ပြဿနာရှင်းရင်း ဒေါသဖြေခြင်း
Vol. 12 Ch. 173
ဖိန်ကော၏ အသံမှာ အလောတကြီးနှင့် စိုးရိမ်ပူပန်မှုတို့ လွှမ်းခြုံနေသည်။
“ဘာဖြစ်တာလဲ”
“ကော်ပုထုံကို လူတွေက ဖမ်းထားလို့”
“ဘယ်သူတွေလဲ။ မင်းတို့ အတိုးကြီးချေးတဲ့လုပ်ငန်းတွေ ပြန်လုပ်နေပြန်ပြီလား” ယွီဟွေးဖေးသည် ထိုနှစ်ယောက် လမ်းမှားပေါ်သို့ ပြန်ရောက်သွားမည်ကို အမှန်ပင် စိုးရိမ်နေသည်။
“မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဟင်းသီးဟင်းရွက်ဝယ်ဖို့ လာတာပါ။ ဒါပေမဲ့ ကောင်တစ်ကောင်က ရွာကလူတစ်ယောက်ကို အနိုင်ကျင့်နေတာတွေ့လို့ ကျွန်တော်နဲ့ ကော်ပုထုံက မကြည့်နိုင်တော့ဘဲ ဝင်ပြီး လက်ဆော့လိုက်တာ။ အဲ့ကောင်က အမှိုက်လိုပဲ၊ ကျွန်တော်တို့နှစ်ယောက် အေးအေးဆေးဆေးပဲ နိုင်လိုက်တယ်”
“မင်းတို့ တိုက်ခိုက်ရေးစွမ်းရည်က တော်တော်ကောင်းတာပဲလို့တော့ မထင်မိဘူး”
ယွီဟွေးဖေးသည် အမှန်ပင် မထင်မိခဲ့။ အကြောင်းမှာ ပထမအကြိမ်တွင် ဖိန်ကောသည် မျက်ပြူးကြီးကိုကြောက်၍ ထွက်ပြေးခဲ့သည်။ ဒုတိယအကြိမ်တွင် နွားခေါင်းနှင့်တွေ့ပြီး သူ၏လက်စွမ်းကို မပြသနိုင်မီမှာပင် ကောင်းကင်သို့ လွင့်တက်သွားခဲ့သည်။ တတိယအကြိမ်တွင် သရဲဖြူ၏ လက်သီးတစ်ချက်ဖြင့် အရပ်မျက်နှာပင် မခွဲခြားနိုင်ဖြစ်ခဲ့သည်။ စတုတ္ထအကြိမ်တွင် ရဲများရောက်လာသောအခါ ကြောက်၍ ထွက်ပြေးခဲ့သည်။ ထို့ကြောင့် တွက်ကြည့်လျှင် ဖိန်ကောသည် တကယ်တမ်းတွင် လက်မလှုပ်ရှားခဲ့ရဖူးပေ။
ဖိန်ကောသည် ရှက်ကိုးရှက်ကန်းရယ်လိုက်ပြီး... “ခင်ဗျားတို့နဲ့ယှဉ်ရင်တော့ ကျွန်တော်တို့က ဖွဲပြာလောက်ပဲရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်နဲ့ ကော်ပုထုံက ငယ်ငယ်ကတည်းက ကိုယ်ခံပညာသင်ခဲ့တာပါ။ တကယ့်ပညာအစစ်တော့ မရခဲ့ပေမယ့် အခြေခံတွေကို လေ့ကျင့်ခဲ့ဖူးတယ်။ သစ်သားတိုင်တွေလည်း ထုခဲ့ဖူးတယ်။ ပြီးတော့ ငယ်ငယ်ကတည်းက ရန်ဖြစ်လာတာ ကြီးတဲ့အထိဆိုတော့ သာမန်လူတွေကတော့ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး”
“ဟေး... ဒီလိုဆိုရင် မင်းတို့ကို ရဲက ဖမ်းထားတာပေါ့”
