← Chapters

သူ့အိမ် မဖြစ်နိုင်ဘူး

Vol. 138 Ch. 2063

သူ့အိမ် မဖြစ်နိုင်ဘူး

Vol. 138 Ch. 2063

“ အမေရာ .. ကျွန်တော်တို့က တွေ့ဖို့ ဟိုတယ်တောင် ရောက်လာပြီးနေပြီကို ဘာလို့ စိတ်ဆိုးနေသေးတုန်းလဲ …”

ချန်ထန် စိုးရိမ်တကြီးနှင့် မေးမြန်းလိုက်၏။

မနက်ခင်း အစောပိုင်းကတည်းက ဖူကျင်းလန်၏ သဘောထား အပြုအမူမှာ တင်းမာနေပြီး ယခုအချိန်ထိတိုင် ပြောင်းလဲသွားခြင်း မရှိသေးချေ။ ယခု မိသားစုနှစ်ခု ဆုံတွေ့ရတော့မည့် အချိန်က အတော်လေး နီးကပ်လာနေပြီ ဖြစ်၏။ အကယ်၍ ယခုလို ဆက်ဖြစ်နေမည်ဆိုပါက တစ်ဖက် မိသားစုကို မယဉ်ကျေး ရိုင်းပြရာ ကျသွားလိမ့်မည်။

“ ငါ နင့်ကို ဟိုး အစောကြီးကတည်း ပြောခဲ့ပြီးပြီ … အမေ နင်တို့နှစ်ယောက်ကို သဘောမတူဘူး … ငါ ဘာကြောင့် စိတ်ဆိုးနေတယ်လို့ နင်ထင်လဲ …”

“ ဒါပေမယ့် အမေရယ် … ရှင်းယွီရဲ့ အခြေအနေကလည်း မဆိုးပါဘူးဗျာ …” ချန်ထန် ပြန်လည်ငြင်းဆိုလိုက်ပြီး “ ရုပ်ရည်လည်း အပြစ် ပြောစရာမရှိဘူး … ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဘဏ္ဍာရေးပိုင်းမှာ အလုပ်လုပ်တယ်… ပြီးတော့ နောင်ကျရင် အစိုးရဝန်ထမ်း စာမေးပွဲကို ဝင်ဖြေဖို့ အစီအစဉ်တောင် ရှိတယ်… အဲ့တာ ဘာမှားနေလို့လဲ…”

“ ရုပ်ရည်က ပြဿနာ မဟုတ်ဘူး … ပြဿနာက သူ့ မိသားစုဟဲ့ …” ဖူကျင်းလန် တင်းမာစွာ ဆိုလိုက်ပြီး “ သူတို့က ဆင်းရဲတဲ့ မြို့ငယ်လေးက လာတဲ့လူတွေ … ပိုက်ဆံလည်း အများကြီးမရှီဘူး … အဲ့လို နောက်ခံနဲ့ မိသားစုက လူကို လက်ထပ်မှာ အမေသဘောမတူနိုင်ဘူး …”

ဖူကျင်းလန်၏ သဘောထားက မယိမ်းမယိုင် မြဲမြံနေလျက် ရှိပြီး နောက်သို့ တစ်လှမ်းဆုတ်ပေးမည့် အရိပ်အယောင်ကို မြင်တွေ့မနေရချေ။

“ အခုကလို မော်ဒန်ခေတ်ကြီးမှာ အဲ့လို ဒိတ်အောက်နေတဲ့ အတွေးအခေါ်တွေကို လက်ကိုင်မထားစမ်းပါနဲ့လားဗျာ …” ချန်ထန် ပြောဆိုလိုက်ပြီး သူ့လေသံက အနည်းငယ် စိတ်ပျက်လက်ပျက် နိုင်နေသည်။

“ ဒါ အယူသည်းတာ မဟုတ်ဘူး… မတူညီတဲ့ မိသားစုနောက်ခံက လူနှစ်ယောက် ပေါင်းစပ်ဖို့က ဘယ်လိုမှ မသင့်လျော်ဘူး …” ဖူကျင်းလန် ပြောဆိုရင်းဖြင့် သူမမှာ ပိုပြီး ဒေါသထွက်လာခဲ့ရသည်။

