ကလေးလေး စိတ်ဆင်းရဲနေပြီ
Vol. 12 Ch. 176
ယွီဟွေးဖေးလည်း ပြီးသွားပြီ၊ တားဆီး၍မရတော့ပြီဟု သိလိုက်သည်။ သို့သော် သူသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို မြင့်မြင့်မြှောက်ကာ "မလာနဲ့” ဟု အော်လိုက်သေး၏။
ကံမကောင်းစွာပင် သူသည် ချန်ယိုတောက်ကို နားမလည်ခဲ့။ ချန်ယိုတောက်၏ အမြင်တွင် လက်ဖက်ရည်ခွက်အစုံသည် ပြည့်စုံမှသာ တန်ဖိုးရှိသည်။ ယခု လက်ဖက်ရည်ခွက်တစ်လုံးမရှိတော့လျှင် ချွတ်ယွင်းပစ္စည်းဖြစ်သွားပြီး သူ၏စိတ်ထဲမှ နတ်ဘုရားပလ္လင်ပေါ်မှ ပြုတ်ကျသွားပြီ။
ထို့ကြောင့် ဤလူသည် ပထမဆုံးပြေးထွက်လာပြီး "ငါမင်းကို ကန်သတ်မယ်” ဟု အော်ဟစ်လိုက်သည်။
ယွီဟွေးဖေးသည် စကားတစ်ခွန်းမပြောဘဲ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချန်ယိုတောက်၏ မျက်နှာသို့ ပစ်ပေါက်လိုက်သည်။
'ဖောက်'
ထိုလက်ဖက်ရည်ခွက်ငယ်လေးမှာ အလွန်သေးငယ်ပြီး ကြွေလွယ်သောကြောင့် လူ၏မျက်နှာကို ထိမှန်သော်လည်း ဗြောက်အိုးတစ်လုံးပေါက်သကဲ့သို့သာ ခံစားလိုက်ရသည်။ ချန်ယိုတောက်သည် ရှောင်တိမ်းခြင်းပင်မရှိဘဲ တည့်တည့်ခံယူလိုက်သည်။
သူ၏ခြေထောက်သည် ယွီဟွေးဖေးကို ကန်မိလုဆဲဆဲတွင် ယွီဟွေးဖေးသည် ဘေးသို့တစ်ချက်တိမ်းရှောင်လိုက်ရာ သူ၏ခြေထောက်ကြီးမှာ တံခါးကို သွားရောက်ကန်မိလေသည်။
'ဒုန်း' ဟူသောအသံနှင့်အတူ တံခါးတစ်ခုလုံး တုန်ခါသွားသည်။ ဤကန်ချက်၏ အားအင်မှာ မည်မျှကြောက်စရာကောင်းသည်ကို မြင်နိုင်သည်။
တိုက်ပွဲသည် ချက်ချင်းစတင်သွားပြီ။ ကော်ပုထုံနှင့် ဖိန်ကောတို့မှာလည်း မညှာတော့ဘဲ လက်ထဲမှ လက်ဖက်ရည်အိုးကို ပစ်ပေါက်လိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ အင်မတန် ကျွမ်းဝင်နေလေပြီးသော ပုံစံထိုင် ထိုင်ချလိုက်ကြတော့၏။
ချန်ယိုတောက်၏ တပည့်များထဲမှ တစ်ယောက်က လက်ဖက်ရည်အိုးနှင့် ခွက်ကို ဖမ်းယူလိုက်ပြီး ကျန်လူများမှာ သူတို့နှစ်ဦးထံသို့ ပြုံတိုးဝင်ကာ ဝိုင်းရိုက်ကြတော့၏။ ချန်ယိုတောက်သည်လည်း ပြေးဝင်လာပြီး ယွီဟွေးဖေး၏ မျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည်။ ယွီဟွေးဖေး အလျင်အမြန်ရှောင်တိမ်းလိုက်သော်လည်း ချန်ယိုတောက်၏ ဤလက်သီးမှာ ဟန်ပြသာဖြစ်ပြီး နောက်တစ်လုံးက အမှန်တကယ်လိုက်လာရာ ရှောင်တိမ်းရန် အနည်းငယ်နောက်ကျသွားလေပြီ။
