← Chapters

ထင်မှတ်မထားသည့် ရှာဖွေတွေ့ရှိမှု

Vol. 138 Ch. 2059

ထင်မှတ်မထားသည့် ရှာဖွေတွေ့ရှိမှု

Vol. 138 Ch. 2059

“ ကွာရှင်းတော့မယ် ဟုတ်လား …”

အဆိုပါ သတင်းကို ကြားတော့ ကျန်းဇီရှင်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဆေးရုံ ကိစ္စကပင် အတော်လေး ဒုက္ခပေးနေပြီး ယခု ကျန်းကော်ဖျင်နဲ့ သူ့မိန်းမက ကွာရှင်းဖို့ လုပ်နေကြပြီဆိုတော့ ……

သို့ပေမယ့်လည်း လင်းရီကတော့ ကျန်းဇီရှင်းကဲ့သို့ မတုန်လှုပ်သွားဘဲ တည်ငြိမ်လျက်သာ ရှိနေသည်။

ကျန်းဖန့် ခေါင်းညိတ်လျက် ရှင်းပြလိုက်၏။

“ ဒီမနက်ခင်းတုန်းက ငါသွားပြီး စစ်ဆေးတော့ သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာကို မြင်လိုက်ရတာပဲ … ဖြစ်ချင်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဖန့်လန်ကျွင်း သူ့မိဘအိမ်ကို အလည်သွားမယ် ဆိုပြီး ထွက်သွားတုန်း တစ်ခုခု မေ့ကျန်ခဲ့လို့ ပြန်ရောက်လာတဲ့အချိန် ကျန်းကော်ဖျင်က နောက်မိန်းမတစ်ယောက်နဲ့ ဈေးဝယ်ထွက်နေတာကို မြင်လိုက်ရတယ်လေ… အဲ့မှာ စပြီး ရန်ဖြစ်ကြတော့တာပဲ …”

“ ပုံမှန်ပါပဲ … ယောက်ျား ဖောက်ပြန်နေတာကို မြင်ရင် ဒေါသထွက်မိမှာက ပုံမှန်ပဲလေ…” ကျန်းဇီရှင်း ပြောဆိုလိုက်ပြီး “ ဒါနဲ့ ကွာရှင်းမယ့် အကြံကို ပြောလာတာ ဘယ်သူလဲ …”

“ ကျန်းကော်ဖျင် ….” ကျန်းဖန့် ဖြေဆိုလိုက်ပြီး “ အမွေဆက်ခံမယ့် ကိစ္စမှာ အများဆုံး အကျိုးခံစားခွင့်ရမယ့်လူက သူလေ … ပိုက်ဆံကလည်း မကြာခင် ဝင်လာတော့မှာဆိုတော့ သူ့အတွက် ရိုးအီနေတဲ့ ဖန်လန်ကျွင်းနဲ့ ဘယ်လိုလုပ် ဆက်ပေါင်းချင်တော့မှာ … ဆိုတော့ ကွာရှင်းဖို့ စဉ်းစားလာတာက မထူးဆန်းပါဘူး …”

“ ဒါပေမယ့် ပိုက်ဆံကဖြင့် လက်ထဲတောင် ရောက်မလာသေးတာကို ကွာရှင်းဖို့ စီစဉ်နေတာက …အောင်ပွဲခံတယ်ဆိုရင်တောင် ဒါကြီးက မစောလွန်းဘူးလား ….” လင်းရီ တည်ငြိမ်သည့် လေသံဖြင့်‌ ပြောလိုက်၏။

“ ကျွန်မကတော့ ပြဿနာက အဲ့နေရာမှာ ရှိနေတယ်လို့ ထင်တယ်…” ကျန်းဇီရှင်း အကြံပြုလာခဲ့ပြီး “ ကျန်းကော်ဖျင်မှာသာ အမွေဆက်ခံမယ့် အမှုကို နိုင်ဖို့ အာမခံချက် မရှိဘူးဆိုရင် ဒီလောက်ထိ သတ္တိကောင်းနေမှာ မဟုတ်ဘူး …”

“ ဒီတော့ မင်းထင်နေတာ လီဝန်ကွမ်းနဲ့ စွေ့ရှင်းတို့ အသတ်ခံရတဲ့ ကိစ္စက ကျန်းကော်ဖျင်နဲ့ ဆက်စပ်နေတယ်… သူက လူသတ်သမားလို့ မင်းထင်တယ်ပေါ့ …” ကျန်းဖန့် မေးလာခဲ့သည်။

“ ဒါပေါ့ … အမွေဆက်ခံတဲ့ ကိစ္စမှာ အကျိုးအမြတ် အများဆုံး ရမယ့်လူက သူပဲလေ… သူ့မှာ အဲ့လိုလုပ်ဖို့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်….”

