← Chapters

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး

Vol. 12 Ch. 175

မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး

Vol. 12 Ch. 175

ချန်ယိုတောက်သည် လက်ဖက်ရည်ခွက်ငယ်လေးကို စားပွဲပေါ်သို့ တင်လိုက်ရင်း သူ၏ မျက်ဝန်းများထဲတွင် မောက်မာဝင့်ကြွားသော အရိပ်အယောင်များ ထင်ဟပ်နေလေ၏။

ယွီဟွေးဖေး မျက်မှောင်ကြုတ်လိုက်ပြီး ကော်ပုထုံနှင့် ဖိန်ကောတို့အား တစ်ချက်စွေကြည့်လိုက်သည်။ ဒီနှစ်ကောင် ပြောတာတော့ ရွာကလူတွေအတွက် ထိပ်တိုက်ရင်ဆိုင်ပေးရင်း တစ်ဖက်လူက ဝိုင်းရိုက်သည်ဟု ဆိုသည်။ အခုတော့ ဘယ်လိုဖြစ်ပြီး သူများနေရာကို လာရောက်ရန်ရှာရင်း ပြန်အရိုက်ခံရသည့် ပုံစံပေါက်နေပါသနည်း။

ကော်ပုထုံက ရှင်းပြသည်။ "သူဌေးယွီ... သူလျှောက်ပြောတာတွေ နားမယောင်ပါနဲ့။ သူတို့လူက ကျွန်တော်တို့ရွာကလူကို အနိုင်ကျင့်လို့ ကျွန်တော်က ဝင်ကူညီခဲ့တာ... အဲ့ဒီနောက် ဒီလူက အကျိုးအကြောင်းမရှိဘဲ..."

ချန်ယိုတောက်က ကြားဖြတ်ပြောသည်။ "တောင်းပန်ပါတယ်၊ ကျွန်တော်က ကိုယ့်လူကိုပဲ ဘက်လိုက်တတ်တယ်၊ အမှန်တရားကို ဘက်လိုက်လေ့မရှိဘူး။ စကြမလား"

တစ်ဖက်လူက ဤမျှပြတ်သားလိမ့်မည်ဟု မထင်ထားမိ။ ရောက်ရောက်ချင်းပင် လက်ပါတော့မည်တဲ့။ သူသည် တံခါးပေါက်ဘက်သို့ မျက်စောင်းထိုးကြည့်လိုက်ရာ ဘာလှုပ်ရှားမှုမှ မတွေ့ရ။ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

'ခွေးမသားတွေ၊ ဒီနှစ်ကောင် အိမ်သာထဲ ပြုတ်ကျသွားတာလား။ ဆီးအိမ်က ဘယ်လောက်တောင် ကြီးနေလို့လဲ'

စိတ်ထဲတွင် ထိုသို့တွေးနေသော်လည်း အပြင်ဘက်တွင်တော့ "ဘယ်သူက ငါနဲ့ တိုက်မှာလဲ” ဟု မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူနဲ့ တိုက်ချင်လို့လဲ”

ယွီဟွေးဖေးသည် အလိုလိုပင် လူသန်ကြီးများ၏ နောက်ဘက်၊ လူငယ်သင်တန်းသားများ၏ အလယ်၊ ကလေးသင်တန်းသားများထဲမှ အရပ်တစ်မီတာမပြည့်သော ကလေးငယ်တစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး မျက်နှာတစ်စက်မှမပျက်၊ အရှက်မဲ့စွာဖြင့် မေးလိုက်သည်။

"ဘယ်သူ့ကို ရွေးရွေး ရတယ်ပေါ့လေ”

ချန်ယိုတောက်သည် ယွီဟွေးဖေးကို တစ်ချက်ကြည့်၊ သူ၏အကြည့်ရောက်ရာ နေရာကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ... "ကလေးကိုတော့ ရွေးလို့မရဘူး”

