← Chapters

ချန်မိသားစုက တော်ဝင်မိသားစု မဟုတ်ဘူး

Vol. 138 Ch. 2064

ချန်မိသားစုက တော်ဝင်မိသားစု မဟုတ်ဘူး

Vol. 138 Ch. 2064

“ ဘာလို့ …” ချန်ထန် မေးမြန်းလိုက်သည်။ “ ပြီးတော့ … အဲ့တာက သူ့အိမ်မဟုတ်ဘူးဆို အဲ့မှာနေလို့ ဘယ်ရမှာလဲ ဟုတ်တယ်မလား …”

“ ငါ့မောင် … နင်က ရိုးအလွန်းတယ်… ဒီလောက် ရိုးရှင်းတာလေးကိုတောင် မစဉ်းစားတတ်ဘူးလား …” ချန်ယာ အထင်တသေး အမူအရာဖြင့် “ ရုပ်ရှင် နယ်ပယ်မှာပဲ ဖြစ်ဖြစ် ၊ ဖျော်ဖြေရေး နယ်ပယ်မှာပဲ ဖြစ်ဖြစ် အကုန်လုံးက အရှုပ်အထွေးတွေချည်းပဲ … ရန်စီက အကောင်ကြီးကြီး တချို့ရဲ့ အာရုံကို ဖမ်းစားမိသွားပြီး သူ့ကို မယားငယ် ရာထူးပေးထားတယ်… အဲ့လူက သူ့ကို ကျိုကျုံးဗီလာမှာ ထားထားပေးတယ်… ပြီးတော့ ရန်စီက အဲ့မှာ အပျော်လင် ချောချောလေး တစ်ယောက်ကို ခိုးပြီး ဖွက်ထားတယ်… ရွှေလှောင်အိမ်ထဲမှာ ဝံပုလွေ ခွေးလေး တစ်ကောင်ကို ဝှက်ထားသလိုပေါ့ … ငါ ပြောချင်တာကို သဘောပေါက်လား …”

ချန်ထန် ငြိမ်ကျသွားခဲ့ပြီး သူ့အစ်မ ဆိုလိုချင်သည်ကို နားလည်သဘောပေါက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဖျော်ဖြေရေးနယ်ပယ်၏ ပရမ်းပတာ ဆန်သည့် သဘာဝကို ကောင်းကောင်းကြီး သတိပြုမိသောကြောင့်ပင်။

“ မမပြောတာ မှန်လောက်တယ်… သူ့ရဲ့ ခဲအိုက ဒီတိုင်း ရဲအရာရှိတစ်ယောက်ပဲ .. သူ့မှာ အဆက်အသွယ်တချို့ ရှိတယ်ဆိုရင်တောင် အဲ့လို ဈေးကြီးတဲ့ နေရာမျိုးတော့ မတတ်နိုင်လောက်ဘူး …”

“ နင် နားလည်တယ်ဆို ပြီးတာပါပဲ …”

မူလတုန်းက ချန်ယာသည် နှစ်ဖက်မိဘတွေ့ဆုံသည့် ကိစ္စအပေါ် စိတ်ဝင်စားခြင်း မရှိပေ။ သို့သော် လင်းရီနှင့် ရန်စီကို မြင်တွေ့ပြီးသည့်နောက် အနည်းငယ် စိတ်ဝင်စားလာခဲ့၏။

ထိုနေ့က သီးသန့် အထည်များ ချုပ်ပေးသည့် ဆိုင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအား ယနေ့ထိတိုင် သူမ မေ့မရသေးချေ။ အကယ်၍ ထိုသေချင်းဆိုးလေးကြောင့်သာ မဟုတ်ပါက သူမလည်း မျက်နှာပျက်ခဲ့မှာ မဟုတ်ပေ။

မကြာမီ သီးသန့်ခန်းတံခါး တွန်းပွင့်လာခဲ့ပြီး လင်းရီနှင့် ကျန်သူများက တစ်ယောက်ပြီး တစ်ယောက် အထဲသို့ ဝင်လာသည်။

ချန်ယာ အခန်းထဲတွင် ရှိနေသည်ကို မြင်တော့ လင်းရီနှင့် ရန်စီတို့ တဒင်္ဂမျှ အေးခဲသွားခဲ့ကြသည်။ သူမကို ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။ မည်မျှ တိုက်ဆိုင်လိုက်သနည်း။

ချန်ထန် ..