“ ဒါပေမယ့် ပြဿနာက သူ အဲ့လူနှစ်ယောက်ကို သတ်လိုက်လို့ရော အမွေဆက်ခံတဲ့ ကိစ္စအပေါ် ဘာများ အထူးတလှယ် အကျိုးသက်ရောက်မှု ရှိသွားလို့ … လောလောဆယ် ငါတို့လက်ထဲ ရှိထားတဲ့ သက်သေအချက်အလက်တွေ အတိုင်းဆိုရင် ငွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးက ကျန်းလီရှားလက်ထဲပဲ ရောက်သွားမှာ …” ကျန်းဖန့်က အဓိက အချက်ကို မီးမောင်းထိုးပြလိုက်သည်။

သုံးယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြသည်။ သူတို့ ဤနေရာမှာပဲ တဝဲဝဲလည် ဖြစ်နေကြပြီ ဖြစ်၏။

ထိုအချိန်မှာပဲ ကူရိရန်သည် စာရွက်စာတမ်း တစ်ထပ်ကြီးကို ကိုင်ထားရင်း ရုံးခန်းထဲသို့ ရောက်လာခဲ့သည်။

“ ဟလို အစ်မရိရန် ….”

ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ သူမအား နှုတ်ဆက်လိုက်ကြသည်။ ကူရိရန် ခေါင်းညိတ်ပြလိုက်ပြီး လင်းရီတို့ သုံးယောက်လုံးကို သိမ်းကျုံးကြည့်လိုက်၏။

“ စစ်ဆေးမှု ရလဒ်တွေ ထွက်လာပြီ … ဆေးရုံနဲ့ ဒီလီပို့တဲ့လူက ပြဿနာ မရှိဘူး … စားသောက်ဆိုင်ကလည်း မှာတဲ့ အစားအသောက်ကို ဒီလီပို့တဲ့လူ လက်ထဲ တိုက်ရိုက်အပ်ပေးလိုက်တယ်… ဒီလီပို့တဲ့လူကလည်း တခြား ဘယ်သူ့လက်ကမှတဆင့် မလွှဲပြောင်းဘဲ စွေ့ရှင်းလက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးခဲ့တာ … သူတို့နှစ်ယောက်ကတော့ အဆိပ်ခပ်နိုင်စရာ အကြောင်း မရှိဘူး ….”

ကူရိရန် သူမ၏ ဆံပင်ကို နောက်သို့ သပ်ပြီးသည့်နောက် ဆက်လက် ပြောဆိုသည်။

“ စုံစမ်းစစ်ဆေးနေတုန်း ငါ ဒီလီပို့တဲ့ကောင်လေးကို မေးကြည့်ခဲ့တယ်… သူ ပြောတာတော့ စွေ့ရှင်း ပါဆယ်ထုပ်ကို လက်ခံတဲ့အချိန် သူ့အခြေအနေက သိပ်ကောင်းမနေဘူးတဲ့ … မျက်လုံးတွေလည်း နီရဲနေပြီး မျက်ကွင်းတွေလည်း ညိုနေတယ်… ကြည့်ရတာ နေမကောင်း ဖြစ်နေတဲ့ပုံပဲ …”

“ မသင်္ကာဖို့ကောင်းတယ်နော်… သူက ဘာလို့ အဲ့လောက်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတာလဲတဲ့ …” ကျန်းဇီရှင်း မှတ်ချက် ပေးလိုက်သည်။

“ ပုံမှန်ပဲ မဟုတ်လား…” ကျန်းဖန့် ဖြတ်ပြောလိုက်ပြီး “ စွေ့ရှင်းက ဆွဲဆောင်မှု ရှိတယ်… ပြီးတော့ ညအိပ်ဝတ်စုံပါးပါးလေးလည်း ဝတ်ထားတာကို မြင်တဲ့ ဘယ်သူမဆို သုံးလေးခါလောက်တော့ သေချာကြည့်မိကြမှာပဲ မဟုတ်ဘူးလား …”

