← Chapters

ဒါကြောင့် ဗိုက်ပူနေတာ

Vol. 138 Ch. 2056

ဒါကြောင့် ဗိုက်ပူနေတာ

Vol. 138 Ch. 2056

“ သူနဲ့ အဲ့ဒီ မိသားစုနှစ်ခုကြားထဲမှာ ပတ်သက်မှု တစ်ခုခု ရှိနေတယ်လို့ရော မထင်ဘူးလား …”

“ မဖြစ်နိုင်လောက်ဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ သူတို့နှစ်ယောက်လုံးက နောက်ခံရှင်းရှင်းနဲ့ သာမန်လူတွေချည်းပဲ … တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာ မဖြစ်နိုင်ဘူး …”

“ ဒါဆိုလည်း အဲ့ကိစ္စကို လောလောဆယ် ဘေးချိတ်ထားကြတာပေါ့ … ဒီရဲ့ နာ့စ်က လောလောဆယ် ငါတို့ရဲ့ အဓိက ပစ်မှတ်မလား …” ကူရိရန် သူမ၏ ဖုန်းကို ထုတ်၍ “ ငါ သော့ပြင်ဆရာကို ဆက်သွယ်လိုက်မယ်…”

လင်းရီ ခေါင်းညိတ်လိုက်ပြီး သူမ၏ အစီအစဉ်ကို ထောက်ခံလိုက်သည်။

“ ဒါပေမယ့် ငါတို့မှာ ရှာဖွေဝရမ်း မရှိဘူးနော်… ဒီလို လုပ်တာက လုပ်ထုံးလုပ်နည်းတွေကို ဆန့်ကျင်နေတယ်… တကယ်လို့ အထက်က အပြစ်တင်လာရင်တော့ နင်ပဲ ခေါင်းခံ …”

“ ချီး …”

ရဲစခန်းတွင် သော့ပြင်သည့် ဌာနမရှိသဖြင့် နယ်ခံ သော့ပြင် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရလေ့ရှိသည်။ ကူရိရန် ဖုန်းခေါ်ပြီး မိနစ် နှစ်ဆယ်အတွင်းမှာပဲ သော့ပြင် ဆရာ တစ်ယောက် ရောက်ရှိလာခဲ့လေသည်။ စာရွက်စာတမ်း တစ်ချို့ကို လက်မှတ်ထိုးပြီးသည့်နောက် ကူရိရန် ထိုသူအား ကျသင့်ငွေကို စခန်းတွင် သွားထုတ်ရန် ပြောဆိုလိုက်သည်။

တိုက်ခန်းက ၃၀ စတုရန်း မီတာကျယ်၀န်းပြီး အိပ်ခန်းတစ်ခန်းတည်းသာ ပါသည်။ နေရာက လူမနေသကဲ့သို့ အတော်လေး တိတ်ဆိတ်နေပြီး စားပွဲပေါ်တွင်တော့ စားမကုန်သေးသည့် အပြင်စာများနှင့် ရှုပ်ပွနေခဲ့သည်။

လင်းရီတို့နှစ်ဦးလည်း လှည့်ပတ်ကြည့်နေခဲ့ကြ၏။ လင်းရီက ထမင်းစားသည့် နေရာသို့ သွားကြည့်ပြီး အစားအသောက် အော်ဒါမှာသည့် ပြေစာကို သတိပြုမိလိုက်သည်။

