်သားအပေါင်းတို့... ဆက်ချီတက်ကြ”
‘ဝုတ်... ဝုတ်... ဝုတ်...’
ယွီဟွေးဖေးသည် ရွာအပြင်ဘက်တွင် တစ်ပတ်ပတ်လိုက်ပြီးနောက် နွားကျောင်းသား လိုက်မလာသည်မှာ သေချာမှ ရွာထဲသို့ ပြန်ဝင်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် ကလေးတစ်သိုက်နှင့် ခွေးတစ်အုပ်ကိုခေါင်းဆောင်ကာ တစ်ရွာလုံးကို ပတ်၍ ဗိုလ်ကျလေတော့သည်။ ကြက်မကြီးများ၊ ဘဲများ၊ ငန်းဖြူကြီးများမှာ သူတို့၏ ရန်ကြောင့် အချို့မှာ နံရံပေါ်သို့ တက်ပြေးကြရပြီး၊ အချို့မှာ အိမ်ထဲသို့ အလုအယက် ဝင်ပြေးကြရသည်။
ယနေ့သည် မီးဖိုစောင့်နတ်မင်းကြီး နတ်ပြည်ပြန်တက်သည့်နေ့ဖြစ်သောကြောင့် အိမ်တိုင်းလိုလိုတွင် ကောက်ညှင်းပေါင်းကဲ့သို့သော မုန့်များကို ပြုလုပ်ထားကြသည်။
အဘိုးကြီးစွန်း၏ အိမ်ရှေ့မှ ဖြတ်သွားသောအခါ အဘိုးကြီးက လှမ်းအော်သည်။
“ဟေ့... ယွီလေး... ကောက်ညှင်းပေါင်းလေး ဘာလေး လာစားဦးမလားကွ။ အခုလေးတင် ပေါင်းပြီးတာ”
ယွီဟွေးဖေးက ဟုတ်ကဲ့ဟု တစ်ခွန်းသာ ပြန်ဖြေပြီး ကလေးတစ်သိုက်နှင့်အတူ ထိုအိမ်ထဲသို့ ကျားသစ်တစ်ကောင်ကဲ့သို့ ဝင်ရောက်တိုက်ခိုက်လေတော့သည်။ အဘိုးကြီးစွန်းမှာ မျက်လုံးပြူးသွားပြီး သူ့ကိုယ်သူ နောင်တရကာ အော်ဟစ်တော့သည်။
“ချန်ထားကြဦးဟ... ချန်ထားကြဦး။ မနက်စာဟ... အဲ့ဒါ ငါ့မနက်စာ။ ဟာ... မင်းတို့ မျောက်လောင်းလေးတွေ... ဝါကြီး၊ မင်းက သခင်ကို သစ္စာဖောက်တဲ့ကောင်ပဲ။ ဟိုကောင်လေး စားပြီးတာတောင် မင်းက သူ့အတွက် ပါဆယ်ထုပ်ပေးနေသေးတယ်ဟုတ်လား”
ယွီဟွေးဖေးက ဟားတိုက်ရယ်မောရင်း “အဘိုး... အဘိုးရဲ့ ကောက်ညှင်းပေါင်းက တကယ်စားလို့ကောင်းတာပဲ။ သွားပြီဗျို့”
စကားဆုံးသည်နှင့် သူသည် ဝါကြီးကိုခေါ်၍ ပြေးထွက်သွားချိန် ဝါကြီး၏ ပါးစပ်ထဲတွင် ကောက်ညှင်းပေါင်းများ ပြည့်နေသော အိတ်တစ်လုံးကို ကိုက်ချီထားလေသည်။ လျိုရှင်းမှာ မရယ်ဘဲ မနေနိုင်တော့။
“ဘာလို့ အိမ်တိုင်းမှာ ကောက်ညှင်းပေါင်းတွေ ရှိနေတာလဲဟင်”
ယွီဟွေးဖေးက ရှင်းပြသည်။ “ငါတို့ အရပ်မှာက ဒီနေ့ဟာ မီးဖိုစောင့်နတ်မင်းကြီး နတ်ပြည်တက်တဲ့နေ့လေ။ ရှေးလူကြီးတွေပြောစကားအရဆိုရင် မီးဖိုစောင့်နတ်မင်းဆိုတာ ကျောက်စိမ်းဧကရာဇ်က လူ့ပြည်မှာ ထားတဲ့ သူလျှိုပဲ။ ဒီလူကြီးက လူတွေရဲ့ မီးဖိုချောင်ကိစ္စတွေအပြင် အစေခံနတ်နှစ်ပါးကိုပါ ခေါ်ထားသေးတယ်”
