သေရည်တစ်ခွက်ဖြင့် အပူဖြေခြင်း
Vol. 12 Ch. 172
“ခဏစောင့်ဦး။ ကားရှိမရှိ အမေစစ်ကြည့်လိုက်မယ်”
ပြောပြီးသည်နှင့် ယွီဟွေးဖေး၏ အမေသည် ဖုန်းချသွားလေသည်။ ယခင်က သူမသည် ယွီဟွေးဖေး၏ ညီမဝမ်းကွဲလေးကို ခေါ်လာရန် စီစဉ်ထားသော်လည်း နှင်းမုန်တိုင်းကြီးကြောင့် လမ်းပိတ်သွား၍ အစီအစဉ်ကို ဖျက်လိုက်ရသည်။ ယခုမူ သားကို လွမ်းနေပုံရသည်။
အမှန်စင်စစ် ယွီဟွေးဖေးသည်လည်း သူ့မိဘများကို လွမ်းနေသည်။ သူ့မိဘများမှာ ရှေးဆန်သော လူကြီးများမဟုတ်။ သူ့အမေမှာ ခေတ်မီပြီး သူ့အဖေမှာလည်း စိတ်သဘောထား နုပျိုသော လူနောက်ကြီးတစ်ဦးဖြစ်သည်။ တစ်မိသားစုလုံး အတူရှိနေလျှင် နေ့တိုင်း ပျော်စရာကောင်းသည်။ အချိန်အတော်ကြာ မတွေ့ရလျှင် မည်သူက အိမ်ကို မလွမ်းဘဲ နေနိုင်မည်နည်း။
ယွီဟွေးဖေးသည်လည်း ဖုန်းကိုကိုင်ကာ ရထားလက်မှတ်ကိစ္စများကို ရှာဖွေကြည့်ရှုနေမိသည်။ ရလဒ်မှာတော့ ထင်သည့်အတိုင်းပင်...
“ငါ့သားဆိုးလေး... မင်းတကယ်ပြန်လာလို့ မရတော့ဘူးထင်တယ်” အမေ့၏အသံထဲတွင် သက်ပြင်းချသံ ပါနေသည်။
“ဟုတ်တယ် အမေ။ လေယာဉ်လက်မှတ်ဈေးတွေက အဆမတန်တက်နေပြီး ရထားတွေကလည်း တော်တော်များများ ရပ်ထားတယ်။ တောင်ပိုင်းသွားတဲ့ ရထားက လက်ကျန်နည်းနည်းပဲရှိတော့တာ။ အဲ့ဒါတွေကလည်း ရောင်းကုန်သွားတာ ကြာပြီ”
“အေးပါကွယ်... နှင်းမုန်တိုင်းပြီးမှပဲ ပြန်လာတော့။ ထားလိုက်ပါတော့။ မင်းလည်း ခွင့်ရက်မရှိလောက်ဘူး။ အားတဲ့အခါ အမေနဲ့ မင်းအဖေ လာခဲ့မယ်။ ကိုယ့်ဘာသာ အဲ့မှာ နှစ်ကူးရင် ဂရုစိုက်နော်။ စားသင့်တာစား၊ သောက်သင့်တာသောက်။ ပိုက်ဆံမရှိရင် အိမ်ကိုလှမ်းပြော”
ယွီဟွေးဖေး ဘာပြန်ပြောနိုင်မည်နည်း။ သူလည်း ပြောချင်သည်သာ။ ပြဿနာမှာ ပါးစပ်က မဟနိုင်ခြင်းပင်။ သူသည် အရွယ်ရောက်ပြီးသော လူငယ်တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ဘွဲ့ရပြီးပြီ။ မိဘကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြု၍ မဖြစ်တော့ပေ။
ဖုန်းကို မနဲပြောဆိုပြီး ချလိုက်ပြီးနောက် ယွီဟွေးဖေးသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ မိဘကိုတော့ ရှင်းပြပြီးသွားပြီ။ ထို့နောက် သူသည် လျိုရှင်း၏ အခန်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး အလိုလို ပြုံးလိုက်မိသည်။
တောင်ပိုင်းသွားမည့် ရထားများအားလုံးနီးပါး ရပ်ထားပြီး ကျန်သည့်ခရီးစဉ်အနည်းငယ်မှာလည်း ရောင်းကုန်သွားပြီ။ လေယာဉ်များမှာလည်း ထိုဘက်သို့ မပျံသန်း။ ဤအခြေအနေတွင် ထိုကောင်မလေး မည်သို့ ပြန်နိုင်မည်နည်းဟု သူယုံကြည်နေမိသည်။
သို့သော် ထိုစဉ်မှာပင် လျိုရှင်းသည် အခန်းထဲမှ ထွက်လာပြီး မျက်နှာငယ်လေးဖြင့်... “သူဌေးယွီ... ကျွန်မပြန်ရတော့မယ်ထင်တယ်”