အော်ဒါမှာကြားထားသည့်လူက စွေ့ရှင်းဖြစ်ပြီး ညဉ့်သန်းခေါ်ယံ အစောပိုင်းတွင် မှာထားကြောင်းကို သိလိုက်ရတော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ နောက်တစ်နေ့ နံနက်စောစောတွင် ICU သို့ သွားရမည့် စွေ့ရှင်း၏ အလုပ်ဝတ္တရားအရ ထိုမျှ နောက်ကျသည်အထိ ရှိနေသည်မှာ အနည်းငယ် ထူးဆန်းသည်ဟု လင်းရီထင်သည်။ ICU နာ့စ် တစ်ဦးအနေဖြင့် အိပ်ရေးဝဝ အိပ်စက်ခြင်းက မည်မျှ အရေးပါလဲဆိုတာကို သိသင့်သည်။ မည်သို့ပင်ဖြစ်စေ နောက်တစ်နေ့၌ အိပ်ရေးမဝ၍ အာရုံအနည်းငယ် လစ်ဟင်းသွားခဲ့မည်ဆိုပါက အကျိုးဆက်တို့မှာ ပြန်ကုစား၍ မရနိုင်သည်အထိ ပြင်းထန်သွားနိုင်သည်။

“ အားးးးးး လင်းရီ ….”

ရုတ်ချည်းဆိုသလို ကူရိရန်၏ ထိတ်လန့်တကြား အော်မြည်သံကို လင်းရီ ကြားလိုက်ရပြီး အသံထွက်ပေါ်လာရာဘက်သို့ ကမန်းကတမ်း ပြေးသွားလိုက်သည်။

“ ဘာဖြစ်တာလဲ …” လင်းရီ ရေချိုးခန်း တံခါးပေါက်ဝသို့ ရောက်လာရင်း စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

သို့သော်လည်းပဲ ကူရိရန်၏ အဖြေကို နားထောင်ဖို့ သူ မလိုအပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရေချိုးခန်းထဲရှိ မြင်ကွင်းက သူ့မေးခွန်းကို အလိုအလျောက် ဖြေဆိုပြီး ဖြစ်နေသောကြောင့် ဖြစ်လေသည်။

စွေ့ရှင်းက ရေချိုးသည့် ကြမ်းပြင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းနေပြီး သူမ၏ မျက်နှာကလည်း ဖြူလျော်နေကာ ပါးစပ်ထဲမှလည်း အမြုပ်တို့ ပလုံစီအောင် ထွက်ကျထားလျက် ရှိသည်။ သူမ၏ သွင်ပြင်က မချိမဆံ့ ခံစားရပြီးသည့်နောက်တွင်မှ သေဆုံးသွားခဲ့ပုံပင်။

မြင်ကွင်းက စက်ဆုပ်ဖို့ကောင်းနေသော်လည်းပဲ လင်းရီနှင့် ကူရိရန်တို့ နှစ်ဦးလုံး မူလကိုယ်ဟန်နေထားသို့ ရောက်အောင် ပြန်လည် ထိန်းညှိနိုင်လိုက်ကြသည်။

ကူရိရန်သည် အနားသို့ ချဉ်းကပ်လာပြီး စွေ့ရှင်း၏ ခန္ဓာကိုယ်ကို ထိတို့ကြည့်လိုက်သည်။

“ ခန္ဓကိုယ်က မတောင့်သေးဘူး … သေတာ မကြာလောက်သေးဘူး….”

“ ဒီအကြောင်းနောက်မှ ဆက်ပြောကြမယ်…” လင်းရီ ပြောလိုက်ပြီး “ စခန်းကို ဖုန်းဆက်ပြီး ဒီအကြောင်း တင်ပြလိုက်…”

ကူရိရန် ခေါင်းညိတ်ပြီး ရဲစခန်းသို့ ဖုန်းဆက်ကာ အကူအညီ လှမ်းတောင်းလိုက်သည်။

“ သေချာတာ တစ်ခုကတော့ … ဒီ အမှုက အမွေဆက်ခံတဲ့ အငြင်းပွား ပြဿနာနဲ့ ဆက်စပ်နေတယ်ဆိုတာပဲ …”

ကူညီရေး အသင်းသားများ ရောက်လာသည်ကို စောင့်ဆိုင်းနေရင်း ကူရိရန် ရုတ်ချည်း ဆိုလာခဲ့သည်။

