ဂုဏ်သရေရှိ အကျဉ်းသား
Vol. 12 Ch. 179
ဤအရာအားလုံးကို စီမံပြီးနောက် ယွီဟွေးဖေးသည် အသားများကို မြင်းခေါင်းထံသို့ တိုက်ရိုက်ပစ်ပေးလိုက်ပြီး... "အသားတွေကို နုတ်နုတ်စင်းပြီး ဖက်ထုပ်လုပ်ကြမယ်”
"ကောင်းပြီဗျို့”
မြင်းခေါင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားကြီးကို ဝှေ့ယမ်းကာ အသားစတင်လှီးလေတော့သည်။ ယွီဟွေးဖေးက ဂျုံနယ်ပြီး နွားခေါင်းတို့က အခြားလိုအပ်သည်များကို လှီးဖြတ်ကြသည်။ ထိုတစ်ညလုံး သူတို့သည် ဖက်ထုပ်များပြုလုပ်ကြရာ တစ်ညတာလုံး ကြာမြင့်လေ၏။
နောက်တစ်နေ့တွင် ရေတွက်ကြည့်သောအခါ အလုံးပေါင်း သုံးထောင်တိတိ ရှိနေသည်။ ယွီဟွေးဖေးသည် ဖက်ထုပ်သုံးထောင်လုံးကို ရေအိုးကြီးထဲသို့ တစ်ခါတည်း လောင်းထည့်လိုက်ပြီး အပေါ်မှ အဝတ်စဖြင့်ဖုံးကာ ကျောက်တုံးဖြင့် ဖိထားပြီး ထင်းခန်းထဲတွင် ထားလိုက်သည်။ ထင်းခန်းထဲတွင် အပူပေးစနစ်မရှိသောကြောင့် အပြင်ဘက်တွင် မည်မျှအေးစက်ပါစေ၊ အတွင်းဘက်တွင်လည်း ထိုနည်းတူပင် အေးစက်နေသည်။
ဤသည်မှာ သဘာဝရေခဲသေတ္တာပင်ဖြစ်သည်။ ဖက်ထုပ်များမှာ အတွင်းသို့ရောက်ပြီး မကြာမီမှာပင် ခဲသွားကြသည်။ စားချင်သည့်အခါ တိုက်ရိုက်ထုတ်ယူပြီး ရေနွေးဖြင့်ပြုတ်လိုက်ရုံသာ။ ကြက်၊ ဘဲ၊ ငါး၊ အသားများမှာလည်း ထိုနည်း၎င်းပင်။ သို့မဟုတ်လျှင် ဤမျှများပြားသော ပစ္စည်းများကို ရေခဲသေတ္တာထဲတွင် လုံးဝထည့်၍ ဆံ့မည်မဟုတ်ပေ။ ဤသည်မှာ အရှေ့မြောက်ပိုင်းဒေသ၏ ဆောင်းရာသီတွင် အဆင်ပြေသော အချက်တစ်ချက်ပင်ဖြစ်သည်။ အိမ်အတွင်းမှလွဲ၍ အပြင်ဘက်တစ်ခွင်လုံးမှာ သဘာဝရေခဲသေတ္တာကြီးတစ်ခု ဖြစ်နေတော့သည်။
နှစ်သစ်ကူးရောက်ခါနီးအချိန်တွင် ယွီဟွေးဖေး၏ အိတ်ကပ်ထဲမှ တံဆိပ်မှာ နောက်တစ်ကြိမ် ပူလောင်လာပြန်သည်။
‘သောက်ကျိုးနည်းကွာ နှစ်ကူးတော့မှာကို လူအသစ်ထပ်ပို့ပေးနေပြန်ပြီ။ ဘာလဲ... နတ်ပြည်မှာ နှစ်ကူးဖို့ ပိုက်ဆံမရှိလို့ အကုန်လုံးငါ့ဆီကို အလကားလာစားဖို့ လွှတ်လိုက်တာလား’
စိတ်ထဲတွင် ကျိန်ဆဲရင်း ယွီဟွေးဖေးသည် တံဆိပ်ကိုထုတ်ကြည့်လိုက်ရာ အပေါ်တွင် စာတစ်ကြောင်းတိုးလာသည်ကို တွေ့လိုက်ရသည်။