“ရဲကဖမ်းထားရင်တော့ ခင်ဗျားကို ကျွန်တော်မဆက်သွယ်ပါဘူး။ အချုပ်ခန်းဆိုတာ ကျွန်တော်တို့အတွက် ယောက္ခမအိမ်လိုပဲ၊ အမြဲတမ်းသွားနေကျဆိုတော့ ကျင့်သားရနေပြီ”
ယွီဟွေးဖေးမှာ စကားမပြောနိုင်ဖြစ်သွားသည်။ ဒီနှစ်ကောင်ကတော့ တကယ်... တော်ပါပေတယ်။
“ဒါဆို ဘာဖြစ်တာလဲ”
“အဲ့ကောင်လေးရဲ့နောက်မှာ လူတွေရှိသေးတယ်။ ကိုယ်ခံပညာသင်တန်းကျောင်းဖွင့်ထားတဲ့သူတွေ။ တော်တော်မောက်မာတာ။ လူအုပ်နဲ့ဝိုင်းပြီး ကျွန်တော်တို့ကို ဖမ်းထားတာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ တကယ်မနိုင်တော့ဘူး။ အခု သင်တန်းကျောင်းမှာ အဖမ်းခံထားရတယ်။ သူတို့ပြောတာက ဒီနေ့ ကျွန်တော်တို့က သူတို့ကိုနိုင်အောင်တိုက်မယ့်လူတစ်ယောက် ရှာလာရမယ်၊ ဒါမှမဟုတ် ဒူးထောက်တောင်းပန်ရမယ်၊ မဟုတ်ရင် ပြန်လွှတ်မှာမဟုတ်ဘူးတဲ့။ ဒူးထောက်တောင်းပန်တာတော့ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့က ကိုယ့်မိန်းမကိုပဲ ဒူးထောက်တောင်းပန်တယ်။ အပြင်မှာတော့ ကျွန်တော်တို့ ဒူးမထောက်နိုင်ဘူး။ စဉ်းစားလိုက်တော့ သူဌေးယွီဆီမှာပဲ ကျွန်တော်တို့ကို ကယ်နိုင်မယ့် ပညာရှင်တွေရှိတယ်။ သူဌေးယွီ... ကြည့်လုပ်ပါဦး...”
ဖိန်ကောသည် စကားအဆုံးတွင် အနည်းငယ် ရှက်နေတော့သည်။ သို့သော် ဖုန်းထဲမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။
“တော်ပြီ၊ ငါမင်းကို တစ်ခုပဲမေးမယ်။ ငါ့ကို ရန်ဖြစ်ခိုင်းတာ ဟုတ်မဟုတ်ပဲပြော”
ဖိန်ကောသည် မည်သို့ပြန်ဖြေရမည်ကို မသိတော့။ အကြောင်းမှာ ယွီဟွေးဖေး၏ အသံမှာ တစ်မျိုးဖြစ်နေသောကြောင့်ပင်။
ယွီဟွေးဖေးဘက်တွင်မူ သူဤသို့ပြောလိုက်သည်နှင့် ရှိနေသူအားလုံး၏ နားများမှာ စွင့်ကားသွားကြပြီး မျက်လုံးများမှာ ကြမ်းကြုတ်သောအရောင်များ တလက်လက်တောက်နေကြသည်။
ဖိန်ကော စကားမပြောမီမှာပင် ဖုန်းကို လူသန်ကြီးတစ်ယောက်က လုယူလိုက်ပြီး... “မင်းဘယ်သူလဲ ငါမသိဘူး၊ ငါက လုံဖိန်ကိုယ်ခံပညာသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ပဲ၊ ငါ့ကို လုံကောလို့ခေါ်နိုင်တယ်။ အခု မင်းညီအစ်ကိုတွေ ငါ့လက်ထဲမှာ။ မင်းလာပြီး ငါတို့နဲ့ တစ်ပွဲတစ်လမ်းနွှဲမလား၊ ဒါမှမဟုတ်...”