“ ဒါပေမယ့် သေသွားခဲ့တဲ့လူက အမွေပြဿနာဖြစ်နေတဲ့ အဓိက လူတွေနဲ့ ဆက်စပ်မှု မရှိဘူး ….” လင်းရီ ပြန်ဖြေလိုက်သည်။ “ ပြီးတော့ကျန်းလီရှားရဲ့ ခင်ပွန်းကလည်း အရေးပါတဲ့ လူတစ်ယောက် ဟုတ်တာ မဟုတ်ဘူး … ဒီနှစ်ယောက် သေသွားခဲ့ရင်တောင် ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်တာကို … ဆိုတော့ …. လူသတ်သမားရဲ့ ရည်ရွယ်ချက်က ဘာလဲ …”

“ အဲ့ဒီ အမှုကိုရော တရားရုံးက စီရင်ချက် ချပြီးသွားပြီလား …” ကူရိရန် မေးမြန်းလိုက်သည်။

“ ဟင့်အင်း …” လင်းရီ ခေါင်းယမ်းလိုက်ပြီး “ ဒါပေမယ့် ဒစ်ဂျစ်တယ် ဆေးမှုခင်း ဌာနကတော့ သေတမ်းစာက အစစ်ဆိုတာ အတည်ပြုပြီးသွားပြီ .. ကျန်းလီရှားနဲ့ သူ့အမျိုးသားကလည်း သက်ကြီးရွယ်အိုကို စောင့်ရှောက်ပေးရမယ့် ဝတ္တရား ကျေပွန်တော့ အမွေကို သူတို့နှစ်ယောက် ဆက်ခံနိုင်တာက ပိုပြီး ယုတ္တိကျတယ်…”

“ အဲ့လိုဆို ဒါက ပိုပြီးတောင် ထူးဆန်းသွားပြီ…” ကူရိရန် ပြောဆိုလိုက်ပြီး အခြေအနေအား ဝေဖန် သုံးသပ်ကြည့်နေသည်။ သို့သော်လည်းပဲ ရှင်းလင်းသည့် မည်သည့် လမ်းကြောင်းကိုမျှ မမြင်တွေ့ရသေးသဖြင့် စုံစမ်းစစ်ဆေးမှုကို ခက်ခဲအောင် ပြုလုပ်နေလျက် ရှိသည်။ ဤအမှုက စုန့်တဲယွမ်၏ လူသတ်မှုကဲ့သို့ တိကျ ရှင်းလင်းနေခြင်း မရှိချေ။

သူတို့နှစ်ယောက်လုံး စွေ့ရှင်းထံသို့ အကြည့်ပို့မိသွားခဲ့ပြီး ကူရိရန် ပြောဆိုလိုက်၏။ “ နံရံမှာ လက်သည်းကုတ်ခြစ်ရာတွေလည်း တွေ့တယ် … ပြီးတော့ သူ့ လက်သည်းခွံအောက်မှာ နံရံက အပိုင်းအစတွေလည်း မြင်နေရတယ်… မသေခင် ဝေဒနာကို ဘယ်လောက်တောင် ခံစားသွားရလဲ မသိဘူးနော် ....”

“ အင်း … ကြည့်ရတာတော့ အဆိပ် တစ်မျိုးမျိုး မိခဲ့တဲ့ ပုံပဲ … ဘယ်လို အဆိပ်မျိုး သုံးထားလဲတော့ ပြောမရသေးဘူး …”

ကူရိရန် ခေါင်းညိတ်လိုက်သည်။ “ ခန္ဓာကိုယ် လဲနေတဲ့ ပုံစံကို ကြည့်ရသလောက်တော့ အဆိပ် အစွမ်းပြလာတဲ့ အချိန်မှာ ဧည့်ခန်းထဲကနေ ရေချိုးခန်းထဲကို ပြေးလာတာပဲ … ပြီးတော့ ဒီမှာပဲ ပစ်လဲသွားခဲ့တယ် … အကုန်လုံးက ထင်မှတ်မထားတဲ့အချိန် ရုတ်တရက် ဖြစ်ပေါ်လာတာပဲ ဖြစ်ရမယ်… သူကိုယ်တိုင်လည် ဒီလို ဖြစ်မယ်ဆိုတာ ထင်မထားလောက်ဘူး … ”

