ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း
Vol. 6 Ch. 81
အခန်း (၈၁) : ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း
ဝမ်ဝေ့ အဆင့်တက်ပြီးနောက် အသစ်ရရှိလာသော စွမ်းအားကို စတင်စစ်ဆေးတော့သည်။ ထို့နောက် သူ့ခြေထောက်က မြေပြင်ပေါ်မှ ကြွသွားကာ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်နေသည်။
သူ လေထဲတွင် ပျံနေသည်။ ရှင်းလင်းစွာ ပြောရလျှင် နှစ်စဉ်မီးပုံးပျံပွဲတွင် လွှင့်တင်သည့် မီးပုံကဲ့သို့ လေထဲတွင် လွင့်မြောနေခြင်း ဖြစ်သည်။
ကောင်းကင်မြေကမ္ဘာရှိ စိတ်ဝိညာဉ်ချီကို ထိန်းချုပ်နိုင်ပါက အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများက အချိန်ခဏတာ လေထဲတွင် မြောနိုင်သည်။ သူတို့က သဘာဝလွန် နယ်ပယ်အဆင့် ကျင့်ကြံသူများကဲ့သို့ လေထဲတွင် လွတ်လပ်စွာ ပျံသန်းနိုင်ခြင်း မရှိသော်လည်း လေနှင့် ပတ်သက်သော တိုက်ခိုက်ခြင်းစွမ်းရည်အချို့ ရရှိနိုင်သည်။
ဝမ်ဝေ့က အခန်းထဲတွင် မိနစ်အနည်းငယ်လောက် လေထဲတွင် မြောနေပြီးမှ ဆင်းသက်လာသည်။ သူ ပြန်လည်စဉ်းစားပြီး သက်ပြင်းချလိုက်မိသည်။ သူ့ ယခင်ဘဝမှ လူတိုင်းက တစ်နေ့ ကောင်းကင်တွင် တောင်ပံများဖြန့်ကာ ပျံသန်းနိုင်ဖို့ အိပ်မက် မက်နေခဲ့ကြသည်။
ယနေ့တွင် ဝမ်ဝေ့က လူသားမျိုးနွယ်၏ အိပ်မက်ဆီ ခြေတစ်လှမ်း ပိုမိုနီးကပ်သွားပြီ ဖြစ်သည်။ သူက ကောင်းကင်တွင် ငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ပျံသန်းနိုင်ခြင်း မရှိသော်လည်း နောက်ဆုံးတွင် အောင်မြင်နိုင်မည်ကို ဝမ်ဝေ့ သိသည်။ သူ နောက်ထပ်ကျင့်ကြံခြင်း နယ်ပယ်အဆင့်ကို ရောက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်က သူ့အိမ်ဖြစ်သလို ကစားကွင်းလည်း ဖြစ်လာလိမ့်မည်။
ဝမ်ဝေ့က အနည်းငယ် ဒရမ်မာ ဆန်နေသည်။ ပျံသန်းရေး အဆောင် ဒါမှမဟုတ် ဝမ်ကျူ သူ့ကို သယ်ဆောင်သွားခြင်း ဘယ်လိုမှန်း မသိသော်လည်း သူ အကြိမ်ပေါင်းများစွာတော့ ပျံသန်းခဲ့ဖူးသည်။ သို့သော် သူကိုယ်တိုင် ပျံသန်းရသည့်အခါ ခံစားချက်က အတော်လေး ကွဲပြားသည်။
ခဏတာ ပျံသန်းပြီးနောက် ဝမ်ဝေ့ သူ့ခွန်အားကို စစ်ဆေးလိုက်သည်။ ပိုမိုသန့်စင်သော မူလချီကို ပြုပြင်မွမ်းမံကာ လေထဲသို့ လက်သီးပစ်သွင်းလိုက်သည်။