သူစကားမဆုံးမီမှာပင် ဖုန်းတစ်ဖက်မှ အောင်ပွဲခံသံများနှင့် ကြွေးကြော်သံများကို ကြားလိုက်ရသည်။ လူသန်ကြီးမှာ မျက်မှောင်ကြုတ်လိုက်ပြီး... “ဘောလုံးပွဲကြည့်နေတာလားဟ”
ယွီဟွေးဖေးသည် စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသည်။ စိတ်ထဲမှ ဒေါသများကို မည်သည့်နေရာတွင် ထုတ်ဖော်ရမည်မသိ ဖြစ်နေစဉ်မှာပင် သေနတ်ပြောင်းဝသို့ လာတိုးသူ ပေါ်လာပြီ။ သူပျော်နေ၏။
ယွီဟွေးဖေးသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း... “ပြော၊ နေရာပြော”
“မြို့ဟောင်း၊ လုံဖိန် ကိုယ်ခံပညာသင်တန်းကျောင်း၊ ကျန်းနန်လမ်းမကြီးပေါ်မှာ၊ မင်းသိလား”
“သိတယ်။ မင်းတို့ သန့်ရှင်းရေးလုပ်ပြီး စောင့်နေလိုက်”
ယွီဟွေးဖေးသည် ဖုန်းချလိုက်ပြီး ချက်ချင်းထရပ်ကာ... “နွားကျောင်းသားရေး... ညီလေးနဲ့ တစ်ခေါက်လောက် လိုက်ခဲ့ပါဦး”
နွားကျောင်းသားသည် ထိုစကားကိုကြားသောအခါ မျက်လုံးများမှာ အရောင်တောက်လာပြီး ဟားတိုက်ရယ်မောရင်း... “လိုက်ရမှာပေါ့”
နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်နှင့် သရဲဖြူ၊ ရှောက်ထျန်းချန်တို့မှာ မကျေမနပ်ဖြစ်ကာ “ငါတို့ကော ဘယ်လိုလုပ်မလဲ”
“ခင်ဗျားတို့ ဒီပုံစံနဲ့ အပြင်ထွက်ပြီး ဘာလုပ်မလဲ။ အဖမ်းခံချင်လို့လား”
ထိုသူများမှာ ဝမ်းနည်းသောမျက်နှာများဖြင့် ရှိနေကြပြီး သရဲနက်မှာ အထူးသဖြင့် ဝမ်းနည်းကာ သူ့မျက်နှာကို လက်ညှိုးထိုးပြရင်း “ငါ မျက်နှာဖုံးတပ်သွားရင် မရဘူးလား”
သရဲဖြူမှာ လျှာကို ပါးစပ်ထဲပြန်သွင်းရင်း၍ “ငါတော့ ပြဿနာမရှိလောက်ဘူးမလား”
ယွီဟွေးဖေး ခေါင်းခါလိုက်သည်။ မြို့ဟောင်းသို့ သွားရမည်ဖြစ်ပြီး မြို့ဟောင်းတွင် နေရာတိုင်း၌ ကင်မရာများရှိသောကြောင့် သူတို့၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားနိုင်သည်။ သို့သော် နွားကျောင်းသားမှာမူ လူသားစစ်စစ်ဖြစ်သောကြောင့် ကိစ္စမရှိ။ အလွန်ဆုံး လူ့လောကကို နားမလည်သော တောသားတစ်ယောက်ဟုသာ ပြောလိုက်လျှင် လုံလောက်သည်။
ထိုစဉ်မှာပင် ယွီဟွေးဖေး၏ ဘောင်းဘီစကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်။ ယွီဟွေးဖေး ငုံ့ကြည့်လိုက်ရာ တိကျန့်သည် ကြည်လင် ရွန်းလဲ့နေသောမျက်ဝန်းကြီးများဖြင့် သူ့ကိုမော့ကြည့်ရင်း... “ကျွန်တော့်ကို ခေါ်သွားပါလား”