“ ငါ နင့်ကို တစ်ဖက်အဖေက ဒါရိုက်တာ အဆင့်ရှိတဲ့ မိန်းကလေးနဲ့ မိတ်ဆက်ပေးတော့လည်း ငါ့နောက်ကွယ်မှာ စိတ်ပျက်အောင်လုပ်တယ်… နင့်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး …”

“ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်က တကယ်ကြီး လိုက်မှ မလိုက်ဖက်တာ …” ချန်ထန် ခုခံပြောဆို၍ “ အဲ့မိန်းမက အတော်လေး ပြဿနာရှာတဲ့လူ … သူနဲ့ တွဲခဲ့တဲ့ ကျွန်တော့်အချိန်တွေတောင် နှမြောတယ်…”

“ သူက ပြဿနာရှာတဲ့လူဆိုတာ နင်ဘယ်လိုသိလဲ … နင်ဖြင့် သူနဲ့ သိတာတောင် မကြာသေးပဲနဲ့များ ….” ဖူကျင်းလန် အသံကျယ်ကျယ်ဖြင့် ချေပပြောဆိုလိုက်သည်။ “ ဘယ်လိုပဲ ဖြစ်ဖြစ် ငါ နင်နဲ့ ရှင်းယွီကို လုံး၀ ခွင့်မပြုဘူး …”

ချန်ထန်၏ အမူအရာမှာ ပိုပိုပြီး နက်မှောင်လာသည်။ သူတို့ ဟိုတယ်ရောက်လာသည့် အချိန်၌ သူ့အမေ၏ သဘောထားက ပိုပြီး နူးညံ့သွားမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။

“ မမ … နင်ရော တစ်ခုခု ဝင်ပြောပေးဦးလေ … “

ချန်ထန်သည် သူ့အစ်မ ချန်ယာဘက်သို့ လှည့်ပြီး အကူအညီတောင်းလိုက်သည်။

“ ငါတော့ ဘာမှ ပြောစရာမရှိဘူး … ဒါပေမယ့် ငါ မြင်တာ ပြောရမယ်ဆိုတော့ အစ်မလည်း နင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သဘောမတူနိုင်ဘူး … ဘာပဲပြောပြော ငါတို့ ချန်မိသားစုက ကြွယ်ဝတဲ့ မိသားစုပဲ … တနယ်တကျေးကလာတဲ့ ကျေးတောရွာသူနဲ့ လက်ထပ်စရာလား …”

ချန်ယာ၏ စကားပြောပေါက်က သူမ အမေထက်ပင် ပို၍ ထက်ရှနေခဲ့သည်။

“ ဒါပေမယ့် သူ့ ဝမ်းကွဲက အတော်လေး ချမ်းသာတယ်… အစ်မတို့ သူများ မိသားစုကို အထင်သေးလို့မရဘူး ….”

“ သူ့ဝမ်းကွဲ ချမ်းသာတာက သူတို့နဲ့ ဘာဆိုင်လို့ …” ချန်ယာ ပြောဆိုလိုက်ပြီး “ နင့်ကောင်မလေးက သာမန်ပဲ … နင်သာ သူနဲ့ လက်ထပ်လိုက်ရင် ငါတို့ မိသားစုကို ဆွဲချလိုက်သလိုပဲ ဖြစ်သွားမှာ …”

ဘန်း …

သူ့အမေနှင့် အစ်မဖြစ်သူက အတိုင်အဖောက်ညီနေသည်ကို မြင်တော့ ချန်ထန် ဒေါသတကြီးဖြင့် စားပွဲအား ရိုက်နှက်လိုက်သည်။ “ အမေတို့နှစ်ယောက် ဒီရောက်ပြီးတာတွေ ဒီလိုလုပ်နေဦးမယ်ဆိုတာ သိခဲ့ရင် ဒီနေ့ ညစာစားပွဲကို မစီစဉ်ခဲ့ပါဘူး … “

“ နင် ဘာစကားပြောတာလဲ …”

“ ကျွန်တော် မစားတော့ဘူး …” “ အခုချက်ချင်းပဲ သူတို့ကို ဖုန်းဆက်ပြီး ဒီကို မလာတော့ဖို့ ပြောလိုက်တော့မယ်….”

