အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်
Vol. 6 Ch. 80
အခန်း (၈၀) : အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်
ခေါင်မိုးပေါ်တွင် ဝမ်ဝေ့နှင့် လီကျွင်းတို့နှစ်ယောက်လုံး လဲလျောင်းကာ ကောင်းကင်ယံရှိ တောက်ပနေသော ကြယ်များကို မော့ကြည့်နေကြသည်။ လမင်းကလည်း အင်မတန် တောက်ပနေကာ တစ်ကမ္ဘာလုံးကို အလင်းပေးနေသည်။
ထိုအချိန်တွင် တစ်နေရာရာ၌ လျို့ဝှက်ဆန်းကြယ် လရောင်က မရေတွက်နိုင်သော သာမန်တိရစ္ဆာန်လေးများကို နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲသွားစေပြီး သူတို့မျိုးနွယ်၏ အချုပ်အနှောင်များမှ ကင်းလွတ်သွားစေသည်။
ဝမ်ဝေ့က သိုလှောင်လက်စွပ်ထဲမှ ဘူးသီးခြောက်ကို ထုတ်ကာ အဖုံးကို ဖယ်လိုက်သည်။ သစ်သီးနှင့် သေရည်၏ ချိုမြိန်သောရနံ့က တောင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး အမူးသမားများကို တံတွေးမျိုချမိအောင် လုပ်လိုက်သည်။
ဝမ်ဝေ့က တစ်ငုံသောက်ပြီးနောက် လီကျွင်းဆီ ကမ်းပေးလိုက်သည်။ ထို့နောက် လီကျွင်းလည်း တွေဝေခြင်းမရှိ စတင် သောက်သုံးတော့သည်။
“ အစ်ကိုကြီး… အစ်ကိုကြီး… အစ်ကိုကြီးဝမ်ဝေ့”
“ ဟမ် မင်း တစ်ခုခု ပြောလိုက်တာလား”
“ ဘာတွေစဉ်းစားနေလို့ ကျွန်တော် ခေါ်နေတာကိုတောင် မကြားတော့တာလဲ”
ဝမ်ဝေ့က သေရည်အဝသောက်ကာ ပြောလိုက်သည်
“ ငါတို့ရဲ့ ဘိုးဘေးတွေက ဘာလို့ ကျင့်ကြံခြင်း နယ်ပယ်အဆင့်တွေကို “ အံ့ဖွယ်ပင်လယ်” နဲ့ “အံ့ဖွယ်ပလ္လင်” လို့ ပြောခဲ့တာလဲဆိုတာ သိချင်လို့။ ငါ ပြောချင်တာက ငါတို့ကျင့်ကြံတာက မူလချီဆိုတော့ “မူလပင်လယ်” နဲ့ “ မူလပလ္လင်” ဆိုပြီးတော့ ခေါ်သင့်တာ မဟုတ်ဘူးလား”
"..."
“ ဒါတင် မဟုတ်သေးဘူး … အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့် လည်းရှိတယ်လေ အဲဒါကိုရော မူလခန္ဓာ နယ်ပယ်အဆင့် လို့ ခေါ်သင့်တယ် မဟုတ်လား။ အဲဒါ ငါ့အတွက် အဓိပ္ပာယ်မရှိဘူး”
"..."
