ဆီးသွားခြင်း
Vol. 12 Ch. 174
ယခင်က မောက်မာနေသော သူသည် ချက်ချင်းပင် ခါးကိုင်းကာ အပြုံးဖြင့်...
“လူကြီးမင်းတို့ အတွင်းကိုကြွပါ၊ ဒီတစ်ခေါက် ခင်ဗျားတို့ကို ခေါ်လာတာက အဓိကအားဖြင့် ကျွန်တော်တို့က ပညာရှင်တွေကိုတွေ့ရင် လက်ယားလို့ ကိုယ်ခံပညာနဲ့ မိတ်ဖွဲ့ချင်လို့ပါပဲ။ မတိုက်ခင်က မသိကြဘူးဆိုသလို...”
‘ဒုန်း’
လူသန်ကြီး စကားမဆုံးမီမှာပင် သူ၏ ဘောင်းဘီစကို တစ်စုံတစ်ခုက ဆွဲလိုက်ပြီး မျက်လုံးများမှာ အမှောင်ကျကာ ဘာမှမသိတော့ပေ။
ယွီဟွေးဖေးသည် မြေကြီးပေါ်မှာ သတိလစ်နေတဲ့လူကြီးကိုကြည့်ပြီး အပြစ်ကင်းစင်ပြီး စိတ်မရှည်တဲ့ပုံစံနဲ့ရပ်နေတဲ့ တိကျန့်ကိုကြည့်လိုက်သည်။
တိကျန့်က မကျေမနပ်ဖြင့်... “ယောကျ်ားတစ်ယောက်ဖြစ်ပြီး ဘာလို့ ဒီလောက်စကားများရတာလဲ”
“နောက်တစ်ခါ အလျင်စလိုမလုပ်နဲ့၊ မင်းလူတွေအကုန်လုံးကို အလဲထိုးလိုက်ရင် ဘယ်သူက ငါတို့ကို လမ်းပြမှာလဲ”
တိကျန့်သည် ထိုစကားကိုကြားသောအခါ သဘာဝကျသည်ဟုထင်ပြီး ခေါင်းညိတ်ကာ... “စိတ်ချပါ၊ နောက်တစ်ခါ နေရာရောက်မှ လက်ပါမယ်”
ယွီဟွေးဖေးသည် ဒေါသဖြေရန် လာခြင်းဖြစ်သောကြောင့် မည်သည့်အကြောင်းပြချက်ကိုမှ မပြော၊ ရန်သူဖြစ်လျှင် ရိုက်ရုံသာ။ စက်လှေကားဖြင့်တက်၊ အပြင်ထွက်၊ ဘယ်ကွေ့၊ ညာကွေ့ပြီး နံရံပေါ်မှ ညွှန်ပြချက်အတိုင်း ကြည့်လိုက်ရာ ယွီဟွေးဖေးသည် ကိုယ်ခံပညာသင်တန်းကျောင်း၏ တံခါးမကြီးကို တွေ့လိုက်သည်။ ထိုအခိုက်အတန့်တွင် ယွီဟွေးဖေးသည် သူ့ကိုယ်သူ ချန်ကျန်းတစ်ယောက်လို ခံစားလိုက်ရသည်။
တံခါးဖွင့်လိုက်သည်နှင့် ယွီဟွေးဖေးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဘယ်ကောင် ငါ့ညီအစ်ကိုကို အနိုင်ကျင့်တာလဲ။ ထွက်ခဲ့စမ်း... ငါအရင်ဆုံး တစ်ယောက်ကို ထိုးမယ်”
နွားကျောင်းသားမှာ များများစားစားမစဉ်းစား၊ ယွီဟွေးဖေးက စိန်ခေါ်နေသည်ကိုမြင်သောအခါ ချက်ချင်းလိုက်အော်သည်။
“ငါဆယ်ယောက် ထိုးမယ်”
တိကျန့်သည် ထိုစကားကိုကြားသောအခါ မျက်လုံးများမှာ လည်သွားပြီး အလိုလို ‘နှစ်ဆယ်’ ဟု ပြောရန်ပြင်လိုက်စဉ် တံခါးပွင့်လာပြီး ထူးထူးဆန်းဆန်း အမျိုးသမီးတစ်စုသည် ကုတင်များပေါ်မှ ထထိုင်လိုက်ကြပြီး သူတို့၏ မျက်နှာများကို ဖြည်းညှင်းစွာ ပွတ်သပ်ကာ အဖြူရောင်၊ အမည်းရောင် အရေပြားများကို ခွာချလိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ ယွီဟွေးဖေးမှာ တုံ့ပြန်မှုမရှိသော်လည်း နွားကျောင်းသားနှင့် တိကျန့်မှာမူ လန့်ဖျပ်သွားကြသည်။
တိကျန့်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဘယ်က သောက်တစ္ဆေလဲကွ”