ရုတ်တရက် သူ့ဆီမှ ၁၅ မီတာထက် ပိုမြင့်သော ခြင်္သေ့တစ်ကောင် ထွက်ပေါ်လာသည်။ သူ၏ တည်ရှိမှုက တောဘုရင်၏ သားရဲများအားလုံးအပေါ် ဩဇာညောင်းမှုကို ယူဆောင်လာသည်။ ခြင်္သေ့ ဟိန်းဟောက်လိုက်သည့်အခါ တုန်ခါမှုက အဝေးကြီးအထိ ပျံ့နှံ့သွားပြီး အခန်းနံရံသို့ သွားတိုက်မိသည်။
ဝုန်း…
ပေါက်ကွဲသောအသံများနှင့်အတူ အခန်းနံရံများပေါ်တွင် လှိုင်းပုံစံ အက်ကြောင်းများ ထွက်ပေါ်လာပြီး သူတို့ကို ဖျက်ဆီးဖို့ ကြိုးစားနေသည်။ အခန်းတစ်ခုလုံး တုန်ခါနေပြီး နံရံများ စတင်ကွဲအက်လာသည်။ ကွဲအက်သွားတော့မည့်အချိန်တွင် အခန်းထဲရှိ အစီအရင်များ အသက်ဝင်လာကာ တိုက်ခိုက်မှုကို ပယ်ဖျက်လိုက်သည်။
ခဏအကြာတွင် ဝမ်ဝေ့က လက်သီးဖြင့် ထပ်မံ ထိုးလိုက်ပြန်သည်။ ယခုတစ်ခေါက် အခန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင် ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါက ထိုကျားဆီမှ ထွက်လာသည်။ အခန်းထဲတွင် ထိပ်တန်းမုဆိုးတစ်ယောက်က အားနည်းသော သားကောင်ကို စိုက်ကြည့်နေသည့် ဖိအားက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း…
ကျားက နံရံဆီ ပြေးဝင်သွားသည့်အတွက် အခန်းထဲတွင် နောက်ထပ် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ယခုတစ်ခေါက် နံရံပေါ်တွင် မရေတွက်နိုင်သော လက်သည်းရာများ ကျန်နေခဲ့သည်။ နံရံများသာမက ကြမ်းပြင်ပေါ်တွင်လည်း လက်သည်း၊ ခြေသည်းရာများ ကျန်နေခဲ့သည်။
ဝမ်ဝေ့က စွမ်းအားအသစ်ဖြစ်သော ခြင်္သေ့လက်သီးနှင့် ကျားလက်သီးကြောင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ သူ တစ်ခါထိုးလိုက်တိုင်း ထိုတိရစ္ဆာန်များ၏ ရုပ်ပုံကို ဖန်တီးရန် ကောင်းကင်မြေကမ္ဘာ စိတ်ဝိညာဉ်ချီနှင့် ပေါင်းစပ်ဖို့ ခန္ဓာကိုယ်ထဲမှ မူလချီထွက်သွားသည်ကို ခံစားလို့ရနိုင်သည်။
ထို့အပြင် ထိုတိရစ္ဆာန်များ၏ တိုက်ခိုက်မှုများကို အသုံးပြုသည့်အခါ သူတို့လို စိတ်မျိုး မွေးရသည်။
သူ ပြုလုပ်ခဲ့သော တိုက်ကွက်များ၏ ခွန်အားအကြောင်း တွေးလိုက်သည့်အခါ ဝမ်ဝေ့က အသစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အသင့်ဖြစ်နေသည်။ ထို့ကြောင့် နောက်ထပ် မူလချီများကို စုစည်းကာ အားပြင်းသော လက်သီးတစ်ချက် ပေးလိုက်ပြန်သည်။
မီတာ၃၀ ရှည်လျားသည့် လက်သည်းသုံးခုပါ အံ့ဖွယ်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုနဂါးတွင် ကုလားအုတ်၏ ဦးခေါင်း၊ သမင်၏ ဦးချို၊ နွား၏ နားရွက်များ၊ နဂါးခန္ဓာကိုယ်၊ ယောက်သွား၏ ဝမ်းဗိုက်၊ ငါးကြင်း၏ ကြေးခွံ၊ လင်းယုန်၏ လက်သည်း၊ ယုန်မျက်လုံးနှင့် ကျားလက်သည်းတို့ ပါရှိသည်။