ယွီဟွေးဖေးမှာ အံ့အားသင့်သွားပြီး... “ဘာဖြစ်လို့လဲ။ လေယာဉ်တွေအများကြီး မပျံတော့ဘူးလေ။ မင်းဘယ်လိုပြန်မှာလဲ။ ရထားလက်မှတ်လည်း ဝယ်လို့မရလောက်ဘူးမလား”
လျိုရှင်းက သက်ပြင်းချရင်း... “ကံကောင်းသွားတာ။ ကျွန်မအဖေက လက်မှတ်ရှာဝယ်ပေးတာ။ တစ်ခါတည်းနဲ့ ရသွားတယ်”
ထိုစကားကိုကြားသောအခါ ယွီဟွေးဖေး၏ နဖူးတွင် သွေးကြောများ ထောင်ထလာတော့သည်။ ‘သောက်ကျိုးနည်း... ဒီလူကြီးကံ ဘယ်လောက်တောင် ကောင်းနေရတာလဲ။ ကံတရားရဲ့ ဧကရာဇ်များလား’
“ဒါ... ဒါနဲ့ ဘယ်နေ့လက်မှတ်လဲ” ယွီဟွေးဖေးသည် မခွဲခွာလိုသောစိတ်ဖြင့် မေးလိုက်သည်။
“မနက်ဖြန်လေ။ မနက်ဖြန်နေ့လယ် လေယာဉ်လက်မှတ်”
ယွီဟွေးဖေး ခဏတာ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ... “ဒါဆို... မနက်ဖြန် လိုက်ပို့ပေးမယ်လေ”
“အင်း...” လျိုရှင်းက ခေါင်းညိတ်ပြလိုက်သည်။
လျိုရှင်း အိမ်ပြန်တော့မည်ဟူသော သတင်းသည် နဝမဆောင်တစ်ခုလုံးကို ထူးဆန်းသော တိတ်ဆိတ်ခြင်း လွှမ်းခြုံသွားစေသည်။ မိန်းမများကို အလွန်မုန်းတီးသော ကတုံးလေးနှင့် လျိုရှင်းကို မည်သို့နှင်ထုတ်ရမည်ကို နေ့စဉ်ကြံစည်နေသော နွားကျောင်းသားပင် အံ့အားသင့်ကာ ငြိမ်သက်သွားသည်။ ထိုတစ်နေ့လုံး သူတို့နှစ်ဦးသည် နဝမဆောင်၏ ပတ်ဝန်းကျင်အခြေအနေ မဟန်ကြောင်း သိသာစွာခံစားမိသောကြောင့် မည်သည့်ပြဿနာမှ မရှာဝံ့ကြတော့ပေ။
ညရောက်သောအခါ ယွီဟွေးဖေးသည် လျိုရှင်းကိုခေါ်ကာ အိမ်ခေါင်မိုးပေါ်သို့တက်ပြီး ကောင်းကင်မှ ကြယ်များကို ကြည့်ရှုနေကြသည်။ သူတို့နှစ်ဦးကြားတွင် ပြောစရာစကားများများစားစားမရှိ။ နေ့စဉ်အတူရှိနေကြသည်ဖြစ်၍ ပြောသင့်သောစကားများမှာ ပြောပြီးသားပင်။ ထိုသို့ပင် သူတို့နှစ်ဦး တိတ်ဆိတ်စွာ ထိုင်နေကြသည်။
အတန်ကြာမှ ယွီဟွေးဖေးက... “ရှောင်ရှင်း... နင်... နင်တို့အိမ်အခြေအနေက ဘယ်လိုရှိလဲ။ ငါ့အိမ်အခြေအနေကိုတော့ မြင်တဲ့အတိုင်းပဲ၊ ဆင်းရဲလွန်းလို့ တဂွမ်းဂွမ်းမြည်နေတာ”
လျိုရှင်းက နှုတ်ခမ်းလေးကိုစေ့ကာ ပြုံးလိုက်ပြီး... “ငါတို့အိမ်ကလား... အင်း... သာမန်မိသားစုတစ်ခုပါပဲ။ အရမ်းချမ်းသာတာမျိုးတော့ မဟုတ်ပေမယ့် ငွေရေးကြေးရေးတော့ မခက်ခဲပါဘူး။ ကျွန်မအတွက် အသုံးစရိတ်လေးတွေ ပေးနိုင်ပေမယ့် အရမ်းတော့ သုံးဖြုန်းလို့မရဘူးပေါ့။ ခြုံပြောရရင်တော့ ပျော်ရွှင်တယ်လို့ ဆိုနိုင်ပါတယ်”
ယွီဟွေးဖေး ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မကျေမနပ်ဖြင့်... “နင့်အဖေကံ ဘာလို့အဲ့လောက်ကောင်းနေရတာလဲ”