ယွီဟွေးဖေးက သူ့ကိုဆွဲလိုက်ပြီး ရှက်ရွံ့စွာဖြင့်... “အားလုံးပဲ တောင်းပန်ပါတယ်၊ အခန်းမှားဝင်လာမိလို့ပါ”
အမျိုးသမီးများမှာ သူတို့၏ မျက်နှာပေါ်မှ မျက်နှာပေါင်းတင်ပစ္စည်းများကို ဆွဲလိုက်ရင်း သူ့ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြသည်။ ယွီဟွေးဖေး၏ နဖူးတွင် ချွေးများ ချက်ချင်းထွက်လာ၏။ နွားကျောင်းသားမှာ ညည်းတွားနေလေပြီ။
“ဒီမှာ ဘာလို့ မီးကျီတွင်းတွေ ဒီလောက်များနေရတာလဲ။ မီးကျီတွင်းတွေ အစည်းအဝေးလုပ်နေတာလား”
တိကျန့်မှာမူ ထိုသူများမှာ အမျိုးသမီးများဖြစ်ကြောင်း သိလိုက်သောအခါ မြွေကိုရှောင်သကဲ့သို့ ယွီဟွေးဖေး၏ နောက်သို့ ပုန်းကွယ်သွားသည်။
အမျိုးသမီးဝန်ထမ်းတစ်ယောက်က သိချင်စိတ်ဖြင့် လျှောက်လာပြီး... “ရှင့်၊ ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့၊ မဟုတ်ရင် ကျွန်မတို့ ရဲခေါ်လိုက်မှာနော်”
“တောင်းပန်ပါတယ်... အနှောင့်အယှက်ဖြစ်အောင် လုပ်မိသွားလို့ တောင်းပန်ပါတယ်ဗျာ”
ယွီဟွေးဖေးသည် နဖူးမှချွေးများကို သုတ်လိုက်သည်။ ထို့နောက် သူသည် ထိုဆိုင်ဘေးမှ ဆိုင်းဘုတ်ငယ်လေးကို မျက်စောင်းထိုးကြည့်လိုက်ရာ လုံဖိန် ကိုယ်ခံပညာသင်တန်းကျောင်းဟု ရေးထားသည်ကို တွေ့လိုက်သည်။ မှန်နေသည်ပဲ။ သေချာကြည့်မှ ထိုဆိုင်းဘုတ်မှာ ဆိုင်နာမည်မဟုတ်ဘဲ လမ်းညွှန်ဆိုင်းဘုတ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အောက်တွင် စာတန်းငယ်တစ်ခုပါသေးသည်။
“ရှေ့သို့ မီတာငါးဆယ်သွားပြီး ဘယ်ဘက်သို့ကွေ့ပါ”
‘ခွေးမသားတွေကွာ...’
ယွီဟွေးဖေးသည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး မျက်နှာမှာ မျောက်ဖင်ကဲ့သို့ နီရဲသွားကာ နွားကျောင်းသားနှင့် တိကျန့်ကိုခေါ်၍ အမြန်ပြေးထွက်သွားတော့သည်။ တိကျန့်မှာ ဖြည်းဖြည်းလျှောက်ရင်း တံခါးအတွင်းသို့ တစ်ချက်ကြည့်ကာ ညည်းတွားလိုက်သည်။
“အားလုံး အရေခွံခွာနေကြတာလား။ တကယ်ပဲ၊ မိန်းမတွေက မိစ္ဆာတွေပဲ”
ဤစကားကို ယွီဟွေးဖေးသာ ပြောခဲ့လျှင် ထိုအမျိုးသမီးများက သူ့အရေခွံကို ဆွဲခွာပေလိမ့်မည်။ သို့သော် ချစ်စဖွယ် ဘုန်းကြီးငယ်လေးတစ်ပါးကို မြင်သောအခါ သူတို့၏ မျက်လုံးများမှ ကြမ်းကြုတ်သောအရောင်များ ပျောက်ကွယ်သွားပြီး တောက်ပသောအရောင်များသာ ကျန်တော့သည်။
“ဝိုး၊ အရမ်းချစ်စရာကောင်းတာပဲ”
“ကိုရင်လေး မသွားနဲ့ဦး... အစ်မကို တစ်ချက်လောက် နမ်းခွင့်ပေး”
“အစ်မကို ပါးလေးတစ်ချက်လောက် ဆွဲခွင့်ပေး”
“မပြေးနဲ့လေ...”