“ ယောက်ျားတွေက သန္ဓေပါတဲ့ နှာဘူးတွေပဲ …” ကျန်းဇီရှင်း စနောက်လိုက်သည်။

“ မင်းကို ပြောရမှာ … မင်းတို့ ပထမဆုံး တွေ့တဲ့ အခေါက်တုန်းက ညီကိုရီရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို သွားရည်ယိုနေတာ ဘယ်သူလဲ … တစ္ဆေလား …”

“ အဟွတ် အဟွတ် … အစ်ကိုရီက မတူဘူးလေ…” ကျန်းဇီရှင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး ခွန်းတုံ့ပြန်လိုက်သည်။

“ ကဲပါ … တော်တော့ … ဒါနဲ့ပဲ စကားက လမ်းလွဲတော့မယ်…” ကူရိရန် ပြောဆိုပြီးနောက် မူလ အကြောင်းအရာသို့ ပြန်သွားလိုက်၏။ “ နင်တို့ဘက်ခြမ်းကရော ဘာတွေ တွေ့မိသေးလဲ …”

“ သဲလွန်စ တစ်ခုလေးတောင် မရှိဘူး …” လင်းရီ ပခုံးတွန့်ပြလိုက်သည်။

“ ဒီ အခြေအနေ ရောက်မှတော့ ငါတို့ တတ်နိုင်တာ သူတို့အနားဝန်းကျင်မှာရှိတဲ့ လူတွေကို စုံစမ်းမေးမြန်းပြီး အသုံးဝင်မယ့်ဟာ တစ်ခုခု ရမလား ကြည့်ရုံပဲ ကျန်တယ်…”

“ အွန်း … လောလောဆယ်တော့ အဲ့လို လုပ်ရုံ ရှိတော့တာပဲ …” ကူရိရန် ထောက်ခံလိုက်သည်။

“ တခြား မတူကွဲပြားတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ကြတာပေါ့ …”

“ ငါတို့ အခု ကျဉ်းထဲကျပ်ထဲ ရောက်နေတယ်… နည်းဗျူဟာ အသစ်ကို ကျိန်းသေပေါက် လိုအပ်နေပြီ … “ လင်းရီ ပြောဆိုရင်းဖြင့် ကျန်းဖန့်ကို ကြည့်လိုက်ကာ “ ငါတို့မှာ မိသားစု နှစ်ခုရဲ့ အချက်အလက် ဖိုင်တွေ ရှိတယ်မလား …”

“ အင်း … ငါ အကုန် စုဆောင်းထားတယ်…” ကျန်းဖန့် ပြောလိုက်ပြီး သူ့စားပွဲပေါ်ရှိ စာရွက်စာတမ်း အပုံလိုက်ကြီးအား ညွှန်ပြလိုက်သည်။

ကူရိရန်လည်း သူမ ကိုင်ဆောင်လာသည့် စာရွက်စာတမ်းများအား ထိုစားပွဲပေါ်သို့ တင်လိုက်၏။

“ ဒါတွေက စွေ့ရှင်းရဲ့ ဖိုင်တချို့ပဲ … တစ်ချက် ကြည့်လိုက် … သူ့မိဘတွေလည်း ဒီကို လာတဲ့လမ်းမှာ ရောက်နေပြီ …. တကယ်လို့ နင့်ဘက်က ပိုသိချင်တာရှိရင် သူတို့ကို မေးလို့ရတယ်….”