ချန်ထန် ကောင်းကောင်းကြီး သတိပြုမိသည်။ အကယ်၍ သူ့အမေနှင့် အစ်မကသာ ဤသို့သော သဘောထားအပြုအမူကို ဆက်လက် ကိုင်စွဲထားနေဦးမည်ဆိုပါက အတူတွေ့ဆုံ၍ စားသောက်နေမည်ဆိုလျှင်လည်း အသုံးမဝင်ပေ။ အခြေအနေအား ပိုမိုဆိုးရွားအောင် ပြုလုပ်မိသကဲ့သို့ ဖြစ်သွားလိမ့်မည်။ ထိုသို့ အဖြစ်ခံမည့်အစား ပွဲဖျက်လိုက်သည်ကမှ ကောင်းပါသေးသည်။

သူ တစ်ခု နောင်တရမိသည်က သူ့အဖေမှာ အလုပ်မအားသဖြင့် ဤနေရာသို့ ရောက်လာနိုင်ခြင်း ရှိမရှိဆိုတာပင်။ မဟုတ်ပါက သူ့အဖေ စကားတစ်ခွန်းနှင့် ကောင်းကောင်းမွန်မွန် ထမင်းစား၍ ရလိမ့်ဦးမည်။

“ ထိုင်နေစမ်း …”

သူမသား ဒေါသထွက်လာသည်ကို မြင်တော့ ဖူကျင်းလန် အမိန့်ပေးလိုက်သည်။ “ နင်က အတောင်ပံလေး ရင့်လာပြီဆိုတော့ ငါတို့ စကားကိုတောင် နားမထောင်ချင်တော့ဘူးပေါ့ ဟုတ်လား …”

“ နားထောင်တာ မထောင်တာနဲ့ ဘာမှမဆိုင်ဘူး .. အမေတို့ အခုလို ဆက်လုပ်နေမယ်ဆိုရင် ဘယ်လိုလုပ်ဆက်ပြီး‌ ကောင်းကောင်းမွန်မွန်နဲ့ ထမင်းစားလို့ ရမှာလဲ … ကျွန်တော်တို့က အခု လက်ထပ်တော့မှာ … အဲ့တာကို အမေတို့ မဖျက်စီးချင်နဲ့ …”

“ ရတယ်လေ... နင် အခု ထွက်သွားကြည့်လိုက် … နင် နောင်ကျ မင်္ဂလာဆောင်လည်း ငါတို့ ဝင်မပါတော့ဘူး .. အိမ်နဲ့ ကားကို နင့်ဘာနင် ဖန်တီး …”

“ ရတယ် … မိသားစု မရှိလို့ မနေနိုင်ဘူးဆိုတာ ကျွန်တော် မယုံဘူး….”

ချန်ထန်လည်း အတော်လေး စိတ်ဆတ်သည့် လူစားမျိုး ဖြစ်သည်ဟု ပြောရမည်။

“ နင် ငါ့ကို နှလုံးဖောက်အောင် တမင်လုပ်နေတာလား … ဟမ် ချန်ထန် .... ”

ဖူကျင်းလန် ဒေါသထွက်လွန်း၍ ထိုင်ခုံတွင် ထိုင်နေရင်း အဆက်မပြတ် နှိမ့်ချည် မြင့်ချည် ဖြစ်နေသည့် သူမ၏ ရင်ဘက်ကို လက်ဖဝါးဖြင့် ဖိနှိပ်ထားနေရသည်။

“ ကဲပါဟယ် … အစ်မတို့ကလည်း ဒီတိုင်း ကိုယ့်အတွေးကိုယ် ပြောပြနေတာပဲမလား … နင့်ကို ဂရုစိုက်လို့ပါ …”

အေးစက်စွာ ပြုမူနေသည့် ချန်ယာသည် သူမ၏ ရပ်တည်ချက်ကို အနည်းငယ် လျှော့ပေါ့ပေးလိုက်သည်။

နှစ်သုံးဆယ်လောက် အတူနေလာပြီးသည့်နောက်တွင် သူမ မောင်လေး၏ စရိုက်ကို ကောင်းကောင်းကြီး နားလည်လေသည်။