ယွီဟွေးဖေးသည် ငြင်းပယ်ရန် စဉ်းစားလိုက်သည်။ တိကျန့်မှာ အနည်းငယ် မယုံကြည်ရ။ ဤကောင်လေး လမ်းတစ်ဝက်တွင် ပြဿနာရှာမည်လား၊ သို့မဟုတ် ထွက်ပြေးသွားမည်လားကို မည်သူသိနိုင်မည်နည်း။
ထိုစဉ် ချွေ့ကျွယ်က “တိကျန့်ကို ခေါ်သွားလိုက်ပါ။ တစ်ဖက်လူက ဘယ်လိုလူစားလဲ မသိဘူး။ တကယ်လို့ အရမ်းအားကြီးရင်၊ ဒါမှမဟုတ် ကောက်ကျစ်တဲ့နည်းတွေသုံးပြီး အများနဲ့တစ်ယောက်တိုက်ရင် မင်းတို့နစ်နာသွားနိုင်တယ်။ တိကျန့်ရဲ့ အစွမ်းကို မင်းသိပါတယ်။ သူပါသွားရင် အကူအညီရမှာပေါ့”
တိကျန့်မှာ အသည်းအသန်ခေါင်းညိတ်ရင်း “စိတ်ချပါ။ ခင်ဗျားကျွန်တော့်ကို အပြင်ခေါ်သွားသရွေ့ ခင်ဗျားပြောသမျှ ကျွန်တော်လိုက်နာပါ့မယ်”
ယွီဟွေးဖေး နောက်ဆုံးတွင် သဘောတူလိုက်သည်။ ခြံရှေ့တွင် အကျဥ်းသားကြီးများရပ်နေကြပြီး လက်သီးများကို ဝှေ့ယမ်းကာ... “ညီလေး၊ ငါတို့အတွက် ဒေါသတွေကို ဖြေခဲ့” ဟု အော်ဟစ်နေကြသည်။ သိသူများက သူတို့စိတ်ထဲမှ မကျေနပ်မှုများကို ထုတ်ဖော်နေမှန်းသိသော်လည်း၊ မသိသူများကမူ သူတို့သည် ဖိန်ကောတို့အတွက် မကျေမနပ်ဖြစ်နေသည်ဟု ထင်ကြပေလိမ့်မည်။
ယွီဟွေးဖေးသည် စုန့်အဘိုးကြီးထံမှ ဆိုင်ကယ်ဘီးအစုတ်လေးကို ငှားလိုက်သည်။ ဖိန်ကောတို့ ပြဿနာတက်နေကြောင်း သိသောကြောင့် စုန့်အဘိုးကြီးမှာ စကားတစ်ခွန်းမပြောဘဲ ငှားပေးလိုက်သည်။
ဆိုင်ကယ်ပေါ်တက်ပြီးနောက် နောက်ဘက်ကို ပုတ်ကာ... “တက်”
နွားကျောင်းသား တက်ထိုင်လိုက်သည်နှင့် ဘီးမှာ ကျွီဟူသောအသံဖြင့် နိမ့်ကျသွားသဖြင့် ယွီဟွေးဖေး၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ သူသည် နွားကျောင်းသား၏ တင်ပါးတစ်ချက်ဖြင့် ဘီးခွေသွားမည်ကို အမှန်ပင် စိုးရိမ်နေသည်။ ဤဘီးမှာ သက်တမ်းရင့်နေပြီဖြစ်ပြီး အိုမင်းနေပြီ မဟုတ်ပါလား။ ကံကောင်းစွာပင် ကြံ့ခိုင်နေဆဲပင်။
ယွီဟွေးဖေးသည် မြေပြင်ပေါ်မှ တိကျန့်ကိုကြည့်ကာ... “မင်းက ဘာလို့မတက်တာလဲ”
တိကျန့်မှာ ဆိုင်ကယ်ကို သနားစဖွယ်ကြည့်လိုက်သည်။ ယွီဟွေးဖေး လှည့်ကြည့်လိုက်ရာ နွားကျောင်းသားတစ်ယောက်တည်း၏ တင်ပါးကြီးဖြင့် စက်တပ်ဘီးမှာ ပြည့်လုနီးပါးဖြစ်နေပြီ။