လင်းရီ ခေါင်းညိတ်ပြီး စွေ့ရှင်း၏ ဖိုင်ကို စတင်လှန်လော ဖတ်ရှုတော့သည်။

“ သူ့မိသားစု အနေအထားက အတော် မဆိုးဘူးပဲ …”

“ အမှန်ပဲ …” ကူရိရန် အတည်ပြုပေးလိုက်ပြီး “ ငါ ဖုန်းပြောရင်း သိလိုက်ရတာ သူတို့က အိမ်နှစ်လုံး အပိုင်ရှိတဲ့ အလယ်လတ်တန်းလွှာ မိသားစုကပဲ … မနှစ်တုန်းက သူတို့ဘိုးဘေးရဲ့ အိမ် ဖျက်ဆီးခံရတဲ့ထဲ ပါပြီး လျော်ကြေး ယွမ်ဆယ်သန်းလည်း ရလိုက်သေးတယ်… အဲ့တာက သူတို့ကို အလယ်လတ်တန်းလွှာ မိသားစုဖြစ်အောင် လုပ်ပေးဖို့ လောက်တယ်…”

“ ဒါလည်း ငွေအတွက် လူသတ်တဲ့ နောက်ထပ်တစ်မှု ဖြစ်နိုင်လောက်လား …” ကျန်းဖန့် သုံးသပ်ကြည့်လိုက်သည်။

“ မဖြစ်နိုင်ဘူး …” လင်းရီ ပြောဆိုလိုက်ပြီး “ ယွမ် ဆယ်သန်းက ကျိုးဟိုင်မှာ များတယ်လို့ မခေါ်ဘူး … တိုက်ခန်း အသေးစားလေး တစ်ခု ဝယ်ဖို့ ကာမိရုံလောက်ပဲ … ဒီလောက်လေးနဲ့ လူသတ်တယ်ဆိုတာက တန်ကို မတန်တာ …”

ကူရိရန်လည်း လင်းရီ၏ စကားကို ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်၏။

“ ပြီးတော့ ပိုက်ဆံတွေ အကုန်လုံးက သူ့မိဘနာမည်တွေနဲ့ပဲ … စွေ့ရှင်းကို သတ်လိုက်လို့ အဲ့ငွေတွေကို သူတို့ ရမှာလည်း မဟုတ် ….”

“ ဒါပေမယ့် သူ့ကောင်လေးကတော့ အခြေအနေ သိပ်မဟန်ဘူးပဲ …” ကျန်းဇီရှင်းက စာဖိုင်ကို ဖတ်နေရင်း ပြောလိုက်ပြီး “ သူက ကျေးလက်ဒေသက လာပြီး ကောလိပ်ကလည်း သာမန်ပဲ … နှစ်ယောက်လုံးရဲ့ ပညာရေး နောက်ခံက မကောင်းတာတောင် စွေ့ရှင်းရဲ့ အခြေအနေက သူ့ထက် အများကြီး ပိုကောင်းတယ်…”

“ ဒါဆို သူ့ကောင်လေးက စောက်ရမ်းချောတဲ့လူ ဖြစ်မယ်ဆိုတာ ငါလောင်းရဲတယ်….”

“ အမှန်တကယ်လည်း ချောပါတယ်… ဒါပေမယ့် အစ်ကိုရီနဲ့ ယှဉ်လိုက်ရင်တော့ …. ချောတယ်ဆိုရုံလောက်လေးပေါ့ …” ကျန်းဇီရှင်း အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ ဒါပေမယ့် သူ့ကြည့်ရတာ ရည်မှန်းချက်တော့ အတော်မသေးဘူး … သာမန် ဥပဒေကျောင်းဆင်းတဲ့ ကျောင်းသားတစ်ယောက်က ကျိုးဟိုင်မှာ အခြေချနိုင်တယ်ဆိုတာ တော်တော်လေး အံ့ဩဖို့ကောင်းနေပြီ …”

“ သူ့ကောင်မလေး အဲ့လို ဖြစ်တာ သိတော့ သူ ဘယ်လိုနေလဲ ….”

“ အကြီးအကျယ် ဝမ်းနည်းနေလိုက်တာမှ ငိုလွန်းလို့ သတိလစ်လုမတတ်ပဲ … ပြီးတော့ ပြောသေးတယ်… လူသတ်သမားကို မိပြီဆိုရင် သူကိုယ်တိုင် သူ့ကောင်မလေးရဲ့ တရားမျှတမှုအတွက် အမှုကို ကိုင်ချင်ပါတယ်တဲ့ ….”

