ကွာရှင်းတော့မယ်
Vol. 138 Ch. 2058
“ ဟင် …. စွေ့ရှင်း သေသွားခဲ့ပြီ ဟုတ်လား …”
အဆိုပါ သတင်းကို ကြားတော့ ရန်ကျစ်ရုံနှင့် ကျန်းလော့လော့တို့ နှစ်ဦးလုံး ရှော့ခ်ရသွားခဲ့ကြသည်။ သူတို့ထဲ မည်သူကမျှ ယခုလို ဖြစ်လာလိမ့်မည်ဟူ၍ ထင်မှတ်မထားခဲ့ကြပါချေ။
“ ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲတဲ့ ….”
“ ဒီမနက် အစောပိုင်းတုန်းကပဲ …” လင်းရီ ဤကိစ္စကို အချိန်မဆွဲချင်ပဲ တုံးတိတိ ဖြေဆိုလိုက်သည်။
“ သနားဖို့ကောင်းလိုက်တာ …” ကျန်းလော့လော့ ညည်းတွားလိုက်ပြီး “ သူ့ကောင်လေးနဲ့ နောက်လကျရင် လက်ထပ်တော့မှာကိုပဲ ဒီလိုတွေ ဖြစ်သွားခဲ့တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး … ရှင် သူ့အတွက် တရားမျှတအောင် လုပ်ပေးရမယ်နော် အရာရှိကြီး ….”
“ သူက လက်ထပ်တော့မှာလား …”
ကျန်းလော့လော့ ခေါင်းညိတ်လိုက်သည်။ “ သူ မနေ့တုန်းက ကျွန်မကို ပြောပြတာပဲ … သူ့ကောင်လေးက အိမ်တောင် အဆင်သင့် ဖြစ်နေပြီ … ပြီးတော့ နောက်လကျရင် လက်ထပ်ကြတော့မှာ … ကျွန်မကိုတောင် သတို့သမီး အရံလုပ်ဖို့ ပြောသေးတယ်….”
“ နောက်လဆိုရင် အချိန်က အတော်နီးနေပြီပဲ … ပြင်ဆင်စရာတွေ ဒီလောက်များတာကို ခွင့်တွေ ဘာတွေ မယူဘူးလား …”
ကျန်းလော့လော့သည် ရန်ကျစ်ရုံကို ကြည့်လိုက်ပြီး ဤမေးခွန်းက သူ ဖြေဆိုသင့်သည့် မေးခွန်းဖြစ်ကြောင်း အရိပ်အမြွက်ပေးလိုက်သည်။
“ ဟင့်အင်း … ဒါပေမယ့် အကြောင်းတစ်စုံတစ်ရာ မရှိရင်တော့ ယူမယ်လို့ ထင်တယ်… ဘာပဲဆိုဆို လက်ထပ်ပွဲက ကိစ္စကြီးပဲလေ .. လုပ်စရာတွေက အများကြီးပဲ ….”
လင်းရီ ခေါင်းညိတ်၍ ထိုကိစ္စအား ဆက်လက် မမေးမြန်းတော့ချေ။
“ စွေ့ရှင်းက ဘယ်လို လူစားမျိုးလဲ … သူ့ အကျင့်စရိုက်အကြောင်း အကြမ်းဖျင်း ပြောပြပေးနိုင်မလား …”
“ ရှင်းရှင်းက တကယ်ကောင်းတဲ့လူပါ … သူ့ မိသားစု နောက်ခံကလည်း ကျွန်မထက် နည်းနည်းလေး ပိုသာတယ်… ပြီးတော့ အပြင်တွေ ဘာတွေ ထွက်လို့ ဆိုင်ထိုင်ရင်လည်း သူပဲ ပိုက်ဆံရှင်းတာ .. ဉာဏ်ကောင်းတယ် … ထက်မြက်တယ် … အလုပ်ကြိုးစားတယ်… သူ့ ရည်းစားကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်… ပြောသံကြားတာတော့ သူ့ကောင်လေး ရှေ့နေ စစလုပ်တုန်းက အခြေအနေ မကောင်းခဲ့ဘူးဆိုပဲ … အဲ့တုန်းကလည်း ရှင်းရှင်းပဲ တစ်ချိန်လုံး ထောက်ပံ့ပေးခဲ့တာ … ဒီနှစ်ထဲ သူ့ရည်းစားရဲ့ အခြေအနေလေးလည်း ကောင်းလာခါမှ ဒီလိုတွေ လာဖြစ်ရတယ်…” ကျန်းလော့လော့ မျက်ရည်များအား ဖယ်သပ်ရင်း ပြောလိုက်သည်။
“ အင်း ….. သူ အဲ့ဒီနေ့ကို မမြင်လိုက်ရတာ နှမြောစရာပဲ ….”
