သေဆုံးသွားရခြင်း အကြောင်းအရင်း အမှန်
Vol. 138 Ch. 2060
“ ကျန်းကော်ဖျင်ရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ရေချိုးစင်တာက တစ်ယောက်ယောက်နဲ့ ညှိသွားတယ်ဆိုတာက ဆန်းတော့ မဆန်းပါဘူး …” ကျန်းဖန့် လေ့လာသုံးသပ်လိုက်ပြီး “ ငါ့အထင် ကျန်းကော်ဖျင် ကွာရှင်းဖို့ စကားဆိုလာတာလည်း အဲ့မိန်းမရဲ့ လွှမ်းမိုးမှု ပါနေလောက်တယ်…”
လင်းရီ သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ “ ဖြစ်နိုင်တယ်… ငါ မှတ်မိသာ မှန်မယ်ဆိုရင် အဲ့အမျိုးသမီးမှာ ခြောက်နှစ် အရွယ် သားတစ်ယောက် ရှိတယ်… ဒီတော့ တာဝန်ယူပေးမယ့် တစ်စုံတစ်ယောက်ကို ရှာနေတာလည်း ပါမှာပေါ့ … ကျန်းကော်ဖျင်က သူ့အတွက် ပစ်မှတ်ကောင်းပေါ့ …”
“ ဒါပေမယ့် ကျန်းကော်ဖျင်မှာက လောလောဆယ် ဘာ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရှိဘူးလေ … အမွေကလည်း သူနဲ့ ဆိုင်မှမဆိုင်ပဲကို ….” ကျန်းဖန့် ထောက်ပြလိုက်ပြီး “ ငါတော့ အဲ့ဒီ ရွှီဖျင်ဖျင်က အလကား အသုံးချခံနေရတယ်လို့ ထင်တာပဲ …”
“ အဲ့လို တပ်အပ်ကြီးတော့ ဘယ်ပြောလို့ ရမှာ …” ကူရိရန် ဝင်ပြောလာခဲ့ပြီး “ လူသတ်မှုဆိုတာ အသေးအမွှား ကိစ္စလေးမဟုတ်ဘူး … တကယ်လို့ လူနှစ်ယောက် သေသွားတာက အမှုအပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိဘူးဆိုရင် လူသတ်သမားကလည်း သတ်စရာ အကြောင်း မရှိဘူး … လောလောဆယ် ငါတို့ဘက်က အဲ့ဒီ အကြောင်းအရင်း အတိအကျကို မသိသေးတာပဲ ဖြစ်မယ်....”
“ အစ်မရိရန် … ရှင်ပြောချင်တာ ကျန်းကော်ဖျင်မှာ တကယ်ကြီး အမွေဆက်ခံနိုင်တဲ့ အခွင့်အရေး ရှိနေတယ်လို့ ပြောချင်တာလား …” ကျန်းဇီရှင်း မေးမြန်းလိုက်သည်။
“ ငါ ခန့်မှန်းကြည့်တာတော့ အဲ့လိုပဲ .. ဒါပေမယ့် ချက်ကျလက်ကျတော့ မပြောပြတတ်ဘူး …”
“ မပြောပြတတ်ရင်လည်း ပြောမနေနဲ့တော့ …” လင်းရီ ပြောလိုက်ပြီး “ ငါတို့ အခုလုပ်ဖို့ လိုတာက အမွေခွဲဝေတဲ့ လုပ်ငန်းစဉ်ကို ချက်ချင်း စတင်အကောင်ထည်ဖို့ပဲ .. အဲ့တာဆို ကျန်းကော်ဖျင်က လူသတ်သမားလားဆိုတာ သိပြီ …”
လူတိုင်း လင်းရီ၏ နည်းလမ်းကို သဘောတူလိုက်ကြသည်။