ဤစကားတစ်ခွန်းဖြင့် ယွီဟွေးဖေး၏ နောက်ဖေးပေါက်ကို ပိတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သို့သော် ယွီဟွေးဖေးမှာ မျက်နှာပြောင်တိုက်ကျင့်သားရနေသူဖြစ်ရာ ရယ်ကျဲကျဲဖြင့်... "ဘယ်သူ့ကို အထင်သေးနေတာလဲ။ ဘယ်လိုလုပ် ကလေးကို ရွေးစရာလား။ ခင်ဗျားက ကလေးတွေကိုပါ သင်ပေးတာလားဆိုတာ သိချင်ရုံပါပဲ”

ချန်ယိုတောက်က ဂုဏ်ယူစွာဖြင့်... "ငါ့ရဲ့ ကိုယ်ခံပညာသင်တန်းကျောင်းက မြို့ဟောင်းမှာ နံပါတ်တစ်ပဲ။ ဒီနံပါတ်တစ်နေရာရဖို့ ငါဘယ်လောက်အရိုက်ခံခဲ့ရတယ်၊ လူဘယ်လောက်ကို အလဲထိုးခဲ့ရတယ်ဆိုတာ မသိတော့ဘူး။ ငါလိုချင်တာက တစ်ခုက နာမည်၊ နောက်တစ်ခုက ငွေပဲ။ အရည်အချင်းရှိတဲ့ မျိုးဆက်သစ်ဖြစ်ပြီး ငွေကြေးအပြည့်အစုံပေးရင် အသက်အရွယ်မရွေး လက်ခံတယ်”

"ဒါဆို ခင်ဗျားက တပည့်တွေကို လမ်းမှားရောက်အောင် သင်ပေးမိမှာ မစိုးရိမ်ဘူးလား”

"လမ်းမှားရောက်အောင် သင်ပေးလား မသင်ပေးလားဆိုတာ ခင်ဗျားနဲ့ ကျုပ် တစ်ခေါက်လောက် စမ်းသပ်ကြည့်လိုက်ရင် သိမှာပေါ့”

ထိုစကားကိုကြားသောအခါ ယွီဟွေးဖေးမှာ ချန်ယိုတောက်က ကိုယ်တိုင်ဝင်တိုက်တော့မည်ကို သိလိုက်ရ၍ အနည်းငယ် တွန့်ဆုတ်သွားသည်။ တံခါးပေါက်ဘက်သို့ နောက်တစ်ကြိမ် မျက်စောင်းထိုးကြည့်လိုက်သော်လည်း ဘာလှုပ်ရှားမှုမှမရှိ။

'ခွေးမသားတွေ၊ အဲ့နှစ်ကောင် တကယ်ပဲ လမ်းပျောက်သွားတာလား'

အမှန်တကယ်တွင် ထိုအချိန်၌ အဆောက်အအုံထဲတွင် လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်တို့သည် ပတ်ချာလည်လျှောက်သွားနေကြပြီး... "သေချာပါတယ်၊ ခုနက ဒီလမ်းအတိုင်းလာတာပဲ။ ဘာလို့ အိမ်သာကို မတွေ့ရတာလဲ။ အခုတော့ အပြန်လမ်းပါ ပျောက်သွားပြီ” ဟု ညည်းတွားနေကြသည်။

"သူဌေးယွီ၊ စကြပါစို့လား” ချန်ယိုတောက်သည် မတ်တပ်ရပ်ကာ တိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်သည်။

ယွီဟွေးဖေးသည်လည်း သူ၏ လက်ဖက်ရည်ခွက်ငယ်လေးကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။

"မသွားဘူး”

"မသွားသေးဘူးလား" ထိုအခိုက်အတန့်တွင် ချန်ယိုတောက်သာမက အခြားသူများအားလုံး ကြောင်သွားကြသည်။ ဒီကောင် ဝင်လာတုန်းကတော့ ဒီလောက်မောက်မာနေပြီး တိုက်ပွဲမစခင်မှာပင် ကြောက်သွားပြီလား။