အိမ်မှ ထွက်ပြေးပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်သည်က သူ အမှန်တကယ် လုပ်ဆောင်နိုင်သည့် အရာဖြစ်၏။

“ ဒါပေမယ့် အစ်မတို့ရဲ့ လုပ်ရပ်က ကျွန်တော့်ကို ဂရုစိုက်‌ပေးနေတယ်လို့ မမြင်ပါဘူး …”

“ ဒါဆိုလည်း တွေ့ပြီး အကဲခတ်ကြည့်တာပေါ့ … ဒါပေမယ့် ရှင်းအောင် ပြောထားမယ်… သူတို့ရဲ့ အခြေအနေက လက်ခံနိုင်လောက်တယ်ဆိုရင်တော့ အမေ ကြည့်ကြပ်ပြီး သဘောတူပေးမယ်…” ဖူကျင်းလန် ပြောလိုက်သည်။ “ ဒါပေမယ့် မဟုတ်ခဲ့လို့ကတော့ နင် ငါတို့နဲ့ သံယောဇဉ်ဖြတ်ရင်တောင် အမေ သဘောမတူနိုင်ဘူး …”

စကားအကုန်ပြောပြီးနောက် ဖူကျင်းလန်တွင် ပြောစရာစကား မကျန်တော့ချေ။

မိသားစုက နှစ်ပေါင်းများစွာကြာအောင် ချန်ထန်အပေါ်တွင် ရင်းနှီးမြုပ်နှံထားခဲ့ပြီး အကယ်၍ သူတို့သာ အမှန်တကယ် ကွဲပြဲကြမည်ဆိုပါက လူအများ၏ လှောင်ရယ်ဖွယ်ရာ ဖြစ်လာလိမ့်မည်။

သို့သော် ဖူကျင်းလန်၏ စိတ်ထဲတွင်‌တော့ ပြတ်သားစွာ ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ အကယ်၍ ဤနည်းလမ်းက သူမသားကို လက်လျှော့သွားအောင် မပြုလုပ်နိုင်ဘူးဆိုပါက တစ်ဖက် မိန်းကလေးကို အခက်တွေ့အောင် ပြုလုပ်ပြီး ၎င်းတို့ဘာသာ လက်လျှော့သွားအောင် ပြုလုပ်လိုက်မည်။

ဤသည်ကို ကြားတော့ ချန်ထန်၏ သဘောထားမှာ အနည်းငယ် ပျော့ပြောင်းလာသည်။

“ အဲ့လိုဆိုလို့ကတော့ ပြဿနာ မရှိဘူး … ရှင်းယွီက ထူးချွန်တဲ့ မိန်းကလေးပဲဟာ … အမေသူ့ကို မြင်တာနဲ့ သဘောကျသွားလိမ့်မယ်….”

ဒူ ဒူ ဒူ ..

ထိုအချိန်မှာပဲ ချန်ထန်၏ ဖုန်းက တုန်ဟီးလာခဲ့ပြီး ကျိုးရှင်းယွီက ဝီချက်မက်ဆေ့ချ် ပို့လာခဲ့ခြင်းပင်။

“ အမေ .. မမ … သူတို့ ရောက်လာပြီ … အောက်ထပ်ကို ရောက်နေပြီ …”

“ ငါ နင့်ကောင်မလေးကို တစ်ခါမှ မမြင်ဖူးသေးဘူး … ကြည့်စမ်းပါဦးမယ်…”

ချန်ယာ ပြတင်းပေါက်သို့ လျှောက်လှမ်းသွားခဲ့ပြီး တတိယ အလွှာ ပြတင်းပေါက်မှတဆင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ Audi A4 ၏ တံခါးပေါက်ဝ ပွင့်ဟလာသည်ကို မြင်တွေ့လိုက်ရသည်။ လင်းရီနှင့် ရန်စီတို့ ကားထဲက ထွက်လာခဲ့ကြပြီး အထဲသို့ ဝင်သွားခဲ့ကြ၏။