ထိုအချိန်မှာပဲ တံခါးပေါက် အပြင်ဘက်က ခြေလှမ်းသံတို့ ထွက်ပေါ်လာခဲ့ပြီး လီရှန်းဟွေ့က စာဖိုင်တွဲ တစ်ခုကို ကိုင်ဆောင်လျက် အထဲသို့ ဝင်လာသည်။
“ စွေ့ရှင်းရဲ့ အမှုမှာ တိုးတက်မှု အသစ်ရှိတယ်…”
စာဖိုင်တွဲကို ကိုင်ထားရင်း လီရှန်းဟွေ့ ကြေညာလိုက်သည်။
“ အဆိပ်က ဆန်ပြုတ်ထဲက လာတာ မဟုတ်ဘူး … အနီးနားမှာ ချထားတဲ့ သနပ်ချဉ်ပုလင်းထဲက လာတာ …”
“ သနပ်ချဉ်ထဲကလား …”
လေးယောက်လုံး အံ့အားသင့်စွာဖြင့် မြည်တမ်းမိသွားခဲ့ကြသည်။
လင်းရီနှင့် ကူရိရန်တို့နှစ်ယောက်လုံး အခင်းဖြစ်ပွားသည့် နေရာကို ပြန်လည် မြင်ယောင်ကြည့်ပြီး ဘေးနားတွင် ဖွင့်ထားသည့် သနပ်ချဉ်ဘူး တစ်ခု ရှိနေသည်ကို သတိရလိုက်သည်။
“ ဆိုင်ယန်နိုက် အဆိပ်ကို ဆန်ပြုတ်ထဲမှာ ထောက်လှမ်းမိတာက နစ်နာသူက သနပ်ချဉ်ကို ဆန်ပြုတ်ထဲ ရောစားလိုက်တဲ့ ပုံပဲ … ပုံမှန်လည်း လူတိုင်း အဲ့လိုပဲ စားကြတယ်လေ …”
လင်းရီ ခေတ္တ တွေးတောလိုက်ပြီး ထို့နောက် ရုတ်ချည်း မော့ကြည့်လာခဲ့သည်။ “ သူ အော်ဒါမှာလိုက်တဲ့ထဲမှာ သနပ်ချဉ်ဘူးပါလား …”
“ ငါ ဓာတ်ပုံရိုက်ထားတာ ရှိတယ်…”
ကူရိရန် ပြောလိုက်ပြီး ဖုန်းထုတ်၍ စစ်ဆေးကြည့်လိုက်၏။ “ မရှိဘူး … အမှာစာထဲမှာ ဆန်ပြုတ်နဲ့ ပေါက်စီပဲ ပါတယ်…”
“ ဒါ အဖြေပဲ …”
လင်းရီ ပြောလိုက်ပြီး “ စားသောက်ဆိုင်နဲ့ ဒီလီပို့တဲ့လူ နှစ်ယောက်လုံး အပြစ်ကင်းတယ်… စွေ့ရှင်းရဲ့ အိမ်မှာ သနပ်ချဉ်ထားထားပေးတဲ့ လူက သတ်လိုက်တာပဲ … မနေ့ညက နေလို့ထိုင်လို့ မကောင်းတော့ သနပ်ချဉ် စားမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာ အဲ့တာက သူ့ကို အဆိပ်မိသွားစေခဲ့တာပဲ …”
“ အဲ့လိုသာဆို လူသတ်သမားက နစ်နာသူနဲ့ အတော်ရင်းနှီးတဲ့လူ ဆိုတာ သေချာနေပြီ …”
“ တပ်အပ်ကြီးတော့ ပြောမရသေးဘူး .. မိတ်ဆွေသူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေလည်း ဒါမျိုး လုပ်ဖူးတာပဲလေ… ဘာပဲဆိုဆို သနပ်ချဉ်တွေက ဈေးကြီးတာမှ မဟုတ်တာ … လူတိုင်းက လက်ဆောင်အသေးစားလေး အနေနဲ့ ပေးဖူးကြတာပဲမလား …” လင်းရီ ထပ်ပေါင်းပြောဆိုလိုက်သည်။