‘ကောင်း’ ဟူသော စကားလုံးကို အံကြိတ်၍ ပြောလိုက်ခြင်းဖြစ်သည်။ ယွီဟွေးဖေးမှာ လူကိုက်ချင်စိတ် ပေါက်နေပြီ။ ဤသည်မှာ လူအများဆုံးခရီးသွားချိန်ဖြစ်ပြီး နှင်းမုန်တိုင်းကြီးနှင့်လည်း ကြုံနေရသည်။ ရထားနှင့် လေယာဉ်များစွာ ဖျက်သိမ်းထားသည့်ကြားက သူ့အဖေက လက်မှတ်ဝယ်နိုင်ခဲ့သည်။ ဤကံကောင်းမှုမှာ သာမန်မဟုတ်တော့ပေ။
လျိုရှင်း၏ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားပြီး... “သူက အမြဲတမ်း ကံကောင်းတတ်ပါတယ်”
ထိုစကားပြောပြီးနောက် ဘာမှဆက်မဆိုတော့ဘဲ သူတို့နှစ်ဦး ကြယ်များကို ဆက်လက်ကြည့်ရှုနေကြသည်။
နောက်တစ်နေ့ မနက်စောစောတွင် ယွီဟွေးဖေးသည် ခြံရှေ့၌ လျိုရှင်းကို စောင့်နေသည်။ လျိုရှင်းသည် ခရီးဆောင်အိတ်ကြီးကိုဆွဲကာ ထွက်လာပြီး ခြံထဲတွင်ရှိနေသော ချွေ့ကျွယ်၊ သရဲနက်နှင့် သရဲဖြူ၊ ရှောက်ထျန်းချန်၊ ကိုရင်လေး၊ နွားကျောင်းသားနှင့် ဝက်ဖြူကြီး၊ ထို့အပြင် လည်ပင်းရှည်ကြီးများဆန့်တန်းကာ အစာရှာနေသော ငန်းဖြူကြီးသုံးကောင်နှင့် ယွီဟွေးဖေးတို့ကို ကြည့်လိုက်သည်။
“အားလုံး ရောက်နေကြတာပဲလား”
လျိုရှင်းသည် ထိုသို့ပြောပြီးနောက် ခေါင်းငုံ့လိုက်သည်။ သူမ၏ ကြည်လင်သော မျက်ဝန်းကြီးများထဲတွင် နှုတ်မဆက်လိုသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ထိုစဉ် သရဲနက်က မေးလိုက်သည်။ “ရှောင်ရှင်း... မင်းက အရေးပေါ်ပြန်ရတာဆိုတော့ နောက်ပိုင်းပြန်လာဦးမှာ မဟုတ်လား”
ထိုစကားကိုကြားသောအခါ လူတိုင်းမှာ လည်ပင်းများဆန့်တန်းကာ အဖြေကောင်းကို မျှော်လင့်နေကြသည်။ သို့သော် လျိုရှင်းမှာ ခေါင်းငုံ့ထားရင်း စကားမပြောပေ။
ဤမြင်ကွင်းကြောင့် ယွီဟွေးဖေး၏ ရင်ထဲတွင် ‘ဒိန်း’ ခနဲ ဖြစ်သွားသည်။
“နင်...”
“နောက်နေ့ရက်တွေ အများကြီးရှိပါသေးတယ်။ ဆုံတွေ့ကြမှာပါ”
လျိုရှင်းက ပြုံး၍ပြောလိုက်သည်။ သို့သော် ယွီဟွေးဖေးတို့မှာ မပြုံးနိုင်ကြ။ ထိုစကား၏ အဓိပ္ပါယ်မှာ နောင်တွင် ပြန်ဆုံရန် ခက်ခဲပြီဟု ဆိုလိုနေသလား။
ယွီဟွေးဖေးသည် လျိုရှင်းကို ခရီးသည်တင်ကားပေါ်သို့ လိုက်ပို့ပေးသည်။ သူတို့နှစ်ဦး စွပ်ဖားမစီးကြပေ။ အကြောင်းမှာ မြို့လမ်းမကြီးများပေါ်မှ နှင်းများကို ရှင်းလင်းထားပြီးဖြစ်၍ နှင်းမရှိသောနေရာတွင် စွပ်ဖားမှာ ပြေးမရသောကြောင့် ဖြစ်သည်။ ထို့အပြင် မြို့ထဲတွင် စွပ်ဖားစီးခြင်းကိုလည်း တားမြစ်ထားသည်။
ခရီးသည်တင်ကားကြီးမှာ ရွာထဲမှ အဘိုးကြီးဟယ်တို့ မိသားစုက ကန်ထရိုက်ယူထားခြင်းဖြစ်သည်။ ကားမှာ သက်တမ်းရင့်နေပြီဖြစ်သော တစ်ပတ်ရစ်ကားဖြစ်ပြီး မောင်းလိုက်သည်နှင့် မီးခိုးမည်းများ တလူလူထွက်နေသည်။ ကားမှာ လေလုံကားမဟုတ်၊ ပြတင်းပေါက်များကို ဖွင့်ချနိုင်သောကြောင့် ဆေးလိပ်သောက်သူအများအပြားမှာ ပြတင်းပေါက်နားတွင်ထိုင်ကာ အေးစက်သောလေကိုခံရင်း တစ်ဖက်မှ နှာရည်ယိုကာ တစ်ဖက်မှ ဆေးလိပ်ဖွာရင်း ကြွားဝါပြောဆိုနေကြသည်။