ချန်ယာ …

သူတို့၏ မျိုးရိုးနာမည်ကလည်း ဆင်တူနေသဖြင့် လင်းရီနှင့် ရန်စီတို့လည်း ထိုနှစ်ယောက်က မောင်နှမများ ဖြစ်မည်ဟု ယူဆလိုက်ကြ၏။

“ ဒါရိုက်တာရန် … တိုက်ဆိုင်လိုက်တာနော်… နင်နဲ့ ဒီမှာ တွေ့ရမယ်လို့တောင် မထင်ထားဘူး …”

ချန်ယာ ဝင့်ကြွားမှု အရိပ်အမြွက်အား သယ်ဆောင်ထားသည့် အပြုံးလေးဖြင့် နှုတ်ခွန်းဆက်လာခဲ့သည်။ သူမ၏ အပြုံးက တော်တော်လေး ပရော်ဖက်ရှင်နယ်ဆန်လှ၏။

လင်းရီကတော့ အတုဆန်လှသည့် ထိုအပြုံးကို သတိမူမိပြီး စိတ်ထဲ ရယ်မောမိလိုက်သည်။

“ အတော်တိုက်ဆိုင်တာပဲ … ကျိုးဟိုင်က တကယ့်ကို နေရာကျဉ်းကျဉ်းလေးပဲနော်….”

သူတို့ချင်း ရင်းရင်းနှီးနှီးနှင့် နှုတ်ဆက်နေသည်ကို မြင်တာ့ ထန်လိနှင့် ကျိုးရှင်းယွီတို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။ နှစ်ယောက်မှာ ရင်းနှီးသူများ ဖြစ်နေလိမ့်မည်လို့ သူမတို့ ထင်မထားသောကြောင့်ပင်။

ရန်စီနဲ့ အဲ့ဒီမိန်းကလေးက အသိတွေလား …

“ ရန်ရန် … နင် သူနဲ့ သိနေတယ်ပေါ့ …” ထန်လိ အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

ရန်စီ ခေါင်းညိတ်ပြီး အပြုံးတစ်ခုအား အတင်းလုပ်ယူ၍ “ ကျွန်မတို့က လုပ်ဖော်ကိုင်ဖက် ပါတနာတွေလေ…”

ယနေ့က မိသားစုနှစ်ခု၏ မိတ်ဆုံစားပွဲ ဖြစ်သဖြင့် ရန်စီလည်း မလိုအပ်သည့် စကားများ ပြောရင်း လေထုကို တင်းမာအောင် မပြုလုပ်ချင်ပေ။ မည်သို့ပင်ဆိုစေ သူမတို့က လေးနက်သည့် ကိစ္စများ ပြောဆိုရန် ရောက်လာခဲ့ကြခြင်းပင်။

“ အဲ့တာဆို အတော်လေး တိုက်ဆိုင်တာပဲ …”

“ ဟုတ်တယ် … သမီးလည်း မထင်ထားပါဘူးဆို …”

ချန်ထန် အပြုံးလေးဖြင့် မတ်တပ်ရပ်လိုက်ပြီး ထန်လိနှင့် ကျန်သူများအား ထိုင်ခုံနေရာများတွင် ဝင်ထိုင်ရန်အတွက် ပျူငှာလိုက်၏။ ထို့နောက် မီနူးစာရွက်အား ကမ်းပေးလိုက်သည်။

“ အန်တီတို့ စိတ်တိုင်းကျမှာနော်... အရင်ဆုံး စားကြတာပေါ့ ..”

“ အန်တီတို့က အကုန် အဆင်ပြေပါတယ်ကွယ် … နင်တို့ပဲ မှာလိုက်ပါလား … ယဉ်ကျေးနေဖို့မလိုပါဘူး …” ထန်လိ ပြောလိုက်သည်။

“ ဒါဆိုလည်း ကောင်းပြီလေ…”

ချန်ထန် လွန်လွန်ကျူးကျုး လောကွတ်ချော်မနေတော့ဘဲ အစားအသောက်များအား စတင်မှာတော့သည်။ မည်သို့ပင်ဆိုစေ ဤသည်က သူတို့၏ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပြီး ဟင်းပွဲများနှင့် ပတ်သက်၍ စေးနည်းနေခဲ့မည်ဆိုပါက မယဉ်ကျေးရာ ကျသွားလိမ့်မည်။