“ ဒါပေမယ့် ဒီအချက်က ကျန်းကော်ဖျင်မှာ အပြစ်မရှိဘူးဆိုတာ ပြောပြနေတာပဲမလား … သူနဲ့ စွေ့ရှင်းက အဆက်အသွယ်မှ မလုပ်ဖူးတာ …” ကူရိရန် သုံးသပ်ကြည့်လိုက်ပြီး “ အပေါ်ယံမှာတော့ ဒါပေါ့ … မရှိဘူး .. ဒါပေမယ့် နောက်ကွယ်မှာ ငါတို့ သတိမပြုမိတဲ့ အဆက်အစပ်တွေ ရှိနေနိုင်တယ်…” လင်းရီ ပြောဆိုလိုက်ပြီး “ မင်းတို့အားလုံး လုပ်စရာရှိတာကို ဆက်လုပ်ကြ … ငါ ရွှီဖျင်ဖျင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သွားရှာဖွေလိုက်ဦးမယ်…”
“ ကျွန်မလည်း လိုက်ခဲ့မယ် အစ်ကိုရီ …”
ကျန်းဇီရှင်း လျင်မြန်စွာ ပြောဆိုလိုက်ပြီး လင်းရီနှင့်အတူ စခန်းထဲက ထွက်လာခဲ့သည်။
အပြင်သို့ ရောက်သည်နှင့် လင်းရီ အရင်ဦးဆုံး ဟွာချင်းရေကန်သို့ ဖုန်းဆက်လိုက်၏။ လင်းရီ ရွှီဖျင်ဖျင်၏ ဖုန်းနံပါတ်အား သိချင်နေသည်ကို သိရတော့ တစ်ဖက်က အလျင်အမြန်ပဲ ပြောပြလာခဲ့သည်။
နံပါတ်ရပြီးနောက် လင်းရီ လွယ်လင့်တကူပဲ ရွှီဖျင်ဖျင်နှင့် ဆက်သွယ်၍ ကော်ဖီဆိုင်တစ်ခုတွင် တွေ့ဖို့ ချိန်းလိုက်၏။
တစ်နာရီ ကြာပြီးနောက် စတားဘက် ကော်ဖီဆိုင်တစ်ခုတွင်.... ။
စလင်းဘတ်အိတ်ကိုလွယ်လျက် ရွှီဖျင်ဖျင်သည် လင်းရီအနားသို့ ရောက်လာခဲ့ပြီး ခေါင်းတစ်ချက်ညိတ်၍ နှုတ်ဆက်လိုက်သည်။
“ လူကြီးမင်းလင်း … ကျွန်မကို ရှာနေတယ်ဆို …”
သူမက ထိုနေရာ၌ ဆက်ပြီး အလုပ်မလုပ်တော့သော်လည်းပဲ ဟွာချင်း ရေကန်ရှိ လူတိုင်းက လင်းရီ မည်သို့သော လူစားမျိုး ဖြစ်သည်ကို သိကြသည်။
လက်ရှိတွင် သူမက ကျန်းကော်ဖျင်နှင့် အတူရှိနေသော်လည်းပဲ ရွှီဖျင်ဖျင်သည် လင်းရီနှင့် စကားပြောဆိုရာ၌ အောက်ကျို့သည့် လေသံဖြင့် ပြောဆိုနေခဲ့ဆဲပင်။
“ ထိုင်ပါဦး … စိတ်လှုပ်ရှားစရာမလိုပါဘူး … ငါ မင်းကို မေးခွန်းနည်းနည်းလောက် မေးချင်လို့ပါ …”
“ ဒါပေါ့ ဒါပေါ့ … လူကြီးမင်းလင်း သိချင်တာ ရှိရင် မေးလေ …”
“ မင်း အခုတလော ကျန်းကော်ဖျင်နဲ့ အတူ တွဲနေတာမလား …”
“ ဟင် …”
ရွှီဖျင်ဖျင်မှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့သည်။ “ လူကြီးမင်းက အဲ့တာကို သိနေတယ်ပေါ့ …”
“ မေးတာကိုပဲ ဖြေ …”
