← Chapters

အသုံးချခံ

Vol. 138 Ch. 2062

အသုံးချခံ

Vol. 138 Ch. 2062

“ ဒေါက်တာလီ … စွေ့ရှင်း သူ့ကို လက်မှတ်ထိုးခိုင်းလိုက်တဲ့ စာရွက်က ဘာလဲ ဆိုတာ ကျုပ်သိလို့ရမလား …”

“ အရင်တစ်ခေါက်က လက်မှတ်မထိုးဖြစ်ဘဲ ကျော်သွားခဲ့မိတဲ့ဖောင်လေ … ဒါကြောင့်မို့ သူ သတိပြန်လည်လာတဲ့အချိန် လက်မှတ်ထိုးခိုင်းရတာပေါ့ … အရာရှိလင်း ကြည့်ချင်ရင် ကျုပ် သွားယူပေးမယ်လေ …"

ပြောဆိုပြီးသည့်နောက် လီကျစ်ရုံ မတ်တပ်ရပ်၍ အခန်းထဲက ထွက်သွားခဲ့ပြီး လက်မှတ်ထိုးထားသည့် ဖောင်တစ်ခုနှင့်အတူ ပြန်ရောက်လာသည်။

လင်းရီ တစ်ချက်ကြည့်လိုက်သောအခါ ရက်စွဲက လီကျစ်ရုံ ခွဲစိတ်မှု မပြုလုပ်မီ နေ့ရက် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ဤသို့သော လုပ်ရပ်က ကျင့်ဝတ်စည်းမျဉ်းများကို ဖောက်ဖျက်နေသော်လည်းပဲ ဆေးရုံများတွင်တော့ ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခုဟူ၍ ပြော၍ ရသည်။

မည်သို့ပင်ဆိုစေ လီချူးဟန်သည်လည်း ယခင်က ဤကဲ့သို့သော အမှားမျိုးအား ကျူးလွန်ခဲ့ဖူးသည်။ ထို့ပြင် ဆိုစမှတ်ပြုရလောက်သည့် အမှားမျိုးလည်း မဟုတ်သဖြင့် လူတို့ သိရှိသွားခဲ့လျှင်ပင် စိုးရိမ်စရာ မလိုသည့် အမှား ပြဿနာ တစ်ခု ဖြစ်၏။

စာရွက်ဖောင်ကို လီကျစ်ရုံထံသို့ ပြန်ပေးပြီးသည့်နောက် လင်းရီနှင့် ကျန်းဇီရှင်းတို့ စောင့်ကြည့်ကင်မရာမြင်ကွင်းကို ဆက်ပြီး စောင့်ကြည့်ကြသည်။ သို့သော် မကြာမီ တစ်ခုခု လွဲချော်နေသည်ကို လင်းရီ သတိထားမိလိုက်လေသည်။

မြင်ကွင်းက နေ့လည်ခင်း စစ်ဆေးမေးမြန်းသည့်အချိန်တွင် ကျန်းလော့လော့ သူ့အား ထွက်ဆိုခဲ့သည်နှင့် အတူတူပင်။ လီဝန်ကွမ်းက ကုတင် နံပါတ် ၇ တွင် ရှိနေခဲ့ပြီး ကျန်းလော့လော့က ကုတင် နံပါတ် ၈ ရှိ အခြား လူနာတစ်ဦးကို ကြည့်ပေးနေကာ ထိုသူ့အား ကျောပေးထားခဲ့သည်။ စွေ့ရှင်းကလည်း ကုတင် နံပါတ် ၆ ရှိ အခြားလူနာတစ်ဦးကို ကြည့်ပေးနေခဲ့သည်။

အရာအားလုံးက သာမန်ဖြစ်နေသည်ဟု ထင်ရသော်လည်းပဲ အရေးကြီးသည့် အချက် တစ်ချက်ကို လင်းရီ ဖမ်းဆုပ်မိသွားခဲ့သည်။ ထိုအချိန်တုန်းက လီဝန်ကွမ်းသည် အိပ်မောကျနေခဲ့ပြီး သူ အသုံးပြုနေသည့် အသက်ရှူစက်က ကုတင် နံပါတ် ၇ နှင့် ၆ ကြားတွင် ရှိနေခဲ့၏။