လင်းရီ မျက်မှောင်ကြုတ်လျက် နားထင်အား ပွတ်သက်နေမိပြီး အချက်အလက်ဖိုင်ကို စားပွဲပေါ်သို့ ပြန်ပစ်တင်လိုက်သည်။ ဖတ်ရှုပြီးသည့်တိုင် အသုံးဝင်သည့် အရာကား မရှိပါချေ။

သို့သော် လင်းရီ အရှုံးပေးဖို့တော့ အဆင်သင့် မဖြစ်သေးချေ။ မည်သို့ပင်ဆိုစေ ဤအမှုကို ဖြေရှင်းဖို့က သူ့ အလုပ်ဖြစ်ပြီး အရှုံးပေးဖို့က သူ့ရွေးချယ်နိုင်သည့် အရာထဲတွင် ရှိမနေချေ။

ထို့ပြင် သူ၏ လက်ရှိ စနစ်မစ်ရှင်ကလည်း ဤအမှုကို ညွှန်ပြနေသဖြင့် မည်သို့ပင်ဖြစ်စေ ၊ အမှုကို ကျိန်းသေပေါက် ဖြေရှင်းရလိမ့်မည်။ ထိုအတွေးကို နှလုံးသွင်းလျက် … လင်းရီသည် ကျန်းကော်ဖျင်၏ အချက်အလက်ဖိုင်ကို ကောက်ကိုင်၍ တစ်ဖန်ပြန်ပြီး ဖတ်ရှုကြည့်လိုက်သည်။ သို့သော်လည်းပဲ မထူးခြားနား သာမညောင်ညသာ ဖြစ်နေဆဲ ဖြစ်၏။

သို့သော် … မိနစ် အနည်းငယ် ကြာပြီးသည့်နောက် တစ်စုံတစ်ရာကို သတိပြုမိသွားသည့်နှယ် သူ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

“ ဒီ အမျိုးသမီးက ဘယ်သူလဲ …”

ကျန်းကော်ဖျင်၏ ဖိုင်တွဲထဲတွင် အသက် သုံးဆယ်ကျော် အရွယ်ရှိမည့် အခြား အမျိုးသမီး တစ်ဦး၏ ဖိုင်မှတ်တမ်းလည်း ပါဝင်နေသည်။ သူမ၏ ရုပ်ရည်က အတော်လေး ပြေပြေပြစ်ပြစ် ရှိလှ၏။

ကျန်းဖန့် အနားသို့ ကပ်လာ၍ တစ်ချက် ကြည့်လိုက်သည်။ “ ကျန်းကော်ဖျင် ဖောက်ပြန်နေတယ်လို့ ငါ ပြောခဲ့တယ်မလား … ဒီ မိန်းမက သူ့အငယ်လေး … ရွှီဖျင်ဖျင် … ၊ ဘာလို့ … သူကရော တစ်ခုခု မှားနေလို့လား …”

“ ငါ သူ့ကို သိတယ်…”

“ မင်းက သူနဲ့ သိနေတယ် ….”

လင်းရီ၏ စကားက အခြားသူများ၏ သိချင်စိတ်ကို နှိုးဆွသွားခဲ့သည်။

“ သူက ဟွာချင်းရေကန်ရဲ့ အနှိပ်ပညာရှင် နံပါတ် ၆ ပဲ .. ငါ သူနဲ့ တစ်ဆက်ရှင် ယူခဲ့ဖူးတယ်… သူ့ နည်းစနစ်တွေက အဆင်ပြေတယ်… ဒါပေမယ့် ကိုယ်လုံးကိုယ်ပေါက်က သိပ်မမိုက်ဘူး … B cup လေးပဲ … ပြီးတော့ စည်းစောင့်တာလည်း သိပ်မရှိလို့ ငါနောက်ပိုင်း သူ့ကို မခေါ်တော့တာ …”

ကူရိရန် “ …. “

B cup လေးပဲ ရှိလို့ ကိုယ်လုံးကိုယ်ပေါက်က မမိုက်ဘူးဆိုတာ ဘာသဘောလဲ …

ငါလည်း B cup ပဲ သောက်အစုတ်ပလုတ်ကောင်ရဲ့ …

ထိုအချိန် ကျန်းဇီရှင်းမှာ ဝံ့ကြွားစွာဖြင့် ရင်ကို ကော့လိုက်သည်။

C cup ရှိတာက သူ့ကို ဒီလိုမျိုး ယုံကြည်ချက် ရှိရှိနဲ့ ခေါင်းမော့ ရင်ကော့နိုင်စေတယ်လေ …

All Chapters