အံ့ဖွယ်နဂါးက ဘာအားမှ စိုက်ထုတ်စရာမလိုလိုက်ဘဲ ဝမ်ဝေ့ ကျင့်ကြံရေးအခန်း၏ ခေါင်မိုးကို ထိုးဖောက်ကာ ကောင်းကင်ထိ ပျံသန်းသွားပြီး ဟိန်းဟောက်လိုက်သည်။ ထိုနဂါးဆီမှ မွေးရာပါ သက်ရှိသဏ္ဌာန်၏ မောက်မာမှု၊ ကောင်းကင်မြေကမ္ဘာတွင် အမြင့်မြတ်ဆုံးမျိုးရိုးထဲမှ တစ်ခု ဖြစ်သည့် မောက်မာမှုနှင့် ပင်လယ်၏ အုပ်ချုပ်သူ ဖြစ်သည့်အတွက် မောက်မာမှု စသည်တို့ကို ခံစားလို့ရနိုင်သည်။
ဟိန်းဟောက်သံက ဝမ်မိသားစုတောင်တစ်ခွင် ပျံ့နှံ့သွားပြီး ဂိုဏ်းတစ်ဂိုဏ်းလုံး ကြားနေရသည်။ ထို့ကြောင့် လူအများစု၏ အာရုံက ထိုနေရာသို့ ရောက်လာကြသည်။
နဂါးဟိန်းဟောက်သံကို ကြားပြီးနောက် လေးလံသောဖိအားက ရုတ်တရက် တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အံ့ဖွယ်ပလ္လင်နှင့် ထိုအဆင့်အောက် နိမ့်သော ကျင့်ကြံဆင့်ရှိသည့် အစေခံများနှင့် မိသားစုဝင်များ သူတို့ကို လေးလံသော ဖိအားတစ်ခုက ဖိချနေသည်ကို ခံစားလိုက်ရသည်။ သူတို့က လေးလံသော တောင်တစ်လုံးကို သယ်ထားရသလို ခံစားနေရသည်။
သူတို့အားလုံး ခုခံဖို့ ကြိုးစားကြသော်လည်း မတတ်နိုင်ကြပေ။ အဆုံးသတ်တွင် အဆင့်နိမ့်သော ကျင့်ကြံဆင့် ရှိသူများအားလုံး မြေပြင်တွင် ပြားပြားဝပ်နေကြသည်။ သဘာဝလွန် နယ်ပယ်အဆင့်အထက် ရှိသူများသာလျှင် ခံနိုင်ရည် ရှိကြသည်။ ထိုကဲ့သို့ ခံနိုင်ရည် ရှိခြင်းအကြောင်းကလည်း သူတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော မူလအဆီအနှစ်က မူလချီ၏ အဆင့်မြင့်သော ပုံစံဖြစ်သည့်အတွက် ဖြစ်သည်။
ဖိအားကို ခံစားရသူက သူတို့တင် မကသေးပေ။ ဂိုဏ်းတစ်ခုလုံး ခံစားလိုက်ရသော်လည်း ကံကောင်းစွာဖြင့် တောင်တစ်ခုချင်းစီ ကြားမှ အကွာအဝေးက အတော်လေး ဝေးကွာသည့်အတွက် တပည့်အများစုက ထိုဖိအားကို မခံစားလိုက်ရပေ။
အကြီးအကဲချုပ် အိမ်တော်၏ တစ်နေရာတွင် သစ်သားဖြင့် တည်ဆောက်ထားသော အဆောင်ငယ်လေး ကိုးခု ရှိသည်။ ထိုရောက ဂိုဏ်း၏ အစစ်အမှန် အုပ်ချုပ်သူများ သီးသန့် ကျင့်ကြံသည့် နေရာတစ်ခု ဖြစ်သည်။
ဝမ်ဝေ့၏ အဘိုးက ရုတ်တရက် မျက်လုံးဖွင့်ကာ မိသားစုတောင်ရှိသည့်ဘက်သို့ ကြည့်လိုက်သည့်အခါ အံ့ဖွယ်နဂါးကို မြင်လိုက်ရသည့်အတွက် ပြုံးကာ ရေရွတ်လိုက်သည်