...
တိကျန့်သည် ထိုစကားကိုကြားပြီး လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက် တကယ်လိုက်လာသည်ကို တွေ့သောအခါ ကြောက်လန့်တကြားဖြင့် တတိယခြေထောက်ကိုပင် သုံး၍ ပြေးလွှားတော့သည်။
ထိုစဉ် အမျိုးသမီးဝန်ထမ်းကလည်း... “လူကြီးမင်းတို့၊ လူကြီးမင်းတို့၊ ကျေးဇူးပြုပြီး မဆူကြပါနဲ့၊ အလှပြင်တာ မပြီးသေးပါဘူး။ သူတို့က ဘေးအခန်းကို သွားတာပါ။ ပြီးရင် သွားကြည့်လို့ရပါတယ်...” ဟု ပြောလိုက်သည်။
အမျိုးသမီးများမှာ ထိုဘုန်းကြီးငယ်လေး ဘေးအခန်းသို့ သွားကြောင်းသိသောအခါ မကျေမနပ်ဖြင့် အလှပြင်ခြင်းကို ဆက်လက်လုပ်ဆောင်ကြသည်။ သို့သော် သူတို့၏ စိတ်များမှာ မတည်မငြိမ်ဖြစ်နေပြီး အမြန်ဆုံးထွက်၍ ထိုကိုရင်ငယ်လေး၏ ပါးကို ဆွဲညှစ်ချင်နေကြသည်။
ထိုအချိန်တွင် ယွီဟွေးဖေးသည် ရှည်လျားသော စင်္ကြံတစ်ခုပေါ်တွင် လျှောက်နေပြီး နံရံများတွင် ကြော်ငြာပိုစတာအမျိုးမျိုး ချိတ်ဆွဲထားသည်။ ဖိန်ကောသည် ဆုတက်ယူနေသော အရပ်မြင့်မြင့် အမျိုးသားတစ်ယောက်ကို ညွှန်ပြရင်း... “သူက လုံဖိန် ကိုယ်ခံပညာသင်တန်းကျောင်းရဲ့ ကျောင်းအုပ် ချန်ယိုတောက်ပဲ”
ယွီဟွေးဖေးသည်လည်း သေချာကြည့်လိုက်သည်။ သူသည် ကိုယ်ခံပညာကို နားမလည်သော်လည်း ထိုသူ၏ အရပ်မှာ အခြားပညာရှင်များထက် ခေါင်းတစ်လုံးပိုမြင့်နေသည်ကို ကြည့်ရုံဖြင့် ဤသူမှာ အလွယ်တကူ ရင်ဆိုင်ရမည့်သူမဟုတ်ကြောင်း သိနိုင်သည်။ သူ၏ မျက်လုံးများမှာ ထက်မြက်ပြီး ဝံပုလွေကဲ့သို့ ကြမ်းကြုတ်သောအရောင်များ ထွက်နေ၏။ အထူးသဖြင့် ပြိုင်ပွဲကွင်းထဲမှ ဓာတ်ပုံတွင် သူသည် အလွန်မောက်မာပြီး စိတ်လှုပ်ရှားနေသည်။ မျက်နှာမှာ ငါးခူကဲ့သို့ ဖူးယောင်နေသော်လည်း အဆက်မပြတ်တိုက်ခိုက်နေလျက်ပင်။
ဓာတ်ပုံအရ သူနှင့်ပြိုင်ဘက်နှစ်ဦးလုံးမှာ ခုခံကာကွယ်ခြင်းကို စွန့်လွှတ်ပြီး တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ်တိုက်ခိုက်နေကြသည်။ မျက်နှာများမှာ ရွဲပလဲနေလေ၏။
“ဒီကောင်က လူရမ်းကားတစ်ယောက်ပဲ”