လင်းရီ သဘောတူလိုက်သည်။ “ ဒါပေမယ့် ပြဿနာက … ငါတို့ကို အမှုဖြေရှင်းပေးမယ့် သဲလွန်စတွေ မရှိတာပဲ … ဒီအမှုကို ရှေ့ဆက်ပြီး မစုံစမ်းခင် ဘာကြောင့်သေတယ်ဆိုတာ အရင်သိအောင် လုပ်ရမယ်…”

“ အသင်းသားတွေ ရောက်လာတာကို စောင့်ကြတာပေါ့ …”

နာရီဝက်ခန့် ကြာပြီးသည့်နောက် လီရှန်းဟွေ့သည် စွေ့ရှင်း၏ တိုက်ခန်းသို့ ရောက်ရှိလာသည်။

ရောက်လာသည့်လူများထဲတွင် လင်းရီတို့နှင့် ယမန်နေ့က ဆုံတွေ့ခဲ့သည့် စုန့်ကန်းလည်း လိုက်ပါလာသည်။

“ အရာရှိလင်း …. ငါတို့ တွေ့ကြပြန်ပြီ …” စုန့်ကန်း အပြုံးလေးဖြင့် ပြောလာရင်း လက်ဆန့်တန်းလာခဲ့သည်။

“ ဒေါက်တာစုန့် …. ဒီနေ့လည်း ခင်များကို ထပ်ပြီး ဒုက္ခပေးရပြန်ဦးမယ်…”

“ ဒုက္ခပေးတယ်လို့ မခေါ်ပါဘူး .. ဒါ ငါ့အလုပ်ပဲလေ…”

အချင်းချင်း စကားတချို့ ပြောဆိုပြီးနောက် အသင်းလည်း ကိုယ်စီတာဝန်များအား စတင်လုပ်ဆောင်ကြတော့သည်။

“ အခင်းနေရာမှာ ပြောစမတ်ပြုရလောက်တဲ့ အရာမျိုး မင်းတို့ မြင်မိလား ….” လီရှန်းဟွေ့ မေးမြန်းလိုက်၏။

လင်းရီ ခေါင်းခါယမ်းလိုက်သည်။ “ ကျုပ်တို့ သိထားတာဆိုလို့ သူက အဆိပ်ခပ်ပြီး သတ်ခံလိုက်ရတာပဲ… သေသွားတာ ၉ နာရီနီးပါးလောက်ရှိပြီ …. ဒါပေမယ့် စစ်ဆေးဖို့လိုတဲ့ တချို့ အသေးစိတ်လေးတွေ ရှိနေသေးတုန်းပဲ …”

“ ဆက်ပြော ….”

“ အရင်ဦးဆုံး … ICU နာ့စ်တစ်ယောက်အနေနဲ့ အလုပ်မလုပ်တဲ့ အချိန်မှာ ညဉ့်နက်တဲ့ထိ နေတယ်ဆိုတာ လုံးဝ မဖြစ်သင့်ဘူး …. ဒီလိုမျိုးဖြစ်ရမယ်လို့ ပုံသေကားချပ် တစ်ခု မရှိထားဘူးဆိုပေမယ့် ဆေးရုံမှာ လုပ်ဖူးသူတိုင်း အနားယူတာက ဘယ်လောက် အရေးကြီးတယ်ဆိုတာ လူတိုင်း နားလည်တယ်…. တကယ်လို့ လူနာကို ဂရုစိုက်နေတဲ့အချိန် တစ်ခုခု လွဲမှားသွားခဲ့ရင် ဆေးရုံကပဲ တာဝန်ယူရမှာ … ဆိုတော့ ညဉ့်နက်တဲ့အထိ နေတတ်တဲ့ အကျင့် သူ့မှာ မရှိနိုင်ဘူး … ဒါကလည်း သံသယဝင်ဖို့ ကောင်းတယ်….”