အရေးကြီးသည့်အချိန်တွင် ယွီဟွေးဖေး၏ ခေါင်းထဲတွင် သရဲနက်နှင့် သရဲဖြူတို့၏ ထူးဆန်းသော ကြိမ်လုံးရိုက်ချက်များ ပေါ်လာပြီး ခန္ဓာကိုယ်သည် အလိုလိုပင် ထူးဆန်းစွာ ကွေးညွှတ်သွားကာ တစ်ဖက်လူ၏ လက်သီးကို ကပ်သီးလေးရှောင်တိမ်းနိုင်ခဲ့သည်။
ချန်ယိုတောက်သည် အံ့အားသင့်စွာ "ဟင်" ဟု မြည်တမ်းလိုက်သည်။ သူဟာ ယွီဟွေးဖေးမှာ ဘာမှမဟုတ်၊ ဟန်ဆောင်နေသူတစ်ဦးသာဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် ဤလက်သီးတစ်ချက်ဖြင့် ယွီဟွေးဖေး၏ တုံ့ပြန်နိုင်စွမ်းနှင့် ထူးဆန်းသော ကိုယ်ဟန်အနေအထားကို စမ်းသပ်နိုင်ခဲ့သည်။
ချန်ယိုတောက်၏ မျက်လုံးများမှာ အရောင်တောက်လာပြီး "လက်စွမ်းနည်းနည်းရှိသားပဲ”
ထိုအချိန်မှာပင် ချန်ယိုတောက်က ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ယွီဟွေးဖေးမှာ ရှောင်စရာမရှိတော့။ လက်နှစ်ဖက်ဖြင့်သာ ကာကွယ်ရတော့သည်။
'ဒုန်း' ဟူသောအသံနှင့်အတူ သူသည် လွင့်စင်သွားသော်လည်း လေထဲတွင် တစ်ပတ်လှည့်ကာ မြေပေါ်သို့ ပေါ့ပါးစွာ ကျဆင်းလာပြီး ဒဏ်ရာမရခဲ့ပေ။
ဤမြင်ကွင်းကိုမြင်သောအခါ ချန်ယိုတောက်သည် အံ့အားသင့်သွားပြီး "မင်းတကယ်ပဲ လက်စွမ်းနည်းနည်းရှိတာပဲဟ”
"ငါပြောခဲ့တယ်လေ၊ မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူးလို့”
သို့သော် နောက်တစ်ခဏတွင် သူ၏မျက်နှာမှာ မည်းမှောင်သွားသည်။ အကြောင်းမှာ လူတစ်အုပ်ပြေးဝင်လာသောကြောင့်ပင်။ ဆံပင်နှစ်ဖက်ခွဲကာ အရပ်တစ်မီတာမပြည့်သော ကောင်မလေးတစ်ယောက်ပင် "ဟူး... ဟား..." ဟု အော်ဟစ်ရင်း ပြေးလာနေ၏။ ကံကောင်းစွာပင် လမ်းတစ်ဝက်တွင် ကောင်လေးကြီးတစ်ယောက်က သူမကို ပွေ့ချီလိုက်သော်လည်း ထိုကလေးမလေး၏ အမူအရာမှာ အတော်ပင် ကြောက်စရာကောင်းသည်။
လူများပြုံတိုးဝင်လာသောအခါ ယွီဟွေးဖေးသည် နောက်သို့ဆုတ်၊ နောက်သို့ဆုတ်၊ ထပ်မံဆုတ်ခွာရတော့သည်။ ဤသည်မှာ ရုပ်ရှင်ရိုက်နေခြင်းမဟုတ်၊ မည်သူမျှ သူနှင့်တစ်ယောက်ချင်းတိုက်ခိုက်မည်မဟုတ်၊ အခြားသူများမှာ ဘေးမှနေ၍ လေထဲသို့ လက်သီးများထိုးနေမည်မဟုတ်ပေ။ လက်နှစ်ဖက်ဖြင့် လက်လေးဖက်ကို မယှဉ်နိုင်၊ ယွီဟွေးဖေးသည် ဆုတ်ခွာရတော့သည်။