“ အဲ့တာတင် ဘယ်ဟုတ်မှာ … သူ့ကောင်လေးက အခု ဝင်ငွေကောင်းနေပြီ … ကျိုးဟိုင်မှာ နှစ်တွေ အများကြီး အလုပ်ကြိုးစားပြီးတော့မှ နောက်ဆုံး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေရတော့မယ့် အချိန်ရောက်မှ ဒီလို ကိစ္စတွေ လာဖြစ်ရတယ်လို့ … လူကောင်းတွေက ကောင်းတဲ့အရာတွေ ပြန်မရဘူးလို့ ပြောကြတာ တကယ် မှန်နေတာပဲ …”
“ ဘဝက ကြိုတင်ခန့်မှန်းလို့ မရတဲ့ အချိုးအကွေ့တွေနဲ့ ပြည့်နှက်နေတာ အဲ့ဒီအတွက်လည်း ကိုယ့်ဘက်က ဘာမှ လုပ်လို့မရဘူး … မင်းတို့နှစ်ယောက်လုံးက ICU မှာ အလုပ်လုပ်တဲ့လူတွေပဲ … ဒီလိုကိစ္စမျိုးကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်သင့်တယ်…”
အချိန်ကို တစ်ချက်ကြည့်ပြီးနောက် လင်းရီ စကားဆိုလာသည်။ “ နေ့လည်တောင် ရောက်ပြီ … ခင်များတို့နှစ်ယောက်လည်း တစ်မနက်ခင်းလုံး အလုပ်ပင်ပန်းထားတာဆိုတော့ နေ့လည်စာ သွားစားလိုက်ဦး … တကယ်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင် ကျုပ်ဘက်က ပြန်ပြီး ဆက်သွယ်လိုက်မယ်… ဖုန်းတော့ အမြဲတမ်း ဖွင့်ထားဖို့ မမေ့နဲ့ …”
“ ဒါပေါ့ …. ကိစ္စ မရှိပါဘူး ….”
ကျန်းလော့လော့တို့ ထွက်ခွာသွားပြီးနောက် လင်းရီနှင့် ကျန်းဇီရှင်းတို့လည်း ပစ္စည်းများ သိမ်းဆည်း၍ ထွက်ခွာလာခဲ့ကာ အနီးအနားရှိ ခေါက်ဆွဲဆိုင်တွင် နေ့လည်စာ ဝင်စားလိုက်သည်။
“ အစ်ကိုရီ … ရှင့်ဘက်က ဘာသဲလွန်စမှ မတွေ့သေးဘူးလား … ကျွန်မဘက်က ကြည့်တာတော့ အကုန်လုံးက သာမန်လိုပဲ … သူတို့တစ်ယောက်မှလည်း သံသယဝင်စရာကောင်းတဲ့လူနဲ့ မတူဘူး … အသတ်ခံလိုက်ရတဲ့ စွေ့ရှင်း အပါအဝင်ပေါ့ …”
“ ငါလည်း တစ်ခုခု လွတ်သွားတယ်လို့ မခံစားမိဘူး …”
“ ဒါပေမယ့် အဲ့လိုသာဆို ကျွန်မတို့ ပိတ်မိနေပြီ မဟုတ်လား …”
“ အင်း … ပိတ်မိနေပြီ… ဘယ်နေရာကနေ ဖောက်ထွက်လို့ ရမလဲ စဉ်းစားနေတုန်းပဲ …” လင်းရီ ခေါက်ဆွဲစားရင်း ပြောလိုက်ပြီး “ ဒါပေမယ့် လူသတ်လောက်မယ့် ရည်ရွယ်ချက် အရှိဆုံး သံသယ တရားခံကတော့ ကျန်းကော်ဖျင်နဲ့ သူ့ဇနီး ဖြစ်နေတုန်းပဲ … ပြီးတော့ သူ့ဘေးနားက လူတွေရယ် … ငါတို့ ဆေးရုံအပေါ် အာရုံစိုက်ထားတာ တော်သင့်ပြီ … ဒီမှာ ဘာစုံစမ်းစစ်ဆေးစရာမှ မရှိတော့ဘူး …”
သဘောတူညီစွာဖြင့် ကျန်းဇီရှင်း ခေါင်းညိတ်လိုက်သည်။
“ ဒါပေမယ့် ကျွန်မကတော့ ICU ဒေါက်တာတွေက တာဝန် မကျေပွန်တဲ့လူတွေလို့ ထင်တယ်… သူတို့မှာ ဆေးပညာကျင့်ဝတ်ဆိုတာလည်း မရှိဘူး….”