“ ငါတော့ အဲ့လို မထင်ဘူး …” ကူရိရန် ဝင်ပြောလာခဲ့ပြီး “ သူတို့ရဲ့ အလုပ်အကိုင်က ဘာပဲ ဖြစ်နေဖြစ်နေ လူတိုင်းမှာ အိပ်မပျော်တဲ့ ညတွေဆိုတာ ရှိတတ်ကြတာပဲလေ… သူ့အလုပ်အကိုင်ကြောင့် ညဉ့်နက်တဲ့အထိ နေလို့ မရဘူးဆိုတာတော့ မဖြစ်သင့်ဘူး … ပြီးတော့ သူက မိန်းကလေး … စိတ်အခြေအနေတချို့ကြောင့် အိပ်မပျော်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ …”

“ မင်းက ဆေးနယ်ပယ်အကြောင်း နားမလည်ပါဘူး … သူတို့လုပ်ရတဲ့ အလုပ်က ငါတို့ထက် အများကြီး ပိုပင်ပန်းတယ်… အလုပ်ချိန်ကလည်း ရှည်တယ်… တစ်နေ့လုံး အနားမရအောင် အလုပ်လုပ်ရတာ မတ်တပ်ရပ်နေရင်းတောင် အိပ်ပျော်သွားနိုင်တယ်…. လဲပြီးအိပ်လို့ကတော့ ပြောမနေနဲ့တော့ … ဒါကြောင့်မို့ ညအိပ်မပျော်တဲ့ ဖြစ်စဉ်ဆိုတာ ကျန်းမာရေးဝန်ထမ်းတွေမှာ ရှားပါးတဲ့ ကိစ္စတစ်ခုပဲ … တကယ်လို့ အဲ့လိုဖြစ်တယ်ဆိုရင်တောင် အိပ်ဆေးသောက်လို့ရနေတာပဲလေ…” လင်းရီ ပြောဆိုပြီးနောက် ခေတ္တ ရပ်တန့်လိုက်၏။ “ ဒါပေမယ့် မင်းပြောတာလည်း အဓိပ္ပာယ်တော့ ရှိတယ်… ဒီလို တသမှတ်တည်းကြီး သွားတွေးလို့လည်း မရပြန်ဘူး .. ဒါပေမယ့် ငါတို့ ထည့်သွင်းစဉ်းစားသင့်တဲ့ တခြားအပိုင်းတွေလည်း ရှိနေတယ်….”

ကူရိရန် နှုတ်ဆိတ်လျက်သာ ရှိနေရင်း လင်းရီ ဆက်ပြီး ပြောဆိုလာမှာကို နားစွင့်နေသည်။

“ ညသန်းခေါင်ကြီး အစားအသောက် အော်ဒါမှာတယ် ဆိုကတည်းကရင်ကို ထူးဆန်းနေတာ ….”

“ ညသန်းခေါင် အစားအသောက်မှာတာ ဘာထူးဆန်းနေလို့ … ငါ့အတွက်တော့ ပုံမှန်ပါပဲ … ငါဆို အမြဲတမ်း မှာစားနေကြပဲ …” ကူရိရန် မှတ်ချက်ပေးလိုက်သည်။

“ ဒါဆို မင်းပြော … မင်း ညသန်းခေါင် ဘာလို့ အပြင်စာ မှားစားလဲ …”

“ ဗိုက်ဆာလို့ပေါ့ဟယ်…. “

“ ဒါဆို မင်းဘာတွေမှာမလဲ ….”

ကူရိရန် အတန်ငယ်ကြာအောင် စဉ်းစားပြီးနောက် “ အကင်ရယ် ၊ ပုစွန်ရယ်၊ ပင်လယ်စာတွေရယ် ၊ ကြက်ကြော်နဲ့ ဘီယာရယ် ….”

လင်းရီ မရည်ရွယ်ဘဲ ကူရိရန်၏ ဗိုက်သို့ ကြည့်လိုက်မိသည်။ “ အဲ့လောက်အများကြီး စားလို့လည်း မင်းဗိုက် ပူနေတာ ….”

All Chapters