သို့သော် မကြာမီမှာပင် သူသည် နံရံသို့ကပ်သွားပြီး ဆုတ်စရာနေရာမရှိတော့ပေ။
"မင်းတို့ဒါ အုပ်စုလိုက်ဝိုင်းရိုက်တာပဲ”
"မင်းပြောတာမှန်တယ်၊ ဒါအုပ်စုလိုက်ဝိုင်းရိုက်တာပဲ။ တက်ကြ၊ သူတို့ကို လက်ဖက်ရည်အိုးဖြစ်အောင် ရိုက်ကြ” လူတစ်အုပ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ထိုစဉ်မှာပင် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
'ဘုန်း'
ထို့နောက် လူတိုင်းသည် သံမဏိတံခါးမှာ စက္ကူကဲ့သို့ လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။ ရှေ့တည့်တည့်မှ လူတစ်ယောက်မှာ ဘာမှမသိလိုက်မီမှာပင် ထိုသံမဏိတံခါးဖြင့် မျက်နှာကို အပိတ်ခံလိုက်ရပြီး အသံတိုးတိုးဖြင့် ညည်းညူကာ မြေပေါ်တွင် လဲကျသွား၏။ ဤပေါက်ကွဲမှုကဲ့သို့သော အားအင်မှာ လူတိုင်းကို ကြောက်လန့်တကြားဖြစ်စေပြီး အခြေအနေကို စစ်ဆေးရန် လှည့်ကြည့်ကြသည်။
တစ်စုံတစ်ယောက်က "ရန်ဖြစ်ရုံလေးနဲ့ အထူးရဲတပ်ဖွဲ့နဲ့ ဗုံးတွေပါ ခေါ်စရာလိုလို့လား” ဟု ညည်းတွားလိုက်သေး။
စိတ်ကူးထဲမှ နှိမ်နင်းရေးရဲများ ဝင်မလာဘဲ လူသန်ကြီးတစ်ယောက်သည် ခေါင်းကိုအနည်းငယ်ငုံ့ကာ ဝင်ရောက်လာသည်။ ဤလူသည် အရပ်နှစ်မီတာကျော်မြင့်ပြီး တစ်ကိုယ်လုံးတွင် ကြွက်သားများ ပေါက်ကွဲထွက်နေသကဲ့သို့ ဖြစ်နေသည်။ ထိုနေရာတွင် ရပ်နေသည်မှာ တံတိုင်းကြီးတစ်ခုနှင့်တူ၏။
ထိုလူသည် လက်ကိုတစ်ချက်ခါလိုက်ပြီး "တကယ်မာတာပဲ၊ အားနည်းနည်းနဲ့ ထုဖွင့်လို့ မရတော့တောင်ထင်နေတာ” ဟု ကျိန်ဆဲလိုက်သည်။
ဤစကားတစ်ခွန်းထွက်လာသောအခါ လူတိုင်း၏ နဖူးတွင် သွေးကြောများ ထောင်ထလာသည်။ ဒီတံခါးက ပေါက်ကွဲသွားတာမဟုတ်ဘဲ ဒီလူရဲ့ လက်သီးတစ်ချက်နဲ့ လွင့်စင်သွားတာလား။ ဒါလူမှဟုတ်သေးရဲ့လား။ ဤသည်မှာ ကိုယ်ခံပညာဝတ္ထုမဟုတ်၊ ရုပ်ရှင်ထဲမှ အထူးပြုလုပ်ချက်လည်း မဟုတ်ပေ။
လက်တွေ့လောကတွင် ပညာရှင်များမှာ ကြောက်စရာကောင်းသော်လည်း လက်သီးတစ်ချက်ဖြင့် သံမဏိတံခါးကို လွင့်စင်သွားအောင် ထုနိုင်ခြင်းမှာ အနည်းငယ် လွန်လွန်းသည်။ အရှိန်ယူ၍ ကန်လျှင် ဖွင့်နိုင်ကောင်းဖွင့်နိုင်မည်၊ လွင့်စင်သွားအောင် ကန်နိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။ သို့သော် သူ့ရှေ့မှ ဤလူ...