ယွီဟွေးဖေးက ဘယ်လိုလုပ်သွားနိုင်မည်နည်း။ သွားပြီး ဘာလုပ်ရမည်လဲ။ အရိုက်ခံဖို့လား။ သူ၏စိတ်ထဲတွင် ပေသီးများ တဂွပ်ဂွပ်ခေါက်နေသော်လည်း မျက်နှာတွင်တော့ အရိပ်အယောင်မပြဘဲ "မင်းနဲ့ထိုးဖို့ ငါ့အတွက် တန်ဖိုးမရှိဘူး”

"ဘာ"

လူတိုင်း ဒေါသထွက်သွားကြသည်။ ချန်ယိုတောက်လည်း ဒေါသထွက်လာပြီး သူ၏ ကြောက်စရာကောင်းသော မျက်နှာမှာ ချက်ချင်းပင် ကြမ်းကြုတ်ခက်ထန်သွားသည်။

"မင်း ငါ့ကို အထင်သေးနေတာလား”

ယွီဟွေးဖေးသည် ဤအချိန်တွင် လုံးဝကြံ့ကြံ့ခံရပ်တည်ရမည်ကို သိသည်။ ကြံ့ကြံ့ခံနိုင်လျှင် အဆိုးဆုံးမှာ မြေပေါ်တွင် ဖိရိုက်ခံရခြင်းဖြစ်သော်လည်း မရိုက်ခံရသည့် အခွင့်အရေးလည်း ရှိသေးသည်။ အကယ်၍ ထပြီး တိုက်ခိုက်လျှင်တော့ ရာနှုန်းပြည့် ချက်ချင်းအရိုက်ခံရမည်မှာ သေချာသည်။

ဘေးမှ ဖိန်ကောနှင့် ကော်ပုထုံတို့မှာ ယွီဟွေးဖေး၏ အရည်အချင်းကို သိသောကြောင့် မျက်လုံးများမှာ အနည်းငယ် လှုပ်ရှားနေကြသည်။ သို့သော် သူတို့နှစ်ဦးမှာ လောကအတွေ့အကြုံများသူများဖြစ်ရာ ယွီဟွေးဖေးသည် ဟန်ဆောင်နေပြီး အကူအညီကို စောင့်မျှော်နေမှန်း ချက်ချင်းသဘောပေါက်သွားကြသည်။ သူတို့နှစ်ဦး အချင်းချင်း မျက်စပစ်လိုက်ပြီး မည်သူမျှ စကားမပြောဝံ့ကြ။

ယွီဟွေးဖေးက ဆက်ပြောသည်။ "မင်းက ငါနဲ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး”

'ဒုန်း'

ချန်ယိုတောက်သည် သစ်သားစားပွဲပေါ်သို့ လက်သီးတစ်ချက်ထုချလိုက်ရာ အသံမြည်ဟည်းသွားသည်။ သူသည် အသံကိုနှိမ့်ကာ ကျားမျက်လုံးများဖြင့် ယွီဟွေးဖေးကို စူးစိုက်ကြည့်ရင်း... "ကောင်လေး၊ မင်းငါ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်နေပြီ”

ယွီဟွေးဖေးဟာ ဝံပုလွေဘုရင်ကိုပင် ဒေါသထွက်အောင် ဆွပေးရဲသူ၊ ကျားသစ်ကြီးနှင့်ပင် ရင်ဆိုင်ရဲသူဖြစ်ရာ သေမထူးနေမထူးစိတ်ဖြင့် သတ္တိရှိနေသည်။ မကြောက်မရွံ့ဘဲ ချန်ယိုတောက်ကို မထီမဲ့မြင်ကြည့်ကာ ရယ်မောလိုက်သည်။

"ရေတွင်းထဲက ဖားသူငယ်လေးပါလားဟ။ မင်းစိတ်မသက်မသာဖြစ်တာ ငါနဲ့ ဘာဆိုင်လို့လဲ”