ထို့ကြောင့် ဝိတ်ကို ခေါ်၍ ဟင်းပွဲ တစ်ဒါဇင်ခန့်အား ညွှန်ပြလိုက်လေသည်။

ဝိတ်တာ ထွက်ခွာသွားခဲ့ပြီးနောက် သီးသန့်ခန်းထဲရှိ လေထုကလည်း စပြီး တိတ်ဆိတ်လာတော့သည်။

ချန်မိသားစု၏ စိုးမိုးသည့် ကိုယ်ရှိန်ကိုယ်ဝါနှင့် ရင်ဆိုင်လိုက်ရတော့ ထန်မိသားစုမှာ အနည်းငယ် နေရခက်ခဲလာသည်။

ကျိုးရှင်းယွီ မသိစိတ်အလျောက် ရန်စီနှင့် လင်းရီထံသို့ လှည့်ကြည့်လိုက်မိတော့ သူတို့နှစ်ယောက်က သက်တောင့်သက်သာဖြစ်စွာဖြင့် အချင်းချင်း စကားပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။ အခန်းထဲရှိ သိပ်သည်းလေးလံနေသည့် လေထုက သူတို့အပေါ်သို့ သက်ရောက်မှု မရှိသည့်နှယ်ပင်။

“ အန်တီ … တကယ်လို့ ကျွန်တော်နဲ့ ရှင်းယွီရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါဗျ.. ကျွန်တော်တို့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးပါ့မယ်‌….”

ချန်ထန် တိတ်ဆိတ်မှုအား စတင်ဖြိုခွင်းရင်း စကားဆိုလိုက်သည်။

“ အန်တီ့ဘက်ကတော့ အထူးတလှယ် တောင်းဆိုချက်တွေ မရှိပါဘူး … နင်တို့နှစ်ယောက် အချင်းချင်း သင့်သင့်မြတ်မြတ်နဲ့ နေနိုင်တယ်ဆိုရင် အန်တီကျေနပ်ပါပြီ …”

“ အဲ့တာကတော့ လုံးဝ ပြဿနာ မရှိစေရဘူး … အန်တီ စိတ်ချပါဗျ…”

“ အဲ့တာဆို ကောင်းတယ် … အဲ့တာဆို ကောင်းတယ်…”

ချန်ထန်လည်း ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

သို့သော် ထိုအချိန်မှာပဲ ဖူကျင်းလန်က စကားစလာသည်။

“ ရှင်တို့ဘက်က အထူးတလှယ် တောင်းဆိုစရာ မရှိဘူးဆိုတော့ ကျွန်မတို့ဘက်က ချန်မိသားစုရဲ့ ဓလေ့စည်းကမ်းတွေကို ပြောပါရစေ …”

ရန်စီသည် ဖူကျင်းလန်အား လှမ်းကြည့်လိုက်မိရင်း ဤမိန်းမက ကိုင်တွယ်ရ မလွယ်ကူမည်ကို အာရုံခံမိလိုက်သည်။ ကျိုးရှင်းယွီ၏ အကျင့်စရိုက်နှင့် ဤသို့သော ယောက္ခမမျိုးအား ကိုင်တွယ်နိုင်မှာ မဟုတ်ချေ။

ရန်စီ စကားဝင်ပြောရန် ဟန်ပြင်လိုက်၏။ သို့သော် လင်းရီက သူမလက်ကို ဆုပ်ကိုင်လာပြီး တားမြစ်လာသည်။

ဤကိစ္စတွင် အရေးမကြီးသ၍ ဝင်မစွက်ဖက်သည်က အကောင်းဆုံးဖြစ်၏။

နှစ်ဖက်ကိစ္စကို သူတို့ချင်း တိုက်ရိုက်ဆွေးနွေး ဖြေရှင်းသည်က ပိုကောင်းသည်။ အထူးသဖြင့် ယင်းက ၎င်းတို့၏ ကိုယ်ပိုင်အရေးကိစ္စ ဖြစ်နေချိန်တွင် ဖြစ်၏။

“ အန်တီ့မှာ အတွေးတွေ ရှိရင် ကျေးဇူးပြုပြီး ပြောလို့ရပါတယ် …” ကျိုးရှင်းယွီ ပြောလိုက်သည်။