နောက်ဆုံးတန်းတွင် ယွီဟွေးဖေးသည် လျိုရှင်းကို ပြတင်းပေါက်ဘေးတွင် ထိုင်စေပြီး သူက အပြင်ဘက်တွင်ထိုင်ကာ တိုးဝှေ့လာသော လူများကို ကာပေးထားသည်။ တစ်စီးတည်းသာရှိသော လိုင်းကားဖြစ်သောကြောင့် လူတိုင်းမှာ မြို့ထဲသို့ အလုအယက်သွားချင်နေကြပြီး လူများမှာ ပုရွက်ဆိတ်အုံကဲ့သို့ ပြည့်ကျပ်နေသည်။ ယွီဟွေးဖေး စောစောလာ၍ နေရာဦးထားသောကြောင့်သာ တော်တော့သည်။ သို့မဟုတ်လျှင် သူတို့နှစ်ဦးလည်း လူအုပ်ကြားထဲတွင် ညပ်နေပေလိမ့်မည်။
တစ်နာရီခွဲခန့်အကြာတွင် ကားသည် တောင်တန်းကြီးများကို ကျော်ဖြတ်ကာ မြို့ဟောင်းထဲသို့ ဝင်ရောက်လာသည်။ အပြင်ဘက်မှ ကားများရှုပ်ထွေးနေမှုနှင့် မြင့်မားသော တိုက်တာအဆောက်အအုံများကိုကြည့်ရင်း ယွီဟွေးဖေးနှင့် လျိုရှင်းတို့နှစ်ဦးလုံးမှာ သက်ပြင်းတစ်ပြိုင်နက် ချမိကြပြီး သူတို့၏ မျက်ဝန်းများမှာ ဝေဝါးနေသည်။ ယခင်က ဖြတ်သန်းခဲ့ရသမျှ အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ပင်။
“တကယ်ပဲ အိပ်မက်မက်နေရသလိုပဲနော်...”
“အင်း...”
ဘူတာရုံသို့ရောက်သောအခါ ယွီဟွေးဖေးသည် လျိုရှင်းကို ဘူတာရုံထဲသို့ ပို့ဆောင်ပြီးနောက် တံခါးဝတွင် ငေးမောကာ ရပ်နေမိသည်။ လျိုရှင်းသည် လုံခြုံရေးဂိတ်ကို ဖြတ်ကျော်လုဆဲဆဲ အချိန်တွင် ယွီဟွေးဖေး မအောင့်နိုင်တော့ဘဲ လှမ်းအော်လိုက်သည်။
“ရှောင်ရှင်း... နောက်... ဘယ်တော့ပြန်လာမှာလဲဟင်”
လျိုရှင်းသည် ယွီဟွေးဖေးဘက်သို့ လှည့်ကြည့်ကာ ခပ်ဖွဖွပြုံးလိုက်ပြီး... “အင်း... ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာမှာပါ” ဟု ပြောလိုက်သည်။ သို့သော် သူမ လှည့်ထွက်သွားသောအခါ ယွီဟွေးဖေးသည် သူမငိုနေသည်ကို မြင်လိုက်ရသလိုပင်။
ယွီဟွေးဖေးသည် လျိုရှင်း၏ စိတ်နေစိတ်ထားကို သိသည်။ သူမသာ တိကျသောသတင်းတစ်ခုခု ရှိခဲ့လျှင် ပြောပြပေလိမ့်မည်။ သူမ မပြောခြင်းမှာ သူမကိုယ်တိုင်လည်း မသိသောကြောင့်ပင်။
လျိုရှင်းကို နှုတ်ဆက်ပြီးနောက် ယွီဟွေးဖေးသည် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ဘူတာရုံတံခါးဝတွင် အားရပါးရ ရှိုက်ဖွာနေမိသည်။ သူ့စိတ်အစဉ်မှာ လုံးဝမကြည်လင်၊ အလွန်ပင် မကျေမနပ်ဖြစ်နေသည်။
အပြန်လမ်းတွင် ယွီဟွေးဖေးသည် အရက်ဆိုင်တစ်ဆိုင်မှ အရက်သုံးပုံးဝယ်လိုက်သည်။ သို့သော် စင်တစ်ခုရှေ့မှ ဖြတ်သွားသောအခါ သူရုတ်တရက် ငြိမ်သက်သွားသည်။
“သူဌေး... ဒီဆန်အရက်က ဘယ်လိုရောင်းလဲ”