“ မူလချီအစား အံ့ဖွယ်ချီ ဒါမှမဟုတ် အံ့ဖွယ်စွမ်းအင်လို့ ခေါ်သင့်တယ်။ အံ့ဖွယ်မူလဆိုရင် ပိုကောင်းတယ်။ အင်း… ပြီးပြည့်စုံတဲ့ နာမည်ပဲ”
လီကျွင်းက ဘူးသီးခြောက်ထဲမှ သေရည်ကို သောက်သုံးပြီးနောက် ပြောလိုက်သည်
“ ကျွန်တော်တို့ရဲ့ ချီကို အံ့ဖွယ်စွမ်းအင် ဒါမှမဟုတ် တစ်ခုခုလို့ ခေါ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘိုးဘေးတွေက တာအိုကို သက်သေပြလိုက်တဲ့အချိန်မှာ နာမည် ပြောင်းသွားတာ ဖြစ်နိုင်တယ်။ သူကလည်း ချီယွမ်(မူလ) နာမည်အဖြစ် သတ်မှတ်ခဲ့တာပဲလေ”
“ ဟုတ်တယ် မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ ငါ ဧကရာဇ်ဖြစ်လာတဲ့တစ်နေ့ နာမည်ကို ပြန်ပြီး ပြောင်းလဲနိုင်မယ်လို့ မင်းထင်လား”
“ ဘိုးဘေးက သူ့အုတ်ဂူကနေ ပြန်ထလာပြီး အစ်ကိုကြီးလိုမျိုး စည်းကမ်း မလိုက်နာတတ်တဲ့ တပည့်ကို ဆုံးမမှာ မကြောက်ရင်တော့ လုပ်လိုက်ပေါ့”
“ ဘိုးဘေးက တကယ်သေသွားပြီလို့ ပြောလိုက်တာက မင်းနော်”
“ ဟား…ဟား…ဟုတ်သားပဲ”
နာကျင်ရှည်လျား ခက်ခဲသော အနာဂတ်က သူတို့ကို စောင့်နေသည်ကို သိသည့်အတွက် ညီအစ်ကိုနှစ်ယောက်က ယခုလိုမျိုး တိတ်ဆိတ်သည့်အချိန်ကို နှစ်သက်ကြသည်။ သို့သော် သူတို့အချင်းချင်း အပြန်အလှန် ယုံကြည်နေသရွေ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို သူတို့ လက်ခံနိုင်သည်။
လီကျွင်းနှင့် ဝမ်ဝေ့က တစ်လကျော်ကြာ အတူတူ အပြင်ထွက်ရင်း ပျော်ပါးခဲ့ကြသည်။ သို့သော် လမ်းတစ်ဝက်တွင် ယန်းလီလင်းကလည်း သူတို့နှင့်အတူ လာပေါင်းသည်။ ထို့ကြောင့် ဝမ်ဝေ့က သူမအကြောင်းကို သိရဖို့ အချိန်ယူလိုက်သည်။
ကျင့်ကြံရေး အခန်းထဲတွင် ဝမ်ဝေ့က တင်ပျဉ်ခွေထိုင်ရင်း အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့ ရောက်ရှိဖို့ ပြင်ဆင်ရန် မူလလမ်းစဉ်ကျမ်းကို ဖတ်နေသည်။ အရာအားလုံး အဆင်သင့်ဖြစ်တာ သေချာသည်နှင့် သူ စတင်လိုက်သည်။
ပထမဆုံးအဆင့်က ပလ္လင်တစ်ခုကို မူလချီဖြင့် တည်ဆောက်ကာ အရည်အခြေအနေမှ အစိုင်အခဲအခြေအနေသို့ ပြန်လည် ပြောင်းယူရမည်။ ထိုကဲ့သို့ ပြုလုပ်ရန် မူလချီကို ကောင်းစွာထိန်းချုပ်နိုင်ပြီး သိပ်သည်းအောင် လုပ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ရမည်။
ပလ္လင်က ဘယ်လိုပုံစံမဆို ရသော်လည်း ပလ္လင်၏ အလယ်တည့်တည့်တွင် မီးအိမ်ထားလို့ရသည့်နေရာတစ်ခု ပါရှိရမည် ဖြစ်သည်။