ချန်ယိုတောက်၏ မျက်ဆံများ ကျဉ်းမြောင်းသွားပြီး သွားကြားထဲမှလေသံဖြင့်... "ငါက မင်းနဲ့ မဖြစ်မနေ တိုက်ရမယ်ဆိုရင်ရော”

"ငါပြန်မတိုက်ဘူး။ အားနည်းသူတွေအပေါ် ငါလက်မလှုပ်ရှားချင်ဘူး။ အားကုန်သုံးတိုက်ခိုက်တာက အားကြီးသူကို လေးစားရာရောက်တယ်။ ဒါပေမဲ့ အမှိုက်တစ်ကောင်က အတင်းအကျပ် တိုက်ခိုက်ခိုင်းတာကို လက်ခံလိုက်ရင် ကိုယ့်ကိုယ်ကို စော်ကားရာရောက်တယ်”

"မင်း..."

ချန်ယိုတောက်သည် သူ့ဘဝတွင် ဤသို့သော ကပေါက်တိကပေါက်ချာ အကြောင်းပြချက်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူ လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသည်။ လက်ဝှေ့စင်ပေါ်မှ အရူးများ၊ လက်ဝှေ့စင်အောက်မှ လူမိုက်များ မည်မျှရှိသည်ကိုပင် မသိတော့။ သူ၏ လက်သီးပညာမှာ နံပါတ်တစ် မဟုတ်နိုင်သော်လည်း လူကဲခတ်ရာတွင်တော့ သူအတော်တိကျသည်ဟု ယုံကြည်သည်။

သူ့ရှေ့မှ ဤလူငယ်သည် အားကြီးပုံမပေါ်သော်လည်း သူ၏ မျက်ခုံးများကြားမှ ထွက်ပေါ်နေသော မည်သူ့ကိုမျှ ဂရုမစိုက်သည့်၊ သေခြင်းကို မကြောက်သည့် အရှိန်အဝါက ပညာရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။ သို့မဟုတ်လျှင် ဤမျှလူအများရှေ့တွင် ဤသို့ တည်ငြိမ်နေမည်မဟုတ်ပေ။

နှစ်ဦးသား ထိုသို့ ရင်ဆိုင်နေကြသည်။ ယွီဟွေးဖေးက လက်မလှုပ်ရှား၊ ချန်ယိုတောက်ကလည်း လက်မလှုပ်ရှား။ ချန်ယိုတောက်မှာ တိုက်ခိုက်သင့် မတိုက်ခိုက်သင့်ကို စဉ်းစားနေသည်။

ယွီဟွေးဖေးမှာမူ... ‘မင်းတို့နှစ်ယောက် မြန်မြန်ပြန်လာကြစမ်းပါ... ငါ့-ီး သည်းမခံနိုင်တော့ဘူးကွ’ ဟု ဆုတောင်းနေသည်။

ထိုစဉ်မှာပင် ချန်ယိုတောက်သည် ရုတ်တရက် ရယ်မော၍ ကုလားထိုင်ပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး လက်ဖက်ရည်ကို တစ်ကျိုက်မော့သောက်လိုက်သည်။ ယွီဟွေးဖေးသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး 'ဒီတစ်ခါတော့ ကျော်လွှားနိုင်သွားပြီထင်တယ်' ဟု တွေးလိုက်သည်။

ထိုစဉ် ချန်ယိုတောက်က... "မင်းက တကယ့်ပညာရှင်လား၊ အတုအယောင်လား ငါဂရုမစိုက်ဘူး။ ရောက်လာမှတော့ ငါနဲ့တိုက်ရမယ်။ မင်းလက်မလှုပ်ရှားရင် မင်းလက်လှုပ်ရှားလာတဲ့အထိ ငါရိုက်မယ်”

စကားဆုံးသည်နှင့် ချန်ယိုတောက်သည် လက်သီးတစ်လုံးဖြင့် ပစ်သွင်းလိုက်သည်။

'ဒီခွေးမသားက လုံးဝစည်းကမ်းမရှိပါလား'