ယွီဟွေးဖေးသည် ဆန်အရက်ဟု စာတန်းချိတ်ထားသော အရက်အိုးကြီးကို ညွှန်ပြ၍ မေးလိုက်သည်။ ဆိုင်ရှင်မှာ ဝတုတ်တုတ်လူတစ်ယောက်ဖြစ်ပြီး ထိုစကားကိုကြားသောအခါ ရယ်မောရင်း... “ညီလေးက ဒါကို ကြိုက်သလား။ အမှန်အတိုင်းပြောရရင် ကျုပ်တို့ အရှေ့မြောက်ပိုင်းကလူတွေက သိပ်မသောက်တတ်ကြဘူး။ ဒီပစ္စည်း ငါ့ဆီမှာ နှစ်နှစ်လောက်ရှိနေပြီ။ လုံးဝရောင်းမထွက်ဘူး... သူတို့တွေက ဒါကို ရေလို့ပြောကြတယ်”
ထိုဝတုတ်မှာ အလွန်စကားများသူဖြစ်သည်။ ယွီဟွေးဖေးက ဘယ်လိုရောင်းသလဲဟု တစ်ခွန်းသာမေးလိုက်သည်ကို သူက အဆက်မပြတ် ပြောဆိုနေတော့သည်။
“ဒါပေမဲ့ ညီလေး၊ ဒီအရက်ကို အထင်မသေးနဲ့နော်။ ငါအရင်က ငါ့သူငယ်ချင်းနဲ့ သောက်ဖူးတယ်။ သောက်တုန်းကတော့ ရေလိုပဲ။ ဒါပေမဲ့ မူးသွားတဲ့အခါ လုံးဝမှတ်ဉာဏ်မရှိတော့ဘူး။ ဒီပစ္စည်းက လေထိရင် လဲကျသွားတတ်တယ်၊ တော်တော်ပြင်းတာ”
ယွီဟွေးဖေးကမူ ဤပစ္စည်း ကောင်းသလား မကောင်းသလားကို စိတ်မဝင်စား။ သူစိတ်ဝင်စားသည်မှာ ထိုအတိတ်က မှတ်ဉာဏ်တစ်ခုသာ။
“အကုန်လုံး ယူသွားလိုက်မယ်။ ကားပေါ်တင်ပေးလို့ရမလား”
ထိုဝတုတ်မှာ သူ့လက်ထဲမှ နှစ်ရှည်လများ ရောင်းမထွက်သောပစ္စည်းများ နောက်ဆုံးတွင် ထွက်သွားတော့မည်ကို သိသောအခါ အလွန်ပျော်ရွှင်စွာဖြင့်... “ရတယ်၊ ရတယ်။ မင်းအိမ်အထိ လိုက်ပို့ပေးလို့တောင် ရသေးတယ်”
ယွီဟွေးဖေး၏ မျက်လုံးများမှာ အရောင်လက်သွားပြီး... “ခင်ဗျားပြောတာနော်”
မကြာမီ....
“ညီလေး... ဘယ်လောက်ဝေးသေးလဲဟင်”
“ရောက်တော့မှာပါ”
“မြို့ထဲက ထွက်ကတည်းက မင်းဒီလိုပဲပြောနေတာ။ နာရီဝက်ရှိနေပြီ”
“တကယ်ရောက်တော့မှာပါ”
“တိတိကျကျပြောစမ်းပါ”
“နောက်တစ်နာရီလောက်မောင်းရင် ရောက်ပြီ”
“ငါ... #¥%#&” ဝတုတ်၏ စိတ်ထဲတွင် အလွန်ပင် ခါးသီးနေတော့သည်။ အိမ်သို့ရောက်သောအခါ ဝတုတ်သည် ယွီဟွေးဖေးကို အရက်များချပေး၏။
“သူဌေး... ခင်ဗျားမျက်နှာက သိပ်မကောင်းဘူးနော်”
ဝတုတ်က ငိုသံဖြင့်... “ငါပြုံးနိုင်မယ်လို့ မင်းထင်နေလား”
ယွီဟွေးဖေးက သူ့ပခုံးကိုပုတ်ကာ ဆေးလိပ်တစ်လိပ်ကမ်းပေးရင်း... “တော်ပါ... ဝမ်းမနည်းပါနဲ့တော့။ ကျွန်တော်အာမခံတယ်၊ နောက်ဆို အရက်ဝယ်ရင် ခင်ဗျားဆိုင်မှာပဲ ဝယ်ပါ့မယ်”
“အစ်ကိုကြီး... ကျွန်တော့်ကို လွှတ်ပေးပါတော့။ တာ့တာ”
ဝတုတ်သည် လက်ဝှေ့ယမ်းနှုတ်ဆက်ကာ ကားပေါ်သို့လှည့်တက်ပြီး မောင်းထွက်သွားတော့သည်။ ယွီဟွေးဖေး နောက်မှပြောလိုက်သော ‘ခင်ဗျားလိုက်ပို့စရာမလိုတော့ပါဘူး’ ဟူသော စကားကိုပင် ကြားလိုက်ဟန်မတူ။
ဝတုတ်ထွက်သွားသည်ကို ကြည့်ရင်း ယွီဟွေးဖေးသည် ခေါင်းခါလိုက်ပြီး သူဆိုင်မှယူလာသော နာမည်ကတ်ပြားလေးကို ကြည့်လိုက်သည်။
‘စမ်းရေကြည် အရက်ဆိုင်’
“ဆက်သွယ်လို့ရရင် ပြီးတာပါပဲ...”