ဝမ်ဝေ့က ပလ္လင် တည်ဆောက်သည့်နေရာတွင် အာရုံစိုက်ထားသည်။ ပုံစံကိုတော့ ယခင်ဘဝက "ကောင်းကင် ကျောင်းဆောင်"ကို မှီငြမ်းပြီး ပြုလုပ်ထားသည်။ သူ့သူဌေးနှင့် အလုပ်ခရီးသွားတုန်းက တစ်ခါ သွားကြည့်ခဲ့ဖူးသည်။ အရမ်းခမ်းနားပြီး လှပသည့်အတွက် မှတ်ဉာဏ်ထဲတွင် စွဲကျန်နေခဲ့သည်။
ပလ္လင်က လေးထောင့်ပုံစံဖြစ်ပြီး ဝိုင်းသော နံရံသုံးလွှာ ရှိသည်။ ထိုအရာက ကမ္ဘာမြေကြီးက လေးထောင့်ဖြစ်ပြီး ကောင်းကင်က လုံးဝန်းသည်ဆိုသည့် သဘောဖြစ်သည်။ သို့သော် ထိပ်ဆုံးကိုတော့ ဝမ်ဝေ့က ကိုယ်တိုင်ပြုပြင်မွမ်းမံမှုတချို့ ပြုလုပ်ခဲ့သည်။
ပလ္လင်၏ ထိပ်ဆုံးတွင် ချွန်ထက်သော အဆုံးသတ်အစား မီးအိမ်ထားရာနေရာတစ်ခုကို ဖန်တီးခဲ့သည်။ ဝမ်ဝေ့က မီးအိမ်တိုင်ပေါ်တွင် သူ့ပုံရိပ်ကို ထွင်းလိုက်သည်။ သူက အမြဲတမ်း ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အထက်မှာရှိနေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ပလ္လင်ကို ပုံဖော်သည့်နေရာတွင် အချိန်သုံးနှစ်ကျော်ကြာခဲ့သည်။ ထိုအမြန်နှုန်းက သူ့ခေတ်၏ ကောင်းကင်ရွေးချယ်ခံများအတွက် အတော်လေး ပျမ်းမျှဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ထိုကဲ့သို့ ဖြစ်ရခြင်းက ဝမ်ဝေ့၏ မူလချီက အရမ်းသန်မာပြီး သိပ်သည်းသောကြောင့် ဖြစ်သည်။
သူက ကံကောင်းစွာဖြင့် တိုက်ပွဲမျှော်စင်ထဲတွင် တိုက်ပွဲရူး ဧကရာဇ်၏ ကိုယ်ပွားနှင့် တိုက်ခိုက်ရင်း လေ့ကျင့်ချိန် အများကြီး ရှိခဲ့သည်။
ပလ္လင်ကို တည်ဆောက်ပြီးနောက် ဝမ်ဝေ့က ပလ္လင်ထဲတွင် အံ့ဖွယ်သွေးကြောများ တည်ဆောက်ခြင်းဆိုသည့် ဒုတိယအဆင့်ကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
အံ့ဖွယ်သွေးကြော၏ ရည်ရွယ်ချက်က ကျင့်ကြံသူများအား ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီကို သိရှိခံစားကာ မြင်နိုင်ကာ ထိန်းချုပ်နိုင်ဖို့ ဖြစ်သည်။ ထိုသွေးကြောများက စိတ်ဝိညာဉ်ချီ၏ အကျိုးသက်ရောက်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ကျင့်ကြံသူများ၏ မူလလမ်းစဉ်စနစ်ကို ခွင့်ပြုပေးခြင်းဖြစ်သည်။
ထို့အပြင် အံ့ဖွယ်သွေးကြောများမှတစ်ဆင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်ပြီး မူလချီအဖြစ် ပြောင်းလဲနိုင်သည်။ ထိုအဆင့်တွင် ရှိနေသော ကျင့်ကြံသူများအား အကန့်အသတ်မဲ့လုနီးပါးစွမ်းအင် ထောက်ပံ့နိုင်သည်။