“ ဘာလို့ အဲ့လို ပြောတာ …”
“ သူကိုယ်တိုင် ဝန်ခံတာပဲလေ… လူနာကို ကြည့်ရမယ့် အချိန်မှာ မနက်စာ အော်ဒါမှာနေတယ်တဲ့ … ပြီးတော့ ခိုးပြီးတောင် အိပ်လိုက်သေး … ဒါ ဆရာဝန်တစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်လား …”
“ တကယ်တော့ အဲ့တာက ပုံမှန်ပါပဲ … လူသားတွေရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်နဲ့ … ပြီးတော့ ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေကလည်း လုံလုံလောက်လောက် မရှိဘူး … နေ့တိုင်းနေ့ သူတို့ ထမ်းနိုင်တဲ့ဝန်ထက် ပိုပြီး အလုပ်လုပ်နေရတယ် … သူတို့သာ ရတုန်း အနားမယူဘူးဆိုရင် လူနာကြည့်တဲ့အချိန်ကျ မှားယွင်းသွားနိုင်တယ် … အဲ့ခါကျ အကျိုးဆက်တွေကလည်း မတွေးရဲလောက်အောင်ကိုပဲ …”
“ အဲ့လိုဆိုတော့လည်း ယုတ္တိရှိသွားပြန်ရော …” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မအထင်တော့ ICU က လူတိုင်းအတွက် ကြောက်ဖို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်မယ်လို့ ထင်တယ်…”
“ မင်းမှန်တယ်…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မိသားစုဝင်တစ်ယောက်ယောက်က ICU ရောက်သွားခဲ့မယ်ဆိုရင် ဝေဒနာကို ရေရှည်ခံစားခိုင်းနေမယ့်အစား လျင်လျင်မြန်မြန်ပဲ အဆုံးသတ်ခိုင်းလိုက်တာက ပိုပြီး ကြင်နာပေးရာ ရောက်လိမ့်ဦးမယ်…”
“ အစ်ကိုရီ … ရှင့်စကားတွေက အဘိုးကြီးလေသံ ပေါက်နေပြီဆိုတာ သိရဲ့လား …” ကျန်းဇီရှင်း တခစ်ခစ် ရယ်မော၍ “ ရှင့်အသက်က အခုမှ နှစ်ဆယ်ကျော်လေး ရှိတာကို ပြောနေပုံက ကျွန်မ အဘိုးနဲ့ စကားပြောနေရသလိုပဲ ….”
“ ငါ ဗျူရိုထဲ မဝင်ခင် ဆေးရုံမှာ ခဏ အလုပ်လုပ်ခဲ့ဖူးတယ် … ဒါကြောင့်မို့ အဲ့က အခြေအနေတွေ ဘယ်လို ရှိလဲ နားလည်နေတာပေါ့ …” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်သည်။ “ အမှန်အတိုင်း ဝန်ခံရရင် အဲ့နေရာတွေက ငါ့အတွက် တကယ်ကို ဖိအားများတယ်… ICU မှာ နောက် တစ်မိနစ် နေရာမှာထက် အလောင်းတစ်ထပ်ကြီးနဲ့ပဲ ရင်ဆိုင်လိုက်ချင်တယ်…”
“ ရှင်ပြောချင်တာကို သဘောပေါက်တယ်… ကျွန်မလည်း ICU ကို ရောက်ဖူးတော့ အဲ့နေရာက တော်တော်လေး မွန်းကြပ်ဖို့ကောင်းနေရာပဲ …”
“ ဒါကြောင့်မို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး ကျန်းမာအောင် နေတာက ပိုအရေးကြီးတယ်လို့ ပြောကြတာပေါ့ …”
“ အယ် အစ်ကိုရီ … ရှင်က ကျွန်မရဲ့ ကျန်းမာရေးကို စိတ်ပူပေးနေတာလား …”
“ ဟင့်အင်း … မင်းရဲ့ တင်ပါးက ပြားချပ်ချပ် ဖြစ်နေတာကို စိတ်ပူနေတာ …”
“ ချီးပဲ … အစ်ကိုရီ .. ကျွန်မကို လာစနေတယ်…”
နေ့လည်စာ သုံးဆောင်ပြီးသည့်နောက် နှစ်ယောက်မှာ ရဲစခန်းသို့ ပြန်လည် ဦးတည်လိုက်ကြသည်။