ယွီဟွေးဖေးသည် ခေါင်းခါကာ တံခါးမကြီးကိုတွန်းဖွင့်ပြီး နဝမထပ်ထဲသို့ ဝင်ရောက်လာသည်။ ထိုအခိုက်အတန့်တွင် အေးစက်သောလေများ တိုက်ခတ်လာပြီး နဝမဆောင်သည် ယခင်ကလောက် မစည်ကားတော့ဘဲ အေးစက်နေသည်ဟု သူခံစားလိုက်ရသည်။
နွားခေါင်းနှင့်မြင်းခေါင်းတို့သည် ခြံထဲတွင် ထိုင်နေကြသည်။ နွားခေါင်းမှာ နေပူစာလှုံနေသည်။ သူ၏ ဘီယာပုလင်းအရွယ် မျက်မှန်နက်ကြီးမှာ ရှိနေဆဲဖြစ်သော်လည်း လူမှာ လုံးဝလန်းဆန်းမှုမရှိ။ မြင်းခေါင်းမှာမူ ခြေမကို ကုတ်ခြစ်နေသည်။
ချွေ့ကျွယ်မှာ စာလေ့ကျင့်နေပြီး၊ ရှောက်ထျန်းချန်မှာ ကျောက်တုံးကြီးတစ်ခုပေါ်တွင် မှောက်ကာ နေပူစာလှုံနေသည်။ နွားကျောင်းသားမှာ ဝက်ဖြူကြီး၏ သန်းရှာပေးနေ၏။ သရဲနက်နှင့် သရဲဖြူတို့မှာ နံရံပေါ်တွင်ထိုင်ကာ ဘာကိုကြည့်နေမှန်းမသိ။ တိကျန့်မှာမူ စာအုပ်တစ်အုပ်ကိုကိုင်ကာ မျက်လုံးများမှာ ငေးငိုင်နေသည်။
လူများမှာ ထိုလူများပင်ဖြစ်သော်လည်း လူတစ်ယောက်နည်းသွားရုံဖြင့် ဤအိမ်ကြီးမှာ နေရောင်ခြည်ပြင်းထန်နေစေကာမူ ရုတ်တရက် အေးစက်ခြောက်ကပ်သွားသလိုပင်။
“အဟမ်း... အဟမ်း... လူကြီးမင်းတို့၊ ကျွန်တော် အရက်တွေအများကြီး ဝယ်လာတယ်” ထိုစကားကိုကြားသောအခါ လူတိုင်းမှာ မော့ကြည့်လာကြသည်။
“နည်းနည်းလောက် သောက်ကြမလား”
လူတိုင်းခေါင်းညိတ်ပြကြသည်။ ထိုတစ်နေ့တွင် အားလုံး အရက်သောက်ကြသည်။ ယွီဟွေးဖေးမှာ အများဆုံးသောက်သူဖြစ်သည်။ ဝတုတ်ပြောသည့်အတိုင်းပင် ဆန်အရက်မှာ အရသာပေါ့ပြီး ပထမဆုံးသောက်သူအတွက် ရေသောက်ရသလိုပင်။ အရသာမရှိဟု ခံစားရသည်။ ယွီဟွေးဖေး၊ နွားကျောင်းသား၊ နွားခေါင်းတို့အားလုံးမှာ ထိုသို့ပင် ခံစားခဲ့ကြရသည်။
သို့သော် သောက်ရင်းသောက်ရင်းနှင့် လူတိုင်းမှာ ခေါင်းထဲတွင် မူးနောက်နောက်ဖြစ်လာပြီး စိတ်များမှာ တက်ကြွလာကြသည်။
လူတိုင်းမှာ တဖြည်းဖြည်း စိတ်လှုပ်ရှားလာကြသော်လည်း တစ်စုံတစ်ယောက်မှာမူ ကြောက်ရွံ့နေသည်။ တိကျန့်သည် ထောင့်တစ်နေရာတွင် ပုန်းကာ ကောက်ရိုးများဖြင့် သူ့ကိုယ်သူဖုံးအုပ်ရင်း တုန်တုန်ယင်ယင်ဖြစ်နေ၏။ မကြာမီမှာပင် ခြံထဲတွင် ရင်းနှီးသော အသံများ ထွက်ပေါ်လာတော့သည်။
“မိုင်ရှစ်ရာ အမြန်ချော”
“ပြောမလား၊ မပြောဘူးလား...”
“နင်က ရင်ဘတ်ပြားတဲ့ အဘွားကြီး... @#¥...”
...