ဝမ်ဝေ့က ပလ္လင်ပေါ်တွင် ပထမဆုံး အံ့ဖွယ်သွေးကြောကို ထွင်းနိုင်ရန်အတွက် တစ်နှစ်လုံး အချိန်ယူခဲ့ရသည်။ ဖြစ်စဉ်က လက်စွပ်ကဲ့သို့ သေးငယ်သောပစ္စည်းပေါ်တွင် သေးသယ်ပြီး ရှုပ်ထွေးသောပုံစံကို ထွင်းရသလိုမျိုး ဖြစ်နေသည်။ သေးငယ်သော အသေးစိတ်တိုင်း ပြီးပြည့်စုံနေရမည်ဖြစ်ပြီး မဟုတ်ပါက ကျရှုံးသွားမည် ဖြစ်သည်။
ဝမ်ဝေ့က အံ့ဖွယ်သွေးကြောကို စစ်ဆေးလိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ သိထားသည်အရဆိုလျှင် ပြီးပြည့်စုံသည်။ ထို့နောက် သူ နောက်ဆုံးနှင့် အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိသွားသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး နယ်ပယ်အဆင့်သို့ ဝင်ရောက်ခြင်း ဖြစ်၏။
အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ကို ဝင်ရောက်ရန်ခက်ခဲခြင်းထဲမှ အကြောင်းအရင်းတစ်ခုက ကျင့်ကြံသူများသည် ခန္ဓာကိုယ်အပေါ် အာရုံစိုက်ခြင်းမရှိတော့ဘဲ စိတ်နှင့် ဝိညာဉ် ကျင့်ကြံခြင်းအပေါ် ပိုပြီး အာရုံစိုက်ကြသောကြောင့် ဖြစ်သည်။
ကောင်းကင်မြေကမ္ဘာ နယ်ပယ်အဆင့်က ကျင့်ကြံသူများ တရားထိုင်ခြင်း ဖြစ်ပြီး သူတို့၏ စိတ်ဝိညာဉ်ကို ကောင်းကင်မြေကမ္ဘာနှင့် တစ်သားတည်းဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ပလ္လင်၏ အံ့ဖွယ်သွေးကြောလည်း အသက်ဝင်လာကာ သေချာ လည်ပတ်နိုင်မည် ဖြစ်သည်။
သာမန်ကျင့်ကြံသူများက ခန္ဓာကိုယ်အသုံးပြုသည့်နေရာတွင် ပိုပြီး သက်တောင့်သက်သာ ဖြစ်သည့်အတွက် ဖြစ်စဉ်က သူတို့အတွက် အတော်လေး ခက်ခဲနိုင်သည်။ ကျင့်ကြံဖို့ လှုပ်ရှားမှုများကို လိုက်လုပ်ရန် သွေးချီနှင့် မူလချီကိုသာ လိုအပ်သည်။ လုပ်ငန်းစဉ်က အချို့အတွက် နှေးကွေးနိုင်သော်လည်း အနည်းဆုံးတော့ လိုက်လုပ်ဖို့ ရှင်းလင်းသော လမ်းကြောင်း ရှိနေသည်။
ဝိညာဉ်သဘောတရားက ကျင့်ကြံသူအများစုအတွက် နားလည်ဖို့ ခက်ခဲသည့်အတွက် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့ ရောက်ရှိရန်လည်း ခက်ခဲနေခြင်း ဖြစ်သည်။
ကျင့်ကြံသူများကို လမ်းပြပေးနိုင်သည့် နည်းလမ်းများစွာ ရှိသည်။ သူတို့ တရားထိုင်နိုင်ဖို့အတွက် အထူးပြုလုပ်ထားသော အမွှေးနံ့သာများ သုံးနိုင်သလို အဆင့်တက်ဖို့အတွက်လည်း ဆေးလုံးများ အသုံးပြုနိုင်သည်။ နောက်ထပ် နည်းလမ်းတစ်ခုက စိတ်ဝိညာဉ်ကို ကောင်းကင်မြေကမ္ဘာနှင့် တစ်သားတည်းဖြစ်အောင် ပြုလုပ်ရာတွင် ပိုမိုလွယ်ကူစေရန် ထူးခြားသည့် အစီအရင်များ အသုံးပြုခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ကျော်ဖြတ်ပြီးနောက် ကျင့်ကြံသူများက သူတို့၏ အဆင့်တက်ခြင်းကို ကူညီဖို့အတွက် နည်းလမ်းများစွာ ဖန်တီးခဲ့သည်။