စွေ့ရှင်း၏ ဒူးက ကုတင်ဘေးရှိ ဗွီရိုအသေးစားလေးဘေးသို့ တင်းကြပ်စွာ ဖိနှိပ်လိုက်သည်ကို လင်းရီ သတိပြုမိလိုက်သည်။ ၎င်းနေရာနှစ်ခုကြားတွင် အောက်ဆီဂျင်ပိုက် ရှိနေခဲ့ပြီး ဆိုလိုသည်မှာ စွေ့ရှင်းက သူမ၏ ခြေထောက်နှင့် ဗွီရိုကို အသုံးပြု၍ အောက်ဆီဂျင်ပိုက်ကို ဖျစ်ညှစ်ထားပြီး လူနာထံသို့ အောက်ဆီဂျင် ထောက်ပံ့ပေးနေမှုအား ဖြတ်တောက်ပစ်လိုက်ခြင်းပင်။

လင်းရီ ဆက်ကြည့်လေ ၊ ပိုပြီး စိတ်လှုပ်ရှားလာလေ ဖြစ်နေခဲ့၏။ နှစ်မိနစ် အတွင်းမှာပဲ အသက်ရှူစက်မှ သတိပေးသံတို့ မြည်ဟည်းလာခဲ့ပြီး လီဝန်ကွမ်းလည်း အသက်သေဆုံးသွားခဲ့သည်။

တစ်ချိန်တည်းတွင် သတိပေးအချက်ပြသံများ ကြားသိသည့် အချိန်၌ ကျန်းလော့လော့ စိုးရိမ်တကြီးနှင့် နောက်သို့ လှည့်ကြည့်လိုက်မိပြီး လီဝန်ကွမ်းနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေပြီကို သတိပြုမိသွားကြသည်။ အလျင်အမြန် သွားရောက် စစ်ဆေးကြည့်ပါသော်လည်း အချိန်ကား နှောင်းသွားခဲ့လေပြီ။ ထို့နောက် ချက်ချင်းပဲ လီကျစ်ရုံထံသို့ အကြောင်းကြားကာ လီဝန်ကွမ်း သေသွားသည့် အချိန်ကို အတည်ပြုလိုက်သည်။

“ လက်စသတ်တော့ လီဝန်ကွမ်းကို အဲ့သလို သတ်လိုက်တာကိုး …”

လင်းရီ၏ စကားက ကျန်းဇီရှင်းနှင့် လီကျစ်ရုံတို့ကို ထိုင်နေရာမှ အလန့်တကြား ထခုန်လုနီးပါး ဖြစ်သွားစေခဲ့သည်။

“ အစ်ကိုရီ … သူ ဘယ်လို သေသွားခဲ့လဲ ဆိုတာကို ရှင်သိသွားပြီပေါ့နော်…”

လင်းရီသည် ဗွီဒီယိုကို နောက်သို့ ပြန်ရစ်၍ စွေ့ရှင်း၏ ခြေထောက်သို့ လက်ညှိုးထိုးပြလိုက်သည်။

“ သူ့ခြေထောက်နဲ့ ဗွီရိုကို တွန်းပြီး အောက်ဆီဂျင်ပိုက်ကို ညှစ်လိုက်တာ မြင်လား … အဲ့မှာ လီဝန်ကွမ်း အောက်ဆီဂျင်ပြတ်ပြီး သေသွားခဲ့တာပဲ …”

ထိုမြင်ကွင်းကို မြင်တော့ ကျန်းဇီရှင်းလည်း နောက်ဆုံး၌ မည်သို့ ဖြစ်ပျက်ခဲ့လဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့တော့သည်။

“ ဒီလီပို့တဲ့ကောင်လေးက သူ့စိတ်အခြေအနေ မကောင်းဘူးလို့ ပြောတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ လူတစ်ယောက် သတ်မိလိုက်လို့ကိုး….”