လူတိုင်းကြောင်နေစဉ် ယွီဟွေးဖေးသည် ရယ်မောလိုက်သည်။ "ဟို... ချန်ယိုတောက် ဟုတ်တယ်မလား၊ ငါပြောခဲ့တယ်လေ၊ ငါမင်းနဲ့တိုက်ဖို့ စိတ်မဝင်စားဘူးလို့။ အခုငါ့တပည့်ရောက်လာပြီ၊ မင်းတိုက်ချင်ရင် သူနဲ့အရင်စမ်းကြည့်လိုက်ဦး”
ချန်ယိုတောက်သည် ကြောင်သွားပြီး ယွီဟွေးဖေးကို မျက်စောင်းထိုးကြည့်ကာ "ဒီသတ္တဝါဆန်းက မင်းတပည့်လား” ဟု မေးနေသကဲ့သို့။
ယွီဟွေးဖေးက လက်ခုပ်တီးကာ "ဟုတ်တယ်၊ ငါ့တပည့်ပဲ။ မင်းက ဒီအကြီးကောင်ကို မနိုင်ဘူးထင်ရင် အသေးကောင်နဲ့ စမ်းကြည့်လို့ရတယ်..."
"အသေးကောင်" လူတိုင်းအံ့အားသင့်သွားကြသည်။ ခုနက လူသန်ကြီး၏ အရှိန်အဝါကြောင့် မည်သူမျှ အသေးကောင်တစ်ယောက်ရှိနေသည်ကို သတိမထားမိခဲ့ကြ။
လူတိုင်းအောက်သို့ငုံ့ကြည့်လိုက်ရာ လူသန်ကြီး၏ ဘေးတွင် သူ၏ပေါင်လောက်ပင်မမြင့်သော ကတုံးပြောင် ကိုရင်ငယ်လေးတစ်ပါးရပ်နေပြီး သူတို့ကို အလွန်ဒေါသထွက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာသဘောလဲ။ ဘုရားလောင်းကို မမြင်ချင်ယောင်ဆောင်နေတာလား”
လူတိုင်းမှာ စကားမပြောနိုင်ဖြစ်သွားကြသည်။ တကယ်ပဲ အသေးကောင်တစ်ယောက်ရှိနေတာပဲ... ဒါပေမဲ့ ဒါက သေးလွန်းတယ်မလား။
ချန်ယိုတောက်သည် ယွီဟွေးဖေးက သူ့ကိုစော်ကားနေသည်ဟု ထင်ပြီး ဒေါသတကြီးဖြင့် "မင်းငါ့ကို စော်ကားနေတာလား”
ယွီဟွေးဖေးက ရယ်မောလိုက်သည်။ "ဟေး... မင်းဒီလိုမပြောနဲ့၊ ဒီတစ်ခါ ငါတကယ်မင်းကို မစော်ကားဘူး။ အဲ့အသေးကောင်ကို မင်းတကယ်မနိုင်ဘူး”
"ဖင်ကိုယားလို့” လူတစ်ယောက်က မယုံကြည်စွာ ရှေ့သို့တိုးလာပြီး တိကျန့်ကို လက်ညှိုးထိုးကာ "ဒီကတုံးလေးကို ငါလက်တစ်ဖက်တည်းနဲ့ နိုင်တယ်”
တိကျန့်သည် နှစ်ပေါင်းများစွာ မျောက်မီးခဲဖြစ်ခဲ့သူဖြစ်ပြီး ယွီဟွေးဖေးရှေ့တွင် မမောက်မာဝံ့သော်လည်း သူတစ်ပါးက အထင်သေးသည်ကိုတော့ သည်းမခံနိုင်။ သူသည် ခေါင်းညိတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လာစမ်းပါ... ဖိုက်ကြစို့”
ထိုနို့စို့အရွယ်အသံမှာ အရှိန်အဝါမရှိသောကြောင့် လူတိုင်းရယ်မောလိုက်ကြသည်။ ထိုလူသန်ကြီးမှာမူ "ခွေးပေါက်လေးလိုပဲ..." ဟု ရယ်မောလိုက်သည်။