သို့သော် ယွီဟွေးဖေးသည် သူရှောင်တိမ်း၍မဖြစ်ကြောင်း သိသည်။ သို့မဟုတ်လျှင် ခုနက ဟန်ဆောင်ခဲ့သမျှ အကုန်ပျက်စီးသွားမည်။ ထိုအခါ သူ့ရှေ့မှ အရူးမှာ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ယွီဟွေးဖေးက သူ့ကိုလှည့်စားနေမှန်း သိသွားလိမ့်မည်။ တပည့်များရှေ့တွင် အလှည့်စားခံရလျှင် မျက်နှာပျက်ကာ ဒေါသထွက်ပြီး အုပ်စုလိုက် ဝိုင်းရိုက်ပေလိမ့်မည်။ သို့သော် လက်သီးတစ်ချက်အထိုးခံရလျှင်လည်း အရူးဖြစ်သွားနိုင်သည်။

လျှပ်စီးလက်သည့် အချိန်အတွင်း ယွီဟွေးဖေး၏ ခေါင်းထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်ကာ စားပွဲကို လှန်လှောပစ်ရန် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချန်ယိုတောက်သည် "မလုပ်နဲ့” ဟု အလန့်တကြားအော်လိုက်ပြီး သူ၏လက်သီးမှာလည်း ရပ်တန့်သွားရာ 'လောင်းကြေးနိုင်သွားပြီ' ဟု ယွီဟွေးဖေး စိတ်ထဲမှ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ ဘာလို့မတိုက်တော့တာလဲ”

"မင်း... မင်းလက်ကို ဖယ်လိုက်။ ငါတို့က မျှမျှတတ ယှဉ်ပြိုင်တာ၊ မင်းဒါဘာလုပ်တာလဲ။ စားပွဲလှန်မလို့လား”

"အင်း... စားပွဲလှန်မလို့။ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ဒီနေရာက ကျပ်လွန်းတယ်”

"မင်းက ပြန်မတိုက်ဘူးဆို”

ယွီဟွေးဖေးက မျက်နှာပြောင်တိုက်စွာဖြင့်... "ပြန်မတိုက်ပါဘူး။ ဒါပေမဲ့ စားပွဲက ရှုပ်နေတယ်။ မင်းရိုက်တာခံရရင် ငါစိတ်မချမ်းမသာဖြစ်မှာပေါ့”

ဤစကားကိုကြားသောအခါ လူတိုင်းမှာ စကားမပြောနိုင်ဖြစ်သွားကြသည်။ ဤကောင်မှာ ဟန်ဆောင်နေသူတစ်ဦးသာဖြစ်ကြောင်း လူတိုင်းသိသွားကြပြီ။ ချန်ယိုတောက်၏ မျက်နှာမှာလည်း စိမ်းမည်းနေသည်။ သူက အမှိုက်တစ်ကောင်၏ အလှည့်စားခံလိုက်ရသည်တဲ့။ ဒေါသသည် မျက်လုံးများထဲတွင် တောက်လောင်နေပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏ အားအင်များ ပေါက်ကွဲထွက်နေသလို ယွီဟွေးဖေး၏ အားအင်များလည်း ပေါက်ကွဲထွက်နေသည်။

နှစ်ဦးသား မျက်လုံးချင်းဆုံကြည့်ရင်း ချန်ယိုတောက်က... "မင်းငါ့လက်ဖက်ရည်ခွက်အစုံကို တစ်ချက်လောက်ထိကြည့်စမ်း”

ယွီဟွေးဖေးက အလားတူလေသံဖြင့်... "မင်းငါ့ကို တစ်ချက်လောက်ထိကြည့်စမ်း”