“တစ်ယောက်က ကောင်းမှုကုသိုလ်မှတ်တဲ့ အိုးကိုကိုင်ပြီး၊ နောက်တစ်ယောက်က မကောင်းမှုမှတ်တဲ့ အိုးကိုကိုင်တယ်။ ဒီအိုးနှစ်လုံးက လူတွေရဲ့ ကောင်းမှု၊ မကောင်းမှုကို စုဆောင်းတာပေါ့”
“ဒီနေ့ရောက်ရင် မီးဖိုစောင့်နတ်က ကျောက်စိမ်းဧကရာဇ်ဆီကို တိုင်တောဖို့ နတ်ပြည်ပြန်တက်ရတယ်။ ကောင်းတာရော မကောင်းတာရော အကုန်ပြောမှာ။ လူတွေက သူ့ပါးစပ်ကို ပိတ်ချင်တော့ မနက်စောစောထပြီး သူ့ကို အမွှေးတိုင်ပူဇော်ကြတယ်၊ စကားကောင်းတွေ ပြောကြတယ်၊ ဗြောက်အိုးဖောက်ပြီး ခမ်းခမ်းနားနား ပို့ဆောင်ကြတယ်။ အရေးကြီးဆုံးကတော့ ဒီကောက်ညှင်းပေါင်းပဲ။ ကောက်ညှင်းပေါင်းဆိုတာ ဘာလဲ။ သကြားလေ။ ပါးစပ်ထဲမှာ ချိုမြိန်တာတွေ စားထားရင် စကားပြောလည်း ချိုမြိန်တယ်ဆိုတဲ့ သဘောပေါ့”
“သူများပစ္စည်းယူထားရင် လက်တိုတယ်၊ သူများကျွေးတာစားထားရင် နှုတ်ပိတ်တယ် မဟုတ်လား။ ငါတို့ကျွေးတာ စားပြီးရင်တော့ စကားကောင်းလေးတွေတော့ ပြောရမှာပေါ့။ ဒါပေမဲ့ လူတွေမှာ မကောင်းတဲ့ အတွေးလေးလည်း ရှိသေးတယ်။ အဲ့ဒီကောက်ညှင်းပေါင်းက တိုင်တောမယ့်ကောင်ရဲ့ ပါးစပ်ကို ကပ်စေးနဲ့ ပိတ်ထားသလိုဖြစ်ပြီး စကားမပြောနိုင်တော့ရင် အကောင်းဆုံးလို့ မျှော်လင့်ကြတာပေါ့”
ဤအကြောင်းကိုကြားသောအခါ လျိုရှင်းမှာ ရယ်မောမိတော့သည်။ “ရှင့်တို့ဆီမှာတော့ အယူအဆတွေက တော်တော်များတာပဲနော်။ ကျွန်မတို့ဆီမှာတော့ ဒီလိုအရာတွေ မရှိတော့တာကြာပြီ”
စကားပြောနေစဉ်မှာပင် အိမ်ရှေ့သို့ ရောက်လာခဲ့သည်။ ယွီဟွေးဖေး အိမ်ထဲဝင်သွားသောအခါ ကလေးများမှာ အလိုလို လူစုခွဲသွားကြသည်။ အခြားအကြောင်းကြောင့်မဟုတ်၊ သင်္ချိုင်းကုန်းသည် အမင်္ဂလာဖြစ်သည်ဟု ယူဆသောကြောင့် လူကြီးများက ကလေးများကို သင်္ချိုင်းကုန်းထဲတွင် တစ္ဆေရှိသည်ဟု ခြောက်လေ့ရှိသည်။ ထိုသို့ဖြင့် ကလေးများမှာ မလာရဲကြတော့။ ဤသည်မှာ သင်္ချိုင်းကုန်းကို ကလေးများ၏ လက်ဆော့မှုမှ ကာကွယ်ရန်ဖြစ်သလို၊ ဤနေရာသည် ယင်ဓါတ်စုဝေးရာဖြစ်သောကြောင့် ကလေးများအတွက် မကောင်းသောကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် ဤနေရာသို့ရောက်လျှင် ကလေးများမှာ ယွီဟွေးဖေးနောက်သို့ မလိုက်တော့ဘဲ အခြားနေရာများသို့ သွား၍ ဆော့ကစားကြလေသည်။
ယွီဟွေးဖေးသည် အိမ်ထဲသို့ရောက်သည်နှင့်... “ညီအစ်ကိုတို့... ထမင်းစားကြမယ်ဟေ့” ဟု အော်ခေါ်လိုက်သည်။ သို့သော် တုံ့ပြန်သံမကြားရ။ ခဏအကြာမှ ချွေ့ကျွယ်ထွက်လာပြီး...