ယွီဟွေးဖေးသည် အစပိုင်းတွင် သူကိုယ်တိုင်ရှေ့ဆုံးမှထွက်၍ ကြွားဝါရန် စဉ်းစားခဲ့သည်။ သူလည်း လေ့ကျင့်သားအနည်းငယ်ရှိပြီဖြစ်ပြီး ကိုယ်ခန္ဓာမှာ သာမန်လူများထက် ကောင်းမွန်နေပြီ။ သရဲနက်နှင့် သရဲဖြူတို့၏ လေ့ကျင့်ပေးမှုအောက်တွင် သူ၏ ရှောင်တိမ်းနိုင်စွမ်းမှာလည်း တိုးတက်လာခဲ့သည်။ သို့သော် ထိုသူ၏ ကြမ်းကြုတ်သောပုံစံကိုမြင်သောအခါ ယွီဟွေးဖေးသည် အနည်းငယ် ကြောက်စိတ်ဝင်လာပြီး ဆံပင်မရှိသော ခေါင်းလေးကို ပွတ်သပ်ရင်း... “မင်းတက်လိုက်နော်”
သူ၏စိတ်ဓာတ်ကို တိကျန့်က ကောင်းကောင်းသိသောကြောင့် မျက်လုံးကိုလှန်လိုက်ပြီး... “မင်းက လူမှဟုတ်သေးရဲ့လား”
“လူဟုတ်ဟုတ်မဟုတ်ဟုတ် အရိုက်ခံရမှာတော့ ကြောက်တာပဲ”
တိကျန့်၊ ဖိန်ကော၊ နွားကျောင်းသားတို့မှာ စကားမပြောနိုင်ဖြစ်သွားကြသည်။ တံခါးဝတွင်ရပ်ရင်း ယွီဟွေးဖေးသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး တံခါးကိုတွန်းဖွင့်ရန်ပြင်လိုက်စဉ် လက်ကြီးတစ်ဖက်က သူ့ကိုတားလိုက်သည်။ ယွီဟွေးဖေး မော့ကြည့်လိုက်ရာ နွားကျောင်းသား၏ မျက်နှာမှာ နီရဲနေပြီး... “ဟို... ရှောင်ယွီ၊ ငါ အိမ်သာအရင်သွားလို့ရမလား”
ယွီဟွေးဖေးမှာ စကားမပြောနိုင်ဖြစ်သွားသည်။ ဒီကောင်က အချိန်ကောင်းကို တော်တော်ရွေးတတ်တာပဲ။ သို့သော် စဉ်းစားကြည့်လျှင် သူတို့လမ်းတစ်လျှောက်လုံး အိမ်သာမဝင်ခဲ့ကြ။ သူအိမ်သာသွားချင်ခြင်းမှာ သဘာဝကျပေသည်။ ထို့အပြင် ဆီးအောင့်ပြီး ရန်ဖြစ်ခိုင်း၍လည်း မဖြစ်။ မတော်တဆ အားစိုက်လိုက်စဉ် ဆီးထွက်ကျသွားလျှင် ဘယ်လိုလုပ်မလဲ။
ထို့ကြောင့် ယွီဟွေးဖေးသည် ရှေ့မှ ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြရင်း... “အဲ့လမ်းညွှန်ကိုတွေ့လား။ အဲ့အတိုင်းလိုက်သွားရင် အိမ်သာကိုတွေ့လိမ့်မယ်။ အမြန်သွားပြီး အမြန်ပြန်လာခဲ့”
နွားကျောင်းသားက ခေါင်းညိတ်ပြီး ခြေလှမ်းတိုတိုဖြင့် ပြေးထွက်သွားသည်။ သူအတော်ပင် အောင့်ထားရပုံရသည်။
ယွီဟွေးဖေး နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးဖွင့်ရန်ပြင်လိုက်စဉ် ဘောင်းဘီစကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်။ ငုံ့ကြည့်လိုက်ရာ တိကျန့်၏ မျက်နှာလေးမှာလည်း နီရဲနေသည်။
“မင်းလည်း အိမ်သာသွားချင်တာတော့ မဟုတ်ပါဘူးနော်”
တိကျန့်က ခေါင်းညိတ်ပြသည်။
“သွား သွား...”