'ဒုန်း'
လူသန်ကြီးစကားမဆုံးမီမှာပင် သူ၏ခေါင်းမှာ မူးဝေသွားပြီး မျက်နှာဖြင့် မြေပေါ်သို့ ကျသွားသည်။ ထို့နောက် တိကျန့်သည် နွားကျောင်းသားကို လှည့်အော်လိုက်၏။
"ဘာတွေကြည့်နေတာလဲ။ ဒေါသဖြေလေ”
နွားကျောင်းသားသည် သတိပြန်ဝင်လာပြီး နဖူးကိုတစ်ချက်ရိုက်ကာ "ဟုတ်သားပဲ”။ ထို့နောက် သူလည်းပြေးဝင်သွားသည်။ သူ၏ပစ်မှတ်မှာ ရှင်းလင်းသည်၊ သူ့ရှေ့မှ မည်သို့မျှ မမြင့်သော ဂျပိန်လူသာ။
ချန်ယိုတောက်သည် ထိုလူသန်ကြီး သူ့ထံသို့ တည့်တည့်ပြေးဝင်လာသည်ကိုမြင်သောအခါ စိတ်ထဲတွင် အေးစက်သွားသည်။ နှစ်ဦးသား လုံးဝအလေးချိန်မတူညီကြပေ။ ထို့အပြင် တစ်ဖက်လူ၏ လက်သီးတစ်ချက်ဖြင့် တံခါးဖွင့်သည့်အရှိန်အဝါမှာ အမှန်ပင် ကြောက်စရာကောင်းသည်။
သို့သော် ချန်ယိုတောက်သည် နောက်ဆုံးတွင် လူမိုက်တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူဖြစ်ရာ လက်စွမ်းရှိနေသေးသည်။ အရေးကြီးသည့်အချိန်တွင် ကျယ်လောင်စွာ အော်ဟစ်ကာ တည့်တည့်ပြေးဝင်သွားပြီး ခြေလှမ်းများမှာ ထူးဆန်းစွာ ပြောင်းလဲနေပြီး လက်သီးများမှာ အမှန်အမှား ရောထွေးနေသည်။
ထို့နောက်...
လက်ကြီးတစ်ဖက်က သူ့အင်္ကျီကော်လံကို ဆွဲကိုင်မလိုက်ပြီး သူမည်သို့ပင် ခြေလှမ်းများရွှေ့၊ ရုန်းကန်၊ တန်ပြန်တိုက်ခိုက်စေကာမူ လွတ်မြောက်နိုင်ခြင်းမရှိ။ နွားကျောင်းသားသည် ကြက်ပေါက်လေးတစ်ကောင်ကို ကိုင်သကဲ့သို့ ချန်ယိုတောက်ကို ဆွဲမြှောက်လိုက်ပြီး လက်ကြီးဖြင့် အားရပါးရ စိမ်ပြေနပြေ ဘယ်ညာရိုက်လေတော့သည်။
'ဖြောင်း ဖြောင်း ဖြောင်း...'
ချန်ယိုတောက်သည် လုံးဝတန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ အလွန်ဝမ်းနည်းစွာဖြင့် ငိုကြွေးလေတော့သည်။ ဟုတ်သည်၊ သူငိုနေသည်... သူကြီးပြင်းလာသည်အထိ ခေါင်းကွဲအောင် အရိုက်ခံရဖူးသော်လည်း မငိုခဲ့ဖူး။ သို့သော် ဤသို့ မိန်းမတစ်ယောက်ကဲ့သို့ အရှက်ခွဲခံရခြင်းကိုတော့ တစ်ခါမျှမကြုံဖူးခဲ့။ အရှက်တရား၏ မျက်ရည်များမှာ မျက်နှာပေါ်တွင် ပြည့်နှက်နေ၏။
ချန်ယိုတောက်က အော်ဟစ်လိုက်သည်။ "ဘာတွေကြည့်နေကြတာလဲ။ တိုက်ကြ... အမ်..."