“မင်းတို့ နေ့လယ်လောက်မှ ပြန်လာမယ်ထင်နေတာ။ ဆန်ပြုတ်တော့ ပြုတ်ထားပြီးပြီ”
ယွီဟွေးဖေးက လက်ထဲမှ ကောက်ညှင်းပေါင်းကို ထုတ်ပြလိုက်ပြီး “ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ဆိုတော့ ကောက်ညှင်းပေါင်းပဲ စားလိုက်ကြတာပေါ့”
ထိုစဉ် တိကျန့်သည် သမ်းဝေကာ ထွက်လာရင်း “မင်းတို့ လူသားတွေက နေ့တိုင်း ဒီလောက်ဆူဆူညံညံလုပ်နေတာ မပျင်းဘူးလား”
ယွီဟွေးဖေးက သူ့ခေါင်းကို လက်ညှိုးဖြင့် တစ်ချက်ခေါက်၍ “မင်းလည်း လူသားပဲလေကွာ။ တစ်ချိန်လုံး ဝတ္ထုတွေဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားလောင်းကြီး ထင်မနေနဲ့။ မင်းက ကတုံးလေးပဲရှိသေးတယ်”
တိကျန့်သည် ယွီဟွေးဖေးကို မကျေမနပ်ကြည့်လိုက်သော်လည်း လျိုရှင်းကိုမြင်သောအခါ ‘ဟွန်း... ဟွန်း...’ ဟု နှစ်ချက်မြည်ပြီး ဆက်မပြောတော့ပေ။
မနက်စာစားပြီးနောက် ယွီဟွေးဖေးသည် လျိုရှင်းကိုခေါ်ကာ သင်္ချိုင်းကုန်းထဲတွင် သန့်ရှင်းရေးလုပ်လေသည်။ ယွီဟွေးဖေးက နှင်းကျုံးပြီး လျိုရှင်းက အုတ်ဂူများကို သုတ်သင်ရှင်းလင်းသည်။ တာဝန်ကိုယ်စီဖြင့် အလုပ်လုပ်ကြသည်။
နေ့လည်ရောက်သောအခါ နွားကျောင်းသား ပြန်ရောက်လာချိန် လမ်းလျှောက်ရင်း ကျိန်ဆဲလာသည်။
“မင်းက တကယ် အသုံးမကျတဲ့ကောင်ပဲ။ လိုတဲ့အချိန်ကျ ရှာမတွေ့ဘူး။ ပြောစမ်းပါဦး... မင်းက တောထဲမှာ ဘာသွားလုပ်နေတာလဲ။ မင်းရဲ့ ရည်းစားဟောင်းနဲ့ ချိန်းတွေ့ဖို့ စဉ်းစားနေတုန်းလား။ အိမ်က ဝက်ဖြူမကြီးကို မကြိုက်တော့ဘူးလား”
အကြောင်းမှာ နွားကျောင်းသားသည် ယွီဟွေးဖေးကို လိုက်မမီသောအခါ ဝက်ဖြူကြီးကို စီးပြီးလိုက်ရန် ပြန်လာရှာသော်လည်း ဝက်ကြီးကို ရှာမတွေ့တော့ပေ။ စုံစမ်းကြည့်မှ ဝက်ကြီးသည် တောင်ပေါ်တက်သွားကြောင်း သိရသည်။ တောဝက်ကို လိုက်ဖမ်းရင်း အချိန်ကုန်သွားပြီး ပြန်ရောက်လာသောအခါ ယွီဟွေးဖေးတို့ ပြန်ရောက်နှင့်နေပြီ။ ချစ်သူနှစ်ဦးကို ခွဲထုတ်ရန် အကောင်းဆုံးအခွင့်အရေးမှာ လက်လွတ်သွားခဲ့ပြီ။ ထို့ကြောင့် သူ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။
ထိုအဖြစ်ကိုမြင်သော ယွီဟွေးဖေးမှာ စိတ်ထဲတွင် ရယ်ချင်စိတ်ပေါက်လာသော်လည်း ခေါင်းကိုက်ရခြင်းက ပိုများနေသည်။ ဒီကောင်ကြီးတစ်ရက် မပြန်မချင်း သူကောင်မလေးတစ်ယောက်နှင့် ပျော်ပါးချင်တိုင်း သူခိုးတစ်ယောက်လို ချောင်းမြောင်းနေရပေဦးမည်။