“နဂါးအာဏာ လက်သီးကိုတောင် သင်ယူပြီးသွားပြီလား။ ဝေ့အာက အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ထဲကို ရောက်သွားတဲ့ပုံပဲ။ ကောင်းတယ် ကောင်းတယ်။ ငါ့မြေးဖြစ်ဖို့ ထိုက်တန်တယ်”
ရုတ်တရက် ဝမ်ချန်က နတ်ဘုရားအသိစိတ်မှတဆင့် တခြားအကြီးအကဲချုပ်များမှ ဆက်သွယ်လာသည့်အတွက် သူ လက်ခံပြောဆိုလိုက်သည်။
“ ကြည့်ရတာ သခင်လေးက အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်ထဲ ဝင်သွားပြီ ထင်တယ်” အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က ပြောလိုက်သည်။
“ ဟုတ်တယ် သူ့အုတ်မြစ် ဘယ်လောက်သန်မာလဲဆိုတာအပေါ် မူတည်ပြီးတော့ ဒီထက်ပိုပြီး ကြာနေမယ်ထင်ခဲ့တာ”
“ စောစောရောက်သွားတော့လည်း သူ့အတွက် ကောင်းတာပေါ့။ အခု သူ လှုပ်ရှားပြီးတော့ ကြွက်သားတွေကို ဖြေလျှော့ရမဲ့အချိန်ပဲ”
“ ဟမ် ကျုပ်တို့ အရင်ကနေရာကိုပဲ သုံးမှာလား”
“ မဟုတ်ဘူး။ မဟာဝူတော်ဝင်တိုင်းပြည်က နေရာအသစ်ရှာတွေ့ထားလို့ ကျုပ်တို့ရော တခြားသူတွေကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်”
“ အရင်က သိထားတာမျိုး မရှိတော့ သခင်လေးနဲ့ တခြားသူတွေအတွက် ပိုပြီးတော့ ခက်ခဲလိမ့်မယ်”
“ အဲဒါကလည်း မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ များပြားလာတဲ့ ခက်ခဲမှုနဲ့ဆိုရင် လေ့ကျင့်တာကလည်း ပိုကောင်းလာပြီးတော့ ဆုတွေလည်း ပိုပြီးများလာမှာပဲ”
“ အချိန် ဘယ်လောက်ကျန်သေးတာလဲ”
“ အနည်းဆုံး ဆယ်နှစ်ကျော်လောက်တော့ ကျန်သင့်တယ်”
“ အင်း အဲလောက်လည်း မကြာပါဘူး”
“ ဒါပေမဲ့ ပြင်ဆင်ဖို့ လုံလောက်တာထက် ပိုသင့်တယ်”
“ ဒါဆိုရင် ယန်းချန် မင်း ဘာလို့ အသေးစိတ်ကို မဟာဝူတော်ဝင်တိုင်းပြည်က လူတွေနဲ့ မဆွေးနွေးတာလဲ”
“ ဟမ် ကျုပ်က ဘာဖြစ်လို့ သွားရမှာလဲ။ မဟာအကြီးအကဲ ဒါမှမဟုတ် အကြီးအကဲတစ်ယောက်လောက် ပို့လိုက်ရင် ရပြီ မဟုတ်လား”
“ မဟာဝူတိုင်းပြည်က လူတွေက ဘယ်လောက်ထိ အရှက်မဲ့လဲဆိုတာ မင်း သိသင့်တယ်။ သူတို့ ဘယ်လို လှည့်ကွက်တွေ လုပ်မလဲဆိုတာ ကောင်းကင်ပဲ သိလိမ့်မယ်။ ငါတို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမှ ဖြစ်မယ်”
“ နားလည်ပါပြီ ဒါပေမဲ့ ကျုပ် ဘာလို့ သွားဖို့လိုအပ်တာလဲ”
“ မင်းက သခင်လေးရဲ့ တာအိုစောင့်ရှောက်သူ မဟုတ်လား။ အဲဒါ မင်းရဲ့ အလုပ်ပဲလေ”
“ ဟုတ်ပါတယ်။ ကျုပ်က သူ့ရဲ့ တာအိုစောင့်ရှောက်သူပါ။ အဲဒါကြောင့် ဒီမှာ ကာကွယ်ရေး အပိုင်းကို လုပ်ဆောင်သင့်တာ မဟုတ်လား”
"..."