သူအကူအညီတောင်းရန် ကြံရွယ်ခဲ့သော်လည်း သူ၏တပည့်များမှာ မြေပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။ ထိုဘုန်းကြီးငယ်လေးမှာ အရပ်၁.၈မီတာရှိသော လူတစ်ယောက်ကို မြေပေါ်တွင် ဆွဲပြေးနေ၏။ နောက်မှ ကောင်မလေးတစ်ယောက်၊ အိမ်ထဲမှ တစ်ဦးတည်းသော မိန်းကလေးမှာ အော်ဟစ်ရင်း လိုက်သတ်နေသည်။ ထိုမြင်ကွင်းမှာ မည်သို့ကြည့်ကြည့် ထူးဆန်းနေသည်။
သို့သော် ယွီဟွေးဖေးမှာမူ ဤသည်မှာ လုံးဝမထူးဆန်းကြောင်း သိသည်။ မိန်းမသည် တိကျန့်၏ ရန်သူပင်။ ကံကောင်းစွာပင် ကောင်မလေးတစ်ယောက်တည်းသာ ရှိ၍ တော်သေးသည်။ များများရှိလျှင် ဤကတုံးလေးမှာ မျက်နှာကုတ်ဖဲ့ခံရပေလိမ့်မည်။
ယွီဟွေးဖေးသည် တိကျန့်ကို ပွေ့ချီလိုက်ပြီး အောက်မှ ကောင်မလေးမှာ ဒေါသတကြီးဖြင့် ခုန်ပေါက်ကာ ဤကတုံးလေးကို လက်သီးဖြင့်ထိုးရန် ကြိုးစားနေသော်လည်း မမီနိုင်သောကြောင့် ငိုလုမတတ်ဖြစ်နေသည်။
ယွီဟွေးဖေးက တိကျန့်ကို အလေးအနက်ထား၍ "သူ့ကို တစ်ချက်လောက် ကုတ်ခွင့်ပေးလိုက်ပါလား။ ကြည့်စမ်း၊ သူငိုတော့မယ်”
တိကျန့်က မျက်ရည်များဖြင့် "ကျွန်တော်ငိုနေတာကြာပြီလေ”
"...%¥&%..."
ယွီဟွေးဖေးသည် တိုက်ပွဲသည် ဤမျှရုတ်တရက်ဖြစ်ပွားပြီး ဤမျှရုတ်တရက်ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့။
"နွားကျောင်းသား... သူ့ကိုလွှတ်လိုက်တော့”
နွားကျောင်းသားက "အင်း" ဟုဆိုကာ တစ်ဖက်လူကို မြေပေါ်သို့ ပစ်ချလိုက်သည်။
ချန်ယိုတောက်သည် မြေပေါ်တွင်ထိုင်ရင်း အရပ်၁.၉မီတာရှိသော သူက အရပ်၂မီတာမြင့်သော နွားကျောင်းသားကို မော့ကြည့်နေသည်မှာ ခုလေးတင် အစော်ကားခံလိုက်ရသော ဇနီးငယ်လေးတစ်ယောက်ကဲ့သို့ အလွန်ပင် ဝမ်းနည်းနေ၏။
ယွီဟွေးဖေးသည် ဤမြင်ကွင်းကိုမြင်သောအခါ အနည်းငယ် ရှက်ရွံ့သွားသည်။ ရန်ဖြစ်သည်မှာ ရန်ဖြစ်သည်၊ ဖမ်းပြီး ပါးရိုက်ခြင်းမှာ အနည်းငယ် လွန်လွန်းသည်။
"သူဌေးချန်... ခင်ဗျား... မငိုပါနဲ့တော့”