“ အင်း … ကျွန်မတို့ချင်း သိတာတော့ သိပ်မကြာသေးပါဘူး …” ရွှီဖျင်ဖျင် လေးနက်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ လွန်ခဲ့တဲ့လအနည်းငယ်လောက်တုန်းက သူ ဟွာချင်းရေကန်ကို စပြီး ရောက်လာတယ်လေ… သူ့စိတ်ထဲ ကျွန်မကို အဆင်ပြေတယ်လို့ ထင်တာလားတော့ မသိဘူး .. အမြဲတမ်း ကျွန်မကိုပဲ ရွေးပြီး ဆက်ရှင်အချိန်တွေလည်း အမြဲတမ်း တိုးတယ်… ဒါပေမယ့် သူက တဏှာရူးပဲ … လက်ဆော့ခြေဆော့နဲ့ ငြိမ်ငြိမ်မနေတတ်ဘူး … သူ့ပုံစံက ချမ်းသာပြီး ကျွန်မမှာလည်း သားတစ်ယောက် ရှိနေလို့သာ မဟုတ်ရင် သူ့ကို ခေါင်းထဲ ထည့်နေမှာတောင် မဟုတ်ဘူး … လူကြီးမင်းလင်းနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ သူက စိတ်ကျေနပ်စရာ ကောင်းတဲ့ အဆင့်နဲ့ အဝေးကြီးပဲ …”
ကျန်းဇီရှင်း “ ….. “
ဘာယှဉ်စရာမှကို မရှိတာ ဟုတ်ပြီလား …
“ ငါ ကျန်းကော်ဖျင်ရဲ့ အခြေအနေကို နည်းနည်းပါးပါး သိတယ်… ပြီးတော့ သူ့ကြည့်ရတာ ပိုက်ဆံ အများကြီး ရှိတဲ့ပုံလည်း မပေါ်ဘူးနော်… မင်း အထင်မမှားဘူးဆိုတာ သေချာလား …” လင်းရီ မေးမြန်းလိုက်သည်။
“ အပေါ်ယံကြည့်ရင်တော့ သူ့မှာ ပိုက်ဆံသိပ်မရှိဘူး .. ဒါပေမယ့် သူ့မှာ အမွေဆက်ခံပိုင်ခွင့် ရှိတယ်လေ… အဲ့အမွေကလည်း ပိုက်ဆံတွေ အများကြီးပဲ …”
ရွှီဖျင်ဖျင် ပြန်ဖြေလိုက်ပြီး သူမ၏ မျက်ဝန်းတို့က လူချမ်းသာ တစ်ဦးနှင့် လက်ထပ်လိုက်ရသည့်နှယ် ဘလင်းဘလင်း ဖြစ်နေလျက် ရှိသည်။
“ ကျွန်မ ကြားမိတာ သူ့ အဖေဆုံးတော့ ချန်ထားခဲ့တဲ့ ငွေသားချည်းပဲကို ယွမ်သန်း ဆယ်ချီတယ် .. ဒါတောင် ယွမ်သန်းရာဂဏန်းတန်တဲ့ အဆောက်အဦး မပါသေးဘူး … သူသာ တရားခွင်ကို နိုင်တာနဲ့ ပိုက်ဆံတွေ အကုန်လုံးက သူ့အပိုင် ဖြစ်လာတော့မှာ … ကျွန်မသာ သူနဲ့ အတူ နေမယ်ဆိုရင် အချိန်တိုအတွင်း စည်းစိမ်ခံစားရနိုင်တယ်လေ…”
“ ဒါပေမယ့် သူက လက်ထပ်ထားတဲ့လူဆိုတာ မမေ့လိုက်နဲ့ … မင်းမှာ အဲ့လို အခွင့်အရေးမျိုး ရှိမယ်လို့ ထင်လား …”
“ ဒါကတော့ … အခွင့်အရေးတွေဆိုတာ ဖန်တီးပြီး ရယူမှာလေ …” ရွှီဖျင်ဖျင် ပြောဆိုလိုက်ပြီး “ ကျွန်မ သူ့ကို ကွာရှင်းဖို့ ဖြောင်းဖြထားပြီးပြီ … အခုချိန် ပိုက်ဆံ မလွှဲရသေးခင် ကွာရှင်းလိုက်ရင် အမွေတွေ အကုန်လုံးက ကျန်းကော်ဖျင်ရဲ့ လက်ထဲ ရောက်လာမှာ … အဲ့ခါကျရင် ကျွန်မရဲ့ နေ့ရက်ကောင်းလေးတွေလည်း စတင်ပြီ ..”