'နှစ်ကူးချိန်တွင် အကျဉ်းသားအသစ်တစ်ဦး ရောက်လာမည်။ သတိပြုရန်၊ ဤအကျဉ်းသားမှာ ဂုဏ်သရေရှိသူဖြစ်သောကြောင့် ခမ်းနားစွာ ကြိုဆိုဧည့်ခံရန်’
ယွီဟွေးဖေး ကြောင်သွားသည်။ အကျဉ်းသားတစ်ယောက်က ဂုဏ်သရေရှိသည်တဲ့လား။ ခမ်းနားစွာ ဧည့်ခံရမည်တဲ့လား။ သူသိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘယ်သူလဲ။ ဒီလောက်တောင် အရှိန်အဝါကြီးတာ၊ ဂုဏ်သရေရှိပြီး ခမ်းနားစွာ ဧည့်ခံရမယ်ဆိုတော့။ ငါ့ဆီမှာ မင်းသမီးရဲ့ ကြင်ယာတော်တောင် ရှိနေပြီ၊ ဘယ်သူက သူ့ထက်ပိုပြီး ဂုဏ်သရေရှိနိုင်မှာလဲ”
"ဒါတော့ မင်းဂရုစိုက်စရာမလိုဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတဲ့... အင်း... အကျဉ်းသားတစ်ယောက်ပဲ။ ဒီကောင်က ကိုင်တွယ်ရခက်တယ်၊ မင်းကိုယ်တိုင်ပဲ ကြည့်လုပ်တော့။ ပိုတာတွေ ငါ့ကိုမမေးနဲ့၊ မေးလည်း ငါမပြောဘူး” လူယာ၏ အကြောင်းပြန်ချက်မှာ အလွန်ပြတ်သားသည်။
ယွီဟွေးဖေးမှာ ပို၍သိချင်လာပြီး ထပ်ခါထပ်ခါမေးသော်လည်း တစ်ဖက်လူက လုံးဝစကားမပြောတော့ပေ။ ယွီဟွေးဖေးမှာ ဘာမှမတတ်နိုင်တော့ဘဲ သိချင်စိတ်ကိုသာ မြိုသိပ်ထားရတော့သည်။
သူသည် ဤကိစ္စကို ချွေ့ကျွယ်တို့အား ပြောပြလိုက်ရာ လူတစ်စုသည် ခေါင်းချင်းဆိုင်တိုင်ပင်ကြသော်လည်း နောက်ဆုံးတွင် မည်သူလာမည်ကို ခန့်မှန်း၍မရနိုင်ကြပေ။ စောင့်ဆိုင်းနေရုံသာရှိတော့သည်။
ထိုစဉ် ရှောင်ထျန်းချန်က... "သူဘယ်သူဖြစ်ဖြစ် ဂရုစိုက်မနေနဲ့၊ ဘယ်လောက်ပဲ အရှိန်အဝါကြီးကြီး ဘယ်အထိကြီးနိုင်မှာလဲ။ ငါတို့ဆီမှာ အပေါ်မှာ မင်းသမီးရဲ့ ကြင်ယာတော်၊ အောက်မှာ ဘုရားလောင်းရှိနေတာ၊ သူ့လိုငှက်ပေါက်လေးတစ်ကောင်ကို ကြောက်စရာလား”
နွားခေါင်းကလည်း... "ဟုတ်တယ်... ပြီးတော့ မင်းက ဒီနေရာမှာ အကြီးဆုံးပဲ၊ ဒါက စည်းကမ်းပဲ။ ဘယ်သူလာလာ ဂရုမစိုက်နဲ့၊ အကျဉ်းသားဖြစ်သရွေ့ မင်းအုပ်ချုပ်မှုအောက်မှာပဲ”
"ဟုတ်သားပဲ”
သရဲဖြူက... "စိတ်ချပါ၊ ညီအစ်ကိုတွေက မင်းကို အကာအကွယ်ပေးထားတယ်။ ဘယ်သူလာလာ ငါတို့အရင်ဆုံး သူ့ကို အရှိန်အဝါပြလိုက်ကြမယ်”