ထိုတစ်ညလုံး နဝမဆောင်တစ်ခုလုံးမှာ ရှုပ်ထွေးပွေလီနေပြီး လူတိုင်းမှာ မိမိတို့၏ နည်းလမ်းအသီးသီးဖြင့် တစ်စုံတစ်ခုကို ထုတ်ဖော်ပေါက်ကွဲနေကြသည်။ နောက်တစ်နေ့မနက်တွင် ယွီဟွေးဖေး၏ စိတ်အခြေအနေမှာ အတော်အတန်ကောင်းမွန်လာသည်။ ဖုန်းကို ကိုင်ကြည့်လိုက်သောအခါ လျိုရှင်းထံမှ စာတိုကိုတွေ့လိုက်ရ၏။
“ငါ ချန်ရှားမြို့ကို ရောက်ပြီ။ ငါ့အဖေ ကားနဲ့လာကြိုတယ်။ အားလုံးအဆင်ပြေတယ်...” နောက်တွင် ပြုံးနေသော မျက်နှာပုံလေးတစ်ခု ပါသေးသည်။
ယွီဟွေးဖေးသည် ခါးသီးစွာပြုံးလိုက်ပြီး... “အိမ်ပြန်ရောက်ရင် ပြီးတာပါပဲ။ ငါတို့ဆီမှာလည်း... အားလုံးအဆင်ပြေပါတယ်” ဟု စာပြန်ပို့လိုက်သည်။ သို့သော် လျိုရှင်းမှာ ဖုန်းသုံးနေပုံမရ၊ သူ့စာကို ချက်ချင်းပြန်မပို့ပေ။
ထိုစဉ် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ထန်ယွမ်း၏ စာများ ဝင်လာသည်။
“အရင်က ဖုန်းပျက်သွားလို့။ ဒီနေ့မှ မြို့ထဲရောက်ပြီး အသစ်တစ်လုံးဝယ်လိုက်တာ။ ငါတို့ဒီမှာ အားလုံးအဆင်ပြေပါတယ်... ဒါပေမဲ့... ကိုယ့်ကိုယ်ကိုယ် အရမ်းအသုံးမကျဘူးလို့ ခံစားနေရတယ်”
ယွီဟွေးဖေးသည် ထန်ယွမ်းက အပျက်အစီးများကြားမှ လူတစ်ယောက်ကို ပွေ့ချီထုတ်လာသော်လည်း ထိုသူမှာ သူမ၏ လက်ထဲတွင်ပင် အသက်ဆုံးရှုံးသွားပြီး သူမမှာ ထိုနေရာတွင်ပင် ပျိုလဲသွားခဲ့သည့် မြင်ကွင်းကို ပြန်သတိရမိသည်။
“နင်အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပါပြီ”
“နင်ပြောကြည့်စမ်းပါ... ဒီလောကကြီးမှာ တကယ်ပဲ နတ်ဘုရားတွေရှိလား။ တကယ်ပဲ သံသရာဆိုတာရှိလား”
“ဘာလို့ ဒီလိုမေးတာလဲ”
“ရှိခဲ့မယ်ဆိုရင် သူတို့တွေ နောင်ဘဝမှာ ကောင်းကောင်းမွန်မွန်နေရမှာပဲနော်”
ယွီဟွေးဖေး တိတ်ဆိတ်သွားသည်။ သူသည် ထန်ယွမ်းမှာ မိမိကိုယ်ကို အပြစ်တင်နေဆဲဖြစ်ကြောင်း သိသည်။ ထို့ကြောင့်... “နင်ခဏစောင့်ဦး၊ ငါသွားမေးကြည့်လိုက်မယ်”
“ဘယ်သူ့ကိုမေးမှာလဲ”
“သေစာရင်းကိုင်တဲ့ တရားသူကြီး ချွေ့ကျွယ်ကို သွားမေးကြည့်မယ်လေ။ အဲ့လူတွေ နောက်ဘဝမှာ ကောင်းကောင်းမွန်မွန်နေရမလားလို့”
“နင်... နင်က တကယ်ပဲ ကပေါက်တိကပေါက်ချာတွေပြောနိုင်တာပဲ”
ယွီဟွေးဖေးမှာ စကားမပြောနိုင်ဖြစ်သွားသည်။ သူသည် အလွန်အလေးအနက်ထား၍ ပြောလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ သူသည် တိကျသောသတင်းတစ်ခုကို မေးပြီးမှ ထန်ယွမ်းကို ပြန်ဖြေချင်သောကြောင့်ဖြစ်သည်။ သို့သော် သူမကမူ သူကပေါက်တိကပေါက်ပြောနေသည်ဟု ထင်နေသည်။
“နင်က ပေါက်ကရတွေပြောနေပေမယ့် ငါတော့ ရယ်မိသွားတယ်... ကျေးဇူးပဲ”
ယွီဟွေးဖေးမှာ ထပ်မံ၍ စကားမပြောနိုင်ဖြစ်သွားသည်။ ဒီလိုလည်းရသကိုး။ ထို့နောက် ယွီဟွေးဖေးက ထန်ယွမ်းကို “တကယ်တော့ ငါ့စိတ်အခြေအနေလည်း သိပ်မကောင်းဘူး”