တိကျန့်လည်း ပြေးထွက်သွားသည်။ တိကျန့်ထွက်သွားပြီးနောက် ယွီဟွေးဖေးသည် နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးဖွင့်ရန်ပြင်လိုက်စဉ် ရပ်တန့်သွားသည်။ သူဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဖိန်ကောတစ်ယောက်သာ ကျန်တော့သည်။ ယွီဟွေးဖေးသည် ချက်ချင်းပင် ယုံကြည်မှုလျော့နည်းသွားသည်။ ယခုအချိန်သည် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည် အနိမ့်ဆုံးအခြေအနေပင်။
ဤအချိန်တွင် ဝင်သွားလျှင် တစ်ဖက်လူက ဧည့်ဝတ်ကျေပွန်စွာ စကားပြောပြီးမှ တိုက်ခိုက်မည်လား၊ သို့မဟုတ် တွေ့လျှင်တွေ့ချင်း တိုက်ခိုက်မည်လားကို မည်သူသိနိုင်မည်နည်း။ မတော်တဆ တွေ့လျှင်တွေ့ချင်း တိုက်ခိုက်လျှင် တစ်ဖက်လူ၏ ကိုယ်ခန္ဓာမျိုးဖြင့် သူတို့နှစ်ယောက် နွားကျောင်းသားတို့ ပြန်မလာမီအထိ ခံနိုင်မည်မဟုတ်ဟု ယွီဟွေးဖေး ခန့်မှန်းလိုက်သည်။
“ဒါမှမဟုတ်... ခဏစောင့်ကြမလား”
အမှန်စင်စစ် ဖိန်ကောသည် ယွီဟွေးဖေး၏ တိုက်ခိုက်ရေးစွမ်းရည်ကို မျှော်လင့်မထားပေ။ အစပိုင်းတွင် သူက ယွီဟွေးဖေးကို ရိုက်နှက်ရန် ကြိုးစားခဲ့ဖူးသည်။ သူမျှော်လင့်သည်မှာ ယွီဟွေးဖေးဘေးမှ ပညာရှင်များသာ။ ယခု ပညာရှင်နှစ်ယောက်လုံး ထွက်သွားသောအခါ သူလည်း ကြောက်စိတ်ဝင်လာသည်။
“ခဏစောင့်တာ ပိုကောင်းမယ်လို့ ထင်တယ်နော်”
ယွီဟွေးဖေးလည်း ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် တံခါးပွင့်လာသည်။ ယွီဟွေးဖေးနှင့် ဖိန်ကောတို့မှာ ချက်ချင်းပင် ကြောင်သွားကြသည်။
‘သောက်ကျိုးနည်း... ဒါဘယ်လောက်တောင် တိုက်ဆိုင်လွန်းရတာလဲ’
တံခါးပွင့်လာသည်နှင့် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ “ရောက်လာပြီးမှတော့ ဝင်ထိုင်ပါဦး”
ယွီဟွေးဖေးသည် တံခါးနောက်မှ သိုင်းဝတ်စုံဝတ်ထားသော အမျိုးသားတစ်စု လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်လုံးများမှာ အလွန်ပင် ကြမ်းတမ်းနေသည်။ သို့သော် ယွီဟွေးဖေးသည် ဝံပုလွေအုပ်ကိုပင် တွေ့ဖူးသူဖြစ်သောကြောင့် ဤအခြေအနေကို မည်သို့ကြောက်မည်နည်း။
တစ်ဖက်လူက ချက်ချင်းတိုက်ခိုက်ရန် အစီအစဉ်မရှိဘဲ ထိုင်ခိုင်းနေသည်ကို သိသောအခါ ယွီဟွေးဖေး၏ သတ္တိမှာ ချက်ချင်းပင် တိုးပွားလာသည်။ သူ၏ သုံးလက်မလျှာဖြင့် ဆီးတစ်ပေါက်သွားချိန်လောက်တော့ အချိန်ဆွဲနိုင်မည်ဟု သူယုံကြည်သည်။
“ဒီမှာ ဘယ်သူအကြီးဆုံးလဲ”