သို့သော် ဝမ်ဝေ့က ထိုနည်းလမ်းများကို မလိုအပ်ပေ။ စွမ်းအားကြီးသည့် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့်သူ ဖြစ်သည့်အတွက် သူ၏ စိတ်ဝိညာဉ်ကလည်း အင်မတန် စွမ်းအားကြီးသည်။ တစ်နှစ်အတွင်းမှာပင် ကောင်းကင်မြေကမ္ဘာ နယ်ပယ်အဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
ဝမ်ဝေ့ စိတ်အရမ်းကြည်လင်သန့်ရှင်းလာသည်ကို ခံစားမိပြီးနောက် ဝမ်းသာပီတိဖြစ်မှုက ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လွှမ်းခြုံသွားသည်။ ထိုခံစားချက်က ဆေးမျိုးစုံထက် ပိုပြီး ခံစားချက်ကောင်းစေသည့်အတွက် သူ ညင်သာစွာ ညည်းညူလိုက်မိသည်။
ထို့နောက် သူ လုံခြုံဘေးကင်းပြီး ကာကွယ်ခံနေရသည်ဟု ခံစားလိုက်ရသည်။ ထိုအရာကို ကမ္ဘာမြေဆီမှ ကာကွယ်ရန် သူ့အမေပေါ် မှီခိုနေသည့် ကလေးတစ်ယောက်နှင့်တူသည်။ ဤနေရာတွင် သူ့အမေက အမျိုးသမီးတစ်ယောက်အစား ကောင်းကင်မြေကမ္ဘာ ဖြစ်နေရုံသာ ဖြစ်သည်။
ရုတ်တရက် ပလ္လင်ပေါ်ရှိ အံ့ဖွယ်သွေးကြောက လင်းလက်လာပြီးနောက် စိတ်ဝိညာဉ်ချီ အများအပြား စုစည်းကာ ပလ္လင်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ မူလချီကို သန့်စင်နေသည်။
စိတ်ဝိညာဉ်ချီများက ဝမ်ဝေ့၏ ပတ်လည်တွင် စုနေသောကြောင့် ကျင့်ကြံရေး အခန်းထဲတွင် မုန်တိုင်းတစ်ခု ပေါ်လာသည်။ သူ ထိုအရာကို အဆုံးမဲ့ တွင်းနက်ကြီးကဲ့သို့ စတင် စုပ်ယူတော့သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မုန်တိုင်းက အခန်းတစ်ခုလုံး ပြည့်လောက်အောင်ထိ ကြီးထွားသွားပြီး တောင်တစ်ခုလုံး၏ အပြင်ဘက်အထိပါ ပျံ့နှံ့သွားပုံပေါ်သည်။
ဝမ်ဝေ့ မျက်လုံးဖွင့်ကာ မူလအရင်းအမြစ်ဖြစ်သည့် ကြည်လင်နေသော ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။ မူလအရင်းအမြစ်က ဤလောကတွင် ငွေကြေးတစ်မျိုး ဖြစ်သလို ကျင့်ကြံဖို့အတွက် အသုံးပြုနိုင်သော စိတ်ဝိညာဉ်ချီ ပါဝင်သည့် ကျောက်တုံး ဖြစ်သည့်အတွက် အဖိုးတန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။
မူလအရင်းအမြစ်ဆိုသည်မှာ ငွေကြေးတန်ဖိုး၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ သူ့အောက်တွင် ကျောက်တုံးများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်သီးအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲထားသည်။