“ ဒါပေမယ့် သူ့မိန်းမက လွယ်တဲ့ထဲ မပါဘူးနော်… မင်း သူ့ကို ကိုင်တွယ်နိုင်မယ်ဆိုတာ သေချာလား …”
“ တကယ်တော့ သူ့မိန်းမက ပြဿနာ မဟုတ်ပါဘူး … လုပ်ပိုင်ခွင့်က ကျန်းကော်ဖျင် လက်ထဲမှာပဲ … ဒီတော့ သူ့မှာ အခွင့်အရေး မရှိဘူး …” ရွှီဖျင်ဖျင် ရှင်းပြလိုက်သည်။ “ ပြီးတော့ ကျွန်မတို့ဘက်က ရှေ့နေကို ဝယ်ထားပြီးပြီ … သူလည်း ကျွန်မတို့ဘက်ခြမ်းမှာပဲ … သူ့ကို ပထုတ်ပြီး ကျန်းကော်ဖျင်တစ်ယောက်တည်း အမွေတွေ အပိုင်သိမ်းနိုင်ဖို့ မကြာတော့ဘူး ….”
“ ရှေ့နေ … ကွာရှင်းတဲ့ အမှုအတွက် ရှေ့နေငှားထားတာလား …” လင်းရီ သိချင်သွားခဲ့၏။
“ ဟင့်အင်း … ကျွန်မတို့ မငှားပါဘူး …” ရွှီဖျင်ဖျင် ပြန်ပြောလိုက်ပြီး “ ကျန်းကော်ဖျင်က အခုလောလောဆယ် သူ့ ညီမနဲ့ အမွေရဖို့ ပြိုင်နေတာလေ… ရှေ့နေက ရှိပြီးသား … သူပဲ ကွာရှင်းတဲ့ အမှုကို ကိုင်တွယ်ပေးမှာ …”
“ ဖြစ်ပါ့မလားနော်… ကွာရှင်းတဲ့ အမှုတွေက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် သေချာတိုင်ပင်ဖို့ လိုတယ်… မင်းတို့ အမွေပြဿနာ ဖြေရှင်းဖို့ဆိုပြီး ငှားထားတဲ့ ရှေ့နေက ကွာရှင်းတဲ့ အမှုကို ထိထိရောက်ရောက်နဲ့ ကိုင်တွယ်နိုင်မှာ သေချာလို့လား …”
“ ကျွန်မလည်း များများစားစား နားမလည်ဘူး … ဒါပေမယ့် ရှေ့နေကြည့်ရတာတော့ အစွမ်းအစ ရှိတဲ့ပုံပဲ … ပြီးတော့ သူက အရမ်းလည်း ချောတယ်… လူကြီးမင်းလင်းလောက် ဆွဲဆောင်မှု မရှိဘူးဆိုပေမယ့် အတော်လေး ဆွဲဆောင်မှု ရှိနေတုန်းပဲ …”
“ မင်းမှာ သားအငယ်လေးလည်း ရှိတာကို ကိုယ့်ပုံရိပ်ကိုယ်တော့ ထိန်းပါဦးလားကွာ …” လင်းရီ စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ပြောလိုက်၏။
“ ကျွန်မ ဘယ်လိုလူစားမျိုးလဲ ဆိုတာ ရှင်သိပါတယ် လူကြီးမင်းလင်းရယ် … နားဝင်ဆိုးအောင် ပြောရရင် လွယ်လွယ်လေး ထန်တတ်တဲ့ မိန်းမသားပေါ့ … ကောင်ချောချောလေးတွေ မြင်တာနဲ့ စိတ်က ထိန်းမရတော့ဘူး .. အထူးသဖြင့် သူ့ရဲ့ အဲ့ဒီ ဝံပုလွေလို မျက်လုံးတွေပဲ … သိပ် ဆက်ဆီကျလွန်းတယ်… တစ်ချက်ကြည့်လာတာနဲ့ ကျွန်မ လွှမ်းမိုးခံလိုက်ရသလိုပဲ …”
ရွှီဖျင်ဖျင် ပြောရင်းဆိုရင်းဖြင့် သူမကိုယ်သူမ ရယ်မောနေလျက် ရှိသည်။ “ ကျန်းကော်ဖျင်က ကျွန်မကို အနီးကပ်စောင့်ကြည့်နေလို့သာ မဟုတ်ရင် အဲ့ဒီ ရှေ့နေလေးနဲ့ နှစ်ပါးသွားပြီးလောက်ပြီ …”
“ ဆက်ဆီဆန်တဲ့ ဝံပုလွေလို မျက်လုံးတွေလား …” လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရုတ်ချည်းဆိုသလို တစ်စုံတစ်ရာအား ပြန်မြင်ယောင်မိသွားခဲ့သည်။