“ ငါတို့ ချန်မိသားစုနဲ့ လက်ထပ်မယ်ဆိုတော့ ငါတို့ ချန်မိသားစုဝင်တစ်ယောက် ဖြစ်လာမယ်လို့ ဆိုလိုတာပဲ … ကိုယ့်ခင်ပွန်းရဲ့ ဆွေမျိုးတွေက ဂရုစိုက်ပေးတာက တစ်ကဏ္ဍ … အဲ့ကိစ္စတော့ ငါ စကားလုပ်ပြီး မပြောတော့ဘူး … အဲ့တာ နင့်တာဝန်ပဲ ... နင် နားလည်တယ်မလား ..” ဖူကျင်းလန် ခြေထောက်ချိတ်ပြီး မတ်မတ်ထိုင်လျက် မောက်မာစွာ ပြောဆိုလိုက်သည်။

ချန်ထန် စားပွဲအောက်မှနေ၍ သူ့အမေအား လှမ်းတို့သတိပေးလိုက်လေသည်။ သို့သော်လည်းပဲ ဖူကျင်းလန်မှာ မတုံ့ပြန်လာခဲ့ချေ။

“ ဒါပေါ့ .. သားသမီး ဝတ္တရားပဲလေ…”

ကျိုးရှင်းယွီ၏ အမူအရာက ညင်သာသော်လည်းပဲ ဖူကျင်းလန်ကတော့ တင်းမာလျက်သာ ရှိနေသည်။ လူတိုင်းအား အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ ရှိ၏။

“ နောက်တစ်ချက်က ကျိုးဟိုင်ဆိုတာ စီးပွားရေး မြို့တော်ကြီးပဲ … ငါတို့ ခေတ်ဟောင်းက အယူသည်းတာမျိုး မလုပ်ဘူး … ဆိုတော့ သတို့သမီးကြေးလို အရာမျိုးတွေ မရှိဘူး …”

“ ဒါက …”

ဤတစ်ကြိမ်တွင်တော့ ကျိုးရှင်းယွီ ချီတုံချတုံ ဖြစ်သွားခဲ့ရသည်။ သူမဘက်က များများစားစား တောင်းဖို့ မရည်ရွယ်ထားသော်လည်းပဲ ပမဏ အနည်းငယ်လောက်ကိုတော့ စဉ်းစားထားသည်။

ထို့ပြင် သူမနှင့် ချန်ထန်လည်း ဤကိစ္စကို ဆွေးနွေးပြီးဖြစ်၏။

ယွမ် တစ်သိန်းက လုံလောက်သည်ဟု သူတို့ သဘောတူခဲ့ကြလေသည်။ ချန်ထန်၏ မိသားစု အခြေအနေအရ ထိုပမာဏမှာ များပြားသည်ဟု မဆိုနိုင်ချေ။

သို့သော် ယခု … တစ်ပြားတစ်ချပ်မျှ ပေးမည်မဟုတ်ဟု ဆိုလာသဖြင့် ကျိုးရှင်းယွီမှာ အနည်းငယ် မမျှတသကဲ့သို့ ခံစားလာခဲ့ရသည်။

“ အန်တီ .. ရှင့်မှာ တခြားပြောစရာ ရှိသေးလားရှင့် …”

ရန်စီ ညင်သာစွာ ခေါင်းယမ်းလိုက်ရင်း ဖူကျင်းလန်အား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

သူ့သားကို လင်းရီလိုမျိုး တင်တောင်းချင်နေတဲ့ မိန်းကလေးတွေ တန်းစီနေတဲ့လူစားမျိုးလို့ ထင်နေလား မသိဘူး …

ကျိုးရှင်းယွီ မငြင်းပယ်သည်ကို မြင်တော့ ဖူကျင်းလန် ပို၍ပင် မောက်မာလာခဲ့ပြီး ဆက်ပြီး ပြောသည်။

“ ငါတို့ ချန်မိသားစုက ကြွယ်ဝတယ်… ဒီတော့ ကလေးကို ပြုစုပျိုးထောင်ဖို့က ပြဿနာ မရှိဘူး … အခု နိုင်ငံကလည်း ကလေး သုံးယောက်အထိ ခွင့်ပြုလာပြီဆိုတော့ နောင်ကျရင် ကလေးသုံးယောက်ကို ပျိုးထောင်ပေးဖို့ စီစဉ်ထားတယ်… ဒါပေမယ့် ငါတို့ တောင်းဆိုချင်တာ သားတစ်ယောက်ကတော့ ကျိန်းသေပေါက် ရှိရမယ်… မဟုတ်ခဲ့ရင် ရှိလာတဲ့အထိ ကြိုးစားရမယ်…”