နွားကျောင်းသား ပြန်ရောက်လာသောကြောင့် ယွီဟွေးဖေးသည် လျိုရှင်းနှင့် ဆက်လက်ကြည်နူးနေခြင်းကို အလိုလို ရပ်တန့်လိုက်သည်။ အကြောင်းမှာ သူတို့နှစ်ဦးကြားတွင် တံခါးချပ်ကြီးလို လူတစ်ယောက်က ကာဆီးနေသည်ဖြစ်စေ၊ တောက်ပသော မျက်လုံးကြီးတစ်စုံက စူးစိုက်ကြည့်နေသည်ဖြစ်စေ ထိုခံစားချက်မှာ အလွန်ပင် ကသိကအောက်နိုင်လှသည်။
ထို့အပြင် လျိုရှင်းကလည်း ချက်ပြုတ်ရဦးမည်။ ထို့ကြောင့် ယွီဟွေးဖေးသည် သီချင်းလေးတစ်အေးအေးဖြင့် ကုလားထိုင်ပေါ်တွင်လှဲကာ နေပူစာလှုံရင်း အေးဆေးစွာ ဇိမ်ယူနေလေသည်။
ထိုနေ့တွင်ပင် ရွာသူကြီး၏ အသံချဲ့စက်မှ ကြေညာသံကို ကြားလိုက်ရသည်။ “ရွာသူရွာသားအပေါင်းတို့... သတင်းကောင်းပါဗျို့။ လမ်းပေါ်က နှင်းတွေကို ရှင်းလင်းပြီးသွားလို့ ကားလမ်းပြန်ပွင့်သွားပါပြီ။ အပြင်ထွက်ချင်တဲ့သူတွေ ထွက်လို့ရပါပြီဗျို့”
ထိုသတင်းကိုကြားသည်နှင့် ယွီဟွေးဖေးသည် နံရံခြားနေသော်လည်း လူများ၏ အောင်ပွဲခံသံများကို ကြားနေရသည်။ ရွာထဲတွင် စားစရာသောက်စရာ မပူရသော်လည်း နေ့စဉ် မုန်လာဥ၊ မုန်ညင်း၊ အာလူးတို့ကိုသာ စားနေရသည်မှာ လူတိုင်း ငြီးငွေ့နေကြပြီ။ ယခု ကားလမ်းပွင့်ပြီဆိုသည်နှင့် လူအများအပြားမှာ မြို့ဟောင်းသို့သွားကာ ဈေးဝယ်ထွက်ရန် အချင်းချင်း ချိန်းဆိုကြတော့သည်။
တစ်ခဏအတွင်းမှာပင် ရွာထိပ်မှ မီးခိုးမည်းများထွက်နေသော ဘတ်စ်ကားလေးမှာ လူများဖြင့် ပြည့်ကျပ်သွားတော့သည်။ ဤသည်မှာ တရုတ်နိုင်ငံဖြစ်၍သာ တော်တော့သည်။ အကယ်၍သာ အိန္ဒိယနိုင်ငံသာဆိုလျှင် ကားခေါင်မိုးပေါ်တွင် လူနှစ်ထပ်လောက် မထိုင်မချင်း ကားထွက်နိုင်မည်မဟုတ်ပေ။
လူတိုင်း၏ ပျော်ရွှင်မှုကိုမြင်သောအခါ ယွီဟွေးဖေးလည်း စိတ်လှုပ်ရှားလာသည်။ ရှောက်ထျန်းချန်က အနားသို့ကပ်လာပြီး... “ဘာတွေကြည့်နေတာလဲ။ ကြည့်မနေနဲ့တော့။ ကြည့်နေလည်း မင်းအပြင်ထွက်လို့မှမရတာ။ ထွက်ပြန်ရင်လည်း ပိုက်ဆံရှိလို့လား”