မကြာမီမှာပင် နှစ်သစ်ကူးရောက်လာသည်။ ဗြောက်အိုးသံများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာပြီး ရွာတစ်ရွာလုံးမှာ လမ်းမပေါ်တွင် ပေါက်ကွဲနေသကဲ့သို့ နံနက်မှ ညနေအထိ ဗြောက်အိုးသံများသာ ကြားနေရသည်။ ကလေးများ၏ ဆူညံသံ၊ ခွေးတစ်အုပ်၏ ဟောင်သံများဖြင့် ပြည့်နှက်နေသည်။ တစ်ခုတည်းသော ပျောက်ဆုံးနေသောအရာမှာ ခရီးသွားများ၏ အသံပင်။ သို့သော် မပြန်သေးသော ခရီးသွားအချို့လည်း ရှိနေပြီး အရှေ့မြောက်ပိုင်းဒေသ၏ နှစ်သစ်ကူးအရသာကို ခံစားရန် ဤနေရာတွင် နှစ်ကူးကြသည်။
ယွီဟွေးဖေးသည်လည်း ဤရက်ပိုင်းအတွင်း အားမနေခဲ့ပေ။ သုံးလိုက်သည့်ငွေမှာ မိမိပိုင်ဆိုင်ပြီး ကျန်သည့်ငွေမှာ အကြွေးဆပ်ရမည်ဟူသော မူကို လက်ကိုင်ထားကာ ထိုငွေတစ်သောင်းကို အကုန်နီးပါး သုံးဖြုန်းလိုက်ပြီး ဝက်သားအမျိုးမျိုးအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဝက်နံရိုး၊ ဝက်ခေါင်း၊ ဝက်အရိုးကြီးများသာမက ဝက်ဦးနှောက်၊ ဝက်အူမစသည့် အရာများပါ ပါဝင်သည်။
အတိုချုပ်ဆိုရသော် သူတို့အိမ်တွင် ယခုအများဆုံးမှာ ဝက်သားပင်။ အမဲသားအချို့ဝယ်ရန် စဉ်းစားခဲ့သော်လည်း အမဲသားဟု ပြောလိုက်သည်နှင့် နွားခေါင်းက မကျေမနပ်ဖြစ်တော့သည်။ မြင်းအူချောင်းဝယ်ရန်လည်း စဉ်းစားခဲ့သည်။ တားနင်ရွာ၏ မြင်းအူချောင်းမှာလည်း အနီးတဝိုက်တွင် နာမည်ကြီးပြီး နှစ်သစ်ကူးတိုင်း အိမ်တိုင်းတွင် မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် မြင်းခေါင်းကလည်း မကျေမနပ်ဖြစ်ပြန်သည်။ သူတို့အားလုံးကို အလိုက်ထိုက်ဆက်ဆံရန် ယွီဟွေးဖေးမှာ ဝက်သားသာ ပိုဝယ်ရတော့သည်။ သိုးသားမှာမူ ဤနေရာတွင် သိုးမွေးသူနည်းပါးသောကြောင့် ကြာမြင့်စွာကပင် ရောင်းကုန်သွားပြီ။
ညနေစောင်းသောအခါ ယွီဟွေးဖေးသည် လူတိုင်းကို ဖက်ထုပ်လုပ်ရန် ခေါ်တော့မည်ဟု ပြင်ဆင်နေစဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
'ဒေါက် ဒေါက် ဒေါက်'
အသံမှာ စည်းချက်ကျပြီး တည်ငြိမ်နေသည်၊ အလျင်မလိုသော လူတစ်ယောက်က တံခါးခေါက်နေသကဲ့သို့။ ယွီဟွေးဖေးသည် အလျင်အမြန် ဆင်းလာပြီး ထိုဧည့်သည် ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