“ကျုပ်မသိဘူးနော် ကိုနွားကျောင်းသား။ ဒါ ခင်ဗျားပြဿနာ၊ ခင်ဗျားပဲရှင်း”
နောက်တစ်ခဏတွင် တောင်ပေါ်လမ်းမပေါ်၌ စက်တပ်ဘီးအစုတ်တစ်စီးသည် မီးခိုးမည်းများကို ထုတ်လွှတ်ရင်း ရှေ့သို့ တဟုန်ထိုးမောင်းနှင်နေသည်။ ဘီးပေါ်တွင် လူငယ်တစ်ယောက်က ရှေ့မှမောင်းနှင်ပြီး၊ သူ့နောက်တွင် အရပ်နှစ်မီတာမြင့်သော လူသန်ကြီးတစ်ယောက်က တည်ငြိမ်စွာထိုင်နေသည်။ သူ၏လက်ထဲတွင် ဖြူဖွေးတောက်ပသော ခရီးဆောင်အိတ်တစ်လုံးကို ကိုင်ထားသည်။ မဟုတ်၊ ဆံပင်မရှိသော ကိုရင်ငယ်လေးတစ်ပါးသာ။
“တိကျန့်၊ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား”
တိကျန့်က သူ့ကို မျက်စောင်းထိုးရင်း... “မင်းနေရာမှာ ငါ့ကိုထားကြည့်ပါလား”
...
လုံဖိန်ကိုယ်ခံပညာသင်တန်းကျောင်းတွင် ဖိန်ကောနှင့် အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသားနှစ်ယောက်သည် တံခါးဝတွင် အပြင်ဘက်ကို ကြည့်နေကြသည်။
တစ်ယောက်က ခနဲ့တဲ့တဲ့ရယ်ရင်း... “ဘယ်လိုလဲ။ လာပြီလား”
“ရောက်တော့မှာပါ”
ဖိန်ကောသည် ယွီဟွေးဖေးနှင့် အဆက်မပြတ် ဖုန်းပြောနေသောကြောင့် ယွီဟွေးဖေး မြို့ထဲရောက်နေပြီး ရောက်လုနီးပါးဖြစ်နေကြောင်း သိသည်။
မကြာမီမှာပင် ထိုအမျိုးသားနှစ်ယောက်သည် အဝေးမှ ဘီးအစုတ်တစ်စီး မီးခိုးမည်းများတလူလူဖြင့် လာနေသည်ကို မြင်လိုက်ရသည်။ ထိုစက်တပ်ဘီးကိုမြင်သောအခါ တစ်ယောက်က မရယ်ဘဲမနေနိုင်တော့။
“ဒီအရူးကွာ၊ ဒီစက်တပ်ဘီးက မောင်းလို့ရသေးတာလား။ မသေမှာမကြောက်ဘူးလား”
နောက်တစ်ယောက်က ဖိန်ကောကို လှောင်ပြောင်ရင်း “အဲ့ပေါ်က အရူးနှစ်ယောက်က မင်းပြောတဲ့ ကယ်တင်ရှင်တွေတော့ မဟုတ်လောက်ပါဘူးနော်”
သို့သော် ဖိန်ကောမှာ စကားမပြော။ ထိုသူသည် ဖိန်ကော၏ မျက်လုံးများကို ကြည့်မိသောအခါ အံ့အားသင့်သွားပြီး... “တကယ်ကြီးလား”
စကားပြောနေစဉ်မှာပင် စက်တပ်ဘီးမှာ တံခါးဝတွင် ရပ်သွားသည်။ ဖိန်ကောသည် ချက်ချင်းပြေးထွက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်... “သူဌေးယွီ၊ ခင်ဗျားရောက်လာပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်”
ယွီဟွေးဖေးသည် သတ်ဖြတ်လိုသောစိတ်များဖြင့် စက်တပ်ဘီးပေါ်မှ ဆင်းလာပြီး... “စကားမများနဲ့၊ အရိုက်ခံရမယ့်ကောင်တွေ ဘယ်မှာလဲ။ ငါ့ကို အရင်ဆုံး နှစ်ချက်လောက်ထိုးပြီး စိတ်ဖြေပါရစေ”