“ဘာဖြစ်လို့လဲ”
“သူငယ်ချင်းတစ်ယောက် ထွက်သွားလို့။ ပြီးတော့ ကြည့်ရတာ နောက်ထပ်တွေ့ဖို့ ခက်တော့မယ့်ပုံပဲ”
ထန်ယွမ်းသည် ခဏတာတိတ်ဆိတ်သွားပြီးနောက် စာတစ်စောင်ပြန်ပို့လိုက်သည်။
“ဒါက ကံကြမ္မာပဲဖြစ်မှာပေါ့။ အနည်းဆုံးတော့ စာပို့ပြီး စကားပြောလို့ရသေးတာပဲ”
ယွီဟွေးဖေးမှာ အံ့အားသင့်သွားသည်။ သူသည် ထန်ယွမ်းမှာ အထင်လွဲသွားကြောင်း သိလိုက်သည်။ သူမသည် သူပြောသော သူငယ်ချင်းမှာ သူမကိုယ်တိုင်ဖြစ်သည်ဟု ထင်နေလောက်သည်။ ပြဿနာမှာ ဤကိစ္စကို ရှင်းပြ၍မရ။ ရှင်းပြလိုက်လျှင် အခြေအနေများမှာ ရှုပ်ထွေးသွားပေလိမ့်မည်။ ယွီဟွေးဖေး ခါးသီးစွာပြုံးလိုက်ပြီး ထန်ယွမ်းနှင့် စကားအနည်းငယ်ဆက်ပြောပြီးနောက် ထန်ယွမ်းက အစည်းအဝေးသွားတက်ရမည်ဟုဆိုကာ စကားစပြတ်သွားသည်။
ထန်ယွမ်းနှင့် စကားပြောပြီးနောက်တွင်လည်း ယွီဟွေးဖေး၏ စိတ်အခြေအနေမှာ ဆိုးရွားနေဆဲပင်။ လောကတွင် အလွယ်ကူဆုံးဖြစ်ပေါ်လာသောအရာမှာ အကျင့်ပင်ဖြစ်သည်။
အနာကျင်ရဆုံးသော ပြောင်းလဲမှုမှာ အကျင့်ကိုပြောင်းလဲခြင်းပင်။
လျိုရှင်းရှိနေခြင်းကို အသားကျနေခဲ့သည်။ အိမ်တွင်းအိမ်ပြင် အလုပ်များကို စီမံခန့်ခွဲပြီး အချိန်တန်လျှင် ထမင်းစားရကာ နေ့စဉ် ဟင်းကောင်းအသစ်အဆန်းများကို မြည်းစမ်းရသည်။ ခြံထဲတွင် ရံဖန်ရံခါ ချိတ်ဆွဲထားသော ပန်းချီကားချပ်များ... သူမ၏ ငြိမ်သက်သော ပုံရိပ်ကို ကြည့်ရှုနေရခြင်း... ရုတ်တရက် ထိုလူတစ်ယောက် မရှိတော့သည့်အခါ အားလုံးမှာ မနက်ခင်းတွင် ဗိုက်ဆာကြရတော့သည်။ မနက်စာထချက်ရန် အားလုံးမေ့နေကြသည်။
“အဲ့ကောင်မလေးရှိတုန်းကတော့ ဘာမှမပူရဘူး။ သူထွက်သွားတော့ ဘဝက ကမောက်ကမဖြစ်သွားသလိုပဲနော်” နွားကျောင်းသားက ညည်းတွားလိုက်သည်။ လူတိုင်းမှာလည်း ခေါင်းတညိတ်ညိတ်ဖြစ်နေကြ၏။
လျိုရှင်းမှာ ထိုသို့ပင်ဖြစ်သည်။ သူမသည် မီးပန်းကဲ့သို့ တောက်ပသော အရောင်အသွေးများဖြင့် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်သူမဟုတ်။ သူမသည် လေပြေညင်းကဲ့သို့၊ စမ်းချောင်းလေးကဲ့သို့ သင်၏ဘေးမှ ညင်သာစွာ တိုက်ခတ်စီးဆင်းသွားပြီး သင်၏ဘဝကို တိတ်တဆိတ်ပြောင်းလဲကာ သူမရှိနေခြင်းကို အသားကျသွားစေသူဖြစ်သည်။
သာမန်အချိန်တွင် မခံစားမိသော်လည်း သူမမရှိတော့သည့်အခါမှ လူတိုင်းမှာ သူတို့ကြိုက်နှစ်သက်သောအရာသည် တောက်ပသော မီးပန်းများမဟုတ်ဘဲ၊ သူတို့၏ ဘဝကို ထောက်ပံ့ပေးနေသော စမ်းချောင်းနှင့် လေပြေညင်းကို အသားကျနေခဲ့ခြင်းဖြစ်ကြောင်း သိရှိလာကြသည်။
ယွီဟွေးဖေးသည် အလွန်ပင် စိတ်မချမ်းမသာဖြစ်နေသည်။ နဝမဆောင်မှ အကျဉ်းသားများမှာလည်း အလွန်ပင် စိတ်မချမ်းမသာဖြစ်နေကြသည်။ ထိုစဉ်မှာပင် ယွီဟွေးဖေး၏ ဖုန်းမြည်လာ၏။
“သူဌေးယွီ... ကယ်ပါဦး”