တံခါးမကြီးဖွင့်လိုက်သောအခါ ယွီဟွေးဖေးသည် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရပ်နေပြီး သူ့ကို ပြုံးရွှင်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဤသူသည် ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသည်။ မျက်ခုံးများကြားတွင် ထူးခြားသော အပြုံးတစ်ခုရှိပြီး အလွန်ခင်မင်ဖွယ်ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် ထူးခြားသော အရှိန်အဝါတစ်ခုရှိနေသောကြောင့် လူတိုင်းက သူ့ကို မလေးမစားမပြုဝံ့ကြ။
ဤသည်မှာ ယွီဟွေးဖေး၏ ဘဝတွင် ချွေ့ကျွယ်ထက် ပို၍အရှိန်အဝါရှိသော အမျိုးသားကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
"ဒါ... အစ်ကို... အယ်... မင်း... အကျဉ်းသားလား”
ယွီဟွေးဖေးသည် ထိုအမျိုးသား၏ နောက်ဘက်ကို ကြည့်လိုက်သည်။ သူ၏နောက်တွင် ဘာမှမရှိ၊ ကြယ်တာရာများသာ ပြည့်နှက်နေသော ကောင်းကင်ပြင်ကြီးသာရှိသည်။ သူဘယ်ကလာသည်ကို မသိနိုင်၊ သူ၏အထောက်အထားကို ခန့်မှန်းရန် မည်သည့်သဲလွန်စမှမရှိ။ သို့သော် ထိုကြယ်တာရာကောင်းကင်ပြင်ကြီးကို ကြည့်ရင်း ယွီဟွေးဖေး အလွန်ပျော်ရွှင်နေသည်။ ကမ္ဘာမြေပေါ်မှ လူသားတစ်ဦးအနေဖြင့် အာကာသသို့ တစ်ခါမျှမရောက်ဖူးသေးပေ။
"ဟုတ်ပါတယ်၊ မင်းက အကျဉ်းသားစီမံခန့်ခွဲရေးဌာနရဲ့ ညွှန်ကြားရေးမှူး ယွီဟွေးဖေး ဟုတ်တယ်မလား”
"ဘာတွေပြောနေတာလဲ။ မျက်စိမရှိဘူးလား။ ဒါက ညွှန်ကြားရေးမှူးချုပ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်လို့ခေါ်စမ်း”
သရဲနက်သည် မျက်နှာမည်းကြီးဖြင့် အော်ဟစ်လိုက်သည်။ ဘယ်သူလာလာ ဂရုမစိုက်၊ လာသမျှအကုန်လုံးက အကျဉ်းသားတွေပဲဟု လူတိုင်းက သဘောတူထားကြသည်လေ။ သူတို့ညီအစ်ကိုတွေက ယွီဟွေးဖေးအတွက် မျက်နှာသာရအောင် လုပ်ပေးရမည်။ ဘယ်သူလာလာ အရင်ဆုံးအရှိန်အဝါပြပြီးမှ နောက်ပိုင်းကိစ္စကို နောက်မှပြောမည်။
ထိုအမျိုးသားသည် အံ့အားသင့်သွားပြီး သရဲနက်ကို တစ်ချက်ကြည့်ကာ "မင်းက... သရဲနက်လား”
"ငါနဲ့မင်းနဲ့ အရမ်းရင်းနှီးလို့လား။ မင်းအရင်ဆုံး ကိုယ့်အဆင့်အတန်းကို သဘောပေါက်အောင်လုပ်ပြီးမှ စကားပြောစမ်း... ဒီနေရာရောက်နေမှတော့ ယဉ်ကျေးပြမနေနဲ့တော့။ အားလုံးက အမှားလုပ်ခဲ့ကြတာပဲ၊ ဒီနေရာမှာ ငြိမ်ငြိမ်သက်သက်နဲ့ အမှားကိုပြင်ပြီး လူသစ်ဖြစ်အောင် ကြိုးစားကြ၊ ကြွားဝါမနေနဲ့၊ ခင်မင်ချင်ယောင်မဆောင်နဲ့၊ အသုံးမဝင်ဘူး”