ချန်ယိုတောက်က ယွီဟွေးဖေးကိုကြည့်ကာ ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။ "ငါ့ဘဝတစ်လျှောက်လုံးမှာ ခေါင်းကွဲအောင် အရိုက်ခံရဖူးတယ်၊ နောက်ကျောကနေ ဓားနဲ့အထိုးခံရဖူးတယ်၊ ငါတစ်ခွန်းမှ မညည်းညူခဲ့ဘူး။ ဒါပေမဲ့... မင်းတို့... မင်းတို့ အရမ်းလွန်လွန်းတယ်”
"ဒါ... ခင်ဗျားအရင်ဆုံး မငိုဘဲနေလို့ရမလား။ ယောကျ်ားကြီးတစ်ယောက်က ဘာလို့ငိုနေရတာလဲ”
"ငါလည်း မငိုချင်ပါဘူး၊ မင်းက ငါငိုချင်တယ်လို့ ထင်နေလား။ ဒီကောင့်လက်ထဲမှာ ငရုတ်သီးမှုန့်တွေပါတယ်ကွ။ မင်းစမ်းကြည့်ပါလား၊ မင်းမျက်လုံးကို တစ်ချက်လောက် ပုတ်ကြည့်၊ မင်းမငိုဘူးလား ကြည့်မယ်”
ယွီဟွေးဖေးသည် ချက်ချင်းပင် နွားကျောင်းသား၏ လက်ကြီးကို ကြည့်လိုက်ရာ ထိုကောင်၏ လက်မှာ ဆီများဖြင့် စေးကပ်နေပြီး နီရဲနေသည်မှာ ဟင်းအိုးထဲမှ ဆယ်ယူလာသကဲ့သို့ ဖြစ်နေသည်။
"မဟုတ်ဘူး... အိမ်သာသွားတာမဟုတ်ဘူးလား။ ဒါ... အိမ်သာပုံးထဲ လက်နှိုက်လိုက်တာလား”
နွားကျောင်းသား၏ မျက်နှာမှာ နီရဲသွားပြီး "မဟုတ်ပါဘူး... ခုနက လမ်းပျောက်သွားလို့ စားပွဲတစ်လုံးပေါ်မှာ အရည်ပါတဲ့ စားစရာတစ်ဘူးတွေ့လို့။ အဲ့ဒါက အနံ့က အရမ်းမွှေးတာနဲ့။ အဲ့မှာထားရင် ဖြုန်းတီးရာကျမှာစိုးလို့ ငါစားလိုက်တာ... ဘယ်သူသိမလဲ၊ အဲ့ဒါက စားလို့တော့ကောင်းတယ်၊ ဒါပေမဲ့ လက်နည်းနည်းပူတယ်”
ယွီဟွေးဖေး၏ ခေါင်းထဲတွင် မြင်ကွင်းတစ်ခု ချက်ချင်းပေါ်လာသည်။ ဤကောင်သည် သူတစ်ပါးဝယ်ထားသော မာလာဟင်းကို စားလိုက်ခြင်းဖြစ်ပြီး တူမသုံးဘဲ လက်ဖြင့် ကောက်စားလိုက်ခြင်းဖြစ်မည်။ လက်မှာ ဆီများပြည့်နေခြင်းမှာ အံ့ဩစရာမဟုတ်တော့။
"အဲ့ဒါ ဘယ်သူမှမပိုင်ဘူးဆိုတာ သေချာလို့လား”
နွားကျောင်းသား၏ မျက်နှာမှာ ပို၍နီရဲသွားပြီး "ဘယ်လိုပဲဖြစ်ဖြစ် ငါထွက်လာတုန်းက ဘယ်သူမှငါ့ကို မတားဘူး”
ယွီဟွေးဖေး၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ "မင်းဘယ်လောက်ကြာကြာစားလိုက်လဲ”
နွားကျောင်းသားက သွားဖြဲရယ်ကာ "အဲ့လောက်သေးတဲ့ဘူးလေးကို ငါနှစ်လုပ်စာနဲ့ ကုန်သွားတယ်”
"သောက်ကျိုးနည်း..." ယွီဟွေးဖေးသည် နဖူးကိုတစ်ချက်ရိုက်လိုက်သည်။ ခြေထောက်ဖြင့် စဉ်းစားလျှင်ပင် ဤကောင်သည် သူတစ်ပါးဟာကို စားလိုက်မှန်း သိနိုင်သည်။