“ မင်းတို့လို အဘိုးကြီးတွေက အရမ်းပျင်းပြီးတော့ သက်တောင့်သက်သာ ဖြစ်တဲ့နေရာကနေ ထွက်မသွားချင်ကြဘူး”
"..."
“ ဟမ်”
အစစ်အမှန်အုပ်ချုပ်သူ ယန်းချန်က အေးစက်စွာ ရယ်လိုက်ပြီးနောက် မဟာဝူတော်ဝင်တိုင်းပြည်မှ လူများနှင့် တွေ့ရန် ဂိုဏ်းမှ ထွက်သွားပြီး အနာဂတ် အစီအစဉ်များ အကြောင်း ဆွေးနွေးလိုက်သည်။ သူကိုယ်တိုင်လည်း မဟာဝူတိုင်းပြည်မှလူများကို မကြိုက်ပေ။ ထိုလူများက သူတို့လုပ်သမျှအရာအားလုံးတွင် အရှက်မဲ့သော နည်းလမ်းများ အမြဲပါဝင်သည်။
ထို့အပြင် သူတို့တွင် ကျင့်ကြံသူများတွင် ရှိသင့်သော ဂုဏ်ဆိုတာ မရှိပေ။ သူတို့ အသက်အန္တရာယ်ရှိလာလျှင် ထွက်ပြေးဖို့လည်း ဝန်မလေးပေ။ သူတို့ကတော့ ထွက်ပြေးသည်ဟု မသုံးဘဲ “ နည်းလမ်းကျသော နောက်ဆုတ်ခြင်း” ဟု ခေါ်လိမ့်မည်။
ထိုအကြောင်းကို စဉ်းစားမိပြီး သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။
“ ဘာကို နည်းလမ်းကျတဲ့ နောက်ဆုတ်ခြင်းလဲ။ ငကြောက်တွေ” ယန်းချန်က ရေရွတ်လိုက်သည်။
ထိုကဲ့သို့ စိတ်ဓာတ်နှင့် ကောက်ကျစ်သော နည်းလမ်းရှိသည့် မဟာဝူတိုင်းပြည်မှ မဟာဧကရာဇ်လေးယောက်ကို မွေးထုတ်ပြီးပြီဆိုသော အပိုင်းက အရမ်းအံ့ဩဖို့ကောင်းသည်။ မဟုတ်လျှင် သူတို့ “တော်ဝင်တိုင်းပြည်” ဆိုသော ဂုဏ်ပုဒ်ကိုလည်း မရနိုင်သလို တာအိုအခွင့်အလမ်းဂိုဏ်းနှင့်လည်း တစ်နေရာထဲတွင် ဆွေးနွေးနိုင်စရာ အကြောင်းမရှိပေ။
ဝမ်မိသားစုတောင်၌ ဝမ်ဝေ့က သူ့ လှုပ်ရှားမှုအသစ်၏ ခွန်အားကြောင့် အရမ်းပျော်ရွှင်နေသည်။ ထို့ကြောင့် သူ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ၏ လျော့ရဲသော အပြုအမူများကြောင့် ကျင့်ကြံရေးအခန်းတစ်ခုလုံး ပျက်စီးနေသည်ကို သတိထားလိုက်မိသည်။