ထိုအမျိုးသားသည် ဒေါသမထွက်ဘဲ ပြုံးလိုက်သည်၊ သူ၏မျက်လုံးများတွင် ထူးဆန်းသော စိတ်ဝင်စားမှုအရိပ်အယောင်များဖြင့် "ပြောတာလည်း ဟုတ်တာပဲ”
ယွီဟွေးဖေးသည် ဤသူ၏ ရုပ်ရည်မှာ ထူးခြားသော်လည်း စိတ်သဘောထားမှာမူ ပြောဆိုဆက်ဆံရလွယ်ကူသည်ကို မြင်သောအခါ စိတ်ထဲမှ စိုးရိမ်မှုများ လျော့ကျသွားပြီး "ကျွန်တော့်အစ်ကိုနက်က ဒီလိုပဲ စိတ်တိုတတ်တယ်၊ စိတ်မဆိုးပါနဲ့။ ရောက်လာမှတော့ မိသားစုဝင်တွေဖြစ်သွားပြီ။ အတူတူဖက်ထုပ်လုပ်ကြမလား”
"ဖက်... ဖက်ထုပ်လုပ်မယ်"
"ဟုတ်တယ်လေ၊ ဒီလိုနှစ်သစ်ကူးမှာ မိသားစုပြန်လည်ဆုံစည်းခြင်းက အဓိကပဲ။ မိသားစုတစ်စုလုံး အတူတူဖက်ထုပ်လုပ်ပြီး နှစ်သစ်ကူးဖျော်ဖြေပွဲကြည့်တာ ဘယ်လောက်စည်ကားလိုက်သလဲ”
ထို့နောက် ယွီဟွေးဖေးသည် ထိုအမျိုးသားကို ဆွဲခေါ်ကာ အတွင်းသို့ ဝင်သွားသည်။ ထိုအမျိုးသားမှာမူ ထူးဆန်းသော မျက်နှာထားဖြင့် ရှိနေသည်၊ သူသည် ယခင်က ဤသို့သော ဆက်ဆံမှုကို မကြုံဖူးခဲ့ပေ။
ထိုစဉ် တိကျန့်က မျက်ခွံကိုတစ်ချက်ပင့်ကာ "တော်ပြီ... ဒီနေရာရောက်နေမှတော့ အတိတ်က အရှိန်အဝါတွေကို မစွန့်လွှတ်နိုင်သေးဘူးလား။ ရောက်လာမှတော့ အကျဉ်းသားပဲ၊ မင်းအတိတ်က ဘယ်လိုပဲဖြစ်ဖြစ် အခုအားလုံးအတူတူပဲ။ အရှိန်အဝါကို ဘေးချပြီး လုပ်သင့်တာလုပ်... စိတ်အေးအေးထားပါ”
တိကျန့်တွင် တိကျန့်ဘုရားလောင်း၏ ခုနစ်နှစ်သားအရွယ်အထိ မှတ်ဉာဏ်သာရှိသော်လည်း သူသည် လင်ရှန်းဗုဒ္ဓတောင်တွင် ကြာမြင့်စွာနေထိုင်ခဲ့သောကြောင့် အတွေ့အကြုံရှိရာ တစ်ဖက်လူမှာ အဆင့်အတန်းရှိသူဖြစ်ကြောင်း သိသည်။ အရှေ့မှ သတင်းအချက်အလက်များအရ ဤသူ၏ ဇာစ်မြစ်မှာ ထူးခြားနိုင်သည်။ သို့သော် မည်မျှပင်ထူးခြားပါစေ၊ သူ၏မူလဘဝမှာ တိကျန့်ဘုရားလောင်းဖြစ်ပြီး ဧကရာဇ်နှင့်ပင် စကားစမြည်ပြောဆိုနိုင်သော အဆင့်ဖြစ်သည်။ သူ၏စိတ်ထဲတွင်လည်း မာနရှိသည်။ တစ်ဖက်လူက ဤသို့ဟန်ဆောင်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် မကျေမနပ်ဖြစ်ပြီး နှစ်ခွန်းသုံးခွန်းတော့ ဆုံးမချင်၏။
ထိုအမျိုးသားသည် ရှက်ကိုးရှက်ကန်းရယ်လိုက်ပြီး "ဒါ... တကယ်တော့ အရင်က... အင်း... တကယ်မစွန့်လွှတ်နိုင်ခဲ့ဘူး။ ခဏတာ မကျင့်သားမဖြစ်သေးလို့..."