လူအုပ်သည် ထိုစကားကိုကြားသောအခါ နောက်သို့တစ်လှမ်းဆုတ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။ ရှေ့တည့်တည့်တွင် အမျိုးသားတစ်ယောက်ထိုင်နေပြီး သူ့ဘေးတွင် ကော်ပုထုံထိုင်နေသည်။ ကော်ပုထုံ၏ မျက်နှာမှာ ညိုမည်းစွဲနေပြီး အတော်ပင် အရိုက်ခံထားရပုံရသဖြင့် ယွီဟွေးဖေး မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါ့နာမည် ချန်ယိုတောက်၊ ဒီလုံဖိန် တိုက်ကွမ်ဒိုကိုယ်ခံပညာသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ပဲ။ ညီလေး ရောက်လာပြီးမှတော့ စကားပြောကြရအောင်”
သူ၏တပည့်များမှာ ယွီဟွေးဖေးကို အေးစက်စွာရယ်မောရင်း ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှာ ပို၍ရန်လိုလာသည်။ ထိုစုပေါင်းဖိအားမှာ သာမန်လူတစ်ယောက်ဆိုလျှင် ရှေ့သို့တစ်လှမ်းမျှ မတိုးဝံ့ပေ။
သို့သော် ယွီဟွေးဖေးမှာမူ ထိုသို့မဟုတ်။ သူ၏ပါးစပ်က ကြောက်သည်ဟုပြောသော်လည်း သူ၏ အရိုးထဲတွင်မူ ခေါင်းမာသော လူရမ်းကားတစ်ယောက်ဖြစ်သည်။ သို့မဟုတ်လျှင် အစပိုင်းတွင် သူတစ်ယောက်တည်း ပျဉ်ပြားတစ်ချပ်ကိုင်ကာ ဖိန်ကောအုပ်စုကို စိန်ခေါ်ဝံ့မည်မဟုတ်၊ တစ်ယောက်တည်း နှင်းလျှောမောင်းကာ ဝံပုလွေအုပ်ကို တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။ ယွီဟွေးဖေးသည် အခန်းထဲမှ ဆေးလိပ်မသောက်ရဆိုင်းဘုတ်ကို တစ်ချက်ကြည့်ပြီး ဆေးလိပ်တစ်လိပ်ထုတ်ကာ မီးညှိလိုက်ပြီးတော့ လူအုပ်ကြားထဲကနေဖြတ်သွားပြီး ချန်ယိုတောက်ရှေ့မှာထိုင်ချလိုက်သည်။
“လက်ဖက်ရည်သောက်ပါဦး”
ချန်ယိုတောက်ဟာ သူ့ရှေ့က မြစိမ်းရောင်လက်ဖက်ရည်ခွက်ကိုကိုင်ရင်းပြောလိုက်သည်။ ထိုလက်ဖက်ရည်ခွက်မှာ လက်ဖက်ရည်အကြောင်းနားမလည်သူပင်လျှင် အလွန်တန်ဖိုးကြီးမှန်း သိနိုင်သည်။ တစ်ဖက်လူမှာ ချမ်းသာကြွယ်ဝမှုကို ပြသနေခြင်းပင်။ သို့သော် သူ၏ လက်ဖက်ရည်ခွက်ထဲတွင် ဘာမှမရှိ၊ လက်ဖက်ရည်မပါဘဲ လက်ဖက်ရည်သောက်ခိုင်းခြင်းမှာ သူ့ကို စော်ကားနေခြင်းပင်။
ယွီဟွေးဖေးက ပိုပြီးပြတ်သား၏။ စီးကရက်ကို လက်ညှိုးထိပ်လောက်ရှိတဲ့ ပြာတွေကို လက်ဖက်ရည်ခွက်လေးထဲကို ခေါက်ချလိုက်တော့ ပြာတွေအများကြီးကျသွားသည်။ ထိုတစ်ခဏမှာပဲ ယွီဟွေးဖေးဟာ ချန်ယောင်တောက်ရဲ့မျက်နှာက လက်ဖက်ရည်ခွက်ထက် ပိုပြီးစိမ်းနေတာကို တွေ့လိုက်ရသည်။
ချန်ယိုတောက်က မျက်နှာမည်းဖြင့်... “သူဌေးယွီ ဟုတ်တယ်မလား”
“ဟုတ်တယ်၊ ငါပဲ။ ဘာပြောစရာရှိလဲ ပြော”
“မင်းလာတဲ့ရည်ရွယ်ချက်ကို ငါသိတယ်။ ဒါပေမဲ့ လုပ်ငန်းတိုင်းမှာ စည်းကမ်းရှိတယ်။ မင်းသူငယ်ချင်းတွေက နည်းနည်းတတ်ယောင်ကားလုပ်ပြီး ငါ့သင်တန်းကျောင်းမှာ လူမရှိဘူးထင်ပြီး အနိုင်ကျင့်တာတော့ မဖြစ်ဘူး။ ဒါကြောင့် ငါသူတို့ကို သင်ခန်းစာပေးလိုက်တယ်။ မင်းက သူတို့ကို ခေါ်သွားချင်ရင်လည်း စည်းကမ်းအတိုင်းလုပ်ရမယ်။ ဒီနေ့ နိုင်ရင် မင်းထွက်သွား။ ရှုံးရင်တော့ မင်းတို့ ဒီမှာ တစ်ခုခုထားခဲ့ရမယ်”