“ တော်တယ်…” လင်းရီ ချီးမွမ်းလိုက်ပြိး “ အခု လူသတ်သမားက ဘယ်လိုကျူးလွန်လိုက်လဲဆိုတာ ငါတို့ သိသွားပြိ … နောက်လုပ်ရမှာက သူ့ရည်ရွယ်ချက်ကို ရှာဖွေစုံစမ်းဖို့ပဲ …”

ပြောပြီးသည်နှင့် လင်းရီ မတ်တပ်ရပ်ကာ လီကျစ်ရုံအား ကြည့်၍ “ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာလီ … ခင်များလည်း ပင်ပန်းသွားရပြီ …”

“ ဒါက မပြောပလောက်ပါဘူး …”

လီကျစ်ရုံ ဝမ်းနည်းနေသည့် အမူအရာဖြင့် ပြန်ပြောလာခဲ့သည်။ “ စွေ့ရှင်းက တကယ်ကို လိမ္မာရေးခြား ရှိတဲ့ ကောင်မလေးပါ … ကျုပ်တို့နဲ့ အတူ အလုပ်လုပ်လာတာ ၂ နှစ်ကျော်လောက်ရှိပြီ … ဆရာဝန်တွေနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကိုတောင် အမြဲ ယဉ်ယဉ်ကျေးကျေးနဲ့ စကားပြောတတ်တဲ့ ကောင်မလေးက ဒီလိုမျိုး အလုပ်ကို လုပ်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ …”

“ လူတွေရဲ့ စိတ်က ခန့်မှန်းရ ခဲယဉ်းလွန်းတယ်… ဒီအကြောင်း ဆက်ပြောဖို့ မလိုပါဘူး ..” လင်းရီ တည်ငြိမ်စွာ တုံပြန်လိုက်သည်။ “ ကျုပ်တို့ ဆက်ပြီး စုံစမ်းစရာလေး‌တွေ ရှိလို့ သွားရတော့မယ်… နောင်ကျရင်လည်း ဒေါက်တာလီတို့ရဲ့ ပူးပေါင်းပေးမှုကို နောက်တစ်ကြိမ် လိုရင် လိုလာနိုင်တယ်… အဲ့ခါကျရင်လည်း အခုလိုပဲ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ် …”

“ ဒါပေါ့ … ရတာပေါ့ … လိုအပ်ရင် ဖုန်းတစ်ချက်သာ လှမ်းခေါ်လိုက်ပါ …”

စကားအနည်းငယ် ပြောဆိုပြီးနောက် နှစ်ယောက်မှာ ဆေးရုံ အဆောက်အဦးထဲက ထွက်လာခဲ့လေသည်။ ကျန်းဇီရှင်း အညောင်းဆန့်၍ “ အစ်ကိုရီ … ရှင်က သိပ်အထင်ကြီးဖို့ ကောင်းတာပဲ … ကင်မရာကြည့်ပြီး အဲ့လို အရေးကြီးတဲ့ အချက်ကို သတိထားမိမယ်လို့ ကျွန်မ ထင်တောင် မထင်ထားဘူး … ကျန်းဖန့်နဲ့ ကျွန်မဆို ကြည့်တာ နှစ်ခါရှိပြီ … အဲ့တာကို သတိမထားမိဘူး …”

“ ဒါတွေက အတွေ့အကြုံကြောင့်လည်းပါတယ် … နောင်ကျ ဒီလို အသေးစိတ်တွေကို ပိုပြီး ဂရုစိုက်ကြည့်ပေါ့ …” လင်းရီ အကြံပေးလိုက်ပြီး “ သဲလွန်စတွေ အများကြီးက အဲ့လို အသေးစိတ် အသေးမွှားလေးတွေထဲမှာ ပုန်းကွယ်နေတတ်ကြတယ်ဆိုတာ မမေ့နဲ့….”

“ ဟုတ် .. နားလည်ပြီ အစ်ကိုရီ ….”

လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်ပြီး ၄ နာရီ ထိုးတော့မည်ကို သတိထားမိလိုက်သည်။

“ ငါ တခြား လုပ်စရာတွေ ရှိသေးလို့ မင်းနဲ့ စခန်းပြန်မလိုက်တော့ဘူး …” လင်းရီ ပြောလိုက်ပြီး “ သူတို့ကို ဒီကိစ္စ အကြမ်းဖျင်း ပြောပြလိုက်ပြီး ဆက်ပြီး စုံစမ်းစရာ ရှိတာတွေ စုံစမ်းပါလို့ ပြောဖို့ မမေ့နဲ့ …”

“ အွန်း … စိတ်ချ … မမေ့ဘူး …”

ညွှန်ကြားချက် ပေးပြီးသည့်နောက် လင်းရီသည် ရန်စီထံသို့ ဖုန်းခေါ်လိုက်၏။

“ လာနေပြီလား …”

“ လာနေပြီ … နင်က ဘယ်မှာလဲ …”

“ ငါ ကျိုးဟိုင် ဒုတိယ ဆေးရုံမှာ …”

“ အဲ့တာဆို မဝေးဘူးပဲ … စောင့်နေလိုက် … ငါ လာကြိုမယ်…”

“ အိုကေ ….”

အခြားနေရာသို့ သွားစရာ မရှိသဖြင့် လင်းရီလည်း ဆေးရုံ ဝင်ပေါက်ဝ ဘေးနားရှိ ပန်းခုံဘေးတွင် ထိုင်ကာ ရန်စီ ရောက်အလာကို စောင့်ဆိုင်းရင်း အမှုအကြောင်းကို တွေးတောနေလျက် ရှိသည်။

သူမနှင့် အတူအလုပ်လုပ်သည့် လုပ်ဖော်ကိုင်ဖက်များ၏ ပြောစကား အရတော့ စွေ့ရှင်းတွင် ကောင်းမွန်သည့် ဂုဏ်သတင်းများရှိသည်။ ထို့သို့မျက်နှာဖုံးကို လအနည်းငယ်ကြာ ဟန်ဆောင်ဖို့က ဖြစ်နိုင်သော်လည်းပဲ နှစ်နှင့်ချီ ဟန်ဆောင်ဖို့ကတော့ တကယ်မလွယ်ကူချေ။ နက်ရှိုင်းသည့် လှည့်ကွက်တို့ လိုအပ်ပြီး လူတော်တော်များက ထိုသို့ ပြုနိုင်ရန် အရည်အချင်း မရှိကြပေ။

အကယ်၍ သူမကသာ အမှန်တကယ် ထိုကဲ့သို့သော လူစားမျိုး ဖြစ်ခဲ့မည်ဆိုပါက ထိုကိစ္စ ဖြစ်ပွားပြီးနောက်တွင် ညအိပ်မပျော်သည်မျိုး ဖြစ်မှာ မဟုတ်ချေ။ ကြည့်ရသလောက်ကတော့ ဤအမှုတွင် သူမက အသုံးချခံ ကိရိယာ သပ်သပ်မျှသာ ဖြစ်ခဲ့ပုံပင်။ နောက်ကွယ်ရှိ တကယ့် လက်သည်တရားခံက စွေ့ရှင်းကို ထိန်းချုပ်ပြီး လီဝန်ကွမ်းကို သတ်ခိုင်းခဲ့သည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် လင်းရီအား တစ်ခု ဝေခွဲမရ ဖြစ်နေစေခဲ့သည်က … လီဝန်ကွမ်းကို မည်သည့် ရည်ရွယ်ချက်ကြောင့်နှင့် သတ်လိုက်ရသနည်း။

အမှုလိုက်သည့် ဖြစ်စဉ်က တိုးတက်နေသော်လည်းပဲ ဖြေရှင်းနိုင်သည့် အနေအထားနှင့်တော့ ဝေးကွာနေဆဲပင်။ စုံစမ်းစစ်ဆေးမှုတို့ ပိုပြီး ပြုလုပ်ရန် လိုအပ်နေသေး၏။

တီ တီ …

ထိုအချိန်မှာပဲ ကားဟွန်းသံ တစ်ခု ထွက်ပေါ်လာသည်။ ရန်စီ၏ အော်ဒီ A4က အလှမ်းသိပ်မဝေးသည့် နေရာ၌ ထိုးရပ်လာသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။

လင်းရီ လျှောက်လှမ်းသွားခဲ့ပြီး ရန်စီနှင့် ထိုင်ခုံချင်း လဲလိုက်ကာ ဝမ်ကျန်း ဟိုတယ်သို့ မောင်းထွက်လာခဲ့၏။

“ နင် ရုတ်တရက်ကြီး ဘာလို့ ဒီရောက်လာတာလဲ ….”