ကားမောင်းနေစဉ်တွင် လင်းရီ နှုတ်ဆိတ်လျက် စွေ့ရှင်းအကြောင်းကို အတွေးနက်နေသည်။
ကျန်းလော့လော့၏ ထွက်ဆိုချက်ထဲတွင် ရှေ့နောက်မညီသည့် စကားတချို့ ရှိနေခဲ့သည်။ သူမက သံသယ ဝင်စရာကောင်းနေသောကြောင့်တော့ မဟုတ်ပါဘဲ စွေ့ရှင်းအပေါ် ပူပန်သည့် အကြောင်းအရာ အသေးမွှားလေးကြောင့် ဖြစ်၏။ ကျန်းလော့လော့၏ စကားအရ စွေ့ရှင်းသည် နောက်လာမည့် လပတ်၌ လက်ထပ်တော့မည့်လူပင်။
သို့ပေမယ့် သူမ၏ တိုက်ခန်းထဲတွင် လက်ထပ်တော့မည့် လူတစ်ယောက်၏ အရိပ်အယောင်ကိုလည်း မြင်တွေ့မနေရချေ။
ထို့ပြင် ယနေ့ခေတ်၌ သမီးရည်းစား ဆက်ဆံရေးတို့မှာ ပို၍ ပွင့်ပွင့်လင်းလင်း ရှိလာပြီး စုံတွဲအများစုမှာ လက်ထပ်ပွဲ နီးကပ်လာသည်နှင့် စတင် အတူနေထိုင်ကြပြီ ဖြစ်သည်။ သို့တိုင် စွေ့ရှင်းမှာ သူမ ငှားရမ်းထားသည့် တိုက်ခန်းအိုလေးထဲတွင်သာ ရှိနေခဲ့ပြီး ဤသည်က ထူးဆန်းသည့် တစ်ချက် ဖြစ်၏။
“ ဇီရှင်း … ခေါင်းဆောင်လီကို ဖုန်းတစ်ချက် ခေါ်လိုက် … သူ့မှာ တိုက်ခန်းပိုင်ရှင်ရဲ့ ဖုန်းနံပါတ် ရှိလောက်တယ်… စွေ့ရှင်းမှာ အိမ်ပြောင်းမယ့် အစီအစဉ် ရှိ မရှိ လှမ်းမေးကြည့်လိုက် …”
“ အိုကေ …”
ကျန်းဇီရှင်းလည်း လီရှန်းဟွေ့ထံသို့ ဖုန်းဆက်ပြီး တိုက်ခန်းပိုင်ရှင် နံပါတ်ကို တောင်းလိုက်သည်။ ထို့နောက် ဖုန်းခေါ်ဆိုလိုက်၏။
ဖုန်းပြောသည့် အချိန်က ဆယ်မိနစ်မျှ ကြာညောင်းသွားခဲ့၏။
“ အစ်ကိုရီ … သူ့မှာ ပြောင်းမယ့် အစီအစဉ် မရှိဘူးတဲ့ ….” ကျန်းဇီရှင်း ပြန်ပြောပြလိုက်သည်။
“ ဒါပမေယ့် နည်းနည်းတော့ ထူးဆန်းတယ် … သူက လက်ထပ်တော့မှာ .. သူ့ကောင်လေးကလည်း အိမ်ဝယ်ထားပြီးပြီ … ဒါတောင် ပြောင်းဖို့ အစီအစဉ် မရှိသေးဘူးဆိုတော့ ….. ၊ ကျွန်မသာ သူ့နေရာမှာ ဆိုလို့ကတော့ ကောင်လေးနားမှာပဲ ကပ်ပြီး တစ်တီတူးနေလောက်ပြီ …”
“ ဒါ မသင်္ကာစရာပဲ .. ငါတို့ သေချာလေး စုံစမ်းဖို့လိုတယ်…”
“ ဟုတ် အစ်ကိုရီ ….”
များမကြာမီ နှစ်ယောက်သား ရဲစခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။
ကျန်းဖန့်မှာ စခန်းသို့ ရောက်နေနှင့်ပြီး စာဖိုင်တချို့အား ဖတ်ရှုနေလေသည်။
“ ညီကိုရီ … ငါကြားတာ စွေ့ရှင်း တစ်ခုခု ဖြစ်သွားတယ်ဆို …” ကျန်းဖန့် မေးမြန်းလာခဲ့၏။
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်… သူက အသတ်ခံလိုက်ရတာ … ငါတို့ ဆေးရုံကိုလည်း စစ်ဆေးပြီးသွားပြီ … ဒါပေမယ့် ဘာသဲလွန်စမှ မရှိသေးဘူး … ရှုပ်နေတာချည်းပဲ ….”
“ ချီးလိုမှပဲ … ကျန်းကော်ဖျင်နဲ့ သူ့ဇနီးလည်း အခု ပရမ်းပတာတွေ ဖြစ်နေပြီ …” ကျန်းဖန့် ပြောပြီးနောက် စီးကရက် တစ်လိပ်အား မီးညှိလိုက်သည်။
“ သူ့ ဇနီး ၊ ဖန်လန်ကျွင်းက သူ ဖောက်ပြန်နေတာကို မိသွားတယ်လေ… အခု နှစ်ယောက်လုံး ကွာရှင်းကြတော့မှာ …”