ထိုစကားကိုကြားသောအခါ သင်တန်းကျောင်းမှ အမျိုးသားနှစ်ယောက်မှာ မကျေမနပ်ဖြစ်ကာ အေးစက်စွာ ဖိန့်လိုက်ကြသည်။
“စကားကြီးစကားကျယ်နဲ့၊ မင်းလို ပုစွန်တောင်မလောက်တဲ့ကောင်က ငါတို့ဆီမှာ ပြဿနာလာရှာရဲတယ်ဟုတ်လား”
ယွီဟွေးဖေး၏ အရပ်မှာ မနိမ့်၊ ၁.၈မီတာရှိပြီး ပုံမှန်အရပ်ဟု ဆိုနိုင်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ပိန်လှီခြင်းမရှိ။ ကျင့်ကြံမှုများကြောင့် သူ၏ ကိုယ်ခန္ဓာမှာ အဆင့်တစ်ဆင့်တိုးတက်လာခဲ့ပြီး ကြွက်သားများမှာလည်း ညီညာစွာရှိနေသည်။ သို့သော် သူဝတ်ထားသော အနီရောင်ဝတ်ရုံကြီးက သူ၏ ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားသောကြောင့် မမြင်ရပေ။ ဖြူစင်ချောမောသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ အနည်းငယ် နူးညံ့ပျော့ပျောင်းသည်ဟု ထင်ရသည်။ အနည်းဆုံးတော့ သူ့ရှေ့မှ အရပ် ၁.၈၃ မီတာခန့်ရှိပြီး နွားသိုးကဲ့သို့ တောင့်တင်းသော လူသန်ကြီးနှစ်ယောက်ရှေ့တွင်မူ သူသည် လေတိုက်လျှင် လဲကျသွားမည့်ပုံပေါက်နေသည်။
သို့သော် သူတို့နှစ်ယောက် စကားမဆုံးမီမှာပင် နွားကျောင်းသားသည် မတ်တပ်ရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူတို့ရှေ့၌ တံတိုင်းကြီးတစ်ခု ပေါ်လာသလို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက် ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ နွားကျောင်းသားက ခေါင်းစောင်းကာ... “သောက်ပုစွန်လေးတွေ၊ ဘယ်သူအရိုက်ခံချင်လဲ” ဟု မေးလိုက်သည်။
သူတို့နှစ်ယောက်၏ မျက်နှာများမှာ ချက်ချင်းပင် မီးသွေးခဲကဲ့သို့ မည်းမှောင်သွားသည်။ သို့သော် ဤစကားကို အရပ်၂မီတာကျော်မြင့်သော လူသန်ကြီး၏ ပါးစပ်မှ ထွက်လာသောအခါ သူတို့မှာ စကားတစ်ခွန်းမျှ မဟဝံ့ကြတော့ပေ။
ဖိန်ကောသည် အစပိုင်းတွင် ယွီဟွေးဖေးခေါ်လာသောလူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စိုးရိမ်ခဲ့သော်လည်း နွားကျောင်းသား၏ အရပ်ကိုမြင်သောအခါ စိတ်အေးသွားသည်။
“ငါ့ကိုအောက်ချပေး”
နုနယ်သောအသံတစ်ခု ထွက်ပေါ်လာရာ နွားကျောင်းသားက လက်ကိုတစ်ချက်လွှဲလိုက်ချိန် ကတုံးပြောင်ကိုရင်ငယ်လေးတစ်ပါး မြေပေါ်သို့ ကျလာသည်။