“ မမ … အပြာရောင် ဝတ်စုံနဲ့ တစ်ယောက်က မမရဲ့ ယောင်းမလောင်းပဲ …” ချန်ထန် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဟင် သူကရော ဘာလို့ ပါလာတာလဲ …”

ချန်ယာ၏ အာရုံက ကျိုးရှင်းယွီအပေါ်၌ လုံးဝ ရှိမနေချေ။ ရန်စီထံသို့သာ ကျရောက်နေခဲ့သည်။

“ မမ .. နင် ဘာတွေ ပြောနေတာ …”

“ နင် ပြောတာ နင့်ကောင်မလေးမှာ ဝမ်းကွဲ တစ်ယောက် ရှိတယ်လို့နော်.. အပြာရောင်ဂျင်းနဲ့က သူ့ ဝမ်းကွဲလား …” ချန်ယာသည် ရန်စီအား လက်ညှိုးထိုးပြီး မေးလိုက်သည်။

“ ဟုတ်တယ်… ဘာလို့လဲ … သူနဲ့သိလို့လား …”

“ သူနဲ့ ငါနဲ့က ပြိုင်ဘက်ဟောင်းတွေ …” ချန်ယာ ပြောလိုက်သည်။

“ မမတို့က ပြိုင်ဘက်ဟောင်းတွေ ဟုတ်လား …”

ချန်ယာ ခေါင်းညိတ်၍ သာမန်လျှံကာ လေသံဖြင့် “ ငါတို့နှစ်ယောက်လုံးက ဖျော်ဖြေရေး နယ်ပယ်ကပဲ … ဒီနှစ်အစောပိုင်းမှာ သူ ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ပြီး ဘောက်စ်အော့ဖစ်မှာ ရလဒ်တွေက မဆိုးဘူး …”

“ ဝါး … အထင်ကြီးစရာပဲ …” ချန်ထန် ပြောလိုက်သည်။ “ ဒါပေမယ့် ကျွန်တော် ကြားထားတာတော့ သူ့ကောင်လေးက သူ့ထက်တောင် ပိုပြီး ချမ်းသာသေးတယ်တဲ့ ….”

“ ဒီတိုင်း ကောင်ချောလေးပဲကို သူ့မှာ ပိုက်ဆံ ဘယ်လောက်များ ရှိနိုင်မှာမို့လို့ … နင် အတွေးလွန်နေပြီ…”

“ မမ … နင် အဲ့တာတော့ မှားသွားပြီ …” ချန်ထန် ပြောလိုက်ပြီး “ ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့တုန်းက ကျွန်တော်လည်း သူ့ကို ဒီတိုင်း ခပ်ချောချောကောင်လေးပါပဲလို့ ထင်ခဲ့တာ ဒါပေမယ့် သိလား … သူက ကျိုကျုံးဗီလာမှာ နေတာ …. အဲ့က အိမ်တစ်လုံးဆိုတာလေ တစ်ဘီလီယမ်ကျော်တယ် .. သာမန်လူဆို အဲ့လိုနေရာမှာ နေနိုင်မှာလား …”

“ ကျိုကျုံးဗီလာ ….”

ဤစကားလုံးကို ကြားတော့ ချန်ယာသာလျှင် မဟုတ်၊ ဖူကျင်းလန်လည်း အံ့အားသင့်သွားခဲ့သည်။

ချန်မိသားစုက ကျိုးဟိုင်ရှိ ကြွယ်ဝသည့် မိသားစုများထဲက တစ်ခုဖြစ်သဖြင့် ကျိုကျုံးဗီလာအကြောင်း သူတို့လည်း ကြားဖူးကြသည်။

သို့သော် ထို ခပ်ချောချော ကောင်လေးက ထိုနေရာတွင် နေထိုင်နိုင်လိမ့်မည်ဟု ထင်မှတ်မထားပါချေ။

“ မဖြစ်နိုင်ဘူး … ရန်စီက အလုပ်အကိုင် အဆင်ပြေနေတယ်ဆိုရင်တောင် ကျိုကျုံးဗီလာမှာ နေနိုင်တဲ့ တိုင်ကွန်းကြီးက သူ့လို မိန်းမမျိုးကို စိတ်ဝင်စားမယ်ထင်လား …”

All Chapters