သူ နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။ ထို့နောက် သူ့ ခွန်အားကို စမ်းသပ်ရန် ပိုမိုအားကောင်းသည့် အစီအရင်များ ရှိသော လေ့ကျင့်ရေး အခန်းသို့ သွားသင့်ကြောင်း စဉ်းစားလိုက်မိသည်။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ယောက်ကိုခေါ်ကာ သူ့အခန်းကို ပြင်ခိုင်းလိုက်သည်။ သူ စောင့်နေစဉ် သူ့အဖေ၏ ကျင့်ကြံရေး အခန်းကို အသုံးပြုလိုက်သည်။ သူ့ ခွန်အားကို ထိန်းချုပ်နိုင်ရန် လဝက်ကြာ အချိန်ယူပြီးနောက် ဝမ်ဝေ့က အက္ခရာစာများ ထွင်းထားသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ယူလိုက်သည်။
စာအုပ်၏ ထိပ်တွင် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း ဆိုသော စကားလုံးများကို တာအိုဘာသာဖြင့် ရှင်းလင်းစွာ ရေးသားထားသည်။
ဝမ်ဝေ့ စိတ်လှုပ်ရှားလာသည်။ ဝမ်ဝေ့က ဤကျမ်းဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန် နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရသည်။ ထိုကဲ့သို့ ပြုလုပ်ပြီးသွားပါက ခွန်အား တိုးတက်လာမည်ဖြစ်သလို အသက်ရှင်နိုင်စွမ်းကိုလည်း တိုးတက်လာမည် ဖြစ်သည်။
သူက အမြဲတမ်းလိုလို မူလလမ်းစဉ်စနစ်နှင့် ပတ်သက်ပြီး စိတ်မချဖြစ်နေခဲ့သည်။ မူလချီက စွမ်းအားကြီးပြီး မရေတွက်နိုင်သော စွမ်းရည်များရှိသော်လည်း ကျင့်ကြံသူများအနေဖြင့် ခန္ဓာကိုယ်ထဲတွင် ချီအလုံအလောက် ရှိနေဖို့ လိုအပ်သည်။
မူလချီ ကုန်ဆုံးသွားသည့်အခါ ကျင့်ကြံသူအများစုက အင်မတန် အားနည်းသွားကြသည်။ သူတို့က သေမျိုးများ သူတို့ကို သတ်နိုင်လောက်သည်အထိ အားနည်းသွားခြင်းမျိုး မဟုတ်သော်လည်း အားကြီးသော ခန္ဓာရှိသည့် နတ်ဆိုးသားရဲများက သူတို့က အဆင့်မြင့်သော ကျင့်ကြံသူများကို သတ်နိုင်သည်။ ကိုယ်အားနည်းနေသည့်အချိန်တွင် ကိုယ့်ရန်သူ သိသွားလျှင် ပြောစရာပင် မလိုတော့ပေ။
ထို့အပြင် မူလချီကျင့်ကြံသူများက စွမ်းအင်လျော့နည်းသွားသည်နှင့် များစွာ လျော့နည်းသွားသည်။ ထိုအတွက် ပြီးပြည့်စုံသော ဥပမာတစ်ခုကို ပြောပါဆိုလျှင် သူ့အမေက သူ့အဖေကို မရဏပိုင်နက်ထဲသို့ ရောက်သွားအောင် လှည့်ဖျားခဲ့စဉ်က ဖြစ်သည်။ သူ့အဖေလိုမျိုး စွမ်းအားကြီး ကျင့်ကြံသူပင် မူလချီကို ပြန်လည်ဖြည့်တင်းနိုင်စွမ်း မရှိဘဲ သေမလို ဖြစ်ခဲ့သည်။