ချန်ယိုတောက်သည် ဒေါသထွက်လွန်း၍ မျက်နှာမှာ မည်းမှောင်နေသည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် လက်ဝှေ့သမားပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤမျှအရှက်မရှိသည့်၊ အရှက်မရှိခြင်းကို မျက်နှာပေါ်တွင် ခပ်တည်တည်ပင် ချိတ်ဆွဲထားသည့်သူကို တစ်ခါမျှမမြင်ဖူးခဲ့။ ယနေ့တော့ မျက်စိပွင့်သွားပြီ။

ချန်ယိုတောက်က လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ... "မင်းလှန်နိုင်သေးလို့လား”

ယွီဟွေးဖေးသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ သူ၏ရှေ့မှ လက်ဖက်ရည်ခွက်ငယ်လေးကို ကောက်ယူကာ မြင့်မြင့်မြှောက်လိုက်ပြီး... "မင်းတားနိုင်လို့လား”

ဖိန်ကောနှင့် ကော်ပုထုံတို့မှာလည်း မြစိမ်းရောင် လက်ဖက်ရည်အိုးနှင့် ခွက်များကို အလျင်အမြန်ကောက်ယူကာ ပစ်ပေါက်ရန် ဟန်ပြင်ရင်း တစ်ပြိုင်နက်တည်း... "မင်းတားနိုင်လို့လား” ဟု အော်လိုက်ကြသည်။

ချန်ယိုတောက်သည် ဤမြင်ကွင်းကိုမြင်သောအခါ ဒေါသထွက်လွန်း၍ သွားများပင် ကိုက်ခဲလာပြီး မျက်လုံးများပြူးကျယ်စွာဖြင့်... "မင်းတို့... နည်းနည်းလောက် အရှက်ရှိကြစမ်းပါလား”

"မင်းငါ့လက်ချက်နဲ့ မသေစေဖို့ ငါအရှက်မရှိရတော့မှာပဲ။ အော့မီတော်ဖော်... ဗုဒ္ဓမြတ်စွာ ကရုဏာကြီးမားလှပါပေ၏..."

ချန်ယိုတောက်သာမက ဖိန်ကောနှင့် ကော်ပုထုံတို့၏ မျက်လုံးများပင် ကောင်းကင်သို့ လန်တက်သွားတော့မတတ် ဖြစ်နေသည်။ ယွီဟွေးဖေး၏ အရှက်မရှိမှုအတိုင်းအဆကို သူတို့နှစ်ဦး ကောင်းကောင်းသိရှိသွားကြပြီ။ ဤအချိန်ရောက်သည်အထိ လူတိုင်းက သူဟန်ဆောင်နေမှန်း သိနေသည့်တိုင်အောင် ဤကောင်က ဆက်လက်ဟန်ဆောင်နေသေးသည်။ သူ့ဦးနှောက်ထဲတွင် ချိုင့်ခွက်ရှိသည်ဟု ထင်နေသလား၊ သို့မဟုတ် တစ်ဖက်လူအားလုံး၏ ဦးနှောက်များတွင် ချိုင့်ခွက်များရှိသည်ဟု ထင်နေသလား။

ချန်ယိုတောက်သည် ဒေါသထွက်လွန်း၍ ခြေဆောင့်နေသော်လည်း ဘာမှမတတ်နိုင်။ အကြောင်းမှာ ယွီဟွေးဖေး၏ လက်ထဲမှ လက်ဖက်ရည်ခွက်မှာ အလွန်ကောင်းမွန်သော ပစ္စည်းဖြစ်သောကြောင့်ပင်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ဤထက်ကောင်းသော ပစ္စည်းကို တစ်ခါမျှမမြင်ဖူးခဲ့။ ထိုအရာမှာ သူ၏ နှလုံးသား၊ ရတနာဖြစ်ပြီး ယနေ့ ထုတ်ပြခြင်းမှာ ကြွားဝါရန်သာ။ သို့သော် မထင်မှတ်ဘဲ တစ်ဖက်လူ၏ ခြိမ်းခြောက်လက်နက်ဖြစ်သွားလိမ့်မည်ဟု ဘယ်သူထင်မည်နည်း။