တိကျန့်သည် သူ့ရှေ့မှ လူသန်ကြီးနှစ်ယောက်ကို မော့ကြည့်ကာ လက်သီးများကို ဆုပ်လိုက်ရင်း... “ငါ့ကို အရင်ဆုံး လက်စမ်းခွင့်ပေး”
ထိုစကားကိုကြားသောအခါ ထိုအမျိုးသားနှစ်ယောက်၏ မျက်နှာများမှာ ပို၍မည်းမှောင်သွားသည်။ ဒါ ဘယ်သူ့ကို အထင်သေးနေတာလဲ။ ထိုလူသန်ကြီးက ထိုသို့ပြောလျှင် သူတို့သည်းခံနိုင်သေးသည်။ သို့သော် ဤပဲစေ့လေးက ထိုသို့ပြောခြင်းမှာ အနည်းငယ် အနိုင်ကျင့်လွန်းသည် မဟုတ်ပါလား။
“ကောင်လေး၊ ငါတို့က ကလေးတွေကို အနိုင်မကျင့်ချင်ဘူး။ ဒါပေမဲ့ မင်းငြိမ်ငြိမ်နေတာ ပိုကောင်းလိမ့်မယ်။ လူကြီးကိစ္စတွေမှာ ဝင်မရှုပ်နဲ့”
‘ဒုန်း’
ထိုသူစကားမဆုံးမီမှာပင် သူ၏ ခေါင်းမှာ မူးဝေသွားသည်။ ခြေကျင်းဝတ်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲလိုက်ပြီး သူ့ကို အိတ်တစ်လုံးကဲ့သို့ မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။ မျက်လုံးများမှာ အမှောင်ကျသွားပြီး ဘာမှမသိတော့ပေ။
တိကျန့်သည် လက်ကလေးများကို ပုတ်ခါလိုက်ပြီး ကျန်တစ်ယောက်ကို ကြည့်ကာ... “စကားအရမ်းများတာပဲ... မင်းဖိုက်ဦးမလား”
ထိုသူသည် တိကျန့်ကို သတ္တဝါဆန်းတစ်ကောင်ကို ကြည့်သလို ကြည့်နေသည်။ သူတို့နှစ်ယောက်မှာ လုံဖိန်ကိုယ်ခံပညာသင်တန်းကျောင်း၏ နာမည်ကြီးများဖြစ်ပြီး သူတို့၏ အစွမ်းမှာ ပြောစရာမလိုပေ။ အဓိကမှာ သူတို့သည် တကယ်အရပ်မြင့်ပြီး တောင့်တင်းကြသည်။ ပေါင်တစ်ရာ့ကိုးဆယ်ကျော်လေးသော ခန္ဓာကိုယ်မှာ မတိုက်ခိုက်ဘဲ ကြည့်ရုံဖြင့်ပင် ကြောက်စရာကောင်းသည်။ သို့သော် ယခုမူ ကလေးငယ်တစ်ယောက်က အိတ်တစ်လုံးကဲ့သို့ မြှောက်ကာ မြေပေါ်သို့ ပစ်ပေါက်လိုက်သည်တဲ့။ ဒီကလေးက လူမှဟုတ်သေးရဲ့လား။
ယွီဟွေးဖေးသည် တိကျန့်၏ခေါင်းကို လက်ညှိုးဖြင့် တစ်ချက်ခေါက်လိုက်ပြီး “နောက်မှာနေစမ်း”
တိကျန့်မှာ ခေါင်းကိုပွတ်သပ်ရင်း “ငါ... ငါ သံခမောက်ဆောင်းလာသင့်တာ” ဟု ညည်းတွားကာ ဝမ်းနည်းစွာဖြင့် နောက်သို့ ဆုတ်သွားသည်။
ဤမျှကြမ်းကြုတ်သော ကလေးငယ်ကို ယွီဟွေးဖေးက ပြောဆိုရိုက်နှက်နေသော်လည်း ပြန်မပြောဝံ့သည်ကိုမြင်သောအခါ ထိုလူသန်ကြီးမှာ ယွီဟွေးဖေးကို သတ္တဝါဆန်း၏ အဖေကိုကြည့်သလို ကြည့်နေတော့သည်။