ယွီဟွေးဖေး၏ ပါးစပ်ဖျားမှ ထွက်ကျလာမည့် အားကျစကားမှာ “အင်း...” ဟူသော သက်ပြင်းချသံအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် သူ ဘာတတ်နိုင်မည်နည်း။ တတိယထပ်တွင် ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်ကောင်းများ ထွက်ရှိနိုင်သော်လည်း ဤသို့ အေးခဲနေသော ရာသီဥတုတွင် ဖန်လုံအိမ်မရှိဘဲ ထုတ်ရောင်းလျှင် လူအများ၏ သံသယကို ခံရပေလိမ့်မည်။ ရှိလျှင်ပင် နေ့တိုင်း ရောင်း၍ မဖြစ်နိုင်။ ထို့ကြောင့် ယွီဟွေးဖေးသည် ထိုမြေကွက်လပ်ကိုကြည့်ကာ အားမလိုအားမရဖြင့် သက်ပြင်းသာ ချနေရတော့သည်။
ထိုစဉ်မှာပင် သရဲနက် ရောက်လာပြီး “ညီလေးယွီ... ရှောင်ရှင်းဆီမှာ ပြဿနာနည်းနည်းရှိနေပုံပဲ”
“ဘာပြဿနာလဲ”
“မင်းကိုယ်တိုင်ပဲ သွားကြည့်လိုက်တော့”
ယွီဟွေးဖေး ခေါင်းညိတ်ပြီး လျှောက်သွားလိုက်သည့်အခါ လျိုရှင်းသည် အခန်းထဲတွင် ဖုန်းပြောနေသည်ကို ကြားလိုက်ရသည်။ သူမ၏အသံမှာ ဝမ်းနည်းအားငယ်မှုနှင့်အတူ ခေါင်းမာပြီးနောက် ဖြစ်ပေါ်လာသော အားမလိုအားမရမှုတို့ ရောယှက်နေသည်။
“ပြီးရောပါ မေမေရယ်... ကျောင်းကိစ္စကို သမီးသိပါတယ်။ ပြောပြီးသွားပါပြီ။ သမီးတကယ်မပြန်ချင်သေးဘူး။ အဲ့ဒီလူတွေက အရမ်း... ဘယ်လိုပြောရမလဲ... အတွေးတွေ အရမ်းများတယ်... သိပါပြီ၊ ဟုတ်ပြီ ဟုတ်ပြီ... သိပါပြီ။ သမီးပြန်လာခဲ့ပါ့မယ်”
ယွီဟွေးဖေးသည် ကြားလိုက်သည်နှင့် သဘောပေါက်သွားသည်။ ဤသည်မှာ လျိုရှင်း၏ မိဘများက သူမကို အိမ်ပြန်ရန် တိုက်တွန်းနေခြင်းပင်။ စဉ်းစားကြည့်လျှင်လည်း မှန်ပေသည်။ မည်သည့်မိသားစုမဆို နှစ်သစ်ကူးချိန်တွင် မိသားစုစုံညီ ဖြစ်ချင်ကြသည်သာ။
ထိုအချိန်တွင် ယွီဟွေးဖေး၏ ဖုန်းလည်း မြည်လာသည်။ “သားလေး... သားတို့ဆီမှာ ဘယ်လိုလဲ။ ကားလမ်းပွင့်ပြီလား”
ယွီဟွေးဖေးက အပြင်ဘက်ကို ကြည့်ရင်း... “ပွင့်ပြီ အမေ။ အခုလေးတင်ပဲ။ ဘာဖြစ်လို့လဲ”
“ကားလမ်းပွင့်ရင် အိမ်ကို အမြန်ပြန်လာခဲ့။ နှစ်သစ်ကူးနေတာတောင် အမေက တိုက်တွန်းနေရဦးမှာလား”
‘ကျွန်တော်လည်း အိမ်ပြန်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ပြန်သွားရင် ဒီက ရှုပ်ထွေးနေတဲ့ ကိစ္စတွေကို ဘယ်လိုလုပ်မလဲ။’ ဟု ယွီဟွေးဖေး စိတ်ထဲမှ ပြောလိုက်သည်။
“ဘာလဲ။ ပြဿနာရှိလို့လား”
“ပြဿနာတော့ သိပ်မရှိပါဘူး။ သူဌေးလီက ခွင့်မပေးတာလေ။ နှစ်သစ်ကူးပိတ်ရက်က သုံးရက်ပဲရတာ။ လမ်းမှာတင် အချိန်ကုန်နေမှာ။ ပြီးတော့ ဒါက လူအများဆုံးခရီးသွားတဲ့အချိန်ဆိုတော့ လက်မှတ်ဝယ်ဖို့က ဘယ်လွယ်ပါ့မလဲ။ တောင်ပိုင်းမှာ နှင်းမုန်တိုင်းကျနေတော့ ရထားတော်တော်များများလည်း ရပ်ထားတယ်”