ချန်ယိုတောက်သာမက သူ၏တပည့်များမှာလည်း ဒေါသများပြည့်နှက်နေကြသည်။ သူတို့အမြင်တွင် ယွီဟွေးဖေးသည် တိုက်ခိုက်ရေးစွမ်းရည် သုညဖြစ်သော အမှိုက်တစ်စဖြစ်ပြီး မျက်နှာပြောင်တိုက်မှုဖြင့်သာ ယခုအချိန်ထိ တောင့်ခံနေခြင်းဖြစ်သည်။ ယွီဟွေးဖေးသာ လက်ဖက်ရည်ခွက်ကို ချလိုက်လျှင် သူတို့ထဲမှ တစ်ယောက်ယောက်က သူ့ကို သူ့အမေပင် မမှတ်မိအောင် ရိုက်နှက်နိုင်ပေလိမ့်မည်။ သူတို့သည် ယွီဟွေးဖေးကို အားနည်းသည်ဟု ထင်သောကြောင့် ဤသို့သောလူ၏ ခြိမ်းခြောက်မှုကို ခံရခြင်းမှာ အလွန်အရှက်ရစရာဖြစ်ပြီး အလွန်ဒေါသထွက်နေကြသည်။

လူအုပ်ထဲမှ ကလေးငယ်တစ်ယောက်ပင် မကြည့်နိုင်တော့ဘဲ... "တောက်၊ တကယ်အရှက်မရှိတဲ့လူပဲ” ဟု ကျိန်ဆဲလိုက်သည်။

ယွီဟွေးဖေး၏ မျက်နှာမှာလည်း နီရဲနေသည်။ သူလည်း အရှက်ရှိချင်သည်သာ။ သို့သော် အစစ်အမှန်အရိုက်ခံရခြင်းနှင့် အရှက်ရှိခြင်းကြားတွင် သူသည် အရှက်မရှိခြင်းကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။

နှစ်ဖက်သား အကျပ်အတည်းဖြစ်နေစဉ် ယွီဟွေးဖေးသည် ကော်ပုထုံနှင့် ဖိန်ကောကို မျက်စပစ်လိုက်သည်။

"သွားမယ်၊ ပင်မတံခါးကနေ ထွက်မယ်”

ကော်ပုထုံနှင့် ဖိန်ကောတို့ ခေါင်းညိတ်လိုက်ကြသည်။ ဓားစာခံလက်ထဲတွင်ရှိနေသောကြောင့် သူတို့လည်း မကြောက်တော့ဘဲ အပြင်သို့ အမြန်ဆုတ်ခွာကြသည်။ သုံးယောက်သား ထွက်ခွာလုဆဲဆဲတွင် သက်ပြင်းချလိုက်ကြသည်။ ထိုစဉ်မှာပင် ဖိန်ကော၏ လက်ချော်သွားပြီး...

'ဖောက်... ခွမ်း...'

ထိုလက်ဖက်ရည်ခွက်ငယ်လေးမှာ အလွန်သေးငယ်ပြီး ပေါ့ပါးသောကြောင့် မြေပေါ်သို့ကျသွားသောအခါ တိုးညှင်းသောအသံသာ ထွက်ပေါ်လာပြီး ကြေမွသွားသည်။ ထိုအခိုက်အတန့်တွင် ကိုယ်ခံပညာသင်တန်းကျောင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ခြင်း။ ထို့နောက် ကျားတစ်ကောင်၏ အသက်ရှူသံကဲ့သို့သော အသက်ရှူသံများ တဖြည်းဖြည်းထွက်ပေါ်လာသည်။ ထို့နောက် ယွီဟွေးဖေးသည် ချန်ယိုတောက်က မျက်လုံးများနီရဲစွာဖြင့် မော့ကြည့်လာပြီး စကားတစ်လုံးချင်း စဆိုလေတော့၏။

"ငါ့အတွက်... ငါ့အတွက် သူတို့ကို သတ်ပစ်လိုက်စမ်း”

All Chapters