"ကိစ္စမရှိဘူး... ငါတို့ဒီဆင်းရဲတဲ့နေရာရောက်ရင် ဗိုက်အနည်းငယ်ဆာလိုက်တာနဲ့ မကြာခင်မှာပဲ ကျင့်သားရသွားမှာပါ”
ဤစကားကိုကြားသောအခါ ထိုအမျိုးသားသည် ခဏတာငေးမောသွားပြီး "ဗိုက်အနည်းငယ်ဆာမယ်လား။ မင်းတို့ဒီမှာ အရမ်းဆင်းရဲလို့လား”
"ဒါက ဆင်းရဲတာ မဆင်းရဲတာ ပြဿနာမဟုတ်ဘူး၊ အကြွေးတွေတင်နေတဲ့ ပြဿနာပဲ”
ယွီဟွေးဖေးသည် ကောင်းကောင်းပြောပြချင်သော်လည်း ရှစ်နာရီထိုးသည်နှင့် စိတ်လှုပ်ရှားဖွယ်တေးဂီတသံတစ်ခု ထွက်ပေါ်လာပြီး နှစ်သစ်ကူးဖျော်ဖြေပွဲ စတင်ပြီဖြစ်ကြောင်း သိလိုက်သည်။ တေးဂီတသံကြောင့် အိမ်တွင်းမှ အငွေ့အသက်မှာလည်း ပြောင်းလဲသွားသည်။
"တော်ပြီ... နှစ်သစ်ကူးမှာ စိတ်မချမ်းသာစရာတွေ မပြောကြနဲ့တော့။ ဒီနေ့ ငါတို့ဖက်ထုပ်လုပ်၊ ဖက်ထုပ်စား၊ တခြားဘာမှမတောင်းဆိုဘူး၊ ပျော်ရွှင်ဖို့ပဲတောင်းဆိုတယ်”
ထို့နောက် ယွီဟွေးဖေးသည် ဖက်ထုပ်ဖတ်များ လိပ်လေတော့သည်။ နွားခေါင်းက ဂျုံနယ်၊ မြင်းခေါင်းက ဖက်ထုပ်အစာများလှီး၊ နွားကျောင်းသားက အရသာစပ်၊ ရှောင်ထျန်းချန်က ဘေးမှနေ၍ သွားရည်ကျ။ ကျန်လူများအားလုံးက ဖက်ထုပ်လုပ်ကြသည်။
ချွေ့ကျွယ်မှာ လက်သမားကောင်းတစ်ဦးဖြစ်ပြီး ဂျုံစေ့ပုံဖက်ထုပ်ကို လှပစွာပြုလုပ်နိုင်သည်။ ထို့နောက် တိကျန့်၊ သူသည် ခုနစ်နှစ်သာရှိသော်လည်း ဆင်းရဲသော ကလေးများမှာ စောစီးစွာပင် အိမ်မှုကိစ္စများ တတ်မြောက်ကြသည်။ သူငယ်စဉ်ကတည်းက အမေမရှိ၊ အဖေကသာ ပြုစုပျိုးထောင်ခဲ့သောကြောင့် အလုပ်အမျိုးမျိုးကို တတ်မြောက်ပြီး ဖက်ထုပ်လုပ်ရာတွင်လည်း ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
သရဲနက်နှင့် သရဲဖြူတို့မှာလည်း ထိုနည်း၎င်းပင်။ ရှောင်ထျန်းချန်မှာမူ ဘေးမှနေ၍ သွားရည်ကျနေဆဲပင်။ သူ၏ခွေးခြေထောက်များမှာ မြေပေါ်တွင် ပြေးလွှားနေပြီး သူ၏ခွေးစိတ်ဓာတ်ကြောင့် မည်သူမျှ သူ့ကို အလုပ်လုပ်ခိုင်းရန် မယုံကြည်ကြ။ ဂျုံနယ်နေစဉ် ဆီးများပန်းထည့်မည်လား၊ သွားရည်များ ထွေးထည့်မည်လားကို မည်သူသိနိုင်မည်နည်း။