“ သားယောက်ျားလေးကို မဖြစ်မနေ မွေးရမှာလား …” ကျိုးရှင်းယွီ၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားခဲ့တော့သည်။

“ မိသားစုရဲ့ မျိုးရိုးနာမည်ကို ဆက်ခံဖို့ သားယောက်ျားလေး တစ်ယောက် လိုတယ်လေ… ဒါက ငါတို့ ဘိုးဘေးတွေကနေ လက်ဆင့်ကမ်းလာတဲ့ ဓလေ့ထုံးတမ်းပဲ….”

“ ဒါပေမယ့် အန်တီ စောနတုန်းကပြောတာ ရှင်တို့ မိသားစုက ကျိုးဟိုင်မြို့ကြီးက ဆိုတော့ အဲ့လို အယူသည်းတာမျိုးတွေ မရှိဘူးဆို …” ရန်စီ ဝင်ပြောလိုက်တော့၏။ “ သတို့သမီးတင်တောင်းငွေ ကိစ္စကျတော့ ရှင်က အယူဟောင်းကြီးဆိုပြီး လက်မခံဘူး .. ဒါပေမယ့် ကလေးမွေးတဲ့ကိစ္စကျတော့ မိသားစု မျိုးရိုးနာမည် ဆက်ခံဖို့လေး ဘာလေးနဲ့ အသံထွက်လာတယ်… အန်တီက တကယ်ပဲ ဘယ်လိုစည်းကမ်းတွေကို လိုက်နာနေလဲ ကျွန်မ နားမလည်တော့ဘူး …”

ရန်စီ၏ စကားက ဖူလန်ကျင်းကို ယာယီ ဆွံ့အသွားစေခဲ့ပြီး မည်သို့ ပြန်ပြောရမှန်းမသိ ဖြစ်သွားစေခဲ့သည်။

“ သူ ငါတို့ ချန်မိသားစုထဲ လက်ထပ်ချင်တယ်ဆိုရင် ငါတို့ ချန်မိသားစုရဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ … ပြီးတော့ ငါ စောနက ပြောသွားတာ ငါတို့ မိသားစုရဲ့ စည်းမျဉ်းတွေပဲ …”

“ ဒီမှာ အန်တီ … ကျွန်မကတော့ ရှင့်စကားတွေမှာ အမှားပါနေတယ်လို့ ထင်တယ်…” ရန်စီ ပြောလိုက်ပြီး “ ကျွန်မ အမြင်ရဆို လက်ထပ်တယ်ဆိုတာက လူတစ်ယောက် တခြား မိသားစုထဲ ဝင်တာလောက် မရိုးရှင်းဘူး … လူနှစ်ယောက် သူတို့ ကိုယ်ပိုင် မိသားစုထဲကနေ ထွက်ခွာပြီး မိသားစုအသစ် ထူထောင်တာပဲ … ရှင့်ဘက်က အရောင်ဆိုးထားတဲ့ အမြင်နဲ့ ကြည့်ပြီး မတူမတန်သလို ပြောနေမယ်ဆိုရင်တော့ ကောင်းမှာ မဟုတ်ဘူးနော်…”

“ ငါတောင်းဆိုတာတွေက မသင့်လျော်ဘူးလို့ ငါတော့ မထင်ဘူး …” ဖူကျင်းလန် ပြောလိုက်ပြီး “ ငါတို့ ဒီနေ့ရောက်လာကြတာ ဒီလို ကိစ္စတွေ ဆွေးနွေးဖို့အတွက်ပဲ ဟုတ်တယ်မလား …”

“ စကားကို အဲ့လို ပြောမယ်ဆိုရင်တော့ မမှားပါဘူး …. ဒါပေမယ့် ညီမျှတဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး ပြောဆိုသင့်တယ်လို့ ကျွန်မတော့ ယုံကြည်တယ်…” ရန်စီ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ဘာပဲဆိုဆို ချန်မိသားစုကလည်း တော်ဝင်မိသားစုမှ မဟုတ်တာ … စည်းကမ်းတွေ ဒီလောက်များနေတာကတော့ မကောင်းပါဘူး …”

All Chapters