သူမစိတ်ထဲ၌ အကယ်၍ လင်းရီသည်သာ သူ၏ ဒဏ်ရာကို စစ်ဆေးဖို့ လိုအပ်ပါက ဟွာရှန်းဆေးရုံသို့ သွားသင့်၏။ သာမန် မြို့ဆေးရုံလေးသို့ လာစရာ အကြောင်း မရှိပေ။

“ ဒီမှာ စုံစမ်းစစ်ဆေးဖို့လိုတဲ့ အမှု တစ်ခု ရှိနေလို့လေ … ပြီးတော့ အဲ့တာ ပြီးတာနဲ့ မင်းဆီ ချက်ချင်း ဖုန်းခေါ်လိုက်တာ …”

“ နင်ကိုယ်တိုင် ကိုင်တွယ်နေရတယ်ဆိုတော့ တော်တော် ခက်တဲ့ အမှု ဖြစ်ရမယ်….”

“ အင်း … နည်းနည်းတော့ ရှုပ်တယ်… ရက်တောင် အတော်ကြာနေပြီ .. ဘယ်လိုမယ်မယ်ရရ ရလဒ်မျိုးမှ မရှိသေးဘူး …”

“ အဲ့ကိစ္စတော့ ငါလည်း မကူညီပေးနိုင်ဘူး … ဒီတော့ နင့်ကို နှစ်သိမ့်ပေးမနေတော့ဘူးနော်… ဒါပေမယ့် ခဏလောက်နားလိုက်ရင် ခေါင်းကြည်ပြီး အိုင်ဒီယာ အသစ်တွေ ထွက်လာနိုင်လောက်တယ်…”

“ ဒါကြောင့်မို့ မင်းကို ခေါ်လိုက်တာလေ … မင်းကို မြင်တာနဲ့ ငါ့စိတ်တွေ တက်ကြွလာပြီး ပိုပြီး ရှင်းရှင်းလင်းလင်း တွေးခေါ်လို့ ရလာတယ်…”

“ နင် အဲ့လိုပြောလာတော့ နင့်ကို ကူညီပြီး အမှုကို မစဉ်းစားပေးရင် ငါ အပြစ်ရှိသလို ခံစားရတာပေါ့ …”

“ အဲ့တာက အသေးမွှား ကိစ္စလေးပါ .. ငါ့ကို သက်တောင့်သက်သာ ဖြစ်အောင်ပဲ ကူညီပေး … အဲ့လိုဆို ဖြေရှင်းနည်းလမ်းက မြန်မြန်ရလာမလားဆိုတာ ပြောမရဘူးလေ….”

ရန်စီသည် လင်းရီအား ကျီစယ်သည့် အကြည့်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ သူ ဆိုလိုချင်သည့်သဘောကို သူမ နားလည်နေသည်။ ပါးနှစ်ဖက်က နီရဲသွားခဲ့ပြီး ကိုယ့်ဘာကိုယ် တီးတိုးရေရွတ်လိုက်သည်။

“ အရမ်း ဆိုးတာပဲ…”

………..

ထိုအချိန်တွင် ချန်မိသားစုက ဝမ်ကျန်းဟိုတယ်သို့ စောလျင်စွာ ရောက်နှင့်နေပြီး ဖြစ်သည်။

သီးသန့်ခန်းထဲ၌ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးနှင့် မိန်းမငယ်တစ်ဦးတို့ ရှိနေသည်။ ထို မိန်းမငယ်လေးကတော့ လင်းရီတို့နှင့် အထည်ဆိုင်တွင် အနည်းငယ် အချင်းများခဲ့သည့် ချန်ယာဖြစ်ပြီး သက်လတ်ပိုင်း အမျိုးသမီးကြီး၏ နာမည်မှာတော့ ဖူကျင်းလန် ဖြစ်၏။

All Chapters