နောက်ဆုံးတစ်ယောက်မှာ ထိုအမျိုးသားပင်။ သူသည် ထိုနေရာတွင် လက်မလှုပ်ရှားနိုင်ဘဲ ရပ်နေပြီး
အကြိမ်ကြိမ်လက်လှမ်းသော်လည်း ဘာလုပ်ရမည်ကို မသိဖြစ်နေသည်။
"ဖက်ထုပ်လုပ်လေ”
ထိုအမျိုးသားသည် 'အင်း' ဟုဆိုကာ ခေါင်းငုံ့ပြီး ဖက်ထုပ်လုပ်လေသည်။ သို့သော် ဖက်ထုပ်ပြုလုပ်ခြင်းမှာ လွယ်ကူပုံပေါက်သော်လည်း တကယ်လုပ်ကြည့်သောအခါ အနည်းငယ်ခက်ခဲပြီး အကြိမ်ကြိမ်ထူးဆန်းသော အရာများအဖြစ်သို့ ပြောင်းလဲသွားသည်။
နွားခေါင်းက တစ်ချက်ကြည့်ပြီး မျက်လုံးပြူးကာ "မင်းက ဘာလို့ဒီလောက်ညံ့ဖျင်းရတာလဲ”
ယွီဟွေးဖေးက သူလုပ်ထားသော ဖက်ထုပ်ကိုကြည့်ကာ "ဒါမဖြစ်ဘူး၊ အိုးထဲထည့်တာနဲ့ ပြဲသွားမှာပဲ။ ဖက်ထုပ်ဖတ် လိပ်တတ်လား”
ထိုအမျိုးသားသည် ယွီဟွေးဖေးလက်ထဲမှ ဂျုံလိပ်တံကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ကာ "ဒါတော့ မခက်လောက်ဘူး”
ယွီဟွေးဖေးသည် ဂျုံလိပ်တံကို သူ့ထံသို့ ပစ်ပေးလိုက်ပြီး "ဒါဆို မင်းဖက်ထုပ်ဖတ်လိပ်တော့”
ထို့နောက် ယွီဟွေးဖေးသည် ဖက်ထုပ်လုပ်လေတော့သည်။
"အစ်ကိုကြီး... ဒါ ဖက်ထုပ်ဖတ်လား၊ ဂျုံပြားလား။ ထူလွန်းတယ်” သရဲဖြူက ညည်းညူလိုက်သည်။
"ပါးရမှာလား... ကောင်းပြီ”
"ဒါက ဝမ်တန်ဖတ်ပဲလား။ ဒါဖက်ထုပ်လုပ်ရင် အိုးထဲရောက်တာနဲ့ ပျက်စီးသွားမှာပဲ၊ ပါးလွန်းတယ်၊ အလယ်သားလည်းမရှိဘူး” သရဲနက်က မျက်လုံးပြူးကာ ပြောလိုက်သည်။
"နည်းနည်းထူအောင်လုပ်ရမလား”
ယွီဟွေးဖေးသည် အလျင်အမြန်ပြသလိုက်သည်။ "ကြည့်၊ ဒီလောက်ထူရင်ရပြီ”
ထိုအမျိုးသားက ခေါင်းညိတ်ပြီး ဆက်လက်လိပ်လေသည်။
"မင်းရဲ့ဖက်ထုပ်ဖတ်က အလယ်သားမရှိဘူး၊ ဒီလိုပြားနေရင် လွယ်လွယ်ကူကူပေါက်သွားမှာပဲ” တိကျန့်က အပြစ်ရှာလေတော့သည်။ ယွီဟွေးဖေးက ထိုဖက်ထုပ်ဖတ်ကိုကြည့်လိုက်ရာ အမှန်ပင် အလယ်သားမရှိပေ။
"အလယ်သားဆိုတာ ဘာလဲ”