အဆင့်နိမ့်မူလကျောက်တုံး ဆယ်ခုက အလယ်အလတ်အဆင့် ကျောက်တုံး တစ်တုံးနှင့် ညီမျှသည်။ အလယ်အလတ်အဆင့် ကျောက်တုံးတစ်ရာဆိုလျှင် အဆင့်မြင့် ကျောက်တုံးတစ်တုံးနှင့် ညီမျှပြီး အဆင့်မြင့် ကျောက်တုံးတစ်ထောင်ဆိုလျှင် ထိပ်တန်းမူလ ကျောက်တုံးတစ်တုံးနှင့် ညီမျှသည်။
မူလအရင်းအမြစ်အတွက်ကရော…
ထိုအရာက အနည်းဆုံး ထိပ်တန်းအဆင့် မူလ ကျောက်တုံး တစ်သိန်းထိုက်တန်ပြီး အနိမ့်ဆုံး ခန့်မှန်းထားခြင်း ဖြစ်သည်။ အထဲတွင် ပါရှိနေသော စိတ်ဝိညာဉ်ချီ၏ သန့်စင်မှုနှင့် စိတ်ဝင်စားမှုမြင့်မားသောကြောင့် ကျင့်ကြံသူအများစုက မူလကျောက်တုံးအတွက် မူလအရင်းအမြစ်နှင့် လဲလှယ်မည် မဟုတ်ပေ။
ထို့ကြောင့် မူလအရင်းအမြစ်က အင်အားကြီးဂိုဏ်းများ သူတို့ကိုယ်သူတို့ ခွန်အားကြီးအောင် ပြုလုပ်ရန် ထိန်းချုပ်ထားသည့် အဆင့်မြင့်သော အရင်းအမြစ် ဖြစ်သည်။
မူလအရင်းအမြစ်ကို ထုတ်ယူပြီးနောက် ဝမ်ဝေ့က အံ့ဖွယ်သွေးကြောမှတစ်ဆင့် စတင် စုပ်ယူတော့သည်။ သူ ယခင်က ဖန်တီးခဲ့သော စိတ်ဝိညာဉ်ချီမုန်တိုင်းက ကျင့်ကြံရေး အခန်းကို ကျော်လွန် ပျံ့နှံ့ခြင်း ရပ်တန့်သွားသည်။
သို့သော် သူ့အခြေခံအုတ်မြစ်က အရမ်းဆိုးရွားနေသည့်အတွက် မူလအရင်းအမြစ်တစ်ခု တည်းက ဝမ်ဝေ့ အတွက် လုံလောက်ပုံမပေါ်ပေ။ ထို့ကြောင့် အနည်းငယ် ထပ်ထုတ်လိုက်သည်။
တစ်ရက်ကျော် ကြာသွားပြီးနောက် ဝမ်ဝေ့ မျက်လုံးထပ်ပွင့်လာသည်။ ယခုတစ်ခေါက် သူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူ မတ်တပ်ရပ်ကာ မြေပြင်ပေါ်ရှိ အသုံးမဝင်သော ကျောက်တုံးဆယ်ခုကို စိုက်ကြည့်လိုက်သည်။
အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ကို ရောက်ဖို့အတွက်ပင် မူလအရင်းအမြစ် ကျောက်တုံးများစွာကို အသုံးပြုပြီးပြီဖြစ်သည်။ ကျင့်ကြံသူအများစုက အလယ်အလတ်အဆင့် မူလသတ္တရိုင်းတုံးကို သုံးနိုင်လောက်သည်အထိ ကံကောင်းကြသည်။ သူ၏ အနာဂတ်ကျင့်ကြံခြင်းတွင် မရေတွက်နိုင်သော အရင်းအမြစ်များကို လိုအပ်လိမ့်မည်ဟု ဝမ်ဝေ့ ခန့်မှန်းမိသည်။ သူက ကျင့်ကြံရေးလောကတွင် ချမ်းသာသော ဒုတိယမျိုးဆက်ဟု သတ်မှတ်နိုင်သူ ဖြစ်သည့်အတွက် ကံကောင်းလှသည်။
ဝမ်ဝေ့က အံ့ဖွယ်ပင်လယ်ထဲတွင် ရှိနေသော အံ့ဖွယ်ပလ္လင်ကို စစ်ဆေးလိုက်ပြီးနောက် ထွက်လာခဲ့သည်။ နောက်ဆုံးတွင် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ကျင့်ကြံရေး ပိရမစ်၏ အောက်ခြေအဆင့်ဟု သတ်မှတ်လို့ မရနိုင်တော့ပေ။